← Chapters

အတွေ့အကြုံရှိပြီး အမြော်အမြင်ကြီးသူ

Vol. 11 Ch. 515

အတွေ့အကြုံရှိပြီး အမြော်အမြင်ကြီးသူ

Vol. 11 Ch. 515

နောက်ဆုံးပစ္စည်းဖြစ်သည့် နဂါးရှာကိရိယာကို လေလံဆွဲမှုမှာ အလွန်ပြင်းထန်ခဲ့ပြီး နောက်ဆုံးတွင် အဖိုးအိုကျူးမှ မြင့်မားသောဈေးနှုန်း ယွမ် ၃.၂ ဘီလီယံ ဖြင့် ဝယ်ယူသည့်အချိန်အထိ ဈေးနှုန်းသည် တောက်လျှောက်တက်သွားခဲ့သည်။ ထို့ကြောင့် လေလံပွဲအား ဤအပိုင်းဖြင့် တရားဝင် အဆုံးသတ်ခဲ့ပြီ ဖြစ်သည်။

ထန်ရှုသည် နဂါး ရှာကိရိယာလေလံဆွဲရာတွင် မပါဝင်ခဲ့ပေ။ သူ အလိုရှိသလောက် အဆင့်နိမ့် မှော်ကိရိယာများစွာ သူ့တွင် ရှိနိုင်သောကြောင့် ၎င်းတို့ကို ဝယ်ယူရန်အတွက် ငွေအမြောက်အမြား သုံးစွဲရန် မလိုပေ။ သူ၏ကျင့်ကြံမှု ပိုမို အဆင့်မြင့်လာသဖြင့် ထိုကဲ့သို့ သေးငယ်သော မှော်ကိရိယာများကို ဖန်တီးရန် ယုံကြည်ချက် ရှိပေသည်။ နဂါးရှာကိရိယာ၏ပေါ်ပေါက်လာမှုသည် သူ့အတွက် စီးပွားရေးအခွင့်အလမ်းတစ်ခုအား ပြပေးလိုက်သကဲ့သို့ပင်။

ဤကဲ့သို့အဆင့်နိမ့်မှော်ပစ္စည်းတစ်ခုကိုပင် မိုးကောင်းကင်တမျှ မြင့်မားလှသောဈေးနှုန်း            ၃.၂ဘီလီယံဖြင့် ရောင်းချနိုင်ခဲ့ပါက သူသာ ထိုကဲ့သို့ အဆင့်နိမ့်မှော်ပစ္စည်းဒါဇင်များစွာကို သန့်စင်ပြီး လေလံတင် ရောင်းချလိုက်မည်ဆိုပါလျှင်… ဟု ထန်ရှု စိတ်တွင်းမှ တွက်ချက်နေသည်။

လီလောင်ရှန်းက ထန်ရှု၏ပုခုံးကို ညှစ်ပြီး အပြုံးဖြင့် "ညီအစ်ကိုထန် … လေလံပွဲ ပြီးသွားပြီ။ သွားကြစို့။ နောက်ပြီး စစ်ထူမိသားစုက ကျင်းပတဲ့ ညနေခင်းစားသောက်ပွဲကို ငါ သိပ်စိတ်မဝင်စားဘူး။"

“အစ်ကိုလီ ပြောတာ မှန်တယ်။ လေလံပွဲ ပြီးသွားတိုင်း စစ်ထူမိသားစုက ဧည့်သည်တွေကို ဧည့်ခံဖို့ ဧည့်ခံပွဲတစ်ခု အမြဲကျင်းပလေ့ရှိတယ်။ ဒါပေမယ့် အဲ့ဒီလိုအခမ်းအနားကို တက်ရောက်တဲ့ လုပ်ငန်းရှင်စစ်စစ်က တစ်ချို့တလေလောက်ပဲ ရှိလိမ့်မယ်။ တက်ရောက်လာသူအများစုက ပုန်းကွယ်နေတဲ့လူမျိုးစုက လူထူးလူဆန်းတွေချည်းပဲ။”

…ပုန်းကွယ်နေတဲ့လူမျိုးစုက လူထူးလူဆန်းတွေ…

ထန်ရှု၏အမူအရာက လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ "အကိုတို့နှစ်ယောက် … ကျွန်တော် ဒီမှာ ပစ္စည်းနှစ်ခု ဝယ်လိုက်တော့ ပိုက်ဆံအကုန်နီးပါး ကုန်သွားပြီ။ သူတို့တွေ ဒီည ကျွန်တော်တို့ကို ဧည့်ခံပေးမယ်ဆိုရင် အဲ့ဒါက ကျွန်တော့်အတွက် ပိုက်ဆံ အတော် သက်သာသွားစေမှာပဲ။ အစ်ကိုတို့ကို ညစာကျွေးဖို့ ဒီအခွင့်အရေးကို ကျွန်တော် ငှားလိုက်ရင်ရော ဘယ်လို သဘောရလဲ။ ဒါပေါ့ … ကျွန်တော်လည်း နတ်ဘုရားဝတ်ရည်ဝိုင်ကို ကားနောက်ဖုံးထဲထည့်ပြီး သယ်လာခဲ့တယ်။ အဲ့ဒီမှာ ဝိုင်၂သေတ္တာ ရှိပြီးတော့ ဒီည တစ်သေတ္တာ သောက်ကြမယ်။ အစ်ကိုဝမ် အိမ်ပြန်တဲ့အခါ ကျန်တဲ့တစ်သေတ္တာကို သယ်သွားနိုင်တယ်။”

ဝမ်တောက်ယွမ်၏အကြည့်သည် တောက်ပသွားပြီး ပြုံးကာ ပြောလိုက်သည်။

" အခုခေတ်မှာ နတ်ဘုရားဝတ်ရည်ဝိုင်ကို ရတယ်ဆိုတာ အဖိုးတန်ဆုံး လက်ဆောင်တစ်ခု ရတာပဲ။ ကြည့်ရတာ ဒီနေ့ ငါ အကျိုးအမြတ် အများကြီး ရသွားပုံရတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ညီအစ်ကိုထန်။ ဒါဆို ဒီည ဧည့်ခံပွဲ ငါတို့ အတူတက်ကြတာပေါ့။”

"မင်းတို့တွေ နေချင်တယ်ဆိုမှတော့ ငါလည်း အဆင်ပြေရမှာပေါ့။"

လီလောင်ရှန်းက ပခုံးတွန့်ပြီး အပြုံးဖြင့် ပြောသည်။ “ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်ကိုဝမ် … အရင်က ငါတို့တွေကြား ပဋိပက္ခတွေ ရှိခဲ့ပေမယ့် အဲ့ဒါက ငါတို့ကို အများကြီး သက်ရောက်မှု မရှိခဲ့သလို ဆုံးရှုံးမှုလည်း မရှိပါဘူး။ တစ်ခုခု ဖလှယ်ခြင်းမရှိဘဲနဲ့ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်း မရင်းနှီးနိုင်ဘူးမဟုတ်လား။ ဆိုတော့ ဒီညနေ ငါတို့တွေ ကောင်းကောင်း သောက်ကြမယ်။"

“ကောင်းပြီ။ ငါ မင်းကို အဖော်လုပ်ပေးမယ်။" ဝမ်တောက်ယွမ်က ကျယ်လောင်စွာ ရယ်လိုက်သည်။

လှေငယ်တစ်စင်းသည် မြစ်များကြားမှ လမ်းကျဉ်းလေးကို ဖြတ်ကျော်လာသည်။ ၎င်းလှေထက်တွင် ကြက်သွေးရောင်ဝတ်စုံအား လှပစွာ ဝတ်ဆင်ထားသော အိုးရန်လူလူ လိုက်ပါလာသည်။ သူမ၏လှေသည် ထန်ရှု၏လှေအနီးသို့ ရောက်လာသောအခါ သူမသည် ထန်ရှု၏ဘေးသို့ တန်းခုန်ချလိုက်သည်။

"အိုးရန်လူလူရဲ့ အမြင်ကိုတော့ မေးခွန်းထုတ်စရာ မလိုပါဘူး။ အဲ့ဒါကို စကားလုံးတစ်လုံးဖြင့် ဖော်ပြဖို့ လိုတယ်ဆိုရင် သင့်တော်တဲ့ စကားလုံးတစ်လုံးတည်းပဲ ရှိတယ် - သိပ်မိုက်တာပဲ။ ဟန်နီ … ရှင်က ထူးခြားတဲ့ စွမ်းအားရှိတဲ့သူတစ်ယောက်ဆိုတာ ကျွန်မ သိလိုက်ရပြီ။ ရှင့်ရဲ့အရိပ်က ကြီးမားတဲ့ အဖြစ်အပျက် အမျိုးမျိုးရဲ့နောက်ကွယ်မှာ ရှိနေခဲ့တာပဲ။”

အိုးရန်လူလူသည် ထန်ရှု၏လက်မောင်းကို ပိုင်နိုင်စွာ ဆုပ်ကိုင်လိုက်ရင်း ပြုံးစစဖြင့် ပြောလိုက်သည်။

"မင်း ကိုယ့်ကိုကိုယ် မကြွားလို့မရဘူးလား။" ထန်ရှုက ခေါင်းယမ်းကာ ရယ်မောလိုက်သည်။ "ငါ့ကို အလေးအနက်ထားပြီး တစ်ခုခု ပြောပေးပါလား။ ဒီတခေါက် ပေကျင်းမှာ ဘယ်လို အဆုံးသတ်ခဲ့လဲ။ စစ်ထူမိသားစုက စီစဉ်တဲ့ လေလံပွဲအတွက် လေလံပွဲအိမ်ရှင်နဲ့ လေလံတင်သူလည်း မင်းက ဖြစ်လာသေးတယ်။”

"ဆိုလိုတဲ့သဘောက အိုးရန်လူလူမှာ ထူးခြားတဲ့ စွမ်းရည်တွေ ရှိပြီး သူမရဲ့ သဘာဝလွန် စွမ်းအားနဲ့ အကန့်အသတ်မဲ့ မှော်စွမ်းအားတွေကြောင့် နိုင်ငံတစ်ဝှမ်း ကျော်ကြားစေတယ် ... အိုး … ဒါ မမှန်သေးဘူး။ ငါ့ကို ကမ္ဘာတဝှမ်းကလူတိုင်း သိတယ်။ ဒါကြောင့် စစ်ထူမိသားစုရဲ့ ထိုးထွင်းသိမြင်ပြီး ဉာဏ်ပညာရှိတဲ့ ခေါင်းဆောင်က လေလံပွဲအိမ်ရှင်နဲ့ လေလံတင်သူ လုပ်ပေးဖို့ ငါ့ကို ပန်ကြားလာတာပေါ့။” အိုးရန်လူလူက ရွှင်ရွှင်မြူးမြူး ပြောလိုက်သည်။

"မင်း ဒီလောက်ထိ ကိုယ့်ကိုယ်ကိုယ် ဆက်ပြီး အမွှန်းတင်နေရင် ငါ မင်းကို လျစ်လျူရှုရတော့မလား။"

ထန်ရှုက လှမ်းပြောလိုက်သည်။

"မလုပ်ပါနဲ့။"

အိုးရန်လူလူက သူမ၏လက်ကလေးကို အလျင်အမြန် ဝှေ့ယမ်းပြီး နူးညံ့သောအပြုံးဖြင့် ပြောလိုက်သည်။ "ဟင့်အင်း … နင်ကလေ တကယ်ကို ဟာသဉာဏ် မရှိဘူး။ စစ်ထူမိသားစုရဲ့အကြီးအကဲစစ်ထူပေါ်ရန်က အမေ့ရဲ့မွေးစားအဖေဆိုတော့ သူ့ကို ငါ့အဘိုးအဖြစ် မှတ်ယူလို့ရတယ်။ နောက်ပြီး ငါ့ရဲ့သုခဘုံ စားသောက်ဆိုင်ကို ရှန်ဟိုင်းမှာ စီးပွားရေးအတွက် ဖွင့်ထားပြီးပြီလေ။ အဲ့ဒီဆိုင်ရဲ့စီမံခန့်ခွဲမှုကို ကိုင်တွယ်ဖို့လည်း စိတ်ပူစရာ မလိုတော့ဘူး။ ဒါကြောင့်မို့ ပေကျင်းကို ငါ လာခဲ့တာ။"

ထန်ရှု လျှပ်တပြက်အတွင်း သဘောပေါက်သွားပြီး "ဒါဆို ရှန်ဟိုင်းကို ဘယ်တော့ ပြန်မှာလဲ။"

"ငါ မနက်ဖြန်စောစော ပြန်မယ်။ ဟုတ်သားပဲ … နင်ရော ဘယ်တော့ ပြန်မှာလဲ။ မနက်ဖြန် နင် ကျောင်းစတက်ရမှာ ငါ မှတ်မိနေတယ်။"

"ကောင်းပြီ။ ငါ မင်းရဲ့လေယာဉ်နဲ့ ရှန်ဟိုင်းကို လမ်းကြုံလိုက်ရမှာဆိုတော့ တစ်ဖက်လူရဲ့ ဧည့်ခံပွဲကို ငှားပြီး မင်းကို ဒီည ညစာကျွေးမယ်လေ။ ဒါ မင်းအတွက် ပြဿနာ မဖြစ်ဘူးမလား။"

ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။

လီလောင်ရှန်း၊ ဝမ်တောက်ယွမ်နှင့် စုရန်နင်းကို ကြည့်လိုက်ပြီးနောက် အိုးရန်လူလူက ခေါင်းညိတ်ပြီး ပြောသည်။

"ကိစ္စမရှိပါဘူး။ ဒါပေမယ့် နင် ခဏလောက်တော့ စောင့်ရလိမ့်မယ်။ ငါ့အဘိုးကို အရင် ပြောလိုက်ဦးမယ်။ ဒါမှ ငါတို့ ထွက်သွားလို့ ရမှာ။"

"မင်း ဘယ်သွားမလို့လဲ။" ထန်ရှုက မေးလိုက်သည်။

"ဟင် … ငါတို့ ညစာ ဒါမှမဟုတ် တစ်ခုခု သွားစားမှာ မဟုတ်ဘူးလား။" အိုးရန်လူလူက ပြန်မေးသည်။

"အဲ့ဒါကြောင့် ငါတို့က ဒီမှာနေပြီး စစ်ထူမိသားစုရဲ့ ဧည့်ခံပွဲကို တက်နေတာလေ။" ထန်ရှုက ရယ်ကြဲကြဲဖြင့် တုံ့ပြန်လာသည်။

အိုးရန်လူလူ တွေတွေကြီး စိုက်ကြည့်ပြီးနောက် ချက်ချင်းပင် ရွှင်လန်းသောအမူအရာဖြင့် ပြောသည်။

"ဒါကောင်းတယ်။ နောက်ပြီးရင် ငါတို့အဘိုးနဲ့ နင့်ကို မိတ်ဆက်ပေးမယ်။ သူက နင့်ကို သိနေပြီးသား … နင့်ကို သိပ်ချီးကျူးတာ။"

ထန်ရှုက သူမ၏စကားများကို နားထောင်ပြီးနောက် မျက်ရည်ထွက်အောင် ရယ်မောလိုက်ရင်း

"ပြောပါ လူလူ … ငါတို့ … ငါတို့ကို ဒါမှမဟုတ် ငါတို့ရဲ့ … ဒီစကားလုံးတွေကို အမြဲမပြောလို့ ရမလား။ အဲ့ဒါက မင်းရဲ့အဘိုးလေ … ဒါပေမယ့် ငါက သူနဲ့ ဘာဆက်ဆံရေးမှ မရှိတာ။”

"အားလုံး အတူတူ … အားလုံး အတူတူပဲလေ။" အိုးရန်လူလူက သူမ၏မျက်နှာထက်တွင် တောက်ပသောရောင်စုံအပြုံးအား ပြုံးကာ လက်ကို ဝှေ့ယမ်းလိုက်သည်။ သူမသည် လှေထိုးသားများကို ကမ်းစပ်သို့ လှော်ရန် ချက်ချင်း တိုက်တွန်းခဲ့သည်။ သူမသည် ရှက်ရွံ့မှုမရှိဘဲ ထန်ရှု၏ခါးကိုပင် လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး ကားပေါ်အတူတက်ကာ စစ်ထူမိသားစုမှ ညနေပွဲအတွက် ပြင်ဆင်ထားသည့် ဟိုတယ်သို့ အပြေးအလွှား သွားခဲ့သည်။

လီလောင်ရှန်းကတော့ ယုချန်ဓားကို သူ့ကိုယ်ရံတော်တွေဆီ လွှဲပေးကာ ပြန်လွှတ်လိုက်သည်။ ဝမ်တောက်ယွမ်ကလည်း အလားတူပင် သူ၏ရှေးဟောင်းဓားကို ကိုယ်ရံတော်များထံ ပေးပြီးနောက် စုရန်နင်းနှင့်အတူ လီလောင်ရှန်း၏ ကားပေါ်တက်ကာ ဟိုတယ်သို့ အပြေးအလွှား သွားကြသည်။

အစတွင် စုရန်နင်းသည် ဧည့်ခံပွဲမတက်ချင်သော်လည်း သူမသည် ထန်ရှု၏အစ်မဝမ်းကွဲ ဖြစ်ကြောင်း ဝမ်တောက်ယွမ်က သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် ထန်ရှုနှင့် အပေါင်းအသင်း လုပ်နိုင်ရန်အတွက် ဝမ်တောက်ယွမ်သည် ဖျောင်းဖျခြင်းနှင့် ခြိမ်းခြောက်ခြင်းနှစ်မျိုးလုံးကို အသုံးပြုကာ စုရန်နင်းအား နောက်ဆုံးတွင် အလျှော့ပေးလာအောင် လုပ်ခဲ့သည်။

ပေကျင်းမြို့ရှိ နိုင်ငံတကာအဆင့်မီဟိုတယ်တစ်ခုတွင်…

စစ်ထူမိသားစုမှ တည်ခင်းဧည့်ခံသည့် ဧည့်ခံပွဲကို ၂၈ထပ်ရှိ ခန်းမတွင် ကျင်းပသည်။ လေလံပွဲသို့ တက်ရောက်လာသော ဧည့်သည်တော် အများအပြား ရောက်ရှိနေကြပြီဖြစ်သည်။ ခန်းမထောင့်တိုင်းရှိ ခရစ္စတယ်မီးအိမ်များမှ အလင်းမစူးသော မီးရောင်ဖြင့် အလင်းပေးထားသောကြောင့် ခန်းမတစ်ခုလုံးအား လွန်စွာ တင့်တယ်လင်းလက်စေတော့သည်။ စားပွဲထိုးမိန်းကလေးလှလှလေးများက ထမင်းစားပွဲများတွင် ဝိုင်နှင့် အမြည်းများကို တည်ခင်းထားပြီးဖြစ်သည်။ ရောက်ရှိလာသော ဧည့်သည်များကို အံ့အားသင့်မဆုံး ဖြစ်စေခဲ့သည်မှာ ထမင်းစားပွဲတစ်ခုစီတွင် နတ်ဘုရားဝတ်ရည်ဝိုင် နှစ်ပုလင်းစီ ချပေးထားခြင်းဖြစ်ပေတော့သည်။

ဧည့်ခံပွဲခန်းမအနီးရှိ ခမ်းနားသောအခန်းတစ်ခုတွင် စစ်ထူပေါ်ရန်သည် သတင်းအချက်အလက်ကို တိတ်ဆိတ်စွာ ဖတ်နေသည်။ သူသည် အသက် ၆၀ကျော် နေပြီဖြစ်သော်လည်း အားမာန်အပြည့်ရှိနေဆဲ ဖြစ်သည်။ သူ၏အရှေ့တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ပြုံးလျက် ငြိမ်သက်စွာ ရပ်နေကြလေ၏။

"လူလူ ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပြီ အဖေ။ သူ့ရဲ့ နှုတ်သွက်အာသွက်ရှိမှုက တကယ်ကို ပြသဖို့ ထိုက်တန်တဲ့ လက်ဆောင်တစ်ခုပါပဲ။ အဲ့ဒါကြောင့် ကျွန်တော်တို့စစ်ထူမိသားစုလေလံပွဲမှာ လေလံတင် ရောင်းချခဲ့တဲ့ ပစ္စည်းများစွာက မျှော်လင့်ထားတာထက် ပိုမိုမြင့်မားတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်ခဲ့တယ်။” စစ်ထူချောင်မှ သတင်းအချက်အလက်များကို စစ်ထူပေါ်ရန်ဆီ လှမ်းပေးလိုက်ကာ ပြုံးရွှင်စွာ တင်ပြလိုက်သည်။

စစ်ထူပေါ်ရန်က ကျေနပ်သော အကြည့်ဖြင့် ခေါင်းညိတ်ပြပြီး

"ဒါက တကယ်ကောင်းတယ်။ ဟုတ်သားပဲ … မင်းတို့အားလုံး ဒီကို ပြန်လာခဲ့ကြပေမယ့် ဒီကလေးလူလူက ဘယ်ရောက်သွားတာလဲ။”

"အာ … လူလူက သူ့ချစ်သူကို မြင်လိုက်လို့ သူ့ကို တွေ့ဖို့ စိတ်အားထက်သန်နေတာလေ။ လေလံပွဲပြီးပြီးချင်းပဲ သူ့ဆီ တန်းသွားလေရဲ့။" စစ်ထူချောင်က အားတင်းထားသောအပြုံးဖြင့် ပြန်ပြောသည်။

"ထန်ရှုလား…" စစ်ထူပေါ်ရန်၏အမူအရာ လှုပ်ရှားသွားသည်။

"အဲ့ဒီနတ်ဆေးသမားတော်လေး ထန်ရှုကရော လေလံပွဲမှာ ပါဝင်ခဲ့တာလား။"

“ဟုတ်တယ်အဖေ။ စုစုပေါင်း ယွမ် ၃.၁ ဘီလီယံ တန်ဖိုးနဲ့ ပစ္စည်းနှစ်ခုကို သူ ဝယ်ခဲ့တယ်။”စစ်ထူချောင်က ခေါင်းညိတ်ပြသည်။

"ပစ္စည်းနှစ်ခု ဟုတ်လား။ အဲ့ဒါတွေက ပထမဆုံး လေလံတင်ရောင်းချလိုက်တဲ့ ချင်အင်ပါယာဧကရာဇ် ကျောက်စိမ်းတံဆိပ်တုံးနဲ့ ဖီးနစ်ကိုးကောင်ဆံထိုးလို့ ငါ့ကို မပြောနဲ့နော်။ ဒီပစ္စည်းနှစ်ခုတန်ဖိုးကို ပေါင်းလိုက်ရင် ယွမ် ၃.၁ ဘီလီယံ အတိအကျပဲ။” စစ်ထူပေါ်ရန်က အံ့အားသင့်စွာ ပြောသည်။

“ဟုတ်တယ်အဖေ။ အတိအကျပဲ … သူ အဲဒီပစ္စည်းနှစ်ခုကို ဝယ်ခဲ့တာ။”စစ်ထူချောင်က ပြုံးကာ တုံ့ပြန်သည်။

စစ်ထူပေါ်ရန်က ခေါင်းညိတ်ကာ အပြုံးဖြင့် "ငါ မင်းရဲ့ ဦးလေးအိုးရန်နဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျင်းမန်ကျွန်းမှာ တွေ့ခဲ့တယ်။ ပြီးတော့ သူ့ဆီကနေ ထန်ရှုရဲ့အကြောင်းတွေ အများကြီး ကြားခဲ့ရတယ်။ ကြားရသလောက်တော့ အဲ့ဒီကလေးက အတော် အံ့သြဖို့ကောင်းတဲ့ လူငယ်တစ်ယောက်ပဲ။"

“သူက တကယ့်ကို အံ့သြစရာ ကောင်းတယ်။ အထူးသဖြင့် သူ တည်ထောင်ခဲ့တဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်း ကုမ္ပဏီပဲ။ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အကဲဖြတ်ကြည့်ရင် ... အဲ့ဒါက အားကျဖို့ကောင်းပြီး လူတွေ မျက်စိကျစရာ လို့ ဆိုရမယ်။ နောက်ပြီး သူက နတ်ဆေးသမားတော်တစ်ယောက်လည်း ဖြစ်နေသေးတယ်။ ဒါက ကျွန်တော် မျှော်လင့်ထားတာထက် ကျော်လွန်နေပြီ။ လူလူက အမြဲတမ်း သူမရဲ့အမြင်ကို မြင့်မြင့်ထားတတ်တယ်။ ဒီထန်ရှုသာ ထူးထူးခြားခြား ဖြစ်မနေဘူးဆိုရင် သူ့ကို ဒီလို အထင်ကြီးမိသွားဖို့ လွယ်မယ်တောင်မထင်ဘူး။”

စစ်ထူပေါ်ရန်က

"မင်း ထန်ရှုနဲ့ ဆက်ဆံရတဲ့အခါ သူက တကယ့်ကို အရမ်းတော်နေရင် ပိုရင်းနှီးအောင် လုပ်ထားပါ။"

“ဒါပေမယ့် အဖေ … သူ့ပုံရိပ်က…” စစ်ထူချောင်၏စကားများ တုံ့ဆိုင်းသွားသည်။

“သူက ထန်မိသားစုရဲ့မျိုးဆက်ဆိုတာ ငါ သိတယ်။ သူ့ပုံရိပ်က အတော်အထိမခိုက်မခံနိုင်တဲ့အရာဆိုပေမယ့် ပေကျင်းမှာ ငါတို့မိသားစု ရှင်သန်နေဖို့ဆိုရင် အချို့မိသားစုကြီးတွေနဲ့ နီးနီးကပ်ကပ်နေရမှာက မလွဲမသွေပဲ။ ထန်မိသားစုက လတ်တလောနှစ်တွေမှာ ကျဆင်းလာတယ်ဆိုပေမယ့်လည်း ပိန်တဲ့ ကုလားအုတ်က မြင်းထက် ပိုကြီးသေးတယ် မဟုတ်လား။ ထန်မိသားစုမျိုးဆက်တွေကြားမှာ ထူးချွန်တဲ့ ဂျူနီယာတစ်ယောက် ပေါ်ထွက်လာပြီဆိုတာနဲ့ သူတို့ရဲ့အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိဖို့ဆိုတာ မဖြစ်နိုင်စရာအကြောင်း မရှိဘူးလေ။ ထန်မိသားစုနဲ့စာရင် ယောင်မိသားစုက ပိုပြီး အစွမ်းထက်လွန်းပါတယ်။ ဒါကြောင့် သူတို့နဲ့ ပိုမိုနီးစပ်ဖို့ ကြိုးစားပေမယ့်လည်း ငါ ကြောက်တာက … ထားလိုက်တော့။ ငါ ပြောတဲ့အတိုင်းသာ လုပ်ပါ။"

စစ်ထူချောင် ငြိမ်ကျသွားပြီးမှ ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

“အဖေ … နိုင်ငံထဲက ပြည်တွင်းအင်အားစုတွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေထဲ ပါဝင်ဖို့ အဖေ အစီအစဉ် ရှိနေတာလား။”

“ဟင့်အင်း … ငါတို့ မပါဝင်ပါဘူး။” စစ်ထူပေါ်ရန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါဆို အဖေ အခုပြောတဲ့ အဓိပ္ပာယ်က …” စစ်ထူချောင် အတွေးများသွားရသည်။

“အိုးရန်လူလူက ငါ့မြေးလေ။ သူမ ကြိုက်တဲ့လူငယ်လေးကို အိုးရန်မိသားစုကလည်း အတည်ပြုပြီးပြီ။ တခြားသူတွေ သူ့ကို သံသယ မဖြစ်စေရအောင် ငါတို့က သူ့ကို ဘာကြောင့် ငြင်းရမှာလဲ။ ထန်ရှုမှာ နတ်ဆေးသမားတော် တစ်ယောက်ဆိုတဲ့ အခြားပုံရိပ်တစ်ခု ရှိသေးတယ်ဆိုတာ မရည်ညွှန်းပဲနဲ့လေ။ ငါတို့သာ ခပ်ခွာခွာနေမယ်ဆိုရင် ဒီနေရာမှာ ပြသနာတစ်ခု ရှိနေတာ ငါတို့ပဲဖြစ်သွားမယ်။ နားလည်ရဲ့လား။”

ထက်မြက်သောလူတစ်ယောက်ပီပီ စစ်ထူချောင်သည် ဖခင်ပြောသောစကားအား ချက်ချင်းပင် နားလည်သွားခဲ့သည်။

စစ်ထူမိသားစုက ထန်မိသားစုနှင့် ပိုမိုရင်းနှီးလိုခြင်းသည် လုံးဝနားလည်ပေးနိုင်ပြီး မျှတသောအရာ ဖြစ်သည်။ အိုးရန်လူလူနှင့် ထန်ရှုကြားတွင် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိနေသည်သာမက ထန်ရှုတွင် နတ်ဆေးသမားတော်ဟူသော အခြားပုံရိပ်တစ်ခုလည်း ရှိနေသည်။ သူနှင့် ပိုပြီး ရင်းနှီးခဲ့ပါလျှင်တောင်မှ များပြားစွာသော လူတွေက သူတို့အား စိတ်အနှောင့်အယှက် ပေးနေဦးမည်ဖြစ်ပေရာ ထိုပြသနာသည် မည်သည့်အရာ ဖြစ်ပါသနည်း။

ထိုအကြောင်းအား စဉ်းစားမိသည်နှင့် စစ်ထူချောင်သည် ခေါင်းညိတ်လိုက်ကာ

“ကျွန်တော် ဘာလုပ်ရမယ်ဆိုတာကို နားလည်ပါပြီ အဖေ။”

စားသောက်ပွဲကျင်းပရာ ခန်းမကြီးတွင် …

ထန်ရှု၊ လီလောင်ရှန်း၊ ဝမ်တောက်ယွမ်နှင့် အိုးရန်လူလူတို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် လူအများ၏အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး လူများစွာက လာရောက် နှုတ်ဆက်ကြသည်။ လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်တို့သည် သာမန်လူများ မဟုတ်သည့်တိုင် သည်ပွဲသို့ တက်ရောက်လာသော လူတိုင်းသည်လည်း သာမန်အဆင့်အတန်းများ မဟုတ်ကြပါပေ။ ထိုသူများ လာရောက် နှုတ်ဆက်ကြသည့် အကြောင်းရင်းမှာ ထန်ရှုကြောင့်သာ ဖြစ်ပေသည်။ ထန်ရှုသည် ထန်မိသားစု၏ မျိုးဆက်တစ်ယောက်ဖြစ်သည်ကို သူတို့ သိထားကြပြီး ထိုအရာထက် လူအများက ပိုမိုဂရုစိုက်သည့်အရာမှာ ထန်ရှု၏နတ်ဆေးသမားတော်ဟူသော ဂုဏ်ပုဒ်ကိုပင် ဖြစ်တော့သည်။ လူတစ်ယောက် အသက်ရှင်နေသရွေ့ ထိုသူအား အမြဲတစေ ကျန်းမာရေး ကောင်းမွန်စေရန် အာမခံပေးနိုင်သည်မှာ မည်သူဖြစ်ပါသနည်း။ ထို့ကြောင့် ထိခိုက်မှုမရှိစေဘဲ အကျိုးကျေးဇူးကိုသာ သယ်ဆောင်လာသော နတ်ဆေးသမားတော်တစ်ဦးနှင့် မိတ်ဆွေအပေါင်းအသင်း ဖြစ်လိုကြခြင်းပေတည်း။

***

All Chapters