← Chapters

အလွန်အမင်း ချမ်းသာ

Vol. 10 Ch. 490

အလွန်အမင်း ချမ်းသာ

Vol. 10 Ch. 490

မွန်းလွဲပိုင်းတွင် ချန်းကျီကျုံးနှင့် ဂူရှောင်ရွှဲ့တို့သည်  ထန်ရှုနှင့်အတူ သုခဘုံနယ်မြေမှ ထွက်ခွာခဲ့ကြသည်။ သူတို့တွင် ဖြေရှင်းရမည့်အရာများ ရှိနေသဖြင့် အိုးရန်လူလူက မဆွဲထားတော့ချေ။ ထန်ရှုတွင် အချိန်ရှိခဲ့ပါက သည်နေရာသို့ အလည်လာပေးရန်သာ တောင်းဆိုခဲ့သည်။

ကြယ်ပြာအိမ်ရာဝင်းသို့ ပြန်ရောက်ကြပြီးနောက် ချီနန်သည် သူ့အတွက် ငှားရမ်းထားသော အိမ်အကူနှစ်ယောက်ကို ခေါ်ဆောင်လာပြီဖြစ်ကြောင်း ထန်ရှု သိလိုက်ရသည်။ ဂူရှောင်ရွှဲ့ က ကလေးများကို ခေါ်ဆောင်သွားမည် ဖြစ်သောကြောင့် သူတို့၏နေ့စဉ်ဘဝကို ဂရုစိုက်ပေးရန် အိမ်အကူများ ထားရှိရန် မလိုအပ်တော့သော်လည်း အိမ်သန့်ရှင်းရေး လုပ်ရန်နှင့် ချက်ပြုတ်ရန်အတွက်တော့ သူတို့ကို လိုအပ်နေဆဲ ဖြစ်သည်။

"မင်းတို့နှစ်ယောက် ငါနဲ့ အတူ စာဖတ်ခန်းကို လိုက်ခဲ့ပါ။"

ချီနန် ထွက်ခွာသွားသည်နှင့် ထန်ရှုက ကျန်နှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

စာဖတ်ခန်းထဲတွင်…

နေရာအသီးသီးယူကာ ထိုင်လိုက်ကြချိန်တွင် သည်နေရာနှင့်အကျွမ်းတဝင် ဖြစ်ထားပြီးသော အိမ်အကူတစ်ယောက်က လက်ဖက်ရည်ပူပူအား လာချပေးသဖြင့် ထန်ရှုက သူမအား အမိန့်ပေးလိုက်သည် ။

“အန်တီလျူ … ဒီနေ့ကစပြီး ဒီအိမ်ကြီးမှာ သန့်ရှင်းရေးလုပ်လို့ရပေမယ့် ဒီစာဖတ်ခန်းကို ချန်ထားပါ။ နောက်ပြီး အန်တီတို့နှစ်ယောက်လုံးကို ကျွန်တော့်ခွင့်ပြုချက်မရှိဘဲ ဒီစာဖတ်ခန်းထဲကို မဝင်နဲ့ဗျ။”

အိမ်အကူသည် လျူဖန်းဟုခေါ်သော အသက် ၅၀ နီးပါးအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်။ ထန်ရှု၏စကား ကြားပြီးနောက် သူမက အလျင်စလို ပြန်ဖြေသည်။

"ဟုတ်ကဲ့ပါ။ ညီမကျန်းကိုလည်း အန်တီ ဒီအကြောင်း ပြောပြလိုက်မယ်။"

လျူဖန်းသည် စာဖတ်ခန်းမှ ထွက်လာပြီးနောက် အပြင်ဘက်မှ တံခါးကို ပိတ်ပေးလိုက်သည်။ ထို့နောက် ထန်ရှုသည် ချန်းကျီကျုံးကို ကြည့်ကာ

"ကျီကျုံး … ဒီစာရင်းကို ကြည့်ကြည့်ဦး။ ခင်ဗျားရဲ့အစွမ်းအစကို အကောင်းဆုံး အသုံးချပြီး  ဆေးပင်တွေကို ရှာတွေ့အောင် ကူညီပေးပါ။ ဒါပေမယ့် အပင်ရင့်တွေ ရှာဖို့ မလိုဘူး။ အသက်ရှင်နေဖို့နဲ့ ပြန်စိုက်လို့ရတဲ့ အပင်ဆိုရင် ရပြီ။ နောက်ပြီး ဒီဆေးပင်တွေရဲ့ ပျိုးပင်တွေ၊ မျိုးစေ့တွေကို ရနိုင်မယ်ဆိုရင်လည်း အဆင်ပြေတယ်။”

ချန်းကျီကျုံးသည် စာရင်းကို ကြည့်ရှုရာ ရာနှင့်ချီသော အဖိုးတန်ဆေးပင်များ၏အမည်အား ရေးထားသည်ကို တွေ့ရှိသဖြင့် ချက်ချင်းမေးလိုက်သည်။

“ဆရာသခင် … တချို့အပင်တွေက ငါ တစ်ခါမှ မကြားဖူးဘူး။ အဲ့ဒီဆေးပင်တွေက ရှားရှားပါးပါး ဆေးပင်များ ဖြစ်လိမ့်မယ်။ ကျန်အများစုကတော့ ရှာရလွယ်တယ်။ ပမာဏ ဘယ်လောက် လိုအပ်မလဲ မသိဘူး။”

"ငါ မူ၁၀၀ဧရိယာမှာ ဆေးပင်တွေ စိုက်ဖို့ စီစဉ်နေတယ်။" ထန်ရှုက အလေးအနက် ပြောသည်။

“အဲ့ဒါကြောင့် လိုအပ်တဲ့ ပမာဏက အလွန် များလိမ့်မယ်ဆိုတော့ တတ်နိုင်သမျှ များများ ဝယ်နိုင်လေ ပိုကောင်းလေပဲ။”

…ဆေးပင်စိုက်ခင်း လုပ်မယ် … အနည်းဆုံး မူ၁၀၀ အကျယ် ရှိတယ်…

ချန်းကျီကျုံး အံ့အားသင့်သွားပြီး

“နားလည်ပါပြီ။ ငါ ကြယ်တာရာကို ပြန်ရောက်တာနဲ့ ချက်ချင်း အလုပ်စလိုက်မယ်။"

“ဒီဆေးပင်တွေရဲ့ ပျိုးပင်တွေ၊ မျိုးစေ့တွေအတွက် စိတ်ပူစရာ မလိုဘူး။ အများကြီးဝယ်ဖို့ လူအနည်းငယ် လွှတ်ပေးပြီးရင် ငါ့ဆီ ဖုန်းဆက်နိုင်တယ်။” ထန်ရှုမှ ပြောလိုက်သည်။

ချန်းကျီကျုံးက ခေါင်းညိတ်ပြပြီး ဆေးပင်များ၏စာရင်းကို သတိကြီးစွာထားကာ ဘေးသို့ ချလိုက်သည်။ ထို့နောက် သူက

“ဆရာသခင် … ငါ့ရဲ့ ကျင့်ကြံမှုမှာ ပိတ်ဆို့မှုတစ်ခု ကြုံနေတယ်။ ဘယ်လိုပဲ ကြိုးစားအားထုတ်ဦး တိုးတက်မှုက အတော်ကြီး နှေးကွေးနေတာ။ မကြာသေးမီက အာဟာရဖြည့်စွက်စာအတွက် အသုံးပြုတဲ့ အဖိုးတန်ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုကို စုပ်ယူဖို့တောင် အလွန်ခက်ခဲတာကို တွေ့တယ်။”

ထန်ရှုက ထူးဆန်းသောအမူအရာဖြင့် သူ့အား ကြည့်ကာ “ခင်ဗျားက အဖိုးတန်ဆေးပင်တွေကို အာဟာရဖြည့်စွက်စာအဖြစ် သုံးနေတာလား။”

ချန်းကျီကျုံးက ဟုတ်မှန်သောအမူအရာ၊ လေသံဖြင့် ပြန်ပြောသည်။

"ဟုတ်တယ်။ ငါက ဆေးပင်စီးပွားရေးလုပ်ငန်းကို လုပ်နေတယ်လေ။ နှစ်ရာပေါင်းများစွာ သက်တမ်းရှိတဲ့ ဂျင်ဆင်း၊ လင်ဇီး၊ ရှီးပတီးနဲ့ အခြားအရည်အသွေးကောင်းတဲ့ ဆေးပင်တွေကို ငါ တွေ့တိုင်း ဆေးပင်အချို့ကို အမြဲသိမ်းထားတယ်။ မကြာသေးခင်က အဲ့ဒါတွေကို အများကြီး သောက်မိပြီး ခန္ဓာကိုယ်ထဲ ဆေးပင်တွေရဲ့ အကျိုးသက်ရောက်မှုတွေ စုပြုံသွားတာဖြစ်နိုင်ပြီး အဲ့ဒါတွေကို စုပ်ယူရန် အလွန်ခက်ခဲတာကို သိခဲ့တယ်။ ဆေးသောက်တာတောင် ညဘက်ချွေးထွက်တာနဲ့ နှာခေါင်းသွေးယိုတာ ဖြစ်နိုင်တယ်။”

ထန်ရှု ပြောစရာစကားမဲ့သွားရသည်။ သူ့နည်းတူစွာ ထူးဆန်းသော အမူအရာဖြစ်နေသည့် ဂူရှောင်ရွှဲ့ကို ကြည့်လိုက်သည်။ ထို့နောက် ခေါင်းယမ်းကာ ပြုံးလိုက်ရင်း

“ကြည့်ရတာ ခင်ဗျားက ဆေးပင်တွေ အများကြီးကို အချည်းနှီး ဖြစ်စေတာပဲ။ ကောင်းပြီ … နောင်ကို ဆေးပင်တွေ ရတဲ့အခါတိုင်း ကျင်းမန်ကျွန်းက ထာဝရခန်းမရဲ့ဌာနချုပ်ကို ပို့ပေး။ ပြီးရင် အဲ့ဒါတွေအတွက် ဆေးလုံးတွေ လဲပေးမယ်။ ဒီဆေးပင်တွေကို တိုက်ရိုက်စားသုံးတာ အာဟာရဖြည့်ဖက်အစာပုံစံနဲ့ စားသုံးရင်တောင်  အတိုင်းအတာတစ်ခုအထိပဲ ထိရောက်မယ်။ ကျင့်ကြံမှုအတွက် အကျိုးကျေးဇူးကတော့ သိသာမှာ မဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီဆေးပင်တွေကို ဆေးလုံး ဒါမှမဟုတ် ဆေးရည်အဖြစ် သန့်စင်တာက လုံး၀ ကွဲပြားတဲ့ ကိစ္စဆိုတော့ သန့်စင်ပြီးသွားရင် ထိရောက်မှုကို စုပ်ယူရန် ပိုမိုလွယ်ကူတယ်။”

…ဆေးလုံးများနှင့် ဆေးရည်များ…

အမှန်တော့ ချန်းကျီကျုံးသည် ထိုဆေးများအကြောင်း ကြားဖူးသည်။ သို့သော် ထာဝရခန်းမ၏ဌာနချုပ်တွင် ဆေးလုံးများ သန့်စင်နိုင်သူရှိနေကြောင်း သူ မည်သို့ သိနိုင်မည်နည်း။ ထန်ရှု၏ရှင်းပြချက်ကို ကြားပြီးနောက် သူ၏စိတ်ထဲတွင် ချက်ချင်း ဝမ်းနည်းသွားရသည်။

မည်သို့ပင်ဆိုစေကာမူ အလွန်ချမ်းသောသူဌေးကြီးသည် မကြာမီပင် စိတ်တည်ငြိမ်သွားကာ

“ပြောရမယ်ဆိုရင် ဆရာသခင်ကို တစ်ခု မေးပါရစေ။ ငါ အားလပ်ချိန်တိုင်း ကျင်းမန်ကျွန်းက ထာဝရခန်းမရဲ့ ဌာနချုပ်ကို သွားရောက်လည်ပတ်လို့ ရနိုင်လား။”

ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးများထဲတွင် စနောက်လိုသော အရိပ်အယောင် ရှိလျက် ခေါင်းညိတ်ရယ်မောရင်း

“ခင်ဗျား သွားချင်ရင် ကြိုတင်အကြောင်းကြားပြီး  သွားလိုက်ပါ။ ငါ့အတွက် ဆေးပင်နဲ့ မျိုးစေ့တွေ အလုံအလောက် စုဆောင်းပြီးသွားရင် ခင်ဗျားရဲ့ ကုမ္ပဏီအတွက် စီစဉ်စရာရှိတာ အရင်စီစဉ်ပြီးမှ လပေါင်းများစွာ အထူးလေ့ကျင့်မှုတစ်ခုလုပ်ဖို့ ဒီကို ပြန်လာပါ။ အဲ့ဒါက ခင်ဗျားအတွက် အများကြီး အထောက်အကူဖြစ်မယ်လို့ ကျွန်တော် သေချာပြောနိုင်တယ်။”

ချန်းကျီကျုံး အလွန်ပျော်ရွှင်စွာ ကြည့်ရင်း လေးလေးစားစား ပြောလိုက်သည်။

"ကောင်းပါပြီ။ တတ်နိုင်သမျှ မြန်မြန်ပြီးအောင် သေချာလုပ်ပါမယ်။”

ထို့နောက် ထန်ရှုသည် သူ၏အကြည့်အား ဂူရှောင်ရွှဲ့ဆီသို့ ပြောင်းကာ

"မင်းမှာ ဆေးလုံးတွေ အခု ရှိသေးလား။"

"ရှိတယ် … ငါနဲ့အတူ ယူလာတယ်။"

ဂူရှောင်ရွှဲ့၏လက်ထဲတွင် ကျောက်စိမ်းပုလင်းနှစ်လုံး ပေါ်လာပြီး

"ဒါတွေက အဆီအနှစ်ဖွဲ့တည်ဆေးလုံးတွေပါ။ ဒီပုလင်း ၂ လုံးမှာ စုစုပေါင်း အလုံး ၂၀ ပါတယ်။ တစ်ကြိမ်ကို ဆေးတစ်လုံးသောက်လျှင် သုံးနှစ်စာ ကျင့်ကြံတာနဲ့ ထိုက်တန်မယ်။”

"အဲ့ဒါတွေ သူ့ကို ပေးလိုက်ပါ။ နောက်ပြီး ထာဝရခန်းမရဲ့ အဓိကအဖွဲ့ဝင်များအတွက် သတ်မှတ်ထားတဲ့ ဆေးလုံးခွဲတမ်းကို သူ့ကို ပေးပြီး အဲ့ဒီဆေးလုံးတွေ သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဆေးပင်တွေစာရင်းကို ပေးလိုက်ပါ။ ကျီကျုံး … ဒီဆေးတွေကို နောက်ပိုင်း လိုအပ်တယ်ဆိုရင်တော့ ကျင်းမန်ကျွန်းက ထာဝရခန်းမရဲ့ ရုံးချုပ်ကိုသွားပြီး ကိုယ်တိုင် လဲလှယ်လို့ရတယ်။ ဒါပေမယ့် ရုံးချုပ်မှာက ဆေးလုံး အရေအတွက်က အကန့်အသတ်ရှိတာမို့ မင်းရဲ့ချမ်းသာကြွယ်ဝမှုကို သုံးပြီး အလေအလွင့် ဖြစ်အောင်တော့ မလဲလှယ်ပါနဲ့ ဟုတ်ပြီလား။"

ချန်းကျီကျုံးသည် မှိုရသောမျက်နှာဖြင့်  ကျောက်စိမ်းပုလင်းနှစ်ပုလင်းကို ယူလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်

"ငါ ဒီလို ဘယ်တော့မှ မလုပ်ပါဘူး ဆရာသခင်။ ငါ လိုအပ်တဲ့ ဆေးတချို့နဲ့သာ လဲလှယ်မှာပါ။”

ထန်ရှုက ရယ်မောရင်း

“ထာဝရခန်းမရဲ့ အဓိကအဖွဲ့ဝင်တွေ ခင်ဗျားကို ဆေးပင်တွေဝယ်ဖို့ ရှာတဲ့အခါတိုင်း သူတို့ကို လျှော့ဈေးပေးလိုက်ပါဦး။ ငါတို့တွေက တစ်ဖက်တည်းကဆိုတော့ ဒီကိစ္စမှာ သူတို့တွေက ခင်ဗျားရဲ့အကူအညီ လိုအပ်နိုင်တယ်။"

“ငါ ဒါကို စိတ်ထဲ မှတ်ထားပါ့မယ် ဆရာသခင်” ချန်းကျီကျုံးက အလျင်အမြန် ခေါင်းညိတ်သည်။

“အိမ်မှာ အခန်းတွေ များတယ်။ ခင်ဗျား နေချင်တဲ့ အခန်းကို ရွေးလိုက်ပါ။ မနက်ဖြန် ကြယ်တာရာကို ပြန်ကြတာပေါ့။ ရှောင်ရွှဲ့ကတော့ ဒီမှာပဲနေနေ ကျင်းမန်ကျွန်းကို ပြန်မယ်ဆိုလည်း ပြန်လို့ရတယ်။ ငါ ထန်ရှောင်ကျင်းတို့အဖွဲ့ကို မင်းရဲ့ဂရုစိုက်မှုအောက်မှာ ပေးတယ်။ သူတို့ကို ကောင်းကောင်းလေ့ကျင့်ပေးပါ။"

"နားလည်ပါပြီ။ ကျင်းမန်ကျွန်းကိုတော့ ဒီနေ့ပဲ ပြန်လိုက်မယ်။" ဂူရှောင်ရွှဲ့က ထရပ်ပြီး စာဖတ်ခန်းထဲက ထွက်သွားသည်။

သူတို့နှစ်ယောက် ထွက်သွားပြီးနောက် ထန်ရှုသည် စာဖတ်ခန်း၏အတွင်းဆုံးထောင့်သို့ လျှောက်သွားသည်။ ထိုနေရာတွင် သူ စီစဉ်ထားသည့် အစီအရင်၏ သင်္ကေတကို ဖွဲ့လိုက်တိုင်း သူ၏ကြယ်စွမ်းအားကို ထုတ်လွှတ်ကာ သူ၏လက်ချောင်းတွေကို ဆက်တိုက် လှုပ်ရှားစေခဲ့သည်။ ပြီးနောက် ချက်ချင်းပင် သူ အရင်က သိမ်းသွင်းထားသည့် ဆန်းကြယ်သားရဲလေးက အတွင်းကနေ ခုန်ထွက်လာကာ သူ၏စိတ်ထဲသို့ သတင်းစကား ပို့လိုက်သည်။

…ဗိုက်ဆာတယ်…

ထန်ရှု သိုလှောင်လက်စွပ်ထဲက အသားတစ်စိုင်ကို ထုတ်ပေးလိုက်ပြီး

“ကြည့်ရတာ မင်းက ကြီးထွားလာတဲ့အတွက် အစာစားချင်စိတ် တိုးလာသလို ဗိုက်ခေါင်းလည်း ကျယ်လာတာပဲ။ မင်းအတွက် အသားတွေပဲ ပေးတာက နောက်ပိုင်းမှာ ဒုက္ခဖြစ်နိုင်တယ်။ ငါ ကြယ်တာရာ ပြန်ရောက်တဲ့အထိ စောင့်ပေးပါ။ မင်းအတွက် သားရဲဆေးလုံးတွေ လုပ်ပေးမယ်။ အဲ့ဒါတွေက သယ်ရတာ လွယ်သလို မင်းအတွက် အကျိုးကျေးဇူးလည်း များလိမ့်မယ်။ မင်း ပိုသန်မာလာတဲ့အခါ မင်းရဲ့ကြီးထွားမှုကို ပိုမြန်အောင် ကူညီပေးမယ့် အင်မော်တယ်သားရဲရဲ့ ကျင့်ကြံမှုနည်းစနစ်ကို ငါ သင်ပေးလို့ရပြီ။"

လျင်မြန်စွာပင် သူသည် ဆန်းကြယ်သားရဲလေးထံမှ ကျေးဇူးတင်ကြောင်း စိတ်ဖြင့်ပို့လိုက်သော သတင်းကို ရရှိခဲ့သည်။

ထန်ရှုက ပြုံးပြီး ထိုသားရဲလေးအား ထောင့်နားကို ပြန်ခိုင်းလိုက်တယ်။ သူသည် ၎င်းကို မငြီးငွေ့စေရန် အလွန်ကျယ်ပြန့်သော ပုံရိပ်ယောင်နယ်မြေတစ်ခုကို ဖန်တီးခဲ့ပြီး ထောင့်တွင်ရှိနေစေခဲ့သည်။ ထို့နောက် ထန်ရှုသည် စာဖတ်ခန်းမှ ထွက်ကာ ဧည့်ခန်းသို့ ပြန်လာခဲ့လေသည်။ ထိုနေရာတွင် ပစ္စည်းများ သိမ်းဆည်းပြီး ဂူရှောင်ရွှဲ့နှင့် အတူထွက်ခွာရန် ပြင်ဆင်နေသော ထန်ရှောင်ကျင်းတို့အဖွဲ့အား တွေ့သည်။ ကလေးများ အားငယ်နေသည့်ဟန်ဖြင့် အတန်ငယ် စိတ်ဓာတ်ကျနေသည်ကို မြင်လိုက်ရသဖြင့် သူက ပြုံးပြီး ပြောလိုက်သည်။

"အေးအေးဆေးဆေးပါ ကလေးတွေ။ မင်းတို့လေးတွေ ကျင်းမန်ကျွန်းကို ရောက်တဲ့အခါ မင်းတို့ လိုအပ်သမျှကို တစ်စုံတစ်ယောက်က ပေးလိမ့်မယ်။ မင်းတို့ သင်ယူရမယ့် အရာများစွာကို သင်ယူလေ့လာနိုင်စေဖို့ အကောင်းဆုံး ဆရာတွေနဲ့ နည်းပြဆရာတွေကိုလည်း ငါတို့ စီစဉ်ပေးမယ်။ ငါ အချိန်ရတိုင်း ကျင်းမန်ကျွန်းကို လာပြီး မင်းတို့နဲ့ တွေ့ပါမယ်။"

"နားလည်ပါပြီ။" ကလေးငါးယောက်က ခေါင်းညိတ်သည်။

ဂူရှောင်ရွှဲ့က သူတို့ကို ခေါ်သွားပြီ ဖြစ်သောကြောင့် တည်းရန် အခန်းရွေးပြီးနောက် လက်ရှိတွင် ဧည့်ခန်းမှာ ပျင်းရိစွာ ထိုင်နေသည့် ချန်းကျီကျုံးဆီသို့ ထန်ရှု ရောက်လာသည်။

ထို့နောက် သူက

"သွားကြရအောင်။ ခင်ဗျားကို ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေသည့် နည်းစနစ်ကို သင်ပေးမယ်။ ကြိုးစားအားထုတ်ပြီး လုံ့လဝီရိယရှိရှိ လေ့ကျင့်နေသရွေ့ ခင်ဗျားရဲ့ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အားကို လျင်မြန်စွာ တိုးပွားလာစေမယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲက အစစ်အမှန်ချီက အစစ်အမှန်စဦးချီအဖြစ်ကို လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ အဲ့ဒါကြောင့် ရိုးရှင်းတဲ့ မန္တာန်အနည်းငယ်ကိုလည်း ငါ သင်ပေးရမယ်။"

ထိုစကားကို ကြားသောအခါ ချန်းကျီကျုံးသည် ဖရဏပီတိ ဂွမ်းဆီထိလျက် ခြံဝင်းထဲသို့ ထန်ရှုနှင့် ချက်ချင်း လိုက်သွားခဲ့သည်။

သင်ကြားရေးသည် အလွန်ချောမွေ့ခဲ့သည်။

ထန်ရှု၏လေးနက်စွာ သွန်သင်ပြသမှုတွင် ပြသခဲ့သော လေးနက်မှုသည် ချန်းကျီကျုံး၏လုံ့လဝီရိယနှင့် သဟဇာတဖြစ်ခဲ့သည်။

နေဝင်ရီတရောချိန် ရောက်လာသောအခါ ချန်းကျီကျုံးသည် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး ပျော့ပြောင်းစေသည့် နည်းစနစ်အား နှံ့ နှံ့စပ်စပ် သင်ယူခဲ့ပြီးဖြစ်သလို ဆန်းကြယ်မန္တာန်များစွာကိုလည်း ကျွမ်းကျင်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ အကန့်အသတ်ရှိသော ခွန်အားကြောင့် ၎င်းတို့ကို အသုံးပြုရန်မှာ အလွန်ခက်ခဲနေဆဲဖြစ်သည်။ သို့သော်လည်း ထန်ရှု၏စကားအရ အဆင့်တစ်ခု ချိုးဖြတ်ပြီးပါက သည်မန္တာန်များအား အသုံးပြုနိုင်ပေမည်။

"ကျီကျုံး … ငါ့စကားကို မှတ်ထားပါ။ ခင်ဗျား ဒီမန္တာန်တွေနဲ့ ခင်ဗျားရဲ့ကျင့်ကြံမှုတွေကို အခြားသူတွေအပေါ်  ဘယ်သောအခါမှ အလွယ်တကူ မသုံးနဲ့ ထုတ်ဖော်မပြနဲ့။ ငါတို့တွေရဲ့တည်ရှိမှုက အခြားသူတွေအပေါ်  ခြိမ်းခြောက်မှု ဖြစ်စေလိမ့်မယ်။ ခင်ဗျား ထုတ်ဖော်မိလိုက်တာနဲ့ ခင်ဗျားရဲ့နေ့ရက်တွေကို ဘယ်တော့မှ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာကို စိုးတယ်။" ထန်ရှုက လေးနက်စွာ ပြောသည်။

ချန်းကျီကျုံးက ထန်ရှု ပြောသည့်အချက်ကို နားလည်သောကြောင့် တည်ကြည်စွာဖြင့် “နားလည်ပါတယ် ဆရာသခင်။ အဲ့ဒီအတွက် စိတ်ချပါ။"

…ကျွီ…

သူ၏စကားဆုံးသည်နှင့် အိမ်၏အလိုအလျောက် လျှပ်စစ်တံခါးသည် ဖြည်းညှင်းစွာပွင့်လာသည်။ လွယ်အိတ်ကို လွယ်ကာ စာအုပ်အချို့ကို ပွေ့ထားသော မုဝမ်ရင်သည် အိမ်ထဲသို့ ဝင်လာသည်။

ချွေးတွေရွှဲနေတဲ့ ချန်းကျီကျုံး၏ အဝတ်မပါသော ကျောပြင်ကို မြင်လိုက်ရပြီးနောက် သူမ အနည်းငယ် အံ့အားသင့်သွားကာ ထန်ရှုကို လှည့်ကြည့်လိုက်ပြီး "သူက ဘယ်သူလဲ။"

"သူက ငါ့တပည့် ချန်းကျီကျုံး။ ကျီကျုံး … ဒါက ရှန်ဟိုင်းတက္ကသိုလ်က ကျောင်းသူ မုဝမ်ရင်ပါ။” ထန်ရှုက မုဝမ်ရင်၏အမေးအား ဖြေရင်း မိတ်ဆက်ပေးသည်။

“ငါ သူမကို သိပါတယ် ဆရာသခင်။” ချန်းကျီကျုံးက ပြုံးပြီး ပြောလိုက်သည်။

"သူမက ပေကျင်းရဲ့နံပါတ်တစ် မိန်းမလှလေး အဖြစ် သတ်မှတ်ခံရပြီး ပေကျင်းမုအိမ်က မိန်းမပျိုလေးအဖြစ် လူသိလည်း များတယ်လေ။"

အံ့အားသင့်နေသော မုဝမ်ရင်က

" ရှင်က ထန်ရှုရဲ့ တပည့်ပဲလား။ သူ့ဆီကနေ ရှင် ဘာတွေ သင်ယူခဲ့တာလဲ။"

“ဝူရှုးလေ” ချန်းကျီကျုံးက ပြောသည်။

ထန်ရှုကို ထူးဆန်းသောအမူအရာနှင့် စူးစမ်းလိုသော အမူအရာတို့ဖြင့် မုဝမ်ရင်က ကြည့်ရင်း ချီးကျူးလိုက်သည်။

“ထန်ရှု … လုပ်နိုင်တာတွေက အများကြီးပဲ။ သူ့ဆီကနေ တစ်ခုခု သင်ယူနိုင်လို့ ရှင့်ကို ကျွန်မ တကယ် အားကျမိပါတယ်။ ဒါပေမယ့် ကျွန်မက မုမိသားစုဝင်ဆိုတာ ရှင် ဘယ်လိုသိတာလဲ။"

"မင်းအဘိုးကို ငါတွေ့ဖူးတယ်။ သူ ကျန်းမာရေးမကောင်းခဲ့တဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပေကျင်းမှာရှိတဲ့ မင်းတို့မုမိသားစုဆီကို အဖိုးတန် ဆေးပင်ပေါင်းများစွာကို ငါကိုယ်တိုင် ပို့ခဲ့တယ်။" ချန်းကျီကျုံးက ပြုံးပြီး ပြောသည်။

"ကျွန်မ ရှင့်ကို အခုမှ မှတ်မိသွားပြီ။ ရှင်က ဦးလေးချန်း … အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းရဲ့ သူဌေး မဟုတ်လား။" မုဝမ်ရင် အံ့သြသွားသည်။

ချန်းကျီကျုံးက သူ၏လက်ကို အမြန်ဝှေ့ယမ်းလိုက်ပြီး "ကျေးဇူးပြုပြီး ငါ့ကို ဒီလိုမခေါ်ပါနဲ့။ ငါ့ကို ချန်းကျီကျုံးလို့သာ တိုက်ရိုက်ခေါ်ပါ။ မင်းက ငါ့ဆရာရဲ့ သူငယ်ချင်းဖြစ်တာမို့ ဦးလေးလို့ခေါ်တာကို ငါ မခံယူဝံ့ဘူး။"

မုဝမ်ရင်၏မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာပြန်သည်။ သူမသည် ထန်ရှုနှင့် ချန်းကျီကျုံးကို ကြည့်ကာ စိတ်တွင်းထဲတွင် တအံ့တသြနှင့် တုန်လှုပ်သော ခံစားချက်တို့ ဖြစ်ပေါ်လာရသည်။ ချန်းကျီကျုံး၏အဆုံးမဲ့ဂုဏ်ရည်ဆေးဝါးလုပ်ငန်းသည် နိုင်ငံအတွင်း ဒုတိယမရှိသော တရုတ်ဆေးဖက်ဝင်အပင် ရောင်းဝယ်သော ကုမ္ပဏီကြီးတစ်ခုဖြစ်ကြောင်း သိရမည်ဖြစ်သည်။ ၎င်း၏အဓိကလုပ်ငန်းမှာ နိုင်ငံတစ်ဝန်းလုံးရှိ ဆေးပင်များ ရောင်းဝယ်ရေး ဖြစ်သည်။ သို့တိုင် ထိုကဲ့သို့ ချမ်းသာကြွယ်ဝပြီး အလွန်ထင်ရှားသော တစ်စုံတစ်ယောက်သောသူသည် ထန်ရှုအား သူ၏ဆရာသခင်အဖြစ် ရိုးရှင်းစွာ အသိအမှတ်ပြုထားသည် ... ရိုးရိုးရှင်းရှင်းပင် စိတ်ကူးယဉ်၍ မရနိုင်လောက်သော ဖြစ်ရပ်ပင်။

***

All Chapters