ငွေပုံကြီး
Vol. 11 Ch. 510
ထန်မိသားစုသည် တစ်ချိန်က အသက်မရှိ မှိုင်းညို့နေသော ရေကန်နှင့်တူသည်။ သူတို့၏ဘိုးဘွားနေထိုင်ရာစံအိမ်ပင် အသက်ဝိညာဉ်ကင်းမဲ့နေသလို ခံစားရသည်။ သို့သော်လည်း ထန်ကောရှန့်၏ရောဂါ ပျောက်ကင်းသွားပြီး ထန်မိသားစုသည် နောက်ဆုံးတွင် ၎င်းတို့၏ပျောက်ဆုံးခဲ့သော အမျိုးအနွယ် ထန်ရှုကို ပြန်တွေ့ခဲ့သည့်အပြင် ထန်ယွင်သဲ့သည်လည်း သူ၏မေ့မျောနေသော အခြေအနေမှ ပြန်လည် သတိရလာပြီးနောက် မိသားစုတစ်ခုလုံးသည် အားမာန်အပြည့်ဖြစ်လာပြီး ပတ်ဝန်းကျင်လေထုသည် ရယ်မောပျော်ရွှင်မှုတွေ ပြည့်နှက်နေခဲ့သည်။ အထူးသဖြင့် ... ထန်မိသားစုနှင့် ယောင်မိသားစုတို့သည် တောင်ပိုင်းတွင် သြဇာအာဏာရရှိရန် ပြိုင်ဆိုင်ခဲ့ကြပြီးနောက် တိုက်ပွဲများအဆုံးတွင် ထန်တို့အတွက် လုံးဝအောင်ပွဲခံနိုင်ခဲ့သည်။ ထိုအဖြစ်အပျက်သည် ထန်မိသားစုဝင် တစ်ဦးစီတိုင်းကို ဂုဏ်ယူဝမ်းမြောက်စေခဲ့သည်။ ကြီးမားသော ပြောင်းလဲမှုအား ထန်ရှုက လုံးလုံးလျားလျား ယူဆောင်လာကြောင်း မိသားစုဝင်တိုင်းသည် ရှင်းရှင်းလင်းလင်း သိရှိခဲ့ကြသည်။ ထို့ကြောင့် ထန်မိသားစုတွင် ထန်ရှု၏နေရာသည် အကြီးအကဲများ၏ အနေအထားနှင့် တန်းတူနီးပါး ဖြစ်သည်။
ဘိုးဘွားစံအိမ်၏အပြင်ဘက်တွင် ထန်နင်းသည် အားကစားဝတ်စုံ ဝတ်လျက် လမ်းကြားဝအား ရပ်ကာ စောင့်ကြည့်နေသည်။ စစ်ဝတ်စုံဝတ်ထားသော လက်နက်ကိုင်တပ်သားနှစ်ဦး၏မျက်နှာများထက်တွင် စူးစမ်းလိုသောအမူအရာဖြင့် မတ်တပ်ရပ်နေကြသည်။ မမျှော်လင့်ဘဲ ထန်နင်း ပြန်ရောက်လာပြီး တစ်စုံတစ်ဦးကို စောင့်ဆိုင်းသည်ကို သူတို့တွေ အံ့သြနေပုံရသည်။
…ကျွီ...
ကားနှစ်စီးသည် လမ်းကြားမှ ထွက်လာပြီး ထန်မိသားစု၏ဘိုးဘွားစံအိမ် ဂိတ်အပြင်ဘက်တွင် ရပ်တန့်သွားသည်။
"ဒုတိယဦးလေး … ဒုတိယအဒေါ်…"
ထန်နင်းက တလေးတစား ခေါ်ရင်း ကားတံခါးကို ဖွင့်ပေးလိုက်သည်။ ကားမောင်းသူထိုင်ခုံကနေ အခုမှ ထလာသည့် ထန်ရှုအား စိုက်ကြည့်နေရင်း သူ၏မျက်နှာထက်ရှိ အေးစက်စက်ဟန်အမူအရာသည် တဖြည်းဖြည်း အရည်ပျော်သွားကာ ထိုနေရာတွင် အပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။
"နင်းလေး … မင်း စစ်တပ်ကနေ ပြန်လာတာ ရှားတယ်။" ထန်ယွင်သဲ့က ပြုံးပြီး ပြောလိုက်သည်။
"ကျွန်တော့်ညီလေး လာမယ်ဆိုတာ သိလို့ ခွင့်ယူလာခဲ့တာ။" ထန်နင်းက ဖြေသည်။
“မင်းတို့ညီအကိုနှစ်ယောက်က ဆုံခဲတယ်။ ဒါက မင်းတို့၂ယောက် အတူရှိဖို့ တကယ့်အချိန်ပဲ။ ငါတို့ မိသားစုဝင်တွေ အားလုံးက စည်းလုံးရမယ် မဟုတ်လား။” ထန်ယွင်သဲ့က ပြုံးပြီး မှတ်ချက်ပေးသည်။
ထန်ရှုက တည်ငြိမ်သောအပြုံးဖြင့် ခေါ်လိုက်သည်။
"အစ်ကိုနင်း…"
ထန်နင်းက အပြုံးဖြင့်
"မင်း တောင်ပိုင်းမှာ တကယ်ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ပြီးသွားတာပဲ။"
"ဒါက တကယ်တော့ အသေးအဖွဲကိစ္စလေးပါ။" ထန်ရှုက ပြန်ဖြေသည်။
ထန်နင်းက သူ့ကို လက်မထောင်ပြပြီး အပြုံးဖြင့်
"ဒါမှ ငါ့ညီကွ။ မင်းရဲ့ဒီလေသံကို ငါ ကြိုက်သွားပြီ ညီလေး။ ငါတို့ ဝင်ကြမလား။ အဘိုးနဲ့ တတိယအဘိုးက အထဲမှာ စောင့်နေပြီ။”
ဘိုးဘွားစံအိမ်သို့ ဝင်၍ နေအိမ်၏အနောက်ဘက်စွန်းရှိ ဝါးအိမ်သို့ရောက်သောအခါ ထန်မင်းသည် ဆိုဖာပေါ်မှ ပထမဦးဆုံး ခုန်ဆင်းကာ ပြုံးစစဖြင့်
“ဒုတိယအစ်ကို … ဒုတိယယောင်းမ … မင်းတို့အားလုံး နောက်ဆုံးတော့ ရောက်လာကြပြီ။ ဒီ့ထက် နည်းနည်းသာ နောက်ကျသွားရင် ကျွန်မတော့ ဆာလို့ သေတော့မှာ။”
ထန်ယွင်သဲ့နှင့် စုလင်းယွမ်က ပြုံးပြလိုက်ပြီး အခန်းတွင်းရှိ အခြားသူများကိုပါ နှုတ်ဆက်သည်။ ထန်ကောရှန့်၏အမိန့်အရ မိသားစုဝင်အားလုံးသည် ညစာစားပွဲတွင် နေရာယူလိုက်ကြသည်။ ညစာသည် အရသာရှိကာ အလျှံအပယ်ဖြစ်ပြီး ထန်ကောရှန့်သည် ခန်းရှ ပေးပို့ထားသော နတ်ဘုရားဝတ်ရည်နှစ်ပုလင်းကို ကိုယ်တိုင် ထုတ်ယူလာသည်။
ညစာစားအပြီးတွင် စုလင်းယွမ်သည် ပန်းကန်များနှင့် ပန်းကန်ခွက်ယောက်များကို စုစည်းရန် အိမ်၏အဘွားအိုအား အဖော်လုပ်ပေးခဲ့ပြီး ထန်ကောရှန့်က အခြားလူများအား သူ၏စာဖတ်ခန်းသို့ ခေါ်လာသည်။ လေထဲတွင် ဆေးလိပ်မီးခိုးငွေ့များက ဝေ့ဝဲနေပြီး ထန်မင်းသည် တိတ်ဆိတ်မှုကို ပထမဆုံး ချိုးဖျက်လိုက်သည်။
"အဖေ … ထန်ရှု ရောက်လာပြီဆိုမှတော့ စတော့မလား။"
ထန်ကောရှန့်၏အကြည့်များက ထန်ရှုဆီ ကျရောက်သွားရင်း
" ရှုအာ … ငါတို့ အရေးကြီးတဲ့ ကိစ္စမစခင် အပြင်က လေးယောက်ရဲ့အကြောင်းကို ပြောပြနိုင်မလား။"
"သူတို့က ဂျပန်မြောက်ပိုင်း ကြယ်ဓားတစ်စင်း သင်တန်းကျောင်းက ခေါ်လာတဲ့ အမေ့အတွက် သက်တော်စောင့်တွေပါ။"
"သူတို့က ဘာတွေ…" ထန်ကောရှန့် ကြက်သေသေသွားပြီး စာဖတ်ခန်းထဲရှိ အခြားလူများမှာလည်း မျက်လုံးများ ပြူးကျယ်စွာဖြင့် ကျောက်ရုပ်ပမာ ဖြစ်နေကြသည်။
“တိတိကျကျပြောရရင် သူတို့တွေက ဂျပန်နိုင်ငံ မြောက်ပိုင်း ကြယ်ဓားတစ်စင်းကျောင်းရဲ့ ကျွမ်းကျင်သူတွေ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် သူတို့ရဲ့ အသွင်အပြင်ကို ပြောင်းလဲခဲ့ပြီး သူတို့ရဲ့ အမည်တွေနဲ့ အထောက်အထားတွေကို ဖုံးကွယ်ထားတာကြောင့် တရုတ်နိုင်ငံမှာ အထောက်အထားအသစ်တွေ ရှိလာခဲ့ပါတယ်။ ကျွန်တော်က လူတချို့ကို မွေးထားပြီး သူတို့ထဲက တစ်ယောက်က ဂျပန်က ယာမာမိုတိုမိသားစုရဲ့ သခင်မလေးပါ။ သူမက ဂျပန်မြောက်ပိုင်း ကြယ်ဓားတစ်စင်းကျောင်းရဲ့ အနာဂတ်ဆရာသခင်အဖြစ် သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။” ထန်ရှုမှ ရှင်းပြသည်။
"ရှုအာ … ငါတို့လူမျိုးထဲက အရည်အချင်းရှိတဲ့သူတွေကို ပြုစုပျိုးထောင်ပေးရင် ငါ ဘာမှ မပြောဘူး ဒါပေမယ့် ဒီဂျပန်တွေက သူတို့ကို ယုံကြည်နိုင်ပါ့မလား။" ထန်ကောရှန့် မျက်မှောင်ကြုတ်လိုက်သည်။
“အဘိုး … ကျွန်တော့်အမေရဲ့အသက်က ကျွန်တော့်အသက်ထက် ပိုအရေးကြီးပါတယ်။ ကျွန်တော်သာ သူတို့ကို မကိုင်တွယ်နိုင်ဘူးဆိုရင် ဘယ်ကာကွယ်ခိုင်းပါမလဲ။” ထန်ရှုက ဆိုသည်။
ထန်ကောရှန့်က ညင်သာစွာ ခေါင်းညိတ်ပြပြီး "ဂျပန်က အရည်အချင်းရှိတဲ့သူတွေကို ပျိုးထောင်ချင်တာက ဘာကြောင့်လဲ။ အဲ့ဒါကိုလည်း သိချင်တယ်။”
"အဲ့ဒါက အရင်းအမြစ်အတွက်ပဲ။" ထန်ရှုက အလေးအနက်ထားဆိုသည်။
“ကျွန်တော်တို့ အနာဂတ်မှာ ဒီ့ထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် အရင်းအမြစ် ပမာဏ ကြီးကြီး လိုအပ်လိမ့်မယ်။ ပြီးတော့ ကျွန်တော် လုပ်ချင်တာတွေအတွက်လည်း ဒီအရင်းအမြစ်တွေ လိုလိမ့်မယ်။ ဂျပန်နိုင်ငံက ကျွန်းတစ်ကျွန်းပဲဆိုပေမယ့် အနီးတစ်ဝိုက်က ပင်လယ်ရေပြင်ကျယ်မှာ သယံဇာတ ပမာဏများစွာ ရှိတယ်။ ကျွန်တော် အခု ပျိုးထောင်ပေးနေတဲ့ လူတွေက အနာဂတ်ရဲ့ တစ်နေ့နေ့ တစ်ချိန်ချိန် အဲဒီ့နေရာမှာ သြဇာကြီးမားလာတဲ့ အချိန်ရောက်လာတဲ့အခါ သူတို့ကို ကောင်းကောင်း အသုံးချနိုင်ရင် မကောင်းပေဘူးလား။”
ထန်ကောရှန့် စိတ်တွင်းမှ ထိတ်လန့်သွားပြီး “မင်းပြောတဲ့အတိုင်းဆိုရင် အနာဂတ်မှာ ဂျပန်ရဲ့ နိုင်ငံရေးကို မင်း လွှမ်းမိုးနိုင်မယ်လို့ ဆိုလိုတာလား။”
"မဟုတ်ဘူး။ ကျွန်တော့်နောက် လိုက်နေတဲ့ လွှမ်းမိုးမှုမျိုးတော့ မဟုတ်ဘူးဆိုပေမယ့် ကျွန်တော်က ထိန်းချုပ်နိုင်တာမျိုး။" ထန်ရှုက ခေါင်းယမ်းပြီး ပြောလိုက်သည်။
…ရှူး…
အခန်းတွင်းရှိ လူငါးဦးသည် တစ်ချိန်တည်း လေအေးကို ရှူသွင်းလိုက်ကြသည်။ ထန်ရှု၏စကားကြောင့် သူ၏ရည်မှန်းချက်ကို သူတို့ ခံစားမိနိုင်ကြသည်။
ထန်ရှုက ရယ်မောလိုက်ရင်း
“ကျနော့်ရဲ့လေ့လာမှုထဲက သမိုင်းမလွဲမှားခဲ့ဘူးဆိုရင် ဂျပန်တွေဟာ အရင်က တရုတ်ပြည်ကို ထိန်းချုပ်ဖို့ ကြိုးပမ်းခဲ့ဖူးပြီး နိုင်ငံထဲမှာ အများကြီး သတ်ပစ်ခဲ့တယ်။ သူတို့သုံးတဲ့နည်းလမ်းက ဖိနှိပ်အုပ်ချုပ်ဖို့ လက်နက်ကိုင်တပ်တွေနဲ့ စစ်တပ်ကို အားကိုးတယ်။ သွေးသွန်းလောင်းခြင်းနဲ့ တိုင်းပြည်ကို ထိန်းချုပ်တယ်။ ဒါပေမယ့် ကျွန်တော် လိုချင်တာက သူတို့ကို အတွင်းကနေ လျှို့ဝှက်စိမ့်ဝင်ပြီး အနာဂတ်မှာ ဂျပန်အာဏာကို ကိုင်ထားမယ့် သြဇာကြီးတဲ့ ပုဂ္ဂိုလ်တချို့ကို ထိန်းချုပ်ဖို့ပါ။ အနာဂတ်မှာ ဂျပန်ကို ကျွန်တော့်ကိုယ်ပိုင်အတွက် သုံးနိုင်ရင် ဒီလိုကိစ္စမျိုးအတွက် ဘာကြောင့် စိုးရိမ်နေရမှာလဲ။”
ထန်ကောရှန့်က ခေါင်းကို ခါယမ်းလိုက်ပြီး
" ရှုအာ … မင်းရဲ့အကြံအစည်က ကောင်းပါတယ်။ ဒါပေမယ့် ... အဲဒါလည်း နုံလည်း နုံအလွန်းတယ်။ သူတို့ရဲ့စွမ်းအားနဲ့ အာဏာကို အဆက်မပြတ် ချဲ့ထွင်ဖို့နဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ အခုချိန် မင်းရဲ့အကူအညီကို သူတို့တွေ လိုကောင်း လိုအပ်နေပေမယ့် အနာဂတ်မှာ သူတို့ ကြီးထွားလာပြီးရင် မင်းရဲ့ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားမှာ သေချာတယ်။ ငါ စိုးရိမ်တာက ဂျပန်လူမျိုးတွေဆိုတာ ဆိုးရွားပြီး အရှက်မဲ့တဲ့သွေးတွေ သူတို့ရဲ့အရိုးတွေထဲမှာ စီးဆင်းနေတာလေ။”
“အဘိုး … တစ်ချိန်က ကြားဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ ပိုချမ်းသာပြီး အာဏာကြီးတဲ့လူ ဖြစ်လာရင် သေရမှာကို ပိုကြောက်လာတယ်။ ဒီစကားလုံးတွေကို ဘယ်လိုထင်လဲ။ အဲ့ဒါတွေ တကယ် မှန်သလား။"
ထန်ကောရှန့်သည် ခဏအကြာတွင် ခေါင်းညိတ်ကာ အားတင်းပြုံးလိုက်ပြီး
“မင်း ပြောတာမှန်တယ်။ များများရလေလေ ပိုပြီး ပျော်ချင်လေလေပါပဲ။ ဒါကြောင့် သေရမှာ ကြောက်တယ်ဆိုတာ သဘာဝအရကို ဖြစ်လာမှာပဲ။”
ထန်ရှုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး ယုံကြည်ချက် ရှိသောအပြုံးဖြင့်
“သူတို့ရဲ့ အသက်နဲ့ သေခြင်းတရားကို ထိန်းချုပ်ဖို့ ကျွန်တော့်မှာ နည်းလမ်း ရှိတယ်လေ။ ဂျပန်က စုဆောင်းလို့ရတဲ့ ခွန်အားနဲ့ အရင်းအမြစ်အားလုံးကို သူတို့ သုံးထားရင်တောင် ကျွန်တော့်ထိန်းချုပ်မှုကို သူတို့ ဘယ်တော့မှ ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။”
ထန်ကောရှို့သည် ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသကဲ့သို့ ထန်ကောရှန့်သည်လည်း တိတ်ဆိတ်သွားသည်။ သို့သော်လည်း ထန်မင်း၊ ထန်ယွင်သဲ့နှင့် ထန်နင်းတို့၏မျက်နှာများတွင် နားမလည်နိုင်သော အမူအရာများ ရှိနေပြီး ထန်ရှုအား စိုက်ကြည့်လျက် သူတို့၏ခေါင်းထဲတွင် အတွေးမျိုးစုံ ဝင်လာကြသည်။
“အဘိုး … ဂျပန်အကြောင်း ဆွေးနွေးတာကို ဘေးဖယ်ထားလို့ရမလား။ ကျွန်တော်တို့ ဒီကို ရောက်လာရတဲ့အကြောင်းရင်းက တခြားလေးနက်တဲ့ ကိစ္စရပ်တွေအကြောင်း ပြောဖို့ပါ။” ထန်ရှုက ရယ်မောရင်း ပြောသည်။
ထန်ကောရှန့်၏မျက်လုံးများအတွင်းမှ အလင်းတန်းတစ်ခု လင်းလက်သွားပြီး ခေါင်းညိတ်လိုက်ကာ
"ဖုန်းထဲမှာ ငါ မင်းကို ပြောခဲ့တာကို မှတ်မိသေးလား။"
"ကျွန်တော် မှတ်မိပါတယ်။" ထန်ရှုက ပြောသည်။
“ငါ ဒီကိစ္စကို လူတိုင်းနဲ့ ဆွေးနွေးပြီးပြီ။ အဲ့ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းလက်ထဲကို ငါ လွှဲပေးနိုင်မယ်ထင်တယ်။ ယွမ် ၅၀ဘီလီယံက လူအများ သတိမထားမိအောင် ငါတို့ထန်မိသားစုဝင်တွေ စုစည်းထုတ်ယူနိုင်တဲ့ ပမာဏပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အချို့မိသားစုတွေက လက်ရှိငါတို့ကို မျက်စိဒေါက်ထောက် ကြည့်နေတာမို့ ငွေသုံးတာနဲ့တစ်ပြိုင်နက် ဖုံးကွယ်ဖို့ အတော် ခက်ခဲလိမ့်မယ်။ ဒါကြောင့် မင်းကနေတဆင့် အဲ့ဒီငွေတွေကို အသုံးချတာက အသင့်တော်ဆုံး ရွေးချယ်မှုပဲ။”
"ကျွန်တော်က ပိုက်ဆံတွေ ဖြုန်းတီးပစ်မှာကို မကြောက်ဘူးလား။" ထန်ရှုက ပြုံးပြီး မေးသည်။
"မင်းကလား ... " ထန်ကောရှန့်က ပြန်မေးသည်။
"အဘိုး … စိတ်အေးအေးထားပါ။ ဘွဲ့မယူခင် ကျေနပ်လောက်တဲ့ ရလဒ်ကို ကျွန်တော် ပေးမယ်။ နောက်ပြီး ကျွန်တော်တို့ ထန်မိသားစုရဲ့ အခုအခြေအနေကိုလည်း သိချင်တယ်။ ဒီနေရာမှာ ကျွန်တော်တို့ ယုံကြည်စိတ်ချရတဲ့လူ ဘယ်လောက် ရှိနိုင်မလဲ။ ကျွန်တော် ပြောတဲ့ ယုံကြည်စိတ်ချရတယ်ဆိုတာ ထန်မိသားစုအပေါ် အကြွင်းမဲ့ သစ္စာစောင့်သိတာကို ပြောတာ။"
ထန်ကောရှန့်နှင့် ထန်ကောရှို့တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ထန်ကောရှို့က ချောင်းတစ်ချက်ဆိုးကာ ဖြေသည်။
"အရေအတွက်ကို အတိအကျ သိဖို့က အရမ်းခက်တယ်။ ဒါပေမယ့် လူ၁၀၀၀ ကျော်တော့ သေချာတယ်။"
“ကျွန်တော်တို့မှာ ရှိတဲ့ သိုင်းပညာရှင် အရေအတွက်ကရော ဘယ်လိုလဲ။ ကျွန်တော် ပြောနေတာက ကျွမ်းကျင်မှုကောင်းတွေနဲ့ လုပ်နိုင်စွမ်းတွေရှိတဲ့ အရည်အချင်းရှိတဲ့သူတွေ။” ထန်ရှုက ထပ်မေးသည်။
ထန်ကောရှို့က တခဏလောက် လေးလေးနက်နက် စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောသည်။
"ငါတို့မှာ အရည်အချင်း ရှိတဲ့သူတွေက အနည်းဆုံး ၃၀၀ နဲ့ အထက် ရှိတယ်။ သူတို့တွေကတော့ ငါတို့ ထန်မိသားစုအပေါ် အကြွင်းမဲ့သစ္စာစောင့်သိကြတယ်။ အဲ့ဒီအထဲက အချို့ကို မွေးစားခဲ့ပြီး ငယ်စဉ်ကတည်းက သိုင်းပညာလေ့ကျင့်ဖို့ ပြည်တွင်း သိုင်းသင်တန်းကျောင်းအချို့ကို စေလွှတ်ခဲ့တယ်။ အချို့ကို စစ်တပ်ထဲ စေလွှတ်လို့ ရလဒ်ကောင်းတွေ ရစေခဲ့တယ်။ ဒါပေါ့ … စစ်တပ်ထဲက ငါတို့ရဲ့အင်အားစုတွေကို မစုရုံးဘဲနဲ့ တစ်ခုခုကို ကိုင်တွယ်ချင်တယ်ဆိုရင် ငါတို့မိသားစုက လူ ၁၀,၀၀၀ ကျော်ကို ပွင့်လင်းမြင်သာစွာ စည်းရုံးနိုင်ပါသေးတယ်။”
“နောက်ပိုင်းကျရင် ထန်မိသားစုကို လုံးဝသစ္စာစောင့်သိတဲ့ ကျွမ်းကျင်သူ အယောက် ၂၀ ကို ကျွန်တော့်ဆီ စေလွှတ်ပေးပါ။ သူတို့ကို ကျွန်တော် အထူးလေ့ကျင့်ပေးမယ်။ သူတို့ အသက်ရှင်သန်ပြီး လေ့ကျင့်မှုကို ပြီးမြောက်နိုင်ခဲ့ရင် သူတို့ရဲ့ ခွန်အားက နှစ်ဆတိုးလာမယ်။” ထန်ရှုက ပြောခဲ့သည်။
"သူတို့ကို ဘယ်ကို ပို့ရမှာလဲ။" ထန်ကောရှန့်က မေးသည်။
"ကျင်းမန်ကျွန်း … ထာဝရခန်းမရဲ့ဌာနချုပ်ကိုပါ။" ထန်ရှုက ဆိုသည်။
ထန်ကောရှန့်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး သူ၏အိုမင်းသော မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ဒါဆို ငါ စောင့်ကြည့်နေပါ့မယ်။ နောက်မှ ငါ စာရင်းပြုစုပြီး မင်းလက်ထဲ အပ်လိုက်မယ်။"
တွေ့ဆုံဆွေးနွေးခြင်းသည် သုံးနာရီကြာမြင့်ခဲ့ပြီးနောက် ထန်နင်းက ထန်ကောရှို့အား အရုဏ်မတက်မီ သူ၏နေအိမ်သို့ စောင့်ကြပ်ပို့ပေးသည်။ ထန်ရှုတို့ မိသားစု ၃ယောက်မှာ ထန်မိသားစု၏ဘိုးဘွားစံအိမ်တွင် နေထိုင်ကြသည်။
နောက်တစ်နေ့မနက်တွင် ထန်ရှုသည် လီလောင်ရှန်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။ သို့သော် မြေအောက်လေလံပွဲကို နေ့လည်၂ နာရီတွင် ကျင်းပမည် ဖြစ်သောကြောင့် ထိုသူနှင့်တွေ့ဆုံရန် အလျင်စလို မလုပ်ဘဲ ပေကျင်းမြို့၏ လူစည်ကားသော နေရာများတွင် လမ်းလျှောက်သွားမည့်အစား ထန်မင်း၏အနောက်သို့ လိုက်သွားခဲ့သည်။
ထန်မင်း၏အစီအမံဖြင့် ထန်ရှု၏ကားနောက်ဖုံးအပြည့် ပစ္စည်းများ ဝယ်ယူခဲ့ပြီး အများစုမှာ ထန်ရှုအတွက် ဝယ်ယူခဲ့ခြင်းဖြစ်သည် ။
“ဒေါ်လေး … ငွေလွှဲရောက်နေပြီ။”
လမ်းများထက်တွင် လူများနှင့်ကားများသည် အဆုံးမရှိ သွားလာနေကြသည်။ အိတ်များစွာကို ကိုင်ဆောင်ထားသည့် ထန်ရှုသည် သူ၏လက်ကိုင်ဖုန်း တုန်ခါသွားသည်ကို ခံစားလိုက်ရသဖြင့် ထုတ်ကြည့်ရာ သူ၏အကောင့်ထဲသို့ ယွမ်ငွေ ဘီလီယံ ၅၀ အလွှဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထန်မင်းက ပြုံးလိုက်ပြီး
"အဲ့ဒါကို ရပြီမလား။ ဒေါ်လေး တစ်ခုခုကို သိချင်နေတယ်။ တူလေးရဲ့ဘဏ်ကတ်ထဲက နာမည်က "ဂူရှောင်ရွှဲ့" လား။ အဲ့ဒါက မိန်းကလေးနာမည် မဟုတ်လား။ သူမက ဘယ်သူလဲ။ တူလေးရဲ့ ရည်းစားလား။"
"ကျွန်တော်က သူ့ရဲ့ဆရာဘိုးဘေးပါ။" ထန်ရှုက ပြောသည်။
"ဟင် … ဘာရီး … ဆရာဘိုးဘေး…" ထန်မင်းသည် မအောင့်နိုင်ဘဲ ရယ်မောမိတော့သည်။
“ဘာပဲဖြစ်ဖြစ် ဒေါ်လေးတို့ ဒီမှာ သဘောတူညီချက်တစ်ခု လုပ်ရအောင်။ တူလေးရည်းစားရရင် ဒေါ်လေးဆီ ခေါ်လာခဲ့ပေး။ ဒေါ်လေး တစ်ချက်ကြည့်ပေးမယ်။”
ထန်ရှုက တည်ငြိမ်အေးဆေးစွာ ပြုံးပြီး ပေါ့ပေါ့ပါးပါး ကတိပေးလိုက်သည်။ ထို့နောက် လက်ကိုင်ဖုန်းကို သူ၏အိတ်ကပ်ထဲသို့ ပြန်ထည့်သည်။ ငွေလွှဲလိုက်သော ဘဏ်အကောင့်သည် အမှန်တကယ်ပင် ရှောင်ရွှဲ့၏ကတ် ဖြစ်သည်။ သူမ ပေးခဲ့သည့် ဘဏ်ကတ်ဖြစ်ပြီး သူမဆီက ပိုက်ဆံအများအပြားကို သူ ရခဲ့သည်မှာ တော်တော်ကြာခဲ့ပြီဖြစ်သည်။ ထို့ပြင် သူသည် ထိုရန်လိုသောမိသားစုများ၏ဖော်ထုတ်ခြင်းကို ခံရပါက သူတို့သည် သူနှင့်ပတ်သက်သည့်အရာအားလုံးကို သေချာစွာစုံစမ်းစစ်ဆေးမည်ဖြစ်ပြီး ဘဏ်ရှိ သူ၏ပိုင်ဆိုင်မှုများကိုလည်း ရှာဖွေနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ဤယွမ်ငွေ ဘီလီယံ ၅၀သည် အမှောင်ထဲတွင် ရှိနေရစေမည်။ ယခုအချိန်တွင် ဤဘဏ်ကတ်ထဲရှိ ငွေစုစုပေါင်းမှာ ယွမ် ၆၀ ဘီလီယံ ဖြစ်သည်။ သူ့ကိုယ်ပိုင်ငွေ ၁ ဘီလီယံနှင့် အခြား ၉ ဘီလီယံသည် ဆေးပင်စိုက်ခင်းများ တည်ထောင်ခြင်းနှင့် ပြင်းထန်သော သားရဲများ မွေးမြူခြင်းအတွက် ပြင်ဆင်ရန် ရှောင်ရွှဲ့ဆီမှ လာခြင်းဖြစ်သည်။ ထန်ရှုသည် ဤမျှကြီးမားသော ငွေကြေးပမာဏကို အလွန်အရေးကြီးသည့်အရာအဖြစ် မမြင်ခဲ့သော်လည်း သူ့အား အနည်းငယ် စိတ်ကျေနပ်စေသည်။
"ဒေါ်လေး … ကျွန်တော် သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာရှိလို့ နေ့လည်စာစားဖို့ ဒေါ်လေးကို အဖော်မလုပ်နိုင်တော့ဘူး။ ပြီးတော့ တစ်ချို့ကိစ္စတွေ ဖြေရှင်းဖို့ သူနဲ့လိုက်သွားလိုက်ဦးမယ်။"
ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
"ကဲကြည့် … မင်းမှာ လုပ်စရာရှိရင် သွားပြီး ပျော်စရာရှိတာ ပျော်ခဲ့ပါ ဟုတ်ပြီလား။" ထန်မင်း ရယ်ရင်း "ဘာပဲဖြစ်ဖြစ် တူလေး ရှန်ဟိုင်းကို မပြန်သေးခင် ဒေါ်လေးတို့ စကားပြောချိန် ရပါသေးတယ်။"
***