← Chapters

ပုန်းကွယ်နေသောစွမ်းရည်များ

Vol. 10 Ch. 500

ပုန်းကွယ်နေသောစွမ်းရည်များ

Vol. 10 Ch. 500

လူတန်းအုပ်ကြီးသည် ရှေ့သို့ ငါးမီတာ ရွေ့သွားပြီးနောက် သက်လတ်ပိုင်းအရွယ်အမျိုးသားက “မင်းက အိပ်ပျော်နေတော့ နတ်ဆေးသမားတော်ထန် ရောက်လာတာကို မတွေ့လိုက်တာနေမယ်။ သမားတော်ထန်က လူနာရှစ်ဦးကို ရောဂါရှာဖွေကုသပြီးဖြစ်လို့ တန်းစီတာက ရှေ့ကို ရွေ့သွားတာ။”

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ နတ်ဆေးသမားတော်ထန်က ဘယ်လိုဖြစ်ပြီး ဒီလောက် အစောကြီး ရောက်လာတာလဲ။ မနေ့ညက သူ ပြန်တာ နောက်ကျသွားတယ်လို့ ကျွန်မ ကြားတယ်။” ထျန်းရှောင်မန်က အံ့အားသင့်စွာပြောသည်။

“ဒါက စိတ်နှစ်မြှုပ်မှုနဲ့ကျွမ်းကျင်မှုကြောင့်လို့ ဆိုရမှာပါ။ နောက်ပြီး နတ်သမားတော်ရဲ့ စိတ်စေတနာလည်း ပါတယ်။ မနေ့က နတ်ဆေးသမားတော်ထန်က လူနာ ၁၆၆ယောက်ကို ရောဂါရှာဖွေကုသပေးခဲ့ပြီး ဒီနေ့လည်း တူညီတဲ့ လူနာအရေအတွက်အတိုင်း ကုသပေးမှာတဲ့။ သူ့ရဲ့ ကုသမှုအမြန်နှုန်းပဲဖြစ်ဖြစ်၊ သူ ကုသတာရဲ့  အကျိုးသက်ရောက်မှုကပဲဖြစ်ဖြစ် လူတိုင်းရဲ့ လေးစားမှုကို ခံယူထိုက်ပါတယ်။

သည်စကားကို ကြားသည့်အခါ ထျန်းရှောင်မန်က ဘာပြန်ပြောရမည်မှန်းမသိ ဖြစ်သွားရသည်။ ယနေ့ခေတ်တွင် ဆရာဝန်များနှင့် လူနာများအကြား မပြေလည်သော ဆက်ဆံရေးများသည် ပြဿနာများအဖြစ် မကြာခဏဆိုသလို ဖော်ပြခံနေရသည်။ သူမကိုယ်တိုင်လည်း ဆေးရုံတော်တော်များများကို ရောက်ဖူးပြီး ဆရာဝန်များစွာနှင့် တွေ့ဆုံခဲ့သော်လည်း သည်တစ်သက်တွင် ဤမျှ ကောင်းမွန်သော သမားတော်တစ်ဦးနှင့် တွေ့ဆုံရန် တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။

"ဟုတ်တယ်။ တကယ့်ကို ချီးကျူးစရာပါပဲ။” ထျန်းရှောင်မန် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"အမှန်ပဲ။ အရမ်း လေးစားစရာ ကောင်းတယ်။”

"မြင့်မြတ်တဲ့ သမားတော်ကောင်းတစ်ယောက်ပဲ။"

"ဒီကမ္ဘာမှာ နတ်ဆေးသမားတော်ထန်လို ဆရာဝန်တွေ၊ သမားတော်တွေ များရင် ဘယ်လောက် ကောင်းလိုက်မလဲ။"

“ဟုတ်တယ်။ ငါးနာရီလောက်ပဲ အနားယူပြီး ဆေးရုံပြန်လာတာက ရှားပါတယ်။”

“…”

တန်းစီစောင့်ဆိုင်းနေကြသော လူနာများအားလုံးက ချီးကျူးစကား ဆိုကြသည်။ သူတို့၏ အမူအရာများမှ လေးစားမှု၊ ရိုသေမှုနှင့် အခြားခံစားချက်အမျိုးမျိုးကို စိတ်အားထက်သန်သော ထျန်းရှောင်မန်သည် မြင်နိုင်ပေသည်။

"ကျေးဇူးပြုပြီး လမ်းလေး ဖယ်ပေးပါ။"

ကျယ်လောင်ပြတ်သားသော အသံတစ်ခုအား ကြားလိုက်ရသည်။ လူအများအပြားသည် အနောက်ဘက်သို့ လှမ်းကြည့်မိကြပြီး ရောက်ရှိလာသူများကို တွေ့သောအခါ အမြန် လမ်းဖယ်ပေးခဲ့ကြသည်။

“ဆေးရုံက ရာထူးကြီးသူတွေကိုယ်တိုင် ဒီလောက် စောစောလာမယ်လို့ မမျှော်လင့်ထားဘူး။ နတ်ဆေးသမားတော်ထန်ကြောင့် လာတာနေမယ်။” ထျန်းရှောင်မန်က ထိုသူတို့ကို မြင်သော် တီးတိုးသံဖြင့် ပြောမိသည်။

သက်လတ်ပိုင်းအရွယ်လူက ခေါင်းညိတ်ပြီး

“ဒါပေါ့။ နတ်ဆေးသမားတော်ထန်က သူရဲ့ ဆေးကုသမှုတွေကို သုံးရက်ပဲ ဆောင်ရွက်ပေးနိုင်တာ။ ဆေးရုံရဲ့ ရာထူးကြီးပိုင်းကလူတွေက သမားတော်ထန်နဲ့အတူ လာတက်ပေးတာနေမယ်။”

“ဒီလောက် ချဲ့ကားတာ ဘယ်လိုဖြစ်နိုင်မှာလဲ ဦးလေးရ။ ဆေးရုံအုပ်က နတ်ဆေးသမားတော်ထန်ရဲ့ သက်ရောက်မှုကို ခံခဲ့ရလို့နေမယ်။ အိမ်မှာ အနားယူရမှာ ရှက်တော့ စောစောလာဖို့ပဲ ရွေးချယ်တာနေမှာပေါ့…” ထျန်းရှောင်မန်က ရယ်ရယ်မောမော ပြောလိုက်သည်။

“ဟားဟားဟား…”

လူနာစမ်းသပ်ခန်းထဲတွင်…

ထန်ရှုသည် စစ်ဆေးကုသပြီးသော လူနာအား ပြန်လွှတ်လိုက်ရုံ ရှိသေးချိန်တွင် လီဟွန်ဂျီက ချူကောရှုံးနှင့်အတူ ဝင်လာသည်ကို သူ မြင်လိုက်ရသည်။ ထိုသူနှင့်မတွေ့ရသည်မှာ လအတော်ကြာပြီးနောက်တွင် ပိုပိန်သွားဟန် ရှိသည်။ ထိုသူသည် သူ၏အနားသို့ ပိုမိုနီးကပ်လာသည်နှင့်အမျှ ထိုသူ့ထံမှ ဆေးပင်များ၏သင်းရနံ့ဖျော့ဖျော့အား ရရှိနိုင်ပေသည်။ မကြာသေးမီက ဆေးပင်များအား ထိတွေ့ခဲ့ကြောင်း သိသာနေပေသည်။

“သမားတော်ထန် … ငါ ဂျူနီယာညီလေးကို ခေါ်လာတယ်။” လီဟွန်ဂျီက ပြုံးပြုံးရွှင်ရွှင် စကားဆိုလိုက်သည်။

ထန်ရှုက ချူကောရှုံးကို ကြည့်ရင်း

"ခင်ဗျား ကျွန်တော့်ကို မမေ့သေးဘူးမဟုတ်လား။"

ချူကောရှုံးက မချိပြုံး ပြုံးရင်း

"ငါ ဘယ်သူလဲဆိုတာကို မေ့ကောင်းမေ့သွားနိုင်ပေမယ့် နတ်ဆေးသမားတော်လေးထန်ကို ငါ ဘယ်လို မေ့နိုင်မလဲ။ မင်းက ငါ့ကို ကျင်းမန်ကျွန်းမှာ သင်ခန်းစာကောင်းတစ်ခု ပေးခဲ့တယ်။ သမုဒ္ဒရာကို စည်ပိုင်းဖြင့် ချိန်တွယ်၍မရသလိုပဲ အခြားသူတွေရဲ့ပြင်ပပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး ဘယ်သောအခါမှ အကဲမဖြတ်ရဘူးဆိုတဲ့ စစ်မှန်သော အဓိပ္ပါယ်ကို မင်းက ငါ့ကို နားလည်စေခဲ့တယ်။ ဒါကြောင့် အရင်က ဖြစ်ခဲ့တဲ့ ကိစ္စတွေအတွက် ငါ တောင်းပန်ပါတယ်။"

“ပြီးခဲ့တာတွေ ထားလိုက်ပါတော့။” ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းပြီး အပြုံးဖြင့် ပြောလိုက်သည်။ “တရုတ်တိုင်းရင်းဆေးပညာ တတ်ကျွမ်းသူတွေအနေနဲ့ ကျွန်တော်တို့အတွက် အရေးကြီးဆုံးအချက်က စိတ်ဓာတ်ရှင်းလင်းပြီး အမြင်ကျယ်ကျယ် ရှိဖို့၊ သီလနဲ့ အကျင့်စာရိတ္တက ကျွန်တော်တို့ရဲ့တာအိုကို ညွှန်ပြတဲ့ နည်းလမ်းဆိုတာကို နားလည်ဖို့ဆိုတာတွေပါပဲ။ ကျွန်တော် ခင်ဗျားကို ဘာကြောင့် ဖိတ်ခေါ်တာလဲဆိုတာ ဆေးရုံအုပ်လီက ပြောပြပြီးပြီလို့ ကျွန်တော် ယုံထားတယ်။ ဘယ်လိုလဲ … ကျွန်တော့်ကို ဒီမှာ နှစ်ရက်လောက် ကူညီဖို့ ဆန္ဒရှိရဲ့လား။"

"ငါ့မှာ ဆန္ဒရှိပေမယ့် လူနာတွေက ငါ့ကို ထည့်မတွက်မှာစိုးတယ်။ သူတို့က အဝေးကြီးကနေ ကြယ်တာရာကို ရောက်လာရတဲ့ ရည်ရွယ်ချက်က သေချာတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့ပဲမဟုတ်လား။” ချူကောရှုံးက ပြောသည်။

"တကယ်တော့ ကုသလို့မရနိုင်တဲ့ ရောဂါတွေ ဒါမှမဟုတ် အဲ့ဒီလိုရောဂါမျိုးတွေ တစ်ခုခု မဟုတ်ဘူးဆိုရင် ခင်ဗျားအတွက် ပြဿနာဖြစ်မှာ မဟုတ်ဘူး။" ထန်ရှုက ပြုံးရင်း

“ဒီမှာ ကုသလို့မရတဲ့ရောဂါဝေဒနာရှင် အနည်းငယ်ပဲ ရှိမှာပါ။ ထို့ကြောင့် လူနာအားလုံးနီးပါးကို ခင်ဗျား ကုသလို့ရနိုင်တယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူ အလုပ်လုပ်ရင် လူနာတွေကို ပိုပြီး ကုသပေးနိုင်ရုံတင်မကဘူး ကျွန်တော်လည်း နည်းနည်းတော့ အနားရသွားတာပေါ့။ ဒါပေါ့ … ခင်ဗျား ကိုင်တွယ်ရခက်တဲ့ကိစ္စမျိုး ကြုံလာရင် ကျွန်တော်က ရောဂါရှာဖွေမှုကို ချက်ချင်း လုပ်ပေးမှာပါ။"

"ဒါဆို မင်းရဲ့ အစီအစဉ်ကို ငါလေးစားသလို မင်းရဲ့ ညွှန်ကြားချက်ကိုလည်း ငါ လိုက်နာပါမယ်။" ချူကောရှုံးက ခေါင်းညိတ်သည်။

ထို့နောက် ထန်ရှုက လီဟွန်ဂျီကို ကြည့်ပြီး အပြုံးဖြင့် "ဆေးရုံအုပ်လီ … လူနာ စမ်းသပ်ဖို့အတွက် နောက်ထပ်  စားပွဲနှစ်ခု ထပ်ထည့်ဖို့ ခင်ဗျားကို ဒုက္ခပေးရတော့မယ်။ ကျေးဇူးပြုပြီး နောက်ထပ်လက်ထောက်နှစ်ဦးလောက် ခေါ်ပေးပါဦးခင်ဗျာ။”

လီဟွန်ဂျီသည် ကြောင်တောင်တောင် ကြည့်ရင်း ပဟေဠိဖြစ်သွားသော အမူအရာဖြင့် မေးလာသည်။

“ဘာလို့ နောက်ထပ်စားပွဲနှစ်ခုကို လိုချင်တာလဲ။ တခြားလက်ထောက်တွေက ဘယ်သူတွေကို ခေါ်ပေးရမလဲ။”

“ကျွန်တော် သိသလောက်တော့ ဒီဆေးရုံမှာ ဆေးပညာကျွမ်းကျင်တဲ့ စီနီယာတရုတ်တိုင်းရင်းဆေးသမားတော်ဟူဆိုတာ ရှိတယ်မလား။ သူ အလုပ်ခွင်ကို ရောက်လာရင် ကျွန်တော့်ကို ကူညီပေးဖို့ ပြောပေးပါ။ ရောဂါရှာဖွေနေစဉ်အတွင်း ဒါမှမဟုတ် ကုသမှုခံယူစဉ်အတွင်း သံသယတစ်ခုခု ဒါမှမဟုတ် ပြဿနာတစ်စုံတစ်ခုနဲ့ ကြုံလာတယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ဆောင်ရွက်ပေးမယ်လို့ ပြောပေးပါ။ ” ထန်ရှုက ပြောလိုက်သည်။

လီဟွန်ဂျီ တခဏလောက် စဉ်းစားပြီးနောက် ပြုံးကာ ခေါင်းညိတ်ပြပြီး

“ဘာမှ ပြဿနာမရှိပါဘူး။ ငါ ဒါကို ကိုင်တွယ်လိုက်မယ်။ ဒါပေမယ့် သူတို့နှစ်ယောက်က မင်းနဲ့ပူးပေါင်းပြီဆိုတော့ ဒီနေ့ မင်းကုသမယ့် လူနာအရေအတွက်ကို တိုးပေးနိုင်မလား။"

"အရေအတွက် အများကြီးမတိုးပါနဲ့ လူ၁၀၀ လောက်ပဲ" ထန်ရှုက ခေါင်းညိတ်ပြီး ဖြေသည်။

“ကိစ္စမရှိပါဘူး။” လီဟွန်ဂျီက ပြုံးပြီးပြောသည်။ “ဘာပဲဖြစ်ဖြစ် လူတန်းက တော်တော်ရှည်တယ်။ လူ၁၀၀ထပ်ထည့်တာ မပြောနဲ့ … နောက်ထပ် လူ၅၀၀ ထပ်ထည့်ရင်တောင် လူတွေ အများကြီးကျန်မှာကို စိုးမိတယ်။”

ခဏအကြာတွင် လီဟွန်ဂျီသည် လူနာစမ်းသပ်ခန်းမှ ထွက်သွားသည်။ ထန်ရှုသည် ချူကောရှုံးအား စောင့်ဆိုင်းရန် အချက်ပြခဲ့ပြီး လူနာစမ်းသပ်မှုအား ဆက်လက်လုပ်ဆောင်သည်။

"နတ်ဆေးသမားတော်ထန် … ငါ့သမီးကို ကယ်ပေးရမယ်နော်။" ကုန်းလီချွင်သည် အသက်၉နှစ်အရွယ် မိန်းကလေးကို ဦးဆောင်ကာ စားပွဲရှေ့ ကုလားထိုင်ပေါ်တွင် ထိုင်စေပြီး ထန်ရှုအား ကြည့်လျက် တောင်းပန်သည့်အမူအရာဖြင့် ပြောလိုက်သည်။

ထန်ရှုသည် ကလေးမလေး၏လက်ကောက်ဝတ်အား သွေးခုန်နှုန်းကို စစ်ဆေးလိုက်ရင်း

"ခင်ဗျား သူ့ရဲ့ဆေးမှတ်တမ်း ယူလာသလား။ အရင် စစ်ဆေးချက်အရ ဘာရောဂါ ဖြစ်တာတဲ့လဲ။”

"သွေးကင်ဆာပါ။"

ကုန်းလီချွင်က ဆေးစစ်ချက်များအား ထန်ရှု၏အရှေ့သို့ တင်ပေးလိုက်သည်။ သူမသည် ဒီနှစ်တွင် အသက်၄၀ ရှိပြီဖြစ်သည်။ သူမ၏ယောကျာ်းသည် ကားမတော်တဆမှုဖြင့် ဆုံးပါးသွားသောကြောင့် သူမသည် မုဆိုးမဖြစ်ခဲ့ရပြီး သမီးဖြစ်သူသည်လည်း ဖတဆိုးလေး ဖြစ်ခဲ့ရသည်။ ကုန်းလီချွင်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုတွင် သင့်တော်သော လစာဖြင့် လုပ်နေသော လူစွမ်းအားအရင်းအမြစ်မန်နေဂျာတစ်ဦး ဖြစ်သည်။ မိသားစုဝင်၂ဦးသာ ရှိခဲ့သော သူမတို့ဘဝလေးသည် ယခင်က သက်တောင့်သက်သာ ရှိခဲ့သော်လည်း လွန်ခဲ့သော၆လက သမီးဖြစ်သူတွင် သွေးကင်ဆာရောဂါ ရှိသည်ကို စစ်ဆေးသိရှိရသောအခါ ကုန်းလီချွင်သည် အလုပ်ထွက်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။ ထို့နောက် သူမသည် သမီးအား လက်ဆွဲကာ ပေကျင်းနှင့် ရှန်ဟိုင်းတစ်ခွင်ရှိ ဆေးရုံများသို့ ဆေးကုသမှုခံယူရန်အတွက် သွားရောက်ခဲ့သည်။

သို့သော်လည်း သွေးကင်ဆာရောဂါအား ပျောက်ကင်းအောင် ကုသခြင်းဆိုသည်မှာ လုံးဝမဖြစ်နိုင်လုနီးပါး အလုပ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် သမီးဖြစ်သူအား နိုင်ငံခြားတွင် ကုသမှုခံယူရန်အတွက် ပြင်ဆင်နေရုံ ရှိသေးစဉ်တွင် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံ၌ ထူးခြားသော သမားတော်တစ်ယောက် အလုပ်လုပ်နေသည်ကို ကြားသိရသည်။ ထို့ကြောင့် သူမသည် မျှော်လင့်ချက်နှင့်အတူ သမီးဖြစ်သူ၏လက်ကိုဆွဲကာ ဆေးရုံသို့ အပြေးလာပြီး ကြယ်တာရာတွင် တစ်ပတ်ကျော် စောင့်နေခဲ့ခြင်းဖြစ်သည်။

ထန်ရှု၏မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ကူကယ်ရာမဲ့သော အမူအရာသည် သူ၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။ သူသည် နတ်ဆေးသမားတော်တစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်မည်ဆိုသည့်တိုင် သူ၏ကူကယ်ရာမဲ့သော အမူအရာသည် အဆိုပါရောဂါအား မကုသနိုင်ခြင်းကြောင့် ပေါ်လာသည်မဟုတ်ပေ။ ဆေးလောကမှ ယခုချိန်ထိ မဖြေရှင်းနိုင်သော ပိုမိုခက်ခဲသည့် ရောဂါအချို့ကိုပင် သူ ကုသနိုင်ပါသည်။ သို့သော် ထိုရောဂါများအား လူထုအရှေ့တွင် ကုသနိုင်သောကိစ္စသည် သူ့အား မလိုလားအပ်သော ဒုက္ခတွင်းထဲသို့ ဆွဲခေါ်သွားနိုင်ပေလိမ့်မည်။

ဘေးတွင် ရှိနေသော ချူကောရှုံးသည်လည်း မျက်နှာပျက်နေသည်။ ထန်ရှု၏ကုသမှုအား ပထမဆုံးမြင်ရမည့် ရောဂါမှာ ပျောက်ကင်းရန် ခက်ခဲသည့် သွေးကင်ဆာရောဂါ ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ ချူကောရှုံး၏ဆရာသခင်သည် ဆေးကုသမှုတွင် အလွန်တရာ ကျွမ်းကျင်သော မြင့်မြတ်သမားတော်တစ်ယောက် ဖြစ်သည့်တိုင် သွေးကင်ဆာရောဂါအား ကုသခြင်းသည် လွန်စွာ ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ကလေးမလေး၏သွေးခုန်နှုန်းအား စမ်းသပ်နေရင်း သူ၏စိတ်ဝိညာဉ်အာရုံအား ကလေးမလေး၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းစစ်ဆေးခြင်းအမှုအား တစ်ပြိုင်နက်တည်း လုပ်ပြီးနောက် သူမ၏ရောဂါ ပြင်းထန်သည်ကိုသိလိုက်ရသဖြင့် ထန်ရှု၏စိတ်ထဲ အတန်ပင် ကူကယ်ရာမဲ့သွားခဲ့သည်။

သွေးကင်ဆာကို သွေးဖြူဥရောဂါဟုလည်း ခေါ်ဆိုပြီး ကင်ဆာပင်မဆဲလ်များ၏ မျိုးပွားသောလက္ခဏာများ ရှိသော ရောဂါတစ်မျိုးဖြစ်သည်။ ရိုးတွင်းခြင်ဆီတွင် စုပုံနေသောရောဂါသည် အခြားသွေးဆဲလ်များဆီသို့ ပျံ့နှံ့စေပြီး တစ်ချိန်တည်းတွင် ကိုယ်တွင်းအင်္ဂါများ၏ ကျန်းမာသော သွေးဆဲလ်များထုတ်လုပ်သည့် ပုံမှန်လုပ်ငန်းဆောင်တာများကို ဖိနှိပ်ထားသည်။

(Charm Ming Nge - သွေးကင်ဆာသည် ရိုးတွင်းခြင်ဆီတွင် စတင်ဖြစ်ပွားသည့် ကင်ဆာဖြစ်သည်။ တိကျသည့် အကြောင်းအရင်း မရှိဘဲ သွေးဖြူဥများ ပုံမှန်မဟုတ်ကြီးထွားလာသောအခါ  ရိုးတွင်းခြင်ဆီအတွင်း အခြားပုံမှန်ဆဲလ်အသစ်များ ဖန်တီးခြင်းကို အနှောင့်အယှက်ဖြစ်စေပြီး သွေးနီဥဆဲလ်များ၊ ပုံမှန်သွေးဖြူဥများနှင့် သွေးဥများ အရေအတွက် လျော့နည်းစေသည်။ ၎င်းသည် ဝေဒနာသည်အား သွေးအားနည်းခြင်း၊ ပုံမှန်မဟုတ်သော သွေးထွက်ခြင်းကို ခံစားရခြင်း၊ သွေးစီးဆင်းမှု မြန်ခြင်းတို့ကို ခံစားရပြီး လူနာအား ရောဂါပိုး ကူးစက်နိုင်ခြေ ပိုမိုများပြားစေသည်။ ထို့အပြင် ကင်ဆာသည် အသည်း၊ သရက်ရွက်နှင့် သွေးပြန်ရည်အိတ်များကဲ့သို့ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားနိုင်သည်။ သွေးကင်ဆာသည် အထူးသဖြင့် ပြင်းထန်သော ကင်ဆာအမျိုးအစားဖြစ်ပြီး အသက်အရွယ်တိုင်းတွင် တွေ့ရသည်။)

ထန်ရှု မတ်တတ်ရပ်လိုက်ပြီး ကလေးမလေး၏ သွေးပြန်ရည်အိတ်နေရာအား ညင်သာစွာ ထိလိုက်ရာ ထိုအရာသည် ကြီးမားနေသည်ကို တွေ့လိုက်ရသည်။ ထိုအရာအား သူ ထိလိုက်စဉ်တွင် ကလေးမလေးသည် နာကျင်သော အမူအရာ ပြလာခဲ့သည်။

“ကျွန်တော် ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ။” ထန်ရှုက ကုန်းလီချွင်အား ကြည့်ကာ မေးလိုက်သဖြင့် ကုန်းလီချွင်က သူမ၏အမည်အား ပြောပြသည်။

“မစ္စကုန်း … ခင်ဗျားသမီးရဲ့ရောဂါအခြေအနေက အတော်ပြင်းထန်နေပြီ။ ခင်ဗျား အဲ့ဒါကို ဆက်ပြီး လျစ်လျူရှုလိုက်ရင် ကလေးက အများဆုံး ၆လလောက်ပဲ နေနိုင်လိမ့်မယ်။ ပုံမှန်ဆေးလောက်နဲ့ ခင်ဗျား သူ့ရဲ့ရောဂါကို ဖိနှိပ်ဖို့ ကြိုးစားရင်တောင်မှ သူ့အပေါ် အကျိုးသက်ရောက်မှု ကြီးကြီးမားမား ဖြစ်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် တရုတ်တိုင်းရင်းဆေးညွှန်းတစ်ခု ခင်ဗျားကို ပေးလိုက်မယ်။ အဲ့ဒီဆေးတိုက်ဖို့ ခင်ဗျားသမီးကို အခု ခေါ်သွားလိုက်ပါ။ ကလေးနာကျင်လာတဲ့အခါဆိုရင် အဲ့ဒီဆေးကို သူမကို တိုက်ပေးပါ။”

ကုန်းလီချွင်၏မျက်နှာထက်မှ မျှော်လင့်ချက်များ ပျောက်ကွယ်သွားပြီး ဝမ်းနည်းပူဆွေးမှုနှင့် စိတ်လျှော့လိုမှုများ အစားထိုး ဖြစ်ပေါ်လာသည်။ ၁၀စက္ကန့်လောက် တိတ်ဆိတ်နေပြီးနောက် သူမက အက်ရှနေသောအသံဖြင့် မေးလာသည်။

“တကယ်ကို တခြားနည်းလမ်း မရှိတော့ဘူးလား နတ်ဆေးသမားတော်ထန်။”

“ရှိတာပေါ့။” ထန်ရှုက ဖြေသည်။

ကုန်းလီချွင်၏မျက်လုံးများ အရောင်လက်လာကာ အလျင်စလို မေးလိုက်သည်။

“အဲ့ဒါက ဘာများလဲ။”

“အဲ့ဒါကို အခုပြောဖို့ကျတော့ အဆင်မပြေသေးဘူး။ ကလေးကို ပြန်ခေါ်သွားပြီး ကျွန်တော် အခုလေးတင် ပေးလိုက်တဲ့ ဆေးညွှန်းအတိုင်း ဆောင်ရွက်ပေးပါ။ ညကျရင် အတွင်းလူနာဆောင်ဌာနကို လာခဲ့ပါ။ ကျွန်တော် ခင်ဗျားကို အဲ့ဒီမှာ လာရှာလိုက်မယ်။ ပြီးရင် အသေးစိတ် ပြောပြမယ်။”

“ငါ့ရဲ့ဖုန်းနံပါတ် ပေးထားခဲ့မယ်။ ငါ့သမီးလေးက အေဧရိယာက လူနာဆောင် #၉၀၁၅မှာ ရှိပါတယ်။ ငါတို့ အဲ့ဒီမှာ စောင့်နေပါမယ်။”

ထန်ရှုက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်လိုက်ကာ

“ကလေးကို ဒီဆေးညွှန်းအတိုင်း မနက်တစ်ခါ ညနေတစ်ခါ ၂ပတ်တိတိ တိုက်ပေးပါ။”

“ကောင်းပါပြီ။” ကုန်းလီချွင် အလျင်အမြန် ဖြေလိုက်သည်။

ဘေးတွင် ရှိနေသော ချူကောရှုံးသည် ထူးဆန်းသော အမူအရာဖြစ်နေပြီး တီးတိုးမေးလာသည်။

“နတ်ဆေးသမားတော် ထန် … မင်း ဒီရောဂါကို တကယ် ကုပေးနိုင်တာလား။”

“အာမ မခံနိုင်ပေမယ့် ကျွန်တော် အကောင်းဆုံး ကြိုးစားသွားမှာပါ။”

ချူကောရှုံးသည် ထန်ရှု၏သတ္တိကို လေးစားသော်လည်း သွေးကင်ဆာရောဂါအား ကုသမည့် ထန်ရှု၏စွမ်းရည်အပေါ် အကောင်းမြင်ထားခြင်း မရှိပေ။ သူ သိထားသည်မှာ သူ၏ဆရာသခင်ဖြစ်သူ ကွေ့ချန်းချုံသည်လည်း  သွေးကင်ဆာရောဂါ၏ အစောပိုင်းအဆင့်ကို ကုသပေးနိုင်သည်။ သို့သော် ရောဂါ၏အလယ်ပိုင်းအဆင့်နှင့် နောက်ဆုံးအဆင့်အား ဆရာသခင်ဖြစ်သူ၏ ပြောင်မြောက်သော ဆေးပညာစွမ်းရည်နှင့်ပင် လုံး၀ ပျောက်ကင်းအောင် ကုသပေးနိုင်မည်မဟုတ်ပေ။ ကုသပြီးနောက် အချိန်တိုအတွင်း ပြန်ပေါ်လာမည်မဟုတ်ဟူသော ရလဒ်သာ အာမခံနိုင်ပေသည်။

ထို့နောက် ထန်ရှုသည် လူနာတစ်ဒါဇင်ကျော်အား ဆက်လက် ရောဂါရှာဖွေစမ်းသပ်ကုသပေးခဲ့သည်။ သူ၏ဘေးတွင် ရပ်ကြည့်နေသော ချူကောရှုံးသည် ထန်ရှု၏ပုံမှန်မဟုတ်သော ရောဂါစမ်းသပ်နည်းနှင့် ကုသမှုနည်းစနစ်အား လေ့လာရင်း စိတ်တွင်းမှ အံ့သြတုန်လှုပ်နေမိသည်။

ထန်ရှု၏ကုသမှုနည်းစနစ်သည် သိသာစွာပင် ပုံမှန်မဟုတ် ထူးခြားနေလေရာ သူသည် ထိုကဲ့သို့သော ကုသနည်းစနစ်အား အရင်တုန်းက တစ်ခါမှ ကြားလည်း မကြားဖူးသလို မြင်လည်း မမြင်ဖူးခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ ထန်ရှု၏ကုသမှုအမြန်နှုန်းနှင့် ၎င်း၏နောက်ဆက်တွဲအကျိုးသက်ရောက်မှုများကြောင့် စိတ်ရင်းမှန်ဖြင့် ယုံကြည်စေခဲ့ပြီး သူ၏မျက်လုံးထဲတွင် ကြည်ညိုလေးစားမှုနှင့် အားထားမှုတို့သည် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

နံနက် ၈ နာရီတွင် ဟူဟု အမည်တွင်သော  စီနီယာတရုတ်တိုင်းရင်းဆေးသမားတော်သည် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသို့ အလုပ်တက်ရန် ရောက်ရှိလာပြီးနောက် ထိုသမားတော်နှင့် ချူကောရှုံးတို့သည် ထန်ရှု၏ တိုင်ပင်ဆွေးနွေးခြင်းနှင့်ကုသခြင်း မာရသွန်ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်။ သူတို့နှစ်ဦးသည် ထန်ရှု၏နည်းလမ်းများအား ဆုပ်ကိုင်ထားနိုင်ခြင်း မရှိသော်လည်း ၎င်းတို့သည် ပါရမီရှင်ပီသစွာ ကျွမ်းကျင်ပြီး ၎င်းတို့၏ဆေးပညာကျွမ်းကျင်မှုများဖြင့် လူနာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ခဲ့ကြသည်။ လူနာများသည်လည်း ထိုသမားတော်၂ယောက်၏ ရောဂါရှာဖွေ ကုသခြင်းအား စိတ်ကျေနပ်သွားကြသည်။

သို့သော် ကြယ်တာရာတရုတ်တိုင်းရင်းဆေးရုံသို့ လာရောက်ကုသသည့် လူနာများထဲတွင် ကုသ၍မရသည့် ရောဂါဝေဒနာရှင်များ ပါလာသောကြောင့် ၎င်းတို့နှစ်ဦးသည် ထိုဝေဒနာရှင်များစွာနှင့် တွေ့ကြုံရသောအခါ ထန်ရှုက ဖြေရှင်းပေးခဲ့သည်။

***

All Chapters