← Chapters

မကောင်းသောအကုသိုလ်ကံကြောင့် ဒုက္ခရောက်ခြင်း။

Vol. 10 Ch. 489

မကောင်းသောအကုသိုလ်ကံကြောင့် ဒုက္ခရောက်ခြင်း။

Vol. 10 Ch. 489

သုခဘုံနယ်မြေဖွင့်ပွဲ အခမ်းအနားတွင် ပါဝင်သည့် ဧည့်သည်များ အထူးသဖြင့် ဤစားပွဲတွင် ထိုင်နေသူများ အားလုံးသည် အဆင့်အတန်းမြင့်သောသူများ ဖြစ်သည်။ သူတို့အားလုံးသည် သြဇာအာဏာကြီးမားသူ သို့မဟုတ် ဘီလီယံချီကာ ချမ်းသာကြွယ်ဝသောသူများ ဖြစ်ကြသည်။ ထိုသို့သော လူအုပ်စုသည် များသောအားဖြင့် သာမန်လူများထက် အသိဉာဏ်ပညာ သာလွန်ကြပေသည်။

ထို့ကြောင့် ချန်းကျီကျုံးအပေါ် ဝမ်ထောင်၏ သဘောထားပြောင်းလဲမှုသည် သူ၏ဆရာသခင် ထန်ရှုကြောင့် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ကြသော်လည်း သူတို့သည် တိကျသော အကြောင်းရင်းကို မသိရှိကြပေ။ သို့တိုင် ယခုဆိုပါက သူတို့သည် ထန်ရှုကို စိတ်ထဲတွင် ပို၍အလေးထားလာကြသည်။

သည်နေ့၏အဓိကဇာတ်ကောင် အိုးရန်လူလူမှလွဲ၍ ကျန်သောသူများသည် ချန်းကျီကျုံးအပေါ် သဘောထား ပိုမိုပျော့ပျောင်းလာကာ ချစ်ခင်ရင်းနှီးလာကြသည်။

တရုတ်နိုင်ငံ၏အခြေအနေသည် ပုဂ္ဂိုလ်ရေးအရ ချိတ်ဆက်မှုများမှာ အလွန်အရေးကြီးသော အနေအထားတွင် ရှိပြီး မရှိမဖြစ်လိုအပ်သော အရင်းအမြစ်တစ်ခုအဖြစ် ရှိနေသည်။ ကြီးမားသော ဆက်ဆံရေးကွန်ရက်နှင့် ကိုယ်ပိုင်ချိတ်ဆက်မှုရှိခြင်းမှာ နေ့စဉ်ဘဝတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတွင်ဖြစ်စေ အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပေသည်။

ဝေ့ယန်သည် ခန်းမအတွင်းရှိ အခြားစားပွဲတစ်ခုတွင် စားပွဲတစ်ခုတည်းရှိ ဧည့်သည်များနှင့် ပျော်ရွှင်စွာ စကားစမြည်ပြောကာ ရယ်မောနေသော်လည်း သူ၏မျက်လုံးများသည် မနာလိုအားကျမှုများဖြင့် အိုးရန်လူလူရှိရာ စားပွဲသို့ မကြာခဏ စိုက်ကြည့်နေမိသည်။

ထိုအချိန်တွင် ဂူဟွေ့သည် သားဖြစ်သူ ဒေါင်ဒေါင်ကို ပွေ့ဖက်ကာ သူ့အနားရောက်လာပြီး ဘေးက ခုံပေါ်တွင် ဝင်ထိုင်သည်။ သူမ၏အမူအရာ ပျက်နေသည်မှာ သိသာသလောက်ပင်။

"ဘာဖြစ်လာတာလဲ။ သားရဲ့ရောဂါက ပိုပြီး ပြင်းထန်လာတာလား။"

ဝေ့ယန်သည် သူ့မိန်းမ၏ စိတ်မသက်မသာဖြစ်နေသော အမူအရာကိုမြင်ပြီးနောက် တီးတိုးပြောလိုက်သည်။

“ကျွန်မတို့သားက မကြာသေးခင်ကမှ ပိုပြီး သက်တောင့်သက်သာ ခံစားရတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်မ နိမိတ်မကောင်းတဲ့လူနဲ့ အမှတ်မထင် ဆုံခဲ့ရတယ်။” ဂူဟွေ့က ခေါင်းယမ်းကာ ပြောသည်။

"နိမိတ်မကောင်းတဲ့လူ ဟုတ်လား။ မင်း ဘာအကြောင်း ပြောနေတာလဲ။" ဝေ့ယန်၏မျက်နှာသည် ပျက်သွားသည်။

“ဧည့်သည်တွေ အနားယူတဲ့ နေရာမှာ အိပ်ပျော်နေတဲ့ လူငယ်တစ်ယောက်နဲ့ ကျွန်မ တွေ့ခဲ့တယ်။ သူက ထထိုင်ပြီး ကျွန်မတို့သားက ဖျားနာနေတာ မဟုတ်ဘူးတဲ့။ မကောင်းသောကံ၊ မကောင်းမှု တစ်စုံတစ်ခုကြောင့် ခံစားနေရတာလို့ ပြောတယ်။ ကျွန်မ စိတ်တိုပြီး သူ့ကို ခပ်ပြင်းပြင်း အော်ခဲ့တယ်။ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့လို့ သူ့ကို ပြောခဲ့တယ်။ ကျွန်မတို့မိသားစုမှာ လူသတ်မှုဆိုတာ တစ်ခါမှ မဖြစ်ဖူးသလို အရင်းနှီးဆုံး ဆွေမျိုးတွေကြားမှာလည်း လူသတ်မှုဆိုတာ မကြုံဖူးဘူးလို့ ပြောပစ်ခဲ့တယ်။ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကတော့ သူက ကျွန်မတို့သားကို ကျိန်ဆဲလိုက်သလိုပဲ။ ဒေါင်ဒေါင်က ဆေးရုံသွားရင်တောင် ကုနိုင်မှာ မဟုတ်သလို ကြာရှည်မခံတော့ဘူးတဲ့။ သူကိုယ်တိုင် ဒီဖျားနာခြင်းကို မကုသပေးရင် ခုနစ်ရက်လွန်တာနဲ့ ကလေးကို ဆုံးရှုံးရမယ်လို့ ပြောတယ်။ ယောကျာ်း …  အဲ့ဒီလူရမ်းကားက တကယ်ကို မုန်းတီးစရာကောင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတယ်။”

ဝေ့ယန် တွေဝမေိန်းမောသွားရပြီး နှလုံးခုန်သံ ရုတ်တရက် မြန်လာသည်။ သူတို့နှင့် တစ်စားပွဲတည်း ရှိနေသော အခြားလူများကို ကြည့်ပြီးနောက် ဂူဟွေ့က လေသံတိုးတိုးဖြင့်

“ယောကျာ်း … အဲ့ဒီလူကို ကျွန်မ အရင်က မြင်ဖူးတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ဖဲကြိုးဖြတ်ပေးတဲ့ လူငယ်ပဲ။”

ခင်ပွန်းဖြစ်သူက အသက်ပြင်းပြင်း တစ်ချက်ရှူရင်း ဇနီးဖြစ်သူအား စိုက်ကြည့်ကာ

“အစအဆုံး ပြောပြပါ။ စကားတစ်ခွန်းမှ မလွတ်စေနဲ့။ ငါ့ကို မြန်မြန် ပြောပြပေး။”

ဂူဟွေ့ စကားစ ရပ်သွားသည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ တင်းမာသောမျက်နှာကို ကြည့်ပြီး ထန်ရှုနှင့် တွေ့ခဲ့သည့် အဖြစ်အပျက်အကြောင်းစုံအား ပြောပြသည်။ နောက်ဆုံးတွင် သူမက

“ရှင် ပြောစမ်းပါ … လောကကြီးမှာ ဒီလောက်ဆိုးတဲ့လူက ဘယ်လို ရှိလာတာလဲ။ ကျွန်မတို့သားလေးက အအေးမိသွားရုံပဲကို။ ကျွန်မတို့ ကလေးကို ဆေးသောက်ဖို့ ဒါမှမဟုတ် ထိုးဆေးနည်းနည်း ထိုးဖို့ ဆေးရုံကို ခေါ်သွားဖို့ပဲ ရှိတယ်လေ။ ဒါပေမယ့် သူက ကျွန်မတို့သားကို ကျိန်ဆဲနေသလိုပဲ။ အဲ့ဒါက ကျွန်မကို တကယ် ဒေါသဖြစ်စေတယ်…”

"ပါးစပ်ပိတ်ထား။" ဝေ့ယန်က မထိုင်နိုင်တော့ဘဲ  အမြန်ထရပ်ပြီး ဂူဟွေ့ကို ကုလားထိုင်ပေါ်ကနေ ဆွဲခေါ်လိုက်ပြီး

"သူ့ကို အခုတွေ့ဖို့ ခေါ်သွားပေး မြန်မြန်။"

ခန်းမထဲက ဆွဲခေါ်ခံလိုက်ရသဖြင့် ဂူဟွေ့ အံ့ဩသွားသည်။ သူမ သတိဝင်လာပြီးနောက် အလျင်စလို မေးလိုက်သည်။

“ယောက်ျားရေ … ရှင် ဘာမှားနေလဲ။ ဒါက အလိမ်အညာကလွဲလို့ ဘာမှမဟုတ်…”

ဝေ့ယန်က သူမအား စကားစဖြတ်လိုက်ပြီး လေသံပြတ်ပြတ်ဖြင့်

“ငါမင်းကို မပြောရသေးတာ တစ်ခုရှိတယ်။ မနေ့ညက ငါ အရက်မူးပြီး ကားမောင်းနေတုန်း ကားရှေ့ကနေ တစ်စုံတစ်ယောက် ဖြတ်ပြေးသွားလို့ တိုက်လိုက်မိတယ်။ နေရာက တော်တော်ဝေးတဲ့အတွက် ရာဇဝတ်မှုနဲ့ တရားစွဲခံရမှာ ကြောက်လို့ ငါ ထွက်ပြေးလာခဲ့တယ်။ အခု ငါ့ကို ပြောပါဦး။ ဒါက ငါ လူသေတဲ့ကိစ္စ ကြုံဖူးတယ်လို့ မဆိုလိုဘူးလား။”

"ဘာ။" ဂူဟွေ့ ထိတ်လန့်သွားသည်။ သူမ၏မျက်နှာမှ အရောင်များ ပြောင်းသွားကာ သူမ၏စိတ်နှလုံးထဲတွင် နမိတ်မကောင်းသော ကြိုတင်အချက်ပြမှုတစ်ခု ထွက်ပေါ်လာသည်။ ခင်ပွန်းဖြစ်သူနှင့်အတူ ကော်ရစ်ဒါတွင် လမ်းလျှောက်လာရင်း အလျင်စလို မေးလိုက်သည်။

“ယောကျ်ား … ရှင် တစ်ယောက်ယောက်ကို တိုက်မိပြီး ထွက်ပြေးလာတာ ဘယ်သူမှ တကယ်ပဲ မတွေ့ဘူးလား။”

ဝေ့ယန်က ခေါင်းညိတ်လိုက်ပြီး

“ငါ အဲ့ဒီနေရာနဲ့ အရမ်းရင်းနှီးတယ်။ အဲဒီလမ်းက ငါတို့အိမ်နဲ့ မဝေးဘူး။ အခင်းဖြစ်ရာအနီးမှာလည်း ထောက်လှမ်းရေးကင်မရာတွေ မရှိသလို လမ်းမီးတွေလည်း ပျက်နေတယ်။ ငါ သတိထားပါတယ် … ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ကားပေါ်ကနေ ဆင်းပြီး ဘေးပတ်လည်ကို လှမ်းကြည့်လိုက်တော့လည်း အဲ့ဒီအချိန်မှာ ဘယ်သူမှ မရှိဘူးဆိုတာ သေချာတယ်။”

"အဲ့ဒီလူငယ်က ရှင်လုပ်ခဲ့တာ သိနိုင်တာမို့ ခုနစ်ရက်ကြာရင် ကျွန်မတို့သားလေး သေမယ့်အကြောင်း သူ ပြောခဲ့တာနေမယ်။" ဂူဟွေ့က အလျင်အမြန် ပြောသည်။

ဝေ့ယန် တိတ်ဆိတ်သွားသည်။ သူသည် ဟောင်ကောင်တွင် စီးပွားရေး လုပ်နေသောကြောင့် ထိုနေရာရှိ လူများ၊ အယူဓလေ့များက သူ့အား အတော်ပင် လွှမ်းမိုးမှုရှိပြီး နတ်ဘုရားများနှင့် ဝိညာဉ်ဆိုင်ရာများကို သူ ကြောက်ရွံ့ရိုသေသည်။ ဖုန်းရွှေ သို့မဟုတ် မကောင်းဆိုးဝါးနှင့် ထူးဆန်းသော အရာများ ရှိနေကြောင်းကိုလည်း သူယုံကြည်သည်။ ထို့အတွက်ကြောင့် ဤကမ္ဘာပေါ်တွင် ထူးထူးခြားခြား အရည်အချင်းရှိသူအချို့ ရှိသည်ကိုလည်း သူ ယုံကြည်သည်။ ထို့ကြောင့် သားဖြစ်သူနှင့်ပတ်သက်ပြီး လူငယ်ပြောခဲ့သည့်စကားသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်ဖြစ်စေ အတည်ပြုလိုသောကြောင့် ထိုလူငယ်ကို ရှာဖွေပြီး ယင်းအကြောင်းကို ရှင်းရှင်းလင်းလင်း မေးလိုသည်။

“ယောကျာ်း … အနားယူတဲ့နေရာက ဟိုးနားမှာ။” ကော်ရစ်ဒါကို ဖြတ်ကာ လမ်းလျှောက်လာရင်း ဂူဟွေ့သည် ထန်ရှု လဲလျောင်းနေသေးသည်ကို သူမ တွေ့လိုက်ရသဖြင့် တီးတိုး ပြောလိုက်သည်။

ခင်ပွန်းဖြစ်သူ၏အကြည့်သည် ထန်ရှု၏မျက်နှာပေါ်သို့ ကျရောက်လာသည်။ သူက အနားသို့ ချဉ်းကပ်ပြီး

“မင်းက မစ္စတာထန်လား။ မင်းကို အနှောက်အယှက် ပေးမိတဲ့အတွက် ငါ တကယ် တောင်းပန်ပါတယ်။"

ထန်ရှု မျက်လုံးဖွင့်လိုက်သည်။ မိခင်ဖြစ်သူ ဂူဟွေ့နှင့် သူ၏သားကိုတွေ့ပြီးနောက် ဝေ့ယန်၏ပုံရိပ်အား သူ ခန့်မှန်းနိုင်လိုက်ပြီး ခေါင်းညိတ်ပြရင်း

"ခင်ဗျားရဲ့နာမည် ဘယ်လိုခေါ်လဲ။"

"ဝေ့ယန်…"

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး

"ခင်ဗျားမိသားစုမှာ ဘာပြဿနာရှိလဲ သေချာမသိပေမယ့် နောက်ဆုံးတော့ ခင်ဗျားကို တွေ့တဲ့အချိန် နားလည်သွားတယ်။ ခင်ဗျား လူသတ်မှုမှာ ပါဝင်နေတာ ဟုတ်လား။”

ဝေ့ယန် မျက်နှာပျက်သွားပြီး ခါးသီးစွာ ပြောသည်။ “မစ္စတာထန်က ဓာတ်မီးလို ထွင်းဖောက်မြင်နိုင်တဲ့ မျက်လုံးတွေ ရှိတာပဲ။ မစ္စတာထန်က ဒါကို ဘယ်လိုသိသွားတာပါလိမ့်။”

"ခင်ဗျားပတ်ဝန်းကျင်က သေခြင်းချီက ကလေးထက် အများကြီး ပိုသိပ်သည်းတယ်။ အဲ့ဒါကြောင့် ခင်ဗျားက ပြီးခဲ့တဲ့ နှစ်ရက်အတွင်း လူသေအလောင်းကို ထိမိသွားတာ သေချာပေါက်ပဲ။ ဒါပေမယ့် ခင်ဗျားဆီက ယန်ချီက အရမ်းသန်မာတဲ့အတွက် သေခြင်းချီက ခင်ဗျားအပေါ် နည်းနည်းလေးပဲ သက်ရောက်မှုရှိတယ်။ ဒါပေမယ့် သားဖြစ်သူကို ပွေ့ဖက်တဲ့အတွက် သေခြင်းချီက ကလေးဆီကိုပါ ရောက်သွားတယ်။ ကလေးက အရမ်းငယ်သေးတော့ အဲ့ဒါကို ခံနိုင်ရည်က အရမ်းနည်းပါသေးတယ်။ မင်းရဲ့သားမှာ မွေးရာပါ နှလုံးရောဂါလည်း ရှိသေးတယ်ဆိုတာတော့ ပြောမနေနဲ့ပေါ့ …။” ထန်ရှုက ရှင်းပြသည်။

ဝေ့ယန်၏မျက်နှာသည် ဆိုးရွားလှသော မတော်တဆမှုတစ်ခုနှင့် ကြုံခဲ့သည့်အလား ပျက်သွားရသည်။

သူသည် ထန်ရှု၏အရှေ့တွင် ဒူးထောက်လိုက်သဖြင့် ကွန်ကရစ်နှင့်ဒူးတိုက်သံကို ကြားလိုက်ရပြီး ထန်ရှုအား တောင်းပန်လာသည်။

“မစ္စတာထန် … မင်း ပြောသမျှ မှန်တယ်။ မနေ့ညက ငါ အရက်မူးပြီး ကားမောင်းလာတယ်။ အိမ်နားက လမ်းပေါ်က လမ်းမီးတွေ ပျက်နေလို့ သဲသဲကွဲကွဲ မမြင်ရဘူး။ လူနှစ်ယောက်ကို တိုက်မိသွားတယ်။ ကားပေါ်ကနေ ဆင်းပြီး ငါ စစ်ကြည့်လိုက်တော့ နှစ်ယောက်စလုံး သေဆုံးသွားတာကို သိခဲ့ရတယ်။ သူတို့ရဲ့ ကိုယ်တွေကိုလည်း ငါ ထိမိတယ်။ အိမ်ပြန်ရောက်တော့ ကြောက်လန့်ပြီး အပြစ်ရှိသလို ခံစားရလို့ ငိုပြီး ငါ့သားကို ပွေ့ဖက်ခဲ့မိတယ်။ မစ္စတာထန် … ငါ့သားကို ကယ်ပေးပါ။ ကျေးဇူးပြုပြီး ကူညီပါ။ ငါ့သားဘေးကင်းနေသရွေ့ ငါ ချက်ချင်း အမှန်အတိုင်း လုပ်ပါ့မယ်။"

"မင်းရဲ့သားကို ငါကယ်နိုင်ပေမယ့် အခြေမှအနေတွေ အများကြီးရှိတယ်" ထန်ရှုက စိတ်တွင်း သက်ပြင်းချရင်း ပြောလိုက်သည်။

“ကျေးဇူးပြုပြီး ပြောပါ မစ္စတာထန်။ ငါ လုပ်နိုင်တဲ့ ဘောင်အတွင်းကဆို ဘယ်တော့မှ မငြင်းပါဘူး။”ဝေ့ယန်က ထန်ရှုအရှေ့တွင် ခိုင်မာစွာ ပြောလိုက်သည်။

“မကောင်းမှုကံဆိုတာ အကုသိုလ်ကံရဲ့ အကြောင်းအကျိုးဖြစ်သလို ကောင်းကင်ရဲ့အမျက်ဒေါသက အကုသိုလ်ကံရဲ့ အပြစ်ဒဏ်ပဲ။ ခင်ဗျား လှည့်စားခဲ့တောင် ဒီမကောင်းမှုကံနဲ့ တွေ့ကြုံပြီးတဲ့နောက် ခင်ဗျားအတွက် အလွန်ခက်ခဲနေမယ်။ ဒါကြောင့် ကျွန်တော် ပြောမယ့် အခြေအနေတွေက ခင်ဗျားကို ထိခိုက်နစ်နာမှု ဖြစ်မှာမဟုတ်ဘူး။ ပထမဆုံးအနေနဲ့ သေဆုံးသူရဲ့ မိသားစုကို ရှာရမယ်။ သုံးကြိမ်ဒူးထောက် ကိုးကြိမ် အရိုအသေပေးပြီး သေခြင်းရဲ့အပြစ်ကို ဖြေဖျောက်ဖို့ အမွှေးနံ့သာကို မီးရှို့ပါ။ ဒုတိယအနေနဲ့ ကွယ်လွန်သူရဲ့ မိသားစုတွေကို စောင့်ရှောက်ရမယ်။ သက်ကြီးရွယ်အိုတွေဆိုရင် သူတို့ရဲ့ အသုဘအခမ်းအနား မစီစဉ်မချင်း သူတို့ကို ပြုစုစောင့်ရှောက်ရမယ်။ ကလေးတွေသာ ရှိတယ်ဆိုရင် ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ပေးရမယ်။ တတိယအနေနဲ့ ခင်ဗျားမိသားစုရဲ့ စည်းစိမ်ဥစ္စာတစ်ဝက်ကို အလှူကို ပေးလိုက်ပါ။ ဒါမှသာ ခင်ဗျား ကံအကျိုးပေးမှာပါ။” ထန်ရှုက ဆိုသည်။

ဝေ့ယန်က လေးလံစွာ ခေါင်းညိတ်ပြီး အထပ်ထပ်အခါခါ ပြောသည်။

“မင်း တောင်းဆိုသမျှ ငါ လုပ်မယ် မစ္စတာထန်။ အမှန်တော့ ဒီနေ့ မင်းနဲ့မတွေ့ခဲ့ရင်တောင် သူတို့ရဲ့ မိသားစုဝင်တွေကို လျော်ကြေးပေးဖို့ ငါ စီစဉ်ထားပြီးသား။"

"ကဲ ထတော့။ ခင်ဗျားရဲ့ကလေးကို ကျွန်တော့်ကို ပေးပြီးတော့ ဝန်ထမ်းတွေကို အခန်းလွတ်ရှာခိုင်းပါ” ထန်ရှုက ပြောသည်။

"ကောင်းပါပြီ။" ဝေ့ယန်က ချက်ချင်း လိုက်နာသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ထန်ရှု ပွေ့ဖက်ထားသော ကလေးသည် မည်သည့်ဆူညံမှုမှ မလုပ်ပေ။ ၎င်းအစား ထိုလင်မယားနှစ်ယောက်နှင့် ဝန်ထမ်းက အခန်းအပြင်မှာ ရှိနေကြစဉ်မှာ ကလေးက ပိုမို ရွှင်လန်းအားပြည့်လာသည်။

“ဦးဦး … မင်းအနားမှာ နေရတာ တကယ် သက်တောင့်သက်သာ ရှိတယ်။” ကလေးက တိုးတိုးလေး စကားဆိုသည်။

ထန်ရှု ခပ်ဖွဖွ ပြုံးလိုက်သည်။ သူသည် ကျင့်ကြံသူတစ်ယောက် ဖြစ်ရာ နေ့ခင်းဘက်တွင် နေရောင်ခြည်စွမ်းအင်ကို တစ်ချိန်လုံး စုပ်ယူထားသောကြောင့် နွေးထွေးမှုသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် သဘာဝအတိုင်း လည်ပတ်ပျံ့နှံ့နေသည်။ ထိုနွေးထွေးမှုသည် သေခြင်းချီအား ထိန်းချုပ်ထားသောကြောင့် ကလေးအား သက်တောင့်သက်သာဖြစ်စေသည်။ ထို့နောက် ချက်ချင်းပင် ထန်ရှုသည် ကလေးငယ်လေး၏ ကိုယ်တွင်းမှ သေခြင်းချီအား ကြယ်စွမ်းအားဖြင့် တွန်းထုတ်ခဲ့ပြီး တွီနာနှိပ်နယ်ခြင်းပညာရပ်ဖြင့် ကြယ်စွမ်းအားကိုပင် ကောင်လေး၏နှလုံးသားထဲသို့ ထိုးသွင်းခဲ့သည်။

ဤနည်းလမ်းကို အသုံးပြုခြင်းဖြင့် သူ၏မွေးရာပါ နှလုံးရောဂါကို မကုသနိုင်သော်လည်း ၎င်းသည် နှလုံးရောဂါအား အမှန်တကယ် သက်သာရာရစေကာ ဆိုးရွားသည့် အခြေအနေကို လျှော့ချပေးနိုင်သောကြောင့် ကလေး၏ ဘေးကင်းရေးကို နှစ်ပေါင်းများစွာ အာမခံချက် ပေးနိုင်သည်။

ထို့နောက် ကလေးအား အခန်းအပြင်သို့ ခေါ်သွားခဲ့သည်။ ကလေး သူ့အမေဆီ ပြန်ရောက်သွားချိန်တွင် သူ ပြောလိုက်သည်။

“သူ့ကိုယ်တွင်းမှာရှိတဲ့ သေခြင်းချီကို ဖယ်ထုတ်လိုက်နိုင်ပေမယ့် သူ့ရဲ့ မွေးရာပါ နှလုံးရောဂါက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတုန်းပါပဲ။ အောက်တိုဘာလရဲ့ အားလပ်ရက်မှာ ခင်ဗျားမှာ အချိန်ရရင် သူ့ကို ရွှမ်းချင်ပြည်နယ်ရဲ့ ကြယ်တာရာမြို့ကို ခေါ်သွားပါ။ အောက်တိုဘာ ၂ ရက်၊ ၃ ရက်၊ ၄ ရက်တွေမှာ ကြယ်တာရာတိုင်းရင်းဆေးရုံမှာ ကျွန်တော် ဆေးကုသပေးဖို့ ရှိတယ်။ အဲ့ဒီအချိန် သူ့ကို ခေါ်လာလိုက်။ ကလေးရဲ့မွေးရာပါ နှလုံးရောဂါကို ကုသပေးမယ်။”

ဝေ့ယန် အသက်ရှုမြန်လာပြီး

“မစ္စတာထန် … မင်း ငါ့သားရဲ့ မွေးရာပါ နှလုံးရောဂါကို အပြည့်အဝ ကုသပေးနိုင်တာလား။"

"ဒါက တခြားဆရာဝန်တွေအတွက် အတော် ခက်ခဲနိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ အရမ်းလွယ်ပါတယ်။ ခင်ဗျား လုပ်စရာရှိတာ လုပ်လို့ရတယ်။ ဒါပေမယ့် ခင်ဗျားဆီက ကျွန်တော် တောင်းဆိုထားတာကို သတိရပါ။ ဒီလိုမှမဟုတ်ရင် မကောင်းတဲ့ကံနဲ့ ဒုက္ခရောက်ပြီး ခင်ဗျားတို့မိသားစုရဲ့ ကောင်းမွန်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားမှာ အသေအချာပဲ။”

…ဒုန်း…

ထို့နောက် ဝေ့ယန်သည် သူ၏ဇနီးဂူဟွေ့ကို ဆွဲကာ လင်မယား၂ယောက်သည် ထန်ရှု၏အရှေ့တွင် ဒူးထောက်လိုက်ကြသည်။ အရိုအသေသုံးကြိမ် ပေးပြီးနောက် မတ်တပ်ရပ်လိုက်ပြီး

“မစ္စတာထန် … မင်းရဲ့ စေတနာအတွက် ငါ မင်းကို ကျေးဇူးတင်တာ မလုံလောက်ပါဘူး။ ဒါ ငါ့ရဲ့လုပ်ငန်းလိပ်စာကတ်ပါ။ အနာဂတ်မှာ မင်း ငါ့ရဲ့အကူအညီ လိုတယ်ဆိုရင် ငါ လုပ်နိုင်စွမ်းအောက်မှာ ရှိနေသရွေ့ ငါ့အသက်ဆုံးရှုံးရရင်တောင်မှ ဒါကို သေချာလုပ်ပေးပါမယ်။"

ထန်ရှုက ထွက်ခွာသွားသော မိသားစုလေးအား ကြည့်ရင်း ခေါင်းညိတ်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ သည်အဖြစ်အပျက်မှတစ်ဆင့် ကောင်းကင်တာအိုသည် ကမ္ဘာမြေပေါ်ရှိ လူသားတွေကို မည်မျှ ပြင်းပြင်းထန်ထန် သက်ရောက်စေသည်ကို သူ တွေ့မြင်ခဲ့ရသည်။ ရှေးလူကြီးများက နိယာမသစ္စာတရားကိုလည်း နားလည်ကြသည်မှာ အံ့ဩစရာမရှိပါချေ။ ကောင်းမှုလုပ်သောသူတို့သည် ကုသိုလ်အကျိုးကို ခံစားရသကဲ့သို့ မကောင်းမှုမှန်သမျှကို အပြစ်ဒဏ်ပေးမည့်အချိန်သည်လည်း ဘယ်တော့မှ ရပ်တန့်မည်မဟုတ်ပေ။

ပြစ်ဒဏ်ပေးခြင်းသည် အနည်းငယ်သာ အဓိပ္ပါယ် ရှိသော်လည်း ဥပဒေနှင့် တရားမျှတမှုတို့သည် ထန်ရှု၏ယူဆချက်ထဲတွင် ထိန်းချုပ်မှုအခန်းကဏ္ဍမှသာ ပါဝင်နိုင်သည်။

ဥပမာအားဖြင့် ဝေ့ယန်အား ကြည့်နိုင်သည်။ သူ အမှတ်တမဲ့လုပ်ခဲ့သောအရာသည် သူ့အား အများဆုံး ထောင်ဒဏ် ရှစ်နှစ်မှ ဆယ်နှစ်အထိ ချမှတ်နိုင်သည်။ ထိုအချင်းအရာသည် သူ လုပ်ခဲ့သော မတော်တဆမှုကနေ ထွက်ပြေးလာခြင်းကြောင့် ဖြစ်သည်။ ၎င်းအပြစ်ဒဏ်သည် အဓိပ္ပါယ်မရှိသကဲ့သို့ အရေးမပါသောအရာ ဖြစ်သည်။ ထန်ရှု တောင်းဆိုထားသည့်အတိုင်း ကုသိုလ်ကောင်းမှုအား များများလုပ်ပေးခြင်းက လူတော်တော်များများကို အကျိုးပြုစေကာ မကောင်းမှုကုသိုလ်များကို ချုပ်ငြိမ်းသွားသည်က ပိုကောင်းပါပေမည်။

ထန်ရှု အင်မော်တယ်ကမ္ဘာတွင် ရှိနေစဉ်က သူသည်လည်း မရေမတွက်နိုင်သော လူသတ်မှုများကို ကျူးလွန်ခဲ့ဖူးသူဖြစ်သည်။ အထွတ်အထိပ်နယ်ပယ်ကို ချိုးဖြတ်ဖို့ သွေးမြစ်တွေကို ဖန်တီးပြီး  အလောင်းချင်းထပ်နေသော တောင်တန်းတွေပေါ် နင်းတက်ခဲ့သည်ဟုပင် ဆိုနိုင်သော်လည်း သူသည် လူအများကြီးကို ကူညီပေးခဲ့သလို လူတော်တော်များများကိုလည်း ရည်ရွယ်ချက်ကောင်းဖြင့် ကယ်တင်ခဲ့သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတို့သည် အကုသိုလ်ကံအား ဖိနှိပ်ထားကာ နောက်ဆုံး၌ ကောင်းကင်တာအို၏ နှောင်ကြိုးများကို ချိုးဖျက်နိုင်ခဲ့ပြီး အထွတ်အထိပ်နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပေသည်။

***

All Chapters