← Chapters

ကြိုးစားမှု…

Vol. 10 Ch. 492

ကြိုးစားမှု…

Vol. 10 Ch. 492

သူ၏စိတ်အတွင်း၌ တုန်လှုပ်ချောက်ချားနေသော ခံစားချက်များ ရှိနေသော်လည်း ထန်ရှုသည် သူ၏အမူအရာအား ဟန်မပျက်စေရဘဲ တည်ငြိမ်စွာ ထားခဲ့သည်။ သူက ဟန်ကျင်းဝူ၏မျက်နှာထက်ရှိ အလေးအနက်ဖြစ်နေသော အမူအရာကို ကြည့်ပြီး ဘာမှ မထူးခြားဟန်ဖြင့်

"ကျွန်တော်က သာမန်လူပဲဖြစ်ဖြစ်၊ မဟုတ်ဘူးပဲဖြစ်ဖြစ် ခင်ဗျားနဲ့လည်း ဘာမှ မဆိုင်ပါဘူး။ ဆရာမဟန်ကျင်းဝူ … နင်က နင် ငါက ငါပဲလို့ ကျွန်တော့်ကို ပြောခဲ့တာ မှတ်မိသေးတယ် မဟုတ်လား။ ကျွန်တော်တို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုကို ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

"ဒါပေမယ့် ဘာကြောင့်လဲ။" ဟန်ကျင်းဝူ ရုတ်ခြည်းပင် ထလာသည်။ သူမ၏မျက်နှာလှလှလေးထက်တွင် စိတ်ဆိုးနေသည့်အမူအရာ ပေါ်လွင်နေပေသည်။ ထန်ရှု ပြောလိုက်သည့်စကားအား ကြားပြီး သူမ၏နှလုံးသားလေးက မည်သည့်အတွက်ကြောင့် နာကျင်လာရမှန်း သူမကိုယ်တိုင်ပင် မသိခဲ့ပေ။

"ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က ခင်ဗျားကို ကျွန်တော့်ဆရာမလို့ပဲ မြင်ထားတယ်။ ကျွန်တော်တို့ကြားမှာ မျိုးဆက်ကွာဟချက်ရှိသလို အဲ့ဒါကြောင့် ရှေ့မှာ အဖြစ်အပျက်အချို့တွေလည်း ရှိသေးတာ ဆရာမလည်း သိသားပဲ။ ကျွန်တော်က ဆရာမရဲ့ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပြီး ဆရာမကလည်း ကျွန်တော့်ရဲ့အတန်းပိုင်ဆရာ ဖြစ်တဲ့အချိန်မှာ ရင်းရင်းနှီးနှီးနေမိရင် အတင်းအဖျင်းတွေ ဖြစ်လာစေတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အရမ်းရင်းရင်းနှီးနှီး မနေသင့်သလို တခြားသူတွေ အထင်လွဲတာလည်း မခံစေချင်ဘူး။”

ထန်ရှုကို စူးစူးနစ်နစ် စိုက်ကြည့်ရင်း ဟန်ကျင်းဝူက စိတ်တိုတိုဖြင့် ပြောလိုက်ရာ အသံပင် အနည်းငယ် ကျယ်သွားရသည်။

"မိန်းကလေးဖြစ်တဲ့ ငါတောင် အဲ့ဒါတွေကို မကြောက်တာ နင်က ယောက်ျားလေးဖြစ်ပြီး ဘာကို ကြောက်နေတာလဲ။ နားလည်မှုလွဲသူတွေ လွဲပါစေပေါ့။ ငါတို့ဘာသာ အိမ်ထောင်မပြုဘဲ အတူတူ နေနေရင်တောင်မှ ဘယ်သူ့ကို သောက်ကျိုးနည်း ဂရုစိုက်နေရမှာလဲ။”

“ခင်ဗျား…”

ဟန်ကျင်းဝူ သည်လိုစကားမျိုး ပြောလိမ့်မည်ဟု ထန်ရှု အိပ်မက်ထဲမှာတောင် တစ်ခါမှ မမက်ဖူးပါချေ။ သူမ၏ စိတ်ဆိုးမာန်ဆိုးဖြစ်နေသော အမူအရာလေးကို ကြည့်ပြီး သူ ချက်ချင်း ထရပ်ကာ

“ဆရာမဟန် … ကျွန်တော်တို့ အားလုံး အရွယ်ရောက်ပြီ။ ဒီနေရာမှာ ခေါင်းအေးအေးနဲ့ စဉ်းစားကြည့်ဖို့လိုမယ်။ ဆရာမ ကျွန်တော့်အတွက် မစဉ်းစားပေးရင်တောင်

ကျွန်တော့်အတွက်တော့ ကျွန်တော် ပြောပိုင်ခွင့် ရှိတယ်လို့ ယုံတယ် မဟုတ်ဘူးလား။ ကျွန်တော်တို့ အရမ်းရင်းနှီးနေရင် ကျွန်တော့်အပေါ်မှာရော … ကျွန်တော့်ကောင်မလေးရဲ့ခံစားချက်တွေအပေါ် မှာရော သက်ရောက်လိမ့်မယ်။ ကျွန်တော့်နေရာမှာပဲ နေဖို့ သူမ လာတာကို ဆရာမလည်း မြင်တယ်မဟုတ်လား။ ဆရာမ ဒီကို ညဉ့်နက်မှ ရောက်တာကို ဘာမှ မပြောပေမယ့် သူမအတွက် စိတ်အနှောင့်အယှက် ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် သေချာပေါက် ပြောနိုင်တယ်။"

"နင့်ရဲ့ … နင်ရဲ့ကောင်မလေးလား။" အစောပိုင်းက မုဝမ်ရင် ပျောက်ကွယ်သွားသော ကော်ရစ်ဒါအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေရင်း ဟန်ကျင်းဝူ တီးတိုးရေရွတ်လာသည်။

"ဟုတ်တယ် မုဝမ်ရင်က ကျွန်တော့်ကောင်မလေးပါ။" ထန်ရှုက သူ၏စိတ်နှလုံးသားအား အားတင်းကာ ခေါင်းညိတ်အဖြေပေးသည်။

"ဆရာမ နားမလည်ဘူးလို့ ကျွန်တော့်ကို မပြောဘူးမဟုတ်လား။ သူမရဲ့ပင်ကိုယ်စရိုက်ကြောင့် ကျွန်တော့်ကောင်မလေးမဟုတ်ဘူးဆိုရင် ကျွန်တော်နဲ့ တစ်အိမ်တည်း ဘယ်လိုရှိနိုင်မှာလဲ။ ကျွန်တော်တို့ အဲ့ဒါကို ဘယ်သူ့ကိုမှ မဖော်ပြချင်ပေမယ့် အခု ဆရာမက အတင်းပြောခိုင်းနေသလိုဖြစ်နေတာဆိုတော့ ကျွန်တော် ရိုးရိုးသားသားနဲ့ ရှင်းရှင်းပဲ ပြောရတော့တယ်။"

ဟန်ကျင်းဝူသည် သူမ၏ရင်ဘတ်လေးအား ဖိရန် လက်ကို အသာမြှောက်မိသည်။ သူမအတွက် အလွန်အရေးကြီးသော အရာတစ်ခုအား ရုတ်တရက် ဆုံးရှုံးသွားသည့်နှယ် ခံစားလိုက်ရသည်။ ဆုံးရှုံးလိုက်ရသည့် ခံစားချက်များကြားတွင် စကားလုံးများနှင့်ဖော်ပြရန် ခက်ခဲသည့် ဘယ်ဘက်ရင်အုံအား စူးအောင့်စေသည့် နာကျင်မှု ဝေဒနာတစ်ခုလည်း ပါဝင်ပေသည်။

“ငါ … ငါ နားလည်ပါပြီ။”

သူမ လှည့်ထွက်ကာ အဝေးသို့ ထွက်ခွာသွားစဉ် သူမ၏ အမူအရာသည် သာမန်ထက်ထူးကဲစွာ အသိစိတ် လွတ်နေသည့်ဟန် ရှိသည်။ ခြံအပြင်ဘက်တွင် ရပ်ထားသည့် ကားကိုပင် ယူရန်သတိမရဘဲ အသိကင်းမဲ့စွာ တရွေ့ရွေ့ ထွက်သွားတော့လေသည်။

ထန်ရှုက သူမ၏အနောက်မှ တိတ်ဆိတ်စွာ လိုက်လာသည်။ ခြံဝင်းထဲကနေ အသိစိတ်ကင်းမဲ့စွာ လမ်းလျှောက်ထွက်သွားသော သိသိသာသာ ပိန်ပါးလာသည့် ကျောပြင်လေးကို ကြည့်ရင်း စိတ်အတွင်းထဲမှ သက်ပြင်းခိုးချလိုက်မိသည်။ ဟန်ကျင်းဝူသည် ရွှဲ့ချင်းချန်ဖြစ်သည်ကို သူ သိနေသောကြောင့် အင်မော်တယ်ကမ္ဘာတွင် သူ့အား အလစ်ဝင်တိုက်ခိုက်ခံရသည့်အချိန်သည် သူ့အတွက် မေ့ဖျောက်ရန် မဖြစ်နိုင်သောအရာဖြစ်သည်။

ထို့ကြောင့် ဟန်ကျင်းဝူအပေါ် သူ၏ခံစားချက်သည် လွန်စွာ ရှုပ်ထွေးနေသည်။ ကျေးဇူးတရား၊ မုန်းတီးမှု၊ ဆုံးရှုံးမှု... စသည့် ခံစားချက်အမျိုးမျိုးက သူ၏စိတ်နှလုံးသားအား လွှမ်းခြုံထားပြီး ထိုစိတ်ခံစားချက်များက သူ၏ရင်ထဲတွင် အဆက်မပြတ် မြင့်တက်နေလျက် ရှိပေသည်။

"ဆရာသခင် … ရန်ဖြစ်ထားတာလား … တစ်ခုခုလား။"

ခြံဝင်းအပြင်ဘက်ရှိ ထန်ရှု၏အနားကို တိတ်တဆိတ်ရောက်လာသော ချန်းကျီကျုံးသည် တရွေ့ရွေ့ထွက်ခွာသွားသော ဟန်ကျင်းဝူ၏ကျောပြင်လေးအား အတန်ငယ် ဂရုဏာသက်သော အမူအရာဖြင့် ကြည့်ရင်း မေးလာသည်။

ထန်ရှုက ခေါင်းညိတ်လိုက်ပြီး တစ်ဖန် ခေါင်းယမ်းလိုက်မိပြန်သည်။ ဟန်ကျင်းဝူ၏ပုံရိပ်လေးသည် အဝေးဆုံးထောင့်တွင် ပျောက်ကွယ်သွားသောအချိန်၌ သူ သက်ပြင်းချလိုက်မိရင်း

"တစ်ချို့သော နစ်နာမှုတွေနဲ့ နာကြည်းမှုတွေက အရမ်းကို ရှုပ်ထွေးပါတယ်။ သူမရဲ့နောက်ကို လိုက်ပေးပါဦးဗျာ။ အိမ်ပြန်တဲ့လမ်းမှာ သူမကို မတော်တဆမှု မဖြစ်ပါစေနဲ့။"

"ကောင်းပါပြီ။"

ထန်ရှု၏စိတ်ခံစားချက်ပိုင်းဆိုင်ရာ ပြဿနာများကို ဝင်စွက်ခွင့်မရှိဟု နားလည်ထားသော်လည်း ချန်းကျီကျုံးသည် သူ၏အမိန့်ကို လိုက်နာဆဲရှိသေးပြီး ခြံဝင်းထဲသို့ အမြန်ပြန်ဝင်လာကာ သူ၏ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး ဟန်ကျင်းဝူ သွားသည့် လမ်းကြောင်းအတိုင်း အနောက်က လိုက်သွားတော့သည်။

ထန်ရှု ဧည့်ခန်းထဲသို့ ပြန်ဝင်လာချိန်တွင် မုဝမ်ရင်တစ်ယောက် သူမ၏အခန်းထဲမှ ထွက်လာကာ ဆိုဖာပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ဟန်ပန်လေးသည် တစ်စုံတစ်ခုကို စဉ်းစားနေဟန်ရသော်လည်း  မည်သည့်အကြောင်းအရာ တွေးနေမှန်းမသိနိုင်ပါချေ။ ယခင်ကဆိုလျှင် ထန်ရှုသည် သူမ စဉ်းစားနေသည့် အကြောင်းအရာအား မေးကောင်းမေးမိမည် ဖြစ်သော်လည်း အခုချိန်တွင် သူမအား မည်သည်ကိုမှ မမေးလိုတော့ဘဲ သူ၏စိတ်ငြိမ်းချမ်းမှုအတွက် သူ့အခန်းကိုသာ ပြန်ချင်မိပေသည်။

"ထန်ရှု … နင့်ကို ဆရာမဟန်က သဘောကျနေတယ်လို့ အရင်ကတည်းက ငါ ပြောဖူးပါတယ်။"

မုဝမ်ရင်၏အသံသည် ထန်ရှု၏နောက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

ထန်ရှု၏ခြေလှမ်းများ တုံ့သွားပြီး လှည့်ကြည့်လိုက်ရာ မတ်တတ်ရပ်နေသော မုဝမ်ရင်အား တွေ့လိုက်ရသဖြင့် တည်ငြိမ်စွာ ပြန်ပြောသည်။

" မင်းရဲ့နာမည်ကို ခုနက ငါ့ကောင်မလေးအဖြစ် သုံးလိုက်မိတာ တောင်းပန်ပါတယ်။ ဆရာမဟန်ကျင်းဝူကို ငါ့အနားကနေ ထွက်သွားစေချင်လို့ပါ။"

"ဘာလို့ အဲ့လိုလုပ်တာလဲ။ မလိုအပ်ဘူး မဟုတ်လား" မုဝမ်ရင်က ခါးသီးသော အပြုံးဖြင့် မေးသည်။

"နင်နဲ့ ဆရာမဟန်ကျင်းဝူ အတူရှိဖို့ ငါ မမျှော်လင့်ထားပေမယ့် သူ့ကို ငြင်းပယ်ဖို့ ဒီအကြောင်းပြချက်ကိုသုံးတာက သူ့အတွက် အရမ်းနာကျင်စေလိမ့်မယ်။"

“အရင်က ကြားဖူးတာတစ်ခု ရှိတယ်။ လူနှစ်ယောက်ကြားက ရှုပ်ထွေးတဲ့ခံစားချက်တွေကို အဆက်မပြတ် ဖြတ်လိုက်တာက ပိုကောင်းတယ်။ ရှုပ်ထွေးနေတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို အဆုံးသတ်လိုက်ဖို့ ရှုပ်ယှက်ခတ်နေတဲ့အထုံးကို ချွန်ထက်တဲ့ဓားနဲ့ဖြတ်တာက ပိုကောင်းပါတယ်။ ငါ့မှာ ကိုယ်ပိုင်ဘဝရှိပြီး သူ့မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်။ ဒါကြောင့် သူ့ခင်ပွန်းကို ရှာတွေ့ဖို့ ငါ စောင့်နေမှာ ဖြစ်သလို ငါလည်း ငါ့ကိုယ်ပိုင်မိသားစုကို ထူထောင်ရမယ်။ ဒါမှ ငါတို့နှစ်ယောက်လုံးက နှစ်ယောက်လုံးရဲ့ တည်ရှိမှုကို မေ့သွားလိမ့်မယ်။ ဒီကမ္ဘာမှာ ကြောက်စရာအကောင်းဆုံးအရာကို မင်း သိလား။"

ထန်ရှုက မျက်နှာသေဖြင့် ပြောလိုက်သည်။

"အဲ့ဒါ ဘာလဲ။" မုဝမ်ရင်က မေးသည်။

"အချိန်ပဲ။ အချိန်က ဒဏ်ရာအားလုံးကို ကုစားနိုင်ပြီး ပျောက်ကင်းနိုင်သလို အချိန်က အရာတော်တော်များများကို မေ့သွားအောင် ပြုလုပ်နိုင်တဲ့အရာတစ်ခုပဲ။” ထန်ရှုက ဖြေသည်။

…အချိန်…

မုဝမ်ရင်က ခေါင်းခါပြီး

“လူတွေဟာ ထောင်စုနှစ် ဒါမှမဟုတ် ထောင်စုနှစ် ဆယ်စုလောက်အထိ အသက်ရှင်နိုင်ရင် နင့်ရဲ့ထင်မြင်ချက်ကို ငါ လက်ခံနိုင်မှာပါ။ ဒါပေမယ့် လူတွေရဲ့သက်တမ်းက နှစ်တစ်ရာသာ အများဆုံးလေ။ အရိုးထဲမှာ နက်ရှိုင်းစွာ ထွင်းထုထားပြီး နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရေးထွင်းထားတဲ့ ခံစားချက်တွေကို ဖျက်ဖို့ဆိုရင် ဆယ်စုနှစ်များစွာ ကြာပြီးနောက်မှာတောင် ဖျက်ဖို့ မလုံလောက်ဘူး။ အဲ့ဒီလူတွေရဲ့ နှလုံးသားထဲမှာ ဒီနာကျင်မှုတွေကို ထာဝရ အမှတ်ရနေလိမ့်မယ်။ သူတို့ရဲ့အချစ်တွေကလည်း ရင်ထဲမှာပဲ အမြဲတမ်း နက်ရှိုင်းစွာ နှစ်မြုပ်ခံထားရတော့မှာ။”

ထန်ရှု ငြိမ်ကျသွားသည်။

မုဝမ်ရင် ပြောသည်မှာ မှန်ကန်ကြောင်း သူ သိသည်။ သူ ခုနက ဟန်ကျင်းဝူအား ကြီးကြီးကျယ်ကျယ် ပြောခဲ့သည့် စကားများက ဟန်ကျင်းဝူကို မေ့နိုင်ဖို့ ၊ ဟန်ကျင်းဝူက သူ့ကို တွယ်ကပ်မနေဖို့ သူ့ကိုယ်သူ လှည့်စားရုံ သက်သက် ပြောခဲ့တာပါပဲ။ ဒါပေမယ့် သူ … သူ့အနေနှင့် သူမကို ဘယ်လိုများ မေ့နိုင်မှာတဲ့လဲ။

သူ့ကိုယ်သူ လှည့်စားလိုက်သည့်အတွေးက သူ့စိတ်ထဲတွင် အမှန်တကယ် ရှိနေ၊ ခံစားနေရသည်ထက် ကျော်လွန်ကာ ရယ်စရာကောင်းနေသည်ဟု ရုတ်တရက် သူ ခံစားလိုက်ရသည်။ ယခု သူ့ကိုယ်သူ မြင်အောင် ပြန်ကြည့်မိလိုက်ချိန်တွင် သူ၏ဆန္ဒအတိုင်း အသက်ရှင်ဖို့ ကြံရွယ်ထားခြင်းသည် ယခုအခါ အရမ်း ခက်ခဲနေပုံပေါ်သည်ကို သူ သဘောပေါက်သွားခဲ့ပေပြီ။

တိတ်ဆိတ်ငြိမ်သက်သွားသော ထန်ရှုကို ကြည့်နေရင်း မုဝမ်ရင်၏ လှပသော မျက်နှာလေးထက်တွင် တောက်ပသော အပြုံးတစ်ခု ရုတ်တရက် ပေါ်လာသည်။ သူမက ရှေ့ကို ခပ်ဖွဖွလေး လှမ်းလာပြီး

"ထန်ရှု … နင်က ငါ့နှလုံးသားထဲမှာ ကောင်းကင်ဘုံက ဖန်ဆင်းပေးတဲ့လူတစ်ယောက် … ငါ တွေ့ဖူးသမျှ ယောကျာ်းတွေထဲမှာ အထူးချွန်ဆုံး ယောကျာ်းပဲ။ နင့်ရဲ့စိတ်နှလုံးသားထဲမှာ ဒီလိုမတည်မငြိမ်ဆုံး ဖြစ်နေချိန် ဒီအခွင့်အရေးကို ငါ တကယ်ယူချင်တယ်။ ဒါက ငါ့ဘဝမှာ ရနိုင်သမျှ အကောင်းဆုံး အခွင့်အရေးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုလဲ … ငါ့လူ ဖြစ်လိုက်ပါလား … ငါလည်း နင့်ရဲ့ကောင်မလေး ဖြစ်လိုက်မယ်လေ။ နင် ဆန္ဒရှိရင် မနက်ဖြန် ငါတို့ လက်ထပ်ကြမလား။”

"ဟင် … မင်း အဖျား ရှိနေတာလား ဘာလား။"

ထန်ရှုက မုဝမ်ရင် ပြောသောအကြောင်းအရာအား ထပ် မပြောချင်တော့သဖြင့် သူ၏လက်အား ရည်ရွယ်ချက်ရှိရှိ မြှောက်ကာ မုဝမ်ရင်၏နဖူးကို ထောက်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

မုဝမ်ရင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ ထန်ရှုအား ခန့်မှန်းရခက်စွာ ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။ “ပြောနေတဲ့ အကြောင်းအရာကို ပြောင်းလဲဖို့ မကြိုးစားနဲ့နော်။ ငါက အဖျားမရှိဘူး … အရမ်း ကျန်းမာတယ်။ ထူးချွန်တဲ့အမျိုးသမီးတွေ အများကြီးနဲ့ နင် ရောရောထွေးထွေး မနေချင်တဲ့အတွက် နင့်မှာ အကူအညီမဲ့နေတယ်ဆိုတာ ငါသိတယ်။ နင် ငါ့ကို လက်ထပ်လိုက်မယ်ဆိုရင် သူတို့အတွက် တရားမျှတစေတဲ့ အကြောင်းပြချက်ရှိနိုင်တာကို ဘာကြောင့် မလုပ်တာလဲ။"

ထန်ရှု၏မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း ဖျော့တော့သွားသည်။ သူက ခေါင်းယမ်းကာ နောက်ပြန်ဆုတ်သွားပြီး မုဝမ်ရင်၏အလွန်လှပသော မျက်နှာလေးကို ကြည့်ရင်း

“တောင်းပန်ပါတယ်။ ငါ့ရဲ့ခံစားချက်တွေကို မင်းကို မပေးနိုင်ဘူး။"

“အခုလောလောဆယ်တော့ စိတ်ကူးယဉ်ဆန်တဲ့ အကြောင်းအရာကို ငါတို့ ဖယ်ထားလို့ရတယ်။ နင့်ရဲ့ခန္ဓာကိုယ်ကို ငါ ပိုင်ဆိုင်ထားနိုင်သရွေ့ နင့်ရဲ့နှလုံးသားကိုလည်း အနှေးနဲ့အမြန်ဆိုသလို ပိုင်ဆိုင်နိုင်မယ်လို့ ငါယုံကြည်တယ်။”

မုဝမ်ရင်က ဆိုသည်။

"ငါ့ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ရင် ငါ့ရဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ မင်း တကယ် ထင်တာလား။" ထန်ရှုက ခေါင်းယမ်းပြန်သည်။

"မဖြစ်နိုင်ဘူးဆိုပေမယ့် မကြိုးစားကြည့်ရင် ဘယ်လိုလုပ်သိနိုင်မှာလဲ။" မုဝမ်ရင်က ပြောသည်။ "ငါ အနိုင်ရသွားရင် နင်က ငါ့အပိုင် ဖြစ်လာလိမ့်မယ်။ ငါ ရှုံးသွားရင်တော့ အရှုံးကို ဝန်ခံရမှာပေါ့။"

ထန်ရှု နောက်ပြန်လှည့်ကာ လှေကားပေါ်တက်သွားရင်း မုဝမ်ရင်အား စကားအနည်းငယ်မျှ ချန်ထားခဲ့သည်။

"ငါ့မှာ ချစ်တတ်တဲ့နှလုံးသား မရှိတော့ပေမယ့် တစ်စုံတစ်ယောက်က ငါ့ရဲ့ခန္ဓာကိုယ်ကို သိမ်းပိုက်ထားပြီးသားဆိုတော့ မင်း အဲ့ဒါကို ထပ်စမ်းကြည့်ဖို့ မလိုတော့ဘူးထင်တယ်။ ငါ့နှလုံးသား လုံးပါးပါးနေတဲ့ကိစ္စကတော့ အခုထိ အဆင်မပြေနိုင်သေးဘူး။ ငါ့တံခါးကို လာလာခေါက်တဲ့လူတွေ ပိုများလာရင်တောင်မှ သူတို့ကို ငါ့ရဲ့နှလုံးသား မပေးနိုင်သေးဘူး။"

မုဝမ်ရင် ကျောက်ရုပ်ပမာ အေးခဲသွားရသည်။ ဒီည သူမ ပြောခဲ့သမျှအရာအားလုံးသည် သူမ၏ နှလုံးသားထဲမှ ထွက်လာသော စစ်မှန်သည့် စကားများ ဖြစ်သော်လည်း ထန်ရှုက သူမအား သည်ကဲ့သို့ အဖြေပေးလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့မိပါချေ။

…အဲ့ဒါ ဘယ်သူများ ဖြစ်နိုင်မလဲ…

ထိုအမျိုးသမီး မည်သူမည်ဝါ ဖြစ်မည်ကို မုဝမ်ရင် တကယ်ပင် သိချင်မိသည်။ ထန်ရှု၏နှလုံးသားကို မရခဲ့သည့်တိုင် သူ၏ခန္ဓာကိုယ်ကို ရယူနိုင်ခဲ့သော ထိုအမျိုးသမီးအား သူမ မနာလိုအားကျဖြစ်မိရပါသည်။

ယနေ့ညသည် မုဝမ်ရင်အတွက် အိပ်မပျော်ခဲ့ရသော ညတစ်ည ဖြစ်ခဲ့သလို ဟန်ကျင်းဝူအတွက်လည်း ထိုနည်းတူ ဖြစ်ခဲ့ရသော ညလေးပင်။

အသိစိတ်ပျောက်သလို ဖြစ်သွားခဲ့သည့် ဟန်ကျင်းဝူသည် အချိန်ကြာမြင့်စွာ ဦးတည်ရာမဲ့ ပြိုလဲလုမတတ် လျှောက်လှမ်းနေသည့် အခြေအနေတွင် ရှိနေသည်။ ကားလမ်းပေါ်တွင် ကားတိုက်ခံရလုနီးပါး ဖြစ်ခဲ့ချိန်တွင် ချန်းကျီကျုံး၏ ကယ်တင်ခြင်းခံရပြီး သူမ၏အာရုံများ ဖျတ်ကနဲ အသိ ပြန်လည်ဝင်လာသည်။

သူမ၏အိမ်သို့ ပြန်ရောက်လာပြီးနောက် ဟန်ကျင်းဝူသည် ရေချိုးကန်ထဲတွင် အချိန်အတော်ကြာအောင် မလှုပ်မယှက် ရေစိမ်နေခဲ့သည်မှာ သူမအား သေခြင်းချီ ဝန်းရံနေသည့်အလား ဖြစ်သည်။ ထို့နောက် အသိစိတ်ကင်းမဲ့နေသော ခန္ဓာကိုယ်ဖြင့် ရေချိုးကန်ထဲမှ တွားသွားထွက်လာပြီး ညအိပ်ဝတ်စုံကို ဝတ်ဆင်ကာ အိပ်ယာပေါ်၌ လှဲလျောင်းလျက် မျက်လုံးဖွင့်ရက်သား မိုးလင်းသည့်တိုင်အောင် နေခဲ့သည်။

****

နောက်တစ်နေ့မနက်တွင် ထန်ရှုသည် ကျောင်းဝင်းသို့ သွားခဲ့သည်။ စာကြည့်တိုက်ရှိ စာအုပ်အချို့ကို လဲလှယ်ပြီးနောက် ယွဲ့ခိုင်၊ ရွှဲ့ချောင်၊ အခြားသူအချို့နှင့် စကားစမြည်ပြောဆိုခဲ့ပြီး ကြယ်တာရာမြို့သို့ ချန်းကျီကျုံးနှင့် ခရီးစတင်ခဲ့သည်။

…တောင်တံခါးမြို့အိမ်ရာ...

သူ၏အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ထန်ရှု၏အနံ့ခံအာရုံထဲသို့ ကောင်းမွန်သောအနံ့တစ်ခု ပျံ့လွင့်ဝင်ရောက်လာပြီး ယောက်ယတ်ခတ်နေသော သူ၏စိတ်နှလုံးအား ယခုအချိန်တွင် အထူးတည်ငြိမ်သွားစေသည်။

…အမေဆိုသည်မှာ မိသားစုတစ်စုတွင် တကယ်ကို မရှိဖြစ် ရှိနေရမည့် တည်ရှိမှုသာ ဖြစ်တော့သည်။…

အင်မော်တယ်ကမ္ဘာတွင် သူ နေထိုင်လာခဲ့သည့် နှစ်ပေါင်းတစ်သောင်းလုံး အမေရှိသော အိမ်သို့ ပြန်ရန် အမြဲ အိပ်မက်မက်ခဲ့ရသည်။ ပြင်ပအခြားကမ္ဘာတွင် ရုန်းကန်ခဲ့ရပြီးနောက် မိခင်မှ ပြုလုပ်ပေးသော အစားအစာ၏ရနံ့ကို ရှူရှိုက်ချင်သည်။ ထိုအချိန်တုန်းက ရင်းနှီးကျွမ်းဝင်နေသည့်ကျောပြင်အား သူ အမြဲတွေ့ချင်နေမိပြီး သူမ၏ထာဝရနုပျိုသော မျက်နှာအား မြင်ချင်ခဲ့ရသည်။  ထိုကဲ့သို့ ဖရိုဖရဲ ဖြစ်နေသော ခံစားချက်များ သူ့အပေါ် သက်ရောက်နေသည်မှာ တကယ်ပင် ရယ်စရာကောင်းနေကြောင်း သူ ရုတ်တရက် သိလိုက်ရသည်။ အတိတ်တွင် သူ မည်သည့်အဖြစ်အပျက်ကိုပဲ ကြုံခဲ့ကြုံခဲ့ ယခု အိမ်ပြန်ရောက်နေပြီဖြစ်သလို သူ၏အမေနှင့် တကယ်ပင် ကမ္ဘာပေါ်မှာ အတူတကွ နေထိုင်နိုင်ခဲ့ပြီဖြစ်သည်။

" ရှုအာ … သားရဲ့အိတ်က ဘယ်မှာလဲ။" လက်ဗလာ ပြန်လာသည့် ထန်ရှုကို လှေကားကနေ လှမ်းကြည့်ရင်း ထန်ယွင်သဲ့က အပြုံးဖြင့် မေးလိုက်သည်။

ယခုအချိန်တွင် ထန်ရှုသည် သိုလှောင်လက်စွပ်နှင့် ပတ်သက်သည့်ကိစ္စကို မပြောပြချင်သေးသောကြောင့် အကြောင်းပြချက်တစ်ခုအား ပေါ့ပေါ့ပါးပါးသာ ပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏ရင်တွင်း၌ နွေးထွေးနေသည်။ ယခင်တုန်းက ဖခင်မေတ္တာကို မြည်းစမ်းကြည့်ဖို့ တစ်ခါမှ အခွင့်မကြုံဖူးခဲ့တာလည်း သူ့အတွက် နောင်တရစရာတစ်ခုပါပဲ။ ယခုမူ သူ ပြန်ရောက်လာပြီးနောက် သူ၏မိခင်အနားတွင် ပြန်လာနိုင်ရုံသာမက ထိုနောင်တတရားကိုလည်း ဖခင်၏မေတ္တာဖြင့် ချေဖျက်ပေးခဲ့ပြီဖြစ်သည်။

သည်အရာများသည် သူ၏ရင်ထဲတွင် နွေးထွေးစွာ ခံစားနေရသည့် အကြောင်းရင်းတွေပင် ဖြစ်တော့သည်။

"အဖေ … အမေ ဘယ်မှာလဲ။"

“မီးဖိုချောင်မှာ ချက်ပြုတ်နေတယ်။ သား ပြန်လာမယ်ဆိုတာ အဖေတို့ သိတယ်။ လုပ်ရမယ့်ဟာတွေကို အဖေ ကြိုပြီးပြောထားပေမယ့် သားပြန်လာမှာမို့ သားအမေက မလုပ်ဘူးဆိုပြီး ငြင်းခဲ့တယ်လေ။"

ထန်ယွင်သဲ့က ပြုံးပြုံးကြီး ပြောသည်။

ထန်ရှုက ပြုံးပြီး မီးဖိုချောင်ခန်းဘက်ကို လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် အလုပ်ရှုပ်နေသည့် မိခင်ဖြစ်သူ စုလင်းယွမ်၏ နောက်ကျောကို သူ တွေ့လိုက်ရသည်။ သူ၏ခြေသံကို သူမ ကြားလိုက်ရသည့်အလား စုလင်းယွမ်က သူ့ဘက်သို့ လှည့်ကြည့်လာသည်။

" ရှုအာ … ပြန်လာပြီလား။ ခြေလက် သွားဆေးပါ။ အမေ မင်းအတွက် ဟင်းတစ်ပွဲ မြန်မြန် ကြော်လိုက်ဦးမယ်။"

"ဟုတ်ကဲ့ပါ အမေ။" ထန်ရှုက ပြုံးပြုံးရွှင်ရွှင် ပြန်ပြောပြီး ရေချိုးခန်းဘက်သို့ ပြန်လှည့်လာသည်။

ညစာစားပွဲတွင် သူတို့မိသားစု သုံးယောက်သာ ရှိခဲ့သော်လည်း ပတ်ဝန်းကျင်လေထုအငွေ့အသက်သည်  စည်းချက်ညီသော ပျော်ရွှင်မှုများဖြင့် ပြည့်ဝနွေးထွေးလျက် ရှိသည်။ ဤအငွေ့အသက်သည် ထန်ရှု၏နှလုံးသားကို နွေးထွေးစေရုံသာမက ပြီးခဲ့သည့်အတိတ်ကာလနေ့ရက်များ၏သက်ရောက်မှု ရှိနေသည့် စုလင်းယွမ်ကိုပင်လျှင် ပြန်လည်သတိရသွားစေသည်။ အချို့သော အခိုက်အတန့်များကြောင့် သူမ၏မျက်လုံးများအား စွတ်စိုနီရဲသွားစေသော်လည်း သူမ၏မျက်နှာထက်ရှိ အပြုံးသည် အထူး တောက်ပနေခဲ့သည်။

***

All Chapters