ကွာခြားချက်
Vol. 11 Ch. 512
နောက်မှ ရောက်လာသော လှေတွင်လည်း ဧည့်သည်၄ယောက် ပါလာသည်။ ၂ယောက်သည် သက်တော်စောင့်များဖြစ်မှန်း သူတို့၏ ဝတ်စားဆင်ယင်မှုမှတဆင့် ထင်ရှားစွာ သိနိုင်သည်။ အခြား၂ယောက်သည် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။ အမျိုးသားသည် လည်ပင်းတွင် တောက်ပသော ရွှေဆွဲကြိုးတစ်ကုံးကို ဆွဲထားသော ကတုံးတစ်ယောက် ဖြစ်ပြီး သူ၏ပြည့်ဖောင်းသော မျက်နှာထက်တွင် အပြုံးသဲ့သဲ့တစ်ခု ရှိနေသည်။ အမျိုးသမီးသည် တင့်တယ်လှပသေသပ်သော အလုပ်ဝတ်စုံအား သပ်ရပ်စွာ ဝတ်ဆင်ထားသည်။
ထန်ရှု၏အကြည့်များသည် သက်လတ်ပိုင်းကတုံးဆီသို့ အကြည့်ကျရောက်သွားပြီး တစ်ဖန် အမျိုးသမီးဆီသို့ အကြည့်ရောက်သွားပြန်သည်။ သူမနှင့် ထန်ရှုသည် နက်ရှိုင်းသော ဆက်ဆံရေးတစ်ခု ရှိသည်။
“ဝမ်တောက်ယွမ် … ပေကျင်းက မြင့်မြင့်မားမား ဆောက်လုပ်ရေးလုပ်ငန်းရဲ့ပိုင်ရှင်…”
လီလောင်ရှန်းက မျက်လုံးများ မှေးကာ အနီးသို့ ရောက်လာသော တစ်ဖက်လူအား ကြည့်လိုက်ပြီး ထန်ရှု၏လက်မောင်းအား အသာတို့ကာ တီးတိုးပြောလိုက်သည်။
ထန်ရှုသည် တစ်ဖက်အမျိုးသား မည်သူဖြစ်သည်ကို ဂရုမစိုက်သော်လည်း ဝမ်တောက်ယွမ်အနီးတွင် စုရန်နင်းသည် စမတ်ကျသော အလုပ်ဝတ်စုံဖြင့် မည်သည့်အတွက်ကြောင့် ရှိနေသည်ကို သူ ဂရုစိုက်ပေသည်။
လှေသည် နီးကပ်လာသောအခါ ဝမ်တောက်ယွမ်သည် သူ၏ရင်ဘတ်အတွင်းမှ ဆေးပြင်းလိပ်သေတ္တာ တစ်ဘူးအား ထုတ်ကာ အတွင်းမှ ဆေးပြင်းလိပ်၂လိပ်အား ထုတ်လိုက်သည်။ လှေတစ်စီး နှင့်တစ်စီး ၂မီတာသာ ကွာဝေးချိန်တွင် သူသည် တစ်လိပ်အား လီလောင်ရှန်းအား ပစ်ပေးလိုက်ပြီး တစ်လိပ်အား သူ၏ပါးစပ်တွင် ခဲကာ စုရန်နင်းအား စိုက်ကြည့်နေသည်။ သို့သော်လည်း သူ၏ အတွင်းရေးမှူးမလေးသည် သူ့အား မကြည့်ဘဲ လီလောင်ရှန်း၏အနီးမှ လူငယ်လေးအား ကြည့်နေသည်။
…သူပဲလား…
သူ မျက်မှောင်ကြုတ်သွားသည်။ ထန်ရှု မည်သူ ဖြစ်သည်ကို သူ လျင်မြန်စွာ သိသွားသောအခါ ဝမ်တောက်ယွမ်၏မျက်နှာသည် လက်ကနဲ ဖြစ်သွားသည်။ သူသည် ချက်ချင်းပင် နောက်ထပ် ဆေးပြင်းလိပ်တစ်လိပ်အား ထုတ်ကာ ထန်ရှုအား ထုတ်ပေးလိုက်ရင်း
“ညီအစ်ကိုလီ … နတ်ဆေးသမားတော်ထန်နဲ့ ရင်းနှီးနေလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး။ ငါ ကြမ်းတမ်းတဲ့ လူတစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် နတ်ဆေးသမားတော်ထန်ရဲ့ ကျော်ကြားတဲ့ နာမည်က ငါ့နားနဲ့ မဆန့်အောင်ပါပဲ။”
ဆေးပြင်းလိပ်ကို ယူရန် သူ၏လက်ကို ဆန့်တန်းလိုက်ပြီး ထန်ရှုက ဝမ်တောက်ယွမ်ကို ခေါင်းအသာညိတ်ကာ တုန့်ပြန်လိုက်သည်။ စုရန်နင်းအပေါ် သူ၏အကြည့်ရောက်သွားပြီးနောက် သူက မထူးခြားသော လေသံဖြင့် ပြောလိုက်သည်။
"မင်း အပြင်မှာ လုပ်ချင်တာတွေ အားရအောင် လုပ်ပြီးသွားပြီဆိုရင် အခု အိမ်ပြန်လိုက်ပါ။ ကြယ်တာရာက မင်းတို့ အိမ်သော့ကို ငါ သိမ်းပေးထားတယ်။"
စုရန်နင်း၏မျက်ဝန်းများထဲတွင် မုန်းတီးရန်လိုသော အရိပ်အယောင်များ ပျံ့ နှံ့သွားပြီး ချက်ချင်း ဒေါသတကြီး အော်ပြောလိုက်သည်။
"ငါတို့စုမိသားစုကို နင် သနားနေစရာ မလိုဘူး။ အနိုင်ရသူက အမြဲတမ်း ဘုရင် ဖြစ်ပြီး ရှုံးတဲ့သူက ဓားပြဖြစ်မှာပဲ။ အဲ့ဒီအိမ်ကို နင် ပိုင်တယ် … ငါတို့ ပိုင်တာမဟုတ်ဘူး။"
"မင်းရဲ့မျိုးရိုးနာမည်က စုဆိုတာကို မင်း သိသေးတယ်မလား။ မင်းရဲ့ဘိုးဘွားတွေကို မမေ့သေးဘူးဆိုရင် အဖွားကို စုရွာမှာ အချိန်ရရင် သွားကြည့်ဦး။ ရှန့်ဖေးက ဒီတလော အကျင့်စရိုက်တွေ အတော်ကောင်းလာခဲ့တယ် … အနည်းဆုံးတော့ သားသမီးဝတ် မြေးဝတ်တွေက ဘာဆိုတာ သူ နားလည်သွားပြီ။” ထန်ရှုက အေးစက်စက် ပြန်ဖြေသည်။
"သားသမီးဝတ် မြေးဝတ်ကို ငါ နားလည်တာ မလည်တာ နင့်အပူပါလား။" စုရန်နင်းက ဒေါသတကြီး ပြန်ပက်သည်။
ထန်ရှုက စိတ်တွင်းက သက်ပြင်းတစ်ချက်ချလိုက်ကာ သူတို့အား ထူးဆန်းသော အမူအရာဖြင့် ကြည့်နေသော လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်ကို လှည့်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ခင်ဗျားတို့နှစ်ယောက်ကို ပြောရဦးမယ်။ မထင်မှတ်ထားတဲ့အရာတွေက အချိန်မရွေး ဖြစ်နိုင်သလို ကံဆိုးမှုတွေနဲ့ ပျော်ရွှင်မှုတွေက မနက်ပိုင်း ဒါမှမဟုတ် ညနေခင်းမှာ တစ်ယောက်ယောက်ဆီ ရောက်လာတတ်တယ်။ ဘဝဆိုတာ လူတိုင်းအတွက် ဘယ်တုန်းကမှ မလွယ်ကူခဲ့ပေမဲ့ ရန်ငြိုးတရားကို ခင်မင်ရင်းနှီးစွာ မဖြေရှင်းနိုင်ရင် အဆုံးသတ်သွားတော့ မှာ မဟုတ်ဘူး။ ဒီနေ့ ခင်ဗျားတို့၂ယောက် လိုချင်တာကို ဘယ်လိုပဲ ရအောင်ယူပါစေ နောင်အနာဂတ်မှာ နှစ်ယောက်အတူ ငြိမ်းငြိမ်းချမ်းချမ်း ရှိလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ ဒီလေလံပွဲ ပြီးသွားရင် ခင်ဗျားတို့နှစ်ယောက်ကို ညစာစားဖို့ ဖိတ်ခေါ်ပါတယ်။ ၂ယောက်လုံး လက်ခံလိမ့်မယ်လို့ ယုံကြည်ပါတယ်။”
ထန်ရှု သည်စကားများ ပြောနေရသည့် အကြောင်းရင်းအား လီလောင်ရှန်း ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။ ထိုအကြောင်းရင်းသည် သံမဏိထုတ်ကုန်ပစ္စည်းတွေကြောင့် ဖြစ်နိုင်ပေသည်။ သူ ညင်သာစွာ ခေါင်းညိတ်ပြပြီး ဝမ်တောက်ယွမ်အား တစ်ချက် ကြည့်လိုက်သည်။
ဝမ်တောက်ယွမ်က သူ၏မျက်လုံးများကို မှေးစင်းထားကာ အပြုံးဖြင့်
"နတ်ဆေးသမားတော်ထန်ကိုယ်တိုင် ပြောတာဆိုတော့ ငါ မငြင်းတာ သဘာဝကျပါတယ်။ ဒါပေမယ့် ပေကျင်းက ဒေသခံပီပီ ငါက ဒီည အိမ်ရှင် ဖြစ်ရမယ်။"
"မဟုတ်ဘူး။ ဒီညပွဲက ကျွန်တော့်အတွက်ပဲ ဖြစ်ရမယ်။ အသေးအဖွဲ ပဋိပက္ခတွေကို အစကနေ ကူညီဖြေရှင်းပေးနေတာလို့ သဘောထားပေးပါ။ ခင်ဗျား စိတ်ချနိုင်ပါတယ်။ ထန်မိသားစုဝင်တစ်ယောက်အနေနဲ့ ကျွန်တော် ကျွေးနိုင်ပါသေးတယ်။"
…ထန်မိသားစုဝင်တစ်ဦးလား။…
ဝမ်တောက်ယွမ် အံ့အားသင့်သွားသည်။ သူ၏မျက်လုံးများ အရောင်လက်သွားကာ လုံးဝန်းသော ခန္ဓာကိုယ်သည်ပင် ချက်ချင်း ဖြောင့်တန်းသွားသည့်နှယ်။
“ညီအစ်ကိုထန်က ကျွေးမယ်ဆိုမှတော့ ငါ ခက်ခက်ခဲခဲ ရထားတဲ့ နတ်ဘုရားဝတ်ရည်ဝိုင်ကို သေချာပေါက် ယူလာခဲ့မယ်။"
လီလောင်ရှန်း၏ မျက်နှာထက်တွင် ရယ်ချင်လိုသော အရိပ်အယောင် ထင်ဟပ်သွားရပြီး
"ညီအစ်ကိုတောက်ယွမ် … ညီအစ်ကိုထန်က ငါတို့ကို ကျွေးမယ်ဆိုမှတော့ ငါတို့ကို နတ်ဘုရားဝတ်ရည်ဝိုင်နဲ့ ဧည့်ခံတာလည်း သူပဲ ဖြစ်သင့်တယ်။ နောက်ပြီး မင်းမှာ ပုလင်း ဘယ်လောက်ပဲရှိရှိ သူ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။"
ဝမ်တောက်ယွမ် အံ့အားသင့်သွားကာ
“ညီအစ်ကိုထန်က သူရဲ့လူမှုကွန်ရက်နဲ့ ရင်းနှီးမှုကနေ နတ်ဘုရားဝတ်ရည်ဝိုင်တွေကို ရနိုင်တာလား။”
စုရန်နင်းသည် လက်ရှိတွင် ဝမ်တောက်ယွမ်၏ဘေးတွင် ဒေါသကြောင့် နီရဲနေသော မျက်လုံးများဖြင့် ထိုင်နေသော်လည်း ထိုစကားအား ကြားသောအခါ "သူဌေး … သူက ခမ်းနားသော ထန်လုပ်ငန်းစုရဲ့ ပိုင်ရှင်ပါ။" တီးတိုးပြောလိုက်သည်။
"ဘာ…" ဝမ်တောက်ယွမ်၏အမူအရာ ပြောင်းသွားပြီး ထန်ရှုအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေသည်။
သူ၏ထက်ရှသော နားထောင်နိုင်စွမ်းဖြင့် ထန်ရှုသည် စုရန်နင်း၏စကားများကို အလွယ်တကူ ကြားနိုင်သောကြောင့်
"ဟုတ်ပါတယ် … ကျွန်တော်က ခမ်းနားသောထန် လုပ်ငန်းစုရဲ့ သူဌေးပါ။"
အံ့သြတုန်လှုပ်နေသော ဝမ်တောက်ယွမ်သည် သူ့အား သေသေချာချာ အကဲခတ်နေပြီးနောက် သက်ပြင်းချရင်း
“အရည်အချင်း ရှိတဲ့လူတွေက လူကြီးတွေကို အစားထိုးဝင်လာလိမ့်မယ်။ ဒီလို ထူးချွန်သူတွေက ဆယ်စုနှစ်တိုင်း အမြဲထွက်ပေါ်စမြဲပါပဲ။ ညီအစ်ကိုထန်က ငယ်ရွယ်သေးတယ်ဆိုပေမယ့် ဒီလိုတောက်ပတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရှိနှင့်နေပြီးသား။ ဒီလိုဖြစ်ဖို့ဆိုတာ တကယ်ဆို လွယ်ကူတဲ့အရာ မဟုတ်ဘူးလေ။ ကောင်းပြီ … ဒီလိုဆိုမှတော့ ငါ မျက်နှာအရေထူစွာနဲ့ပဲ ဒီည ညီအစ်ကိုထန်တိုက်တာကို သောက်ရတော့မယ်။ နောက်ပြီး ညီအစ်ကိုလီရဲ့သံမဏိပစ္စည်းတွေကလည်း မနက်ဖြန်မနက် ပြန်ရောက်လာလိမ့်မယ်။”
သူ၏တုံ့ပြန်မှုကြောင့် ထန်ရှု၏မျက်နှာထက်တွင် အပြုံးသဲ့သဲ့တစ်ခု ပေါ်ထွက်လာသည်။
လီလောင်ရှန်းကမူ လက်နှစ်ဘက်စုကာ အပြုံးဖြင့်
“ညီအစ်ကိုဝမ် … ငါတို့တွေက စီးပွားရေးလိုင်းက အတူတူပါ။ နောက်ဆို ငါတို့တွေ ပိုမိုနီးစပ်ပြီး အတူလက်တွဲ လုပ်ကိုင်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။”
“သေချာတာပေါ့။” ဝမ်တောက်ယွမ်က အပြုံးဖြင့် ပြောလိုက်သည်။
ထိုသို့ ပြောပြီးနောက် သူ၏ငယ်ရွယ်သော အတွင်းရေးမှူးမလေးသည် ထန်ရှုနှင့် မည်သို့ ဆက်နွယ်မှု ရှိနေသည်ကို တိတ်တဆိတ် စဉ်းစားနေပေသည်။
ဉာဏ်ကောင်းသူတစ်ယောက်ပီပီ ထန်ရှုသည် ဝမ်တောက်ယွမ်၏စိတ်ထဲ မည်သည့်အတွေး ရှိနေသည်ကို သူ၏အမူအရာကို ကြည့်ပြီး ခန့်မှန်းနိုင်ပေသည်။ ထို့ကြောင့် သူက ခပ်ဖွဖွ ပြုံးလိုက်ပြီး
“အစ်ကိုဝမ် … ကျွန်တော့်ရဲ့ ခံစားချက်မဲ့တဲ့အစ်မက အစ်ကိုဝမ်ရဲ့ကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆိုတော့ သူမကို ဂရုစိုက်ပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်ဗျ။ တကယ်လို့ အစ်မက ကောင်းကောင်း မလုပ်နိုင်ဘူးဆိုရင် ကျွန်တော့်မျက်နှာကို မထောက်ဘဲ အလုပ်ထုတ်ပစ်လို့ရပါတယ်။ ကျွန်တော် သူမအတွက် တစ်ချို့အရာတွေ စီစဉ်ထားပြီးသားပါ။”
“ကိုယ့်အလုပ်ကိုယ်လုပ်စမ်းပါ။” စုရန်နင်းက ထန်ရှုအား ဒေါသတကြီး ပြောလိုက်သည်။
ဝမ်တောက်ယွမ်၏စိတ်ထဲတွင် အထိတ်တလန့် ဖြစ်သွားရသည်။ ချက်ချင်း သူ ပြုံးလိုက်ပြီး လက်သီးစုကာ ပြောလိုက်သည်။
“စိတ်ချပါ ညီအစ်ကိုထန်။ သူမ ငါ့ကုမ္ပဏီမှာ အလုပ်လုပ်နေသရွေ့ သေချာပေါက် ငါ သူ့ကို ကောင်းကောင်း ဆက်ဆံပေးမှာပါ။”
ငယ်ရွယ်ချောမောပြီး အလုပ်ကြိုးစားကာ အရည်အချင်းရှိသော သူ၏ထိုအတွင်းရေးမှူးမလေးအား မူလက ဝမ်တောက်ယွမ်သည် အတော် စိတ်ဝင်စားနေခဲ့ပြီး အချိန်ကာလတစ်ခုရောက်ပါက အိပ်ရာထက်တွင် ဆွဲစားရန် အစီအစဉ်ရှိနေခဲ့သည်။ သို့သော် ဒီနေ့တွင် သူမနှင့်ထန်ရှုတို့၏ ပတ်သက်မှုကို သိလိုက်ရပြီးနောက် သူ၏စိတ်ကူးအား စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။ ထန်ရှုသည် ကြယ်တာရာ တရုတ်တိုင်းရင်းဆေးရုံမှ နတ်ဆေးသမားတော်တစ်ယောက် သို့မဟုတ် ခမ်းနားသော ထန်၏သူဌေးတစ်ယောက်မျှသာ ဖြစ်ပါက သူ ကြောက်နေလိမ့်မည်မဟုတ်ပေ။ သို့သော် ထန်ရှု၏အခြားပုံရိပ်တစ်ခုမှာ သူ မည်သည့်အခါမျှ မပြစ်မှားဝံ့သော ပေကျင်း၏ထန်မိသားစုမှ လူတစ်ယောက် ဖြစ်နေပေသည်။
စုရန်နင်းသည်လည်း ထန်ရှုနှင့် ဝမ်တောက်ယွမ်တို့အား တလှည့်စီကြည့်နေရင်း သူမ၏စိတ်ထဲတွင် ခါးသီးစွာ ခံစားနေရသည်။ သူမ၏လုံ့လဝီရိယနှင့် အရည်အချင်းဖြင့် သည်ဆောက်လုပ်ရေးကုမ္ပဏီတွင် သေချာပေါက် ကောင်းမွန်သောလစာအပြင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်ကို ရရှိလိမ့်မည်ဟု မူလက သူမ တွေးထားခဲ့သည်။ အနာဂတ်တွင် သည်လုပ်ငန်းမှ ထွက်ခွာလာခဲ့ရင်တောင် သူမတို့ စုမိသားစု၏အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည်ရနိုင်စေမည့် ငွေအမြောက်အမြားနှင့် အာဏာရင်းမြစ်အား သူမ ပိုင်ဆိုင်ထားနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်ပါက သူမသည် ထန်ရှု၏အရှေ့တွင် ခေါင်းမော့ရင်ကော့ကာ သူမတို့စုမိသားစုသည် အလွယ်တကူ အနိုင်ကျင့်လို့မရကြောင်း သူ့အား နားလည်သွားအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ သူမ၏မိဘ၂ပါးအပေါ် သူ လုပ်ခဲ့သည်များအတွက် နောင်တရအောင် သူမ လုပ်နိုင်ပေတော့မည်။
သို့သော်လည်း သူမသည် မည်သို့ပင် ဖြစ်စေကာမူ ထန်ရှုနှင့် ပြိုင်ဘက်မဟုတ်ကြောင်း ယခုအချိန်တွင် နားလည်ခဲ့ရချေပြီ။ သူမ သေလုမျောပါး အစွမ်းကုန် ကြိုးစားအားထုတ်ပါလျှင်ပင် သူမ အောင်မြင်ရန် မဖြစ်နိုင်သော မမှီနိုင်သော အမြင့်တွင် ထန်ရှုက ရှိနေခဲ့သည်။ အရိုးများတွင် မာနတရားဖြင့် ပြည့်နေသော သူမ၏သူဌေးကပင် ထန်ရှုအား ကပ်ဖားရပ်ဖား ဖြစ်နေခဲ့ပေသည်။
…မဖြစ်ဘူး… ငါ ဘယ်တော့မှ အရှုံးမပေးဘူး…
စုရန်နင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ထန်ရှုအား အေးစက်စက်အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးမှ အကြည့်လွှဲသွားတော့သည်။
ထိုအချိန်တွင် မြစ်လယ်ရှိ လေလံစင်မြင့်ထက်တွင် စီတန်းထားသော စင်အနီးတွင် ရှိနေပြီး လှပသော အမျိုးသမီးတစ်ဦးက သူမအား ခေါင်းညိတ်ပြပြီးနောက် အိုးရန်လူလူသည် မိုက်ခရိုဖုန်း ကောက်ယူကာ ဘေးပတ်လည်အား ကြည့်ရင်း နွေးထွေးသော အပြုံးဖြင့်
“ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား အမျိုးသမီးတို့အား မဂ်လာပါလို့ နှုတ်ခွန်းဆက်ရင်း ၁၈၁ကြိမ်မြောက် မြို့တော်လေလံပွဲမှာ ပါဝင်ကြတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောပါရစေရှင်။ ဒီလေလံပွဲကို ကျင်းပပေးဖို့ စစ်ထူမိသားစုမှ ဖိတ်ကြားခံရတဲ့အတွက် ကျွန်မ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စကားမစပ် … ကျွန်မကတော့ ကျင်းမန်ကျွန်းမှ အများသိကြတဲ့ အိုးရန်လူလူပါ။
“ဒီလေလံပွဲစဖို့ အချိန်ကျရောက်နေပြီဆိုတာ ကျွန်မ သိပါတယ်။ ဒီနေ့ ဒီကိုရောက်လာတဲ့သူတိုင်းက ဂုဏ်သရေရှိရှိ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မ သိပါတယ်။ ဒီလေလံပွဲမှာ ရှင်တို့ လိုချင်တဲ့အရာကို ဝယ်ယူနိုင်မှာပါ။ ဒါကြောင့် နောက်ထပ် အချိန်မဆွဲတော့ဘဲ ၁၈၁ကြိမ်မြောက် မြို့တော်လေလံပွဲကို အခု စတင်ပြီ ဖြစ်ကြောင်း ကျွန်မ ကြေငြာလိုက်ပါရစေရှင်။”
“ဒီနေ့အတွက် ပထမဆုံးလေလံတင်မယ့်ပစ္စည်းက ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံး ဖြစ်ပါတယ်ရှင့်။ ချင်မင်းဆက်ကာလအတွင်းမှာ ဒီကျောက်စိမ်းတံဆိပ်တုံးက အမြင့်ဆုံးအာဏာရဲ့ အမှတ်အသားတစ်ခု ဖြစ်သလို တရုတ်နိုင်ငံရတနာများနဲ့ နှိုင်းယှဉ်နိုင်တဲ့ အဖိုးတန်ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ ကြမ်းခင်းဈေးက ၁၀၀မီလီယံ ဖြစ်ပြီးတော့ တစ်ကြိမ်တိုးတိုင်း ၁မီလီယံ ဖြစ်ရပါမယ်။ ကဲ လေလံပွဲကို စလိုက်ကြရအောင်။”
အိုးရန်လူလူ၏အသံ တိတ်သွားသည်နှင့် လှေပေါ် မှ ရာနှင့်ချီသော လူများ တုန်လှုပ်သွားကြသည်။ ပထမဆုံး လေလံပစ္စည်းသည် တရုတ်နိုင်ငံ ချင်အင်ပါယာ၏ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံး ဖြစ်လိမ့်မည်ဟု သူတို့ မထင်ထားမိကြပေ။
ယေဘုယျအားဖြင့် လေလံပွဲတစ်ခုတွင် ပထမဆုံး လေလံတင်သည့်အရာသည် အများအားဖြင့် သင့်တင့်လျောက်ပတ်သော ပစ္စည်းတစ်ခု ဖြစ်ပြီး ထိပ်သီးနောက်ဆုံးပွဲကို များသောအားဖြင့် နောက်ဆုံးပစ္စည်းသုံးမျိုး သို့မဟုတ် နောက်ဆုံးပစ္စည်းတစ်ခုတွင် ထားရှိလေ့ရှိကြောင်း သတိပြုရမည်ဖြစ်သည်။
ချင်အင်ပါယာ၏ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးထက် အဖိုးတန်သောအရာများ ရှိနိုင်ပါသေးသည်လော။
"၁၀၁ မီလီယံ…"
"၁၀၂ မီလီယံ…"
"၁၀၅ မီလီယံ…"
အမှန်တကယ်ပင် ဤမြို့တော်လေလံပွဲတွင် ပါဝင်ရန် အရည်အချင်းပြည့်မီသော ဧည့်သည်များ အားလုံးသည် ဂုဏ်ပုဒ်အထောက်အထားနှင့် ကြွယ်ဝချမ်းသာသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်ဟု လီလောင်ရှန်းထံမှ ထန်ရှု ကြားသိရပြီး ဤပွဲကို တက်ရောက်ရန် အရည်အချင်း ပြည့်သူများသည် ယခင်တက်ဖူးသော လူများ အနည်းဆုံး နှစ်ဦးမှ ထောက်ခံပေးရမည် ဖြစ်သည်။ ထိုတက်ရောက်မည့်သူများသည် ယွမ် ၁ ဘီလီယံကျော် ချမ်းသာကြွယ်ဝမှု ရှိရမည် ဖြစ်ပြီး တစ်ဦးစီက သူတို့ နှင့် လိုက်ပါဖို့ လူ ၃ ယောက်သာ ခေါ်ဆောင်သွားနိုင်သည်။ ထိုအကြောင်းပြချက်ကြောင့် ချင်အင်ပါယာ၏ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးအား လေလံတင် ရောင်းချခဲ့ရာတွင် လူအများစုကို မျက်စိကျစေခဲ့ပြီး လေလံဈေးနှုန်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ထန်ရှု ခေါင်းယမ်းလိုက်မိသည်။ သူသည် ချင်အင်ပါယာ၏ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးကို သိပ်စိတ်မဝင်စားပါ။ ဤလေလံပွဲသို့ သူ လာရခြင်း၏ ရည်ရွယ်ချက်မှာ လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်၏ ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တစ်ချိန်တည်းတွင် လီလောင်ရှန်း၏ယုချန်ဓားအား လုယူခြင်းမှ ကာကွယ်ပေးရန် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ထန်ရှု ခွဲခြားသိမြင်လိုသော အရာတစ်ခု ရှိသေးသည်။ ချင်အင်ပါယာ၏ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးအတွက် ကြမ်းခင်းဈေးအား ယွမ်မီလီယံ ၁၀၀ သတ်မှတ်ထားရသည့် ထူးခြားချက်မှာ ဘယ်အရာ ဖြစ်ပါသနည်း။ သူ၏အကြည့်သည် အနောက်သို့ ကျော်လွန်ကာ ရောက်သွားသည်။ တံဆိပ်တုံးသည် ကြေးဝါဖြင့် ပြုလုပ်ထားသည်ကို သူ တွေ့ရသောအခါ လူတို့၏အတွေး မည်မျှထူးဆန်းသည်ကို သူ၏စိတ်တွင်းတွင် မတွေးတတ်လောက်အောင် ရှိသည်။
လောကကြီးသည် ဖရိုဖရဲဖြစ်သည်ဖြစ်စေ၊ ကြီးပွားတိုးတက်သည်ဖြစ်စေ လူတို့သည် ပစ္စည်းများကို စုဆောင်းတတ်သည့်တိုင် ထိုအရာများက သူတို့အား ကူညီပေးနိုင်မည် မဟုတ်ချေ။ သို့သော် ရွှေထောင်ပေါင်းများစွာကို လောင်းကစားသလိုမျိုး တစ်ချက်တည်း ပုံအောလိုက်သည်က လုံးဝကို အထူးအဆန်းပင်။ ထိုအရာသည် ပိုက်ဆံကို ရိုးရှင်းစွာ လွှင့်ပစ်လိုက်သည်နှင့် အလားတူပေတော့သည်။
“ဟင်…”
ထန်ရှုသည် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီတစ်ခုအား ရုတ်တရက် ခံစားမိရသဖြင့် ရုတ်ခြည်းပင် မျက်မှောင်ကြုပ်သွားသည်။ ယခုခဏလေးအတွင်းမှာပင် ပိုမိုများပြားလာကာ တစ်နေရာရာမှ ထွက်လာသည့်ဟန်ရှိသော အလွန်ထူးခြားသော အော်ရာတစ်ခု၏ အတက်အကျ ပြောင်းလဲမှုတစ်ခုလည်း ရှိနေသည်။
…ဒါ ဘာဖြစ်တာလဲ…
သူ လှည့်ပတ်ကြည့်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထူးထူးခြားခြား မတွေ့ရပါပေ။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်းထုတ်လွှတ်လိုက်ကာ မီတာ ၂၀၀ပတ်လည်ကို လွှမ်းခြုံလိုက်သည်။ နှစ်စက္ကန့်ကြာသော် ထန်ရှုသည် အိုးရန်လူလူရှေ့ရှိ ချင်အင်ပါယာ၏ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးဆီသို့ ဖြည်းဖြည်းချင်း မြင့်တက်လာသော ကောင်းကင်နှင့်မြေကြီး၏ လွင့်မျောနေသော စိတ်ဝိညာဉ်ချီကို သတိပြုမိသွားသည်။
…ချင်အင်ပါယာ၏ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံး...
ထန်ရှု တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချင်အင်ပါယာဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးအား သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ချက်ချင်းဖုံးအုပ်လိုက်ပြီး ၎င်း၏အတွင်းပိုင်းကို ဖြည်းညှင်းစွာ ထိုးဖောက်ရန် ကြိုးစားလိုက်သည်။
***