ဖီးနစ်ကိုးကောင်ဆံထိုး
Vol. 11 Ch. 514
လေလံပွဲသည် အလွန်ဖြည်းညှင်းစွာ ဆက်လက်ပြသနေပြီး လေလံတင်ထားသော ပစ္စည်းများကို လူအများအပြားက ရှာဖွေခဲ့ကြသည်။ ထန်ရှုအနေဖြင့် ထိုပွဲများတွင် ဝင်မပါတော့ဘဲ ချင်အင်ပါယာ၏ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးအား လက်ထဲတွင် အသာကစားနေရင်း လီလောင်ရှန်း၏ အနားတွင် ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ ကြေးဝါဖြင့် ပြုလုပ်ထားသော သာမန်ပုံစံတံဆိပ်တုံးတစ်ခုတွင် ထိုကဲ့သို့ ကံကြမ္မာနှင့် ကံကြမ္မာ၏စွမ်းအား ပမာဏများစွာ ပါရှိသော နေရာတစ်ခု မည်သည့်အကြောင်းကြောင့် ရှိနေရသည်ကို ထန်ရှု နားမလည်နိုင်ပါချေ။
မည်သို့ပင်ဆိုစေကာမူ သူ နားမလည်နိုင်သော်လည်း ထိုအရာအတွက် လွန်မင်းစွာ စိတ်မပူပေ။ တံဆိပ်တုံးနှင့် ဆော့ကစားနေရင်း စုရန်နင်းကိုလည်း အချိန်တိုင်း အကဲခတ်နေသည်။ စုရန်နင်းသည် သူ သဘောမကျသော လူတစ်ယောက်ဖြစ်သော်လည်း သူမသည် သူ၏အစ်မဝမ်းကွဲ ဖြစ်နေသေးသည့်အတွက် သူမ၏မောင်လို အမှားများအတွက် နောင်တရ ပြင်ဆင်နိုင်ပါက သူ့အမေအတွက် အလွန်ကောင်းမွန်ပြီး အံ့သြဝမ်းသာစရာ ဖြစ်လာပေမည်။
သုံးနာရီခွဲ ကြာပြီးနောက် အချိန်သည် ညနေ ၅နာရီခွဲပင် ရှိနေပြီဖြစ်ပြီး လေလံပွဲသည်လည်း ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ချေပြီ။
သူတို့၂ယောက်၏ကိစ္စတွင် ထန်ရှု ပါဝင်ပတ်သက်နေသောကြောင့် လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်တို့သည် သူတို့၏ဓားများကို လေလံတင်ရောင်းချခြင်း မပြုလုပ်ကြတော့ပေ။ စစ်ထူမိသားစုအား ထိုအတွက် ဒဏ်ကြေးငွေ ပေးဆောင်ပြီးနောက်တွင် သူတို့၏အဖိုးတန်ဓားနှစ်ချောင်းကို ပြန်လည်ရယူခဲ့သည်။
မြစ်လယ်ရှိ စင်မြင့်ထက်တွင် အိုးရန်လူလူသည် အလွန် စိတ်အခြေအနေကောင်းနေသောပုံ ဖြစ်ဟန်ရသည်။
ယခုတစ်ကြိမ် လေလံတင်ရောင်းချသည့် ပစ္စည်းမှာ မင်မင်းဆက်၏ တော်ဝင်မီးဖိုဆောင်မှ လောင်ကျွမ်းနေသော ဖြူပြာရောင် ကြွေပန်းအိုးတစ်လုံး ဖြစ်သည်။ သူမက မိုက်ခရိုဖုန်းကို ကိုင်ထားရင်း
"အိုး … အချိန်တွေကုန်တာ မြန်လိုက်တာ။ မကြာခင် နောက်ဆုံးပွဲကို ရောက်တော့မယ်လို့တောင် ထင်မထားမိဘူး။ နောက်လာမယ့်တစ်ခုကတော့ နောက်ဆုံးပစ္စည်း၃မျိုးပါ။ အဲ့ဒီ၃မျိုးက ရှားပါးရတနာတွေလို့ ကျွန်မ ယုံကြည်ထားပြီးတော့ အဲ့ဒါတွေကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူ့ဆီကိုမဆို ကံကြမ္မာကောင်းကို သယ်ဆောင်ပေးပါလိမ့်မယ်။”
“နောက်ထပ် လေလံတင်ရောင်းချမယ့် ပစ္စည်းကတော့ အရည်အသွေးကောင်း အထူးပစ္စည်းနဲ့ ပြုလုပ်တန်ဆာဆင်ထားတဲ့ ဆံထိုးတစ်ခုပါ။ အဲ့ဒီအပေါ်ထွင်းထုထားတဲ့လက်ရာအရ 'ဖီးနစ်ကိုးကောင်ဆံထိုး' လို့ ခေါ်ပါတယ်။ ဒီဆံထိုးက အရမ်းထူးခြားသလို အလွန်မှော်ဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်လို့ ဖော်ပြထားတယ်ဆိုရင် ချဲ့ကားတာမဟုတ်ပါဘူး။ ကျွန်မ လူတိုင်းကို ရှင်းပြပါရစေ။ ပထမဦးစွာ ဒီနေရာမှာ လေလံတင်ရောင်းချဖို့ အပ်နှင်းတဲ့ ပစ္စည်းပိုင်ရှင်တောင် အဲ့ဒီပစ္စည်းကို လေဆာနဲ့ ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပေမယ့် ခြစ်ရာသေးသေးလေးတောင် မထင်ခဲ့ပါဘူး။
"ဒုတိယအနေနဲ့ ဝတ်ဆင်ထားသူဟာ မှော်ဆန်တဲ့ အကျိုးသက်ရောက်မှုကို ခံစားရနိုင်ပါတယ်။ အဲ့ဒီဆံထိုးကို ဝတ်ဆင်ထားရင် နွေရာသီမှာ အေးမြပြီး ဆောင်းရာသီမှာ နွေးထွေးမှုကို ခံစားနိုင်မယ်ဆို ရှင်တို့ ယုံနိုင်ပါ့မလား။ တန်ဆာဆင်ထားတဲ့ ဆံထိုး ဆိုတာကလွဲပြီး ဘာမှ မဟုတ်တဲ့အရာလေးလို့ ထင်မြင်စရာရှိပေမယ့် ဝတ်ဆင်သူကို ပူပြင်းတဲ့ နွေရာသီမှာ အေးမြစေပြီး အေးမြတဲ့ ဆောင်းရာသီမှာ ထူးထူးခြားခြား သက်တောင့်သက်သာ နွေးထွေးရစေပါတယ်။”
ထိုနေရာသို့အရောက်တွင် အိုးရန်လူလူက စကားကို ခေတ္တရပ်တန့်လိုက်ပြီးတွင် သူမ၏ မျက်လုံးဝိုင်းဝိုင်းများနှင့်အကဲခတ်လိုက်ရာ ဧည့်သည်များ၏ မျက်နှာထက်တွင် မယုံကြည်နိုင်ဟန်ဖြစ်နေသော အမူအရာအား သတိပြုမိခဲ့သည်။ ထို့နောက် သူမက အသံကျယ်လောင်စွာဖြင့်
"ကျွန်မ ရှင်တို့ကို ပြောခဲ့သမျှအားလုံး မှန်ပါတယ်။ ကျွန်မ ဒီ့အရင်က ဖီးနစ်ကိုးကောင်ဆံထိုးကို ဝတ်ဆင်ကြည့်ခဲ့တယ်။ အဲ့ဒါက ကျွန်မကို အရမ်းသက်တောင့်သက်သာ ဖြစ်စေတယ်။ နောက်ပြီး စစ်ထူမိသားစုရဲ့ ယုံကြည်ကိုးစားမှုနဲ့ နာမည်ဂုဏ်သတင်းက မေးခွန်းထုတ်စရာ မလိုပါဘူး။
“ဒါကြောင့် နောက်ထပ် ဇဝဇေဝါ မဖြစ်ဘဲ ဒီပစ္စည်းကို ကြမ်းခင်းဈေး ၂၀မီလီယံနဲ့ လေလံစတင်ပြီး လေလံတစ်ခုစီအတွက် ၁မီလီယံထက်မနည်း တိုးဖို့အတွက် ကြေညာပါတယ်။”
ထိုသို့ပြောပြီးနောက် သူမသည် စင်မြင့်အောက်ရှိ လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။
"၂၀မီလီယံ…"
"၂၁ မီလီယံ…"
လှေပေါ်တွင် ရှိနေသော ထန်ရှုသည် အိုးရန်လူလူဆီမှ ဖီးနစ်ကိုးကောင်ဆံထိုးအကြောင်းကို ကြားပြီးနောက် သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားသည်။ သူ၏အကြည့်သည် ဆံထိုးပေါ်တွင် တည်ရှိနေပြီး ရုတ်ခြည်းပင် မတ်တတ်ရပ်မိသည်။ သူ၏လုပ်ရပ်သည် လူအများ၏အာရုံကို ဖမ်းစားသွားသော်လည်း လေလံပွဲတွင် သူတို့၏အာရုံအား စူးစိုက်နေကြဆဲ ဖြစ်သည်။
“မီလီယံ ၁၀၀…” ထန်ရှုက လေးနက်စွာ အော်လိုက်သည်။
ချက်ခြင်းပင် လေလံပွဲတွင် ပါဝင်နေသည့် ချမ်းသာသော အမျိုးသမီး နှစ်ယောက်သည် အနည်းငယ် အမူအရာ ပျက်သွားကာ စိတ်ဆိုးသွားရသည်။
ယန်းလန်သည် ပိုင်ဆိုင်မှု ၁၀ဘီလီယံနီးပါးရှိသော အပြာရောင်ဥယျာဉ်အုပ်စု၏ သူဌေးတစ်ဦးဖြစ်ပြီး သူမ၏အမည်အောက်တွင် စီးပွားရေးလုပ်ငန်း အများအပြားကိုလည်း ပိုင်ဆိုင်ထားသည်။သူမ၏ ကြွယ်ဝမှုသည် တရုတ်နိုင်ငံတွင် ဒုတိယတန်းစား သြဇာကြီးပြီး ချမ်းသာကြွယ်ဝသူများအဆင့်သို့ ရောက်ရှိနေပြီဟု ဆိုနိုင်သည်။ အရေးကြီးဆုံးအချက်မှာ ယခုနှစ်တွင် သူမသည် အသက် ၄၀ အရွယ်သာ ရှိသေးပြီး သူမ၏ ကြွယ်ဝမှုအားလုံးသည် ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ဖီးနစ်ကိုးကောင်ဆံထိုးကို သူမ မြင်ပြီးနောက်တွင် ပြိုးပြိုးပြက်ပြက်လက်ကာ ရွှေရောင်တောက်နေသော ဆံထိုးသည် သူမအား အလွန်ဆွဲဆောင်နိုင်ပေသည်။ ထို့ကြောင့် ဘတ်ဂျက်ပိုသုံးရလျှင်ပင် ဝယ်ယူရန် စွဲလန်းခဲ့ရသည်။ တစ်စုံတစ်ယောက်သည် သူမ၏အကြံအစည်ကို နှောက်ယှက်လိမ့်မည်ဟု မထင်မှတ်ခဲ့ပဲ ထိုသို့ပြုလုပ်လိုက်သူသည် မထင်မှတ်ပဲ နာမည်ကြီး နတ်ဆေးသမားတော် ထန်ရှု ဖြစ်သည်။
ထန်ရှု လွန်စွာ ချမ်းသာကြောင်း သူမ သိသည်။ သို့မဟုတ်ပါက သူသည် ယွမ် ၂ ဘီလီယံဖြင့် ပထမဆုံး လေလံတင်ရောင်းချခဲ့သော ပစ္စည်းကို ဝယ်မည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူမသည် ဖိးနစ်ကိုးကောင်ဆံထိုးကို လက်မလွှတ်ချင်ဘဲ ၎င်းကို ရရှိရန် အစွမ်းကုန် ကြိုးစားချင်သေးသည်။
"မီလီယံ ၂၀၀…"
သူမ၏ နှုတ်ဖျားထက်မှ ခံစားချက်ကင်းမဲ့နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"မီလီယံ ၅၀၀…" ထန်ရှုက ဈေးကြီးမားစွာ ထပ်မြှင့်လိုက်သဖြင့် ခန်းမထဲတွင် ဆူညံသွားစေသည်။
ယန်းလန်က မတ်တပ်ထရပ်ပြီး ထန်ရှုကို တစ်ချက်ကြည့်လိုက်ကာ စကားပြောလိုက်သည်။
"နတ်ဆေးသမားတော်ထန် … ငါ တစ်ခုခုကို သိချင်ပါတယ်။ နင်က ယောက်ျားလေးဖြစ်ပြီးတော့ လေးစားဂုဏ်ယူစရာကောင်းတဲ့ ယောက်ျားသားတစ်ယောက်ပါ။ ဖီးနစ်ကိုးကောင်ဆံထိုးကို မိန်းမတစ်ယောက်နဲ့ ဘာလို့ ပြိုင်လုချင်ရတာလဲ။"
“ဒီဖီးနစ်ကိုးကောင်ဆံထိုးက မူလကတည်းက ကျွန်တော့်ရဲ့ ပစ္စည်းပါ။ နောက်ပိုင်း ကျွန်တော့်ရဲ့ ဂျူနီယာကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ ပျောက်သွားခဲ့ပါတယ်။ဒါကြောင့် ပြန်ဝယ်ဖို့ ပိုက်ဆံနည်းနည်းလောက်သုံးတာ ပြသနာမဖြစ်သင့်ဘူး မဟုတ်ဘူးလား။ " ထန်ရှုက ပြောသည်။
“အဲ့ဒါကို တစ်ချိန်က နင် ပိုင်ခဲ့တာလား။” ယန်းလန်က တခဏ မျက်မှောင်ကြုတ်ကာ နှုတ်ဆိတ်နေပြီးနောက် သူမသည် အံတင်းတင်းကြိတ်ကာ
“၁ ဘီလီယံ … နင် ၁ ဘီလီယံကျော်ပေးနိုင်ရင် ငါ အဲ့ဒါကို စွန့်လွှတ်လိုက်မယ်။”
“၁.၁ ဘီလီယံ” ထန်ရှုမှ ပိုင်နိုင်သောလေသံဖြင့် ပြောသည်။
ယန်းလန်သည် ခါးသီးစွာ ပြုံးမိရင်း ခေါင်းယမ်းကာ ဖြည်းညှင်းစွာ ပြန်ထိုင်လိုက်သည်။ နောက်ဆုံးတွင် ထန်ရှုသည် ဖီးနစ်ကိုးကောင်ဆံထိုးကို ရရှိခဲ့သည်။ သူ၏လက်ထဲတွင် ဖီးနစ်ကိုးကောင်ဆံထိုးကို လက်ခံရရှိပြီးနောက် မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးနေသည့် အကြည့်တစ်ခု ထွက်ပေါ်လာခဲ့ပြီး အချိန်အတော်ကြာသည်ထိ ရှိနေသည်။ ဤဖီးနစ်ကိုးကောင်ဆံထိုးကို သူ၏လက်ဖြင့် ကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်ပြီး ချစ်သူ ရွှဲ့ချင်းချန်ကို တစ်ချိန်က လက်ဆောင်အဖြစ် ပေးခဲ့သော ထိုအရာသည် ထိပ်တန်းအဆင့် ရှိသည့် အင်မော်တယ်ပစ္စည်းတစ်ခု ဖြစ်သည်။ သို့သော် သူ့ကို အံ့သြစေသည့် အရာတစ်ခုမှာ ဤအရာဝတ္ထုသည် ကမ္ဘာမြေပေါ်တွင် မည်ကဲ့သို့ ထွက်ပေါ်လာပါသနည်း။
သို့သော်လည်း ဤကိစ္စသည် ဂူယန်အာနှင့် ပတ်သက်နေနိုင်သည်ဟု သူ ဖျတ်ခနဲ မှန်းဆနိုင်ခဲ့သည်။ ယခုအချိန်တွင် သူသည် ဖီးနစ်ကိုးကောင်ဆံထိုးအား ဝယ်ယူထားပြီးဖြစ်ရာ ဂူယန်အာ နောက်တစ်ကြိမ် နိုးထလာပါက ထိုအကြောင်းကို မေးမြန်းမည်ဖြစ်သည်။
"ညီအစ်ကိုထန် … ဒီဖီးနစ်ကိုးကောင်ဆံထိုးက တစ်ချိန်က မင်း ပိုင်ခဲ့တာလား။" လီလောင်ရှန်းက သူ့ခေါင်းကို ကုတ်ရင်း စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ် … ပိုင်ရုံတင်မကဘူး … အဲ့ဒါကို ဖန်တီးတဲ့သူပါ။" ထန်ရှုက ခေါင်းညိတ်ပြသည်။ "တကယ်တော့ ကျွန်တော့်ကို အံ့သြစေတဲ့ အရာတစ်ခုရှိတယ်။ ဒါပေမယ့် အခု အဲ့ဒါကို ပြန်ဝယ်ပြီးသွားပြီဆိုတော့ နောက်ကျရင် အဖြေကို ရှာတွေ့နိုင်မယ်ဆိုတာ သေချာပါတယ်။"
လီလောင်ရှန်းက ထူးဆန်းသောအမူအရာဖြင့်
"အဲ့ဒီမှာ ဇာတ်လမ်းတစ်ပုဒ် ရှိပုံရတယ် ဟမ်။"
"တကယ် ရှိတာပါ။ ဒါပေမယ့် ဒီအဖြစ်အပျက်က အရမ်းကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စပဲ။"
ထန်ရှုက တည်ငြိမ်သောအပြုံးဖြင့် ပြောသည်။
ထိုတုံ့ပြန်မှုကို ကြားပြီးနောက် လီလောင်ရှန်းက ခေါင်းညိတ်ကာ ထိုအကြောင်းအရာနှင့်ပတ်သက်၍ စကားမဆက်တော့ပေ။ ထန်ရှု၏ကိုယ်ရေးကိုယ်တာကိစ္စမှာ သူ ပါဝင်ပတ်သက်နိုင်သည့် အရာမဟုတ်ပေ။ သူ့အနေဖြင့် ထန်ရှုသည် ထိုကဲ့သို့ လက်ရာမြောက်သော ဆံထိုးကိုပင် လုပ်နိုင်သည်ဟု စပ်စုရုံသက်သက်သာ ဖြစ်ပေသည်။ ယင်းနောက်တွင် ဒုတိယ လေလံတင် ရောင်းချသည့် ပစ္စည်းအား ထန်ရှုသည် စိတ်မဝင်စားခဲ့ပေ။ ဈေးနှုန်းသည် သန်းရာနှင့်ချီ၍ တိုးလာသည့်တိုင် ၎င်းကို ဂရုမစိုက်နိုင်အားပေ။
လေလံပွဲစင်မြင့်ထက်တွင် အိုးရန်လူလူ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးသော အကြည့်များ ရှိနေသည်။ ထန်ရှုနှင့် ပတ်သက်သည့် လျှို့ဝှက်ချက်ကြီး တစ်ခု ရှိနေသည်ကို သူမ ခံစားရမိသည်။ ထိုဆံထိုးအတွက် ငွေအမြောက်အမြားကို ဒီနေ့ သူ သုံးစွဲခဲ့သည်။ ထိုအချင်းအရာက သူမအား စိတ်ထဲတွင် တုန်လှုပ်ချောက်ချားရစေသည်။ အရွယ်ရောက်သူ အမျိုးသားတစ်ဦးသည် ထိုဆံထိုးအဆင်တန်ဆာကို ဝတ်ဆင်ရန် မဖြစ်နိုင်သောကြောင့် ထိုပစ္စည်းသည် အခြားအမျိုးသမီးတစ်ဦးနှင့် ဆက်စပ်နေပေလိမ့်မည်။
“နောက်ဆုံးလေလံတင်ရောင်းချမယ့် ပစ္စည်းက နဂါးရှာတဲ့ကိရိယာ ဖြစ်ပါတယ်။ လေလံတာဝန်ခံက ဒီပစ္စည်းနဲ့ပတ်သက်ပြီး အသေးစိတ် ရှင်းပြခွင့် မပေးခဲ့တဲ့အတွက် ကြမ်းခင်းဈေးကို ကျွန်မ တိုက်ရိုက်ကြေငြာပေးပါမယ်။ အခြေခံဈေးကတော့ ယွမ် ၁၀၀မီလီယံ ဖြစ်ပြီး တစ်ခါလေလံတိုးရင် ၁၀မီလီယံထက် မနည်းစေရပါဘူး။ အခု လေလံကို စတင်လိုက်ကြရအောင်။” အိုးရန်လူလူ ပြောပြီးသည့်နောက်တွင် အချင်း ၂၀ မှ ၃၀ စင်တီမီတာ ရှိသော သံလိုက်အိမ်မြှောင်ကဲ့သို့ အရာဝတ္ထုတစ်ခုကို ကောက်ယူပြသည်။
"ဟင် … နဂါးရှာတဲ့ကိရိယာ … အဲ့ဒါ ဘာကြီးလဲ။"
“ပြပွဲရဲ့ နောက်ဆုံးဇာတ်သိမ်းကို မမျှော်လင့်ဘဲ ဒီလို မသိတဲ့ အရာဝတ္ထုနဲ့ အဆုံးသတ်တာလား။ အဲ့ဒီ ပစ္စည်းရဲ့ ဇစ်မြစ်နဲ့ အကျိုးသက်ရောက်မှုက ဘာလဲ။”
"စစ်ထူမိသားစုက ဘာလုပ်တာလဲ။ ဒီအရာက ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးထက် ပိုပြီးတန်ဖိုးကြီးတဲ့ အရာတစ်ခုလား။"
"ဒါက ရီစရာလိုပဲ။"
"…"
ရာနှင့်ချီသော သူဌေးအများစုကြားတွင် ဤကိစ္စသည် ပွက်လောရိုက်နေသည်။ သို့သော် နဂါးရှာဖွေသည့် ကိရိယာကို ကြေညာပြီးနောက် ရာနှင့်ချီသော လှေငယ်များတွင် မတ်တပ်ရပ်လာသော အဖိုးအို အယောက် ၂၀မှ ၃၀ ခန့် ရှိသည်။ လှေများသည် ဟိုမှဒီမှ ရွေ့လျားနေသော်လည်း အဆိုပါ အဖိုးအိုများသည် တည့်မတ်စွာ မတ်တပ်ရပ်နိုင်ပြီး နဂါးရှာဖွေသည့် ကိရိယာကို တောက်ပသောမျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
…ဒါ သေးငယ်ပေမယ့် လျှို့ဝှက်ဆန်းကြယ်တဲ့ ကိရိယာတစ်ခုလား…
ထန်ရှုသည် မျက်ခုံးများတွန့်ကာ တိုက်ဆိုင်လှသည်ဟု ခံစားလိုက်ရသည်။ အကြောင်းမှာ သူသည် ကမ္ဘာမြေသို့ ပြန်ရောက်ပြီးနောက် မတွေ့ရတော့သော နဂါးဂူကို ရှာဖွေရန် ရည်ရွယ်ချက်ဖြင့် မှော်ကိရိယာများကို ရှာလိုပေရာ ဤကိရိယာပေါ်ပေါက်လာခဲ့ခြင်းသည် ဖုန်းရွှေနှင့်ဆက်စပ်နေသူများအတွက် အလွန် တန်ဖိုးရှိသည့် ရတနာတစ်ခုဆိုသည်မှာ သေချာပေသည်။
"မီလီယံ ၂၀၀…"
"မီလီယံ ၃၀၀…"
"မီလီယံ ၅၀၀…"
"၁ ဘီလီယံ…"
"…"
ဈေးနှုန်းမြင့်တက်မှုသည် ကောင်းကင်သို့ လျင်မြန်စွာ တက်သွားသော ဒုံးပျံနှင့်ဆင်တူသည်။ ငါးမိနစ်အတွင်း နဂါးရှာဖွေကိရိယာ၏ဈေးနှုန်းသည် ၂.၄ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး လေလံဈေးတစ်ခါတက်တိုင်း မီလီယံ ၁၀၀ ထက်မနည်း ရှိခဲ့သည်။
လီလောင်ရှန်းသည် အမူအရာအမျိုးမျိုး ပြောင်းလဲနေသော အဘိုးအိုများကို စိုက်ကြည့်ရင်း မင်သက်နေသည်။ သူက ထန်ရှုကို အသာလက်တို့ပြီး တီးတိုး မေးသည်။
"ဒီအခြေအနေက ဘာကြီးလဲ ညီအစ်ကိုထန် … ဒီလူတွေက ဘယ်သူတွေလဲ။ တော်တော်များများက အရင်ပွဲတွေ လေလံဆွဲရာမှာ မပါဝင်ကြဘူးဆိုတာ သတိထားမိပေမယ့် အခု သူတို့မျက်နှာပေါ် အချဉ်ရည်ပူပူနဲ့ ပက်ခံရနေသလိုမျိုး လုပ်နေကြတယ်။ ဒီလောက် ကြောက်စရာကောင်းတဲ့ ပိုက်ဆံတွေကို ပစ်ပေးနေကြတာကို တွေးရရင် … ငါ့ကို ရင်ဖိုစရာတွေ ဖြစ်စေတယ်။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။”
"ဒီဟာက နဂါးရှာဖွေတဲ့ ကိရိယာတစ်ခုပါ။ စိတ်ဝိညာဉ်သွေးကြောတွေ၊ နိမိတ်မကောင်းတဲ့ နေရာတွေနဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ရှာဖွေရာမှာ အသုံးပြုသလို ရှေးဟောင်းသင်္ချိုင်းဂူတွေကို အလွယ်တကူ ရှာဖွေရှာဖွေရာမှာလည်း အသုံးပြုနိုင်တယ်။ ဖုန်းရွှေနဲ့ ပတ်သက်သူတွေအတွက် ဒီအရာက အရမ်းတန်ဖိုးရှိတဲ့ ရတနာပါ။ သူတို့ဘဝ၊ သူတို့ကံကြမ္မာနဲ့ ယှဉ်လုနီးပါး အဖိုးတန်တယ်။”
“မင်း ဆိုလိုတာက သူတို့က ဖုန်းရွှေဆရာတွေလား။” လီလောင်ရှန်းက အံ့အားသင့်စွာ မေးလိုက်သည်။
“ကျွန်တော် အဲ့ဒါတော့ မသိဘူး။" ထန်ရှုက ခေါင်းယမ်းပြီး ပြောလိုက်သည်။
လီလောင်ရှန်းသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး စကားဆက်မပြောတော့ပေ။ သူတို့၂ယောက် စကားပြောနေစဉ်အတွင်း နဂါးရှာဖွေကိရိယာ၏ ဈေးနှုန်းသည် တစ်ဖန် ပြန်လည် မြင့်တက်လာခဲ့သည်။ ယခုအချိန်တွင် ၃ ဘီလီယံအထိ ရှိနေပြီဖြစ်သည်။
"ဝိညာဉ်အိုကျူး … မင်း ငါနဲ့ တကယ် ရန်ဖြစ်ချင်တာလား။"
အဘိုးအိုတစ်ဦးက ငွေ ၃ ဘီလီယံ ပေးလိုက်သည့် အခြားအဘိုးအိုတစ်ဦးကို စူးစူးစိုက်စိုက်ကြည့်ကာ ဒေါသတကြီးဖြင့် မေးသည်။
ဝိညာဉ်အိုကျူး ဟုခေါ်သော အဘိုးအိုက "ငါ ဒီနဂါးရှာဖွေကိရိယာအတွက် အရာအားလုံး ဆုံးရှုံးခံပြီး ဒေဝါလီလည်း ခံနိုင်တယ်။"
“ကောင်းတယ် … သိပ်ကောင်းတယ် … ဒါက မင်းရဲ့အောင်ပွဲလို့ပဲ မှတ်ယူရမှာပေါ့လေ။” အခြားအဘိုးအိုတစ်ဦးက ဝိညာဉ်အိုကျူးကို လက်ညှိုးထိုးပြီး နောက်ဆုံးတွင် မလိုလားသော အမူအရာဖြင့် ပြန်ထိုင်သွားသည်။
ထို့နောက် ဝိညာဉ်အိုကျူးသည် သူနှင့်ယှဉ်ပြိုင်ရန် ကြိုးစားဆဲဖြစ်သော အခြားအဘိုးအိုနှစ်ဦးကို ကြည့်ကာ လေးလံသောအသံဖြင့် ပြောဆိုခဲ့သည်။
"မင်းတို့ မြင်တဲ့အတိုင်း မင်းတို့လည်း လေလံကို တိုးပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီနဂါးရှာဖွေကိရိယာရဖို့ ငါ အရာရာ လုပ်မယ်ဆိုတာ မင်းတို့ သေချာ သိထားသင့်တယ်။ မင်းတို့ ဘယ်လောက်ပဲ ဈေးပေးပေး ငါ အဲ့ဒါကို ယူရမယ်။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိလာတာ နှစ်အတော်ကြာနေပြီပဲ။ ဒါကြောင့် ဒီကိရိယာက ငါ့အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်းတို့ သိထားသင့်ပါတယ်။"
အဘိုးအိုနှစ်ယောက် အကြည့်ချင်း ဖလှယ်ကြပြီးနောက် သူတို့ထဲက တစ်ယောက်က
“ငါ ၃.၁ဘီလီယံ ပေးမယ်။ မင်းရဲ့ ဈေးက ငါ့ထက် ပိုများရင် ငါ လက်လျှော့လိုက်မယ်။”
“၃.၂ ဘီလီယံ။” ဝိညာဉ်အိုကျူးက ပြောသည်။
ထိုအဘိုးအိုနှစ်ဦးသည် တခဏ တိတ်ဆိတ်သွားကာ သူတို့နေရာတွင် ပြန်ထိုင်လိုက်ကြသည်။ နဂါးရှာဖွေသည့် ကိရိယာကို ရယူလိုခြင်းသည် ၎င်းတို့၏ဆန္ဒဖြစ်သော်လည်း ငွေအရင်းအမြစ်အရ ဝိညာဉ်အိုကျူးနှင့် ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း သူတို့သိထားသည်။ နဂါးရှာဖွေသည့်ကိရိယာသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်က ကျူးမိသားစု၏ အမွေခံပစ္စည်း ဖြစ်ကြောင်းကိုလည်း သူတို့ ကောင်းစွာ သတိပြုမိသည်။
သူနဲ့ ဆက်ပြိုင်ရမလား … သူတို့မှာ အရည်အချင်းရှိလို့ ငွေကြေးအရင်းအနှီးအရ ဝိညာဉ်အိုကျူးကို ထိန်းထားနိုင်မယ်ဆိုတာ သေချာသည့်တိုင် သူတို့ ဒီလို လုပ်လိုက်ပါက ရန်ငြိုးတစ်ခုကို ဖန်တီးမိမည်ကို သေချာပေါက် သိထားသကဲ့သို့ ၎င်းတို့သည် ဝိညာဉ်အိုကျူးနှင့် ရန်ဘက်များ ဖြစ်လာရုံသာမက ကျူးမိသားစုမှလူတိုင်း၏အာရုံစိုက်မှုကိုပါ ခံရတော့မည် ဖြစ်ပေသည်။
***