မြင့်မြတ်သမားတော်၏တပည့်ကို ထိတ်လန့်စေခြင်း
Vol. 11 Ch. 503
“အာရုံကြောနာကျင်မှုက ဖြေရှင်းရတာ လွယ်ပါတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ခန္ဓာကိုယ်က ချီနဲ့ သွေးအား အားနည်းနေပြီး မီးယပ်ရောဂါကိုလည်း ခံစားနေရတယ်။ အဲ့ဒါတွေကို ကုသဖို့ တရုတ်ဆေးပင်တွေ အနည်းငယ် သောက်ဖို့ လိုမယ်။ ကျေးဇူးပြုပြီး ဟိုဘက်က လူနာစမ်းသပ်တဲ့ ကုတင်ပေါ် တက်လိုက်ပါ။ ခင်ဗျားရဲ့ အာရုံကြောဆိုင်ရာ ပြဿနာကို ကုသဖို့ ကျွန်တော် အပ်စိုက်ကုထုံး လုပ်ပေးမယ်။"
ကျောက်ချင်းသည် တောက်ပသောမျက်လုံးများဖြင့် စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းပြန်ဖြေသည်။
"ကောင်းတယ် … အရမ်းကောင်းတယ်။ ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်ထန်။ မင်းက တကယ်ကို အံ့သြစရာကောင်းတယ်။"
ထန်ရှုက သူမအား အပြုံးဖျော့ဖျော့ဖြင့် တုံ့ပြန်ပြီးနောက် ကျောက်ချင်းအား အပ်စိုက်ကုသခဲ့သည်။ ထို့နောက်တွင် သူမအား ဆေးညွှန်းတစ်စောင် ရေးပေးပြီး ထျန်းရှောင်မန်ကို ကြည့်ကာ
“မိန်းကလေး … အင်တာနက်မှာ တစ်ခုခု ထုတ်လွှင့်ချင်တယ်ဆိုရင် အထူးသဖြင့် တခြားသူရဲ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်ရင် တစ်ဖက်လူကို ရှင်းရှင်းလင်းလင်း ကြိုပြောပြပြီး သူတို့ရဲ့ဆန္ဒကို လေးစားဖို့ မမေ့ပါနဲ့။ မဟုတ်ရင် မင်းရဲ့အပြုအမူက တစ်ဖက်သားကို ဒုက္ခ ဖြစ်စေလိမ့်မယ်။"
သူမ၏ပါးစပ်ကို ရိုက်လိုက်ရင်း ထျန်းရှောင်မန်က ညင်သာစွာ ခေါင်းညိတ်ပြီး
"ကျွန်မ တကယ် စိတ်မကောင်းပါဘူး နတ်ဆေးသမားတော်ထန်။ ကျွန်မရဲ့ ရည်ရွယ်ချက်ကောင်းတွေက ရှင့်ကို ဒုက္ခပေးမိသလို ဖြစ်သွားရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စိတ်ချပါ … ကျွန်မ သေချာပေါက် ပြုပြင်ပါ့မယ်။ သူတို့အကြောင်း တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်မီ ပါဝင်ပတ်သက်သူကို မေးပြီး သူတို့ရဲ့ခွင့်ပြုချက်မရရင် အဲ့ဒါကို လုပ်ဆောင်မှာ မဟုတ်သလို ဘယ်အခြေအနေမျိုးမှာမဆို သူတို့တွေရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း ဖော်ပြမှာ မဟုတ်ပါဘူး။"
သူမ၏လျော်ကန်သော သဘောထားကို မြင်လျှင် ထန်ရှုက ခေါင်းညိတ်ပြီး
“ဒါဆိုလည်း ကောင်းပါပြီ။ ဆေးယူဖို့ မင်းအမေကို အဖော်လုပ်ပေးလိုက်ပါဦး။ မနက်တစ်ကြိမ် ညတစ်ကြိမ် ဆေးသောက်ရမယ်ဆိုတာ မှတ်ထားပါ။”
"ကောင်းပြီ လုပ်ပါမယ်။" ထျန်းရှောင်မန်က ခေါင်းညိတ်လိုက်သည်။
အခြားစားပွဲအကန့်တစ်ခုရှိ ချူကောရှုံးသည် ကျောက်ချင်းနှင့် သမီးဖြစ်သူဆီမှ အကြည့်အား ပြန်ရုတ်သိမ်းလိုက်ပြီး ထန်ရှုအား မေးလိုက်သည်။ "အဲ့ဒီလူနာရဲ့ရင်ဘတ်နာကျင်မှုက အာရုံကြောတွေကြောင့် ဖြစ်တယ်ဆိုတာကို မင်း ဘယ်လို သိနိုင်တာလဲ နတ်ဆေးသမားတော် ထန်။"
"ကျွန်တော့်မှာ ကိုယ်ပိုင်နည်းလမ်းတွေရှိတယ်။ ခင်ဗျား သင်ယူလို့ မရနိုင်တဲ့ ပညာတစ်ခုပဲ။" ထန်ရှုက ပြန်ဖြေသည်။
ချူကောရှုံး တွေတွေကြီးကြီး စိုက်ကြည့်ပြီးနောက် ချက်ချင်းပင် အောင့်သက်သက် ပြုံးမိလိုက်သည်။ မည်သည့်စကား ပြောရမည်ပင် မသိတော့ပါပေ။
ကုသမှုများသည် ဆက်လက်ဆောင်ရွက်နေခဲ့သည်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးလာရာ ညဘက်သို့ ရောက်လာချိန်တွင် ယနေ့အတွက် တန်းစီနံပါတ်ရထားသော လူနာအားလုံး ဆေးကုသပြီးခဲ့ပြီဖြစ်သည်။ သို့သော်လည်း လူနာအရေအတွက်သည် လျော့မသွားဘဲ တိုးကာလာခဲ့သည်။
“ဒေါက်တာချူ … ဒေါက်တာဟူ … ခင်ဗျားတို့နှစ်ယောက် အိမ်ပြန်ပြီး အနားယူပါတော့။ ကျွန်တော်က အတွင်းလူနာဆောင်ကို သွားဖို့လိုသေးတယ်၊ မနက်ဖြန်မှ ပြန်ဆုံကြမယ်။” ထန်ရှုက ပြုံးကာ ပြောသည်။
ဒေါက်တာဟူသည် အသက်အရွယ် ရနေပြီဖြစ်သောကြောင့် တစ်နေကုန် အလုပ်လုပ်ပြီးသောအခါ ပင်ပန်းနေပြီဖြစ်သဖြင့် ခေါင်းညိတ်နှုတ်ဆက်ကာ ထွက်သွားလေသည်။ သို့သော် ချူကောရှုံးသည် ထွက်ခွာသွားမည့်အစား ထန်ရှုကို ကြည့်ပြီး
"ငါလည်း မင်းနဲ့အတူ အတွင်းလူနာဆောင်ကို လိုက်ခဲ့မယ်။"
"ခင်ဗျား တစ်နေကုန် အလုပ်များနေတာ မပင်ပန်းဘူးလား။" ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
"ငါက သွေးကင်ဆာလူနာတွေကို ဘယ်လိုကုသလဲဆိုတာ ကြည့်ချင်တယ်လေ။" ချူကောရှုံးက အလေးအနက် ပြောလိုက်သည်။
“လူနာက ခံစားနေရတဲ့ သွေးကင်ဆာအခြေအနေက အရမ်းပြင်းထန်တယ်ဆိုတာ ငါ သိပါတယ်။ ငါ့ဆရာသခင်က သူ့ကို ကုသပေးမယ်ဆိုရင်တောင် ကုသပေးနိုင်တဲ့ဖြစ်နိုင်ခြေက ၃၀%ထက် နည်းလိမ့်မယ်။"
"ဒါပေမယ့် ခင်ဗျား ကျွန်တော့်ရဲ့ ကုသနည်းတွေကို ထပ်တူ သင်ယူလို့ ရမှာ မဟုတ်ဘူး။" ထန်ရှုက ရယ်ရယ်မောမောဖြင့် ပြောလိုက်သည်။
"သူမကရော အဲ့ဒါကို သင်ယူနိုင်လား။" ချူကောရှုံးက သိုက်ရှင်းရွှယ်ကို တစ်ချက်လှည့်ကြည့်ကာ မေးလိုက်သည်။
“လက်ရှိ သူမရဲ့ မနက်ရှိုင်းတဲ့ တရုတ်ဆေးပညာ အသိပညာကို စဉ်းစားနားလည်ပေးရင်တောင် လောလောဆယ်တော့ သူမ မသင်ယူနိုင်သေးပါဘူး။ သူမအတွက် အခြေခံပညာနဲ့ အခြေခံဗဟုသုတတွေကို လေ့လာဖို့ အချိန်အတော်ကြာဦးမယ်။ ရှင်းရွှယ်သာ တရုတ်တိုင်းရင်းဆေးပညာမှာ လုံလောက်တဲ့ ဗဟုသုတနဲ့ စွမ်းရည်ရှိလာပြီဆိုရင် သူမကို ပိုမိုအဆင့်မြင့်တဲ့ ကုသနည်းတွေကို မျှဝေပေးတာက သဘာ၀ကျပါတယ်။ ဒါပေမယ့် မင်းရဲ့ဆရာသခင်အဖြစ် တခြားတစ်ယောက်ယောက် ရှိနေပြီးသားဆိုတော့ ခင်ဗျားအတွက် စိတ်မကောင်းပါဘူး။ မဟုတ်ရင် ကျွန်တော် ခင်ဗျားကိုလည်း အသိပေးမျှဝေနိုင်ပါတယ်။"
ချူကောရှုံး၏မျက်လုံးများထဲတွင် အားကျသော အကြည့်တစ်ချက် ပေါ်လာသည်။ ထန်ရှု၏ လျှို့ဝှက်ဆန်းကြယ်ပြီး မှော်ဆန်သော ကုသမှု နည်းလမ်းများသည် သူ့အတွက် မျက်စိပွင့် နားပွင့် စေခဲ့သည်။ ထန်ရှုနှင့် တစ်ရက်တာ အချိန်ကုန်ဆုံးခဲ့ရင်တောင်မှ တရုတ်ဆေးပညာအပေါ် သူ၏အသိပညာနှင့် နားလည်သဘောပေါက်မှုသည် အများကြီး တိုးတက်လာခဲ့ပြီဖြစ်သည်။
"မင်းက အရမ်းကျွမ်းကျင်ပြီး အံ့သြစရာကောင်းပေမယ့် ငါ့ဆရာသခင်ကလည်း မင်းထက် မဆိုးဘူးဆိုတာ ငါ အသေအချာ ပြောရဲပါတယ်။" ချူကောရှုံးက သူ၏လက်သီးများကို တင်းတင်းဆုပ်ထားရင်း လေးနက်သော မျက်နှာအမူအရာဖြင့် ပြောခဲ့သည်။
“တရုတ်ဆေးပညာမှာ ပိုအားကောင်းတာရယ်တော့ မရှိပါဘူး။ တရုတ်တိုင်းရင်းဆေးပညာဆိုတာ အလွန်ကျယ်ပြန့်လေးနက်တဲ့ ပညာရပ်ပါ။ များများလေ့လာလေလေ ကိုယ့်ကိုကိုယ် လိုသေးတယ်လို့ ထင်ရလာလေလေပါပဲ။ ဒီနေ့ခေတ်မှာ ဆေးပညာနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုက ပိုမိုမြန်ဆန်လာတယ်ဆိုပေမယ့် ထူးထူးခြားခြား ထူးထူးဆန်းဆန်း ဖြစ်ရပ်တွေက ဟိုနေရာ ဒီနေရာမှာ ဆက်လက် တွေ့နေရဆဲပဲလေ။ ဒါကြောင့် သမားတော်တိုင်း ဆရာဝန်တိုင်းက ဇွဲလုံ့လရှိရှိ အမြဲ တိုးတက်အောင် လုပ်ဆောင်ဖို့လိုတယ်။ ဒါပေမယ့် ဆေးပညာနယ်ပယ်က အခြားဘာသာရပ်တွေကို လေ့လာဖို့ ကျွန်တော်ကိုယ်တိုင်ကိုက အချိန်အများကြီး မရှိဘူး။ ဆိုတော့ ဖျားနာမှုတွေကို ကုသတာနဲ့ လူနာတွေကို ကယ်တင်ဖို့ကိစ္စက ခင်ဗျားရဲ့ပခုံးပေါ်ကို ကျလာလိမ့်မယ်။” ထန်ရှုက တစ်ချက်ပြုံးကာ ပြောလိုက်သည်။
ချူကောရှုံးက အားတင်းပြုံးလိုက်ပြီး
"မင်းကို ငါ တကယ်နားမလည်ဘူး နတ်ဆေးသမားတော်ထန်။ တရုတ်ဆေးပညာနယ်ပယ်မှာ မင်းရဲ့အောင်မြင်မှုတွေနဲ့ ကြိုးစားရရှိမှုတွေနဲ့ဆိုရင် မင်းက အနာဂတ်မှာ ဆေးပညာလောကရဲ့အထွတ်အထိပ်မှာ ရပ်တည်နိုင်တဲ့အပြင် မင်း အလိုရှိသရွေ့ ကျော်ကြားမှုနဲ့ စည်းစိမ်ဥစ္စာတွေကို ရရှိမှာလေ။ ဒါပေမယ့် မင်း ဘာကြောင့် ..."
“လူတိုင်းက မတူညီတဲ့ အရာတွေကို လိုက်ရှာကြတယ်။ ကျွန်တော် ဒါပဲ ခင်ဗျားကို ပြောနိုင်တယ်။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
“ဒါဆို မင်းလိုက်ရှာနေတာက…” ချူကောရှုံးက စိတ်ဝင်တစား မေးလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ပြောပြရင်တောင် အဲ့ဒါကို နားလည်နိုင်မှာ မဟုတ်ပါဘူး။" ထန်ရှုက ရယ်မောပြီး ပြောသည်။
"ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သွားကြတော့မလား။ ခင်ဗျားက ကျွန်တော်နဲ့ အတွင်းလူနာဌာနကို လိုက်ချင်တာဆိုတော့ အချိန်မဖြုန်းရအောင်။ အဲ့ဒီမှာ လူနာတွေကို စောစောကုသပေးနိုင်လေ အိမ်ပြန်နိုင်ပြီး အနားယူနိုင်လေလေပဲ။”
အတွင်းလူနာဌာနတွင်…
ထန်ရှု၊ ချူကောရှုံးနှင့် သိုက်ရှင်းရွှယ်တို့သည် ဆေးရုံမှ စီစဉ်ပေးသော အထူးလူနာဆောင်များသို့ တန်းသွားလိုက်ကြသည်။ လူနာဆောင်ထဲတွင် လူနာကုတင်တစ်လုံးသာ ရှိပြီး ကုန်းလီချွင်၏သမီးသည် ကုတင်ပေါ်တွင် ထိုင်ငိုက်နေသည်။
"နတ်ဆေးသမားတော် ထန်။" ကုန်းလီချွင်က ထန်ရှု ရောက်လာသည်ကို တွေ့သောအခါ အမြန်ထလာပြီး ခေါ်လိုက်သည်။
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး
"ကျွန်တော် ပေးခဲ့တဲ့ ဆေးညွှန်းအတိုင်း သူ့ကို ဒီညနေ ဆေးတိုက်ပြီးပြီလား။"
“ဟုတ်ကဲ့ … သူ ဆေးသောက်ပြီးပြီ။” ကုန်းလီချွင်က ချက်ချင်းပြောသည်။ သူမ၏မျက်နှာပေါ်တွင် ရွှင်မြူးသော အကြည့် ရှိနေသည်။
“အဲ့ဒါ့အပြင် ပေ့ပေ့က သူ သောက်ပြီးနောက်မှာ နွေးထွေးပြီး သက်တောင့်သက်သာခံစားရတယ်လို့ ပြောတယ်။ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေလည်း ပိုကောင်းလာမယ်လို့ ငါ ထင်ပါတယ်။”
ထန်ရှုက သူမကို ခေါင်းညိတ်တုန့်ပြန်လိုက်ပြီး လူနာကုတင်ဆီသို့ လျှောက်သွားလိုက်သည်။ စောင်ကို ဖယ်လိုက်ပြီး
“ကျေးဇူးပြုပြီး သူမကို အ၀တ်ချွတ်ပေးပါ။ ကျွန်တော် အပ်စိုက်ကုထုံးနဲ့ ကုသမယ်။ ရှင်းရွှယ် … အရက်ပြန်ဆွတ်ထားတဲ့ ဂွမ်းနဲ့ ငွေအပ်တွေကို ဆေးသေတ္တာထဲက ယူလိုက်ပါ။ သူနာပြုကို ရေနွေးအိုးတစ်လုံးကို ပြင်ဆင်ပေးဖို့ ပြောပေး။ ရေနွေးက လောလောလတ်လတ် ကျိုထားတဲ့ဟာဆိုတာကို သတိရပါ။”
သိုက်ရှင်းရွှယ်က အလျင်အမြန် လိုက်နာပြီး အရက်ပြန်ဆွတ်ထားသည့် ဂွမ်းနှင့် ငွေအပ်တွေကို ချက်ချင်းယူလိုက်သည်။ ထို့နောက် သူမက ချက်ချင်း အပြင်သို့ ပြေးသွားခဲ့သည်။ နှစ်မိနစ်လောက်ကြာသော် ပြန်ရောက်လာပြီး
“ဆရာသခင် … အခုကျိုပြီးတဲ့ ရေနွေးတော့ မရှိဘူး။ ဒါပေမယ့် သူနာပြုတွေကို ရေနွေးကျိုဖို့ ညွှန်ကြားထားခဲ့တယ်။ ဆယ်မိနစ်လောက်ကြာရင် အဆင်သင့် ဖြစ်ပါမယ်။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး ငွေအပ်အား အရက်ပြန်ဆွတ်ထားသည့် ဂွမ်းဖြင့် ပိုးသတ်လိုက်သည်။ အထူးသဖြင့် သူသည် အပ်စိုက်ကုထုံးကို အသုံးပြုမည့် ကလေးမလေး၏ ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသော နေရာအများအပြားတွင် အရက်ပြန်ဆွတ်ထားသည့် ဂွမ်းဖြင့် ညင်သာစွာ သုတ်လိုက်သည်။ ထပ်ခါတလဲလဲ သန့်ရှင်းရေးလုပ်ပြီး အပ်စိုက်ခြင်းလုပ်ငန်း စတော့မည့်ဆဲဆဲတွင် သူ၏လက်ကိုင်ဖုန်းက ရုတ်တရက် အသံမြည်လာသည်။
သူ၏မျက်ခုံးများကို အနည်းငယ်တွန့်ရင်း ထန်ရှု လက်ကိုင်ဖုန်းကို ထုတ်ပြီး ကြည့်လိုက်ရာ မရင်းနှီးသော နံပါတ်တစ်ခု ဖြစ်နေသည်ကို တွေ့ရသည်။ မူလက ဖုန်းခေါ်ဆိုမှုကို လျစ်လျူရှုရန် ရည်ရွယ်ခဲ့သော်လည်း ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် ၎င်းခေါ်ဆိုမှုကို ပြန်လည် ဖြေကြားခဲ့သည်။
"ထန်ရှု … ပြောနေပါတယ် ဘယ်သူဆက်တာလဲလို့ သိလို့ရမလား။"
ဖုန်းထဲမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
“ဟယ်လို နတ်ဆေးသမားတော်ထန် … ငါက ဝေ့ယန်ပါ။ ငါတို့တွေ အရင်က ရှန်ဟိုင်းသုခဘုံစားသောက်ဆိုင်မှာ တွေ့ဖူးတယ်။”
"ကျွန်တော် သိပြီ။ ဒါပေမယ့် ခင်ဗျားက ဘာလို့ ဒီမှာ မရှိနေတာလဲ။" ထန်ရှုက မေးလိုက်သည်။
“တကယ်တော့ ငါတို့ မိသားစုသုံးယောက်လုံး မနေ့က ရောက်နေပြီ သမားတော်ထန်။” ဝေ့ယန်က စိတ်ညစ်နေသောအသံဖြင့် ပြောသည်။
“ဒါပေမယ့် ငါတို့ ၀င်တန်းစီနေပေမယ့် နံပါတ်ရဖို့ အလှည့်မရောက်သေးဘူး။ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့တဲ့အတွက် မင်းရဲ့ဖုန်းနံပါတ်ကို တောင်းဖို့ ဆေးရုံအုပ်လီကို ရှာခဲ့တယ်။ ဒါကြောင့် ငါ ဒီမှာပဲ ရှိပါတယ်။"
"ခင်ဗျားက အခု ဘယ်နေရာမှာလဲ။" ထန်ရှုက မေးလိုက်သည်။
“အပြင်မှာ တန်းစီနေတုန်းပဲ။ ငါ့ဇနီးနဲ့ သားကတော့ အတွင်းလူနာဆောင်ထဲမှာ ရှိတယ်။” ဝေ့ယန်က အလျင်စလို ပြောသည်။
“ခင်ဗျား လူနာဆောင်ကို ပြန်သွားပြီး အဲ့ဒီမှာစောင့်နေ။ တန်းစီစောင့်ဆိုင်းဖို့ မလိုတော့ဘူး။ တခြားလူနာတွေကို အရင် ကုလိုက်ဦးမယ်။ ပြီးမှ လာခဲ့မယ်။ စကားမစပ် လူနာဆောင်နံပါတ်ကို ပြောပါ။” ထန်ရှုက ပြောသည်။
"အထူးလူနာဆောင် #၀၂၄" ဝေ့ယန်က ခပ်မြန်မြန် ပြန်ဖြေသည်။
"နားလည်ပြီ။ နောက်မှ လာခဲ့မယ်။" ထန်ရှုက ချက်ချင်း တုံ့ပြန်သည်။
ဖုန်းချလိုက်ပြီးနောက် ကလေးမလေးအား အပ်စိုက်ကုထုံးကို စတင်ပြုခဲ့သည်။
သူ၏အလွန်ထူးခြားသော အပ်စိုက်နည်းပညာများသည် မြင့်မြတ်သမားတော်၏ တပည့် — ချူကောရှုံးအား အံ့သြတကြီး တိတ်ဆိတ်နေစေခဲ့သည်။ ကလေးမလေး၏အ၀တ်မပါသော ခန္ဓာကိုယ်ပေါ်ရှိ တိကျသော အပ်စိုက်နေရာများအား ငွေအပ်တစ်ဒါဇင်ကျော်ဖြင့် ထိုးစိုက်ကာ ထန်ရှုက သူ၏ကြယ်စွမ်းအားကို တိတ်တဆိတ် လွှတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်စေသည်။ အချက်အလက်တစ်ခုအနေဖြင့် သွေးဖြူဥများ တိုးပွားလာခြင်းနှင့် သွေးနီဥများ ကျဆင်းခြင်းဟူသော သွေးကင်ဆာ၏ လက္ခဏာရပ်များသည် ကိုယ်ခံသိုင်းပညာရှင်များနှင့် ကျင့်ကြံရေးသမားများအတွက် သွေးအဆိပ်သင့်ခြင်းနှင့် အလားတူသည်။
ထို့ကြောင့် ကလေးမလေး၏အသက်စွမ်းအားနှင့် ချီကို နှိုးဆွပေးရင်း သွေးဖြူဥများကို တွန်းထုတ်ရန် သူ၏ကြယ်စွမ်းအားကို အသုံးပြု၍လည်း ကူညီပေးခဲ့သည်။
သုံးမိနစ်ကြာပြီးနောက် ထန်ရှုသည် ငွေအပ်တစ်ချောင်းကို တစ်ဖန်ယူ၍ အပ်စိုက်နေရာတစ်ခုစီတွင် သေးငယ်သော အပေါက်ခြောက်ပေါက်ကို ထိုးဖောက်လိုက်သည်။ ထို့နောက် အပ်ကို ချလိုက်ရာ ထိုအပေါက်သေးသေးလေးများဆီက သွေးများ ထွက်လာခဲ့သည်။
မိန်းကလေး၏ခန္ဓာကိုယ်အတွင်း၌ သူ၏ကြယ်စွမ်းအားကို သွားလာနေစေရန် ထိန်းချုပ်ခြင်းဖြင့် ထန်ရှုသည် သူ၏ကြယ်စွမ်းအားကို ပင့်ကူအိမ်ပုံသဏ္ဍာန် ဖွဲ့စည်းလိုက်ပြီး အပ်စိုက်နေရာများနီးရှိ သေးငယ်သောအပေါက်များမှ သွေးဖြူဥများ အဆက်မပြတ်ထွက်စေရန် တွန်းအားပေးခဲ့သည်။
“နတ်ဆေးသမားတော် ထန် … ဒါ …”
ကုန်းလီချွင်၏မျက်နှာသည် အလွန်ပြောင်းလဲသွားသည်။ သူမ၏လည်ချောင်းအတွင်း မူလရှိနေသည့် စကားသံသည် သမီးဖြစ်သူ၏ခန္ဓာကိုယ်အား ငွေအပ်များ ထိုးသွင်းထားသည့် အနီးပတ်ဝန်းကျင်ရှိ အပေါက်သေးသေးလေးများဆီမှ သွေးများထွက်နေသည်ကို တွေ့လိုက်ရသောအခါတွင် ပြောတော့မည့်ဆဲဆဲ သူမ၏အသံသည် ချက်ချင်းဆိုသလို တိမ်၀င်သွားသည်။
ထန်ရှု ခေါင်းခါပြလိုက်သည်။ သူသည် ငွေအပ်များကို ပိုးသတ်ပြီး ဆေးသေတ္တာထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ညာဘက်လက်မကို အသုံးပြု၍ မိန်းကလေး၏ သွေးကြောအချို့ကို စတင်ထိန်းပေးထားကာ အတွင်းရှိ သွေးများ ရွေ့လျားလာစေရန် ညင်သာစွာ ဖိထားပေးခြင်းဖြင့် အပ်စိုက်ရာအနီးရှိ အပေါက်များမှ ထွက်သော သွေးများကို တိုးလာစေသည်။
“ဦးလေး … အရမ်းယားတယ်။”
ကလေးမလေးသည် အစက လိမ်လိမ်မာမာဖြင့် ငြိမ်သက်စွာ နေနေသော်လည်း ထန်ရှု၏လက်ချောင်းလေးများ ရွေ့လျားမှုကြောင့် ဟိုဘက်ဒီဘက် တွန့်လိန်စပြုလာသည်။ သို့သော် သူမ၏ဖြူဖျော့သော မျက်နှာလေးသည် ယခုအခါ နှင်းဆီရောင်သန်းလာခဲ့ပြီဖြစ်သည်။
“သည်းညည်းခံလိုက်ဦး။ ဒါပြီးသွားရင် မင်း နေရတာ ပိုပြီး ကောင်းသွားလိမ့်မယ်။” ထန်ရှု ပြောလိုက်သည်။
အချိန်များ ကုန်လွန်လာခဲ့သည်။
မိနစ်၂၀ကြာသွားပြီးနောက် အပ်စိုက်ထားရာပတ်လည် ရှိ အပေါက်ငယ်လေးများဆီမှ သွေးမထွက်လာတော့ချေ။ သည်တစ်ကြိမ်တွင် ထန်ရှုသည် ငွေအပ်တစ်ဒါဇင်အား ကလေးမလေး၏ခန္ဓာကိုယ်မှ ဆွဲထုတ်ကာ ပု၀ါတစ်ထည်ဖြင့် သူမအား သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
“အခြေအနေ ဘယ်လိုရှိလဲ နတ်ဆေးသမားတော်ထန်။” တစ်ချိန်လုံး စိုးရိမ်စိတ်ပူနေသော ကုန်းလီချွင်က အလျင်စလို မေးလိုက်သည်။
“ကျွန်တော်တို့ မနက်ဖြန်ညနေ အပ်စိုက်ကုထုံး ဆက်လုပ်ဖို့ လိုတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေရဲ့ ရာခိုင်နှုန်း ၃၀-၄၀လောက်ကို အားစိုက်ဖယ်ထားပြီးပြီဆိုတော့ မနက်ဖြန်ဆို အကုန်လုံး ဖယ်ရှားပြီးလိမ့်မယ်။”
“ရှင်ပြောတာ အမှန်ပဲလား နတ်ဆေးသမားတော်ထန်။” ကုန်းလီချွင်၏မျက်လုံးများ အရောင်လက်သွားကာ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“ငါ့ရဲ့သမီး …. သူ့ခန္ဓာကိုယ်ထဲက သွေးဖြူဥတွေရဲ့ ရာခိုင်နှုန်း ၃၀-၄၀လောက်က ဖယ်ထားပြီးသွားပြီလား။”
“ဟုတ်တယ်။” ထန်ရှု ပြန်ဖြေလိုက်သည်။
ဘေးတွင် ရှိနေသော ချူကောရှုံးသည် မျက်ခုံးအနည်းငယ် တွန့်သွားပြီး
“သမားတော်ထန် … မင်း သွေးဖြူဥဆဲလ်တွေကို ဘယ်လိုဖယ်လိုက်လဲဆိုတာ ငါ မသိပေမယ့် အဲ့ဒါက ငါ့ကို အတော် ပဟေဠိဖြစ်သွားစေတယ်။ ဒါနဲ့ ဘာဖြစ်လို့ သွေးဖြူဥတွေ ဆက်မဖယ်တာလဲ။ အနည်းဆုံး ၇၀%လောက်ထိ ဖယ်ထုတ်လို့ရတယ် မဟုတ်လား။”
ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် ဖြေလိုက်သည်။
“လူ့ခန္ဓာကိုယ်မှာ သွေးဖြူဥတွေ ရှိတာ ပုံမှန်အခြေအနေပဲ။ သွေးဖြူဥ ၇၀%သာ ထုတ်မယ်ဆိုရင် ကလေးမက ကျွန်တော့်လက်ချက်ကြောင့် သေသွားမှာပေါ့ဗျ။ ကျွန်တော် ဖယ်ထုတ်လိုက်တဲ့ သွေးဖြူဥတွေက အလွယ်တကူ ကြီးထွားပျံ့ပွားတဲ့အရာတွေ။ သာမန်သွေးဖြူဥအမျိုးအစားနဲ့ ရေတွက်မယ်ဆိုရင် ၈၀%လောက် ကျွန်တော် ဖယ်ထုတ်လိုက်ပြီးပြီ။”
“ဒါ…” ချူကောရှုံး ကြက်သေသေသွားကာ ထန်ရှုအား မယုံကြည်နိုင်ဟန် ကြည့်မိရင်း သူ၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ်ခန့် လှုပ်ရှားနေသော်လည်း မည်သည့်စကားမျှ ထွက်မလာပေ။
***