← Chapters

ကောင်းကင်ဘုံသားနှင့်တူသော လူသားကြောင့် အံ့သြတုန်လှုပ်ဖွယ်ရာ

Vol. 11 Ch. 504

ကောင်းကင်ဘုံသားနှင့်တူသော လူသားကြောင့် အံ့သြတုန်လှုပ်ဖွယ်ရာ

Vol. 11 Ch. 504

ချူကောရှုံး အလွန်အံ့သြတုန်လှုပ်သွားသည်။ ထန်ရှုသည် လူနာ၏အခြေအနေကို ထူးခြားကောင်းမွန်စွာ နားလည်နေဟန်ရသည်။ စစ်ဆေးမှုကိရိယာမပါဘဲ လူနာ၏ခန္ဓာကိုယ်အတွင်းရှိ သွေးဖြူဥအရေအတွက်ကိုပင် သိရှိနိုင်သည်။ သူ့အတွက် နားမလည်နိုင်ဆုံးသောအရာမှာ ထန်ရှုသည် ဖယ်ရှားလိုက်သော သွေးဖြူဥများ၏ပမာဏကို သိရုံသာမက ပုံမှန်သွေးဖြူဥဆဲလ်များနှင့် အလွယ်တကူ ပြန့်ပွားပျံ့နှံ့သွားသည့် ဆဲလ်များကို အလွယ်တကူ ခွဲခြားသိနိုင်ခြင်းကြောင့် ဖြစ်သည်။

သည်စွမ်းရည်ဖြင့် တည်ရှိနေခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးနှင့် မတူပေဘူးလား။

တစ်ဖက်တွင် သိုက်ရှင်းရွှယ်၏လှပသော မျက်နှာပေါ်တွင် တုန်လှုပ်နေသည့်အမူအရာအပြင် သိပ်သည်းသော အထင်ကြီးမှုနှင့် ကိုးကွယ်ယုံကြည်မှုလည်း ရှိသည်။ သွေးကင်ဆာသည် ဆေးပညာအဖွဲ့အစည်းတစ်ခုလုံးအတွက် ပျောက်ကင်းအောင် ကုသရန် မဖြစ်နိုင်လောက်သော ရောဂါအခြေအနေတစ်ခု ဖြစ်သော်လည်း သူမ၏ဆရာသခင်က ၎င်းကို အလွယ်တကူ ကုသနိုင်ခဲ့သည်။ ဤသည်မှာ နတ်ဆေးသမားတော်၏တည်ရှိမှုထက် ကျော်လွန်သော အရည်အချင်းရှိသူ ဖြစ်သည်မှာ သေချာပါသည်။

တစ်ခုသိရမည်မှာ မြင့်မြတ်သမားတော်များ၊ ကျွမ်းကျင်သောဆရာဝန်များအဖြစ် အမွှမ်းတင်ခံရသူများသည် သွေးကင်ဆာကို လုံးဝပျောက်ကင်းအောင် ကုသနိုင်ခဲ့ပါက ထိုသတင်းသည် ပျံ့နှံ့နေလိမ့်ပေမည်။ မြင့်မြတ်သမားတော်၏တပည့်တောင် သည်ကဲ့သို့ အံ့သြတုန်လှုပ်နေသည်ဆိုပါက သူ၏ဆရာသခင်ဖြစ်သော ကျော်ကြားလှသည့် မြင့်မြတ်သမားတော် ကွေ့ချန်းချုံသည်ပင် ထိုသို့သော အောင်မြင်အောင် ကုသမှုကို ရရှိရန် အလွန်ခက်ခဲသည်မှာ ထင်ရှားပေသည်။

သိုက်ရှင်းရွှယ်သည် သူမအနေဖြင့် တရုတ်ဆေးပညာအကြောင်းကို ဦးစွာ တိုးတက်အောင် လုပ်ရမည် ဖြစ်ပြီး ထိုမှသာ သူ၏ အထူးကုသရေး နည်းလမ်းများကို သင်ကြားရမည်ဟူသော သူမ၏ဆရာသခင် ပြောခဲ့သည့် စကားများကို ပြန်သတိရသောအခါ သူမ၏နှလုံးသားသည် ပျော်ရွှင်ရသဖြင့် ခုန်ထွက်လုနီးပါး ဖြစ်သွားခဲ့ရသည်။

ချူကောရှုံးနှင့် သိုက်ရှင်းရွှယ်တို့၏ အတွေးများကို အနည်းငယ်မျှ အာရုံမစိုက်ဘဲ ထန်ရှုသည် ကလေးမလေး၏ခန္ဓာကိုယ်ပေါ်ရှိ သွေးများအား ဆက်လက် သုတ်သင်ပေးနေသည်။ ထို့နောက် သူက ကုန်းလီချွင်ဘက်ကို လှည့်ပြီး

"ကျေးဇူးပြုပြီး သူကို အဝတ်အစားလဲပေးပြီးတော့ အနားယူခိုင်းလိုက်ပါ။ နောက်ပြီး မနက်ဖြန်မနက်မှာ သူ့ကို ဆေးတိုက်ဖို့ မမေ့ပါနဲ့။ သူ့ခန္ဓာကိုယ်ကို ပြန်လည်ကျန်းမာကြံ့ခိုင်လာစေဖို့ ဆေးဝါးတွေ ကျွေးပေးပါ။”

ကုန်းလီချွင်က စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရ ခေါင်းညိတ်လိုက်ပြီး

"ညွှန်ကြားချက်ကို ငါ သေချာနားထောင်ပါ့မယ် နတ်ဆေးသမားတော်ထန်။"

ထန်ရှု သူမအား ခပ်ဖွဖွ ပြုံးပြရင်း သူ၏ဆေးသေတ္တာကို ကောက်ကိုင်လိုက်ကာ

“တခြားလူနာတွေကို သွားကုသရမှာမို့ ကျွန်တော် အရင်သွားနှင့်တော့မယ်။ မနက်ဖြန်ညမှာ ပြန်ဆုံကြတာပေါ့။"

"အိုကေ … ကျေးဇူးတင်ပါတယ် နတ်ဆေးသမားတော်ထန်။”

ကုန်းလီချွင်က ကျေးဇူးတင်သည့် အမူအရာဖြင့် ပြောလိုက်သည်။

လူနာဆောင်ထဲမှ ထွက်လာပြီးနောက် ချူကောရှုံး၏ အံ့သြတုန်လှုပ်သော အမူအရာမှာ ပျောက်ကွယ်သွားခဲ့ပြီး

"နတ်ဆေးသမားတော်ထန် … မင်းက နောက်တစ်ခန်းက လူနာကို ကုသပေးမို့လား။ လူနာက ဘာရောဂါတဲ့လဲ။”

"မွေးရာပါနှလုံးရောဂါ။" ထန်ရှုက ပြောလိုက်သည်။

ချူကောရှုံး၏ခြေလှမ်းများ ရပ်တန့်သွားပြီး ထန်ရှုအား မယုံကြည်နိုင်စွာ စိုက်ကြည့်မိသည်။ တံတွေးကို မျိုချပြီးနောက် ထန်ရှုအား ကမန်းကတန်း အမီလိုက်ကာ နောက်လူနာဆောင်ထဲသို့ ဝင်ခါနီးတွင် မေးလိုက်သည်။

“နတ်ဆေးသမားတော်ထန် … ငါ့ကို ပြောပြပါ။ မွေးရာပါ နှလုံးရောဂါက လုံးဝ ပျောက်ကင်းနိုင်သလား။”

"ရိုးရိုးသားသား ပြောရရင် သွေးကင်ဆာဆိုရင် ငါ့မှာ ၁၀၀% အာမခံချက် မရှိဘူး။ ဒါပေမယ့် မွေးရာပါ နှလုံးရောဂါတွေကို ကုသရာမှာတော့ ၁၀၀% ယုံကြည်မှု ရှိတယ်။" ထန်ရှုက ပြုံးကာ ပြောသည်။

ချူကောရှုံး၏ရင်ထဲတွင် တဒိတ်ဒိတ်ဖြင့် နှလုံးခုန်သံ တိုးလာခဲ့သည်။ ယခုအချိန်တွင် ထန်ရှုကို သူ ကြည့်သည့်ပုံစံသည် ကောင်းကင်တမန်တော် တစ်ယောက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားသော လူတစ်ယောက်နှင့်တူသည်။ တစ်ခုသိထားရမည်မှာ မွေးရာပါ နှလုံးရောဂါများသည် ကုသရန် အရမ်း လက်ဝင်သောရောဂါဖြစ်သည်။ ပျောက်ကင်းသွားသည့် လူနာတွေ များစွာရှိခဲ့သော်လည်း ထိုလူနာများ၏ ရောဂါ အခြေအနေမှာ ပြင်းထန်ခြင်းမရှိသောကြောင့်ဖြစ်သည်။

သို့သော် မွေးရာပါနှလုံးရောဂါဝေဒနာရှင်တစ်ဦးသည် ထန်ရှုထံမှ ကုသမှုကို ခံယူရန် ရှာဖွေနေရသည်ကို တွေးကြည့်မည်ဆိုပါက ... အလွန်ခက်ခဲပြီး ဒုက္ခဖြစ်နိုင်သည့်ရောဂါ ဖြစ်ပေလိမ့်မည်။ မွေးရာပါ နှလုံးရောဂါမျိုးအား ဆေးရုံကြီးများ၊ နာမည်ကြီး ကျွမ်းကျင်ပညာရှင်များနှင့် နှလုံးရောဂါဆိုင်ရာ ပါမောက္ခ အများအပြားသည်  ဘာမှ မတတ်နိုင်ပေ။

"ရောဂါအခြေအနေက ဘယ်လိုတဲ့လဲ သမားတော်ထန်။" ချူကောရှုံးက ချီတုံချတုံဖြစ်စွာ မေးလိုက်သည်။

“သွေးထောက်ပံ့မှု မလုံလောက်တာရယ်၊ အတွင်းပိုင်းဖောက်ထွင်းခံရတာရယ်နဲ့ အခြားအရာအားလုံးထက် သူ့ရဲ့နှလုံးက သေးငယ်လွန်းပြီး ပိုကြီးလာဖို့က အတော်ခက်ခဲတယ်။ လောလောဆယ်မှာ လူနာရဲ့အသက်ကို မခြိမ်းခြောက်နိုင်သေးပေမယ့် ကုသမှုက နှောင့်နှေးနေတယ်ဆိုရင် နောင်တစ်ချိန်ကျ ဟွာထုန်နဲ့ ပြန့်ကျယ်တို့ အသက်ပြန်ရှင်လာပြီး ကုသပေးရင်တောင် ကူကယ်ရာမဲ့ဖြစ်လိမ့်မယ်။” ထန်ရှုက ဆိုသည်။

(Charm Ming Nge - ပြန့်ကျွယ်(扁鹊) သည် အစောဆုံး လူသိများသော တရုတ်သမားတော် ဖြစ်သည်။ သူ၏အမည်ရင်းအား ယွဲ့ရန်ဟု ဆိုကြသော်လည်း လူအများက သူ့အား အဝါရောင်ဧကရာဇ်မင်းလက်ထက်က ဒဏ္ဍာရီလာ သမားတော် ပြန့်ကျွယ်၏နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့သည့် ပြန့်ကျွယ်ဟု နာမည်ပြောင်ပေးကြသည်။ မှတ်တမ်းများအရ ဒုတိယ ပြန့်ကျွယ်သည် သူသွားလေရာရာ၌ ဒေသဆိုင်ရာ လိုအပ်ချက်များကို လိုက်လျောညီထွေ ပြုလုပ်ပေးသော အထူးပြုသမားတော်တစ်ဦးဖြစ်သည်။

ဟွာထုန်(华佗) သည် တရုတ်နိုင်ငံတွင် အထင်ရှားဆုံးသော နတ်ဆေးသမားတော် ဖြစ်နိုင်သည်။ ယနေ့ခေတ်တွင်ပင် လူတို့သည် ကြီးမြတ်သော ဆရာဝန်များ၊ သမားတော်များကို "ဟွာထုန်(华佗再世)" အဖြစ် ချီးကျူးကြသည်။ အရှေ့ဟန်မင်းဆက်နှောင်းပိုင်း၌ နေထိုင်သော ဟွာထုန်သည် တရုတ်နိုင်ငံတွင် ခွဲစိတ်မှုအတွင်း မေ့ဆေးအသုံးပြုသည့် ပထမဆုံးသော လူသိများသူ (မာဖေ့ဆန် ဟုခေါ်သော ဆေးဖက်ဝင်အပင်များနှင့် ဝိုင်ကို ပေါင်းစပ်ထားသည့် ဆေးခြောက်မှုန့်) ဟု ဘုရင့်နိုင်ငံများနှင့် နောက်ပိုင်းဟန်ကျမ်းများ၏ မှတ်တမ်းများအရ သိရသည်။

…ဟူး…

ချူကောရှုံးသည် ထိုစကားကို ကြားပြီးနောက် လေအေးတစ်ချက် ရှုသွင်းလိုက်ရသည်။ ယခင်ကလည်း ထိုကဲ့သို့ ဖြစ်ရပ်မျိုး တစ်ကြိမ်၊ နှစ်ကြိမ်ထက်မက ကြုံခဲ့ဖူးပြီးဖြစ်သည်။ သွေးထောက်ပံ့မှု မလုံလောက်ခြင်း သို့မဟုတ် အတွင်းအင်္ဂါများ ဖောက်ထွက်ခြင်းမျှသာ ဖြစ်ပါက အမှန်တကယ် ကုသနိုင်ပါသည်။

ရောဂါ၏နှောင်းပိုင်းအဆင့်ရှိ လူနာအချို့ပင်လျှင် တဖြည်းဖြည်းသက်သာလာနိုင်သည်။ သို့သော် နှလုံးသည် အလွန်သေးငယ်ပြီး ကြီးထွားရန် အလွန်ခက်ခဲပါက လူနာများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် ရှင်းရခက်စွာ ဆက်စပ်နေသောကြောင့် ကုသရန် အလွန်ခက်ခဲပေသည်။

…လူနာဆောင်အတွင်း...

ဝေ့ယန်နှင့် ဂူဟွေ့သည် အတွင်းထဲတွင် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။ ထန်ရှု ရောက်လာသည်ကို မြင်သည့်အခါ ဝေ့ယန်က ချက်ချင်းပင် ကျေးဇူးတင်သည့်အမူအရာဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“နောက်ဆုံးတော့ မင်းကို ငါတို့ ပြန်တွေ့နိုင်ပြီ နတ်ဆေးသမားတော်ထန်။ ငါ့သားကို ကုသဖို့ နောက်ကျတဲ့အထိ လာပေးရတာ ကျေးဇူးတင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။"

“ကျေးဇူးပြုပြီး တခမ်းတနားမလုပ်ပါနဲ့။ ကျွန်တော် လူနာစမ်းသပ်ခန်းတစ်ခန်းကို ယူပြီး ခုလေးတင်ပဲ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ ဆေးကုသမှု ပြီးသွားခဲ့တာ။ ရောဂါဝေဒနာတွေကို ကုသဖို့နဲ့ လူနာတွေကို ကယ်တင်ဖို့က ကျွန်တော့်တာဝန်ပါ။ ဒါနဲ့ ကျွန်တော် လုပ်ခိုင်းထားတဲ့ အရာတွေအားလုံးကို လုပ်ပြီးပြီလား။"

“လုပ်ပြီးပါပြီ။” ဝေ့ယန်က မဆိုင်းမတွ ပြောသည်။ “သေဆုံးသူတွေရဲ့ မိသားစုကို တွေ့ပြီး သင့်လျော်တဲ့ လျော်ကြေးငွေတွေ ပေးခဲ့ပြီး ငွေအမြောက်အမြား လှူဒါန်းခဲ့တယ်။ သားလေး ဆေးကုသမှုခံယူပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာရင် လုပ်ဖို့ အချို့အရာတွေကို စောင့်မျှော်တွေးတော စဉ်းစားနေပေမယ့်…”

ထန်ရှုက မျက်ခုံးအနည်းငယ်တွန့်ကာ

"ဒါပေမယ့် ဘာဖြစ်လဲ။"

“ဒါပေမယ့် ငါ အဲ့ဒါကို ထပ်ပြီး စဉ်းစားနေဖို့ မလိုတော့ဘူး ထင်ပါတယ်။ ဒီနေ့လေးတင်ပဲ ငါ့မိသားစုရဲ့ ပိုင်ဆိုင်မှုအများစုကို ကြယ်တာရာ တရုတ်တိုင်ရင်းဆေးရုံရဲ့ ကယ်ဆယ်ရေး ရန်ပုံငွေအတွက် လှူဒါန်းဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါ့အပြင် အနာဂတ်မှာ ထပ်ပြီး ချမ်းသာလာရင် ဆင်းရဲတဲ့ အရပ်ဒေသတွေကို သွားပြီး ဆင်းရဲတဲ့ ကလေးတွေကို ကူညီဖို့၊ ကျောင်းတွေ ဆောက်ပြီး ကောင်းမွန်တဲ့ သင်ကြားရေး ပတ်ဝန်းကျင်ကို ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်။” ဝေ့ယန်မှ ပြောသည်။

"အဲ့ဒါ အရမ်းကောင်းတယ်။ ကောင်းမှုပရဟိတလုပ်တဲ့ ကုသိုလ်ကံက ခင်ဗျားကို အကျိုးပေးလိမ့်မယ်။” ထန်ရှုက ခေါင်းညိတ်ပြသည်။

ထိုသို့ပြောပြီး သူ၏ဆေးသေတ္တာအား လူနာကုတင်ဘေးတွင် ထားလိုက်သည်။ ထို့နောက် အတွင်းမှ ငွေအပ်တစ်ချောင်းကို ယူ၍

“ကျေးဇူးပြုပြီး သူ့ကို အဝတ်ချွတ်ပေးပါ။ သူ့ကို အပ်စိုက်ကုရမယ်။ နောက်ပြီး ဆေးကုသမှု လုပ်နေစဉ်အတွင်း ဘယ်သူမှ ကျွန်တော့်ကို နှောင့်ယှက်ဖို့ ခွင့်မပြုဘူး။”

"ကောင်းပါပြီ။" ဝေ့ယန်က ထန်ရှု ပြောသည်ကို အလျင်အမြန် လိုက်နာပြီး သူ့မိန်းမဂူဟွေ့နှင့်အတူ ဆောင်ရွက်သည်။ ဝေ့ဒုန်ဒုန်အား အဝတ်အစား ချွတ်ပေးပြီးနောက် ထန်ရှု၏ ညွှန်ကြားချက်အတိုင်း ကလေးငယ်အား လူနာကုတင်ပေါ်တွင် အိပ်စေသည်။

…ရွှတ်…

ငွေအပ်သည် ကလေးငယ်၏ခန္ဓာကိုယ်အား ထိုးစိုက်သွားသည်။ ထန်ရှုသည် သူ၏ကြယ်စွမ်းအားကို လျင်မြန်စွာ ထိန်းချုပ်ပြီး ဝေ့ဒုန်ဒုန်၏ခန္ဓာကိုယ်ထဲသို့ ထုတ်လွှင့်ကာ နှလုံးကို တဖြည်းဖြည်း ဖုံးလွှမ်းစေလိုက်သည်။ ထန်ရှု၏ခန္ဓာကိုယ်တွင် ကြီးမားသော အသက်စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသဖြင့် ထိုအရာသည် ဝေ့ဒုန်ဒုန်အား အပြည့်အဝ ကုသနိုင်မည်ဟု ၁၀၀% သေချာစေသော အကြောင်းရင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်အတွင်းရှိ အသက်စွမ်းအင်သည် ကလေးငယ်၏နှလုံးအပေါ်  ဒဏ်ရာပျောက်စေသော အကျိုးသက်ရောက်မှုကြောင့်ဖြစ်သည်။ သူ၏ကြယ်စွမ်းအားတွင် ကြီးမားသော အသက်အဆီအနှစ်တစ်ခု ပါရှိရာ ၎င်းကို အသုံးပြုခြင်းဖြင့် ဝေ့ဒုန်ဒုန်၏နှလုံးသားကို အာဟာရဖြစ်စေရန်အတွက် ဆန်းကြယ်သည့် အကျိုးသက်ရောက်မှုများလည်းရှိမည်မှာ သေချာပါသည်။

မျှော်လင့်ထားသည့်အတိုင်း သူ၏ ကြယ်စွမ်းအားကို ဆယ်မိနစ်ခန့် ထည့်ပြီးနောက် ဝေ့ဒုန်ဒုန်၏ နှလုံးခုန်သံသည် အရှိန်မြင့်လာပြီး ပိုမို ပြင်းထန်လာသည်။ သူ၏နှလုံးထဲရှိ မြင်နိုင်သော အပေါက်သည် ကျုံ့သွားပြီး တဖြည်းဖြည်း သေးငယ်လာခဲ့သည်။

တစ်နာရီ ပြည့်ပြီးနောက် ထန်ရှုသည် သူ၏ကြယ်စွမ်းအား ထည့်သွင်းမှုကို ရပ်ကာ ဝေ့ဒုန်ဒုန်၏ခြေဗလာကို ဆုပ်ကိုင်လိုက်သည်။ ဝဒေုန်ဒုန်အား ထူပေးလိုက်ပြီးနောက် ထန်ရှု၏လက်ဖဝါးများသည် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းနှင့် အရိုးများကို ဆက်လက် ပုတ်ပေးနေသကဲ့သို့ ကလေး၏မျက်နှာကိုလည်း အကြိမ်တစ်ဒါဇင်လောက် ပုတ်ပေးကာ ကျောပြင်နှင့် နှလုံးနေရာအား နောက်ဆုံးအဖြစ် ပုတ်ပေးခဲ့သည်။

… ရှူး…

ဝေ့ယန်သည် လေအေးတစ်ချက် ရှုသွင်းကာ ကြောက်ရွံ့ထိတ်လန့်ကာ စိုးရိမ်နေဟန်ရသည်။ ချူကောရှုံးသည်လည်း ကြက်သေသေနေပြီး သူ၏နှုတ်ခမ်းများသည် အကြိမ်ကြိမ် ပြင်းထန်စွာ မဲ့ရွဲ့သွားရသည်။

တစ်ခုသိရမည်မှာ ဝေ့ဒုန်ဒုန်သည် မွေးရာပါ နှလုံးရောဂါ ရှိပြီး သူ၏နှလုံးတွင်းအပေါက်သည် သွေးထွက်ရန် အလွန်လွယ်ကူသည်။ နှလုံးအား ထိခိုက်စေသော ပြဿနာများနှင့် ကြုံတွေ့ပါက အသက်ဆုံးရလိမ့်မည် ဖြစ်သည်။ သို့သော် ထန်ရှုသည် ကလေး၏နောက်ကျောအား အမှန်တကယ်ပင် လက်ဖဝါးဖြင့် ပုတ်ခဲ့သည်။

သည်အရာအား မည်ကဲ့သို့ ဖျားနာမှုကို ကုသပေးပြီး လူနာများကို ကယ်တင်သည်ဟု ခေါ်နိုင်ပါမည်နည်း။ လုပ်ကြံသတ်ဖြတ်နေသည့်အလား ထင်ရှားပေသည်။

သို့သော် သူ့အား အနှောက်အယှက်မပေးရန် ထန်ရှု ညွှန်ကြားထားသည်ကို ပြန်လည်သတိရပြီး ဝေ့ယန်သည် စိုးရိမ်ပူပန်မှုနှင့် ဂနာမငြိမ်မှုများ ဖြစ်နေသည့်ကြားမှ ယုံကြည်မှုကို ဆုပ်ကိုင်ထားရင်း ကြံ့ကြံ့ခံခဲ့သည်။

ဝေ့ဒုန်ဒုန်၏ကျောကို ရိုက်နှက်ပြီးနောက် ထန်ရှုသည် နောက်ဆုံးတွင် သူ့ကို လှဲပေးလိုက်ပြီး ငွေအပ်ကို ထပ်မံထိုးစိုက်လိုက်သည်။ သို့သော် နောက်ဆက်တွဲ ကြယ်စွမ်းအား ထည့်သွင်းမှုသည် အလွန်တိုတောင်းပြီး အလွန်သေးငယ်သော ပမာဏ ဖြစ်သည်။

ကလေးငယ်၏နှလုံးသားကို ကြယ်စွမ်းအားဖြင့် ရစ်ပတ်ပြီးနောက်တွင် သူ၏လှုပ်ရှားမှုများကို ချက်ချင်း ရပ်လိုက်သည်။

မွေးရာပါ နှလုံးရောဂါအား ကုသနည်းတစ်ခုတည်းဖြင့် ကုသဖို့ဆိုသည်မှာ တကယ်တော့ မဖြစ်နိုင်ပေ။

သို့သော် ယခုအခါတွင် တစ်ကြိမ်သာ ကုသရန် လိုအပ်ပြီး နောက်ဆက်တွဲအနေဖြင့် ကလေးငယ်၏ ခန္ဓာကိုယ်အတွင်း၌ ရှိနေသော သူ၏ကြယ်စွမ်းအားဖြင့် ကိုင်တွယ်ဖြေရှင်းမည်ဖြစ်သည်။ ကြယ်စွမ်းအား လုံးလုံးမကုန်မချင်း ထိုကောင်လေး၏နှလုံးကို အာဟာရ ဖြည့်တင်းကာ ပြုပြင်ပေးနေပေလိမ့်မည်။ အချိန်တစ်ခု ရောက်လာသည့်အခါ ဝေ့ဒုန်ဒုန်၏ မွေးရာပါ နှလုံးရောဂါလည်း လုံးဝ ကုသနိုင်ပြီး ဖြစ်ပေလိမ့်မည်။

"ကဲ ပြီးသွားပြီ။" ထန်ရှုသည် ငွေအပ်များကို ပြန်ထုတ်ယူကာ အပြုံးဖြင့် ပြောလိုက်သည်။

"ဒါ ... အားလုံးအဆင်ပြေပါတယ်နော် သမားတော်ထန်။" ဝေ့ယန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

"ဟုတ်တယ် … အားလုံးကောင်းပါတယ်။ ဒါပေမယ့် နှစ်လလောက်စောင့်ရမယ်။ နှစ်လလောက်ကြာရင် သူ့ကို ဆေးစစ်ဖို့ ဆေးရုံကို ခေါ်သွားပါ။ သူ့မှာ ပြဿနာ တစ်ခုခုရှိရင် ကျွန်တော့်ကို ဆက်သွယ်ပါ။ ဒါမှမဟုတ် ရှန်ဟိုင်းတက္ကသိုလ်ကို လာရှာနိုင်တယ်။” ထန်ရှုက ခေါင်းညိတ်ပြသည်။

“ကောင်းလိုက်တာ … ကောင်းတယ်။ ကျေးဇူး အများကြီး တင်ပါတယ် နတ်ဆေးသမားတော်ထန်။” ဝေ့ယန်က အလျင်စလို ပြောသည်။

"ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ခင်ဗျားရဲ့ တကယ့်လုပ်ရပ်တွေက လက်တွေ့ကျကျ ပြောင်းလဲသွားပြီး ခင်ဗျားသားရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော့်ကို တစ်ခုတော့ ကတိပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

"မင်းရဲ့ တောင်းဆိုချက်က ဘာလဲ။ ငါ လုပ်နိုင်သရွေ့ ဓါးတောင်နဲ့ မီးပင်လယ်ကို ဖြတ်ကျော်ရရင်တောင် ငါ သေချာပေါက် ပြီးမြောက်စေမှာပါ။” ဝေ့ယန်က အလျင်စလို ပြောသည်။

ထန်ရှုက ရယ်ရယ်မောမောဖြင့် “အဲ့ဒီလောက် ချဲ့ကားတဲ့အရာမဟုတ်ပါဘူး။ ကျွန်တော် တောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ ခင်ဗျားသားလေးရဲ့ မွေးရာပါနှလုံးရောဂါကို ကျွန်တော် ကုသခဲ့တာကို လျှို့ဝှက်ထားပေးပါ။ နောက်ပိုင်း ဆေးပြန်စစ်ဖို့အတွက်ဆိုရင် အရင်က စစ်ဆေးပေးတဲ့ ဆေးရုံနဲ့ ဆရာဝန်ဆီကို ခေါ်မသွားပါနဲ့။ ခင်ဗျားသားရဲ့ မွေးရာပါနှလုံးရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တာကို အများသူငှာဆီ ထုတ်ဖော်တာမျိုး ကျွန်တော် မလုပ်ချင်ဘူး။”

"ဒါပေမယ့် ဘာဖြစ်လို့လဲ။" ဝေ့ယန်က စိတ်ရှုပ်စွာ မေးလိုက်သည်။

"ဒါက ကောင်းတဲ့အရာပဲ မဟုတ်လား။"

"ကျွန်တော့်ဆီ မလိုလားအပ်တာတွေ ဖြစ်လာမှာကို  စိတ်ပူတယ်။" ထန်ရှုက ဖြေသည်။

…မလိုလားအပ်တဲ့အရာတွေကို ကြောက်လို့တဲ့လား…

ဝေ့ယန် တွေတွေကြီး စိုက်ကြည့်နေသည်။ သူ၏ရင်ထဲတွင် ပဟေဠိနှင့် ရှုပ်နေသော်လည်း ထန်ရှုအား ကတိပေးသည့်အနေဖြင့် လေးလေးနက်နက် အကြိမ်ကြိမ် ခေါင်းညိတ်ပြနေသည်။

ဘေးတွင် ရပ်နေသည့် ချူကောရှုံးက ရုတ်တရက် ပြောလိုက်သည်။

"သမားတော်ထန် … ငါ... ကလေးရဲ့ သွေးခုန်နှုန်းကို စစ်ဆေးလို့ရမလား။"

"ဘာလို့လဲ။ ခင်ဗျား ကျွန်တော့်ကို မယုံဘူးလား။" ထန်ရှုက တစ်ချက်ရယ်ရင်း မေးသည်။

ချူကောရှုံးသည် အနေရခက်နေဟန် ရှိသည်။ သူက ချက်ချင်းပင် ပြောလိုက်သည်။

“မဟုတ်ဘူး … မဟုတ်ဘူး။ ငါ မင်းကို မယုံတာ မဟုတ်ပါဘူး။ ဒါက … ငါ … မင်းရဲ့ ကုသမှု နည်းလမ်းတွေကို မြင်လိုက်ရတော့ ငါ အံ့သြသွားတာ။ ဒါကြောင့် ဒီကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို စမ်းသပ်ချင်တာပါ။”

သူ့အား 'ဆက်လုပ်ပါ' ဟူသော အမူအရာဖြင့် တုံ့ပြန်လိုက်ပြီး ထန်ရှုက သိုက်ရှင်းရွှယ်ဘက်သို့ လှည့်ကာ

"ပစ္စည်းအားလုံးကို သိမ်းဆည်းပြီး အိမ်ပြန်ဖို့ ပြင်ပါ။ အိမ်ပြန်ရောက်ရင် မိသားစုကို ပြောပြပြီး ရှန်ဟိုင်းကို ထွက်ခွာဖို့ အောက်တိုဘာ ၈ ရက်အထိ စောင့်ဖို့ မမေ့ပါနဲ့။”

“ဆရာသခင် … ကျွန်မ အိမ်ကို ပြောပြီးပြီ။ ဆရာသခင်နဲ့ ဆေးပညာလေ့လာဖို့ မိဘတွေက သဘောတူညီသလို ခွင့်လည်း ခွင့်ပြုတယ်။ သူတို့က ဆရာသခင့်ကို ကျွန်မတို့နဲ့ ညစာအတူစားဖို့ ဖိတ်ခိုင်းသေးတယ်။” သိုက်ရှင်းရွှယ်က ပြုံးကာ ပြန်ပြောသည်။

"အား … ဒီအားလပ်ရက်အတွင်းကို လုပ်စရာတွေ အများကြီးရှိလို့ ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါပေမယ့် ငါ့မှာ အားလပ်ချိန်လေးတွေ ရှိသေးရင် နောက်မှ တွေ့ကြတာပေါ့။"

"အင်း … အင်း…" သိုက်ရှင်းရွှယ်က ခေါင်းညိတ်ကာ ပြုံးရယ်နေသည်။

ချူကောရှုံးကတော့ ဝေ့ဒုန်ဒုန်၏လက်ကောက်ဝတ်ကို ကိုင်ထားကာ သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် ဝေ့ယန်ဘက် လှည့်ကြည့်ရင်း ထူးဆန်းနေသောအမူအရာဖြင့်

“မစ္စတာဝေ့ ဟုတ်တယ်မလား။ မင်း ... မင်းရဲ့သားက မွေးရာပါ နှလုံးရောဂါဖြစ်နေခဲ့တာ သေချာရဲ့လား။"

***

All Chapters