ခြံတစ်ခြံထဲတွင် သားရဲများ မွေးမြူရန် စိတ်ကူး
Vol. 10 Ch. 485
ထန်ရှုသည် ခိုင်မာသော စိတ်ဓာတ်ခွန်အားရှိသော်လည်း အမျိုးသမီးတစ်ယောက်ဖြစ်သော မန်နေဂျာဟွမ်၏စူးရဲသောအကြည့်ကို ရင်ဆိုင်ရသောအခါ ပင်အပ်နှင့်အပ်များပေါ်တွင် ထိုင်နေမိသကဲ့သို့ ခံစားနေရသည်။ သူ ထပြီး ထွက်သွားလုနီးပါးပင် ဖြစ်သွားရသည်။
"မန်နေဂျာဟွမ် … ဟုတ်တယ်နော်။ မင်း ငါ့ကို ဂရုစိုက်ကြည့်နေဖို့ မလိုပါဘူးဗျ။ လုပ်စရာရှိတာ သွားလုပ်ပါ။ ဖဲကြိုးဖြတ်ချိန်ရောက်ရင်သာ ငါ့ကို လာခေါ်လှည့်။ နောက်ပြီး အိုးရန်လူလူက ဒီနေ့ နေမကောင်းဖြစ်နေလို့ ယောင်ချာချာ ဖြစ်နေသလိုပဲ။ သူ့ဟာသတွေကို အလေးအနက်မထားပါနဲ့။”
"ဒါက...စိတ်ဝင်စားစရာပဲ။" သူ့စကား ကြားသည့်အခါ မန်နေဂျာဟွမ်က အော်ရယ်လုနီးပါး ဖြစ်သွားသည်။
သူမသည် အိုးရန်လူလူနှင့် နှစ်အတော်ကြာ လက်ပွန်းတတီး နေခဲ့ပြီး ညာလက်ရုံးလည်း ဖြစ်သည်။ ထို့ကြောင့် သူမသည် သုခဘုံနယ်မြေ၏ အထွေထွေမန်နေဂျာ ဖြစ်လာသည်။ အိုးရန်လူလူ၏အကြောင်းအား ကမှအ အထိ ကောင်းစွာ သိထားသော်လည်း အရိုးထဲထိ မာနစိမ့်ဝင်နေသော၊ အိုးရန်မိသားစု၏ ဂုဏ်ယူရသော သမီးငယ်လေးသည် ယောကျာ်းလေးတစ်ယောက်အား လိုက်ရသည့်အထိ ဤကဲ့သို့ အရေထူလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ အရေးကြီးဆုံးအချက်ကတော့ ထိုယောကျာ်းလေးက သူ့ထက် နှစ်အနည်းငယ် ငယ်သည့်ဟန် ရှိနေသည့်အပြင် အကြောင်းပြချက်မျိုးစုံကို အသုံးပြုကာ သူမ၏ခံစားချက်များကို လက်မခံလိုကြောင်း ပြောကြားခဲ့သေးသည်။
…သစ်ပင်ပေါ် တက်ရန် ကြိုးစားနေသည့် ဝက်တစ်ကောင်လို သည်အဖြစ်အပျက်သည် အလွန်ရှားပါးသော၊ ဖြစ်နိုင်ချေလည်း အလွန်နည်းသော ဖြစ်ရပ်တစ်ခုပါပေ။…
မန်နေဂျာဟွမ်က ထန်ရှုအား မျက်လုံးထဲ ထည့်မထားပေ။ သည်ဟာသည် သူမအတွက် ပိုစိတ်ဝင်စားစရာ ကောင်းသော အိုးရန်လူလူ၏သဘောထားကို ပြသခြင်းဖြစ်သည်။ သို့သော် ဤကဲ့သို့ အရေးကြီးသောအချိန်နှင့် အခမ်းအနားချိန်အတွင်း သူမသည် ထန်ရှုနှင့် အချိန်မဖြုန်းလိုသဖြင့် မပြုံးချင်ပြုံးချင် ခေါင်းတစ်ချက်ညိတ်ကာ လှည့်ထွက်လာသည်။
ထန်ရှုသည် ထွက်ခွာသွားသော မန်နေဂျာဟွမ်အား ကြည့်နေသည့် သူ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ အတော်ပင် ပျင်းရိနေသော်လည်း ဖုန်းအား ထပ်မကစားလိုတော့ပေ။ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင် အနီးနားရှိ စားပွဲပေါ်မှ မဂ္ဂဇင်းတစ်အုပ်ကို တွေ့လိုက်ရသဖြင့် ယူလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် လဲလျောင်းလိုက်ပြီး သူ၏မျက်နှာအား မဂ္ဂဇင်းနှင့် အုပ်ကာ တခဏ တစ်ရေးတစ်မော အိပ်ရန် ဟန်ပြင်သည်။
အချိန်များ ကုန်ဆုံးလာပြီဖြစ်သည်။ သူ၏မျက်လုံးများ အိပ်ချင်စိတ်ဖြင့် ဝေဝါးလာချိန်တွင် ငြင်းခုံသံနှစ်ခုက သူ၏နားထဲသို့ တိုးဝင်လာသည် ။
"အစ်ကိုကျန်း … အရွယ်ရောက်ကြီးပြင်းလာတယ်ဆိုတဲ့ ဖြစ်စဉ်က ပိုးတုံးလေးတစ်ကောင် သူရဲ့ပိုးအိမ်ကို ထိုးဖောက်ပြီး လိပ်ပြာတစ်ကောင် ဖြစ်လာတဲ့ပုံမျိုးလိုပဲ။ သူ့ရဲ့အရုပ်ဆိုးသမျှတွေကို ခွာချပြီး နေရောင်အောက်မှာ အတောင်ပံလှလှလေးတွေနဲ့ လှလှပပ ပျော်ပျော်ရွှင်ရွှင် တောင်ပံခတ် ပျံသန်းသွားဖို့ပဲလေ။ ဥပမာအားဖြင့် အိုးရန်လူလူကိုပဲ ကြည့်။ တနေ့ထက်တနေ့ ရင့်ကျက်လာပြီး အမွေးအတောင် စုံလာပြီ။ အခုဆိုရင် သူမကိုယ်တိုင် ရှန်ဟိုင်းမှာ လာရုန်းကန်ပြီးတော့ ဒီလို အံ့ဩစရာကောင်းတဲ့ မြင်ကွင်းဖြစ်ဖို့အတွက် တစ်ယောက်တည်း ဦးစီးလုပ်ခဲ့တယ်မလားလို့။”
“အစ်ကိုချန်း … မင်းရဲ့စကားမှာ အမှန်တရား နည်းနည်းရှိပေမဲ့ ငါ့မှာလည်း ကိုယ်ပိုင်အမြင် ရှိတယ်။ လူတစ်ဦးရဲ့ကြီးပြင်းလာမှုဆိုတာက ဝမ်းနည်းဖွယ် ကိစ္စရပ်တွေနဲ့ ကြုံတွေ့ရတဲ့အခါ အဲ့ဒါတွေကို လောကဓံအတက်အကျလို့ သိပြီး ကိုင်တွယ်ဖြေရှင်းတာ ဖြစ်တယ်။"
"အစ်ကိုကျန်း … မင်းရဲ့စကားက ငါ့ရဲ့ဆရာသခင် တစ်ခါက ပြောဖူးတဲ့စကားတွေကို အမှတ်ရစေတယ်။"
"မင်းရဲ့ဆရာသခင် ဟုတ်လား။ မင်းမှာ ဆရာသခင် တကယ်ရှိတာလား အစ်ကိုချန်း။ မင်း လေးစားရတဲ့ ဆရာသခင်က …”
“ငါ မရ …”
ထန်ရှုသည် ဆိုဖာပေါ်မှ လဲလျောင်းနေရာမှ ထကာ မျက်နှာကို ဖုံးထားသော ဖက်ရှင်မဂ္ဂဇင်းကို ဖယ်ရှားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ငါက သူ့ဆရာသခင်ပါ။"
ကော်ဖီစားပွဲနှင့် မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှ လူနှစ်ဦးစလုံးသည် ထန်ရှုကို တပြိုင်နက်တည်း လှည့်ကြည့်ကြသည်။
"ဆရာသခင်ရော … ဒီရောက်နေတာလား။"
ချန်းကျီကျုံးသည် ခုနက ရောက်လာချိန်တွင် တစ်ဖက်ဆိုဖာပေါ်မှာ လူတစ်ယောက် အိပ်နေသည်ကို သူ တွေ့သည်။ လက်ရှိပွဲအခြေအနေကြောင့် အနည်းငယ် ထူးဆန်းသည်ဟု ခံစားမိသော်လည်း ထိုလူအား ထန်ရှုဟု မထင်ခဲ့မိပေ။
"ဟုတ်တယ်။ အိုးရန်လူလူက ငါ့ဆီကို ဖိတ်စာတစ်ခု ပို့လိုက်တယ်။ ဒီကို အပျော်သဘောနဲ့ လာခဲ့တာ။ ဒါနဲ့ ရှန်ဟိုင်းကို ဘယ်လိုရောက်လာတာလဲ။” ထန်ရှု မေးလိုက်သည်။
“စီးပွားရေးစာချုပ်ချုပ်ဖို့ ရှန်ဟိုင်းကို လာခဲ့တာ။ ဒီမှာ စားသောက်ဆိုင် ဖွင့်တယ်လို့ အိုးရန်လူလူရဲ့ အစ်ကိုကြီး အိုးရန်လဲ့ဆီက သိခဲ့တာနဲ့ သူ့ကို ဂုဏ်ပြုဖို့ ဒီကို ရောက်လာခဲ့ရတာ။ ဆရာသခင် … ရှန်ဟိုင်းတက္ကသိုလ်မှာ ကျောင်းတက်နေတာကို သိပေမယ့် မင်းကို နှောင့်ယှက်မိမှာစိုးလို့ လာရှာဖို့ ငါ့မှာ အစီအစဉ် မရှိဘူးလေ။ ဒီမှာ တွေ့ဖို့ မမျှော်လင့်ထားမိဘူး။"
"ကောင်းပြီ။" ထန်ရှုက ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူကို ကြည့်လိုက်သည်။
ကျန်းဖုန်း တအံ့တသြ ဖြစ်နေသည်။ ထန်ရှုနှင့် ချန်းကျီကျုံးတို့ကြားက ဆက်ဆံရေးက သူ့အား ပဟေဠိဖြစ်စေခဲ့သည်။ ချန်းကျီကျုံး၏အသက်သည် ထန်ရှုအသက်၏နှစ်ဆနီးပါး ရှိသော်လည်း သူသည် မမျှော်လင့်ဘဲ ထန်ရှု၏တပည့် ဖြစ်လာခဲ့သည်။ သည်အချက်က သူ့အတွက် လက်ခံရန် ခက်ခဲလွန်းပေသည်။
"အစ်ကိုကျန်း … ငါတို့အားလုံးက သိုင်းပညာ လေ့ကျင့်ကြတဲ့သူတွေပါ။" ချန်းကျီကျုံးက တည်ငြိမ်စွာ ပြောသည်။
“သူ ငါ့ဆရာ ဖြစ်လာရတဲ့ အကြောင်းရင်းကို မင်း နားလည်သင့်တယ်လို့ ငါထင်ပါတယ်။ သူက ငါ့ထက် ပိုအစွမ်းထက်တယ်။ အဲ့ဒါက မင်းဖြစ်ရင်တောင် ငါ ခံစား…”
ကျန်းဖုန်းက ချန်းကျီကျုံး၏စကားကို ကြားဖြတ်ပြီး ခါးသီးသည့်လေသံဖြင့်
"အစ်ကိုချန်း … မစ္စတာထန် အရမ်း အစွမ်းထက်တယ်ဆိုတာ ငါ သိထားပြီးသား။ အရင်က သူ့ကို ရှုံးခဲ့ဖူးတယ်။"
"မင်းတို့နှစ်ယောက်ကြားက ဘာဖြစ်တာလဲ။" ချန်းကျီကျုံး အနည်းငယ် အံ့သြသွားပြီး ထန်ရှုကို လှည့်ကြည့်လိုက်သည်။
"နဂါးသိုင်းသင်တန်းကျောင်းက တစ်စုံတစ်ယောက်က ဘေးဥပဒ်ကို ခေါ်ဆောင်လာမိလို့ သူ ဒုက္ခရောက်ခဲ့တယ် ဆိုရမယ်။" ထန်ရှုက ဖျော့တော့သောလေသံဖြင့် ပြောသည်။
ချန်းကျီကျုံးကဲ့သို့ လိမ္မာပါးနပ်သူသည် ထန်ရှု ပြောသော စကားများ၏အဓိပ္ပါယ်ကို ချက်ခြင်း နားလည်သည်။ ထို့နောက် သူက ပြုံးပြီး
“သိပြီ။ အဲ့ဒါဆို နောက်ထပ်မပြောတော့ဘူး။ ဆရာသခင် … အစ်ကိုကျန်းက တကယ်တော့ ရိုးသားဖြောင့်မတ်တဲ့သူပါ။ သိုင်းပညာမှာလည်း ဆရာသခင်တစ်ဦး ဖြစ်တယ်။ သူ့ရဲ့သင်တန်းကျောင်းမှာ လူအများအပြားရှိတာဆိုတော့ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ဆိုသလိုမျိုး မလွဲမသွေ ဖြစ်စေတတ်တယ်။”
ထန်ရှုက အနည်းငယ် ခေါင်းညိတ်ပြပြီး
“လူတစ်ယောက်က လုပ်နိုင်တာကို လုပ်ရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မှန်ကန်တဲ့ အမူအကျင့်နဲ့ သင့်လျော်တဲ့ အပြုအမူဆိုတာက မှန်ကန်တဲ့ စည်းမျဉ်းစည်းကမ်းတွေ မရှိရင် ဖြစ်လာမှာ မဟုတ်ဘူး။”
ကျေးဇူးတင်သောအကြည့်ဖြင့် ကျန်းဖုန်းက ချန်းကျီကျုံးကို ကြည့်လိုက်သည်။ ထို့နောက် သူက ထန်ရှုအား ခေါင်းညိတ်ပြပြီး
"ဒီစကားတွေကို ငါ့စိတ်ထဲ မှတ်ထားပါ့မယ် မစ္စတာထန်။ အခု ငါ့ရဲ့နဂါးသိုင်းသင်တန်းကျောင်းက အရင်လူဦးရေရဲ့ ငါးပုံတစ်ပုံပဲ ထားတယ်။ နောက်ပြီး ငါကိုယ်တိုင်လည်း အဲ့ဒီက စည်းမျဉ်းစည်းကမ်းတွေကို ပြုပြင်ပြောင်းလဲခဲ့တယ်။ ဖောက်ဖျက်ရဲတဲ့သူတွေက ပြင်းပြင်းထန်ထန် အပြစ်ပေးခံရလိမ့်မယ်။”
နောက်ဆုံးတွင် ထန်ရှု၏မျက်နှာထက်တွင် အပြုံးသဲ့သဲ့ ပေါ်လာပြီး
"လူတစ်ယောက်က အမှားကနေသာ သင်ယူနိုင်တယ်။ တခြားသူနဲ့ ပြသနာစဖြစ်တဲ့အခါ ခါးသီးတဲ့ ရလဒ်တွေကို ခင်ဗျား မြည်းစမ်းဖူးမယ်လို့ ယုံကြည်ပါတယ်။ အဲ့ဒါဆို နောက်ထပ် ဒီလိုပြဿနာမျိုး ထပ်မဖြစ်တော့မှာ အသေအချာပဲ။ ကောင်းပြီ။ ခင်ဗျားတို့နှစ်ယောက် စကားပြောနေကြဦး။ အပြင်ထွက်လိုက်ဦးမယ်။"
ထန်ရှု ထကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ရုတ်တရက် ရပ်သွားသည်။ ချန်းကျီကျုံးကို လှည့်ကြည့်လိုက်ပြီး
"ဒါဖြင့် ခင်ဗျား ဘယ်တော့ ကြယ်တာရာကို ပြန်မှာလဲ။"
"အစကတော့ ဒီနေ့ ပြန်သွားဖို့ စီစဉ်ထားတာပဲ။ ဒါပေမယ့် ဒီပွဲကနေ ပြန်ရင် နောက်ကျသွားမှာမို့ မနက်ဖြန် ပြန်လိုက်မယ်။ ငါ့အတွက် ညွှန်ကြားချက် တစ်ခုခု ရှိလို့လား ဆရာသခင်။"
ချန်းကျီကျုံးက ဖြေသည်။
"ဒီဖွင့်ပွဲအခမ်းအနားပြီးရင် လိုက်ခဲ့လိုက်လေ။ နက်ဖြန်ကျရင် ကြယ်တာရာကို အတူပြန်ကြတာပေါ့။” ထန်ရှုက ပြောသည်။
"ကောင်းပါပြီ။" တလေးတစား ပြန်ဖြေရင်း ချန်းကျီကျုံး၏မျက်လုံးများထဲတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ဖုံးလွှမ်းသွားသည်။
အမှန်တော့ သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီအားလုံးသည် အစစ်အမှန်မူလချီအဖြစ်သို့ ပြောင်းလဲသွားကတည်းက ထန်ရှုအား သူ အမြဲ ရှာချင်နေခဲ့သည်။ သူ၏ကျင့်ကြံမှုအရှိန်သည် နှေးကွေးလွန်းပြီး သူ၏ခွန်အားသည် ယခုအချိန်အထိ မတိုးတက်သေးပါချေ။ သူ၏ငယ်ရွယ်သော စီနီယာအစ်မဂူရင်အကြောင်းကို သူ သိထားသော အချက်များအရ လက်ရှိတွင် သူမသည် ကျင့်ကြံမှုအဆင့်တွင် သူ့ထက် သာလွန်နေပေလိမ့်မည်။
ထို့ကြောင့် သူသည် ထန်ရှုထံမှ လမ်းညွှန်မှုအား အမှန်တကယ် လိုအပ်လျက်ရှိနေသည်။
ထန်ရှု ထွက်ခွာသွားသောအခါ ကျန်းဖုန်းက သက်ပြင်းချကာ ချီးမွမ်းလိုက်သည်။
“မစ္စတာထန်က အလွန်အားကောင်းတဲ့ ခွန်အားကို ပိုင်ဆိုင်ထားတာပဲ။ ငါက သိုင်းပညာဆရာသခင်နယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပေမယ့်လည်း သူ့ရဲ့ပြိုင်ဘက် မဟုတ်သေးဘူး။ ငါ့ရဲ့ခွန်အားကို နှစ်ဆတိုးစေမယ့် နောက်ထပ်အဆင့်တစ်ခုကို ချိုးဖြတ်နိုင်ခဲ့ရင်တောင် ငါက သူ့ရဲ့ပြိုင်ဘက် ဖြစ်နိုင်မှာမဟုတ်သေးဘူး။"
ချန်းကျီကျုံး၏မျက်နှာထက်တွင် ဂုဏ်ယူသော အကြည့်ကို မြင်ရပြီး
"သူ ငါ့ရဲ့ဆရာသခင် ဖြစ်ရတာကလည်း အရမ်းကြောက်ဖို့ကောင်းလောက်အောင် စွမ်းအားကြီးလို့လေ။"
"အစ်ကိုချန်း … မစ္စတာထန်က တကယ်ကို သန်မာပေမယ့် မင်းရဲ့ လက်ရှိအသက်အရွယ်နဲ့ သူ့ကို ဆရာသခင်လို့ မင်းဘာကြောင့် ခေါ်ခဲ့တာလဲဆိုတာ ငါ အခုထိ မသိသေးဘူး..." ကျန်းဖုန်းက သူ့မျက်နှာကို ကြည့်ကာ စူးစမ်းလိုက်သည်။
“ငါ့ဆရာသခင် အခုလေးတင် ပြောသွားတာလို့ မင်း မထင်ဘူးလား။ ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ပဲ။ ငါ ဘာလိုချင်လဲဆိုတော့ သိုင်းပညာမှာ မြင့်မားတဲ့အဆင့်ကို ရောက်ချင်တယ်။ ဒါကြောင့် သူ့ကို ငါ့ရဲ့ ဆရာသခင်ဖြစ်ဖို့ တောင်းဆိုတာက သာမန်ကိစ္စလေးပါပဲ။ ဒါနဲ့ ငါ မင်းကို တစ်ခုပြောဖို့ မေ့သွားတယ်။ ငါ့ရဲ့ဆရာသခင်ကြောင့် ငါ လုံ့လဝီရိယစိုက်လိုက်တာ အခုလက်ရှိ ကျင့်ကြံမှုက တိုးတက်နေပြီး အပေါ်ယံသက်သက် မဖြစ်တော့ဘူး။ အခွင့်အရေးရရင် ငါတို့မှတ်စုတွေကို နှိုင်းယှဉ်ကြမလား။”
ကျန်းဖုန်းက မရယ်ဘဲ မနေနိုင်တော့ဘဲ
"အစ်ကိုချန်း … ငါ ကြည့်တဲ့ပုံစံကို မေ့ထားလိုက်ပါ။ မစ္စတာထန်က အလွန်ကြောက်မက်ဖွယ်ကောင်းတာကို ငါ ထောက်ခံပါတယ်။ ဒါပေမယ့် မင်းက လွန်ခဲ့တဲ့ ခြောက်တုန်းက သိုင်းပညာဆရာသခင်အဆင့်နဲ့ ဝေးနေသေးတာလေ။ မင်းကို သူက ညွှန်ကြားပြသပြီး မင်းရဲ့ ကျင့်ကြံမှုက ခုန်ပျံကျော်လွှား တိုးတက်နေရင်တောင် သိုင်းပညာရဲ့ ဘိုးဘေးအဆင့်ကို ရောက်နေပြီလို့ ငါ မထင်ပါဘူး မဟုတ်ဘူးလား။"
ချန်းကျီကျုံး၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ခပ်သဲ့သဲ့ ပေါ်လာသည်။
…သိုင်းပညာရဲ့ ဘိုးဘေးအဆင့်လား …
သူ၏လက်ရှိခွန်အားဖြင့်ဆိုပါက သိုင်းပညာ ပညာရှင် ရှစ်ဦးသည်ပင် သူ၏ ပြိုင်ဘက် မဟုတ်သေးပေ။
ကျန်းဖုန်း၏မျက်နှာမှ မထီလေးစားမှု အနည်းငယ်ကို ကြည့်လိုက်ရင်း သူက ပေါ့ပေါ့ပါးပါး ပြုံးကာ
"ငါတို့ ကြယ်တာရာကို ပြန်ရောက်ပြီးရင် မှတ်စုတွေကို နှိုင်းယှဉ်ကြည့်ဖို့ နဂါးသိုင်းကျောင်းကို ငါ ကိုယ်တိုင် လာခဲ့မယ်။ အဲဒီအချိန်ကျမှ မင်း ရှုံးနိမ့်ခြင်းကနေ မနုတ်ထွက်ဖို့ ငါမျှော်လင့်တယ်။"
“အဲဒါနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး။ ငါ မင်းကို စောင့်နေမယ်" ကျန်းဖုန်းက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။
****
သစ်ပင်များ တစ်ဖက်တစ်ချက် စီရရီ စိုက်ပျိုးထားသော အပြင်ဘက်ရှိ လမ်းတွင် ထန်ရှုသည် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ လျှောက်လာရင်း သုခဘုံနယ်မြေ၏လှပသောရှုခင်းကို ခံစားနေသည်။ သူ့အတွက် အံ့ဩဖို့ကောင်းသည့်အရာက စိမ်းလန်းစိုပြေသည့် လမ်းနှစ်ဘက်လုံးတွင် ရှားပါးငှက်များနှင့် တိရစ္ဆာန်များ ထည့်ထားသော လှောင်အိမ်များစွာ ရှိခြင်းဖြစ်ပြီး ကျားဖြူနှစ်ကောင်သည် လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
“အိုးရန်လူလူက ဒီနေရာကို ပြင်ဆင်ဖို့ အားအတော် စိုက်ထုတ်ထားတာပဲ။ ဒီရှားပါးငှက်တွေနဲ့ တောရိုင်းတိရိစ္ဆာန်အများစုက နိုင်ငံတော်ကနေ ကာကွယ်ထားတဲ့ တိရစ္ဆာန်တွေပဲ။ ဒီကောင်တွေကို မွေးဖို့ သူမမှာ လက်မှတ်ရထားလို့လား။”
အတွေးများကြားရောက်နေသော ထန်ရှု၏မျက်နှာထက်တွင် ကူကယ်ရာမဲ့ အပြုံးတစ်ခု ရုတ်တရက်ပေါ်လာသည်။ သည်အသေးအဖွဲပွဲတက်ရောက်ရခြင်းအတွက် သူ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်နေသည်၊ သူ တကယ် ငြီးငွေ့နေသည်ဟု တွေးနေခဲ့သည်။
ရုတ်တရက် စိတ်ကူးတစ်ခု ပေါ်လာသောကြောင့် သူ၏အမူအရာများ ပြောင်းလဲသွားသည်။ ထိုစိတ်ကူးသည် သူ၏လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်မိစေပြီး သူ၏မျက်လုံးများကို အရောင်လက်နေစေသည်။
…တိရစ္ဆာန် မွေးမြူခြင်း…
ဒါ ဟုတ်သည် … အင်မော်တယ်ကမ္ဘာတွင် သူ ရှိစဉ်က အင်မော်တယ်သားရဲများစွာကို မွေးမြူပျိုးထောင်ခဲ့သည်။ အများစုသည် ငယ်စဉ်ကတည်းက မွေးမြူပျိုးထောင်ခံခဲ့ကြရပြီး သူကိုယ်တိုင် ပြုလုပ်သော ဝိညာဉ်သားရဲဆေးလုံးများကို ကျွေးမွေးခဲ့သည်။ ထိုသားရဲများသည် သူတို့၏စိတ်ဝိညာဉ်အသိဉာဏ် ပွင့်လာပြီးနောက်တွင် သူသည် ၎င်းတို့အား သင့်လျော်သည့် အင်မော်တယ်သားရဲကျင့်ကြံနည်းများကို ၎င်းတို့၏စိတ်ထဲတွင် သင်ပေးခဲ့သောကြောင့် သူ့အတွက် များပြားစွာသော အင်မော်တယ်သားရဲများကို မွေးမြူနိုင်ခဲ့သည်။
"ဒါ အမှန်ပဲ။ ငါ ကျင့်ကြံဖို့ သန်မာတဲ့သားရဲတွေရဲ့ အရိုးတွေ လိုမယ်။ ဒါပေမယ့် နေရာတိုင်းကို ထွက်ပြီး သားရဲတွေကို ခြေရာခံပြီး အမဲလိုက်ဖို့က အတော့်ကို ခက်လိမ့်မယ်။ ဒါကြောင့် သားရဲတွေကို ကိုယ်တိုင် မွေးမြူတာက ပိုကောင်းတယ်။ ငါ သူတို့ကို ဝိညာဉ်သားရဲဆေးလုံး ကျွေးပြီးသွားရင်
သူတို့ထဲက တချို့တွေက သူတို့ရဲ့ စိတ်ဝိညာဉ်အသိဉာဏ်ကို အသွင်ပြောင်းပွင့်လာဖို့ မျှော်လင့်နိုင်တယ်။ ဒါဆို ငါက သူတို့ကို လေ့ကျင့်ပေးပြီး တိုက်ပွဲမှာ အသုံးဝင်နိုင်တယ်။ ဒါပေမယ့် စိတ်ဝိညာဉ်အသိဉာဏ် မပွင့်လာတဲ့ အကောင်တွေဆိုရင် သတ်ပြီး သူတို့ရဲ့အရင်းအမြစ်တွေကို ကျင့်ကြံတဲ့ နေရာမှာ သုံးနိုင်တာပဲ။ နောက်ပြီး အင်မော်တယ်ကမ္ဘာမှာ ငါ ရှိတုန်းက ငါ့မှာ မရေမတွက်နိုင်အောင် ရှားပါးထူးခြားတဲ့ ဆေးပင်စိုက်ခင်းတွေ အများကြီး ရှိခဲ့တယ်။ ငါ ဆေးပင် စိုက်ခင်းကြီးတစ်ခု စိုက်ပျိုးနိုင်ရင် နောင်အနာဂတ်မှာ ကျင့်ကြံဖို့ အသုံးချနိုင်ရုံတင်မကဘူး ပြုစုပျိုးထောင်ပေးမယ့် လူတွေကိုလည်း ပေးလို့ရနိုင်တာပဲ။
“ကမ္ဘာကြီးက တကယ်ကို သေးငယ်လွန်းတယ်။ ငါနဲ့ ငါ့လက်အောက်က လူတွေရဲ့ကျင့်ကြံမှု မြင့်မားလာတဲ့အခါကျရင် ကျင့်ကြံမှုအရင်းအမြစ်တွေကို တစ်ကမ္ဘာလုံးကနေ စုဆောင်းရရင်တောင် လောက်မှာ မဟုတ်ဘူး။ ဒီတော့ ငါ ကြိုပြင်ဆင်ထားရမယ်။
“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါတွေက ပိုက်ဆံ ပြန်ဖြစ်တယ်ဆိုပေမယ့် အဲ့ဒီဟာအတွက် အရင်းအနှီးငွေ ပြတ်သွားမှာလည်း စိုးရတယ်။ မြေကျယ်ကျယ် ဝယ်ဖို့ လိုအပ်တဲ့ ငွေပမာဏကလည်း ကြီးတယ်။ နောက်ဆိုရင် ဆေးပင်တွေနဲ့ သားရဲတွေကို နဂါးကိုးကောင်ကျွန်းမှာ စိုက်ပျိုး မွေးမြူနိုင်သလို အခြားနေရာတွေမှာလည်း အခြေစိုက်စခန်းတွေ ထပ်မံဆောက်ရမယ်။ ဒါပေမယ့် ဆေးပင်စိုက်ခင်းနှင့် သားရဲတွေမွေးမယ့်နေရာကို ဂရုတစိုက် ရွေးချယ်ပြီးမှ အသင့်တော်ဆုံးနေရာမှာ ဆောင်ရွက်ရမှာပဲ။ ရင်းနှီးမြှုပ်နှံဖို့အတွက် အရင်းအနှီးနဲ့ အဲ့ဒီနေရာကို စီမံခန့်ခွဲမယ့်သူတွေအတွက်လည်း အရင် ဆောင်ရွက်ထားရဦးမယ်…"
ထန်ရှု၏စိတ်ထဲတွင် အတွေးများက တရွေ့ရွေ့ စီးဆင်းနေသည်။ တခဏအကြာတွင် သူ၏မျက်လုံးများထဲတွင် ခိုင်မာသောအကြည့်တစ်ခု ရှိနေပြီး သူ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားမိတော့သည်။
***