← Chapters

ကောင်းကင်နှင့်မြေကြီးအလား ကွာဝေးသည်

Vol. 11 Ch. 506

ကောင်းကင်နှင့်မြေကြီးအလား ကွာဝေးသည်

Vol. 11 Ch. 506

ကြယ်တာရာမြို့ …

“ပျံဝဲနေသောနဂါး” သိုင်းပညာသင်တန်းကျောင်း…

လက်နက်စင်နှစ်ခုကြားရှိ သိုင်းလေ့ကျင့်ရေး စင်မြင့်သည် မီးရောင်များဖြင့် လင်းထိန်နေသည်။ ကွင်းထဲတွင် ကျန်းဖုန်းသည် တည်ငြိမ်စွာ ပြုံးကာ သူ၏အရှေ့တွင် လေးနက်နေဟန်ရှိသော ချန်းကျီကျုံးအား ကြည့်လိုက်သည်။ ကျန်းဖုန်းက

“ညီအစ်ကိုချန်း … ငါတို့က သိုင်းမှတ်စုတွေကိုပဲ ယှဉ်ပြိုင်တယ်ဆိုပေမယ့် လက်သီးနဲ့ ခြေထောက်တွေမှာက မျက်စိ မပါဘူးလေ။ ဒါကြောင့် လေ့ကျင့်တဲ့ချိန်အတွင်းမှာ မင်းကို ထိခိုက်မိတာရှိရင် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

“ညီအစ်ကိုကျန်းလည်း ဒီလိုပဲ သဘောထားပေးပါ။” ချန်းကျီကျုံးက လေးနက်စွာ ပြောသည်။

"ငါက တစ်ဖက်သတ် ဖြစ်နေတဲ့ပွဲ မတိုက်ချင်တာမို့ မင်း အစွမ်းရှိသမျှ အားလုံး ထုတ်ပြနိုင်မယ်လို့လည်း ငါ မျှော်လင့်ပါတယ်။"

“ဟားဟားဟား…”ကျန်းဖုန်း၏မျက်လုံးများထဲတွင် မထီမဲ့မြင်အရိပ်အယောင်ဖြင့် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဘေးတွင် ရှိနေသော ကျန်းဖုန်း၏ တပည့်နှစ်ယောက်သည်လည်း ခေါင်းယမ်းနေကြရင်း ရယ်သွမ်းသွေးနေကြသည်။ ချန်းကျီကျုံးကို ကြည့်သော သူတို့၏မျက်လုံးများထဲတွင် မထီမဲ့မြင်ပြုသည့် အကြည့်မျိုး ရှိနေပေသည်။ အဘယ်ကြောင့်ဆိုသော် ချန်းကျီကျုံး၏လှုပ်ရှားမှုအား သူတို့ မြင်ဖူးသောကြောင့် ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အတန်ကြာက ဖြစ်ခဲ့သော ကိစ္စဖြစ်သော်ငြားလည်း ထိုအချိန်က ချန်းကျီကျုံး၏ သိုင်းအဆင့်သည် နိမ့်ကျသည်ဟု သူတို့ ခံစားမိသည်။

…ဘယ်နှစ်နှစ် ရှိသေးလို့လဲ။ နှစ်အနည်းငယ်သာ ရှိသေးသည့်တိုင် သူသည် သိုင်းပညာရှင်ကြီးတစ်ဦးနှင့် သိုင်းမှတ်စုများကို နှိုင်းယှဉ်ရန် ပျံတက်နေသော နဂါးသိုင်းသင်တန်းကျောင်းသို့ လာရောက်ရန် သတ္တိရှိနေပြီလား။ ပြီးတော့ အရှက်မရှိ လေကြီးမိုးကြီးတိုက် ပြောပြီး သူတို့၏ဆရာသခင်ကို အစွမ်းရှိသမျှ အကုန်ထုတ်ခိုင်းနေသေးသည်။

သည်လူတော့ ဆိုးဆိုးရွားရွား အရိုက်ခံရဖို့ ရှာနေတာလား။

သူ၏လက်သီးများကို စုကိုင်ရင်း ချန်းကျီကျုံးက “ညီအစ်ကိုကျန်း … ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန် သဘောထားတာက အထူးသဖြင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲမှာဆိုရင် ရှုံးနိမ့်သွားလိမ့်မယ်။ သေးငယ်တဲ့ အမှားလေးတစ်ခုက အောင်ပွဲရသွားလိမ့်မယ်။ မင်းက သိုင်းပညာရှင်ကြီးမို့ ဒီအမှန်တရားကို သိထားသင့်တယ်။ ဒါကြောင့် မင်းရဲ့မထီမဲ့မြင်မှုကို ပယ်ရှားနိုင်ပြီး ငါနဲ့ စိတ်ရောကိုယ်ပါ ယှဉ်ပြိုင်နိုင်မယ်လို့ မျှော်လင့်တယ်။”

သူ၏မျက်ခုံးများကို အနည်းငယ်တွန့်ရင်း ကျန်းဖုန်းသည် ချန်းကျီကျုံး၏မျက်လုံးများအား ဂရုတစိုက် ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အပြုံးသည် လုံးဝပျောက်ကွယ်သွားပြီး လေးနက်သောအမူအရာဖြင့် အစားထိုးလာသည်။ ထို့နောက် သူက အလေးထားကာ ခေါင်းညိတ်လိုက်ပြီး

“ညီအစ်ကိုချန်းက ငါ အစွမ်းကုန် မယှဉ်ပြိုင်ရင် ပြိုင်ဘက် ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောပြီမို့ … လာခဲ့ပါ။ မကြာသေးမီနှစ်တွေအတွင်း ညီအစ်ကိုချန်းက မင်းရဲ့ဆရာသခင်ထန်ရှုဆီက ဘယ်လိုစွမ်းရည်နဲ့ အရည်အချင်းတွေ သင်ခဲ့ရလဲဆိုတာ ကြည့်စမ်းပါရစေ။"

"ကျေးဇူးပြုပြီး …"

ချန်းကျီကျုံးက သူ၏လက်များကို ဆန့်တန်းကာ ပြန်ဖြေသည်။

ကျန်းဖုန်းသည် အသက်အရွယ်ကြီးသော်လည်း သူ၏ရုပ်ပိုင်းဆိုင်ရာသည် ကြံ့ခိုင်မှုရှိနေဆဲဖြစ်သည်။ သူ၏တစ်သက်လုံးနီးပါး သိုင်းပညာထဲတွင် နှစ်မြှုပ်ထားခဲ့သောကြောင့် သူ၏အရာအားလုံးသည် ကွန်ဖူး၏ထင်ရှားစွာ သရုပ်ဖော်မှုဟုပင် ပြောနိုင်ပေသည်။ သူ၏ခြေထောက်များကို မြေပြင်ပေါ်တွင် ခိုင်မြဲစွာ ကုတ်တွယ်လိုက်ကာ ရုတ်ခြင်းပင် ရှေ့သို့ တစ်ဟုန်တိုးသွားလိုက်ပြီး ချန်းကျီကျုံး၏အရှေ့သို့ ထူးဆန်းသော ခြေကွက်ပုံစံဖြင့် ပြေးသွားခဲ့သည်။

“အစွန်းရှစ်ပါး…”

သူ၏ခြေဖဝါးများ ရွေ့လျားသွားပြီး လက်ဖဝါးများသည် လက်သီးများအဖြစ် ပြောင်းလဲသွားသည်။ ကျန်းဖုန်းသည် ပါးကျိချွမ်လက်ဝှေ့ကျောင်းသို့ ရောက်ရှိခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ပါးကျိချွမ်လက်သီးသိုင်းကို ပြီးပြည့်စုံလုနီးပါးအထိ လေ့ကျင့်ထားသောကြောင့် သူ၏လက်သီးများ လှုပ်ရှားနေသည့်ဟန်များသည် တုနှိုင်းမရအောင် အစွမ်းထက်လှပြီး တဝုန်းဝုန်းလေသံကိုပင် ဖြစ်ပေါ်စေသည်။

(Charm Ming Nge - ပါးကျိချွမ်သည် ပေါက်ကွဲအား ပါရှိသော၊ တိုက်ရိုက်နှင့် ထိထိရောက်ရောက် စွမ်းဆောင်နိုင်သော တရုတ်သိုင်းပညာတစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေ့ပြည်နယ်တွင် မူလအစ ဖြစ်သော်လည်း ယနေ့ခေတ်တွင် အထူးသဖြင့် ထိုင်ဝမ်ကဲ့သို့ အခြားနေရာများတွင်လည်း နာမည်ကြီးသည်။ ကစ်ဘောက်ဆင်ကဲ့သို့သော အခြားတိုက်ခိုက်ရေး အားကစားများနှင့် မတူဘဲ ပါးကျီချွမ်သည် ထိရောက်မှု ရှိရန်အတွက် ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုမလိုအပ်ဘဲ စိတ်အားထက်သန်မှုနှင့် သင့်လျော်သော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများဖြင့်ပင် လေ့ကျင့်ပါက သေစေတတ်သော တိုက်ခိုက်မှုပုံစံသို့ ပြောင်းလဲနိုင်သည်။)

ချန်းကျီကျုံးသည် ကျန်းဖုန်း၏လှုပ်ရှားမှုအား တည်ငြိမ်သော အမူအရာဖြင့် ကြည့်နေသည်။ ကျန်းဖုန်း၏လက်သီးတိုက်ကွက်သည် သူ့အား ထိရန် နီးကပ်နေချိန်တွင် သူ၏ခြေထောက်များသည် ထူးဆန်းသည့် ခြေလမ်းကြောင်းတစ်ခုဖြင့် လှုပ်ရှားသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် လေးကဲ့သို့ ကွေးညွတ်ကာ သူ့အား ထိမှန်ရန် ၁၀၀% သေချာသည်ဟု ထင်ရသော ကျန်းဖုန်း၏ လက်သီးချက်များကို အလွယ်တကူ တိမ်းရှောင်သွားခဲ့သည်။ ထို့နောက် သူက ကျန်းဖုန်း၏ ဘယ်ဘက်လက်မောင်းကို လက်ဝါးတစ်ချက် ရိုက်လိုက်သည်။

ခက်ခက်ခဲခဲ ပျော့ပျောင်းစွာ ရင်ဆိုင်ခြင်း ဖြစ်သော်လည်း ခွန်အားတစ်အောင်စပင်လျှင် ဆယ်စကို ယှဉ်နိုင်မည်ဖြစ်သည်။

ချန်းကျီကျုံး၏ပေါ့ပါးဟန်ထင်ရသော လက်ဝါးရိုက်ချက်တွင် အမှန်တကယ်အားဖြင့် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပါဝင်နေပေရာ ကျန်းဖုန်းသည် သူ၏ဘယ်ဘက်လက်ကို အရိုက်ခံရပြီးနောက် ညာဘက်သို့ ခြေလှမ်းငါးလှမ်းမျှ ဆက်တိုက် ယိမ်းယိုင်သွားရသဖြင့် သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အမူအရာ ပေါ်ထွက်လာသည်။

“မင်း…” ကျန်းဖုန်း၏နှုတ်ခမ်းများ လှုပ်သွားသော်လည်း သူ၏လည်ချောင်းထဲက စကားလုံးများ ထွက်မလာခဲ့ပါချေ။

"ညီအစ်ကိုကျန်း … မင်းရဲ့ လှုပ်ရှားမှုတွေက သာမန်လူတွေရဲ့အမြင်မှာ အရမ်းကျွမ်းကျင်ပြီး သူတို့မျက်လုံးတွေ လိုက်မမှီနိုင်လောက်အောင် မြန်တယ်ဆိုပေမယ့် ငါ့ရဲ့မျက်လုံးထဲမှာတော့ နှေးကွေးလွန်းတယ်။ ချို့ယွင်းချက်တွေလည်း အများကြီးရှိသလို မင်းရဲ့ခွန်အားက မလုံလောက်သေးဘူး။ ငါတို့ ဆက်တိုက်မယ်ဆိုရင် သုံးကွက်အတွင်း မင်း ရှုံးတော့မှာ သေချာတယ်။” ချန်းကျီကျုံးက ခေါင်းယမ်းရင်း ပြောလိုက်သည်။

ကျန်းဖုန်း၏ မျက်လုံးများထဲတွင် အရှက်နှင့် ဒေါသရိပ်များ တဖျပ်ဖျပ် လက်သွားရင်း ကြုံးဝါးလိုက်သည်။

"ညီအစ်ကိုချန်း … မင်းရဲ့ လေးစားထိုက်တဲ့ ဆရာသခင်ဆီက ဒီစကားတွေ လာတယ်ဆိုရင် ငါ လက်ခံနိုင်ပေမယ့် မင်းဆီက လာတာတော့ ငါ လက်မခံနိုင်ဘူး။ မင်းမှာ တကယ်အရည်အချင်းရှိရင် ငါ့ကို ပြစမ်းပါ။ သုံးကွက်အတွင်း မင်း ငါ့ကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါ ကြည့်ချင်တယ်။"

ချန်းကျီကျုံးသည် မျက်ခုံးတွန့်လိုက်ကာ ကျန်းဖုန်းဆီသို့ တရှိန်ထိုး ပြေးသွားလိုက်သည်။ သူ၏အရှိန်သည် အလွန်မြန်ဆန်သောကြောင့် ငါးမီတာအကွာအဝေးအား လျှပ်တပြက်အတွင်း ရောက်လုနီးပါး ဖြစ်သွားပေသည်။  ကျန်းဖုန်းသည် သူ၏လက်သီးချက်များအား  ရှောင်လိုက်သောကြောင့် သူသည် ရုတ်တရက် ငုံ့ကာ မြေပြင်ကို ဘယ်ဘက်လက်နှင့်ပုတ်ပြီး ခရုပတ်သဖွယ်  အထက်သို့ ဝေ့ဝိုက်ကန်လိုက်သည်။ လျှပ်တပြက်အတွင်း ဒါဇင်နှင့်ချီသော ကန်ချက်များအဆုံးတွင် ခြေဖျားထောက်ကာ ဆင်းသက်လိုက်သည်။ သူ၏ လှုပ်ရှားမှုများအား မရပ်တန့်သေးဘဲ ခန္ဓာကိုယ်အား ၁၈၀ဒီဂရီ လှည့်လိုက်သောအခါ ချက်ချင်းပင် ကျန်းဖုန်း၏ဘေးတွင် ပေါ်လာပြီး ကျန်းဖုန်း၏ ဘယ်ဘက်လည်ပင်းအား လက်ဖြင့် ညှစ်လိုက်သည်။

"မင်း ရှုံးပြီ။"

တည်ငြိမ်သောအသံသည် ကျန်းဖုန်း၏စိတ်နှလုံးအား ရေခဲတွင်းထဲသို့ နစ်မြုပ်သွားစေသည့်အလား ဖြစ်စေခဲ့သည်။

…ရှုံးပြီလား။ ငါ ဒီလိုပဲ ရှုံးသွားတာလား…

ကျန်းဖုန်း၏သန်မာသော ခန္ဓာကိုယ်သည် အေးစက်တောင့်တင်းသွားသည်။ သူသည် ချန်းကျီကျုံးအား လှည့်ကြည့်ချင်သော်လည်း သူ့လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ကြောင့် မလှုပ်နိုင်ပါချေ။

"မင်း ဘယ်လို လုပ်လိုက်တာလဲ။"

သူ၏လက်ကို ဖြေလျော့လိုက်ရင်း ချန်းကျီကျုံးက သူ့ကို ကြည့်ကာ ရယ်ရယ်မောမောဖြင့်

"ငါ သူ့ကို ဆရာသခင်အဖြစ် ခံယူပြီးကတည်းက ငါ့ရဲ့ ကျင့်ကြံမှုက ခုန်ပျံကျော်လွှားတိုးတက်နေပြီလို့ ငါ ပြောခဲ့သားပဲ။ သိုင်းဆရာကြီးအဆင့် မပြောနဲ့ သိုင်းဆရာကြီးအဆင့်ကို ကျော်လွန်ပြီးတဲ့ ကျွမ်းကျင်သူတွေတောင်မှ ငါ့ကို အနိုင်ယူဖို့ အတော် ခက်လိမ့်မယ်။ ပြောရရင်တော့ ကျွမ်းကျင်ပညာရှင်တစ်ယောက်က နံရံပေါ်ကို ခုန်တက်ပြီး သစ်ရွက်တွေကို ပျံသန်းကောက်ယူဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ငါ့ရဲ့ဆရာသခင်က အဲ့ဒါကို လွယ်လွယ်ကူကူ လုပ်နိုင်တဲ့သူတစ်ယောက်ပဲ။”

ကျန်းဖုန်း၏နှုတ်ခမ်းများ ရှုံ့မဲ့သွားကာ စကားလုံးများဖြင့် မရှင်းပြနိုင်သော ရှုပ်ထွေးသည့် အမူအရာတစ်ခု သူ၏မျက်နှာထက်တွင် ရှိနေသည်။

သူ သေချာပေါက် ရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။

ချန်းကျီကျုံးအပေါ် မထီမဲ့မြင်ပြုခဲ့သော သူ၏သဘောထားကို ပြန်လည်သတိရသောအခါတွင် ခါးသီးမှုနှင့်အရှက်တရားတို့သည် သူ၏ရင်ထဲတွင် တောက်လောင်လာခဲ့သည်။ သူ အမှန်တကယ် ရှုံးလိမ့်မည်ဟု မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့သည့်အပြင် သည်ကဲ့သို့ မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မည်ဟုလည်း မထင်ထားခဲ့မိချေ။ ချန်းကျီကျုံးက သူ့အနေဖြင့် သုံးကွက်အတွင်း ရှုံးနိမ့်သွားတော့မည်ဟု အခုလေးတင် ပြောခဲ့ခြင်းသည် သူ့အား မျက်နှာသာပေးသည့်အနေဖြင့် ပြောခြင်းဖြစ်ပေသည်။ သည်လိုမှ မဟုတ်ပါက သုံးကွက်မဆိုထားဘိ တစ်ချက်လှုပ်ရုံမျှဖြင့်ပင် သူ့အား လှဲသိပ်နိုင်မည်ဖြစ်ပြီး ပြင်းထန်သည့် ဒဏ်ရာများပင် ရသွားနိုင်လောက်ပေသည်။ သူတို့၂ယောက်ကြားက အရှိန်အဟုန်၊ ခွန်အားနှင့် ကျွမ်းကျင်မှု ကွာဟချက်သည် အများကြီး ရှိနေပေတော့သည်။

အနားရှိ ကျန်းဖုန်း၏တပည့်များသည်လည်း မယုံနိုင်လောက်အောင် အံသြသွားကြကာ ပါးစပ်အာစေးမိနေကြသည်။ သူတို့ထက် ပိုသန်မာသည်ဟု ထင်ထားသော သူတို့၏ဆရာသခင် သိုင်းပညာရှင်ဆရာကြီးအား ချန်းကျီကျုံးသည် မြန်မြန်ဆန်ဆန် အနိုင်ယူလိမ့်မည်ဟု သူတို့တွေ ဘယ်တုန်းကမှ အိပ်မက် မမက်ထားခဲ့ပါချေ။

"ညီလေး …  ငါ ... အိပ်မက်မက်နေတာ မဟုတ်ဘူးမလား။"

"မဟုတ်ဘူး … မင်း အိပ်မက် မက်နေတာ မဟုတ်ဘူး။ ငါတို့မှာ တူညီထင်ရှားတဲ့ အိပ်မက်မျိုး ဘယ်တော့မှ ရှိမှာမဟုတ်ဘူး။ ဆရာသခင် … ဟုတ်တယ်၊ သူ အခု ရှုံးသွားပြီ။ ချန်းကျီကျုံးကို သူ တကယ် ရှုံးခဲ့တယ်။"

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဆရာသခင်က ကွန်ဖူးသိုင်းပညာရှင်ဖြစ်ပြီး ချန်းကျီကျုံးက မူလက ဘာမှ တတ်တာ မဟုတ်ဘူး ဒါပေမယ့် …။”

"ချန်းကျီကျုံးက အရမ်းသန်မာပြီး ကြောက်စရာ ကောင်းလာတာတော့ ငါ့ကို တကယ်တုန်လှုပ်စေတယ် စီနီယာအစ်ကို။ သူ့အရှိန်က အရမ်းမြန်တယ်။ သူ့လှုပ်ရှားမှုတွေကို ကျွန်တော် လုံးဝ မမြင်နိုင်ဘူး … နောက်တော့ ဆရာကြီး ရှုံးသွားခဲ့တယ်။”

“…”

ချန်းကျီကျုံးသည် သူ၏တဲငယ်ကို သိမ်းယူရန် လက်နက်စင်ဘေးသို့ လျှောက်သွားသည်။ ထို့နောက်တွင် သူသည် ကြောင်အအဖြစ်နေသော ကျန်းဖုန်းကို ကြည့်ကာ ပြုံးလျက် ပြောသည် ။

"ညီအစ်ကိုကျန်း … ငါတို့ လေ့ကျင့်မှု ပြီးပြီမို့ ငါ မင်းကို မနှောင့်ယှက်တော့ဘူး။ ညီအစ်ကိုကျန်းက ငါ့နေရာကို လာလည်တဲ့နေ့ကျရင် ငါတို့ သောက်ရအောင်။"

နောက်ဆုံးတွင် ကျန်းဖုန်းသည် အသိပြန်ဝင်လာခဲ့သည်။  သူသည် ချန်းကျီကျုံးဆီသို့ ပြေးသွားပြီး

"ခဏနေပါဦး ညီအစ်ကိုချန်း။ မင်းရဲ့ ခွန်အားတွေ အများကြီးတိုးလာရတဲ့ အကြောင်းရင်းက ထန်…ဆီက တကယ်ပဲလား... ဆရာသခင်ထန်ဆီက မင်းသင်ယူခဲ့တဲ့အရာတွေကြောင့် ဖြစ်နိုင်လား။ မင်း ငါ့ကို လိမ်နေတာမဟုတ်ဘူး ဟုတ်တယ်မလား။"

"မင်းကို ငါ လိမ်ဖို့ လိုမယ်ထင်လား ညီအစ်ကိုကျန်း…" ချန်းကျီကျုံးက ပြန်မေးသည်။

ကျန်းဖုန်း တခဏမျှ နှုတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောခဲ့သည်။

“ညီအစ်ကိုချန်းက ငါ့ကို သူ့ဆီ ထောက်ခံပေးနိုင်မလား မသိဘူး။ ထန်ရှုဆီက သင်ယူပြီး သူ့ကို ငါ့ရဲ့ဆရာသခင်အဖြစ် သတ်မှတ်ချင်တယ်။"

ချန်းကျီကျုံးက မရယ်ဘဲ မနေနိုင်တော့ဘဲ

“ညီအစ်ကို ချန်း … မင်းကို အမှန်အတိုင်းပြောရရင် မင်းကို တပည့်ဖြစ်စေချင်ပေမယ့် ငါ့ရဲ့ဆရာသခင်အပေါ်မှာ မူတည်တယ်။ ဆန္ဒရှိရင် သူ့တပည့်အဖြစ် ခေါ်သွားလိမ့်မယ်၊ ဒါပေမယ့် မရှိရင် ငါလည်း ဘာမှ လုပ်လို့မရဘူး။”

"ဒါဆို မနက်ဖြန်ကျရင် မင်းရဲ့ဆရာသခင်ဆီကို သွားကြည့်မယ်" ကျန်းဖုန်းက ခဏတာ တိတ်ဆိတ်ပြီးနောက် ပြောလိုက်သည်။

“ငါ မင်းကို အဲ့လို မလုပ်ဖို့ အကြံပေးတယ်။” ချန်းကျီကျုံးက သူ၏လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ငါ့ရဲ့ဆရာသခင်က ပြီးခဲ့တဲ့ရက်တွေမှာ ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှာ ဆေးကုသပေးနေတယ်။ အဲ့ဒါကြောင့် မင်းနဲ့တွေ့ဖို့ သူ့မှာ အားလပ်ချိန် ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မင်း သဘက်ခါကျရင် တောင်တံခါးအိမ်ရာက သူ့အိမ်ကို သွားလည်ပြီး ကြိုးစားကြည့်လို့ရတယ်။ ဒါပေမယ့် သူ မင်းကို တပည့်အဖြစ် လက်ခံ၊ မခံတော့ ငါ အာမ မခံနိုင်ဘူး။”

“မသိခင် ငါ ကြိုးစားလို့ရပါသေးတယ်။” ကျန်းဖုန်းက ခေါင်းတစ်ချက်ညိတ်ကာ ပြောလိုက်သည်။

နောက်တစ်နေ့တွင်…

ရှေ့ရက်များကဲ့သို့ပင် ထန်ရှုသည် ဆေးရုံသို့ ၆နာရီဝန်းကျင်တွင် ရောက်လာခဲ့သည်။ သူ့အား အံ့အားသင့်စေရသည်မှာ ချူကောရှုံးနှင့် သမားတော်ဟူတို့ ရောက်နှင့်နေကြခြင်းပင် ဖြစ်သည်။

အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် ၃ယောက်သား လူနာစမ်းသပ်ကုသခြင်းလုပ်ငန်းအား စတင်လုပ်ကြရာ နေ့လည်ခင်းထိတိုင် ဖြစ်တော့သည်။ ထို့နောက် သူတို့၃ယောက် နေ့လည်စာ စားကြသည်။ နေ့လည်စာ စားပြီးနောက်တွင် ထန်ရှုသည် ဖုန်းထဲသို့ ရောက်လာသော ကုဝါကိုယာမာမိုတို၏ စာတစ်စောင်အား လက်ခံဖတ်ရှုသည်။      ထိုစာထဲတွင် ကြယ်တာရာသို့ သူမ ရောက်မည့်အချိန်နှင့် တစ်ဒါဇင်ကျော်သော လူအမည်စာရင်းလည်း ပါဝင်သည်။

ည၉နာရီတွင် ထန်ရှုသည် ဆေးရုံမှ ပြန်လာခဲ့သည်။ လီဟွန်ဂျီမှ နောက်တစ်ရက် ထပ်မံဆေးကုသပေးရန် တောင်းဆိုမှုအား သူ ငြင်းဆိုခဲ့ရသည်။ နိုင်ငံ၏နေရာအနှံ့မှ ရောက်လာသော လူနာအများအပြား ရှိသေးသော်လည်း ထန်ရှုသည် ဆေးရုံတွင် ဆေးကုသခြင်းအလုပ်အား ရှည်ကြာစွာ မလုပ်လိုပေ။ ထို့ကြောင့် သူသည် ထိုလူနာများအား ချူကောရှုံးနှင့် စီနီယာသမားတော်ဟူတို့ဆီ တာဝန်လွှဲပေးခဲ့တော့သည်။

မနက်၂နာရီ…

ထန်ရှုနှင့် ထိုက်ကျုံးကွေ့တို့သည် ကြယ်တာရာမြို့ တောင်ပိုင်းဆင်ခြေဖုံးနေရာ၏ လမ်းကြားတစ်ခုတွင် တိတ်တဆိတ် ပေါ်လာသည်။ သူတို့၏ပုံရိပ်များသည် ညအမှောင်တွင် တစ္ဆေများသဖွယ် ဖြစ်နေပြီး ခြံဝင်းတစ်ခုဆီသို့ ဦးတည်ကာ အမြန်သွားနေကြသည်။ များမကြာမီ သူတို့၂ယောက်သည် ခြံဝင်းအပြင်ဘက် နံရံနားရှိ အမှောင်ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ပေါ်လာပြီး ခြံဝင်းထဲသို့ တစ်ခါတည်း လျှောဆင်းသွားကြသည်။ ထို့နောက် ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ကာ စာတစ်စောင် အမြန် ပို့လိုက်သည်။ တုံ့ဆိုင်းခြင်း မရှိဘဲ ကုဝါကိုသည် အကြောင်းပြန်လာသည်။

…ထောက်…

ထန်ရှု၏လက်ချောင်းများဆီမှ ကျောက်စရစ်ခဲတစ်လုံး ထောက်ကနဲ ထွက်သွားသည်။

ကုဝါကို ယာမာမိုတို၏မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားကာ ကျောက်ခဲလာရာလမ်းကို ရှာဖွေပြီး ထန်ရှုဆီသို့ သွားခဲ့သည်။

"သူဌေး…"

သူမ၏ရိုရိုကျိုးကျိုးအမူအရာကို ကြည့်ရင်း ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးကာ ပြောလိုက်သည်။

"ကျုံးကွေ့ … ငါ မင်းတို့နှစ်ယောက်ကို မိတ်ဆက်ပေးစရာ မလိုတော့ဘူးမဟုတ်လား။ မင်းက တစ်ကြိမ် ထိပ်တိုက်တွေ့ဖူးတယ်ဆိုတော့လေ။”

ကုဝါကိုယာမာမိုတိုက ထိုက်ကျုံးကွေ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ငါတို့ တစ်ကြိမ် တိုက်ဖူးတယ်။ ကွာဟချက် အနည်းငယ်ရှိပေမယ့် သူက တော်တော် ကြောက်ဖို့ကောင်းတယ်။”

“အဲ့ဒါက အရင်တုန်းကပါ။ ငါတို့ အခု တိုက်ကြမယ်ဆိုရင် မင်းကို ငါ အလွယ်တကူ အနိုင်ယူနိုင်မယ်ဆိုတာ သေချာတယ်။” ထိုက်ကျုံးကွေ့က အေးစက်စက် နှာတစ်ချက်မှုတ်ကာ ပြန်ပြောသည်။

ကုဝါကိုက သူ့အား မထီတထီ တုံ့ပြန်ပြီး ထန်ရှုနှင့် စကားပြောသည်။

“သူဌေး … ဒါက သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်ပါ။ သူတို့တွေက ငါနဲ့အတူ အိမ်က ပါလာတဲ့ လူတွေ။ သူတို့က ငါ့ကို အခုတော့ လေးစားဟန်ပြပေမယ့် အနာဂတ်ကျရင် ငါ့ရဲ့ပြိုင်ဖက်တွေ ဖြစ်လာမှာ။ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ပုံတွေကို ဖိုင်ထဲမှာ ထည့်ထားတယ်။”

"မင်းက အခုမှ ကြယ်တာရာကို ရောက်ရုံရှိသေးတာဆိုတော့ အခု လုပ်ဖို့ အချိန်မကျသေးဘူး။" ထန်ရှုက ခေါင်းညိတ်ပြသည်။ "မနက်ဖြန်ညမှာ မင်းကို တစ်ယောက်လာတွေ့ပြီး မင်းကို အရင်က ပြောခဲ့တဲ့အရာတွေကို လာဆွေးနွေးလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်း သူတို့ကို ဆန့်ကျင်ပြီး တိုက်ရလိမ့်မယ်။"

"မင်းဆန္ဒအတိုင်း လုပ်မှာပါ သူဌေး။" ကုဝါကိုက လေးစားစွာပြောသည်။

“ဒါနဲ့ ဆေးပင်တွေနဲ့ သတ္တုကျောက်ရိုင်းတွေ အများကြီးရှာဖို့ ငါ့ကို ပြောထားတဲ့ဟာလေ … ငါ အဲ့ဒါတွေကို ရှာတွေ့ပြီး သယ်လာခဲ့တယ်။ အခု ယူချင်ပါသလား။ ဒါမှမဟုတ် မနက်ဖြန် စစ်ဆင်ရေးပြီးမှ ယူမလား။”

***

All Chapters