သမိုင်းတွင် မကြုံစဖူး အဖြစ်အပျက်
Vol. 10 Ch. 497
လီဟွန်ဂျီ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု ပေါ်လာပြီး
“ထန်ရှု … ငါ ကြည့်ရသလောက်ဆိုရင် လူနာအရေအတွက်က ၂၀၀ကျော်နေပြီ။ မင်း အဲ့ဒီလူတွေကို ဒီတစ်နေ့တည်းနဲ့ ပြီးပါ့မလား။”
“မသေချာပေမယ့် အနည်းဆုံးတော့ ကျွန်တော် ကြိုးစားကြည့်မယ်။”
"ဒါက မင်းအတွက် တော်တော်ပင်ပန်းလိမ့်မယ် ထန်ရှု။" လီဟွန်ဂျီက ခေါင်းညိတ်ရင်း
"ဒီနေ့ မင်းရဲ့စမ်းသပ်ချက်အတွက် ဆေးရုံက ဘာပဲဖြစ်နေဖြစ်နေ မင်းလိုအပ်တာမှန်သမျှ ထောက်ပံ့ပေးမယ်။"
ထန်ရှုက တည်ငြိမ်စွာ ပြုံးလိုက်သည်။ ဆေးရုံက ထောက်ပံ့ပေးနိုင်သည့်အရာက သူ့အတွက် ကြီးကြီးမားမား အထောက်အကူဖြစ်မည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ လီဟွန်ဂျီ၏သဘောထားက သူ့အား ကျေနပ်စေသည်။
လူနာပြသသည့်အဆောက်အအုံအရှေ့ဘက်ခြမ်းရှိ အကြီးဆုံးလူနာစမ်းသပ်ခန်းသို့ ရောက်ရှိလာပြီးနောက် ထန်ရှုသည် စတုရန်းမီတာ တစ်ရာကျော်ရှည်သော ထိုအခန်းအား ကြည့်ရှုလိုက်သည်။ ထိုနေရာတွင် တိုင်ပင်ဆွေးနွေးရန် စားပွဲနှင့်ကုလားထိုင်များအပြင် ရိုးရှင်းသော ရုံးသုံးပစ္စည်းများနှင့် ကုသရေး ကိရိယာများသာ ရှိသေးသည်။ သို့သော် အတွင်းဆုံးထောင့်တွင် အကာအရံဖြင့် ဖုံးအုပ်ထားသော နေရာတစ်ခု ရှိသည်။ ထိုအရာက မည်သည့်အရာဖြစ်သည်ကို မည်သူမှ မပြောတောင် လူနာစမ်းသပ်ရန် ကုတင်တစ်ခုဟု ထန်ရှု ပြောနိုင်ပေသည်။
"ဆေးရုံအုပ်လီ … ခင်ဗျား လုပ်စရာရှိရင် သွားလုပ်လို့ ရတယ်နော်။ ကျွန်တော် ဒီက ကိစ္စတွေကို ကိုင်တွယ်လိုက်မယ်။" အခန်းကို လေ့လာပြီးနောက် ထန်ရှုက လီဟွန်ဂျီဘက် လှည့်ကြည့်လိုက်သည်။
လီဟွန်ဂျီကို ပြန်လွှတ်လိုက်ပြီးနောက် သူ၏မျက်နှာထက်တွင် အပြုံးယဲ့ယဲ့ ပေါ်လာပြီး ရှင်းရွှယ်အား
"အရင်ကအတိုင်း လုပ်ကြတာပေါ့ ရှင်းရွှယ်။ လိုအပ်တာအားလုံးကို ကြိုတင်ပြင်ဆင်ပြီးမှ လူနာစမ်းသပ်တာကို နောက်မှ စမယ်။ နောက်ပြီး ဒီနေ့က လူနာတွေ များတယ်။ လူမကုန်မချင်း အလုပ်ရှုပ်နေဦးမယ်လို့ ခန့်မှန်းမိပါတယ်။ ညနေထိအောင်ဆိုတော့ မင်းရဲ့စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ထားတာ ပိုကောင်းမယ်။"
“သုံးရက်နဲ့သုံးညအလုပ်ရှုပ်နေရင်တောင်မှ ဆရာသခင့်အနားမှာ သင်ယူလေ့လာနိုင်သရွေ့ သည်းခံနိုင်ပါတယ်။ နောက်ပြီး အရာရာကို သင့်တော်အောင် ပြင်ဆင်ထားပြီးဖြစ်လို့ အချိန်မရွေး စတင်လို့ရပြီ။” သိုက်ရှင်းရွှယ်က အပြုံးဖြင့် ပြန်ပြောသည်။
"ကောင်းပြီ ဒါဆို စလိုက်ရအောင်။" ထန်ရှု ပြုံးကာ တုံ့ပြန်သည်။
သို့သော် သိုက်ရှင်းရွှယ်က အလျင်စလို ပြောလာသည်။ "ဒါပေမယ့် ဆရာသခင် … အလုပ်ချိန်စဖို့ နာရီဝက် လိုသေးတယ်လေ။ ကျွန်မတို့ အရင်လို မစောင့်တော့ဘူးလား။"
ထန်ရှုသည် လေးနက်သော အကြည့်တို့ဖြင့်
"မင်းက ငါ့တပည့်ပါ ရှင်းရွှယ်။ ဆေးကုသမှုတွေ လုပ်တဲ့အခါ မင်းကို စည်းမျဉ်းစည်းကမ်းတွေနဲ့ ချည်နှောင်ထားတာမျိုး မဖြစ်စေချင်ဘူး။ အလုပ်ချိန်ကို လူတွေက သတ်မှတ်သလို လူတွေကပဲ ချိုးဖောက်နိုင်တယ်။ သမားတော်တစ်ယောက်အနေနဲ့ ဒဏ်ရာရသူတွေကို ကုသပေးပြီး သေဆုံးသူတွေကို ကယ်တင်ဖို့ဆိုတာ မေးခွန်းထုတ်စရာမလိုတဲ့ ကိုယ်ကျင့်တရားနဲ့ နိယာမပါပဲ။ လူတွေကို ကယ်တင်တာက လောင်နေတဲ့မီးကို ငြိမ်းသတ်တာနဲ့တူတယ်။ ဒါကြောင့် စောစောစပြီး စက္ကန့်ဝက်တောင် မနှောင့်နှေးတာ အကောင်းဆုံးပါပဲ။”
ထန်ရှု၏စကား ကြားသည့်အခါ ရှင်းရွှယ်က “နားလည်ပါပြီ ဆရာသခင်။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"နောက်ဆုံးတန်းစီတဲ့ နံပါတ်ကို တစ်ချက် သွားကြည့်လိုက်။ အဲ့ဒါပြီးရင် ဒီကိုပြန်လာပြီး လူနာ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ ငါ့ကို ပြောပါ။ အပြင်ထွက်တဲ့အခါ အတန်းရဲ့ရှေ့ဆုံးမှာရှိတဲ့ လူနာလေးယောက်ကို အထဲ ဝင်ခိုင်းလိုက်။”
ဆယ်မိနစ်အကြာတွင် ထန်ရှုသည် ပထမဆုံး လူနာလေးဦးအား ရောဂါစမ်းသပ်ပြီးဖြစ်သည့်အပြင် စုစုပေါင်းလူနာအရေအတွက်ကိုလည်း ရေတွက်ခဲ့ပြီးဖြစ်သည်။ သူ့အား စိတ်သက်သာရာ ရစေသည့်အချက်မှာ လူနာအရေအတွက်မှာ ၁၆၂ ဦးသာ ရှိသဖြင့် သူထင်ထားသည်ထက် လျော့နည်းပေသည်။
ရောဂါအကြောင်းတိုင်ပင်ဆွေးနွေးခြင်း နှင့် ကုသမှုပေးခြင်းတို့အား ရပ်နားခြင်းမရှိဘဲ ထန်ရှု ဆက်တိုက်လုပ်နေသည်။
သို့သော်လည်း ကျယ်ဝန်းပြီး တောက်ပသော လူနာကြည့်ခန်းအတွင်း လက်ရှိတွင် အလုပ်များနေသော ထန်ရှု မသိခဲ့သည်မှာ အပြင်ဘက်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့ခြင်းကိုပင်။ တစ်နေ့လုံး ကြယ်တာရာ တိုင်းရင်းဆေးရုံသို့ အမြန်လာကြသော လူနာများနှင့် ၎င်းတို့၏မိသားစုများ ပိုပိုများလာသည်။ ထန်ရှုသည် လူနာများအား စမ်းသပ်ကုသပေးနေသည့်သတင်းကို ကြားသည့်အခါ လူတော်တော်များများက ၎င်းနေရာသို့ အပြေးလာကြသည်။
လက်ရှိတွင် လီဟွန်ဂျီသည် သူ၏ရုံးခန်း ပြတင်းပေါက်အရှေ့တွင် ရပ်နေပြီး အောက်ထပ် ဆေးရုံဝင်းကြီးထဲမှ လူပင်လယ်အား ကြည့်နေသည်။ သူ၏မျက်နှာသည် ဖြူဖျော့နေပေသည်။ အောက်တိုဘာလတွင် ဆေးကုသပေးမည့် နတ်ဆေးသမားတော်လေး ထန်ရှုကြောင့် တရုတ်တိုင်းရင်းဆေးရုံသို့ လူများစွာ လာရောက်လိမ့်မည်ဟု သူ ခန့်မှန်းထားသော်လည်း ဤမျှလောက် လူများလိမ့်မည်ဟု သူ တစ်ခါမျှ မထင်ထားခဲ့မိပေ။ သူ၏မျက်လုံးများသည် ဆေးရုံရှေ့အဝင်ဝအား အချိန်အတော်ကြာအောင် စူးစူးစိုက်စိုက်ကြည့်မိရင်း ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခုကို ခံစားမိနေသည်။
…ဒေါက်…ဒေါက်…
သူ၏ရုံးခန်းတံခါးအား ပြင်းပြင်းထန်ထန် ခေါက်သံ ကြားရပြီး တံခါးကို တွန်းဖွင့်ကာ ဒုဆေးရုံအုပ်သည် အထဲကို အမြန်ပြေးဝင်လာသည်။
“ဆေးရုံအုပ် … ငါတို့ဆေးရုံကို လာနေတဲ့ လူနာတွေ အရမ်းများနေပြီ။ သူတို့ရဲ့မိသားစုဝင်တွေကိုပါ ပေါင်းလိုက်ရင် လူအရေအတွက်က ဆေးရုံကို ပုံမှန်လာရောက်တဲ့အရေအတွက်ထက် ၁၀ဆ ကျော်နေပြီ။ ဒီလိုအခြေအနေတွေ ဆက်ဖြစ်နေရင် တစ်ခုခုတော့ ကြီးကြီးမားမား ဖြစ်တော့မှာပါပဲ။”
လီဟွန်ဂျီသည် ခက်ခက်ခဲခဲ ခေါင်းကို လှည့်လာပြီး စိုးရိမ်စိတ်များ ပြည့်နှက်နေသော ဒုဆေးရုံအုပ်ကို ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းသည် အကြိမ်အနည်းငယ်ခန့် တုန်ရီသွားပြီးမှ မချိပြုံး ပြုံးလိုက်ကာ
“ဒါက ဆေးရုံတစ်ရုံလေ။ လူနာတွေကလည်း ဆရာဝန်ပြဖို့ လာနေကြတာ။ အဲ့ဒါတွေကို ငါတို့ ရှောင်လွှဲလို့ ရနိုင်ပါ့မလား။ လူအရမ်းများနေပြီဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် ဆေးရုံက လူများနေပြီဆိုတာ ဘာလုပ်နိုင်မှာလဲ။ ငါတို့ တတ်နိုင်သလောက် လုပ်ထားပြီး မနက်ဖြန် ပြန်လာဖို့ကို နောက်ကျလာတဲ့ လူနာတွေကိုတောင် အကြောင်းကြားထားပေမယ့် သူတို့ ထပ် ထပ်ရောက်လာနေတာကို ငါတို့ တားလို့မရနိုင်ဘူး။ သူတို့ကို မောင်းထုတ်ဖို့ မင်းက ငါ့ကို လုံခြုံရေးအစောင့်တွေ လွှတ်စေချင်သလား။”
ဒုဆေးရုံအုပ်က လေးပင်သောအသံဖြင့် ပြန်ပြောသည်။
“ဆေးရုံအုပ် … ငါတို့ လုံလုံလောက်လောက် လုပ်နိုင်တာ မရှိရင် ရဲကို ခေါ်ရအောင်။ လက်ရှိအခြေအနေမှာ စည်းကမ်းထိန်းသိမ်းဖို့ လုံခြုံရေးအစောင့်တွေ အလွန် နည်းတယ်။ လူထု ထင်မြင်ချက်ပေးတာတွေနဲ့ အခြားဖြစ်နိုင်ချေရှိတဲ့ အရေးပေါ်အခြေအနေတွေ မဖြစ်ဖို့ နယ်မြေခံရဲစခန်းကို ရဲအရာရှိ အနည်းငယ် လွှတ်ခိုင်းမလားလို့လေ။ သူတို့က စည်းကမ်းထိန်းသိမ်းနိုင်ရမယ်။”
လီဟွန်ဂျီ အံ့အားသင့်သွားသည်။ ဒုဆေးရုံအုပ်က သည်ကဲ့သို့ အဆိုပြုချက်ကို တင်ပြနိုင်ခြင်းသည် သူ၏စိတ်ကူးထားမှုကို ကျော်လွန်နေသည်။ သို့သော် ၎င်းအား စဉ်းစားပြီးနောက်တွင် အမှန်တကယ် ကောင်းသော အကြံဖြစ်သည်ဟု သူလည်း ခံစားမိသည်။ ဆေးရုံကို လာသောလူ များလာသဖြင့် ထိုအချင်းအရာကြောင့် မတော်တဆမှု ဖြစ်သွားမည်ကို သတိပြုရပေမည်။
“အနီးနားက နယ်မြေခံရဲစခန်းတွေမှာ အလုပ်တွေ ပြည့်နေပြီဖြစ်တော့ ထိန်းသိမ်းဖို့ မလုံလောက်တော့မှာကိုစိုးမိတယ်။ မြို့တော်ကောင်စီခေါင်းဆောင်ကို ငါကိုယ်တိုင် ဆက်သွယ်ပြီး စည်းကမ်းထိန်းသိမ်းဖို့ ရဲတပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ တောင်းဆိုလိုက်မယ်။ နောက်ပြီး အလုပ်တာဝန်ပေါ့ပါးတဲ့ ဆရာဝန်အချို့ကို တာဝန် ပြန်ချပါ။ ခွင့်ယူထားတဲ့ ဒါမှမဟုတ် အားလပ်ရက် ယူထားတဲ့ ဆရာဝန်တွေကို ပြန်လာကူဖို့ ဖုန်းဆက်ပါ။ ပြည်သူတွေက ငါတို့ဆေးရုံကိုရော၊ ဒီမှာအလုပ်လုပ်နေတဲ့ ဆရာဝန်တွေကိုရော အသိအမှတ်ပြုပြီးသား။ ဒါက အမှန်တကယ်ဆို ကောင်းတဲ့ ကိစ္စပါ။ ဒါပေမယ့် ငါတို့ ဆေးရုံမှာ မတော်တဆအဖြစ်အပျက်တစ်ခု ကြုံသွားရင် အရမ်းဒုက္ခရောက်ရလိမ့်မယ်။”
“ဟုတ်ကဲ့ ဆေးရုံအုပ်။ ငါ ချက်ချင်းလုပ်လိုက်မယ်။" ဒုဆေးရုံအုပ်က ပြန်လှည့်ပြီး အပြင်ကို အမြန်ပြေးသည်။
****
…ကြယ်တာရာ၏ပြည်သူ့လုံခြုံရေးဗျူရိုတွင်...
သန်ကျန်းမင်သည် စိတ်အားထက်သန်စွာဖြင့် သူ၏ရုံးခန်းဆီသို့ လမ်းလျှောက်နေသည်။ ခုတလော မှုခင်းဖြစ်ပွားမှု နည်းပါးခြင်းကြောင့် စိတ်အေးလက်အေး အနားယူချိန် ရခဲ့သည်။ မဖြေရှင်းနိုင်သော အမှုအခင်းတွေ အများကြီး ရှိခဲ့ပေမယ့် ထိုအရာများသည် အတိတ်တွင် ကျန်ခဲ့ပြီ ဖြစ်သည်။ ယခု တင်းတင်းကြပ်ကြပ် စိစစ်မှုနှင့် ကြီးမားသော ဖိအားများအောက်တွင် သူ မရှိတော့ပါပေ။
…နောက်နှစ် ဒီလိုအချိန်ဆိုရင် ခရိုင်အဆင့် ဗျူရိုမှာ အလုပ်လုပ်နေရပြီပေါ့ မဟုတ်ဘူးလား…
သန်ကျင်းမင်သည် သူ၏ရုံးခန်းထဲသို့ လျှောက်လာရင်း စီးကရက်တစ်လိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။ အဆုပ်ထဲထိ ဖွာရှိုက်လိုက်ပြီးနောက် ပျော်ရွှင်စရာကောင်းသည့် စိတ်ကူးသည် သူ၏အတွေးထဲ ရောက်လာသည်။ နောက်ဆုံးတွင် ခရိုင်ဗျူရိုအကြီးအကဲက သူ၏လည်ပတ်မှုခရီးစဉ်ကို လက်ခံခဲ့ပြီး သည့်ထက်ပိုပြီး ဝီရိယရှိရှိ လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။ နောင် သူ တစ်ဆင့်တက်သွားပါက လူအများအား ပိုမို အလုပ်အကျွေးပြုရပေမည်။
…ဒါပေမယ့် စိတ်မကောင်းစရာပဲ။ ယခင်ကိစ္စတွေကို ချောမွေ့စွာ ဖြေရှင်းနိုင်ရင် လုံလောက်တဲ့ ကုသိုလ်တွေပါ ငါ ရသွားမှာကို။…
…ဖုန်းမြည်သံ…
သူ၏စားပွဲထက်မှ ဖုန်းမြည်လာသည်။
သန်ကျန်းမင်သည် သူ၏စားပွဲရှိရာသို့ လာကာ ဖုန်းကို ကိုင်လိုက်ပြီး
“သန်ကျန်းမင်က ပြောနေပါတယ်။ ဘယ်သူ ဖုန်းဆက်တာပါလဲ။"
"ကြယ်တာရာတိုင်းရင်းဆေးရုံအုပ် လီဟွန်ဂျီက အကြီးအကဲကို ရှာနေတာပါ။ အရေးတကြီးကိစ္စလို့ ပြောပါတယ်။ သူက လက်ကိုင်ဖုန်းကို ဆက်ပေမယ့် ဖုန်းပိတ်ထားတယ်လို့ ပြောတယ်။"
ရုံးတွင်းဖုန်းမှ ရိုသေလေးစားစွာ ဖြေသောအသံကို ကြားလိုက်ရသည်။
သန်ကျန်းမင်သည် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်ရာ ဘက်ထရီကုန်နေသည်ကို တွေ့ရသည်။ ထို့နောက် ချက်ချင်းပင်
“ငါသိပြီ။ သူ့ကို နောက်မှ ပြန်ခေါ်လိုက်မယ်။"
ဖုန်းချပြီးနောက် သန်ကျန်းမင်သည် သူ၏လက်ကိုင်ဖုန်းကို အားပြန်သွင်းပြီးနောက် လီဟွန်ဂျီ၏နံပါတ်ကို ခေါ်ဆိုလိုက်သည်။
"ဟယ်လို ဆေးရုံအုပ်လီ … ငါ့ကို ရှာနေတာလား။"
"ဟုတ်တယ်။ မင်းရဲ့အကူအညီတစ်ခု လိုနေလို့ပါ အကြီးအကဲသန်။ မင်း ငါ့ကို ကူညီမှဖြစ်မယ်။"
သန်ကျန်းမင် အနည်းငယ် အံ့သြသွားသည်။ လီဟွန်ဂျီအတွက် သူ၏အကူအညီလိုသည့်အချိန်မှာ အမှန်တကယ် ရှားပါးသော အဖိုးတန်အချိန် ဖြစ်သည့်နည်းတူ ထိုလူ၏အဆင့်အတန်းသည် အလွန် ထင်ရှားသည်။ သတိပြုရမည့်အချက်မှာ သူသည် လီဟွန်ဂျီနှင့် နှစ်ပေါင်းများစွာ အကျွမ်းတဝင် ရှိခဲ့သော်လည်း သူ့အား တစ်ခါမှ အကူအညီ မတောင်းခဲ့ဖူးပေ။ တခဏမျှ စဉ်းစားပြီးနောက် သန်ကျန်းမင်က အပြုံးဖြင့်
"ဆေးရုံအုပ်လီ … ကျေးဇူးပြုပြီး ငါ့ရဲ့အကူအညီကို ဘယ်လို လိုအပ်တယ်ဆိုတာ ပြောပါဦး။"
လီဟွန်ဂျီက ခါးသီးသောအသံဖြင့်
“အကြီးအကဲသန် … ငါတို့ကြယ်တာရာ တိုင်းရင်းဆေးရုံရဲ့ နတ်ဆေးသမားတော်လေး ထန်ရှု ပြန်ရောက်လာပြီး ဆေးကုသမှု လုပ်ပေးနေပြီ။ အဲ့ဒါကြောင့် လူနာတွေနဲ့ မိသားစုဝင်တွေက အပြေးရောက်လာကြတော့ အရေအတွက်က အရမ်း များတယ်။ အဲ့ဒီလူအုပ်ကြီး မတော်တဆထိခိုက်မှာ၊ လူနာတွေရဲ့ မိသားစုဝင်တွေ ဖန်တီးတဲ့ ပြဿနာတွေ ဖြစ်လာမှာကို ငါ စိုးရိမ်တယ်။ အဲ့ဒါမို့ စည်းကမ်း ထိန်းသိမ်းပေးဖို့ ရဲတပ်ဖွဲ့တစ်ဖွဲ့လောက် လွှတ်ပေးနိုင်မလား။”
သန်ကျန်းမင် ကြက်သေသေသွားရလောက်အောင် လီဟွန်ဂျီ၏တောင်းဆိုချက်သည် သူ၏စိတ်ကူးထဲမှပင် မထင်ထားလောက်သည့် ရယ်စရာကောင်းသော တောင်းဆိုချက် ဖြစ်နေသည်။
ဆေးရုံတွင် လူများပြည့်ကျပ်နေသောကြောင့် ရဲတပ်ဖွဲ့ဝင်များက စည်းကမ်းထိန်းသိမ်းပေးရမည်ဆိုတာ လိုအပ်ပါသလား။ ဒါကြီးက ချဲ့ကားလွန်းတာ မဟုတ်ဘူးလား။
“အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ မင်း ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော် ဆေးရုံအုပ်လီ။ ဒီလိုအခြေအနေမျိုးမှာ စည်းကမ်းထိန်းသိမ်းဖို့ ငါတို့ရဲ့ ပြည်သူ့လုံခြုံရေးဗျူရိုက ရဲတပ်ဖွဲ့ဝင်တွေကို လိုအပ်တာလား။ အဲဒီ့မှာ လူနာ နည်းနည်းများရင်တောင် ဒီလောက် အတိုင်းအတာအထိ ဖြစ်မလာဘူး မဟုတ်လား။”
"အကြီးအကဲသန် … ငါတို့ရဲ့ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံသို့ လာရောက်တဲ့ လူနာအရေအတွက်က လွန်ခဲ့တဲ့ တစ်လ-နှစ်လအတွင်း အများကြီး တိုးလာတယ်။ ဒါပေမယ့် ဒီနေ့လာတဲ့ လူနာတွေနဲ့ သူတို့ရဲ့မိသားစု အရေအတွက်က အဲ့ဒီထက်ကို ဆယ်ဆ ကျော်သွားပြီ။ အခုဆို လူနာပြတဲ့အဆောက်အဦးထဲ လူတွေ ပြည့်သိပ်ရုံတင် မကဘူး အပြင်ဘက်ဆေးရုံဝင်းထဲမှာတောင် နေရာပြည့်ကျပ်နေပြီ။ မင်း ငါ့ကို မယုံရင် တစ်ယောက်ယောက်ကို ငါတို့ဆေးရုံကို ချက်ချင်း လွှတ်ပြီး ကြည့်ခိုင်းနိုင်တယ်။ တွေ့ရင် ငါပြောတာကို နားလည်သွားလိမ့်မယ်။”
သံသယစိတ်ကြောင့် တခဏတာ တုံ့ဆိုင်းသွားသော သန်ကျန်းမင်သည် နောက်ဆုံးတွင် ခေါင်းညိတ်ကာ “ဒီလိုဆိုရင် ငါ့လူတချို့နဲ့ အဲ့ဒီကို ငါ လာခဲ့မယ်။ အခြေအနေကို ကြည့်ပြီးရင် ငါတို့ ထပ်ပြောကြတာပေါ့။"
"ကောင်းပါပြီ။"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသည်နှင့် သန်ကျန်းမင်သည် ငိုရမလို ရယ်ရမလို ဖြစ်ကာ ခေါင်းယမ်းမိတော့သည်။ လီဟွန်ဂျီ၏အပြုအမူနှင့် ပင်ကိုယ်စရိုက်ကြောင့် ပြောလာသည့်ကိစ္စအား ယုံကြည်သည့်တိုင် ထိုကဲ့သို့ လွန်လွန်ကျူးကျူး အရာသည် ကြယ်တာရာ တိုင်းရင်းဆေးရုံတွင် ဖြစ်နေသည်ကို မယုံနိုင်ဆဲပင်။ မြို့တော်တွင် ကျင်းပသော အဓိကပွဲများ သို့မဟုတ် အခြားလှုပ်ရှားမှုအချို့တွင် လူများလွန်းသဖြင့် ဝရုန်းသုန်းကားဖြစ်ကာ နင်းမိကြသည့် မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်လာနိုင်သည်ဟူသည့် အတွေးသည် ပုံမှန်သိကြသောအရာဖြစ်သည်။
သို့တိုင် လူနာများက ဆရာဝန်ပြရန် ဆေးရုံသို့သွားခြင်းအတွက် ဆေးရုံတစ်ခုလုံးအား စည်းကမ်းထိန်းသိမ်းပေးဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။
ထို့နောက် ချက်ချင်းဆိုသလိုပင် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို ခေါ်ဆောင်ကာ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသို့ သူ လာခဲ့သည်။ ဆေးရုံအဝင်ပေါက်မှာပင် အခြေအနေအား သူ မြင်လိုက်ရသည့်အခါ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် တွေတွေကြီး စိုက်ကြည့်နေမိတော့သည်။ လူများစွာသည် အဝင်ဝထိ စုဝေးနေပြီး အပြင်ဘက်လမ်းများဆီသို့တိုင် လျှံထွက်လာကာ ယာဉ်ကြောပိတ်ဆို့မှုကို ကြီးမားစွာ ဖြစ်နေစေသည်။ အကယ်၍ လမ်းရှင်းရန် ရောက်ရှိလာသော ယာဉ်ထိန်းရဲ တစ်ဒါဇင် သို့မဟုတ် ထို့ထက်ပိုသော ရဲတပ်ဖွဲ့ဝင်များသာ မရှိခဲ့ပါက ထိုနေရာသို့ သူတို့စီးလာသော ရဲကားနှစ်စီး ရောက်ရန်ပင် လွန်စွာ ခက်ခဲပေလိမ့်မည်။
“ဒီမြင်ကွင်းက မြို့ရဲ့ ထင်ရှားတဲ့ ပွဲတော်တွေမှာ ဖြစ်တဲ့ပုံစံမျိုးနဲ့ ဆင်တူနေတယ်။ လီဟွန်ဂျီက အပိုတွေ ပြောနေတာ မဟုတ်ဘူးပဲ။ ကြည့်ရတာ ဒီအတိုင်းဆို ငါ ခေါ်လာတဲ့ ရဲတပ်ဖွဲ့ဝင်အရေအတွက်က လုံးဝ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး။”
သန်ကျင်းမင်သည် ဖုန်းတစ်ခု ခေါ်ဆိုလိုက်ပြီး ရဲတပ်ဖွဲ့ဝင်အများအပြားအား သူနှင့်အတူ ခေါ်ဆောင်သွားခဲ့သည်။ သူသည် ကားပေါ်မှ လျင်မြန်စွာ ဆင်းကာ ဆေးရုံဝင်ပေါက်ဆီသို့ ပြေးသွားခဲ့သည်။ ဝင်ပေါက်အနီးသို့ ရောက်ပြီးနောက်တွင်ပင် သူနှင့် သူ၏လူများသည် ဝင်ပေါက်ကို ဖြတ်ကျော်ရန် ဆယ်မိနစ်ခန့် တိုးဝှေ့ခဲ့ရသည်။ သို့သော်လည်း ဆေးရုံဝင်းအတွင်းရှိ အခြေအနေက သူ့အား ပို၍ ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
…အရမ်းများတယ်... ချီးတဲ့မှ ဒီမှာ လူတွေ အရမ်းများလွန်းတယ်…
သူ၏အမြင်အာရုံအတွင်းထဲမှာပင် အပြင်ဘက်ဆေးရုံ ဝင်းတစ်ခုလုံး၌ အနည်းဆုံး လူထောင်ချီလောက် ရှိနေခဲ့သည်။ ပို၍ ထူးဆန်းပြီး ရယ်စရာကောင်းသည်မှာ ကားပါကင်ရှိ ယာဉ်များအကြား ကွက်လပ်များတွင်ပါ လူများ ပြည့်နေခြင်းဖြစ်လေသည်။
***