← Chapters

ကမ်းလှမ်းခြင်းအား ငြင်းဆန်ခြင်းနှင့် ကြိမ်းမောင်းခံရခြင်း

Vol. 10 Ch. 487

ကမ်းလှမ်းခြင်းအား ငြင်းဆန်ခြင်းနှင့် ကြိမ်းမောင်းခံရခြင်း

Vol. 10 Ch. 487

ထန်ရှုက သူ၏စိတ်ကူးများအား အသေးစိတ် ရှင်းပြနေချိန်တွင် ဂူရှောင်ရွှဲ့၏မျက်လုံးများတွင် အရောင်များ တလက်လက် တောက်ပနေကာ သူတို့အနာဂတ်၏အကျိုးရလဒ်များအား စိတ်ကူးယဉ်နေခဲ့သည်။ နောက်ဆုံးတွင် ထန်ရှုက သူ၏ရှင်းပြချက် ပြီးသွားသောအခါ စာရင်းနှစ်ခုကို ပြန်ယူကာ မေးသည်။

"ပြီးခဲ့တဲ့ တစ်ခေါက်က ခမ်းနားသောထန်လုပ်ငန်းစု ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အတွက် ခန်းရှကို အရင်းအနှီး ပမာဏတစ်ခု ပေးခဲ့လိုက်လို့ ငါ့အကောင့်မှာ ယွမ် ၁.၂ ဘီလီယံပဲ ကျန်တော့တယ်။ ငါ့စိတ်ကူးကို အကောင်အထည်ဖော်ဖို့က ဒီပမာဏရဲ့ ဆယ်ဆ ဆိုရင်တောင် မလုံလောက်မှာကို စိုးရတယ်။ ဆိုတော့ ထာဝရခန်းမက ငွေ ဘယ်လောက် ရနိုင်မလဲ။”

ဂူရှောင်ရွှဲ့ တခဏ စဉ်းစားပြီး

“၂၈ ဘီလီယံလောက်တော့ ရှိမယ် … စုဆောင်းထားတာ အကုန်ပဲ။ ဒါပေမယ့် ငါတို့မှာရှိတဲ့ လုပ်ငန်းတွေကနေ အရင်းအနှီးငွေတွေကို ထုတ်ယူမယ်ဆိုရင် နောက်ထပ် ၁၀ ဘီလီယံကနေ ၂၀ ဘီလီယံအထိ လွှဲပေးလို့ရမှာပါ။"

ခဏလောက်စဉ်းစားပြီး ထန်ရှုက

"အဲ့လောက် မလိုလောက်ဘူး။ မင်း ကျင်းမန်ကျွန်းကို ပြန်ရောက်ရင် ငါ့အကောင့်ထဲကို ၉ဘီလီယံကို လွှဲလိုက်ပါ။ အရင်ရင်းနှီးမြှုပ်နှံဖို့အတွက် ယွမ်၁၀ ဘီလီယံက အနည်းနဲ့အများဆိုသလို လုံလောက်တယ်။ ဒါပေမယ့် ထပ်ချဲ့ဖို့ လိုအပ်ရင် နောက်မှ မင်းကို ပြန်ရှာမယ်။"

"ငါ ကျင်းမန်ကျွန်းကို ပြန်ရောက်တဲ့အထိ စောင့်စရာ မလိုပါဘူး ဆရာဘိုးဘေး။" ဂူရှောင်ရွှဲ့က ပြုံးပြီး ပြောလိုက်သည်။

"အခု ငွေလွှဲလိုက်လို့ ရပါတယ်။"

မိနစ်အနည်းငယ်ကြာပြီးနောက် ဂူရှောင်ရွှဲ့သည် သူမ၏ဖုန်းကို ယူကာ အပြုံးဖြင့်

"ပိုက်ဆံလွှဲပေးလိုက်ပါပြီ ဆရာဘိုးဘေး။ အလုပ်လုပ်ရက် သုံးရက်အတွင်း ပိုက်ဆံတွေ ဆရာဘိုးဘေးရဲ့အကောင့်ထဲကို ရောက်မယ်လို့ ဘဏ်မန်နေဂျာက ငါ့ကို ဖုန်းဆက်တယ်။”

"ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ်ချီ အတော် ကြွယ်ဝတဲ့ တောင်ပေါ်ဒေသက မြေကို ဝယ်ဖို့လိုတယ်။ ဒါပေမယ့် တောင်ပေါ်ဒေသတွေက မြေကွက်ဈေးပေါပေမယ့် ဖွံ့ဖြိုးအောင် လုပ်ရတာ ခက်မယ်။ ဒါပေမယ့် လုံလောက်တဲ့ မြှုပ်နှံငွေတွေ ထည့်ထားရင် ပြီးမြောက်နိုင်ပါသေးတယ်။ နေရာအတိအကျတော့ ငါ မဆုံးဖြတ်ရသေးဘူး။ မင်းရော အကြံပေးချင်တဲ့ နေရာကောင်းလေး ရှိလား။"

“ဆရာဘိုးဘေးရဲ့အမြင်အရ ကြည့်ရမယ်ဆိုရင်တော့ ဆေးပင်စိုက်ခင်းနဲ့ တောရိုင်းတိရိစ္ဆာန်တွေကို မွေးမြူရာမှာ ရာသီဥတု၊ အပူချိန်၊ မြေမျက်နှာသွင်ပြင်၊ ရေထိန်းသိမ်းမှု နဲ့ တခြားဆက်စပ်အခြေအနေတွေကို အာရုံစိုက်ဖို့ လိုလိမ့်မယ်။ ငါကိုယ်တိုင်လည်း အပြင်ထွက်တာ ရှားတော့ နာမည်ကြီး တောင်တန်းတွေကိုပဲ ရောက်ဖူးတယ်။ ဒါကြောင့် ငါ အကြံပေးနိုင်တဲ့ နေရာကောင်း မရှိဘူး။ ဒါပေမယ့် အကြံတစ်ခု ရှိတယ်။” ဂူရှောင်ရွှဲ့က ခေါင်းယမ်းကာ  ပြောလာသည်။

"မင်းအကြံက ဘာများလဲ။" ထန်ရှုက မေးသည်။

“ပြည်မကြီးမှာ မြေကွက်တွေ ဝယ်တာထက်စာရင် ကျွန်းတစ်ကျွန်း ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းတွေကို ဝယ်တာက ပိုကောင်းမယ်ထင်တယ်။” ဂူရှောင်ရွှဲ့က ဆိုသည်။

“ပထမအနေနဲ့ အဲ့ဒီကျွန်းတွေကို ငှားလို့ ရတယ်။ ငှားရမ်းခ တအားသက်သာတယ်။ ကျွန်းအများစုက ကောင်းကင်နဲ့မြေကြီးစိတ်ဝိညာဉ်ချီ ကြွယ်ဝတဲ့အတွက် ဆေးပင် စိုက်ပျိုးတာ၊ သားရဲတိရစ္ဆာန် မွေးမြူတာအတွက် သင့်လျော်တယ်။ ဒါပေါ့ … အရေးကြီးဆုံးက ပြုစုစောင့်ရှောက်ပေးမယ့်သူတွေနဲ့ ဆိုင်တာပါ။ ပြည်မကြီးမှာ လုပ်မယ်ဆိုရင် လုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ လူအမြောက်အမြား လိုအပ်မယ်။ ကျွန်းတစ်ကျွန်းမှာက အဲ့လို မဟုတ်တော့ဘူး။ ကျွန်းဧရိယာ လုံးဝ ဘေးကင်းစေဖို့ နည်းပညာမြင့်စောင့်ကြည့်ရေးကိရိယာတွေ အကူအညီနဲ့ အဲ့ဒီနေရာမှာ စခန်းချဖို့ ကျွမ်းကျင်သူတစ်စုကို စေလွှတ်ဖို့ပဲ လိုတယ်။”

"မင်း မှန်တယ်။ ငါ ဒါကို အရင်က မတွေးမိဘူး။” ထန်ရှု၏မျက်လုံးများ အရောင်တောက်သွားသည်။ “ကျင်းမန်ကျွန်းက တောင်တရုတ်ပင်လယ်မှာ တည်ရှိတယ်။ ရွေးချယ်ထားတဲ့ ကျွန်းအနည်းငယ်မှာ ဆေးပင် စိုက်ပျိုးတာနဲ့ တောရိုင်းတိရိစ္ဆာန် မွေးမြူတာက ပိုကောင်းလိမ့်မယ်လို့ ငါ ထင်တယ်။ ဆိုတော့ တောင်တရုတ်ပင်လယ် ဧရိယာကို ကွင်းဆင်း လေ့လာဖို့ ငါ အချိန်ယူမယ်။ နေရာတွေကို ဆုံးဖြတ်ပြီးတာနဲ့ ငှားရမ်းတာတွေကို ချက်ချင်း လုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်မှုမှာ စတင် ရင်းနှီးမြှုပ်နှံမယ်။”

"ဒါဆို ငါ လုံခြုံရေးအဖွဲ့ဝင်တွေရဲ့ စာရင်းကို ကြိုပြင်ထားလိုက်မယ် ဆရာဘိုးဘေး။" ဂူရှောင်ရွှဲ့က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ "ဘယ်အရေအတွက်လောက်က သင့်တော်မလဲ မေးလို့ရမလား။"

“ကြိုတင်ပြင်ဆင်ထားဖို့ လိုနေဆဲဆိုပေမယ့် အဲဒါကို ပြောဖို့က စောလွန်းတယ်။”ထန်ရှု ခေါင်းယမ်းသည်။

"ကောင်းပြီလေ … အဓိကအဖွဲ့ဝင် ၅၀ဦးကို ဦးစွာ ရွေးချယ်ထား။ ဒါပေမယ့် သူတို့ကို ဘာမှ မလုပ်ခိုင်းနဲ့ဦး။ အားလုံး စနစ်တကျ စီစဉ်ပြီးရင် ငါကိုယ်တိုင် စမ်းသပ်မယ်။ သူတို့ ငါ့ခွင့်ပြုချက်ရရင်  ရွေးချယ်ထားတဲ့ ကျွန်းမှာ စခန်းချဖို့ သူတို့တွေက အရံအဖွဲ့ဝင်တွေကိုပါ ခေါ်ဆောင်လာရလိမ့်မယ်။"

“ကောင်းပါပြီ။” ဂူရှောင်ရွှဲ့  ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

သင့်လျော်သောစီးပွားရေးအကြောင်းဆွေးနွေးပြီးနောက် ထန်ရှုသည် အရင်းအမြစ်များအကြောင်း စိတ်ကူးဖဲရိုက်နေသော ဂူရှောင်ရွှဲ့ ၏တောက်ပသော မျက်လုံးများအား ကြည့်မိပြီး ရုတ်တရက် သူ မည်သည့်စကား ပြောရမည်မှန်းမသိ ဖြစ်သွားရသည်။ အချိန်အတော်ကြာ အဆက်အသွယ် ရှိထားသည့်တိုင် ဂူရှောင်ရွှဲ့၏ပင်ကိုယ်အေးစက်သည့် စရိုက်က သူတို့အား သင့်တော်လေးနက်သည့် ကိစ္စများ ပြောခြင်းအပြင် ပြောစရာ တခြားအကြောင်းအရာ အနည်းငယ်သာ ရှိစေခဲ့သည်။

ထန်ရှု နှစ်မိနစ်လောက် ငြိမ်သက်သွားပြီးနောက်  "ရှောင်ရွှဲ့ … မင်းမှာ တခြားလုပ်စရာ မရှိတော့ရင် အရင်စားဖို့ တစ်ခုခုသွားရွေးလေ။ နောက်ပြီး မင်း ကျင်းမန်ကျွန်းကို ပြန်ရောက်ရင် ယန်အာကိုလည်း ကောင်းကောင်း ဂရုစိုက်ပေးပါ။”

"ငါ လုပ်မှာပါ။" ဂူရှောင်ရွှဲ့က ခေါင်းညိတ်ပြသည်။

ထန်ရှုက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အလျင်စလို ပြောလိုက်သည်။

"နေဦး … ကျင်းမန်ကျွန်းကို ဘယ်တော့ ပြန်မှာလဲ။"

"ဆရာဘိုးဘေးနဲ့တွေ့ပြီးပြီ။ သုခဘုံနယ်မြေကလည်း တရားဝင် ဖွင့်လိုက်ပြီးပြီဆိုတော့ ဒီနေ့မွန်းလွဲပိုင်းမှာ ကျင်းမန်ကျွန်းကို ပြန်ဖို့စီစဉ်နေတယ်။" ဂူရှောင်ရွှဲ့ က ဖြေသည်။

"မင်း ဒီကို ရောက်လာတယ်ဆိုမှတော့ အဆင်ပြေရင် ကလေးတွေကို ကျင်းမန်ကျွန်းကို ခေါ်သွားပေးပါ။ ဒီကလေးတွေအားလုံးက မိဘမဲ့တွေပါ။ ငါ သူတို့ကို မွေးစားခဲ့ပြီး အခု ကြယ်ပြာအိမ်ရာဝင်းမှာ ငါနဲ့အတူ နေထိုင်နေတယ်။ အရင်က ရောက်ထားတဲ့ ကလေးတွေနဲ့ သူတို့ကို အခြေတကျလုပ်ပေးဖို့ မမေ့ပါနဲ့။ ဒီကလေးငါးယောက်က ကွန်ဖူးကို နည်းနည်း လေ့လာထားလို့ ငါ သူတို့ကို နည်းစနစ်တွေကို သင်ပေးထားတယ်။ ဒါကြောင့် မင်း သူတို့ကို လေ့ကျင့်ပေးတဲ့အခါ ပိုလုပ်စရာတွေ ထပ်ထည့်ပါ။"

"ဒါဆို ဆရာဘိုးဘေး အိမ်ပြန်တဲ့အခါ ငါ လိုက်ခဲ့မယ်။" ဂူရှောင်ရွှဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

"ပြီးမှ သူတို့ကို ငါနဲ့အတူ ခေါ်သွားလိုက်မယ်။"

“ကောင်းပြီ။ ဒါဆို ငါ ပြန်တော့မယ်ဆိုရင် မင်းဆီကို ဖုန်းဆက်လိုက်မယ်။ အာ ဟုတ်သားပဲ။ ဧည့်ခန်းမထဲမှာ ချန်းကျီကျုံးလို့ ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက ငါ့ရဲ့အမည်ခံတပည့်ပါ။ အချိန်ရရင် သူ့ကို တွေ့သွားလိုက်ပါဦး။"

"ဒါဆို ငါ သွားတွေ့လိုက်မယ်။" ဂူရှောင်ရွှဲ့၏ မျက်လုံးများက တောက်ပလာပြီး ခေါင်းညိတ်ပြန်ဖြေသည်။

သူမ ထွက်ခွာသွားပြီးနောက် ထန်ရှု စာရင်းစာရွက်များကို သိမ်းဆည်းကာ ဆိုဖာပေါ်တွင် အေးအေးလူလူ လှဲနေလိုက်သည်။ တခြားဘာကိုမှ မနှောင့်ယှက်ချင်တော့ဘဲ ခဏတာ ကျင့်ကြံရင်း အဲဒီ့နေရာတွင် လဲလျောင်းချင်နေခဲ့သည်။

သူ၏မရီဒျာန်အတွင်းမှ ကြယ်စွမ်းအားကို ထိန်းချုပ်ရန် မလိုအပ်သော်လည်း သူ၏ စိတ်ဝင်စားမှုနှင့် သံသယများကို လှုပ်ခါသွားစေသည့် အရာတစ်ခု ရှိသည်။ ကြယ်စွမ်းအား၏လည်ပတ်မှုနှုန်းသည် သိသိသာသာ တိုးလာပြီး ၎င်း၏ နေရောင်ခြည် စွမ်းအင်ကို စုပ်ယူမှုမှာလည်း ပိုမိုမြန်ဆန်သည့်နှုန်းသို့ တိုးတက်လာခဲ့သည်။

မမျှော်လင့်ပါဘဲ သူ့ဆီ တစ်စုံတစ်ယောက် ရောက်လာသည်။ ထန်ရှု သတိမထားမိပါဘဲ သူ့နေရာတွင် သက်တောင့်သက်သာဖြင့် ကိုယ်တစ်ပိုင်း မှီကာ လှဲနေသည်။

“အမေ … ဒီမှာ သိပ်မအေးဘူး။” ကလေးသံလေးသည် ထန်ရှု၏နားထဲသို့ ဝင်လာသည်။

အမျိုးသမီးသည် အသက် ၃၀ အရွယ်ဖြစ်ပြီး လှပသော မျက်နှာရှိသည်။ ပုဝါတစ်ထည်နှင့် တောက်ပနေသော နားကပ်များကို ဆင်ယင်ကာ စာအုပ်များ ထည့်ထားသော အိတ်တစ်လုံးကို သယ်ထားသည်။ သူမနာမည်သည် ဂူဟွေ့ဖြစ်ပြီး သုခဘုံနယ်မြေဖွင့်ပွဲကို တက်ရောက်ရန် ခင်ပွန်း၏နောက်သို့ လိုက်လာခြင်းဖြစ်သည်။ သို့သော် လွန်ခဲ့သည့်နာရီဝက်လောက်က သူမ၏ကလေးသည် နေမကောင်းဖြစ်ပြီး အအေးမိသွားဟန်ရှိသည်။ ထို့ကြောင့် သူမသည် အစာစားချင်စိတ် ပျောက်ပြီး အခြားသူများနှင့် ခင်ပွန်းဖြစ်သူအား ယဉ်ကျေးစွာ အကြောင်းပြချက်ပေးကာ သားဖြစ်သူအား ဆေးရုံသို့ ခေါ်ဆောင်ရန် ပြင်ဆင်ခဲ့သည်။

"ဒေါင်ဒေါင် စကားမပြောနဲ့။ ဒီဦးလေးက အိပ်ပျော်နေပြီ။ သူ့ကို မနှောင့်ယှက်နဲ့။”

လေးငါးနှစ်ရှိပုံရသော ကောင်လေးသည် ထန်ရှုအား ကြည့်ကာ တိတ်တဆိတ် ခေါင်းညိတ်ပြသော်လည်း သူသည် ထန်ရှုဆီသို့ ပိုမိုနီးကပ်စွာ ချဉ်းကပ်လာခဲ့ပြိး အနည်းငယ်ဖြူဖျော့နေသော သူ၏မျက်နှာသည်လည်း သက်တောင့်သက်သာရှိသော အမူအရာ ဖြစ်ပေါ်လာသည်။

နောက်ဆုံးတွင် ထန်ရှုသည် မျက်လုံးများကိုဖွင့်ကာ ထိုသားအမိကို တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ၏အကြည့်များသည် ကလေးအပေါ်သို့ ရောက်သွားချိန်တွင် သေခြင်းချီကို ခံစားမိသဖြင့် မျက်မှောင်ကြုပ်သွားသည်။

"ချာတိတ်လေး … ဦးဦးက ဖက်လို့ရမလား။"

ကောင်လေးက သူ့အမေကို မော့ကြည့်လိုက်သည်။

"လူကြီးမင်း … ကျွန်မရဲ့သားက အအေးမိနေလို့ ရှင့်ကို ကူးစက်မှာစိုးတယ်။ ဒါကြောင့် ….” ဂူဟွေ့က အမြန် ပြောလိုက်သည်။

ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်ပြီး ကောင်လေးကို ပွေ့ဖက်လိုက်သည်။ ထိုအချိန်တွင် ကောင်လေး၏ သွေးခုန်နှုန်းကို စမ်းရန် လက်ချောင်းများကို အသုံးပြုလိုက်ပြီး စက္ကန့် ၂၀ ကျော် ကြာအောင် ဖက်ထားခဲ့သည်။ ထို့နောက် ထန်ရှုသည် မော့ကြည့်ကာ ဂူဟွေ့ကို မေးလိုက်သည်။

"ခင်ဗျားတို့မိသားစုမှာ မကြာသေးခင်က ကြံစည်ပြီး လူသတ်ခံရတာ ဒါမှမဟုတ် လူသတ်မှုတစ်ခုခု ဖြစ်သလား။"

"လူသတ်မှု ဟုတ်လား။ ဟင့်အင်း … မရှိပါဘူး။ လူကြီးမင်း ... ရှင်…” ဂူဟွေ့ စိတ်ရှုပ်သွားသည်။

ထန်ရှုက လက်ကို မြှောက်ကာ သူမ၏စကားကို ဟန့်တားလိုက်ပြီး

"ခင်ဗျားရဲ့မိသားစုမှာ အဲ့ဒီလိုကိစ္စတွေမရှိရင် ခင်ဗျားရဲ့သားနဲ့ တရင်းတနှီး  လက်ပွန်းတတီးနေတဲ့ လူတစ်ယောက်က အဲ့လိုကိစ္စနဲ့ ကြုံဖူးတယ်လို့ ဆိုလိုတာပဲ။ ပြီးတော့ ကြုံခဲ့တဲ့အချိန်ကလည်း နှစ်ရက်လောက်ပဲ ရှိဦးမယ်။”

ဂူဟွေ့က မျက်မှောင်ကြုတ်ကာ သူမ၏သားအား ဆတ်ကနဲ လုယူရင်း နောက်ပြန်ဆုတ်သည်။

“လူကြီးမင်း … ရှင်ပြောတာကို နားမလည်ဘူး။ ကျွန်မတို့မိသားစုမှာ လူသတ်မှုဆိုတာ တစ်ခါမှ မဖြစ်ဖူး၊ မကြုံဖူးဘူး။ သားနဲ့ နီးစပ်တဲ့သူတွေကလည်း လူသတ်မှုဆိုတာလည်း တစ်ခါမှ မကြုံဖူးတဲ့ ကျွန်မတို့ လင်မယား၂ယောက်ပဲ ရှိတယ်။ ဒါကြောင့် ဒီလို အဓိပ္ပာယ်မဲ့တဲ့ စကားတွေ မပြောပါနဲ့။”

ထိုသို့ပြောပြီးနောက် သားဖြစ်သူနှင့်အတူ ထွက်ခွာသွားမည့်ဟန်ပြင်လိုက်သည်။

ထန်ရှုက မျက်လုံးစွေကာ သူမ၏အနောက်အား ကြည့်လိုက်ပြီး

“ခင်ဗျားရဲ့သားက အအေးမိနေတာမဟုတ်ဘူး … သူက သေခြင်းချီတွေကို ထိမိလို့ အေးနေတာ။ ဒီရောဂါကို ဆေးရုံက ကုသပေးနိုင်လိမ့်မယ် မထင်ဘူး။ ဒါပေါ့ … ခင်ဗျား ဒါကို မေးပြီး ထွက်သွားနိုင်ပါတယ်။ ဒါပေမယ့် ကလေးက အရမ်းငယ်သေးတော့ သေခြင်းချီကြောင့် ခုနစ်ရက်အတွင်း သူ့ရဲ့အသက်စွမ်းအား အပြည့်အဝ ဆုတ်ယုတ်သွားလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် သူ့အသက်ကို ဆုံးရှုံးရလိမ့်မယ်။”

ဂူဟွေ့သည် ဘာသာမဲ့တစ်ဦး ဖြစ်သည်။ သူ၏စကားကြားသည့်အခါ သူမ ချက်ချင်း လှည့်ကြည့်ကာ ဒေါသတကြီးဖြင့်

“ထပ်ပြီး အဓိပ္ပါယ်မရှိတာတွေ။ ရှင့်ကို မောင်းထုတ်ဖို့ လူတွေ ခေါ်ရင် ငါ့အဆိုးမဆိုနဲ့။"

သူမ၏သားကို ပွေ့ဖက်ကာ အလျင်စလို ထွက်သွားတော့သည်။

ထန်ရှု ခေါင်းယမ်းရုံသာ တတ်နိုင်သည်။ ကံကြမ္မာစက်ဝန်း၊ ကောင်းကင်တာအို၏ အကြောင်းအကျိုးတို့သည် သာမန်လူတို့၏ ဘဝများကို သက်ရောက်စေမည့် လေးနက်သော သြဇာလွှမ်းမိုးမှု ရှိသည်။ လက်ရှိ သူကိုယ်တိုင်သည်လည်း ကောင်းကင်တာအို၏ လွှမ်းမိုးမှုအောက်တွင် အမြဲ ရှိနေခဲ့ရသည်။ သူ၏လည်ပင်းပေါ်မှ ရစ်ပတ်ထားသော ကြိုးများအား ဖြတ်ကာ အင်မော်တယ်အဖြစ် လုပ်နိုင်မည်ဆိုပါက ကောင်းကင်တာအို၏ လွှမ်းမိုးမှုအား ဖယ်ရှားနိုင်မယ်ဖြစ်တော့သည်။

လူတစ်ဦး၏ စည်းစိမ်ဥစ္စာ၊ အဆင့်အတန်းနှင့် ဂုဏ်ကျက်သရေတို့ကို ကောင်းကင်ဘုံက သတ်မှတ်၍ စီမံထားသည်။

သည်ကဲ့သို့ အဖြစ်ဆိုးမျိုး ကြုံနေရသည့်တိုင် ကလေးကို ရှင်းရှင်းလင်းလင်း စစ်ဆေးခွင့်ပေးပြီး ကောင်လေးအပေါ်မှ သေခြင်းချီအား ဖယ်ထုတ်ရန်အတွက် ကလေး၏မိခင်က သူ့အား မယုံကြည်သဖြင့် ထိုကောင်လေးသည် ကံကြမ္မာဆိုးကြီး ကြုံတွေ့ရပေတော့မည်။ ဆိုလိုသည်မှာ ရက်အနည်းငယ် အကြာတွင် သေရတော့မည်ဖြစ်သည်။

… ပြသာဒ်ပုံသဏ္ဍာန် စားသောက်ဆိုင်အတွင်း...

ဒုတိယထပ်တွင် ရာနှင့်ချီသော ဧည့်သည်များဖြင့် ခန်းမတစ်ခုလုံး ပြည့်သွားခဲ့သည်။ အဖိုးတန်စားပွဲများ၏ရှေ့တွင် လူအုပ်ကြီးသည် စားစရာများကို အရသာခံကာ စားသောက်ရင်း၊ နတ်ဘုရားဝတ်ရည်ဝိုင် သောက်ကြရင်း ချီးမွမ်းစကားဆိုကြသည်။

အတွင်းဘက်ကျဆုံးစားပွဲတွင် အိုးရန်လူလူသည် မြို့တော်ဝန် ဝမ်ထောင်၊ ကျန်းယွဲ့မင်၊ ကျန်းရှင်းယာတို့အပြင် ထင်ရှားပြီး အဆင့်အတန်းတစ်ခု ရှိသော အခြားဧည့်သည်အချို့နှင့်အတူ စားသောက်ကာ ပျော်ရွှင်စွာ စကားစမြည်ပြောလျက် ရယ်မောနေသည်။

ထိုအခိုက်အတန့်တွင် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်သမီးတစ်ယောက်အလား အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ဂူရှောင်ရွှဲ့သည် အတွင်းသို့ ဝင်လာသည်။ သူမ ရောက်ရှိလာတာကြောင့် လူအများ၏မျက်လုံးများသည် ဆွဲဆောင်ခံလိုက်ရပြီး

သူမသည် အိုးရန်လူလူ၏နံဘေးသို့ လျှောက်လာသည်။

"ရှောင်ရွှဲ့ လာ … ငါနဲ့  အတူထိုင်။"

ယခင်က အိုးရန်လူလူအနေဖြင့် ဂူရှောင်ရွှဲ့သည် ဤကဲ့သို့ လူရှုပ်လာသည့်နေရာသို့ လာ၍ စားသောက်ရန် ဆန္ဒရှိမည်ဟု မထင်ခဲ့ပေ။ ထို့ကြောင့် သူမမျက်နှာထက်တွင် အံ့သြရိပ်များ စွန်းထင်နေပေသည်။

"ဟင့်အင်း … ငါ မစားတော့ဘူး။" ဂူရှောင်ရွှဲ့က ခေါင်းယမ်းရင်း ပြောလိုက်သည်။

"ငါက ပညာသင်ဘက်ဦးလေးကိုတွေ့ဖို့ ဒီကို လာတာပါ။"

ထိုစကားကိုပြောပြီးနောက် သူမသည် ဝိုင်ဖန်ခွက်တစ်လုံးကို ယူကာ စားပွဲတစ်ခုတည်းရှိ ချန်းကျီကျုံးဆီသို့ သွားပြီး နူးညံ့စွာ ပြောလိုက်သည်။

"ပညာသင်ဘက်ဦးလေး … ရှောင်ရွှဲ့က ဦးလေးလည်း ဒီမှာရှိမှန်း မသိဘူး။ ဒါကြောင့် ရောက်မလာမိတဲ့အတွက် ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးပြုပြီး ဒီဝိုင်တစ်ခွက်ကို တူမလေးရဲ့လေးစားမှုအနေနဲ့ လက်ခံပေးပါ။"

ချန်းကျီကျုံးက ထလိုက်သော်လည်း ဂူရှောင်ရွှဲ့က ထိုင်မြဲအတိုင်းသာ ထိုင်ခိုင်းသည်။ ထို့နောက် သူက ဝိုင်တစ်ခွက်ကို လက်ခံလိုက်ပြီး အပြုံးဖြင့်

“ဆရာသခင်နဲ့ တွေ့ပြီးပြီလား။”

“တွေ့ပြီးပြီ။ ဆရာဘိုးဘေးက လောလောဆယ် အနားယူနေတယ်။ ဦးလေး ဒီမှာ ရှိနေတယ်လို့ သူပဲ ပြောလိုက်တာ။” ဂူရှောင်ရွှဲ့က အပြုံးဖြင့် တုံ့ပြန်သည်။

…ဆရာသခင်…

…ဆရာဘိုးဘေး…

စားပွဲဝိုင်းတစ်ဝိုက်ရှိ အခြားလူများသည် ချန်းကျီကျူံးနှင့် ဂူရှောင်ရွှဲ့အား ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။ သူတို့၂ယောက် ပြောနေသောစကားများအား ထိုသူများ နားမလည်သည်မှာ ထင်ရှားပေသည်။ ချန်းကျီကျုံးကဲ့သို့ ထင်ရှားသောပုဂ္ဂိုလ်၏ ဆရာသခင် - ဤမြင့်မြတ်သော လူသည် မည်သူ ဖြစ်နိုင်ပါသနည်း။

All Chapters