ပေကျင်းသို့ နောက်ထပ် အလည်တစ်ခေါက်
Vol. 11 Ch. 509
ခမ်းနားသော လုပ်ဆောင်မှုသည် ဗျူဟာမှူး၏ အရည်အချင်း ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ စွမ်းဆောင်မှုနှင့် ဂုဏ်ပြုဆုတံဆိပ်များသည် လုပ်ဆောင်ရသူများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစု၏ အဆောက်အဦးကြီးတွင် သွေးနံ့များ တဖြည်းဖြည်း ဖျော့တော့လာသောကြောင့် နောက်ဆက်တွဲ လှုပ်ရှားမှုများအား ထန်ရှုအတွက် စိုးရိမ်စရာ မရှိတော့ပေ။
ကုဝါကိုသည် သူမ၏ အခန်းကဏ္ဍကို ကောင်းမွန်စွာ သရုပ်ဆောင်နိုင်လိမ့်မည်ဟု သူ ယုံကြည်သည်။
သူသည် အိမ်မပြန်တော့ဘဲ ခန်းရှ၏ရုံးခန်းအတွင်း နေခဲ့သည်။ အမှောင်ထဲထုတွင် မီးပွင့်များသည် အရောင်တဖျပ်ဖျပ်လက်ပြီး ရုံးခန်းအကြိုအကြားမကျန် အလင်းလွှမ်းခြုံထားသည့်အလားပင်။
တွေးခေါ်ခြင်းသည် ပညာရှိများ၏ သဘာဝလက်ဆောင် တစ်ခု ဖြစ်သည်။
ထန်ရှုသည် အရာရာအား ခွဲခြမ်းစိတ်ဖြာ တွေးခေါ်တတ်သူ ဖြစ်သည်။ သူ၏စိတ်ခံစားချက် အီးကျူသည် အလယ်အလတ်သာဆိုသည့်တိုင် သူ၏အိုင်ကျူဉာဏ်က အရမ်းမြင့်မားပေသည်။ ရှန်ဟိုင်းတက္ကသိုလ်သို့ စရောက်ကတည်းက သူသည် အကြောင်းအရာများကို နှံ့ နှံ့စပ်စပ် မတွေးဖြစ်သည်ကို သူသဘောပေါက်ခဲ့ပြီး အတိတ်မှ သူ၏ခြေလှမ်းကို ရပ်တန့်စေကာ အရာရာကို တစ်ခေါက်လောက် တွေးတောရန် လိုအပ်ပေလိမ့်မည်။
တွေးတောဆင်ခြင်နေစဉ်အတွင်း သူ့အား ကူကယ်ရာမဲ့ ဖြစ်စေသော အရာတစ်ခုကို သူ နားလည်သွားသည်။ ခွန်အားကြီးသော ဘဝရေစီးကြောင်းသည် သူ့အား ရှေ့ဆက်လှမ်းရန် တွန်းအားပေးနေသည်။ သူသည် အရာများစွာကို ထိန်းချုပ်ထားနိုင်ပြီး သူ့ဘဝတွင် ထွက်ပေါ်လာရန် အနည်းဆုံး မျှော်လင့်ထားသည့် အရာများစွာ ရှိခဲ့သော်လည်း အများစုမှာ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်များဖြစ်သည်။
မိသားစု၊ ကျင့်ကြံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု။
ယင်းတို့သည် မိမိအတွက် ကိုယ်တိုင်ချမှတ်ထားသော ဘဝလမ်းကြောင်းသုံးသွယ် ဖြစ်သော်လည်း ထိုအရာများသည် မသိလိုက်ဘဲ မျောလွင့်နေကြပြီသည်။ ထို့ကြောင့် ယခုပင် သူ စဉ်းစားရန် လိုအပ်နေခဲ့သည်။
မည်သည့်ပြဿနာက ပေါ့ပါးပြီး မည်သည့်အရာတွေက လေးနက်ပါသနည်း။ ထိုမှရသည့်အချက်ကြောင့် အနာဂတ်မှာ သူ တကယ်လိုချင်သည်မှာ မည်ကဲ့သို့ ဘဝမျိုး ဖြစ်ပါသနည်း။
မနက်အစောပိုင်းတွင် သည်းထန်စွာ ရွာသော မိုးနှင့်အတူ နေ့သစ်တစ်ခု နိုးထလာခဲ့သည်။ မိုးကုပ်စက်ဝိုင်းအား မိုးစက်မိုးပေါက်များဖြင့် ဖုံးလွှမ်းနေပြီး ကမ္ဘာလောကတစ်ခွင်လုံး မှိုင်းညို့ မှုန်ရီနေပေသည်။ ကောင်းကင်အောက်ရှိ မြင်ကွင်းများအားလုံးအား သည်းထန်စွာ ရွာသွန်းနေသည့် မိုးရေစက်များက ဖုံးကွယ်ထားပြီး တစ်မြို့လုံးသည် မိုးရေများအပြည့် ဖြစ်နေသည်။
ထိုမြင်ကွင်းသည် ထန်ရှု၏ပြဿနာအားလုံးကို အဝေးသို့ လွင့်စဉ်သွားစေသည့်အလား ဖြစ်သည်။ ပြတင်းပေါက်ရှေ့တွင် ရပ်ကာ ရောင်စုံထီးများ ကိုင်ဆောင်ထားသည့် လမ်းသွားလမ်းလာများ၊ ကားတန်းရှည်ကြီးနှင့် ပြည့်နေသည့် လမ်းမတစ်လျှောက်အား ငုံ့ကြည့်ရင်း သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
လူတစ်ယောက်သည် ချောမွေ့သောခရီးကို လျှောက်လှမ်းရန် မိမိဘဝကို စီစဉ်ထားရပေမည်။
သူ၏ဦးခေါင်းထက်က အပြာရောင်မိုးကုပ်စက်ဝိုင်းကို မည်သည့်အချိန်တွင် ဖြတ်ကျော်နိုင်ပြီး အင်မော်တယ်ကမ္ဘာ၏ အကျိုးဖြစ်ထွန်းသော ကုန်းမြေဆီ ထပ်ပြီး ခြေလှမ်းပြန်လှမ်းနိုင်မည်ဆိုတာ သူ မသိပါချေ။ သို့သော် နောင်အနာဂတ်တွင် အင်မော်တယ်ကမ္ဘာရှိ များပြားလှသော မျိုးနွယ်စုများထက် သူ သာလွန်ရမည်ဟု ယုံကြည်ထားသည်။ ထို့ကြောင့် သည်ကမ္ဘာမြေပေါ်တွင် သူ အသက်ရှင်နေထိုင်စဉ် သူလုပ်ဆောင်ရန် လိုအပ်သည့်အရာများမှာ မိသားစု၏နွေးထွေးမှုကို ခံစားရန်နှင့် ကိုယ်တိုင် ကျင့်ကြံမှုတွင် လုံ့လစိုက်ထုတ်ရန်အပြင် ကိုယ်ပိုင်အင်အား၏မျိုးစေ့ကို ပြုစုပျိုးထောင်ရန်တို့ ဖြစ်သည်။
…ကျွီ…
ရုံးခန်းတံခါးသည် တွန်းဖွင့်ခံလိုက်ရပြီး နာမည်ကြီး အမှတ်တံဆိပ်တစ်ခု၏အိတ်တစ်လုံးကို လွယ်ထားသော ခန်းရှသည် ဒေါက်မြင့်ဖိနပ်ကို စီးကာ အထဲသို့ ဝင်လာခဲ့သည်။ ပြတင်းပေါက်နားတွင် ထန်ရှု ရပ်နေသည်ကို သူမ မြင်လိုက်ရသည့်အခါ သူမ၏မျက်ဝန်းလေးများသည် ချက်ချင်းပင် တောက်ပသွားခဲ့ရသည်။ လွယ်လာသော အိတ်ကို ဆိုဖာပေါ် ပစ်ချလိုက်ပြီး သွယ်လျသော ခြေတံရှည်များက တင့်တယ်စွာ ရှေ့သို့ ရွေ့လျားသွားပြီး ထန်ရှု၏ခါးကို အနောက်ကနေ ဖက်လိုက်သည်။
"မနေ့ညက မပြန်ဘူးလား။"
ထန်ရှုက အသာလှည့်ကြည့်လိုက်ပြီး
“မပြန်ခဲ့ဘူး…။ တစ်ခုခုကို ကိုယ် တွေးနေခဲ့တာ။"
ထန်ရှုကို ဖက်ထားရာမှ လွှတ်ပေးလိုက်ပြီး ခန်းရှက တစ်ပတ်ပတ်လိုက်ကာ
"နင် ဘာတွေ တွေးနေတာလဲ။"
"အသက်ရှင်ခြင်းရဲ့အဓိပ္ပါယ်အကြောင်း…"
ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောလိုက်သည်။
"အဲဒါနဲ့ပတ်သက်ပြီး တွေးစရာမရှိဘူးလို့ ထင်တယ် မဟုတ်ဘူးလား။" ခန်းရှက တခိခိရယ်နေရင်း "ငါတို့တွေက အသက်ရှင်သန်ဖို့ အခွင့်အလမ်း ရထားတာကြောင့် ဘဝကို သာယာလှပစွာ နေထိုင်ဖို့ လိုအပ်တယ်။ ငါတို့ရဲ့အချိန်တွေကို ပျင်းရိစွာ အလဟသ ကုန်ဆုံးစေတယ်လို့ တွေးပြီး ဘဝရဲ့အဆုံးကို ဘယ်တော့မှ ရောက်ဖို့ ခွင့်မပြုမိစေနဲ့။"
ထန်ရှု ရယ်လိုက်ပြီး
"ခန်းရှ … ဌာနချုပ်ကို ပြောင်းရအောင်။"
"ဘယ်နေရာကိုလဲ။" ခန်းရှ တွေဝစွော စိုက်ကြည့်ပြီးနောက် မေးလိုက်သည်။
"ရှန်ဟိုင်းကို ပြောင်းကြမယ်။"
ခန်းရှက သံသယ ဝင်နေသည့် အမူအရာဖြင့်
"ဒါပေမယ့် သူဌေး … ငါတို့ကုမ္ပဏီက ဝင်ငွေကောင်းပြီး ရင်းနှီးငွေတွေ ရနေတယ်ဆိုပေမယ့် ရှန်ဟိုင်းကို ပြောင်းမယ်ဆိုရင် ငါတို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေမှာကိုစိုးတယ်။"
“ကိုယ်ကလည်း ချက်ချင်း ပြောင်းဖို့ ပြောတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့တစ်နှစ်က ခမ်းနားသောထန်ရဲ့ ရုံးချုပ်အတွက် ကိုယ် ဒီဇိုင်းဆွဲခဲ့တယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်က ရှန်ဟိုင်းမှာ ရှိလိမ့်မယ်။ ဒါကြောင့် အဲ့ဒီနေရာမှာ မြေကွက်တစ်ကွက်ဝယ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းကို ပြီးအောင်လုပ်ဖို့ အစီအစဉ် ဆွဲထားတယ်။ နှစ်နှစ်အတွင်း ရှန်ဟိုင်းက ခမ်းနားသောထန်ရဲ့ ရုံးချုပ်ဆောက်လုပ်မှု ပြီးစီးမှာမို့ အဲ့ဒီအချိန်ကျရင် ကုမ္ပဏီကို နေရာရွှေ့ပြောင်းရမယ်။”
"ဒါဆို ငါတို့ ထုတ်ကုန်လိုင်းကိုရော ဘယ်လိုလုပ်မလဲ။" ခန်းရှက မေးသည်။
"ခမ်းနားသောထန်လုပ်ငန်းစုက လုံးဝပိုင်တဲ့ စက်မှုဥယျာဉ်ကို ထူထောင်မယ်။ မင်းဆီက ကိုယ် လိုအပ်တာက ရွှေဥ ဥတဲ့ ကြက်မနဲ့အလားတူတဲ့ ကုမ္ပဏီတစ်ခုကို တည်ဆောက်ပေးဖို့နဲ့ နေ့တိုင်း ကုမ္ပဏီရဲ့ အကောင့်ထဲကို အမြတ်အစွန်းတွေ အများကြီး ဝင်လာဖို့ပဲ။” ထန်ရှုက ပြောသည်။
“ဒီလို လုပ်ငန်းလည်ပတ်မှုအတိုင်းအတာက ကြီးမားတဲ့ အရင်းအနှီး လိုအပ်မှာ အသေအချာပဲ။ နင် အဲ့ဒီအထဲ ဘယ်လောက် ရင်းနှီးမြှုပ်နှံမှာလဲ။”
"အနည်းဆုံး ယွမ် ၂၀ဘီလီယံ…”
…ရှူး…
ထန်ရှုသည် ကြီးမားသော အရင်းအနှီးတစ်ခုကို မြှုပ်နှံမည်ဟု သူမ သိထားသော်လည်း ထိုကြားလိုက်ရသော ပမာဏကြောင့် သူမ တုန်လှုပ်နေဆဲပင်။ ခမ်းနားသောထန် လုပ်ငန်းစု၏ စုစုပေါင်းပိုင်ဆိုင်မှုမှာ ယွမ် ဘီလီယံ ၂၀ထက် မပိုကြောင်း သိထားရမည်ဖြစ်သော်လည်း ထန်ရှုက ကုမ္ပဏီရုံးချုပ်ကို နှစ်နှစ်အတွင်း ဆောက်လုပ်ရန် တရုတ်ယွမ်ငွေ ၂၀ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟု ဆိုလာသည်။ ဆိုလိုသည်မှာ ၎င်းသည် ကုမ္ပဏီ၏ဘဏ္ဍာရေးကဏ္ဍကို ဆိုးရွားစွာ ထိခိုက်နိုင်သောကြောင့် ဆိုးရွားသော ဘဏ္ဍာရေး ပြဿနာများကို ဖြစ်လာစေလိမ့်မည်။
"စိတ်အေးအေးထားပါ။ ကုမ္ပဏီက ဆောင်ရွက်နေတဲ့ တိုးတက်မှုလမ်းကြောင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှုက လက်ရှိအခြေအနေအတိုင်းပဲ ဆက်လက် တည်ရှိနေမှာပါ။ ကုမ္ပဏီက ပိုက်ဆံကို ယူမသုံးပါဘူး။ ၂၀ဘီလီယံ မပြောနဲ့ ၂၀၀ ဘီလီယံ ဆိုရင်တောင် အဲ့ဒီပမာဏကို ကိုယ် ရနိုင်ပါသေးတယ်။” ထန်ရှုက ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။
စိတ်တွင်းထဲတွင် တုန်ရီနေသော်လည်း ခန်းရှ၏မျက်လုံးများ တောက်ပနေကာ
"နင် ပိုက်ဆံတွေ ဘယ်လို ရခဲ့တာလဲ သူဌေး။"
“လောလောဆယ်တော့ အဲ့ဒါကို မပြောတော့ဘူး။ မင်းရဲ့တာဝန်က အချိန်ကိုက်ပြီး ကိုယ်တို့ရဲ့ ကျန်းမာရေးအထောက်အကူပြု ထုတ်ကုန်ကို ဈေးကွက်ထဲကို ဝင်လာအောင် လုပ်ပါ။ နောက်နှစ် ဇွန်လ ၁ ရက်နေ့ မတိုင်ခင် တတ်နိုင်သမျှ ပိုက်ဆံရှာထားရမယ်။ ကျန့်ယုနဲ့ ကိုယ် ဖြစ်နိုင်ချေအချို့ကို ဆွေးနွေးပြီးပြီ။ သူတို့လုံမိသားစုက မြို့သစ်အိမ်ခြံမြေတွေကို လာမယ့်နှစ် ဇွန်လ၁ရက်နေ့ မတိုင်မီ ဈေးဖွင့်ရောင်းချမယ်လို့ ဆိုတယ်။”
"ငါ သိတယ်။" ခန်းရှက ခေါင်းညိတ်ပြရင်း မျက်လုံးများ အရောင်လက်လျက် ရှိသည်။
ထန်ရှုက သူမ၏ပခုံးကို ဖွဖွပုတ်လိုက်ရင်း အပြုံးဖြင့် “ကုမ္ပဏီကိစ္စက မင်း လုပ်စရာရှိတာ လုပ်နေပါ။ ပင်ပန်းတယ်လို့ ခံစားရရင် လုပ်ငန်းစီမံခန့်ခွဲမှုမှာ ထူးချွန်တဲ့ လူတွေကို ရှာဖွေငှားရမ်းပြီး ဆောင်ရွက်ခိုင်းသလို တစ်ချိန်တည်းမှာ တတ်နိုင်သမျှ အရည်အချင်းရှိတဲ့သူတွေကို လေ့ကျင့်သင်ကြားပေးဖို့ မင်း ငွေသုံးသင့်တယ်။ လာမယ့်နှစ်တွေမှာ ကုမ္ပဏီကို ဆက်လက် ချဲ့ထွင်လာမှာဆိုတော့ အချိန်ကျလာရင် အရည်အချင်းရှိတဲ့သူတွေ အများကြီး လိုအပ်မှာလေ။ အဲ့ဒီလာမယ့်နေ့တွေအတွက် ပြင်ဆင်ထားတာ ပိုကောင်းတယ်။”
“ဒီ့အတွက် နင် စိတ်ချထားပါ။ ငါ သိပါတယ်။” ခန်းရှက ပြုံးရယ်ကာ ပြောလိုက်သည်။
"မင်း အဲ့ဒါကို သိထားပြီးသားမို့ ကိုယ် ထပ်မပြောတော့ဘူး။" ထန်ရှု ခေါင်းညိတ်လိုက်သည်။ “ဒီနေ့တော့ အဖေနဲ့အမေ မြို့တော်ကို သွားတာ ကိုယ် အဖော်လိုက်သွားရဦးမယ်။ ပေကျင်းကနေ ရှန်ဟိုင်းကို တန်းပြန်တော့မယ်။ မင်း လိုအပ်တာရှိရင် ကိုယ့်ဆီ ဖုန်းဆက်လိုက်နော်။"
"နင် ဒီနေ့ ထွက်သွားတော့မှာလား။"
ခန်းရှ၏မျက်နှာလေးတွင် စိတ်ညစ်သွားသော အကြည့်တစ်ခု ပေါ်လာပြီး ထန်ရှု၏လက်မောင်းအား မသိစိတ်ဖြင့် ဖက်တွယ်လိုက်မိသည်။
****
မွန်းတည့်ချိန် ရောက်လာခဲ့ပြီဖြစ်သည်။
ထန်ရှုသည် မိဘ၂ပါးအား ကားပေါ်တင်ကာ ပေကျင်းမြို့တော်ဆီသို့ မောင်းထွက်လာခဲ့သည်။ ဆိုးရွားသော ရာသီဥတုကြောင့် ထိုနေရာသို့ သွားရန် သူကိုယ်တိုင် မောင်းရုံကလွဲပြီး အခြားရွေးချယ်စရာ မရှိချေ။ သူ့အား ကျေနပ်စေသည်မှာ အသက်၃၀ခန့် အမျိုးသမီးလေးဦးသည် ၎င်းတို့အား လျှို့ဝှက်စွာ အနီးကပ် လိုက်ပါနေခဲ့သည်။ ထိုလေးဦးသည် မြောက်ပိုင်းကြယ်ဓားတစ်စင်းကျောင်းမှ ကုဝါကိုကိုယ်တိုင် ရွေးချယ်ထားပြီး ကျောင်း၏ သေရမည့်သူများစာရင်းထဲတွင် ပါဝင်နေသောသူများ ဖြစ်သည်။
ညအမှောင် ကျရောက်လာခဲ့ပြီး အမြန်လမ်းတိုးဂိတ်မှ ကားနှစ်စီး ထွက်လာခဲ့သော်လည်း တိုးဂိတ်အထွက်တွင် ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏လိုင်စင်နံပါတ်သည် ပုံမှန်နံပါတ် ကန့်သတ်ချက်ထက် ကျော်လွန်နေသောကြောင့် ဖြစ်သည်။
"သား ကားမောင်းနေတာ ခြောက်နာရီ ရှိနေပြီ ရှုအာ။ သား ကောင်းကောင်း အနားယူပြီးမှ မောင်းလို့ရတယ်။ မြို့ထဲမဝင်ခင် မနက်၁၂နာရီအထိ ခဏနားရအောင်။” စုလင်းယွမ်သည် ကားပေါ်မှ ဆင်းလာပြီးနောက် ကားအရှေ့တွင် ရပ်ရင်း ဆေးလိပ်သောက်နေသော ထန်ရှုဆီ အကြည့်ရောက်လာကာ အပြုံးဖြင့် စကားပြောလိုက်သည်။
သူမကို ခပ်ဖျော့ဖျော့ ပြုံးပြရင်း ထန်ရှုက
"ကျွန်တော် အလျင်လိုနေတယ် အမေ။ မနက်၁၂နာရီ မတိုင်မီ မြို့ထဲကို ဝင်မှရမယ်။ ဒီနေရာမှာ ရပ်နေတာက ကျွန်တော်နဲ့ အဘိုးတို့ရဲ့ဆွေးနွေးမှုကို နှောင့်နှေးစေလိမ့်မယ်။ ကျွန်တော် ဒေါ်လေးဆီ ဖုန်းဆက်ထားတယ်။ သိပ်မကြာခင် မြို့ထဲကို ဝင်နိုင်တော့မှာပါ။”
“သားလေး … သားရဲ့ဒေါ်လေးက အလုပ် အရမ်းရှုပ်နေတယ်ဆိုတာ သားအသိပဲ။ ဒီလိုအသေးအဖွဲကိစ္စလေးနဲ့ သူမကို ဘယ်လို ဒုက္ခပေးနိုင်မှာလဲ။" စုလင်းယွမ်က ပြုံးပြီး မေးသည်။
ထန်ရှု ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သူ ပြန်ဖြေခါနီးတွင် တိုးဂိတ်မှ ထွက်လာသော ထိပ်တန်းပြိုင်ကားများစွာဆီ စိုက်ကြည့်မိရင်း ရုတ်တရက် မျက်ခုံးတွန့်သွားသည်။ ထိုကားများသည် အလွန်ဈေးကြီးသည့် ပြိုင်ကားများ ဖြစ်သည်။ ၎င်းတို့၏အင်ဂျင်သံများနှင့်အတူ အရှိန်ပြင်းပြင်းဖြင့် လမ်းအဆုံးတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
"ပေကျင်းမှာရှိတဲ့ မိသားစုကြီးတွေရဲ့ ကလေးတွေက တကယ့်ကို ပရမ်းပတာတွေပဲ။" ထန်ယွင်သဲ့က ကားထဲက ထွက်လာပြီး ခေါင်းယမ်းကာ သက်ပြင်းချသည်။
“သူတို့မိသားစုမှာ အမှီသဟဲပြုစရာကြီးတွေ ရှိနေတာဆိုတော့ လေဒဏ်မိုးဒဏ် ခံရမှာ မဟုတ်ပါဘူး။ မိသားစုနောက်ခံကြောင့်သာ ဒီလိုသတ္တိတွေ ရှိနေကြတာ။ သူတို့ မောင်းနေတဲ့လမ်းက လူတချို့တော့ သေချာပေါက် ဒဏ်ရာ ရတော့မှာပဲ။" ထန်ရှုက ရယ်ရင်း မှတ်ချက်ချသည်။
“မဖြစ်ထားဘူးလို့ ဘယ်သူ ပြောနိုင်လဲ။ ယာဉ်မတော်တဆမှု အရေအတွက်က တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး နှစ်စဉ် ယာဉ်မတော်တဆမှုတွေကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးနေကြရတာ။ လူတိုင်းကသာ နည်းနည်းနှေးနှေးနဲ့ မှန်မှန်မောင်းရင် မတော်တဆမှုတွေ ဘယ်လောက် ရှောင်နိုင်မလဲ တွေးကြည့်လိုက်။ လူတွေလည်း ယာဉ်မတော်တဆမှုကြောင့် သူတို့ရဲ့ မိသားစုဝင်တွေကို ဆုံးရှုံးရတော့မှာ မဟုတ်ဘူး။”
သူတို့စကားပြောနေစဉ် ရဲကားတစ်စီးသည် အနားတွင် ရပ်လာသည်။ ယာဉ်ထိန်းရဲများ ကားထဲမှ ထွက်လာကာ အနီးသို့ ချဉ်းကပ်လာပြီး သူ၏နာမည်အား မေးနေသည်ကို ထန်ရှု ကြားလိုက်ရသည်။
"ဒီမှာပါ။" ထန်ရှု လက်ဝှေ့ယမ်းပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် ယာဉ်ထိန်းရဲများသည် အနားသို့ ရောက်လာကာ သူတို့အထဲမှ အရပ်ရှည်ရှည် လူတစ်ယောက်က အပြုံးဖြင့်
“မင်းက မစ္စတာထန်ရှုလား။”
"ဟုတ်ပါတယ် ကျွန်တော်ပါ။" ထန်ရှု ခေါင်းညိတ်ကာ ဖြေလိုက်သည်။
ထိုလူက လျင်မြန်စွာ ပြောလိုက်သည်။
“ငါတို့ အခုလေးတင် ဝန်ကြီးထန်ဆီက ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရထားပါတယ်။ မင်းမှာ အရေးတကြီး လုပ်စရာတွေ ရှိတယ်လို့ သူမက ပြောတယ်။ ဒါကြောင့် မင်းရဲ့ လိုရာခရီးကို စောင့်ရှောက်ပြီး လိုက်ပို့ပေးဖို့ ငါတို့ကို တောင်းဆိုထားတယ်။ ငါတို့ သွားကြတော့မလား…”
ထန်ရှုက သူ့အား ခေါင်းညိတ်ပြပြီး
"ကျွန်တော်တို့နောက်မှာ နောက်ထပ်ကားတစ်စီး ရှိသေးတယ်။ သူတို့ကိုလည်း ခေါ်ခဲ့ပေးပါ။"
"ကောင်းပါပြီ။"
ကားပေါ်တက်ပြီးနောက် စုလင်းယွမ်က
"သားလေး … အမေတို့နောက်မှာ နောက်ထပ် ကားတစ်စီး ရှိသေးတယ်ဆိုတာ သား ဘာကို ဆိုလိုတာလဲ။"
"အဲ့ဒါက အမေ့ရဲ့သက်တော်စောင့်တွေပါ အမေ။" ထန်ရှုက ကားမောင်းရင်း ပြောပြသည်။
စုလင်းယွမ်က အံ့အားသင့်ကာ ကြက်သေသေသွားပြီး “ဒါပေမဲ့ အမေ့မှာ သက်တော်စောင့်တွေ ဘယ်တုန်းက ရှိနေတာလဲ။”
“အမေ မသိပေမယ့် သူတို့ အမေ့နောက်ကို လိုက်ပေးနေတာ လနဲ့ချီနေပြီ။ သူတို့အလုပ်က အမေ့ဘေးကင်းရေးကို ကာကွယ်ပေးဖို့ပဲမို့ အမေ့ရဲ့နေ့စဉ်ဘဝကို နှောင့်ယှက်မှာ မဟုတ်ပါဘူး။ အမေ စိတ်အေးလက်အေးသာ နေပါ။ အဲ့ဒါက ကျွန်တော့်အစီအစဉ်အားလုံးရဲ့ တစ်စိတ်တစ်ပိုင်းမို့ အမေ စိတ်သက်သာရာရမှာပါ။” ထန်ရှုက ပြုံးကာ ပြောသည်။
"ဒါပေမယ့် သူတို့က ဘယ်သူလဲ ရှုအာ။" စုလင်းယွမ်က အလျင်စလို မေးလိုက်သည်။
“ကျွန်တော်က ဒါကို စီစဉ်ပေးတဲ့သူဆိုကတည်းက သူတို့က သဘာဝအတိုင်းပဲ ကျွန်တော့်လူတွေပေါ့အမေ။ သူတို့ဇာစ်မြစ်အကြောင်း အမေ မသိတာမို့ ကျေးဇူးပြုပြီး ကျွန်တော့် မေးမနေနဲ့တော့။ ကျွန်တော်တို့ အခု သွားကြတော့မလား။ ခုလောက်ဆို ကျွန်တော်တို့ ပေကျင်းကို လာလည်တဲ့ကိစ္စက အဘိုးရဲ့နားထဲကို ရောက်နေလောက်ပြီမို့ ကျွန်တော်တို့ကို စောင့်နေလောက်ပြီဆိုတာ သေချာတယ်။” ထန်ရှုက ပြုံးရင်း ပြန်ဖြေလိုက်သည်။
စုလင်းယွမ်သည် သံသယဝင်နေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။ ထန်ရှုသည် သူမအား ကာကွယ်ရန်အတွက် သက်တော်စောင့်များကို စီစဉ်ပေးမည်ဟု ယခင်က ပြောခဲ့ဖူးသော်လည်း ၎င်းတို့ထဲမှ တစ်ဦးကိုမျှ သူမ မမြင်ဖူးသောကြောင့် သူမတွင် သက်တော်စောင့် လုံးဝမရှိဟု သူမထင်ခဲ့သည်။ သက်တော်စောင့်များသည် အမှောင်ထဲတွင် ပုန်းခိုနေကာ သူမကို လပေါင်းများစွာ တိတ်တဆိတ် ကာကွယ်နေကြပြီဟု မည်သူက ထင်နိုင်ပါမည်နည်း။
"အဲဒါမှ ငါတို့သား … ကောင်းတယ်။” စုလင်းယွမ်၏အနီးတွင် ထိုင်နေသော ထန်ယွင်သဲ့သည် သက်ပြင်းချကာ ပြုံးနေတော့သည်။
****
…ထန်မိသားစု၏ဘိုးဘွားစံအိမ်…
ထန်မင်းသည် ဆိုဖာပေါ်တွင် နစ်မြုပ်စွာ ထိုင်နေသည်။ သူမ ဗိုက်ဆာလွန်းသောကြောင့် အစာအိမ်မှပင် အသံမြည်နေသည့်တိုင်အောင် စားပွဲအပြည့် ရှိနေသည့် ပူပူနွေးနွေး အစားအစာများကို မချိပြုံးဖြင့် ကြည့်နေရုံသာ တတ်နိုင်ပေသည်။ သူမအား ပြောစရာစကားမဲ့စေသည့်အရာမှာ တံခါးကို မကြာခဏ စိုက်ကြည့်နေသော သူမ၏မိခင်နှင့် ထန်မိသားစု၏ အကြီးအကဲဟောင်း ဖြစ်သည့် ဖခင်တို့၏ အသွင်အပြင် ဖြစ်သည်။
“အဖေ အမေ … ကျွန်မတို့ ထမင်း အရင်စားကြရင်ရော။ ဒုတိယအစ်ကို ရောက်ဖို့က အချိန်အနည်းငယ် ကြာဦးမယ်။ ဒီနေ့ နေ့လယ်က အရမ်းအလုပ်များလွန်းလို့ ကျွန်မ တစ်လုပ်ပဲ စားလိုက်ရတယ်။ ဆာလို့ သေတော့မယ်။"
"မစားနိုင်သေးဘူး။" ထန်ကောရှန့်က တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
ဆိုဖာ၏အခြားတစ်ဖက်တွင် ထန်ကောရှို့က ပြုံးပြီး "မင်းလေး … မင်းရဲ့ဒုတိယအစ်ကိုနဲ့ ယောင်းမတို့နှစ်ယောက်က လာနေပြီ။ သူတို့ကို ခဏစောင့်ရအောင်။ သူတို့က ဒီကို အမြန်မောင်းလာပြီး လမ်းမှာ ထမင်းစားဖို့ ရပ်မှာမဟုတ်လောက်ဘူး။ မင်းလေး သည်းမခံနိုင်လောက်အောင် ဗိုက်ဆာနေရင် မီးဖိုချောင်ကို သွားပြီး တစ်ခုခုကို အမြန် ရှာစားထားလိုက်လေ။”
"ဒါဆို ကျွန်မ ခဏစောင့်လိုက်မယ် တတိယဦးလေး။" ထန်မင်းသည် မချိပြုံး ပြုံးကာ ပြန်ပြောလိုက်သည်။
***