အသက်ရှည်စေရန် ငွေသုံးခြင်း
Vol. 11 Ch. 505
မည်သည့်အတွက်ကြောင့် ချူကောရှုံးက မေးသည်ကို ဝေ့ယန် နားမလည်သော်လည်း
"ဟုတ်တယ်။ သားလေး မွေးလာတော့ အဲ့ဒီအခြေအနေကို သိခဲ့ရတယ်။ ငါတို့တွေ သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးပြီး ကျွမ်းကျင်တဲ့ ပြုစုစောင့်ရှောက်သူနဲ့ သူနာပြုတွေကို ငှားခဲ့တာတွေသာ မလုပ်ခဲ့ရင် ငါ့သားလေးက အခုထိ အသက်ရှင်မှာတောင် မဟုတ်ဘူး။”
ချူကောရှုံးက ထန်ရှုကို ခေါင်းလှည့်ကြည့်လိုက်ပြီး မချိပြုံး ပြုံးဖြင့်
"နတ်ဆေးသမားတော် ထန် … ငါ တစ်ခုခုကို နားလည်သွားပြီ။ မင်းက လုံးဝ နတ်ဆေးသမားတော် မဟုတ်ဘူး … ကောင်းကင်ဘုံကလာတဲ့ တမန်တော်ပဲ။ ငါ ဒီကောင်လေးကို စစ်ဆေးကြည့်တော့ သူ့နှလုံးခုန်သံက သန်မာနေတာကို တွေ့လိုက်ရတယ်။ နှလုံးရဲ့တက်ကြွမှုက အတော်လေး အားနည်းနေသေးပေမယ့် မွေးရာပါ နှလုံးရောဂါကြောင့် ဖြစ်လာတဲ့ အခြေအနေလို့ မထင်ရဘူး။”
"ခင်ဗျား ရောဂါရှာဖွေစမ်းသပ်ရာမှာ အမှားတစ်ခု လုပ်ခဲ့တယ်။ မွေးရာပါ နှလုံးရောဂါကို သူ အခု မခံစားရတော့တဲ့ အကြောင်းရင်းက အထူးနည်းလမ်းတစ်ခုကို ကျွန်တော် သုံးပြီး သူ့နှလုံးကို အရှိန်မြှင့်တင်လို့ ပြန်လည်နာလန်ထအောင် လုပ်ထားတာကြောင့်ပဲ။ နောက်နာရီအနည်းငယ် ကြာပြီးနောက် သူ့ကို စစ်ဆေးမယ်ဆိုရင် သူ့ရဲ့အခြေအနေမှန်ကို ခင်ဗျား ရှာတွေ့လိမ့်မယ်။”ထန်ရှုက ဆိုသည်။
ချူကောရှုံးက အံ့အားသင့်ကာ ကြက်သေသေသွားပြီး "ဒီလိုအခြေအနေမျိုး ဘယ်လိုဖြစ်လာနိုင်တာလဲ။"
“မွေးရာပါ နှလုံးရောဂါကို ကုသရတာ ကျွန်တော့်အတွက် အရမ်းလွယ်ကူပါတယ်။ ဒါပေမယ့် လုံးဝပျောက်ကင်းဖို့ဆိုရင် နှလုံးကို ပြန်ကောင်းမွန်စေပြီး ကြီးထွားလာစေတဲ့ လုပ်ငန်းစဉ်တစ်ခုကို နှစ်လလောက် လုပ်ဖို့ လိုလိမ့်မယ်။ အဲ့ဒါကြောင့် ကလေးကို နောက်နှစ်လလောက်ကြာရင် ဆေးရုံကို ခေါ်သွားပြီး ဆေးစစ်ခိုင်းဖို့ ညွှန်ကြားခဲ့တာ။"
ထန်ရှုက ရှင်းပြသည်။
ချူကောရှုံးသည် အံ့အားသင့်သွားသော်လည်း မည်သို့ချီးမွမ်းစကား ဆိုရမည်ကို မသိတော့သောကြောင့် ထန်ရှုကို လက်မသာ ထောင်ပြလိုက်တော့သည်။ ထန်ရှုအား ချီးမွမ်းရမည်ဆိုပါက ချီးမွမ်းသည့်စကားတိုင်းသည် သူ၏လုပ်ဆောင်ချက်နှင့်စာပါက အားနည်းကာ ပျော့တော့တော့နိုင်သည်ဟု ချူကောရှုံး ခံစားမိသည်။
ထန်ရှု၏တိကျသေချာသော မှတ်ချက်စကားကို ကြားရသောအခါ ဝေ့ယန်၏စိတ်နှလုံးအတွင်းမှ စိုးရိမ်ပူပန်မှုသည် တစ်ဝက်လောက် လျော့ပါးသွားသော်လည်း သေချာအောင် သူက မေးလိုက်သည်။
"နတ်ဆေးသမားတော်ထန် … ငါတို့ ဒီမှာ ဆက်နေဖို့ လိုသေးလား။"
ထန်ရှုက စနောက်လိုသော လေသံဖြင့်
"ခင်ဗျားရဲ့ပိုက်ဆံတွေကို ဒီမှာ ဖြုန်းတီးချင်နေလောက်အောင် စိတ်တွေ အတော် အားယားနေတာလား။ ခင်ဗျားရဲ့သားကို ကျွန်တော် ကုသပြီးပြီလေ။၊ ဘာလို့ ဆက်နေချင်သေးတာလဲ။ ခင်ဗျားတို့ အိမ်ပြန်ပြီး ကလေးကို ကောင်းကောင်း ဂရုစိုက်လို့ရပြီ။ နှစ်လလောက်ကြာရင် သူ့ရဲ့ ကျန်းမာရေး ကောင်းလာပါလိမ့်မယ်။ ဒီ့ထက်ပိုပြောရရင် … ခင်ဗျားသားရဲ့ကံက အတော်ကောင်းတယ်ဆိုရင် သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖွဲ့စည်းမှုက သာမန်လူတစ်ယောက်ထက် အများကြီး သာလွန်လာလိမ့်မယ်။”
…သာမန်လူတစ်ယောက်ထက် သာလွန်လာမှာလား…
သားဖြစ်သူ ကျန်းကျန်းမာမာ ရှိရုံနှင့်ပင် သူ့အတွက် စိတ်ကျေနပ်မှု ရနှင့်နေပြီးဖြစ်ရာ ထိုစကားသည် ဝေ့ယန်အနေဖြင့် မည်သည့်အခါမှ မတွေးခဲ့ဖူးသော အဖိုးတန်ပြီး အလွန်ကြီးမားသည့် မျှော်လင့်ချက်တစ်ခု ဖြစ်စေသည်။
ဆေးရုံမှ ထွက်လာပြီးနောက် ထန်ရှုသည် သိုက်ရှင်းရွှယ်ကို အိမ်သို့ ပြန်ပို့ပေးကာ တောင်တံခါးအိမ်ရာရှိ သူ၏နေအိမ်သို့ ပြန်လာခဲ့သည်။ သူ့အား အံ့အားသင့်စေရသည်မှာ သူ၏မိဘများသည် မအိပ်ကြသေးဘဲ ဧည့်သည်တစ်ယောက်နှင့် စကားစမြည် ပြောဆိုနေကြခြင်းပင်။
"အကြီးအကဲလီ … ဘယ်လိုဖြစ်ပြီး ဒီကို ရောက်နေတာလဲ။"
ထန်ရှု သိလိုစိတ်ဖြင့် မေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏မျက်နှာထက်တွင် ထူးဆန်းသော အမူအရာတစ်ခု ရှိနေသည်။
သူ ခြံဝင်းထဲသို့ ဝင်လာပြီးနောက်တွင် အိမ်အနီးတစ်ဝိုက်တွင် မသိကျွမ်း မရင်းနှီးသော လူဒါဇင်ပေါင်းများစွာနှင့် အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူယုံအမျိုးသားလေးယောက်အား ခြံဝင်းအတွင်း၌ ရပ်နေသည်ကို သူ တွေ့ရှိခဲ့သည်။ ဟောင်ကောင်မှ လီကျွီရန်သည် ကြယ်တာရာသို့ ကိုယ်တိုင်ကိုယ်ကျလာရောက်မည်ဟု သူ မည်သည့်အခါကမှ မမျှော်လင့်ထားသည့်အပြင် ထိုလူသည် သူ၏အိမ်သို့ အချိန်မတော်မှ ရောက်ချလာခြင်းဖြစ်သည်။
လီကျွီရန်က ထရပ်ပြီး အပြုံးဖြင့်
"ထန်ရှု … အရိုးသားဆုံး ပြောရရင် မင်းဆီကို လာလည်ဖို့ ငါ ရည်ရွယ်ထားတာ။ ဒါပေမယ့် မင်းရဲ့လေးစားထိုက်တဲ့ မိဘတွေကို ဒီမှာတွေ့ဖို့ ငါ မမျှော်လင့်ထားဘူး။ ဒါကြောင့် မင်းပြန်လာတာကို စောင့်နေရင်း ငါတို့ စကားနည်းနည်း ပြောကြတယ်။”
ထန်ရှုက သူ၏နှာခေါင်းကို ကိုင်လိုက်ပြီး အပြုံးဖြင့်
"ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဖုန်းမဆက်တာလဲ။ ကျွန်တော့်ဖုန်းနံပါတ်ရှိတယ် မဟုတ်လား။"
“ဒါ ငါ့အပြစ် မဟုတ်ဘူး။ မင်း အလုပ်များနေတာ ဘယ်သူမှ မသိဘူးလေ။" လီကျွီရန်က ပြုံးပြီး ပြောသည်။
"ဘာပဲဖြစ်ဖြစ် လတ်တလောရက်တွေအတွင်း ငါ့မှာ တခြား ဘာမှလုပ်စရာ မရှိတော့ဘူး။ ဒါကြောင့် မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိလို့ ဒီကိုရောက်လာခဲ့တာ။"
ထန်ရှု ခေါင်းညိတ်လိုက်သည်။
ထန်ယွင်သဲ့နှင့် စုလင်းယွမ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထန်ယွင်သဲ့က ချက်ချင်းပြုံးကာ ပြောလိုက်သည်။
"အကြီးအကဲလီ … ကျေးဇူးပြုပြီး ရှုအာနဲ့ စကားပြောပါ။ ငါတို့ နည်းနည်းပင်ပန်းနေပြီမို့ မင်းတို့ကို မနှောင့်ယှက်တော့ဘူး။"
လီကျွီရန်က ခေါင်းညိတ်ကာ ပြုံးပြသည်။
ထို့နောက် ထန်ယွင်သဲ့က ထန်ရှုကို ကြည့်လိုက်ပြီး "ရှုအာ … စီနီယာလီကို ကောင်းကောင်း ဧည့်ခံလိုက်ပါဦး။"
"ဟုတ်ကဲ့ အဖေ။" ထန်ရှုက ပြန်ပြောသည်။
ထန်ယွင်သဲ့နှင့် စုလင်းယွမ်တို့သည် အနားယူရန် အခန်းသို့ ထွက်သွားစဉ် ထန်ရှုနှင့် လီကျွီရန်တို့သည် ဒုတိယထပ်ရှိ စာကြည့်ခန်းဆီသို့ လျှောက်လာကြသည်။
ရနံ့သင်းပျံ့သော လက်ဖက်ရည် တည်ခင်းပြီးနောက် သူတို့နှစ်ယောက်သည် ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
"အကြီးအကဲလီ … ခင်ဗျား ကျွန်တော့်ကို ရှာဖို့ ကြယ်တာရာကို လာလည်ကတည်းက အရေးကြီးတာတစ်ခု ရှိတယ်ဆိုတာ သေချာပါတယ်။"
ထန်ရှုသည် စီးကရက်ဗူးတစ်ဝက်ကို ယူကာ လီကျွီရန်အား လှမ်းပေးလိုက်သည်။ သူကိုယ်တိုင်လည်း တစ်လိပ်ယူကာ မီးညှိလိုက်ပြီး ဖြည်းဖြည်းချင်း အားပါးတရ ဖွာရှိုက်လိုက်သည်။
လီကျွီရန်သည် စီးကရက်ကို မီးမညှိဘဲ လက်ထဲတွင် ဆော့ကစားနေရင်း ပြန်ပြောလာသည်။
"ထန်ရှု … ငါ ဒီတစ်ခေါက် လာရတဲ့ ရည်ရွယ်ချက်က မင်းဆီက ဆေးတစ်မျိုး တောင်းချင်လို့ပါ။"
…ဆေး ရှာနေတာလား…
ထန်ရှုက ငေးကာ ထူးဆန်းသော အမူအရာဖြင့်
"ခင်ဗျား ဘာဆေး လိုအပ်နေတာလဲ။"
လီကျွီရန်က
“ငါ ငယ်ငယ်တုန်းက မကျွမ်းကျင်တဲ့ အလုပ်သမားတစ်ယောက် ဖြစ်ခဲ့ပြီး အရမ်းလေးတာတွေ သယ်ရတာကြောင့် တစ်ခါက အကြီးအကျယ် ဖျားခဲ့ဖူးတယ်။ အဲ့ဒီအဖျားက ငါ့ကို နာတာရှည်ရောဂါ ဖြစ်စေတယ်။ နောက်ပိုင်းမှာ ငါ့ခန္ဓာကိုယ်က ကြာကြာ ဒဏ်မခံနိုင်တော့ဘဲ သူဌေးဂူကို တွေ့တဲ့အချိန်ထိ အားနည်းနေခဲ့တယ်။ လေ့ကျင့်မှုအချို့ လုပ်ပြီးတဲ့နောက်တော့ ငါ့ရဲ့ခန္ဓာကိုယ်ကျန်းမာရေးက များစွာ ပြန်လည်ကောင်းမွန်လာတယ်ဆိုပေမယ့် ကျန်းမာတဲ့လူတွေလို လုံး၀ ကောင်းမွန်နေတာမျိုး မရှိဘူး။ အဲ့ဒီတုန်းက သူဌေးဂူက ခြင်ဆီသန့်စင်ဆေးလုံး ဆိုတဲ့ ဆေးတစ်မျိုးကို ပေးတယ်။ အဲဒီဆေးကို သောက်ပြီးကတည်းက နှစ်တွေကြာအောင် ခံစားလာရတဲ့ နာတာရှည်ရောဂါက နောက်ဆုံးတော့ ပျောက်ကင်းသွားခဲ့တယ်။ ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက သာမန်လူထက် အများကြီး ပိုကောင်းလာတယ်။ ဒါပေမယ့် အခု ငါက အဘိုးကြီး ဖြစ်နေပြီ။ ဒါကြောင့် ငါ စဉ်းစားနေမိတာက … ခြင်ဆီသန့်စင်ဆေးကိုများ ထပ်ပြီးရနိုင်ရင်…”
လီကျွီရန်၏အဖြစ်အပျက်ကို ကြားပြီးနောက် ထန်ရှုသည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သဘောပေါက်ခဲ့ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျွန်တော်က ခြင်ဆီသန့်စင်ဆေးကို တကယ် ဖော်စပ်နိုင်ပေမယ့် ဆေးအတွက် ဆေးပင်များစွာ လိုမယ့်အပြင် အများစုက အဖိုးတန်ဆေးပင်တွေ ဖြစ်နေတယ်။”
ထိုစကားကို ကြားသည်နှင့် လီကျွီရန်က ချက်ချင်းပင် သေချာပြောလိုက်သည်။
"ထန်ရှု … ဆေးပင်တွေကို ဝယ်လို့ရနိုင်သရွေ့ သူတို့ ဘယ်လောက် အဖိုးတန်နေပါစေ ငါ ရအောင် လုပ်ပေးမယ်။"
ထန်ရှုက သူ့ကိုယ်သူ ရယ်မောမိလိုက်ပြီး
"အာ … ဟုတ်သားပဲ … ခင်ဗျားက ဘယ်သူလဲဆိုတာ ကျွန်တော် မေ့သွားတယ်။ ဒါဆို ခင်ဗျားအတွက် ဆေးပင်စာရင်းကို ကျွန်တော် လုပ်ပေးမယ်။ အဲ့ဒါတွေကို ခင်ဗျား လူလွှတ်ပြီး ဝယ်ခိုင်းလိုက်ပါ။ အားလုံး ဝယ်ပြီးသွားရင် ကျွန်တော့်ဆီ တန်းပို့ပေး။”
ထန်ရှု၏အဖြေကြောင့် လီကျွီရန်သည် ဝမ်းသာအားရ ဖြစ်သွားကာ
“ပြဿနာ မရှိပါဘူး … ပြဿနာမရှိပါဘူး။ ထန်ရှု … ငါ မင်းဆီမှာ အကြွေးတင်သွားပြီ။ နောင်ကျရင်…”
ထန်ရှုက သူ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း "ကျေးဇူးပြုပြီး 'ကျွန်တော့်ဆီမှာ ကျေးဇူးကြွေးတင်တာ ဒါမှမဟုတ် အဲ့ဒီလိုမျိုး တစ်ခုခု' လို့ မပြောပါနဲ့ဗျာ။” "ကျွန်တော်က ခင်ဗျားကို ဒီအတိုင်း ခြင်ဆီသန့်စင်ဆေး ပေးလိုက်တာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ရှာခိုင်းမယ့် ဆေးပင်အရေအတွက်က လိုအပ်တာထက် ပိုများနေတာကြောင့်လေ။ ဒါကြောင့် ဒီလဲလှယ်မှုကနေ ကျွန်တော်တို့အတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိမှာပါ။”
လီကျွီရန် ကြောင်သွားပြီးမှ ချက်ချင်း ခေါင်းညိတ်ပြကာ အပြုံးဖြင့်
“ကိစ္စမရှိပါဘူး။ ဆယ်ဆဖြစ်စေ အဆတစ်ရာဖြစ်စေ မင်း လိုချင်သလောက် တတ်နိုင်သမျှ ငါလုပ်ပေးမယ်။ ခြင်ဆီသန့်စင်ဆေးက လူ့အသက်ကို ရှည်စေနိုင်တယ်။ ငါ့ရဲ့ကိုယ်ပိုင်အသက်လေးရှည်ဖို့ ငါ့ပိုက်ဆံ သုံးရုံပါပဲ။"
“စကားမစပ် … ကျွန်တော် ခင်ဗျားကို ပြောစရာတစ်ခု ရှိတယ်။ ခြင်ဆီသန့်စင်ဆေးက ပထမအကြိမ် သောက်ရင် ခင်ဗျားရဲ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများစွာ ရှိပေမယ့် ဒုတိယအကြိမ် ထပ်သောက်ရင် ထိရောက်မှု ရှိလာတော့မှာ မဟုတ်ဘူး။ စိတ်မရှိဘူးဆိုရင် ခင်ဗျားရဲ့သွေးခုန်နှုန်းကို ကျွန်တော် အရင်စစ်ကြည့်လို့ရမလား။" ထန်ရှုက ပြောလိုက်သည်။
ထန်ရှုသည် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံ၏ ဆန်းကြယ်သော နတ်ဆေးသမားတော်ငယ် ဖြစ်ကြောင်းကို သူ၏ဆက်သွယ်ရေးကွန်ရက်နှင့် ဉာဏ်ကောင်းမှုအရ လီကျွီရန် သိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လျင်မြန်စွာထပြီး ထန်ရှုဆီသို့ လျှောက်လာသည်။
ထန်ရှုသည် လီကျွီရန်၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက်
"ခင်ဗျားရဲ့ လက်ရှိရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ကြည့်ရတာ အများဆုံး ဆယ်နှစ်လောက်သက်တမ်း ကျန်ပါသေးတယ်။ ခြင်ဆီသန့်စင်ဆေးကို သောက်တဲ့အတွက် ခင်ဗျားရဲ့ခန္ဓာကိုယ်က သက်တူ ရွယ်တူတွေထက် အများကြီး ပိုသန်မာနေပြီး သုံးနှစ်ကနေ ခုနစ်နှစ်အထိ ပိုပြီး အသက်ရှည်လိမ့်မယ်။”
လီကျွီရန်က အံ့အားသင့်သွားရင်း
“ငါ့ရဲ့သွေးခုန်နှုန်းကို စမ်းကြည့်ရုံနဲ့ ငါ ဘယ်လောက် ကြာကြာ အသက်ရှင်နေနိုင်မယ်ဆိုတာ မင်း ပြောပြနိုင်တာလား။”
"ခင်ဗျားကို နတ်ဆေးသမားတော်တစ်ယောက်အနေနဲ့ ကျွန်တော်က စစ်ဆေးကြည့်လိုက်တာလေ။" ထန်ရှုက ရယ်ကြဲကြဲဖြင့် ပြန်ပြောသည်။
လီကျွီရန်သည် တခဏတာ အတွေးထဲ နစ်မြောသွားခဲ့ပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ
“ဒါဆို ဟုတ်ပြီ။ သုံးနှစ် ဒါမှမဟုတ် ခုနစ်နှစ်လောက် အသက်ပိုရှည်နိုင်ရင်တောင် အဲ့ဒီ အဖိုးတန် ဆေးဖက်ဝင်အပင်တွေ ဝယ်ဖို့ ပိုက်ဆံ အများကြီး ကုန်ရကျိုးနပ်နေပါသေးတယ်။ ထန်ရှု … ဆေးပင်တွေစာရင်းကို ရေးလိုက်ပါ။ ငါ ပြန်သွားပြီးရင် အဲ့ဒါတွေကို ရှာဖွေဖို့ လူတွေကို ငါ လွှတ်လိုက်မယ်။"
ထန်ရှု၏နှုတ်ခမ်းသည် အပေါ်သို့ ကော့တက်သွားသည်။ အပြုံးရိပ်သည် သူ၏မျက်လုံးထောင့်တွင် ခပ်ရေးရေး ပေါ်ထွက်လာသည့်နှယ်…
“အခုတော့ အလျင်စလို မလုပ်ပါနဲ့ဦး။ ကျေးဇူးပြုပြီး လက်ဖက်ရည်ကို အရင်သောက်ပါ။ တကယ်တော့ ခင်ဗျားရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မယ့် ပိုကောင်းမွန်တဲ့ ဆေး ရှိတယ်။”
လီကျွီရန်သည် အဘိုးအိုတစ်ဦးအတွက် မဖြစ်နိုင်သော အရှိန်အဟုန်ဖြင့် ရုတ်တရက် ထလာသည်။ သူ၏မျက်လုံးများသည် ထန်ရှုအား စူးစူးနစ်နစ် စိုက်ကြည့်နေပြီး အသက်ရှူသံများပင် မြန်နေသည်။
"ထန်ရှု … မင်းဆိုလိုတာက ခြင်ဆီသန့်စင်ဆေးထက် ပိုကောင်းတဲ့ ဆေးရှိတယ်ပေါ့။"
"ဟုတ်တယ်။ အနည်းဆုံးတော့ ခင်ဗျားရဲ့အသက်ကို ဆယ်စုနှစ်တစ်ခုကျော် ကြာရှည်အောင် လုပ်ပေးနိုင်တယ်။" ထန်ရှုက ဖြေသည်။
"ဘာဆေးများလဲ။" လီကျွီရန်က မြန်မြန် ပြန်မေးသည်။
"အသက်အဆီအနှစ်ဆေးပါ။" ထန်ရှုက ပြန်ဖြေသည်။
“အဲ့လိုဆိုမှတော့ အဲ့ဒီအသက်အဆီအနှစ်ဆေးကို ငါ လိုအပ်တယ်။ အဲ့ဒါကို သန့်စင်ဖို့ ဘာဆေးပင်တွေ လိုအပ်မလဲ။ ငါ တတ်နိုင်သမျှ အားလုံးလုပ်မယ်။ ဘယ်လောက်တန်ဖိုးကြီးကြီး ပေးရပါစေ … ငါ ရှာမယ်။” လီကျွီရန်က ခိုင်မာစွာ ဆိုသည်။
ထန်ရှုက သူ၏လက်ချောင်းများကို ဆန့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။
“၁၀ ဘီလီယံ + တန်ဖိုးကြီးဆေးပင်၃မျိုး။ ခင်ဗျား အဲ့ဒါကို ပေးဖို့ သဘောတူရင် ကျွန်တော် အဲ့ဒီဆေးလုံးကို ခင်ဗျားကို ပေးမယ်။”
“ငွေရေးကြေးရေးက အသေးအဖွဲပါကွာ။ မင်းလိုတဲ့ တန်ဖိုးကြီးဆေးပင်၃မျိုးက ဘာတွေလဲ။” လီကျွီရန်က တုံ့ဆိုင်းခြင်း မရှိဘဲ တုံ့ပြန်လိုက်သည်။
“နှစ်ထောင်ချီသက်တမ်းရှိတဲ့ နှင်းကြာပန်း၊ သိုးမွှေးပန်းအမြစ်နှင့် သွေးစက်အစေ့ နှစ်မျိုးကတော့ သက်တမ်းငါးရာနဲ့အထက် ဖြစ်ရမယ်။” ထန်ရှုက ဖြေသည်။
“နှစ်ထောင်ချီ သက်တမ်းရှိတဲ့ နှင်းကြာပန်းနဲ့ သက်တမ်းငါးရာနဲ့အထက် သိုးမွှေးပန်းအမြစ်အကြောင်း ငါ သိတယ်။ ဒါပေမယ့် ဒီသွေးစက်အစေ့က ဘာကြီးလဲ။ ငါ အရင်တုန်းက မကြားဖူးပါဘူး။" လီကျွီရန်က ဇဝဇေဝါဖြစ်သည့် အမူအရာဖြင့် မေးသည်။
“သွေးစက်အစေ့က တအားအေးတဲ့နေရာမှာ ပေါက်တတ်တယ်။ သူ့ရဲ့သွင်ပြင်က နွယ်တွေ၊ အရွက်တွေပါရှိတဲ့ အနီရောင်ဘယ်ရီသီးပင်နဲ့ ဆင်တူတယ်။ အရေးကြီးဆုံးလက္ခဏာက အပင်ပေါက်တဲ့ မြေဆီလွှာနေရာမှာ တစ်ချိန်က အလောင်းတွေ စုပုံပြီး သွေးလွှမ်းခဲ့တာပဲ။ နောက်မှ သွေးစက်အစေ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီး ခင်ဗျားကို ကျွန်တော် ပုံဆွဲပေးမယ်။” ထန်ရှုက ဆိုသည်။
လီကျွီရန်က ခေါင်းအကြိမ်ကြိမ် ညိတ်ကာ
“ဘယ်လောက်ပဲ ခက်ခဲပါစေ မင်းလိုအပ်တဲ့ အဲ့ဒီဆေးပင် ၃မျိုးကို ရအောင် ငါ အကောင်းဆုံး ကြိုးစားမယ်။”
ထန်ရှုက ပြုံးလိုက်ရင်း
“အဲ့လိုဆိုမှဖြင့် ကျွန်တော် ခင်ဗျားကို အချိန်၂လ ပေးမယ်။ ၂လအတွင်း မရနိုင်ခဲ့ရင်တော့ ခင်ဗျား အဲ့ဒီဆေးကို စွန့်လွှတ်ရမယ်။ ကျွန်တော်က ခင်ဗျားကို ခြင်ဆီသန့်စင်ဆေး လုပ်ပေးမယ်။”
“ကောင်းပြီ။” လီကျွီရန်က ပျော်ရွှင်သော မျက်နှာဖြင့် သူ၏လက်များကို ပွတ်သပ်နေသည်။ သူ၏လက်ရှိအဆင့်အတန်းအပြင် သက်တမ်းဆွဲဆန့်နိုင်မည်ဆိုပါက ငွေကြေးသည် သူ့အတွက် ဘာမှမဟုတ်ပေ။
သူ ဂရုစိုက်သည်မှာ သူ၏ကျန်းမာရေး ကောင်း မကောင်းနှင့် သက်တမ်းမည်မျှထိ ဆွဲဆန့်နိုင်မည်ကိုပင် ဖြစ်သည်။
နာရီဝက်အကြာတွင် လီကျွီရန်သည် တောင်တံခါးမြို့အိမ်ရာမှ ထွက်ခွာသွားသည်။ သူ ထွက်သွားပြီး မိနစ်အနည်းငယ်အကြာတွင် ထန်ယွင်သဲ့သည် ထန်ရှု၏အခန်းသို့ ရောက်ရှိလာပြီး သူ၏မျက်နှာကို စူးစမ်းသောအကြည့်ဖြင့် မေးလိုက်သည်။
" ရှုအာ … လီကျွီရန်က ဘာလိုချင်တာတဲ့လဲ။"
"သူရဲ့သက်တမ်းကို ဆွဲဆန့်နိုင်တဲ့ ဆေးကို ရှာနေတယ်။" ထန်ရှုက ရယ်ရင်း ပြောပြသည်။
"ဟင်…" ထန်ယွင်သဲ့ ဇဝဇေဝါ ဖြစ်သွားသည်။ "သူ နေမကောင်းဖြစ်တာလား။"
"ဟင့်အင်း … သူ နေမကောင်းဖြစ်တာ မဟုတ်ဘူး။" ထန်ရှု ခေါင်းယမ်းလိုက်ရင်း
"သူက အသက်ပိုရှည်ချင်တာပဲ။"
ထန်ယွင်သဲ့က အားတင်းပြုံးလိုက်ပြီး
"အလွန် စွမ်းအားကြီးပြီး မတအား ချမ်းသာတဲ့လူတောင်မှ တစ်နေ့ကျရင် သေခြင်းတရားကနေ ရှောင်မပြေးနိုင်ပုံပါပဲ။ ဒါနဲ့ သား သူ့ကို ဘာပြောလိုက်လဲ။ အဲ့ဒါအတွက် ဖြေရှင်းဖို့နည်း ရှိတယ်လို့ ငါ့ကို မပြောဘူးမဟုတ်လား။"
ထန်ရှုက ရယ်လိုက်ပြီး
"ကျွန်တော့်မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် အခြေအနေတွေက အရမ်းခက်ခဲပြီး အတော်ကြိုးစားရလိမ့်မယ်။ သူ လိုအပ်တဲ့ ဆေးပင်တွေကို ရှာတွေ့နိုင်ရင် နောက်ထပ် နှစ်အနည်းငယ် အသက်ရှင်ဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် သူ ရှာမတွေ့ရင် ကျွန်တော် ဘာမှ လုပ်ပေးလို့ မရဘူး။"
"နာမည်ကြီး လီကျွီရန်က မင်းဆီ လာပြီး အကူအညီ တောင်းရတယ်လို့ တွေးမိရင်တောင်မှ ထန်ယွင်သဲ့ရဲ့ သားတစ်ယောက်အနေနဲ့ မင်းက တကယ်ကို ထိုက်တန်ပါတယ်။" ထန်ယွင်သဲ့က သူ့ကို လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် ဒီလီကျွီရန်က အလွန်ချမ်းသာတဲ့ ငနဲပဲ။ မင်း ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး သူ့ကို သွေးထွက်အောင် လုပ်လိုက် ဟဲဟဲ။”
***