အစစ်အမှန်သမားတော်များ
Vol. 11 Ch. 502
ထန်ရှုနှင့် ချူကောရှုံးတို့အကြား စကားပြောဆိုမှုအပြင် ထျန်းရှောင်မန်၏ အဆုံးသတ်စကားကို လူအများက လျင်မြန်စွာ ပြန်လည်ကူးယူပြီး အဓိကမီဒီယာများတွင် တင်ဆက်ခဲ့သည်။ အထင်ကြီးမှုများ၊ လိုက်ခ်လုပ်မှုများနှင့် မျှဝေမှုများသည် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် တိုးလာခဲ့သည်။
ထန်ရှု ရေပန်းစားလာသည့်နည်းတူ ချူကောရှုံးသည်လည်း ရေပန်းစားလာခဲ့သည်။
ထျန်းရှောင်မန်သည် ရုပ်သံထုတ်လွှင့်သူအငယ်စား အဖြစ်သာ ရှိသေးသည့်တိုင် တောက်ပလာခဲ့သည်။ သူမအပေါ် အာရုံစိုက်ခံရမှုနှင့် သူမ၏ကျော်ကြားမှု အဆင့်အတန်းသည် နာမည်ကြီး အင်တာနက်ဆယ်လီများထက် များစွာ ကြီးမားခဲ့သည်။
ပျံ့နှံ့သွားသော များပြားလှသည့် မီဒီယာများနှင့် အစီရင်ခံစာများ၊ မရေမတွက်နိုင်သော လူများ၏ ချီးကျူးစကားများ၊ ရေးသားဖြည့်စွက်ကြသော မှတ်ချက်များ၊ ဆိုရှယ်မီဒီယာနှင့် စကားပြောဆိုသည့် ဆော့ဖ်ဝဲအမျိုးအစားများ စသည့်အရာအားလုံးတွင် ထိုအကြောင်းအရာ ပေါ်ထွက်လာခဲ့သည်။ ထိုသတင်းအား ကြားသိရသော လူနာများနှင့် မိသားစုဝင်များသည် သတင်းစကားအား ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံသို့ သွားရောက်ရန် ၎င်းတို့၏အထုပ်အပိုးများကို စတင်ပြင်ဆင်ကြပြီး အနာဂတ်အတွက် မျှော်လင့်ချက်နှင့် တစ်စုံတစ်ခုအပေါ် အကောင်းမြင်သည့် မျှော်လင့်ထားမှုများကို သယ်ဆောင်လာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် နိုင်ငံတစ်ဝှမ်းရှိ စေတနာရှင်များနှင့် အဖွဲ့အစည်းအများအပြားမှလည်း ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံ၏ကယ်ဆယ်ရေးရန်ပုံငွေသို့ အလှူငွေများ လှူဒါန်းရန် အဆင်သင့်ဖြစ်နေကြောင်း ဆေးရုံသို့ ဆက်သွယ်လာကြသည်။
****
ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံတွင်...
ကျယ်ဝန်းပြီး တောက်ပသော သူ၏ဆေးရုံအုပ် ရုံးခန်းအတွင်းတွင် လီဟွန်ဂျီသည် စိတ်အေးလက်အေးအမူအရာဖြင့် လက်ဖက်ရည်ပူပူတစ်ခွက်ကို ကိုင်ဆောင်ထားလျက် လက်ဖက်ရည်မှ သယ်ဆောင်လာသော ရနံ့ကို ရှူရှိုက်ရင်း သောက်သုံးနေသည်။ ဤနှစ်ရက်အတွင်း ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံ၏ ဂုဏ်သိက္ခာသည် အဆက်မပြတ် တိုးတက်နေသည်။ ထိုအချင်းအရာက သူ့အား အလွန် စိတ်လှုပ်ရှားစေသည်။ သူသည် မကြာမီ အနားယူတော့မည်ဖြစ်သော်လည်း ဆေးရုံတွင် နှစ်ပေါင်းများစွာ ဆေးရုံအုပ်ရာထူးကို ဆက်ခံနိုင်ခြင်းအတွက် သူ့ကိုယ်သူ လေးစားဖွယ်ရာ လူတစ်ယောက်အဖြစ် ယူဆနိုင်ပေသည်။
ထိုစဉ် ရုံးခန်းတံခါးကို အားဖြင့် တွန်းဖွင့်ပြီး ဒုသမ္မတ ချန်းရှင်းလင်က အထဲသို့ လျှောက်လာကာ အပြုံးဖြင့် ပြောလိုက်သည်။
“ဆေးရုံအုပ်ကြီး ကိစ္စကြီးတစ်ခု ဖြစ်နေပြီ။”
လီဟွန်ဂျီသည် မျက်ခုံးအနည်းငယ် တွန့်သွားသည်။ ယခင်ကဆိုလျှင် ချန်းရှင်းလင်သည် တံခါးကို အရင်မခေါက်ဘဲ အလျင်စလို ဝင်ရဲသောကြောင့် ကြိမ်းမောင်းခဲ့ဖူးသော်လည်း ယခုတော့ စိတ်အခြေအနေကောင်းရှိချိန်ဖြစ်နေသည်မို့ မလုပ်ဖြစ်လိုက်ပေ။ ချန်းရှင်းလင် ပြောသည့်စကားကို ကြားတော့ သူက ခါးကို တည့်တည့်မတ်မတ်ထားပြီး သက်တောင့်သက်သာအမူအရာဖြင့်
“ဘာကိစ္စကြီးလဲ။"
“ပြီးခဲ့တဲ့ နာရီဝက်အတွင်း ဖုန်းခေါ်ဆိုမှု ဒါဇင်ပေါင်းများစွာကို ကျွန်တော် လက်ခံရရှိခဲ့တယ်။ ကျွန်တော်တို့ ဆေးရုံက ထူထောင်ထားတဲ့ ကယ်ဆယ်ရေး ရန်ပုံငွေအတွက် စေတနာထားပြီး လှူဒါန်းလိုတဲ့ စေတနာရှင် ပုဂ္ဂိုလ်တွေ အများကြီး ရှိလာတယ်။ ဆေးရုံရဲ့ ကယ်ဆယ်ရေး ရန်ပုံငွေအကောင့်ကို ပြည်သူလူထုကို ကြေငြာပြီးတဲ့နောက် ကျွန်တော်တို့ ရခဲ့တဲ့ငွေ ဘယ်လောက်ရှိလဲ သိလား။"
ချန်းရှင်းလင်က စပြောလိုက်သည်။
လီဟွန်ဂျီ အံ့အားသင့်သွားရင်း မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။
“အလှူငွေတွေ ဟုတ်လား။ သူတို့က ဘာကြောင့် လှူချင်တာလဲ။ ပြီးတော့ မင်းပြောတာ ထပ်ပြောပါဦး ... ငါတို့ ဘယ်လောက်ရခဲ့တာ။"
“ဆေးရုံအုပ်ကြီး … ဒီကို မလာခင်ထိ ကျွန်တော်တို့တွေ ပြည်သူ့ ကယ်ဆယ်ရေး ရန်ပုံငွေအတွက် ယွမ် ၃၀၀,၀၀၀ နီးပါးကို လက်ခံရရှိထားတယ်။ နိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ငွေလွှဲတာ စုစုပေါင်း ၄၀၇ ခု ရှိတယ်။ နောက်ပြီး ကျွန်တော့်ကို ဖုန်းဆက်ထားတဲ့သူတွေထဲ ကုမ္ပဏီခြောက်ခုနဲ့ လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ ပရဟိတအဖွဲ့နှစ်ဖွဲ့လည်း ရှိသေးတယ်။ သူတို့ ဒီလို ဘာ့ကြောင့် လုပ်နေရတာလဲဆိုတာကို အင်တာနက်ပေါ်က အဓိက မီဒီယာတွေရဲ့ သတင်းခေါင်းစီးတွေကို တစ်ချက်ကြည့် ကြည့်။ ဆေးရုံအုပ် နားလည်လာလိမ့်မယ်။”
ချန်းရှင်းလင်က ပြောလိုက်သည်။
နာရီဝက်အတွင်း လှူဒါန်းမှု ၄၀၇ခု ရောက်ရှိလာသည်ကို အံ့သြမိသော်လည်း လီဟွန်ဂျီသည် လျင်မြန်စွာ တုံ့ပြန်နိုင်သေးသည်။ သူ၏ဖုန်းကို ဖွင့်လိုက်ပြီး အချို့သော ဝဘ်ဆိုက်များ၏ ပင်မစာမျက်နှာများကို ရှာဖွေကြည့်ရှုပြီးနောက်တွင် မယုံကြည်နိုင်မှုသည် သူ၏ အိုမင်းသောမျက်နှာထက်တွင် ထင်ဟပ်ခဲ့သည်။
“ဒီဗီဒီယို…”
စိတ်လှုပ်ရှားနေဟန်ဖြင့် ချန်းရှင်းလင်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြရင်း
"ဟုတ်တယ် အမှန်ပဲ။ ဒီဗီဒီယိုကြောင့်ပါ။ တိုက်ရိုက်ထုတ်လွှင့်သူက ကျွန်တော်တို့ရဲ့ဆေးရုံကို တိတ်တဆိတ် လာရောက်ပြီး သမားတော်ထန်ရဲ့ လူနာစမ်းသပ်ခန်းတံခါးဝတွင် လျှို့ဝှက်ရိုက်ကူးခဲ့တယ် ထင်တယ်။ အခန်းထဲမှာ နတ်ဆေးသမားတော်ထန်နဲ့ သမားတော်ချူးကောရှုံးတို့က စကားစမြည် ပြောဆိုနေကြတာလေ။ သူတို့ပြောနေတဲ့ အကြောင်းအရာက ကြီးမားတဲ့ အာရုံစိုက်မှုကို ရရှိစေခဲ့တာပဲ။ အဲ့ဒီဗွီဒီယိုကို ကြည့်ရင် စာတွဲတွေနဲ့ ပို့စ်အရေအတွက်တွေတင်မကဘူး အဲ့ဒါတွေအပေါ် မှတ်ချက်ပေးသူအရေအတွက်ကိုပါ မြင်ရလိမ့်မယ်။ မယုံနိုင်စရာတွေ အများကြီးပဲ။”
လီဟွန်ဂျီသည် ဆယ်မိနစ်ခန့် ဆက်၍ ရှာဖွေကြည့်ရှုခဲ့ရင်း စိတ်မတည်ငြိမ်နိုင်ဖြစ်နေရသည်။ ဤဗီဒီယိုသည် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံအတွက် မည်မျှ အရေးကြီးသည်ကို သူ ကောင်းစွာ သိသောကြောင့် စိတ်လှုပ်ရှားနေသည့်နည်းတူ ပျော်ရွှင်မှုကိုလည်း ခံစားခဲ့ရသည်။ ထို့ကြောင့် သူ့ဆေးရုံသည် နိုင်ငံတဝှမ်းတွင် ထင်ရှားကျော်ကြားသည့် နေရာတစ်ခု ဖြစ်လာတော့ပေမည်။
ဆေးရုံတစ်ခုအတွက် အရေးကြီးဆုံးအရာက ဘာလဲ။ ကျော်ကြားမှုနှင့် ဂုဏ်သတင်းတွေပဲ မဟုတ်ပေဘူးလား။
ဆေးရုံတစ်ခုတွင် နာမည်ကောင်းရှိမှသာလျှင် လူထုက အသိအမှတ်ပြုလက်ခံနိုင်မည်ဖြစ်သဖြင့် ဆေးကုသရန် လူအများအပြား လာရောက်စေပေမည်။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံ၏ ဆေးရုံအုပ်အနေဖြင့် ၎င်း၏ စီရင်ပိုင်ခွင့်အောက်ရှိ ဆေးရုံကို ဂုဏ်သိက္ခာ ကြီးမားအောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် သူ့အတွက် အမြင့်မားဆုံး ဂုဏ်ယူစရာ ဖြစ်တော့သည်။
"ကောင်းတယ် … ကောင်းတယ် … တကယ် ကောင်းတာပဲ။"
လီဟွန်ဂျီသည် သူ၏ညာလက်သီးကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ရင်း လီဟွန်ဂျီ၏မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများသည် ဖုံးမနိုင်ဖိမရ ပေါ်လွင်နေစေသည်။
"ဆေးရုံအုပ် … လက်ရှိလမ်းကြောင်းကို ကြည့်ရင် ငါတို့ ဆေးရုံက ရန်ပုံငွေတွေ အများကြီး ရဖို့ မျှော်လင့်နိုင်မယ်။"
ချန်းရှင်းလင်က အပြုံးဖြင့် ပြောလိုက်သည်။ "ဒါနဲ့ ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ။ ကြေငြာထားတဲ့အတိုင်း လုပ်ရမလား။ ကယ်ဆယ်ရေးရန်ပုံငွေရဲ့အသုံးပြုတာတွေကို ပွင့်လင်းမြင်သာစွာနဲ့ ထုတ်ဖော်ရမလား။”
လီဟွန်ဂျီ၏မျက်နှာထက်ရှိ အပြုံးသည် တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ စွမ်းရည်ပိုကြီးလေ တာဝန်ပိုကြီးလေဟု သာမာန်ဆိုရိုးစကားရှိသည်။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံဆီသို့ စိတ်ကောင်းစေတနာကောင်းဖြင့် လှူဒါန်းသည့်သူတွေ အများကြီးရှိသည့်အတွက် ရရှိသည့်ငွေတိုင်းအား တိတိကျကျ ထိရောက်အောင် သူ ဂရုတစိုက်ဖြင့် သုံးစွဲရပေမည်။
"ချန်းလေး … မင်းက ငါတို့ဆေးရုံရဲ့ ဘဏ္ဍာရေးကိစ္စတွေကို စီမံခန့်ခွဲခဲ့တာ အချိန်အတော်ကြာပြီဆိုတော့ ဒီကဏ္ဍအတွက် ငါ မင်းကို အရမ်း ယုံကြည်တယ်။ ဒါကြောင့် ဆေးရုံကြီးရဲ့ ကယ်ဆယ်ရေးရန်ပုံငွေကနေ ရရှိတဲ့ ငွေတစ်ပြားတစ်ချပ်ကအစ အများပြည်သူကို ထုတ်ဖော်ပြသရမယ်။ ဆိုလိုတာကကွာ ငွေကြေးလည်ပတ်မှုတွေ၊ ပေးမယ့်ငွေကို ဘယ်ကလာသလဲဆိုတဲ့အရာအားလုံးကို ပွင့်လင်းမြင်သာစွာ ချပြရမယ်။ မင်းကို ငါ ရှင်းအောင် ပြောထားမယ်နော်။ အကယ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာလို့ ပြင်းထန်ပြီး တင်းကြပ်တဲ့ အရေးယူမှုတွေ ပြုလုပ်ရတဲ့အခါ ငါ့ကို အပြစ်မတင်ပါနဲ့။ ငါတို့ဆေးရုံရဲ့ ဂုဏ်သတင်းက ဒီနေရာမှာ ရပ်တည်နေတယ်။”
“ဆေးရုံအုပ် … ကျွန်တော် ဘာလုပ်ရမယ်ဆိုတာ သိပါပြီ။” ချန်းရှင်းလင်က အလေးအနက် ခေါင်းညိတ်ပြသည်။
"ဘာပဲဖြစ်ဖြစ် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ ရန်ပုံငွေနဲ့ပတ်သက်တဲ့ ကဏ္ဍကို ဖန်တီးဖို့အတွက် ကွန်ပျူတာပညာရှင်တွေကို ရှာဖွေရမယ်။ အဲ့ဒီလူတွေက ရန်ပုံငွေအတွက် အပြောင်းအလဲများကို နေ့စဉ်လုပ်ဆောင်ပေးရမှာ ဖြစ်သလို အလှူရှင်တစ်ဦးစီရဲ့ အမည်နဲ့ ဖုန်းနံပါတ်တွေကိုလည်း လူသိရှင်ကြား ကြေငြာပေးရမယ်။ တချို့အလှူရှင်တွေက အမည်မဖော်ချင်ဘူးဆိုရင် အဲ့ဒါတွေကိုလည်း နေ့စဉ်ပြောင်းလဲနေတဲ့ပုံစံထဲမှာ ပြရမယ်။ အသုံးပြုတဲ့ ငွေကြေးတိုင်းကို အဲ့ဒီကဏ္ဍမှာ အချိန်နဲ့တစ်ပြေးညီ ပြသရဖြစ်တာမို့ ဘဏ္ဍာရေးဌာနက အဓိကဝန်ထမ်းအချို့ကို မင်း တာဝန်ပေးရလိမ့်မယ်။ ဒါကို စီမံခန့်ခွဲဖို့ မင်းတို့အားလုံးမှာ တာဝန်ရှိတယ်။”
“ဒါပေမယ့် ဆေးရုံအုပ်က ဒါကို နည်းနည်းမှ မလုပ်…” ချန်းရှင်းလင်က ချီတုံချတုံ ဖြစ်သွားသည်။
လီဟွန်ဂျီက ခေါင်းယမ်းလိုက်ပြီး
"မင်း ဘာကို ဆိုလိုတယ်ဆိုတာ ငါနားလည်ပါတယ်။ ငါတို့တွေက အဓိကပြဿနာတွေကို ပေါ့ပေါ့ပါးပါး ယူနေတယ်လို့ မင်း ပြောချင်နေတာ မဟုတ်လား။ အဲဒါနဲ့ သေချာပေါက် အဝေးကြီးပဲ။ အမှန်တော့ ဒီလိုလုပ်ဖို့ကို လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းက ငါ တွေးထားပြီးသားပါ။ ဒါပေမယ့် ငါတို့ရဲ့ ကြယ်တာရာမှာ အဲ့ဒီအချိန်တုန်းက ပိုက်ဆံမရှိလို့ အဲ့ဒီအတွေးကို စိတ်ထဲမှာပဲ ထားခဲ့ရတယ်။ ဒါပေမယ့် အခုက မတူတော့ဘူး။ ငါတို့ဆေးရုံက အလှူငွေတွေ တောင်းလို့ရအောင် ကျော်ကြားလာပြီလေ။ ဒါကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် နောင်ကျ ငါတို့ရဲ့ ကယ်ဆယ်ရေးရန်ပုံငွေအကောင့်မှာ အလှူငွေတွေ ဆက်တိုက်ရနိုင်မယ်ဆိုတော့ အဲ့ဒီငွေကို အသုံးပြုပြီး ငွေကြေးအခက်အခဲရှိတဲ့ လူနာတွေကို အများကြီး ကူညီပေးနိုင်မှာ အသေအချာပဲ။”
"မင်း ဒီလိုပြောပြီဆိုမှတော့ အဲ့ဒီအမိန့်အတိုင်းလုပ်မယ် ဆေးရုံအုပ်ကြီး။" ချန်းရှင်းလင်က ခေါင်းညိတ်ပြသည်။ “အများဆုံး တစ်ပတ်အတွင်း ကျွန်တော်တို့ဆေးရုံရဲ့ တရားဝင်ဝဘ်ဆိုဒ်မှာ အလှူကဏ္ဍတစ်ခုကို ကျွန်တော် ပြီးအောင်လုပ်မယ်။ ကျွန်ုပ်တို့၏ ကယ်ဆယ်ရေး ရန်ပုံငွေအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတစ်ဝှမ်းနဲ့ တစ်ကမ္ဘာလုံးကို ရှင်းရှင်းလင်းလင်း ပြသသွားမယ်။"
“ငါက မင်းကို ဒီလိုလုပ်ပိုင်ခွင့်ပေးတဲ့သူဆိုတာ သတိရပါ။ ဒါကို ထိဝံ့တဲ့ဘယ်သူကိုမဆို ငါ့ဆီ သတင်းပို့ပေး … ငါ အဲ့ဒီလူတွေကို ကိုင်တွယ်မယ်။ ဘယ်လိုအကျိုးဆက်တွေ ကြုံရပါစေ ငါ တာဝန် အပြည့်ယူမှာပါ။”လီဟွန်ဂျီက ခေါင်းညိတ်ရင်း လေးလေးနက်နက် ပြောခဲ့သည်။
“ဟုတ်ကဲ့ပါ။” ချန်းရှင်းလင်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်း လှည့်ထွက်သွားသည်။
လီဟွန်ဂျီက သူ၏ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်ပြီး ဗီဒီယိုကို ပြန်ကြည့်လိုက်သည်။ ထန်ရှုနှင့် သူ၏ဂျူနီယာညီလေး ချူကောရှုံးတို့၏ စကားပြောဆိုသံကို နားထောင်နေစဉ်တွင် နွေးထွေးသောစီးကြောင်းတစ်ခုသည် သူ၏နှလုံးသားအတွင်း ပျံ့လွင့်လာသည်။
ထန်ရှုကို သူ ကျေးဇူးတင်သည်။ ထန်ရှုနှင့် တွေ့စဉ်ကတည်းက ထန်ရှုသည် သူ့ကိုယ်သူ ဆေးပညာနယ်ပယ်မှာ အလွန်အကျွံ နှစ်မြှုပ်လိုစိတ် မရှိသည့်တိုင် ဖြူစင်သည့် နှလုံးသားရှိသည်ဟု လီဟွန်ဂျီ ခံစားသိရှိနိုင်သည်။ သည်ကဲ့သို့လူငယ်မျိုးအား သူ၏တစ်သက်တွင် တစ်ခါမှ မတွေ့ဖူးပါချေ။
လူနာစမ်းသပ်ခန်းအတွင်း…
တရုတ်တရုတ်တိုင်းရင်းဆေးသမားတော်သုံးဦး ဖြစ်သည့် ထန်ရှု၊ ချူကောရှုံးနှင့် အဖိုးအိုဟူတို့သည် လူနာများကို လက်ခံခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ကုသပေးခြင်းတို့အား အဆက်မပြတ် လုပ်ဆောင်ခဲ့ကြသည်။ သူတို့ သုံးယောက်၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် လူနာပြသခြင်းသည် အရှိန်အဟုန်ပြင်းစွာ ပြီးမြောက်လာခဲ့သည်။
နေ့လည်ခင်းလောက်တွင် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ အခန်းထဲသို့ အတူလိုက်ပါလာသော ထျန်းရှောင်မန်သည် အမှားတစ်ခု လုပ်ထားမိသော မူလတန်းကျောင်းသားတစ်ယောက်နှင့် တူနေပေသည်။ သူမ၏မျက်လုံးများသည် တဖျတ်ဖျတ်လက်လျက် ချက်ချင်း ပြောလိုက်သည်။
"နောက်ဆုံးတော့ မေမေ့အလှည့် ရောက်လာခဲ့ပြီ။ သမီး မိတ်ဆက်ပေးမယ် … ဒါက နတ်ဆေးသမားတော် ထန်ပဲ။”
ကျောက်ချင်းက ထန်ရှုအား သိမ်မွေ့စွာ ခေါင်းညိတ်ပြပြီး
“မေမေ သိပါတယ်။ နတ်ဆေးသမားတော်ထန်ရဲ့ ဗီဒီယိုကို မေမေ ကြည့်ဖူးတယ်လေ။ ရှောင်မန် … သမီးက မှန်ကန်တာကို လုပ်ခဲ့လိုက်တာပဲ။ သမားတော်ထန်တို့လို လူကောင်းတွေကို လူသိရှင်ကြား ထုတ်ပြန်ဖို့ လိုတယ်။ သူတို့တွေရဲ့ အရည်အချင်းနဲ့ ကျင့်ဝတ်တွေကို ပြည်သူတွေ သိထားရမယ်။”
မိခင်၏စကားကို ကြားပြီးနောက် ထျန်းရှောင်မန်၏မျက်နှာထက်၌ ပျော်ရွှင်ဂုဏ်ယူသော အမူအရာ ထင်ဟပ်လာခဲ့သည်။
သို့သော်လည်း ထန်ရှုသည် စိတ်အတွင်းထဲတွင် အောင့်သက်သက်သာ ပြုံးနိုင်ပေသည်။ ထျန်းရှောင်မန်သည် အင်တာနက်တိုက်ရိုက် ထုတ်လွှင့်သူ ဖြစ်ကြောင်း သူ သိလိုက်ရပြီးနောက် စိတ်မပျော်ရွှင်နေသည့် အကြည့်ဖြင့် သူမအား ကြည့်ပေးလိုက်သည်။ ထျန်းရှောင်မန်သည် တန်းစီရာတွင် ရပ်မနေဘဲ ကျော်ခွကာ လူနာဆွေးနွေးခန်းသို့ ကြိုရောက်ခဲ့သည်ကို သူ သိလိုက်ရပြီးနောက် သူမအား အပြစ်တင်ကာ ဘေးနားတွင် မလှုပ်မယှက် ရပ်နေပြီး ရိုးသားစွာ စောင့်ဆိုင်းရန် အပြစ်ပေးလိုက်သည်။
သို့သော် ထျန်းရှောင်မန်၏မိခင်ရှေ့တွင်မူ သူ၏ စိတ်ဓာတ်ကျမှုကို မထုတ်ဖော်နိုင်တော့ပေ။
"ကျေးဇူးပြုပြီး ထိုင်ပါ။" ထန်ရှုက ပြောလိုက်သည်။
ကျောက်ချင်းသည် ထန်ရှု၏စားပွဲအရှေ့တွင် ထိုင်ပြီးနောက် သူမက
“သမားတော်ထန် … ငါတို့ နံပါတ်အတိုင်း တန်းမစီဘဲ သမီးလေးက ရှေ့ကို ကြိုရောက်နေတာကို စိတ်မဆိုးပါနဲ့နော်။ သမီးက ငယ်ငယ်လေးကတည်းက သနားကြင်နာတတ်တဲ့ မိန်းကလေးတစ်ဦးပါ။ သမားတော်ရဲ့အကျင့်စရိုက်နဲ့ လုပ်ဆောင်ခဲ့တဲ့ အရာတွေကို သမီးက ပြည်သူလူထုကို ပြောပြချင်တာလေ။ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ သမားတော်ထန်လို မြင့်မြတ်ပြီး ဆေးပညာမှာ တအားကျွမ်းကျင်မှု ရှိတဲ့ သမားတော်တစ်ယောက် ရှိတာကို လူနာတွေ ပိုသိလာစေဖို့ မျှော်လင့်ပြီး လုပ်မိတာပါ။ သမီးရဲ့ လုပ်ရပ်ကြောင့် သမားတော်ထန်ကို ဒုက္ခပေးမိသလို ဖြစ်သွားခဲ့ရင် သူမကို ခွင့်လွှတ်ပေးပါလို့ ငါ မျှော်လင့်တကြီး တောင်းဆိုပါတယ်။”
"ရပါတယ်။ သူမ လုပ်ထားပြီးသားကိစ္စမို့ ပြီးခဲ့တာတွေ ပြီးပါစေ။ နောက်ပြီး ကျွန်တော်က ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ သုံးရက်လောက်ပဲ ဆေးကုသမှု ဆောင်ရွက်ပေးနိုင်မှာပါ ... ဒါပေမယ့် ထျန်းရှောင်မန် … နောက်ထပ်တော့ ကျွန်တော်နဲ့ပတ်သက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်ပါနဲ့တော့။
ထျန်းရှောင်မန်က အံ့သြတုန်လှုပ်သွားသည်။ ချက်ချင်းပင် ရှက်ရွံ့စွာ ပြုံးလိုက်ကာ သူမ၏လက်ကိုင်ဖုန်းကို ပြန်ထည့်လိုက်သည်။ ထို့နောက် သူမက အနေရခက်စွာ ပြုံးလိုက်ပြီး
“နတ်ဆေးသမားတော်ထန် … ကျွန်မကို ကျေးဇူးပြုပြီး အပြစ်မတင်ပါနဲ့နော်။ ဒါ ကျွန်မရဲ့အလုပ်သဘာဝမို့ အကျင့်တစ်ခုလို ဖြစ်နေတာကြောင့် အလုပ်သဘောအရ လုပ်ရတာပါ။ ဘာမှ ပြစ်မှားလိုစိတ် မရှိဘဲ ရိုးရိုးသားသား လုပ်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သမားတော်က ဒီမှာ တိုက်ရိုက်ထုတ်လွှင့်မှု မလုပ်စေချင်တဲ့အတွက် ရှင့်ရဲ့ဆန္ဒအတိုင်း ကျွန်မ လိုက်နာပါ့မယ်။"
သူမကို ကျေနပ်စွာ ခေါင်းညိတ်ပြရင်း ထန်ရှုက ကျောက်ချင်းအား ကြည့်ကာ
"အစ်မကြီးရဲ့ရောဂါက ဘာများလဲ။ အရင်က ဆေးစစ်ကြည့်ပြီးပြီလား။"
"အရင်က ငါ့ကို ဆေးစစ်ခဲ့ပေမယ့် ရလဒ်မထွက်ခဲ့ဘူး" ကျောက်ချင်းက ခေါင်းညိတ်ရင်း ရှင်းပြသည်။ “ငါ့ရင်ဘတ်က အမြဲနာကျင်နေတယ်လို့ ခံစားရတယ်။ ငါ့နှလုံးမှာ ပြသနာတစ်ခု ရှိနေတယ်လို့ ထင်ရပေမယ့် အဲ့ဒါလည်း မဟုတ်ဘူး။”
ထန်ရှုက ကျောက်ချင်း၏သွေးခုန်နှုန်းကို စတင်စစ်ဆေးခဲ့ပြီး တစ်ချိန်တည်းတွင် မေးခွန်းများကို မေးလိုက်သည်။
"အရင်က ဘယ်လိုစစ်ဆေးမှုမျိုးတွေ လုပ်ခဲ့လဲ။"
ကျောက်ချင်းက
"ငါ့ကို အီးစီဂျီနဲ့ စီဒီယူကို စစ်ပြီး သွေးစစ်ပါတယ်။ အားလုံးက ပုံမှန်ပါပဲလို့ ပြတယ်။ ဒါပေမယ့် ပုံမှန်အချိန်ပိုင်းတွေမှာ နာကျင်မှုက ရင်ထဲမှာ ပြတ်တောင်းပြတ်တောင်းပါပဲ။ အိုး … အထူးသဖြင့် ငါ ဘေးစောင်းအိပ်တဲ့အခါ ငါ့နှလုံးက နာကျင်လာတဲ့ အချိန်တွေလည်း ရှိတယ်။"
(Charm Ming Nge - အီလက်ထရို ကာဒီယိုဂရပ်ဖီ သို့မဟုတ် အီးစီဂျီ - ECG ဆိုသည်မှာ အချိန်ကာလတစ်ခုအတွင်း နှလုံး၏ လှုပ်ရှားမှုပုံသဏ္ဌာန်အား သိရှိစေရန် လူနာ၏ခြေလက်များနှင့် ရင်ဘတ်ကို ကြိုးများဖြင့် ချိတ်ဆက်ကာ အပူဓာတ်ကြောင့်ဖြစ်ပေါ်လာသော လျှပ်စစ်လှိုင်းတွန့်ပုံများအား စက္ကူပေါ်တွင် အဓိပ္ပာယ်ပြန်ဆိုခြင်းကို ခေါ်ဆိုသည်။ စီဒီယူ - CDU သည် လူနာအား အမြန်သက်သာပျောက်ကင်းစေရန် စမ်းသပ်မှုများ သို့မဟုတ် နောက်ထပ်စမ်းသပ်မှုများအတွက် ၎င်းတို့၏ရောဂါရှာဖွေစစ်ဆေးမှုများမှတစ်ဆင့် နှလုံးရောဂါဝေဒနာရှင်များအား ထိရောက်စွာ အမြန်ဆောင်ရွက်ပေးခြင်း ဖြစ်သည်။)
ထန်ရှုသည် ကျောက်ချင်း၏သွေးခုန်နှုန်းနှင့် သူမ၏ ခန္ဓာကိုယ်အခြေအနေ မတည်ငြိမ်မှုအား ခံစားသိရှိပြီး ခန္ဓာကိုယ်တွင် ချီနှင့် သွေးအားနည်းနေကြောင်းကို တွေ့ရှိခဲ့သည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ သူမ၏ခန္ဓာကိုယ်အတွင်းပိုင်းအခြေအနေကို စောင့်ကြည့်လေ့လာခဲ့ရာ နောက်ဆုံးရလဒ်ကို ရရှိခဲ့သည်။
***