← Chapters

ဟန်ကျင်းဝူ၏ အသွင်ပြောင်းခြင်း

Vol. 10 Ch. 491

ဟန်ကျင်းဝူ၏ အသွင်ပြောင်းခြင်း

Vol. 10 Ch. 491

အိမ်ထဲမှ မွှေးကြိုင်သည့်ရနံ့များ ပျံ့လွင့်လာသောကြောင့် ထန်ရှုက ပြုံးပြီး

"ချီနန် ငှားထားတဲ့ အိမ်အကူတွေက အရမ်းတော်တဲ့ပုံပဲ။ ထမင်းဟင်းအနံ့က ကျွန်တော့်ရဲ့စားချင်စိတ်ကိုတောင် နှိုးဆွနေပြီ။ အိမ်ထဲဝင်ပြီး အရင်စားလိုက်ရအောင်။"

"နင်က အိမ်အကူ ရှာနေတာမလား … အခု နှစ်ယောက်တောင် ငှားထားတာလား။"

မုဝမ်ရင်က အံ့သြစွာမေးလိုက်သည်။

"ထန်ရှောင်ကျင်းတို့ကလေးတွေ ဒီမှာ ခဏလောက် နေရလိမ့်မယ်လို့ ငါ ထင်ခဲ့တာ။ ရှန်ဟိုင်းကို တစ်ယောက်ယောက်လာမယ်လို့ မမျှော်လင့်ထားတာမို့ သူတို့ကို အစက ပြုစုစောင့်ရှောက်ပေးဖို့ ရည်ရွယ်ခဲ့တယ်။ အိမ်အကူနှစ်ယောက်က သူတို့လေးတွေရဲ့ နေ့စဉ်ဘဝကို စောင့်ရှောက်ဖို့ ငှားရမ်းထားတာလေ။ ဒါပေမယ့် ကလေးတွေကို လာခေါ်သွားပြီဆိုတော့ အိမ်အကူနှစ်ယောက်ကိုလည်း မနှင်ထုတ်ချင်တာနဲ့ သူတို့ကို နေခွင့်ပေးခဲ့တာ။ ငါ့အိမ်သန့်ရှင်းရေးနဲ့ စားသောက်ရေးအတွက်လည်း လူတချို့ လိုအပ်နေသေးတယ်လေ။”

မုဝမ်ရင်က အလျင်အမြန် မေးလိုက်သည်။

"အို … ထန်ရှောင်ကျင်းတို့ကို ဘယ်သူက လာခေါ်သွားတာလဲ။ ဘယ်ကို ခေါ်သွားမှာလဲ။ အဲဒီငါးယောက်ကို နင်မွေးစားထားတာ မဟုတ်ဘူးလား။ ဘယ်လို…"

"ငါက သူတို့ကို မွေးစားခဲ့တယ်ဆိုပေမယ့် သူတို့ကို ပြုစုဖို့ ငါ့မှာ အချိန်မရှိဘူး။" ထန်ရှုက သူမ၏စကားကို ကြားဖြတ်ကာ ပြောလိုက်သည်။

“ဒါကြောင့် သူတို့ကို စောင့်ရှောက်ဖို့ လူတစ်ယောက်ကို ငါ စီစဉ်ထားတယ်။ သူတို့အတွက် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။”

မုဝမ်ရင်က သံသယဝင်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ကာ

“သူတို့ကို ဘယ်တော့ ပြန်တွေ့နိုင်မလဲ။”

"မင်း သူတို့ကို နောက်တော့ တွေ့ဖို့ အခွင့်အရေး ရပါလိမ့်မယ်။" ထန်ရှုက ပြောသည်။

ညစာစားပြီးနောက် ချန်းကျီကျုံးသည် ခြံဝင်းထဲတွင် ခန္ဓာကိုယ် ပျော့ပြောင်းကြံ့ခိုင်သည့် နည်းစနစ်ကို ဆက်လက် လေ့ကျင့်ခဲ့ပြီး မုဝမ်ရင်က အစာချေဖျက်မှုကို အထောက်အကူဖြစ်ရန်အတွက်ဟု ဆိုကာ ထန်ရှုအား အပြင်ထွက်လမ်းလျှောက်ရန် ခေါ်လာသည်။

သို့သော်လည်း နှစ်ယောက်သား အိမ်ရာဝင်းမှ ထွက်ခွာလာရုံရှိသေးစဉ် ထန်ရှု၏ဖုန်း မြည်လာသည်။ သူ့အား ပဟေဠိ ဖြစ်စေခဲ့သောအရာမှာ ဖုန်းမျက်နှာပေါ်တွင် ပြနေသော နံပါတ်အား ရင်းနှီးမှု မရှိခြင်းပင် ဖြစ်သည်။

"ထန်ရှု ပြောနေပါတယ်။ ဘယ်သူဆက်နေတာလဲ သိလို့ရမလား။"

"ထန်ရှု … နင် အခုဘယ်မှာလဲ။" ဖုန်းထဲကနေ ဟန်ကျင်းဝူ၏အသံ ထွက်လာသည်။

ထန်ရှု အနည်းငယ် မျက်ခုံးပင့်သွားပြီး

"ကျွန်တော် အခု ကြယ်ပြာအိမ်ရာမှာ ရှိနေတယ်။"

"ငါ့ကို စောင့်ပါ။ ငါ ချက်ချင်း လာခဲ့မယ်။"

ထိုစကားကိုပြောပြီးနောက် ဟန်ကျင်းဝူ ဖုန်းချသွားသည်။

ဖုန်းကိုင်ရင်း မင်သက်သွားသော ထန်ရှုကို ကြည့်ပြီး မုဝမ်ရင်က တံတောင်ဆစ်နှင့်တို့ကာ စူးစမ်းလိုက်သည်။ "ဘယ်သူဆက်တာလဲ။ နင့်ကို ဒီလောက် ငိုင်သွားအောင် ဘယ်သူလုပ်နိုင်တာလဲ။”

"ဆရာမဟန်ကျင်းဝူ။" ထန်ရှုက ပြန်ပြောလိုက်သည်။

"နင်ရဲ့ အတန်းပိုင်ဆရာမလား။ အချိန်နောက်ကျမှ ဖုန်းဆက်တာ ဘာဖြစ်လို့တဲ့လဲ။" မုဝမ်ရင်က မေးသည်။

"မသိဘူး။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

“သူမက လာမယ်လို့သာ ပြောတာ ဘာဖြစ်ချင်တာကို မပြောဘူး။ ဝမ်ရင် … မင်းတစ်ယောက်တည်း လမ်းလျှောက်ဖို့ အဆင်ပြေမလား။ ငါ သူမကို စောင့်နေဖို့ ပြန်သွားရမယ်။"

မုဝမ်ရင်က ခဏလောက် စဉ်းစားပြီးနောက် ခေါင်းခါပြီး "အတူတူ ပြန်ကြတာပေါ့။"

“ကောင်းပြီ။” ထန်ရှု ခေါင်းညိတ်သည်။

နာရီဝက်ခန့်အကြာတွင် ဟန်ကျင်းဝူသည် ကြယ်ပြာအိမ်ရာဝင်းသို့ ကားဖြင့်ရောက်ရှိလာသည်။ သူမသည် ထန်ရှု၏အိမ်နံပါတ်ကို မေးပြီး ထိုနေရာသို့ တန်းမောင်းချလာသည်။ ခြံဝင်းအရှေ့ကို ရောက်သွားသောအခါ သိုင်းပညာ လေ့ကျင့်နေသော ချန်းကျီကျုံးကို တွေ့လိုက်ရသဖြင့် သူမ၏ မျက်ခုံးများ တွန့်သွားသော်လည်း သိပ်ဂရုမထားတော့ဘဲ အိမ်၏ ခန်းမဆီသို့ တစ်ခါတည်း ဝင်လာသည် ။

"ထန်ရှု … စကားပြောရအောင်။"

ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ထန်ရှုအား စိုက်ကြည့်နေသော ဟန်ကျင်းဝူ၏အမူအရာသည် လေးနက်တည်ငြိမ်နေသည်။

"ဘာအကြောင်း ပြောချင်တာလဲ။" ထန်ရှုက မေးလိုက်သည်။

“ငါ ပြောချင်တာက…”

ဟန်ကျင်းဝူက စကားစလိုက်ရင်း သူမ၏အကြည့်များသည် ရွေ့လျားသွားကာ ပြောနေသော စကားများ ရုတ်တရက် ရပ်တန့်သွားသည်။ စိုစွတ်နေသော ဆံပင်များကို ခြောက်သွေ့သော ပုဝါဖြင့် သုတ်နေသည့် မုဝမ်ရင်ကို မြင်သောအခါ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်များ ပေါ်လာသည်။ အထူးသဖြင့် သူမဝတ်ထားသည့် ညဝတ်အင်္ကျီများက ဟန်ကျင်းဝူအား ကြောင်အအ ဖြစ်စေသည်။

"နေကောင်းသွားပြီလား ဆရာမဟန်။" မုဝမ်ရင်က ရယ်မောလိုက်သည်။

" ရှင် ရောက်လာမယ်ဆိုတာ ထန်ရှုဆီက ကျွန်မ ကြားတယ်။ ကျွန်မတို့တွေက တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်ဆိုတော့ ရှင့်ကို လာနှုတ်ဆက်တာပါ။"

ရင်ထဲတွင် မုန်တိုင်းထန်သွားသော ဟန်ကျင်းဝူက မျက်မှောင်လေး အနည်းငယ် ကြုတ်လိုက်ရင်း

“နင်က ဘာလို့ ဒီကိုရောက်နေတာလဲ။”

“ကျွန်မ ဒီမှာ ခဏပဲ နေမှာပါ။” မုဝမ်ရင်က အပြုံးဖြင့် ပြောသည်။

ဟန်ကျင်းဝူက ထန်ရှုကို လှည့်ကြည့်လိုက်ကာ တခဏလောက် ချီတုံချတုံဖြစ်သွားပြီးနောက် “နင်တို့နှစ်ယောက်က ချစ်နေကြတာလား ဘာလား။”

“တစ်ချိန်က လူတစ်ယောက်က ကျွန်တော့်ကို အရမ်းနာကျင်အောင် လုပ်ခဲ့ပြီးတဲ့နောက်ပိုင်း နောက်တစ်ခါ ထပ်မချစ်ချင်တော့ဘူး။ ထပ်ချစ်ဖို့လည်း စိတ်ကူးမရှိပါဘူး။ ဝမ်ရင် … မင်းအခန်းထဲမှာ အနားယူပါ။ ဆရာမဟန်က ငါ့ကို လာတွေ့တယ်ဆိုတော့ သူမမှာ အရေးကြီးတာ တစ်ခုခု ပြောဖို့ရှိတယ်လို့ ငါ ယုံကြည်တယ်။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါဆို ကျွန်မ အနှောင့်အယှက်မပေးတော့ဘူး ဆရာမဟန်။” မုဝမ်ရင်က ရယ်မောရင်း ပြောသည်။

မုဝမ်ရင် ခန်းမတံခါးဝတွင် ပျောက်ကွယ်သွားသည်အထိ သူမ၏နောက်ကျောအား ဟန်ကျင်းဝူ စိုက်ကြည့်နေသည်။

ထို့နောက် သူမသည် ရုတ်တရက် ထန်ရှုဆီသို့ လှည့်လာပြီး

"တစ်စုံတစ်ယောက်က နင့်ကို အရမ်းနာကျင်စေခဲ့တယ် လို့ နင် ပြောဖူးတယ် … သူက ရွှဲ့ချင်းချန်လို့ ခေါ်တာလား။"

ထန်ရှု၏မျက်နှာသည် သိသိသာသာ ပျက်သွားသည်။ မျက်ဝန်းများထဲတွင် အေးစက်သောအရိပ်အယောင်ဖြင့် ဆိုဖာပေါ်မှ ရုတ်ခြည်း ထလာပြီး

“ပြောပါဦး … ခင်ဗျား ဘာသိထားလဲ။”

ဟန်ကျင်းဝူသည် ထန်ရှု၏အမူအရာကို ဂရုတစိုက် အကဲခတ်ကြည့်နေသည်။ မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူမက ခေါင်းခါကာ "ဒီနာမည်ကိုပဲ ငါ သိတယ်။"

"ကျွန်တော် အမှန်အတိုင်း ကြားချင်တယ်။" ထန်ရှုက အေးစက်စွာပြောသည်။

“ဒါဟာ အမှန်တရားပဲ။ ငါ့စိတ်ထဲမှာ ပေါ်လာတဲ့ ပုံရိပ်တွေက အတော်လေး တုန်လှုပ်စရာ ကောင်းသလို ငါ့ကို ဇဝဇေဝါလည်း ဖြစ်စေတယ်။ ပြီးတော့ ဒီရက်တွေအတွင်းမှာ  ငါ အဲ့ဒါတွေကို ရှင်းရှင်းလင်းလင်း လုပ်ပြီးပြီ။ အဲ့ဒီပုံတွေက ငါ့စိတ်ထဲမှာ ဘယ်လို ပေါ်လာမှန်း ငါ မသိပေမယ့် သေချာတာတစ်ခုက ငါနဲ့ လုံးဝ သက်ဆိုင်နေတယ်ဆိုတာပဲ။ နောက်ပြီးတော့ နာမည်နှစ်ခု ရှိတယ်။ ရွှဲ့ချင်းချန်နဲ့ ထန်ရှုတဲ့။ အဲ့ဒီနာမည်နှစ်ခုက ငါ့အတွက် အရမ်း အရေးကြီးပုံရတယ် … ငါကိုယ်တိုင်ထက်တောင် ပိုအရေးကြီးသလိုပဲ။”

သူမ၏မျက်ဝန်းထဲတွင် အဖြေရှာနေဟန်ဖြင့် စူးနစ်စွာ စိုက်ကြည့်ပြီး ထန်ရှုက သူ၏အကြည့်များကို ပြန်ရုတ်သိမ်းကာ ဆိုဖာပေါ်  ပြန်ထိုင်လိုက်သည်။  မျက်နှာချင်းဆိုင်က ဆိုဖာကို ညွှန်ပြပြီး

“ထိုင်ပါဦး။ အချိန်နောက်ကျမှ ကျွန်တော့်ကို လာရှာတာ ဒီစကားတစ်ခုတည်း ပြောချင်တာ မဟုတ်ဘူးလို့ ယုံတယ်။"

ဟန်ကျင်းဝူ ဝင်ထိုင်လိုက်ပြီးနောက်

"ထန်ရှု … ငါ့စိတ်ထဲမှာ မြင်နေရတဲ့ အဲ့ဒီပုံတွေ အကြောင်းကို နင် ငါ့ကို တစ်ခုခု ပြောပြနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။ အချိန်မဆွဲပါနဲ့။ နင့်နာမည်က ငါ့စိတ်ထဲမှာ ပေါ်လာတာဆိုတော့ တစ်ခုခုတော့ နင် သေချာပေါက် သိမှာပါ။”

“ယာဉ်မတော်တဆမှုကနေ ခင်ဗျားကို ကယ်တင်ပြီးကတည်းက ကျွန်တော့်နာမည် ခင်ဗျားစိတ်ထဲမှာ ပေါ်လာတာ မဟုတ်ဘူးလား။ အခုမှ ဘာလို့ မေးနေတာလဲ။" ထန်ရှု ပေါ့ပေါ့ပါးပါး မေးသည်။

ဟန်ကျင်းဝူက ခေါင်းခါလိုက်ပြီး

"ငါပြောနေတာ ဒီအကြောင်းမဟုတ်ဘူး။ ဒါက နင်နဲ့ ရွှဲ့ချင်းချန်အကြောင်း တစ်ခုခုပဲ။"

"ပါးစပ်ပိတ်ထား။" ထန်ရှု ဒေါသတကြီး အော်လိုက်သည်။

ဟန်ကျင်းဝူခမျာ ကြောင်အအ ဖြစ်သွားရသည်။ ထန်ရှုအား လေးလေးနက်နက် ကြည့်ရင်း အလေးအနက်ဟန်ရှိနေသော သူမ၏မျက်နှာလေးထက်တွင် တောက်ပသည့် အပြုံးတစ်ခု ပေါ်လာပြီး

"နင့်ကို နာကျင်စေတဲ့သူက တကယ်ပဲ သူမ ဖြစ်ပုံရတယ်။ ပြီးတော့ ငါ့စိတ်ထဲမှာ ပေါ်လာတဲ့ ဒီပုံတွေအကြောင်း တစ်ခုခုတော့ နင် သိမှာပဲ။ ငါ့ကို ပြောပြပါ။ နင် ဘာဖြစ်ခဲ့တာလဲ ငါ သိချင်သလို ငါနဲ့ ဘယ်လို ဆက်စပ်မှုရှိနေတာလဲဆိုတာ ငါ သိချင်တယ်။"

"ခင်ဗျား ဒါကို သိပိုင်ခွင့် မရှိဘူး။" ထန်ရှု အေးစက်စွာ ပြောလိုက်သည်။

"ဟင့်အင်း … ငါ့မှာ ရှိတယ်။" ဟန်ကျင်းဝူက ပြောလိုက်သည်။

“ဒီပုံတွေက ငါ့စိတ်ထဲမှာ ပေါ်လာပြီး ငါ့အပေါ် အကြီးအကျယ် သက်ရောက်ရှိနေတယ်။ ငါ့ဘဝကို သက်ရောက်ရုံတင်မကဘူး ငါ့ရဲ့ ပင်ကိုယ်စရိုက်ကိုပါ လွှမ်းမိုးလာတယ်။ နင် တစ်ခုခု ကြည့်ချင်လား။ အဲ့ဒါက သူတို့ဆီကနေ ငါ သင်ယူခဲ့တာ။ သာမန်လူအနေနဲ့ ဘယ်တော့မှ မသင်ယူနိုင်တဲ့အရာပဲ။”

ထိုစကားကိုပြောပြီးနောက် ဟန်ကျင်းဝူသည် သူမ၏ညာလက်အား ဖြည်းညှင်းစွာ မြှောက်လိုက်ရာ စားပွဲပေါ်ရှိ ဖန်ခွက်အလွတ်များစွာသည် စားပွဲခုံအထက် စင်တီမီတာများစွာအမြင့်သို့ လွင့်တက်လာပြီး ထိုနေရာတွင်  မလှုပ်မယှက် တည်ငြိမ်နေသည်။

“မင်း…” ထန်ရှု အံသြသွားပြီး ဟန်ကျင်းဝူကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။  “မင်း အဲ့ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။”

“ငါလည်း မသိဘူး။ နောက်ဆုံးအကြိမ် ရုပ်ပုံတွေ ငါ့စိတ်ထဲမှာ ပြန်ပေါ်လာပြီးကတည်းက ခန္ဓာကိုယ်ထဲမှာ ပူနွေးတဲ့စီးကြောင်းတစ်ခု စီးဆင်းနေသလို ခံစားခဲ့ရပြီး အဲ့ဒါကို ထိန်းချုပ်နိုင်ခဲ့တယ်။ ရုပ်ပုံအချို့ကို မြင်ပြီးတဲ့နောက်ပိုင်း အဲ့ဒီနွေးထွေးတဲ့စီးကြောင်းကို ထုတ်လွှတ်တာကို သင်ယူခဲ့ရတယ်။ အဲ့ဒါကြောင့် ငါ အရာဝတ္ထုတွေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်မှာ နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။”

ပြောပြီးသည်နှင့် သူမက ကော်ဖီစားပွဲ၏ အပူခံမှန်ချပ်ပေါ် လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ထိုအရာ၏အလယ်ဗဟိုသည် ကွဲအက်သွားသည်။

…ဘန်း...

ကော်ဖီစားပွဲသည် ပြိုကျကာ ကြမ်းပြင်ပေါ်တွင် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲသွားတော့သည်။

ထန်ရှု ရုတ်ခြည်းပင် ထလာသည်။ ရှန်ဟိုင်းတက္ကသိုလ်၏မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ သူ၏ဇီသာနှင့် သီချင်းဆိုခြင်းက ဟန်ကျင်းဝူအတွက် အံ့အားသင့်ဖွယ်ရာ အပြောင်းအလဲများစွာကို ဖြစ်စေလိမ့်မည်ဟု တစ်ခါမှ မထင်ခဲ့မိပေ။ သူမ ပြသခဲ့သည့် စွမ်းဆောင်ချက်သည် သာမန်လူတစ်ယောက် လုပ်နိုင်သည့် အရာမျိုး မဟုတ်ပါပေ။

"ခင်ဗျား လက်ကောက်ဝတ် ပြပါဦး။" ထန်ရှုက လေးနက်သော အသံဖြင့် ပြောလိုက်သည်။

မဆိုင်းမတွဘဲ ဟန်ကျင်းဝူသည် သူမ၏လက်လေးကို ဆန့်ကာ လက်ကောက်ဝတ်ကို ပြလာသည်။

ထန်ရှုသည် သူမ၏သွေးခုန်နှုန်းကို စစ်ဆေးရင်း ဟန်ကျင်းဝူ၏ခန္ဓာကိုယ်အတွင်းသို့ သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်လိုက်သည်။ စစ်ဆေးလေ့လာပြီးသော် ဟန်ကျင်းဝူ၏ မရီဒျာန်အတွင်းတွင် ပေါများသောချီစီးကြောင်းတစ်ခုကို တွေ့ရှိခဲ့ပြီး ၎င်းသည် အလိုအလျောက် လည်ပတ်နေကာ လည်ပတ်မှုလမ်းကြောင်းသည် ကျင့်ကြံမှုနည်းစနစ်၏အခြေခံလမ်းကြောင်းနှင့် ဆင်တူသည်။

…ဒါက ရေခဲကိုးခုနက်နဲကျင့်စဉ်ရဲ့ ပထမအဆင့် လမ်းကြောင်းများလား…

ထန်ရှု၏နှုတ်ခမ်းများ လှုပ်ခတ်သွားပြီး ဟန်ကျင်းဝူ၏လက်ကောက်ဝတ်ကို လွှတ်လိုက်ကာ ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။ သူ၏ဆန်းစစ်လေ့လာချက်အရ ဟန်ကျင်းဝူ သင်ယူခဲ့ရသောအရာသည် ထိုအချိန်က အင်မော်တယ်ကမ္ဘာတွင် ရွှဲ့ချန်းချင် လေ့ကျင့်ခဲ့သော ထိပ်တန်းကျင့်ကြံနည်းစနစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။ ရွှဲ့ချန်းချင်အား ဤစနစ် ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် ဖြစ်သည်။

ယခုအချိန်တွင် ဟန်ကျင်းဝူ၏ခန္ဓာကိုယ်အတွင်းမှ အစစ်အမှန်အဆီအနှစ်သည် ရေခဲကိုးခုနက်နဲကျင့်စဉ်၏ ပထမအဆင့် လမ်းကြောင်းအတိုင်း အလိုအလျောက် လည်ပတ်နေသောကြောင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်စွမ်းရှိရုံသာမက သူမ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုလည်း ကောင်းစွာ ပြောင်းလဲသွားစေသည်။ ထို့ကြောင့် မှန်ကော်ဖီစားပွဲအား သူမ၏လက်ဖြင့် အသာပုတ်ရုံဖြင့် အစိတ်စိတ်အမွှာမွှာအဖြစ်သို့ ရောက်စေခဲ့သည်။

ဟန်ကျင်းဝူသည် ထိုင်ခုံပေါ်ပြန်ထိုင်ကာ ထန်ရှုအား  စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

“ပြောပါဦး … အဲ့ဒါက ဒီကမ္ဘာပေါ်မှာ ဘာကြီးလဲ။ ငါ့မှာ ဖြစ်ပျက်ခဲ့တဲ့ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေက ဆိုးရွားတဲ့ကိစ္စမဟုတ်ဘူးလို့ ငါ ခံစားမိပေမယ့် စိတ်လှုပ်ရှားပြီး စိုးရိမ်နေတုန်းပဲ။”

"ကျွန်တော် အသိချင်ဆုံးအရာက ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲက အပြောင်းအလဲတွေ မဟုတ်ဘဲ ခင်ဗျားရဲ့စိတ်ပဲ။" ထန်ရှုက ခေါင်းယမ်းလိုက်ရင်း

"ခင်ဗျားရဲ့မှတ်ဉာဏ်တွေကို လုံးဝပြန်ယူနိုင်ရင် တစ်ချို့အရာတွေကို တိုက်ရိုက်ဖြေရှင်းနိုင်လိမ့်မယ်။ အဲ့ဒါတွေကို ဖြည်းဖြည်းချင်း ပြန်မှတ်မိလာအောင် အချိန်ယူပါ။ တစ်နေ့မှာ အနှေးနဲ့အမြန်ဆိုသလို ခင်ဗျား အရာအားလုံးကို မှတ်မိသွားမယ်ဆိုတာ ကျွန်တော် သေချာပေါက်ပြောရဲတယ်။"

ဟန်ကျင်းဝူက အံ့အားသင့်သွားပြီး မျက်ခုံးများတွန့်သွားကာ

"ငါ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ယူရမယ်တဲ့လား။ ငါ့စိတ်ထဲမှာ ရှုပ်ယှက်ခတ်နေတဲ့ပုံတွေက ငါ့ရဲ့မှတ်ဉာဏ်တွေလို့ နင် ပြောလိုက်တာလား။”

“ဒါတွေက ခင်ဗျားရဲ့ မှတ်ဉာဏ်တွေ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကို နောက်ပိုင်းမှာ ခင်ဗျား သိလာပါလိမ့်မယ်။ ကဲ … ကျွန်တော် ပြောနိုင်တာက ခင်ဗျားမှာ ဖြစ်ပျက်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ဘာဒုက္ခမှ ဖြစ်စေမှာမဟုတ်ပါဘူး။ အဲ့ဒီအစား ခင်ဗျားအတွက် အကျိုးတောင်ရှိဦးမှာမို့ စိတ်ချလက်ချ ထားနိုင်တယ်။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ထန်ရှု … နင် ငါ့ကို မလှည့်စားပါဘူးနော်။" ဟန်ကျင်းဝူက ရေရွတ်လိုက်သည်။

ထန်ရှု၏အမူအရာက အေးစက်သွားပြီး

“ကျွန်တော်က ခင်ဗျားကို ဘာလှည့်စားရမှာလဲ။ ခင်ဗျား ခန္ဓာကိုယ်မှာ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲတွေက ခင်ဗျားရဲ့ပြဿနာလေ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ အချိန်မတော်ကြီး ကျွန်တော့်ကို လာရှာပြီး မေးခွန်းတချို့မေးလာလို့ ဖြေပေးရုံပဲရှိတာ။ အခုထိ ကျွန်တော့်ကို မယုံသလို မေးနေတုန်းပဲလား။"

“ငါ နားမလည်ဘူး။ အရေးကြီးဆုံးအရာတွေကို နင် ဘာလို့ ဖုံးကွယ်ထားတာလဲ။" ဟန်ကျင်းဝူက မေးလာသည်။

"ဒါပေမယ့် သေချာတာကတော့ နင်က သာမန်လူ မဟုတ်ဘူး။ မဟုတ်ရင် ငါ့ရဲ့ထူးခြားတဲ့စွမ်းရည်ကို မြင်ပြီး နင် ဟန်တောင်မဆောင်နိုင်ဘဲ တုန်လှုပ်သွားမှာ မဟုတ်ဘူး။ ငါ့ရဲ့သွေးခုန်နှုန်းကို စစ်ကြည့်ပြီး ငါ့မှာ ဖြစ်ပျက်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ကောင်းတဲ့အရာတစ်ခုလို့တောင်မှ နင် သေချာပေါက် သိနေတယ်။"

***

All Chapters