← Chapters

သူက ဘယ်နောက်ခံကနေ ဆင်းသက်လာတာလဲ

Vol. 10 Ch. 486

သူက ဘယ်နောက်ခံကနေ ဆင်းသက်လာတာလဲ

Vol. 10 Ch. 486

အချိန်များ ကုန်ဆုံးလာခဲ့ပြီဖြစ်ရာ အိုးရန်လူလူ ရွေးချယ်ထားသော မင်္ဂလာအချိန် ဖြစ်သည့် နေ့လည် ၁၂နာရီသို့ မကြာမီ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ မန်နေဂျာဟွမ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် ထန်ရှုသည် ဝင်ပေါက်တံခါးဆီသို့ အမြန်သွားလိုက်သည်။

'သုခဘုံနယ်မြေ' ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားထားသည့် ဧည့်သည်တော်အများစု ရောက်ရှိလာကြပြီဖြစ်သည်။ ထိုသူအားလုံးသည် ပြုံးရွှင်သော မျက်နှာများဖြင့် လူသုံးယောက်တစ်စု- ငါးယောက်တစ်စု အုပ်စုဖွဲ့နေကြပြီး သုခဘုံနယ်မြေ၏ အမှုဆောင်အရာရှိများနှင့် စကားစမြည်ပြောရင်း သို့မဟုတ် အိုးရန်လူလူနှင့်အတူ ၎င်းတို့၏ ကောင်းချီးစကားများကို ပြောရင်းရှိနေကြသည်။ သို့သော် ရှန်ဟိုင်း၏စီးပွားရေးအသိုင်းအဝိုင်းမှ ထူးချွန်သော လူငယ်များကမူ နာမည်ကြီး အနုပညာကြယ်ပွင့် ကျန်းရှင်းယာ၏အနီးတွင် စုရုံးနေကြပြီး ၎င်းတို့၏အောင်မြင်မှုများကို ဝင့်ကြွားစကားဆိုခြင်း သို့မဟုတ် သူမအား မြှောက်ပင့်သောစကားတို့ ပြောဆိုခြင်းတို့ ပြုလုပ်ကာ သူမနှင့် ရင်းနှီးလိုကြပေသည်။

“မင်္ဂလာအချိန် ကျရောက်ပြီမို့ သုခဘုံနယ်မြေပိုင်ရှင် အိုးရန်လူလူ၊ မြို့တော်ဝန် မစ္စတာ ဝမ်ထောင်၊ ရှန်ဟိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာကျန်းယွဲ့မင်၊ ကမ္ဘာကျော် အဆိုတော် မစ္စကျန်းရှင်းယာနဲ့ နောက် ... မစ္စတာထန်ရှုတို့ကို ဖိတ်ခေါ်အပ်ပါတယ်ရှင်။ သူတို့တွေက  သုခဘုံနယ်မြေ ဖွင့်ပွဲအတွက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြမှာ ဖြစ်ပါတယ်။”

ထိုအခိုက်အတန့်တွင် အခမ်းအနားကျင်းပရေးအဖွဲ့ဝင် မိန်းကလေးခြောက်ဦးသည် ဂိတ်တံခါးရှေ့တွင် ဖဲကြိုးနီဖြင့် မလှုပ်မယှက် စောင့်ဆိုင်းနေကြသည်။

…ထန်ရှု…

အိုးရန်လူလူနှင့် ကျန်းရှင်းယာတို့ မှတစ်ပါး မြို့တော်ဝန် ဝမ်ထောင်နှင့် ရှန်ဟိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာကျန်းယွဲ့မင်တို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။

ကျန်းယွဲ့မင်အနေဖြင့် ထန်ရှုနှင့် သူ၏ကိုယ်ပိုင်ပုံရိပ်ကို အနည်းငယ် သိသည့်တိုင် ဒီဖွင့်ပွဲအချိန်တွင် ထန်ရှု၏ မမျှော်လင့်ထားသော တည်ရှိမှုအကြောင်းကို အတော်ပင် သိချင်နေခဲ့သည်။ ဝမ်ထောင်ကမူ ထန်ရှုအကြောင်း တစ်ခါမှ မကြားဖူးသောကြောင့် အံ့အားသင့်နေသည်။

"သူဌေးအိုးရန် … ထန်ရှုက ဘယ်သူလဲ။" အိုးရန်လူလူ၏ဘေးတွင် ရပ်နေသော ဝမ်ထောင်က သိမ်မွေ့စွာ မေးလိုက်သည်။

"သူလား … သူက ကျွန်မရဲ့ စံပြလူသားလေးဖြစ်ပြီးတော့ လက်ရှိ ကျွန်မက ဆွဲဆောင်နေတဲ့သူလေ။" အိုးရန်လူလူက ရယ်သံစွက်ကာ ပြောလိုက်သည်။

“ဒါပေါ့ … ကျွန်မ အသေးစိတ် မပြောပြနိုင်ပေမယ့် သူ့မှာလည်း ပုံရိပ်များစွာ ရှိတယ်။ သူသာ ရှန်ဟိုင်းကို နယ်မြေ ချဲ့ထွင်ချင်တယ်ဆိုရင် မြို့တော်ဝန်ဝမ် သူ့အကြောင်းကို တစ်နေ့မှာ သိလာပါလိမ့်မယ်။”

ဝမ်ထောင် ပြောစရာစကားမဲ့သွားရသည်။ အိုးရန်လူလူ၏ ပွင့်လင်းမှုကို သူ သဘောကျသော်လည်း စိတ်အတွင်းမှ မငြီးတွားဘဲ မနေနိုင်လောက်အောင် ဖြစ်သည်။

…သည်ကဲ့သို့ အရေးကြီးသောအချိန်တွင် အမည်မသိ ပုဂ္ဂိုလ်တစ်ဦးက ဖဲကြိုးဖြတ်နေသည်ဟူသော သတင်းသာ ပျံ့သွားပါက ရယ်စရာ ဖြစ်နေမည် မဟုတ်ပေဘူးလား။…

မည်သို့ပင်ဆိုစေကာမူ အိုးရန်လူလူသည် သုခဘုံနယ်မြေ၏ပိုင်ရှင်ဖြစ်သောကြောင့် ဝမ်ထောင်သည် သူမ၏ဆုံးဖြတ်ချက်ကို စောဒက တက်လိုစိတ် မရှိပေ။ သည်ပွဲသို့ သူ တက်ရောက်ရခြင်းသည်လည်း သူ၏မိသားစုနှင့် အိုးရန်မိသားစုသည် အတန်ပင် လေးနက်သော ဆက်ဆံရေးရှိသောကြောင့် ကျင်းမန်ကျွန်း၏ အိုးရန်မိသားစုအား မျက်နှာသာပေးခြင်းပင်ဖြစ်သည်။

ပရိသတ်၏စောင့်ကြည့်နေသော အကြည့်များအောက်တွင် ထန်ရှုသည် ဖဲကြိုးနီအနောက်သို့ လာလိုက်သည်။ ဖဲကြိုးဖြတ်ပြီးသည်နှင့် ချက်ချင်း ပုန်းရှောင်နိုင်ရန်အတွက် ထန်ရှုသည် အနောက်နားတွင် ရပ်ရန် စိတ်ကူးထားသည်။ သို့သော် ကျန်းရှင်းယာက ပြုံးလျက် သူ၏လက်ကို ဆွဲကာ သူမ၏နေရာနှင့်လဲပြီး အိုးရန်လူလူ၏ဘေးသို့ သူ့အား ထားလိုက်လိမ့်မည်ဟု ထန်ရှု မမျှော်လင့်ထားမိပေ။

…ဝိုး…

အရှေ့ မှ လူတွေအားလုံး အံ့အားသင့်ကာ ကြောင်အအ ဖြစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် တီးတိုးပြောနေကြသည်။

"ဒါက ဘာလဲဟ။ ကျန်းရှင်းယာက နာမည်ကျော် လူသိများတဲ့သူလေ။ ထန်ရှုဆိုတာက ဘယ်က ရောက်လာတာလဲ။ မိတ်ဆက်တုန်းကပဲ သူရဲ့အမည်ကို ဖော်ပြခဲ့တာ။ သူ့ကို အလယ်မှာ ရပ်စေပြီး ကျန်းရှင်းယာကို ဘေးဆုံးမှာ ရပ်နေရအောင် သူက ဘာ အရည်အချင်းရှိလို့လဲ။"

"ကျန်းရှင်းယာက အဲ့ဒီထန်ရှုကို အရင်ကတည်းက သိပြီးသားလား။ သူ့နောက်ခံက ဘာများလဲ။ ဒီလောက်နာမည်ကြီးတဲ့သူကတောင် သူ့ကို နေရာလဲပေးတာက တွေးစရာပဲ။"

“ဖဲကြိုးရဲ့ နေရာချထားမှုက အရမ်းထူးခြားပြီး ပုံမှန်မဟုတ်ဘူး။ အိုးရန်လူလူ အလယ်မှာ ရပ်တယ်ဆိုတာက သုခဘုံနယ်မြေရဲ့ ပိုင်ရှင်ဖြစ်နေလို့ မေးခွန်းထုတ်စရာမရှိဘူး။ အစိုးရရဲ့ခွင့်ပြုချက်နဲ့ ထောက်ခံမှုကို ကိုယ်စားပြုတဲ့အနေနဲ့ မြို့တော်ဝန်ဝမ်က သူမရဲ့ဘေးမှာ ရပ်တယ်ဆိုတာကလည်း သဘာဝပဲ။ ဒါပေမယ့် သူဌေးအိုးရန်ဘေးမှာ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ရပ်တာက မမျှတဘူး မဟုတ်လား။"

"ဟုတ်တယ်။ ကျန်တဲ့တစ်ဦးက ရှန်ဟိုင်း ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ကျန်းယွဲ့မင်လေ။ ဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူရဲ့ကိုယ်ပိုင်ကြွယ်ဝမှုတင်မကဘူး ရာထူးကလည်း အလွန်ထင်ရှားတဲ့သူ။ ဒါတောင် သူက ဘေးမှာ ရပ်နေတယ်။ ဒီတော့ ဒီထန်မျိုးရိုးကို အလယ်မှာ ရပ်စေနိုင်တဲ့ အရည်အချင်း ဘာများလဲ။"

“ဒါက ဘာမသင့်လျော်တာလဲ။ ကျန်းရှင်းယာ  ဘာတွေ လုပ်နေတာလဲ။"

“…”

လူတိုင်း၏စကားသံကြောင့် မန်နေဂျာဟွမ်သည် ကျန်းရှင်းယာနှင့် ထန်ရှုကို အကြည့်နက်နက်တစ်ချက် ကြည့်လိုက်ပြီး မိုက်ခရိုဖုန်းကို အိုးရန်လူလူအား ပြုံးကာ ပေးလိုက်သည်။

ထို့နောက် အိုးရန်လူလူက အပြုံးဖြင့် စကားစသည်။

“လူကြီးမင်းတို့ … ဒီနေ့ သုခဘုံနယ်မြေဖွင့်ပွဲ အခမ်းအနားကို လာပြီးတက်ရောက်ပေးကြတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူမိပါတယ်။ အနာဂတ်မှာလည်း ကျွန်မရဲ့ သုခဘုံနယ်မြေကို ပံ့ပိုးစောင့်ရှောက်ပေးပါလို့ တောင်းဆိုပါတယ်ရှင်။ ကျွန်မက အမြဲတမ်း ပွင့်ပွင့်လင်းလင်းသမားပါ ချုံပုတ်တစ်ဝိုက်ကို ရိုက်ပြီး မြွေခြောက်တဲ့အလုပ် တစ်ခါမှ မလုပ်ဖူးပါဘူး။ ဒါကြောင့် နောက်ထပ် စကားမရှည်တော့ဘဲ သုခဘုံနယ်မြေကို စီးပွားရေးအတွက် တရားဝင်ဖွင့်လိုက်ပြီလို့ ကြေငြာလိုက်ပါတယ်ရှင်။”

…ဘန်း…ဘန်း…

အနီးနားတွင် မီးရှူးမီးပန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဖဲကြိုးကို အခု ဖြတ်ပါမယ်…” မန်နေဂျာဟွမ်က အော်လိုက်သည်။

အရေးကြီးသော လူ၅ယောက်က ဖဲကြိုးနီကို ဖြတ်လိုက်ချိန်တွင် ဘေးနှစ်ဘက်မှ တီးဝိုင်းများသည် ကောင်းချီးမင်္ဂလာသီချင်းကို တီးမှုတ်ကြသည်။ ထို့နောက် ရာနှင့်ချီသော ဧည့်သည်များ၏ လက်ခုပ်သံများ ပြန်လည် မြည်ဟီးသွားကာ မြင်ကွင်းတစ်ခုလုံး ရွှင်မြူးစည်ကားသွားစေသည်။

အိုးရန်လူလူသည် မိုက်ခရိုဖုန်းကို ယူလိုက်ပြန်သည်။ သူမက ဧည့်ပရိသတ်အား ကြည့်ကာ အပြုံးဖြင့် “ဧည့်ပရိသတ်အားလုံး ဖဲကြိုးဖြတ်တဲ့ အခမ်းအနား ပြီးဆုံးပါပြီ။ ကျွန်မတို့ သုခဘုံနယ်မြေက အရသာရှိတဲ့ အစားအစာတွေအပြင် တုနှိုင်းမဲ့ အရသာရှိတဲ့ နတ်ဘုရားဝတ်ရည်ဝိုင်ကိုလည်း ပြင်ဆင်ထားပါတယ်။ ဒီနေ့ကစပြီး ကျွန်မရဲ့သုခဘုံနယ်မြေမှာ ကံစမ်းမဲတစ်ခုကို ပြုလုပ်ပေးသွားဖို့ ရှိတယ်။ ကံစမ်းမဲဖောက်တာမှာ ပါဝင်တဲ့ ဘယ်ဧည့်သည်မဆို နတ်ဘုရားဝိုင်ကို ဆုရနိုင်တဲ့ အခွင့်အရေးရှိမှာပါ။ တစ်နေ့ကို ငါးနေရာပဲ ရှိပြီး ခွဲတမ်းတိုင်းမှာ နတ်ဘုရားဝတ်ရည်ဝိုင် နှစ်ပုလင်းပဲ ပါမယ်။ ဈေးအကြောင်း ပြောရင်တော့ တခြားနေရာထက် ဈေးနည်းနည်းပိုကြီးလိမ့်မယ်။”

ခဏအတွင်း ခြံဝင်းအတွင်းရှိ ရာနှင့်ချီသော ဧည့်သည်များ အံ့ဩသွားကြကာ လူအတော်များများက ကျယ်လောင်စွာ မေးကြသည်၊

"သူဌေးအိုးရန် … မင်းရဲ့စကားတွေက အမှန်ပဲလား။ မင်း နတ်ဘုရားဝတ်ရည်ဝိုင်ကို တကယ် ကံစမ်းမဲ ထည့်ပေးမှာလား။ ခမ်းနားသောထန် လုပ်ငန်းစုနဲ့ ပူးပေါင်းဆောင်ရွက်မှုက သေချာသွားနိုင်လား။”

"ဟုတ်တယ်။ ခမ်းနားသောထန် လုပ်ငန်းစုက ထုတ်တဲ့ နတ်ဘုရားဝတ်ရည်ဝိုင်က အခုဆိုရင် အကောင်းဆုံးဝိုင်အဖြစ် အချီးကျူးခံထားရတာ။ ဝိုင်ချစ်သူတိုင်းက နတ်ဘုရားဝတ်ရည်ဝိုင် သောက်သုံးရတာကို ဂုဏ်ယူတဲ့သင်္ကေတအဖြစ် မှတ်ယူကြပေမယ့် ခမ်းနားသောထန်ရဲ့ရောင်းချမှုပုံစံနဲ့ ရောင်းချမှုပမာဏက အတော် အကန့်အသတ်ရှိတာ။ သူတို့ သီးသန့်စတိုးဆိုင်တွေမှာ မဝယ်ရင် ဝယ်လို့မရဘူး။”

"သူဌေးအိုးရန် … မင်းရဲ့ သုခဘုံနယ်မြေကနေ ငါ့ကို နတ်ဘုရားဝတ်ရည်ပုလင်းတွေ အများကြီး ဝယ်ပေးနိုင်မလား။ ငါ နှစ်ဆ ပေးပါမယ်။ မင်း သဘောတူရင် မင်းအကောင့်ထဲကို ငါ ချက်ချင်း ငွေလွှဲပေးမယ်။"

"ငါကတော့ ဝယ်ဖို့ ဈေးငါးဆပေးဖို့ ဆန္ဒရှိတယ်။"

"ဆယ်ဆဗျို့ …"

သူမ၏အရှေ့က တက်ကြွနေသော လူအုပ်ကို ကြည့်ပြီး အိုးရန်လူလူ ထိတ်လန့်သွားသည်။ နတ်ဘုရားဝတ်ရည်ကို အသုံးပြုလိုက်သောကြောင့် သည်ကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။ သိရမည်မှာ ကြယ်တာရာကို မကြာခဏသွားပြီး ခန်းရှကို ရင်ဆိုင်ရန် အပျော့အမာ နည်းပရိယာယ် နှစ်ခုစလုံးဖြင့် အတန်အသင့် ကြိုးစားအားထုတ်အသုံးပြုပြီးမှသာ နောက်ဆုံးတွင် သူမသည် တစ်နှစ်ကို နတ်ဘုရားဝတ်ရည်ဝိုင် ပုလင်း၅၀၀၀ ရယူရန် လျှို့ဝှက်သဘောတူညီချက် အသေးစားတစ်ခုကို လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတော့ သူမသည် ထန်ရှု၏ ရယ်ရခက် ငိုရခက်ဖြစ်နေသော အမူအရာအား တစ်ချက် ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူရင်း အားတင်းထားရသော အပြုံးလေးဖြင့်

"လူကြီးမင်းတို့ … ကျေးဇူးပြုပြီး အရင်ဆုံး စိတ်အေးအေးထားကြပါဦး။ တကယ်ဆို ဒီလိုငွေတွေ ကျွန်မ တကယ် လိုချင်နေတာပါ။ ဒါပေမယ့် ခမ်းနားသောထန်လုပ်ငန်းစုရဲ့သူဌေးကြီးက အတော်ကို ကပ်စေးနှဲတဲ့သူပါ။ ကျွန်မ အပျော့အမာနည်း နှစ်မျိုးလုံးကို သုံးရုံတင်မကဘူး လက်ထပ်ရန် ကမ်းလှမ်းတဲ့အထိတောင် သူ့ကို နှောင့်ယှက်ခဲ့ပြီးမှ နတ်ဘုရားဝတ်ရည်ဝေစုကို ပေးဖို့ သဘောတူညီမှု ရခဲ့တာ။ ကျွန်မရဲ့ သုခဘုံနယ်မြေအတွက်သာ မဟုတ်ရင် ရှင်တို့ကို ပေးလိုက်မိမှာပါ။ နတ်ဘုရားဝတ်ရည်ဝိုင် ဝယ်ယူချင်ရင် ခမ်းနားသောထန်လုပ်ငန်းစုဆီသာ တိုက်ရိုက် သွားဝယ်ကြပါရှင်။”

ဘေးမှာ ရပ်နေသည့် ထန်ရှုခမျာ သူ့မျက်လုံးတွေကို လှည့်ရုံသာ တတ်နိုင်ပြီး စိတ်တွင်းထဲမှ တိတ်တဆိတ်သာ ငြီးတွားနိုင်တော့သည်။

…ဒီမိန်းကလေးက တကယ်ကို အလေးအနက်ပုံစံနဲ့ ဟာသလုပ်နေတာ။ မျက်နှာပြောင်ပြောင်ဖြင့် အတည်ပေါက်ကို ပြောလိုက်နိုင်တာပဲ။ ကိုယ့်ကိုကိုယ် အဲ့ဒီလိုတွေ ထည့်ပြောတာ တကယ် စိတ်ဝင်စားဖို့ ကောင်းသလား။ မနိုင်စိန်ပဲ…

ထိုအချိန်တွင် သူသည် သေအောင် အရိုက်ခံရလျှင်ပင် မည်သည့်အခါမှ အာရုံစိုက်ခံရအောင် မလုပ်တော့ကြောင်း အခိုင်အမာ ဆုံးဖြတ်ခဲ့သည်။ သူကိုယ်တိုင်အတွက် နာမည်တစ်ခု ရှိထားပြီး ဖြစ်သော်လည်း သည်နေ့အခြေအနေသည် သိသာနေပေသည်။ ဧည့်သည်များက သူ့အား သတိမမူဖြစ်ခဲ့မိကြပြီး သူ့အား ခမ်းနားသော ထန်လုပ်ငန်းစု၏သူဌေးဖြစ်မှန်း အားလုံးက မေ့လျော့နေကြသည်။ ထန်ရှုကိုယ်တိုင်ကလည်း သူနှင့် နီးစပ်ပြီး နောက်ဖေးတံခါးကတဆင့် အကျိုးကျေးဇူး ရချင်ကြသော လူအုပ်ကြီးဆီသို့ သူ့ကိုယ်သူ ရောင်းမစားသလို မိုက်မဲနုံအခြင်းလည်း မရှိခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် အိုးရန်လူလူကလည်း သူမ၏သုခဘုံနယ်မြေ တောက်ပမှုအား နတ်ဘုရားဝတ်ရည်ဝိုင်မှ ခိုးယူသွားမည်ကို ခွင့်မပြုချင်ခဲ့ပေ။ သူမက ပြုံးလိုက်ပြီး

“ကောင်းပြီ … ဝင်ပေါက်အရှေ့မှာ ရှုခင်းကြည့်ဖို့ ကားတွေ ပြင်ဆင်ထားပြီးပြီမို့ အားလုံးကို အထဲကို လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ ကျွန်မတို့တွေ ဒီနေ့တော့ လူတိုင်းကို ဒီမှာ အရက်သောက်ပြီး ထမင်းစားလို့ ကောင်းတဲ့ အချိန်လေး သေချာပေါက် ဖြစ်အောင် ဖန်တီးပေးမှာပါ။”

ဧည့်ပရိသတ်များ ဝင်လာချိန်တွင် ဧည့်ကြိုအမျိုးသမီးများက ပြသာဒ်ပုံစံ ထမင်းစားခန်း အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကြသည်။

ရနံ့မွှေးကြိုင်သော ဟင်းပွဲများအား လက်ရှိတွင် စားပွဲများဆီသို့ ပို့ဆောင်တည်ခင်းလျက်ရှိပြီး စားပွဲတစ်ခုစီတွင် နတ်ဘုရားဝတ်ရည်ဝိုင် နှစ်ပုလင်းစီ တည်ခင်းပေးထားသည်။

ယနေ့တွင် အဓိကလူအနေဖြင့် အိုးရန်လူလူသည် ထင်ရှားသောပုဂ္ဂိုလ်များအား အမြဲ အဖော်ပြုပေးသည်။ ထန်ရှုသည် ဆူညံနေသော ပတ်ဝန်းကျင်မြင်ကွင်းများကို မနှစ်သက်သောကြောင့် တိတ်တဆိတ် ပြန်ထွက်လာသည်။ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုကို သူ ရှာတွေ့ပြီးနောက် ဝန်ထမ်းအား စာရွက်တောင်းလိုက်သည်။ ထိုစာရွက်ပေါ်တွင် သူ မှတ်မိခဲ့သော ဆေးပင်များ၏ အမည်များ၊ မွေးမြူရန် စီစဉ်ထားသော တောရိုင်းတိရစ္ဆာန်များနှင့် သားရဲများစာရင်းကို တိတ်တဆိတ် ရေးနေခဲ့သည်။

ထိုအချိန်တွင် ရနံ့သင်းသင်းလေးတစ်ခုအား သူ ရှူလိုက်မိပြီးနောက် အဖြူရောင်ဝတ်စုံနှင့် ပေါ့ပေါ့ပါးပါး ဖိနပ်အဖြူရောင်စီးထားသော မိန်းကလေးတစ်ဦးသည် ထန်ရှု၏အရှေ့သို့ ရောက်လာသည်။

"ဟယ်လို ဆရာဘိုးဘေး။"

ထန်ရှု မော့ကြည့်လိုက်ရာ ဂူရှောင်ရွှဲ့ကို တွေ့လိုက်ရသဖြင့် အံ့ဩသွားကာ

"ရှောင်ရွှဲ့ ရောက်နေတာလား။"

"လူလူနဲ့ငါက ညီအစ်မကောင်းတွေဆိုတော့ ငါ့ကို ဖိတ်လို့လေ။”ဂူရှောင်ရွှဲ့က အပြုံးဖြင့် ပြန်ပြောသည်။ “နောက်ပြီး ဆရာဘိုးဘေးလည်း ရှန်ဟိုင်းမှာ ရှိတယ်ဆိုပြီး လာခဲ့တာ။ သက်ဝင်ဆူညံနေတဲ့ မြင်ကွင်းတွေကို မကြိုက်လို့ ဘယ်သူ့ရှေ့မှာမှ မပေါ်လာခဲ့တာ။ ဆရာဘိုးဘေးအကြောင်းကို မန်နေဂျာ ဟွမ်ဆီက သိလိုက်ရလို့ လာရှာလိုက်တာ။”

"ကောင်းပြီ … ထိုင်ပြီး စကားပြောရအောင်။" ထန်ရှုက မျက်နှာချင်းဆိုင်နေရာကို ညွှန်ပြကာ ပြုံးလျက် ပြောလိုက်သည်။

"တကယ်တော့ ငါ မင်းကို ခေါ်ဖို့ စီစဉ်နေတာ။ ငါ မင်းကို တစ်ခု ပြဦးမယ်။ အဲ့ဒီစိတ်ကူးက ငါ့စိတ်မှာ ဖြတ်ကနဲ ပေါ်လာတယ်။"

ဂူရှောင်ရွှဲ့က ထန်ရှုပေးသော စာရင်းစာရွက်ကို လက်ခံကာ အသေအချာဖတ်ပြီးနောက် မျက်နှာတွင် ပဟေဠိဆန်သောအကြည့်တစ်ခုပေါ်လာပြီး

“ဆရာဘိုးဘေး … ဒီမှာ စာရင်းနှစ်ခု ရှိတယ်။ တစ်ခုက ဆေးပင်တွေရဲ့အမည်တွေ၊ ကျန်တစ်ခုက တောရိုင်းတိရစ္ဆာန်တွေစာရင်း။ ဆရာဘိုးဘေး ဘာလုပ်ဖို့လဲ။”

"ငါက ဆေးပင်တွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို စိုက်ပျိုးမွေးမြူဖို့ ပြင်ဆင်နေတယ်။ အင်မော်တယ်ကမ္ဘာက ပညာရပ်ကို အသုံးပြုပြီး အဲ့ဒီတိရိစ္ဆာန်တွေကို သန်မာတဲ့ သားရဲ ဒါမှမဟုတ် စိတ်ဝိညာဉ်သားရဲတွေအဖြစ်သို့ ပြောင်းလဲပေးမယ်။”

"ဆရာဘိုးဘေးရဲ့အမြင်က ဆရာသခင်ရဲ့စိတ်ကူးနဲ့ နည်းနည်းဆင်တူတယ်" ဂူရှောင်ရွှဲ့က အံ့အားသင့်စွာ ပြောသည်။

“ဆရာသခင်ကလည်း ဒီလိုအကြံအစည် ရှိခဲ့ပေမယ့် သူမရဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေက ပိုဆိုးလာတော့ နောက်ဆုံးမှာ မေ့သွားရော။ ဆရာဘိုးဘေး … ဒီအကြံအစည် တကယ်အောင်မြင်သွားရင် ကျင့်ကြံမှု အရင်းအမြစ်တွေ အများကြီးရသွားမှာ။”

"ဒါ အမှန်ပဲ။ ကျွမ်းကျင်သူအမြောက်အမြားကို ပြုစုပျိုးထောင်ချင်တယ်ဆိုရင် ကျင့်ကြံမှု အရင်းအမြစ်က မရှိမဖြစ် လိုအပ်တယ်။ ဒါကြောင့် ငါ့ရဲ့ ကနဦးစိတ်ကူးက မြေ မူ၂၀၀ မှာ ဆေးပင်တွေ စိုက်ဖို့ပဲ။ ပြီးရင် မြန်မြန်ကြီးထွားဖို့အတွက် ငါကိုယ်တိုင် အစီအရင် ခင်းကျင်းထားမယ်။ ငါ့ရဲ့ လက်ရှိ အစွမ်းအစနဲ့ဆိုရင် ငါ အကောင်းဆုံး လုပ်နိုင်တာက ဆယ်ဆ ပိုမြန်အောင်ပဲ။ ဒီနေရာက တစ်နှစ် နဲ့ အပြင်က ဆယ်နှစ်နဲ့ ညီမျှတယ်။ ဒီ့ထက်တောင် ပိုမြန်နိုင်လောက်တယ်။ ရှစ်နှစ်ကနေ ဆယ်နှစ်အတွင်း သက်တမ်းတစ်ရာကျော်ရှိတဲ့ ဆေးဖက်ဝင်အပင်တွေ အများကြီးကို ရနိုင်တယ်။

“တောရိုင်းတိရိစ္ဆာန်များ မွေးမြူတဲ့နေရာမှာလည်း အစီအရင် ခင်းကျင်းဖို့ လိုပေမယ့် သူတို့ရဲ့ ကြီးထွားနှုန်းက အများကြီး နှေးကွေးဦးမယ်။ ဆယ်နှစ်ကြာရင်တော့ ဘယ်တောရိုင်းတိရစ္ဆာန်တွေက စိတ်ဝိညာဉ်သားရဲတွေ ဖြစ်နိုင်ပြီး ဘယ်တောရိုင်းတိရစ္ဆာန်တွေကတော့ စိတ်ဝိညာဉ်ဉာဏ်ကို ဖွင့်မပြနိုင်ဘဲ အဆင့်နိမ့် သန်မာတဲ့ သားရဲများတွေ ဖြစ်နိုင်တယ်ဆိုတာ ငါတို့ အလွယ်တကူ ခွဲခြားသိရှိနိုင်လိမ့်မယ်။" ထန်ရှုက ရှင်းပြသည်။

***

All Chapters