← Chapters

အင်တာနက် နာမည်ကြီးတစ်ယောက်၏ စွမ်းအား

Vol. 10 Ch. 498

အင်တာနက် နာမည်ကြီးတစ်ယောက်၏ စွမ်းအား

Vol. 10 Ch. 498

ထျန်းရှောင်မန် စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ သည်အချင်းအရာသည် သွေးအန်မိချင်သည်အထိ စိတ်ပျက်စရာကောင်းနေပေသည်။ သူမသည် အင်တာနက်တွင် နာမည်ကြီးသော မိန်းကလေးငယ် တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် အင်တာနက် ဆယ်လီအဖြစ် နာမည်ကြီးသည်။ သို့သော် သည်နေ့တွင် သူမ၏မိခင်နှင့် ဆရာဝန်ပြရန် အဖော်လိုက်သည့်အခါ သူမတွင် ပြောစရာစကား မဲ့ခဲ့ရတော့သည်။

ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကြီးတစ်ခုလုံးသည် လူပေါင်းများစွာ ပြည့်နှက်နေခဲ့သည်။ ထို့ပြင်အချိန်သည် မနက် ၈ နာရီပင် မထိုးသေးပါချေ။ အရေးကြီးဆုံး အချက်မှာ လူအရေအတွက်သည် လျော့သွားခြင်း မရှိဘဲ ရုတ်တရက် တိုးလာခြင်း ဖြစ်သည်။

"မေမေ … လာပါ။ ဒီနေရာကနေ ထွက်သွားပြီး တခြားဆေးရုံကို သွားကြရအောင်။ ဒီမှာ လူတွေ အများကြီးပဲ။ သမီးတို့ သုံးရက်နဲ့သုံးညလောက် စောင့်ရင်တောင် နံပါတ်မရနိုင်ဘူး။"

ထျန်းရှောင်မန်က ဆေးရုံဝင်ပေါက်အနီးရှိ လူတန်းအနီးတွင် ရပ်ကာ ကူကယ်ရာမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“မသွားဘူး။ ဆေးကုသတဲ့နေရာမှာ ထူးကဲစွာ ကျွမ်းကျင်တဲ့ နတ်ဆေးသမားတော်လေးက နောက်ဆုံးတော့ သူ့ရဲ့ဆေးကုသမှုတွေကို ဆောင်ရွက်ဖို့  ကြယ်တာရာဆေးရုံကို ရောက်လာပြီလို့ ကြားတယ်။ တန်းစီပြီးမှ နံပါတ်မရရင်တော့ တကယ် စိတ်မကောင်းဘူး။ နတ်ဆေးသမားတော်လေး ထန်ရှုက ရောဂါရှာဖွေရာမှာ အလွန်မြန်သလို ကုသရာမှာလည်း ပျောက်ကင်းတာ မြန်ဆန်တယ်လို့ ကောလဟာလတွေ ရှိတယ်။ တကယ်လို့ … အမေတို့ကံကောင်းရင် ဒီနေ့ ပြလို့ရနိုင်တယ်။” ကျောက်ချင်းက သူမကိုယ်တိုင်ပင် ထိုကိစ္စအား သေချာမသိသေးသည့်တိုင် သမီးဖြစ်သူအား ပြောပြလိုက်သည်။ ကျောက်ချင်းသည် အသက် ၅၀နီးပါး ရှိပြီဖြစ်သော်လည်း သူမသည် တင့်တယ်သော သွင်ပြင်အား ထိန်းသိမ်းနိုင်ဆဲ ဖြစ်သည်။

“မေမေ … ဒီမှာ လူတွေကို ကြည့်စမ်းပါဦး။ နတ်ဆေးသမားတော်လေးက အလွန်လျင်မြန်စွာ ကုသနိုင်တယ်ထားဦး … လူတစ်ဦးကို သုံးမိနစ်ကနေ ငါးမိနစ်လောက်ပဲ ကုသပေးရင်တောင်မှ ဒီနေ့ သမီးတို့ရဲ့အလှည့်ရောက်ပါ့မလား မေမေရဲ့။ လူအုပ်က ကြည့်လိုက်ရုံနဲ့တင် ပုရွက်ဆိတ်တွေလိုပဲ အများကြီး။” ထျန်းရှောင်မန်က ကူကယ်ရာမဲ့စွာ ပြောမိသည်။

"ခဏ စောင့်ကြည့်ရအောင်။" ကျောက်ချင်းက အားတင်းကာ ပြုံးပြသည်။

ထျန်းရှောင်မန်သည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကို သိသည်။ သူမအား အမြဲနာကျင်စေသည့် နှလုံးရောဂါဝေဒနာ တစ်မျိုးရှိသော်လည်း ရောဂါ၏ပြဿနာ သို့မဟုတ် အခြေအနေကို မည်သူမျှ မဖော်ထုတ်နိုင်ခဲ့ပေ။ သည်ဟာသည် မိခင်ဖြစ်သူအား သောကရောက်စေပြီး စိတ်အနှောင့်အယှက် ဖြစ်စေသည်။ မိခင်သည် ထိုနတ်ဆေးသမားတော်လေး ထန်ရှုအား ရောဂါရှာဖွေ ကုသရန် အမှန်တကယ် အလိုရှိသောကြောင့် သူမကိုယ်တိုင် အဖော်လိုက်ခဲ့ခြင်း ဖြစ်သည်။

ဘေးပတ်ပတ်လည်ကို ကြည့်ကာ ထျန်းရှောင်မန် စိတ်တွင်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း "ငယ်ရွယ်တဲ့ နတ်ဆေးသမားတော်တစ်ယောက်အနေနဲ့ ကျော်ကြားတဲ့ ဒီထန်ရှုက တကယ့်ကို အံ့အားသင့်စရာပဲ။ သူရဲ့ဆေးကုသမှုကို လုပ်ပေးဖို့ ဒီတရုတ်တိုင်းရင်းဆေးရုံသို့ လာရုံသာဖြစ်တာတောင် လူနာများစွာက သူ့ကို အသိအမှတ်ပြုထားပြီး ပြသဖို့ လာခဲ့ကြတယ်။ သူက ငါတို့မျိုးဆက်ရဲ့စံပြတစ်ယောက်။ ငါ့ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုချန်နယ်က အရမ်း နာမည်ကြီးပြီး သစ္စာရှိတဲ့ ပရိသတ်တွေ အများကြီး ရှိတယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ…”

ရုတ်တရက် သူမ၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်လာသောကြောင့် သူမ၏အမူအရာသည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ရင်း သူမ၏မျက်ဝန်းထဲက အလင်းရောင်သည် ပိုမိုတောက်ပလာရသည်။ သူမ၏မျက်လုံးများသည် နောက်ဆုံးတွင် အနီးနားရှိ မိသားစုသုံးစုကို ရောက်သွားကာ

"ဟဲလို … ကျွန်မ ရှင့်ကို တစ်ခုလောက် မေးလို့ရမလား။"

ကလေးကို ပွေ့ချီထားသည့် အမျိုးသမီးငယ်က အပြုံးဖြင့်

“ဘာမေးချင်တာလဲ။”

"ရှင်လည်း နတ်ဆေးသမားတော်လေးအတွက် ဒီကို ရောက်နေတာလား။" ထျန်းရှောင်မန်က မေးလိုက်သည်။

အမျိုးသမီးငယ်က ခေါင်းညိတ်ပြီး

“ဟုတ်ပါတယ်။ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့ နတ်ဆေးသမားတော်လေးဆီ လာခဲ့တာပါ။ အစ်မရဲ့သမီးက ကျန်းမာရေးချို့တဲ့နေပြီး ကျောက်ကပ်ရောဂါ ဖြစ်နေတယ်။ အစ်မတို့တွေ ပိုက်ဆံအများကြီး အကုန်ခံပြီး ဆေးရုံ တော်တော်များများကို သွားခဲ့ပေမယ့် ကလေးအတွက် ပျောက်ကင်းဖို့ ကုသဆေးမရှိခဲ့ဘူး။ နတ်ဆေးသမားတော်လေးက အစ်မသမီးရဲ့ရောဂါကို ကုသပေးနိုင်တယ်လို့ ကြားတဲ့အတွက် ကျင်းမန်ကျွန်းကနေ အမြန်ပြေးလာခဲ့ကြတာ။ အစ်မတို့ ဒီမှာ စောင့်နေတာ ရက်အတော်ကြာနေပြီ။”

ထျန်းရှောင်မန်၏မျက်လုံးလေးများ ပြူးကျယ်သွားရပြီး အလန့်တကြား ပြောမိသည်။

“ရှင်က ကျင်းမန်ကျွန်းက လာတာဟုတ်လား။ နောက်ပြီး စောင့်နေခဲ့တာ ရက်အတော်ကြာနေပြီတဲ့လား။”

“ဟုတ်ပ။ ဒီလိုကိစ္စလေးအတွက် ဘာကြောင့် နင်က အလန့်တကြား ဖြစ်သွားရတာလဲ။ ဒီကိုရောက်နေတဲ့ လူနာတစ်ဝက်ကျော်က သမားတော်လေးရဲ့ ဂုဏ်သတင်းကို ကြားပြီး နိုင်ငံတဝှမ်းက ရောက်လာကြတာလေ။ တချို့ဆို စောင့်နေကြတာ တစ်လကျော်ပြီလို့ ငါ ကြားတယ်။” အမျိုးသမီးငယ်က ဆိုသည်။

…ဒုတ်…ဒုတ်…ဒုတ်…

သူမ၏နှလုံးသားသည် ကဆုန်ပေါက်စွာ တုန်လှုပ်နေသည်ဟု ထျန်းရှောင်မန် ခံစားနေရသည်။ ထိုအံ့သြတုန်လှုပ်မှုသည် သူမအား အချိန်အတန်ကြာသည့်အထိ မတည်မငြိမ် ဖြစ်စေခဲ့သည်။ အချိန်အတန်ကြာပြီးနောက် သူမ၏ဖုန်းကို ထုတ်ယူရန် သတိရမိပြီး သူမ၏လိုက်ဖ်လွှင့်သောနေရာအား ဝင်လိုက်သည်။

“ဝု… လိုက်ဖ်လွှင့်တဲ့ မိန်းကလေးက မထင်ထားဘဲ အခု လိုင်းပေါ်မှာ ရှိနေတယ်ဟ။ သိပ်ကောင်းတယ်။”

“နေ့တိုင်း လိုက်ဖ်လွှင့်ချိန်က ည၈နာရီမှ မဟုတ်လား။ သူမလေး လိုင်းတက်လာရင် သိအောင် သတိပေးတဲ့ဟာလေး ထည့်ထားတာ ကံကောင်းသွားတယ်။ နို့မဟုတ်ရင် နတ်ဘုရားမလေးနဲ့ လွဲသွားတော့မှာပဲ။”

“မန်မိန်းကလေးက ဒီအချိန်ကြီး လိုင်းတက်လာတာလား။ ထူးဆန်းတယ် … မိန်းကလေး နင် ဘယ်ရောက်နေတာလဲ။ နင့်ဘေးနားမှာ ဘယ်လိုဖြစ်ပြီး လူတွေအများကြီး ရှိနေတာလဲ။”

“နတ်ဘုရားမလေးရေ … မင်း ဘယ်နေရာကို ရောက်နေတာလဲ။”

“မင်း အခု ဘယ်အခြေအနေထဲ ရောက်နေတာလဲ မန်မန်…”

“…”

ထျန်းရှောင်မန်သည် သူမ၏လိုက်ဖ်နေရာတွင် ပေါ်လာရုံ ရှိသေးသည်။ အွန်လိုင်းပေါ်တွင် ရှိနေသော လူအရေအတွက် မြင့်တက်လာခဲ့ရာ မိနစ်အနည်းငယ်အတွင်း လူပေါင်း ၄၀၀၀ကျော် ဖြစ်လာခဲ့တော့သည်။

မှတ်ချက်စကားများအား လိုက်ဖတ်ပြီးနောက် ထျန်းရှောင်မန်က ညင်သာစွာ ချောင်းဆိုးလိုက်ပြီး

“ဟယ်လို အားလုံးပဲ … ကျွန်မက နေ့တိုင်း ည၈နာရီမှ လွှင့်တာပါ။ ဒါပေမယ့် ဒီနေ့ ကျွန်မ အလွန်ကြီးမားတဲ့ ဖြစ်ရပ်တစ်ခုနဲ့ ကြုံခဲ့ရတယ်။ ဒါက မထင်ထားတဲ့ အရာလို့ ကျွန်မ ဆိုနိုင်ပေမယ့် ရှင်တို့အားလုံးကို ကျွန်မ မျှဝေပေးချင်မိတယ်။”

“ရှင်တို့ ကျွန်မရဲ့ဘေးနားက လူတွေကို မြင်လား။ ဒီလူပင်လယ်ကြီးကို မြင်ရဲ့လား။ ကျွန်မ အခု ရွှမ်းချင်ဒေသရဲ့ ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံကို ရောက်နေပါတယ်။ ဒီနေ့မှာတော့ နတ်ဆေးသမားတော်လေးက သူ့ရဲ့ဆေးကုသမှုကို လာရောက်လုပ်ဆောင်ပေးနေတဲ့အတွက် ထောင်သောင်းချီတဲ့ လူနာတွေက သမားတော်လေးရဲ့ ဂုဏ်သတင်းကို ကြားပြီး နိုင်ငံတဝှမ်းက ရောက်လာကြတာလေ။ ကျွန်မ ဒီအခြေအနေကို သိရတဲ့အချိန်မှာ အံ့သြတုန်လှုပ်လွန်းလို့ ကျွန်မရဲ့နှလုံးသားလေးက ခုန်ထွက်တော့မလိုပဲ။ တချို့တွေက တနယ်တကျေးက လာကြ။ တချို့က ရက်အနည်းငယ် စောင့်ကြ။ တချို့က တလကြိုပြီးတော့ကို စောင့်ကြပေါ့။ ဘော်ဒါတို့တွေ … အဲ့ဒီလူအုပ်ကြီးကို မြင်ကြတယ်မလား။ သူတို့အားလုံးက နတ်ဆေးသမားတော်လေးကို တွေ့ချင်၊ ရောဂါအစစ်ဆေးခံ ကုသခံချင်ကြတဲ့သူတွေချည်းပါပဲ။ ဒီအချင်းအရာက နတ်ဆေးသမားတော်လေး ဘယ်လောက်တော်ပြီး ဘယ်လောက်အရည်အချင်း ရှိတယ်ဆိုတာ ကျွန်မအတွက် စိတ်မှန်းနဲ့ ပြောပြလို့ မရနိုင်အောင်ကို ဖြစ်စေတယ်။ ဘာအတွက်ကြောင့်များ လူများစွာက သူ့ဆီ လာတွေ့ပြီး ရောဂါအကြောင်း တိုင်ပင်ကာ ကုသမှုခံယူကြပါသလဲ။”

"ဒီလိုအချင်းအရာမျိုး မင်းတို့တွေ မြင်ဖူးလား။ အဲ့ဒီနေရာမှာ ဆရာဝန်ဆီ လာပြတဲ့ လူနာတွေက တအားများလွန်းလို့ ပြည်သူ့လုံခြုံရေးဗျူရိုက ရဲတွေတောင်မှ ထိန်းသိမ်းဖို့ လာပေးရတယ်။ ကျွန်မကိုယ်တိုင် ဆေးရုံအပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ ဆေးရုံအတွင်းရော အပြင်မှာပါ ရဲတပ်ဖွဲ့ဝင်အရေအတွက်က အခုဆို အနည်းဆုံး ရာဂဏန်းအထိ ရောက်နေပြီ…”

ထျန်းရှောင်မန်၏ရှင်းပြချက်နှင့်အတူ မှတ်ချက်ကဏ္ဍသည် ရိုးရှင်းစွာ ဝုန်းဆန်သွားတော့သည်။ သူမ၏ပရိသတ်အများအပြားသည် ၎င်းတို့၏စာများကို အဆက်မပြတ် တင်ကြသည်။

"ဘုရားသခင် … မင်းက ငါတို့ကို နောက်နေတာ မဟုတ်ဘူးလား မိန်းကလေး မန်မန်။ အနောက်တိုင်းဆေးပညာက တရုတ်ရိုးရာ ဆေးပညာထက် ပိုမိုအစွမ်းထက်ပြီး ယုံကြည်စိတ်ချရတယ်လေ။ ကြယ်တာရာ တိုင်းရင်းဆေးရုံက ဆေးရုံလေး တစ်ခုပဲ။ သူတို့တွေက ဒီလိုကြီးကျယ်တဲ့ နာမည်ကောင်းကို ဘယ်လို ရနိုင်မှာတုန်း။”

"နတ်ဘုရားမလေးမန် … အဲဒါက တကယ့်အစစ်လား ဒါမှမဟုတ် အတုလား။ နတ်ဆေးသမားတော်လေးက အမှန်တကယ် ကျွမ်းကျင်တာလား။ သူက လူလိမ်လူကောက်လား ဒါမှမဟုတ် ဘာလား။”

“ကိုယ့်လူ … အဲဒါ မယုံနိုင်စရာပဲ။ ငါက ဒီလောက် လူတွေများနေတာကို ကြီးကြီးမားမား အဖြစ်အပျက်တစ်ခု ဒါမှမဟုတ် အဲ့ဒီလိုမျိုး အဖြစ်အပျက်တစ်ခုလို့ ငါ ထင်ခဲ့တာ။ ဆေးရုံလို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။”

“နတ်ဆေးသမားတော်ထန် … ငါ သူ့ကို သိတယ်။ သူက ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံက အကျွမ်းကျင်ဆုံး နတ်ဆေးသမားတော် ထန်ရှုပဲ။ ငါတို့မိသားစုမှာ အလွန်နာကျင်တဲ့ နာတာရှည် ရောဂါသည်ဆွေမျိုးတစ်ဦးရှိခဲ့ပေမယ့် အဲ့ဒီသမားတော်လေးကြောင့် နေကောင်းလာခဲ့တယ်။”

"ချစ်စွာသောမန်ရေ … ကြယ်တာရာတိုင်းရင်းဆေးရုံမှာ မင်း ဘာလုပ်နေတာလဲ။ နေမကောင်းလို့လား ဒါမှမဟုတ် အခြေအနေဆိုးနေလို့လား။"

“…”

မှတ်ချက်များသည် ရပ်တန့်ခြင်းမရှိဘဲ တရစပ်ကို တက်နေခဲ့သောကြောင့် ထျန်းရှောင်မန်ကိုယ်တိုင်ပင် လိုက်မမီနိုင်တော့ပေ။ သို့သော်လည်း သူမ ဖြေနိုင်သော ပြဿနာများရှိသည့် စာအချို့ကို ကောက်ယူနေဆဲဖြစ်ပြီး သူမ သိထားသည်များကို ပြောပြပေးခဲ့သည်။

မိခင်ဖြစ်သူသည် ဆရာဝန်နှင့်တွေ့နိုင်ရန်အတွက် ထျန်းရှောင်မန်က အဖော်လိုက်ပေးသည်ကို သူမ၏ပရိသတ်များက သိလိုက်သည့်အခါ ကောင်းချီးပေးမှု၊ လေးစားမှု၊ လှူဒါန်းမှုနှင့် ဆုလာဘ်များ ပါဝင်သည့် မှတ်ချက်များသည် တောက်လျှောက် တက်လာနေခဲ့သည်။ ဆုငွေများနှင့် လှူဒါန်းမှုပုံစံဖြင့် ငွေအမြောက်အမြား ပေးခဲ့သော ဒေသခံ သူဌေးအချို့ပင် ရှိသေးသည်။ လျင်မြန်စွာပင် ပမာဏနှင့် အရေအတွက်သည် ယခင်က သူမ၏ ပုံမှန်လစဉ် တိုက်ရိုက်ထုတ်လွှင့်မှု စုစုပေါင်းအရေအတွက်ထက် ပိုမို မြင့်တက်လာခဲ့သည်။

ထျန်းရှောင်မန်သည် စိတ်လှုပ်ရှား ဝမ်းသာနေခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်ပြီး နာရီဝက်အကြာတွင် သည်မျှကြီးကျယ်စွာ ရိတ်သိမ်းရလိမ့်မည်ဟု သူမ စိတ်ကူးမယဉ်ခဲ့ဖူးပေ။ သို့သော် မမျှော်လင့်ထားဆုံး အရာမှာ သူမ၏တိုက်ရိုက်ချန်နယ်တွင် ကြည့်ရှုသူ အရေအတွက် ဆက်လက်တိုးမြင့်လာကာ ဒေသတွင်း ချမ်းသာကြွယ်ဝသူများက ငွေကြေးများစွာ ပေးခဲ့ခြင်းကြောင့် ဝဘ်ဆိုဒ်စီမံခန့်ခွဲရေးမှ သတိပြုမိခဲ့ခြင်း ဖြစ်လေသည်။

"ငါက စင်ပေါ်ကလား။ အမြင့်နေရာမှာ ချိတ်ခံလိုက်ရပြီလား။"

ထျန်းရှောင်မန်သည် သူမ၏မိုဘိုင်းဖုန်းမျက်နှာပြင်ပေါ်မှ ကြည့်ရှုသူနှင့် ပရိသတ်အရေအတွက်ကို ပြသထားသည့် နေရာအား ကြည့်လိုက်သည်။ သိသိသာသာ တိုးလာသည်ကို မြင်လိုက်ရချိန်တွင် သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူမ၏ အံ့သြတုန်လှုပ်နေသည့် အမူအရာမှာ ဖြူစင်ပြီး ချစ်စရာကောင်းလွန်းသောကြောင့် ဆုကြေးငွေနှင့် လှူဒါန်းမှုများ ပိုမိုရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင် ပရိသတ်များနှင့် ကြည့်ရှုသူ အများအပြားသည် သူမ၏လိုက်ဖ်လွှင့်မှုအား ဒေါင်းလုဒ်လုပ်ကာ ဗွီဒီယိုဖိုင်အဖြစ် တည်းဖြတ်လိုက်ကြပြီး မီဒီယာချန်နယ်အမျိုးမျိုးမှ မျှဝေခဲ့ကြသည်။ ချက်ချင်းဆိုသလိုပင် ကြယ်တာရာတွင် အဖြစ်အပျက်ကြီးတစ်ခု ရှိသည်ကို လူတော်တော်များများ သိသွားကြပြီး ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင် လူနာကို အသက် ပြန်ရှင်စေနိုင်အောင် ထူးချွန်ထက်မြက်သော ဆေးပညာ ကျွမ်းကျင်မှုရှိသည့် သမားတော်လေးတစ်ယောက် ရှိနေသည်ကိုပါ သိလိုက်ရတော့သည်။

အဆိုပါ ဗီဒီယိုဖိုင်များထဲတွင် "ရဲများသည် ဆေးရုံ၏ အစောင့်အရှောက်အဖြစ် ဆောင်ရွက်သည်။" စာတန်းများ ကိုင်ဆောင်ထားသော လူအများအပြား ပါရှိသည်။ အကြောင်းမှာ ၎င်း၏ချန်နယ်ငယ်လေးတွင် တိုက်ရိုက်ထုတ်လွှင့်နေသည့် သေးသွယ်သည့် လူငယ်လိုက်ဖ်လွှင့်သူတစ်ယောက် ရှိနေပြီး သူမ၏ ဗီဒီယိုအား ချန်နယ်အမျိုးမျိုးတွင် အဆက်မပြတ် မျှဝေနေခြင်း၊ ထပ်ဆင့်မျှဝေခြင်းနှင့် အဆက်မပြတ်ပျံ့နှံ့နေခြင်းတို့ကြောင့် ထိုသေးငယ်သောအရာလေးမှသည် မခန့်မှန်းနိုင်အောင် ကြီးမားသောအရာအဖြစ်သို့ ဦးတည်သွားသောကြောင့် ဖြစ်ပေသည်။

****

နေ့လည် ၁၂နာရီထိတိုင် ထန်ရှုသည် လူနာများ နှင့် ရောဂါအကြောင်း တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူနေဆဲ ဖြစ်သည်။ တစ်မနက်ခင်းလုံးတွင် သူသည် နည်းနည်းလေးမျှ အချိန်မဖြုန်းတီးဝံ့ပေ။ သို့တိုင် မနက်ခင်း၌ လူနာအယောက် ၆၀ လောက်သာ ကုသပေးနိုင်ခဲ့သည်။ အလွန်ဒုက္ခပေးသော ရောဂါ ခံစားနေရသည့် လူနာနှစ်ဦး ရှိခဲ့သောကြောင့် ထို၂ယောက်အား အတွင်းလူနာဆောင်သို့ အရင်တက်ခိုင်းလိုက်ရပြီး ဆွေးနွေးကုသမှု ပြီးဆုံးသောအခါ ၎င်းတို့အား ကုသရန် အတွင်းလူနာဆောင်သို့ သွားမည်ဖြစ်သည်။

"ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ အားလုံးပဲ ကျေးဇူးပြုပြီး လမ်းဖွင့်ပေးပါ။”

လီဟွန်ဂျီနှင့် အခြားဆေးရုံခေါင်းဆောင်များသည် လူနာစမ်းသပ်ခန်းထဲသို့ ဝင်ရောက်ရန် အတော် ကြိုးစားခဲ့ရသည်။

ထန်ရှုသည် သီးခြားခွဲထားသော ကန့်လန့်ကာ ပိတ်ခန်းအတွင်း လူနာတစ်ဦးအား အပ်စိုက်ကုသပေးနေသည်ကို လီဟွန်ဂျီ မြင်သောအခါ ထန်ရှု ထွက်လာမည့်အချိန်အား စောင့်ဆိုင်းနေသည်။

“ဒေါက်တာထန် … နေ့လည်တောင် ရောက်တော့မယ်။ ကျေးဇူးပြုပြီး ခဏအနားယူရင်း တစ်ခုခုစားဖို့ ကော်ဖီဆိုင်ကို သွားပါလား။ ငါတို့မှာ လူနာအများကြီး ရှိသေးတယ်။ နေ့လည်ခင်းမှာ သူတို့ကို ဆေးကုသပေးဖို့ အလုပ်ဆက်လုပ်ကြတာပေါ့။” လီဟွန်ဂျီက ပြောသည်။

ထန်ရှု တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ရင်း

“ကျွန်တော် ဒီမှာပဲ စားလိုက်မယ်။ တစ်ယောက်ယောက်ကို အစားအစာ ဒီနေရာ ယူဆောင်လာဖို့ တောင်းဆိုလို့ရမလား ဆေးရုံအုပ်ကြီးလီ။ ဆက်မလုပ်ခင် စားလိုက်မလို့။"

လီဟွန်ဂျီ အံ့အားသင့်သွားသည်။ သူက မချိပြုံး ပြုံးပြီး “ဒေါက်တာထန် … ကျေးဇူးပြုပြီး အလုပ်နဲ့ အနားယူတာကို တလှည့်စီလုပ်ပါ။”

ထန်ရှုက ဝန်လေးသည့် အမူအရာဖြင့် ပြန်ပြောလိုက်သည်။

"အနားယူပြီး တစ်လှည့်စီ လုပ်ရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ လူနာတွေ အရမ်းများနေတော့ အချိန်ကို မြန်မြန်ဆန်ဆန်နဲ့ ထိရောက်စွာ အသုံးမချနိုင်ရင် မနက်ဖြန်မနက်မှာ အပြီးမသတ်နိုင်မှာကို စိုးရိမ်တယ်။”

လီဟွန်ဂျီက နောက်ထပ် အားတင်းပြုံးပြရင်း  “ဒေါက်တာထန် … မင်း မြန်မြန် လုပ်ချင်ရင်တောင် မနက်ဖြန်မနက်မှာ မင်း သူတို့ကို ကုသလို့ပြီးမှာ မဟုတ်ဘူး။ အပြင်မှာ … ကောင်းပြီ ငါ ပြောပြမယ်။ အပြင်မှာ လူနာတွေ အရမ်းများနေတယ်။ အခုအချိန်မှာတော့ ဆေးရုံဝင်းထဲတင် လူတွေ ပြည့်နေတာမဟုတ်ပဲ ဆေးရုံအပြင်ဘက်ထိကို လူစည်ကားနေပြီ။ ပြည်သူ့လုံခြုံရေးဗျူရိုကနေ ရာနဲ့ချီတဲ့ ရဲအရာရှိတွေကို စေလွှတ်ထားပေမယ့် တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သေးဘူး။ လူနာတွေက မင်းကို မတွေ့မချင်း ထွက်သွားမှာမဟုတ်ဘူး။”

"ဘာရီး…" ထန်ရှု၏မျက်လုံးများသည် မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် ပြူးကျယ်သွားရသည်။ ခဏအကြာတွင် သူက

“ဒီနေ့ နံပါတ်ရထားတဲ့ လူနာတွေပဲ ကုသမှု ခံယူနိုင်တယ်ဆိုတာ ခင်ဗျား သူတို့ကို ပြောခဲ့တယ် မဟုတ်လား။ သူတို့ နံပါတ်မရရင် မနက်ဖြန် ထပ်လာဖို့ မပြောထားဘူးလား။"

လီဟွန်ဂျီက အနေရခက်စွာ ပြုံးကာ

“ငါ သူတို့ကို ပြောတာပေါ့။ ငါတို့ဆေးရုံရဲ့ လုံခြုံရေးအစောင့်တွေက အကြိမ်ပေါင်း ဒါဇင်နဲ့ချီပြီး ကြေညာနေတာကို မထွက်သွားချင်ကြဘူး။ ဒါဟာ ရိုးရှင်းစွာကို အသုံးမဝင်ပါဘူး။ သူတို့ကို မောင်းထုတ်ဖို့ လူလည်း မလွှတ်ချင်ဘူး။"

ထန်ရှု တံတွေးတစ်ချက် မျိုချလိုက်ပြီး

“ကျွန်တော် ဒီလောက်အများကြီး စီမံနိုင်မှာ မဟုတ်ဘူး။ ဆေးရုံအုပ်ကြီးလီ … အဲ့ဒါကို ကြီးကြပ်ဖို့ တစ်ယောက်ယောက် လွှတ်ပေးပါ။ တန်းစီနံပါတ်ရှိသူတွေကို ကုသမှုပေးမယ်ဆိုတာ သူတို့ကို ပြောပြပေးပါ။ မရှိတဲ့သူတွေကိုလည်း ဒီနေ့ တန်းစီတဲ့ လိုင်းနံပါတ်အတိုင်း နံပါတ်ပေးပြီး မနက်ဖြန်မနက် စောစောလာဖို့ ပြောပါ။ လူနာများဆီ ဖြန့်ဝေပေးတဲ့ အရေအတွက်စုစုပေါင်းက ဒီနေ့အတိုင်း တူရမှာကို သတိရပေးပါ။”

"ကောင်းပါပြီ။"

All Chapters