ယာယီဦးစားပေး
Vol. 11 Ch. 516
သည်ကဲ့သို့ ဆက်ဆံမှုမျိုးသည် ထန်ရှု နှစ်သက်သောအရာ မဟုတ်သည့်တိုင် သူ ယနေ့ လာရသည်မှာ ရည်ရွယ်ချက် ရှိပေသည်။ နှုတ်ခွန်းဆက်စကားများနှင့် စကားစမြည် အနည်းငယ် ဖလှယ်ပြီးနောက် သူသည် အိုးရန်လူလူ၊ လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်တို့ကို သီးခြားစားပွဲတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
"ထန်ရှု … တခြားသူတွေနဲ့ အာလာပ သလာပ စကားပြောတဲ့အခါ နင့်ပုံစံက ဘာဖြစ်လို့ ညှင်းပန်းနှိပ်စက်ခံရတဲ့ပုံစံအတိုင်း ဖြစ်နေရတာလဲ။"
ထန်ရှု၏အနားသို့ ရောက်လာသော အိုးရန်လူလူက အပြုံးဖြင့် မေးလိုက်သည်။
“စိတ်ထဲက မပါတဲ့ ဒီလိုလူမှုဆက်ဆံရေးကို ငါ တကယ် မကြိုက်ဘူး။ သူတို့က ငါတို့ကို အခုချိန်မှာ နွေးနွေးထွေးထွေး စကားပြောနိုင်ကြပေမယ့် ခွဲခွာသွားပြီးရင် မင်းဘယ်သူလဲဆိုတာ မေ့သွားတတ်တယ်။ သူတို့က ငါတို့ကို မှတ်မိနေရင်တောင်မှ ဒုက္ခ ဒါမှမဟုတ် ဒီလိုမျိုး အလားတူတွေ ရင်ဆိုင်ဖူးလို့သာ မှတ်မိနေတာလေ။ သူတို့ရဲ့ ရည်မှန်းချက် အစစ်အမှန်တွေက မင်းရဲ့သူငယ်ချင်းတွေနဲ့ ရှိနေသလို မဖြူစင်ဘူးဆိုတာ သေချာတယ်။"
"မှန်တယ်။ ဒါ အမှန်ပဲ။ ညီအစ်ကိုထန်ရဲ့စကားတွေက ငါ့စိတ်ထဲမှာ ရှိတဲ့အတိုင်းပဲ။ ငါတို့နှစ်ယောက် ဆိုင်ပန်မှာ ပထမဆုံး စတွေ့တုန်းက တစ်ဖက်လူဘယ်သူလဲဆိုတာ ငါတို့တွေ တစ်ယောက်မှ မသိကြသလို နာမည်ကိုလည်း တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြဘူး။ တစ်ဖက်လူက စိတ်ဝင်စားဖို့ကောင်းပြီး တစ်ယောက်နဲ့တစ်ယောက် တူညီတဲ့အရာတစ်ခု ရှိနေတယ်လို့ ခံစားခဲ့ကြတာ။”
ဘေးနားတွင် ရှိနေသော ဝမ်တောက်ယွမ်၏ အမူအရာသည် လှုပ်ရှားသွားကာ အလျင်အမြန် မေးလိုက်သည်။
“မင်းနဲ့ ညီအစ်ကိုထန်က ဆိုင်ပန်မှာ တွေ့ခဲ့တာလို့ ပြောလိုက်တာလား ညီအစ်ကိုလီ။ လွန်ခဲ့တဲ့ နှစ်လလောက်က အဲ့ဒီမှာ ကြီးမားတဲ့ စီမံကိန်းတစ်ခု လုပ်နေတယ်လို့ ကြားတယ်။ ဖြစ်နိုင်တာက…”
“အဲ့ဒါ ငါနဲ့မဆိုင်ဘူး။ ငါလည်း အဲ့ဒီအကြောင်းကို ကြားခဲ့ပေမယ့် ငါ့စီးပွားရေးက နိုင်ငံခြားထိ မချဲ့ထွင်သေးပါဘူး။” လီလောင်ရှန်းက သူ၏လက်ကို ဝှေ့ယမ်းပြီး ပြုံးလိုက်သည်။
ဝမ်တောက်ယွမ်က ခေါင်းညိတ်ပြီး တွေးတွေးဆဆဖြင့် “အဲ့ဒီမှာ ကြီးမားတဲ့ စီမံကိန်းတစ်ခု လုပ်နေတယ်ဆိုတဲ့ သတင်းကို ကြားရလို့ စုံစမ်းဖို့ လူတချို့ကို စေလွှတ်ခဲ့သေးတယ်။ ကံမကောင်းစွာပဲ စုံစမ်းတာကနေ အချက်အလက်အများကြီး မရခဲ့ပါဘူး။ လူတစ်ယောက်က ကျွန်းတစ်ကျွန်းဝယ်ပြီး အဲ့ဒီနေရာမှာ ပြန်လည်တည်ဆောက်ရေးလုပ်နေတယ်လို့ ကြားတယ်။ အဲ့ဒါ တကယ် စိတ်မကောင်းစရာပဲ။ ဒီလိုကြီးမားတဲ့ စီမံကိန်းမျိုးက ငါ့လက်ထဲ မရောက်လာခဲ့ဘူး။ နို့မဟုတ်ရင် ကြီးမားတဲ့ ကံကောင်းမှုတွေ ရနိုင်မှာကို။"
လီလောင်ရှန်းသည် အံ့သြသွားဟန်ဖြင့် ထန်ရှုကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်သော်လည်း စကားတစ်လုံးမှ မဆိုပေ။
အိုးရန်လူလူသည် ထိုစကားသံကို ကြားသည့်အခါ ပိုမိုနီးကပ်အောင် မှီလိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်သည့် အသံဖြင့် ပြောလိုက်သည်။
"ထန်ရှု … သူတို့ပြောနေတာ နင်ဝယ်ထားတဲ့ ကျွန်းအကြောင်းပဲ ဟုတ်တယ်မလား။"
"ဟုတ်လိမ့်မယ်။ ဒါပေမယ့် ငါက ဒီကိစ္စကို လူတော်တော်များများ မသိစေချင်တဲ့အတွက် မင်း အဲ့ဒီအကြောင်းကို မပြောရဘူးနော်။” ထန်ရှုက အလားတူ တီးတိုးအသံဖြင့် ပြောသည်။
“သိပြီ။” အိုးရန်လူလူက ခပ်သဲ့သဲ့ ပြုံးသည်။
စစ်ထူမိသားစုမှ စီစဉ်သော ပွဲသည် အလွန် ပေါ့ပေါ့ပါးပါး ဖြစ်သည်။ ပွဲစီစဉ်သူဖြစ်သော စစ်ထူမိသားစု၏အကြီးအကဲ စစ်ထူပေါ်ရန်သည် နောက်ဆုံးတွင် လူကိုယ်တိုင်ရောက်ရှိလာသောကြောင့် သူ၏သူငယ်ချင်းများက ဝိုင်းဝန်းနှုတ်ဆက်ကြကာ ၎င်းတို့နှင့်အတူ ထိုင်ခုံဆီသို့ ဆွဲခေါ်သွားကြသည်။ ထို့နောက် အရသာရှိသော အစားအစာများနှင့် ဝိုင်စပျစ်ရည်ကောင်းများဖြင့် တည်ခင်းကျွေးမွေးသဖြင့် မြင်ကွင်းသည် လွန်စွာ အသက်ဝင်လှပေသည်။
ထန်ရှုသည် သူ၏စကားများအား အတော်လေး ထိန်းထားရသည်။ သူနှင့်တစ်စားပွဲတည်း ထိုင်သူတိုင်းနီးပါးက သူ့အား မိတ်ဖွဲ့ချင်ပုံရသော်လည်း သူသည် ထိုသူတို့အား ရိုးရှင်းသော အဖြေတစ်ခုဖြင့်သာ တုံ့ပြန်ဆက်ဆံခဲ့သည်။ သူ အာရုံစိုက်ခဲ့သည့်လူမှာ စစ်ထူမိသားစု၏အကြီးအကဲ စစ်ထူပေါ်ရန် ဖြစ်သည်။
"ထန်ရှု … ငါတို့ အရိုအသေပေးဖို့ နင့်ကို ငါ့အဘိုးဆီ ခေါ်သွားမယ်။"
အိုးရန်လူလူက ရုတ်တရက် သူမ၏လက်ထဲမှ တူတစ်စုံကို ချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ကောင်းပြီလေ။ သူက မင်းရဲ့အဘိုးဖြစ်တယ်ဆိုမှတော့ ငါ သူ့ကို တွေ့ပါမယ်။ နောက်ပြီး စစ်ထူမိသားစုနဲ့လည်း တစ်ခုခု ပြောဖို့ ရှိသေးတယ်။” ထန်ရှုက ပေါ့ပေါ့ပါးပါး ပြုံးရင်း တုံ့ပြန်သည်။
အိုးရန်လူလူ၏မျက်နှာထက်တွင် ပုံမှန်မဟုတ်သော အမူအရာတစ်ခု ပေါ်လာကာ
“နင်က အဘိုးကို တွေ့ချင်တာလား။ ဘာအတွက်များလဲ။"
"ငါ သူနဲ့တွေ့ရင် မင်း သိရမှာပေါ့။ သွားကြရအောင်။" ထန်ရှုက ပေါ့ပါးသော အပြုံးဖြင့် ပြန်ပြောသည် ။
နှစ်ယောက်သား ထသွားလိုက်ကာ စစ်ထူပေါ်ရန်ထိုင်သည့် စားပွဲသို့ ရောက်သောအခါ အိုးရန်လူလူသည် ထန်ရှု၏လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး အပြုံးဖြင့်
"အဘိုး … ထန်ရှုနဲ့ သမီး အဘိုးကို တစ်ခွက်ဂုဏ်ပြုဖို့ လာခဲ့တယ်။"
ထန်ရှုက အိုးရန်လူလူကို လှည့်ကြည့်လိုက်မိရာ စစ်ထူပေါ်ရန်၏အကြည့်များက ထန်ရှုဆီသို့ ချက်ချင်း ကျရောက်လာသည်။
သူ့အား ဂရုတစိုက် ကြည့်ပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်ပြပြီး
“ဘယ်လောက်ကောင်းလိုက်တဲ့ လူငယ်လေးလဲ။ ထန်ရှု … မင်းက ငါ့မြေးလေးရဲ့ ချစ်သူမို့ နောက်ပိုင်း မင်း ငါတို့ စစ်ထူမိသားစုနဲ့ ပိုပြီး ရင်းနှီးလာလိမ့်မယ်။"
"ကျွန်တော်တို့တွေ ပိုပြီး ရင်းနှီးလာမယ်ဆိုတာ သေချာပါတယ် အဘိုးစစ်ထူ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ လေးစားမှုကို ပြတဲ့အနေနဲ့ ကျေးဇူးပြုပြီး ဒီဝိုင်တစ်ခွက်ကို လက်ခံပေးပါ။” ထန်ရှုက အပြုံးဖြင့် ပြောလိုက်သည်။
စစ်ထူပေါ်ရန်က သူ၏ဝိုင်ခွက်ကို မြှောက်ကာ တစ်ကျိုက်တည်း မော့သောက်ပြီးနောက် နှုတ်ခမ်းကို နှစ်ကြိမ်ပုတ်ကာ သက်ပြင်းချရင်း
"မင်းရဲ့ ခမ်းနားသော ထန်လုပ်ငန်းစုက ထုတ်တဲ့ ဒီနတ်ဘုရားဝတ်ရည်ဝိုင်က ရိုးရိုးရှင်းရှင်း ပြောရရင် အတော်ကို ကောင်းတယ်။ သောက်ပြီးသွားတာတောင် အရသာက တကယ့်ကို စွဲကျန်နေတုန်းပဲ။ ထန်ရှု … လူလူရဲ့မျက်နှာကို ထောက်ပြီး ဒီအဘိုးကြီးအတွက် အနောက်တံခါးကို ဖွင့်လို့ ကိုယ်ရေးကိုယ်တာ သုံးဖို့အတွက် ပုလင်းအချို့ ရောင်းပေးလို့ရမလား။”
"အာ … အဘိုး နောက်နေတာလား။ ဒါပေမယ့် အဘိုး အဲ့ဒါကို တကယ် ကြိုက်ရင် ကျွန်တော် ပြန်သွားတဲ့အခါ ဝိုင်သေတ္တာအချို့ ပို့ပေးဖို့ ခန်းရှကို ကျွန်တော် ပြောပေးမယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“ကောင်းတယ် … အဲ့ဒါ သိပ်ကောင်းတယ်။" စစ်ထူပေါ်ရန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"အဘိုး စစ်ထူ … ဧည့်ခံပွဲပြီးရင် အဘိုးနဲ့ စကားပြောလို့ရမလား။" ထန်ရှုက မေးလိုက်သည်။
စစ်ထူပေါ်ရန်က အံ့အားသင့်စွာဖြင့် တခဏ စိုက်ကြည့်ရင်း ချက်ချင်း ခေါင်းညိတ်လိုက်ကာ
“ကောင်းပြီ။ နောက်မှ လူလူနဲ့ လိုက်လာပြီး မိသားစုတွေ စကားပြောကြတာပေါ့။"
"ဟုတ်ကဲ့။ ဒါဆို ကျွန်တော်တို့ အဘိုးကို မနှောင့်ယှက်တော့ဘူး။"
ထန်ရှုက ပြန်ဖြေလိုက်ကာ အိုးရန်လူလူအား
သူတို့စားပွဲဆီသို့ ပြန်ခေါ်လာသည်။ သူ၏စိတ်ထဲတွင် စစ်ထူပေါ်ရန်နှင့် စီးပွားရေးလုပ်မည်ဆိုပါက ဖြစ်လာနိုင်သည့် ပြောင်းလဲမှုအချို့ကို တိတ်ဆိတ်စွာ စဉ်းစားသုံးသပ်နေသည်။ သည့်မတိုင်မီက သူသည် စစ်ထူမိသားစု၏တည်ရှိမှုကို ဂရုမစိုက်ခဲ့သော်လည်း ယနေ့လေလံပွဲပြီးနောက် သူသည် အမှားတစ်ခု လုပ်ခဲ့မိပြီကို သဘောပေါက်ခဲ့သည်။ စစ်ထူမိသားစုသည် လျှို့ ဝှက်မျိုးနွယ်စု၏အစိတ်အပိုင်း တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံရှိ အဆိုပါမျိုးနွယ်စုမှ ပုဂ္ဂိုလ်အများအပြားနှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိသည်။ သူ အသုံးပြုနိုင်သည့် အရာများစွာကို စစ်ထူမိသားစုမှတစ်ဆင့် ရှာဖွေနေသမျှ ကာလပတ်လုံး လွယ်ကူစွာ ရရှိနိုင်မည်ဖြစ်သည်။ ဥပမာ - ဒီလေလံပွဲလိုမျိုး ဖြစ်သည်။ စစ်ထူမိသားစုသည် ချင်အင်ပါယာ၏ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးနှင့် ဖီးနစ်ကိုးကောင်ဆံထိုးတို့ကို ထုတ်ပြနိုင်ခဲ့ပြီး ထိုအရာများသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အရင်းအမြစ်များ ရှိကြောင်း ညွှန်ပြနေပေသည်။ နောင်တစ်ချိန်ချိန်တွင် စစ်ထူမိသားစုသည် တခြားကောင်းသည့်အရာများ ထပ်မံ လုပ်ကောင်း လုပ်နိုင်ပေသည်။
ဧည့်ခံပွဲပြီးသည့်အခါ ထန်ရှုနှင့် အိုးရန်လူလူတို့သည် လီလောင်ရှန်းနှင့် ဝမ်တောက်ယွမ်တို့အား ဟိုတယ်အပြင်သို့ လိုက်ပို့ပေးပြီးနောက် သူတို့သည် ဟိုတယ် ၂၈ လွှာရှိ ခမ်းနားသောအခန်းသို့ သွားကြသည်။
ထိုအချိန်တွင် စစ်ထူပေါ်ရန်သည် အဘိုးကြီးနှစ်ဦးနှင့် စကားပြောနေသည်။ ထန်ရှုနှင့် အိုးရန်လူလူတို့ ရောက်လာသည်ကို မြင်သောအခါ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး
"ထန်ရှု … မင်းနဲ့ လူလူက စုံတွဲမို့လို့ မင်းက အပြင်လူ တစ်ယောက် မဟုတ်ဘူး။ ဒီနေရာမှာ ခဏစောင့်ဦးကွာ။ ငါတို့တွေ အရေးကြီးတဲ့ အချက်အချို့ကို ဆွေးနွေးနေကြလို့။ ဒါပြီးရင်တော့ ငါတို့မိသားစုတွေ စကားပြောကြတာပေါ့။"
"ကောင်းပါပြီ။" ထန်ရှုက ထွက်မသွားဘဲ တုံ့ပြန်လိုက်ပြီး အနောက်က ဆိုဖာတွင် အိုးရန်လူလူနှင့်အတူ ထိုင်လိုက်သည်။
အခန်းအလယ်က ဆိုဖာပေါ်တွင် ထိုင်နေသော စစ်ထူပေါ်ရန်က စီးကရက်ကို လက်ကြား ညှပ်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“အဲ့ဒီအုတ်ဂူအတွက် မြေပုံကို ရှာရမယ်။ အဲ့ဒါတစ်ခုပဲ ကျန်တော့တယ်။ ရှာတွေ့သွားရင် ငါကိုယ်တိုင် သွားကြည့်မယ်။ အဲ့ဒီအရာက ငါတို့အတွက် ကြီးမားတဲ့ကိစ္စဖြစ်လာမှာမို့လို့ မင်းတို့လည်း အဆင်သင့် ပြင်ဆင်ထားရမယ်။”
တရုတ်ရိုးရာဝတ်စုံ ဝတ်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးက ခေါင်းညိတ်ပြီး
“စိတ်ချပါ။ ငါတို့က အဆင်သင့်ပဲ။ ဒါပေမယ့် တည်နေရာအတိအကျကို ငါတို့ မဆုံးဖြတ်နိုင်သေးတာ စိတ်မကောင်းစရာပဲ။ ညီအစ်ကိုစစ်ထူ … မင်းရဲ့ ခန္ဓာကိုယ်က ဒီလို အန္တရာယ်ရှိတဲ့ အလုပ်တစ်ခုကို လုပ်ဆောင်ဖို့ တကယ်ကို သင့်တော်ပါ့မလား။"
"မင်းတို့အဘိုးကြီးနှစ်ယောက်တောင် လုပ်နိုင်ရင် ငါက ဘာလို့ မရရမှာလဲ။" စစ်ထူပေါ်ရန်က ဝင့်ကြွားစွာ ပြောသည်။
“ငါတို့ သုံးဦးက သင်္ချိုင်းဂူပေါင်း ၁၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး သူတို့ရဲ့ ဇစ်မြစ်နဲ့ သူတို့ရဲ့အတွင်းထဲ မြှုပ်နှံထားတဲ့ အရာတွေကို မဆုံးဖြတ်နိုင်တဲ့ အကြိမ်ရယ်လို့ တစ်ခါမှ မရှိခဲ့ဘူး။ ဒီအခွင့်အရေးကို ငါတို့လက်ကနေ ဘယ်တော့မှ လက်မလွတ်စေရဘူး။"
"ဟုတ်တယ်။ ပွေးကောင်အဘိုးကြီး ကျူးအန် ကွယ်လွန်သွားတာ အတော်ကံဆိုးတာပဲ။ ဒီကောင်က တစ်ကိုယ်ကောင်းဆန်တယ်။ ငါတို့သုံးယောက်ကိုသာ သူ ခေါ်ခဲ့မယ်ဆိုရင် သူ သေမှာမဟုတ်ဘူး။ ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးကို အဲ့ဒီရှေးဟောင်းသင်္ချိုင်းကနေ သူ လုယူခဲ့ပေမယ့် သူ့ရဲ့နောက်ဆုံးထွက်သက်မှာ ပြောပြခဲ့တဲ့ ဓားပျံကို ငါ မြင်ချင်ပါသေးတယ်။” ပိန်ပိန်ပါးပါး အဘိုးအိုက သက်ပြင်းချရင်း ပြောသည်။
"သတင်း စောင့်ကြတာပေါ့။ သင်္ချိုင်းဂူရဲ့ တတိယမြေပုံကို မရရှိနိုင်တောင်မှ အနီးစပ်ဆုံး နေရာကို ခြေရာခံလို့ရနိုင်သေးတယ်။ ကူဇန်တောင်တန်းမှာ ကြီးမားတဲ့လျှို့ဝှက်ချက် ရှိမယ်ဆိုတာ သေချာပါတယ်။” စစ်ထူပေါ်ရန်က ဖြည်းညှင်းစွာ ပြောသည်။
သူတို့နှင့် မဝေးသော နေရာတွင် ထိုင်နေသော ထန်ရှုသည် ထိုအဘိုးကြီးများ ပြောနေသော စကားများကို နားထောင်ရင်း သူ၏ရင်ထဲ အနည်းငယ် လှုပ်ရှားသွားရသည်။
…ပျံသန်းနိုင်တဲ့ဓားတစ်စင်းတဲ့လား။ အဲ့ဒါက ဓားပျံတစ်စင်းများ ဖြစ်နိုင်မလား။ မည်သူမျှ ထိန်းချုပ်မှုမရှိဘဲ ပျံသန်းနိုင်သော ဓားသည် ဓားအစီအရင်တစ်ခုအတွင်း ခင်းကျင်းထားသော ဓားတစ်စင်း ဖြစ်လိမ့်မည်။ ပြီးတော့ သည်အစီအရင်သည်လည်း အတော်လေး အားကောင်းရမည်ဖြစ်သည်။ မည်သို့သော စွမ်းအားကြီးပုဂ္ဂိုလ်မျိုးက သည်အရာကို စီစဉ်ခဲ့နိုင်ပါသနည်း…
ထန်ရှု၏အတွေးများ ထိုနေရာသို့အရောက်တွင် ချက်ချင်း ထကာ ထိုအဘိုးကြီးသုံးယောက်၏အရှေ့သို့ သွားလိုက်ပြီး
"ပျံသန်းနိုင်တဲ့ ဓားတစ်လက် ရှိတယ်လို့ ပြောတာ ကျွန်တော် ကြားလိုက်ရသလားလို့။ ကျွန်တော် အဲ့ဒီအကြောင်း တစ်ခုခု သိလောက်တယ်။"
အဘိုးအိုနှစ်ယောက်က မျက်မှောင်ကြုပ်သွားသည်။ သူတို့မျက်နှာထက်တွင် သဘောမကျသည့် အမူအရာများ ရှိနေသည်။
စစ်ထူပေါ်ရန်ကမူ မျက်မှောင်ကြုပ်သွားသည့်တိုင် အပြုံးဖြင့် တုံ့ပြန်နေဆဲဖြစ်သည်။
"ထန်ရှု … မင်း ဒီအကြောင်းကို သိတယ်ဆိုရင် ငါတို့ကို ပြောပြပါဦး။”
“ပျံသန်းနိုင်တဲ့ဓားဆိုတာ ဒဏ္ဍာရီလာ ကျင့်ကြံသူတွေရဲ့ ဓားပျံ ဖြစ်လိမ့်မယ်။ ရှေးဟောင်းသင်္ချိုင်းထဲ ပျံသန်းနေတဲ့ဓား ရှိပြီး လူတစ်ယောက်မှ မရှိဘူးလို့ အဘိုးတို့ ပြောခဲ့ကြတယ်။ အဲ့ဒီအဓိပ္ပာယ်က တစ်ဦးတစ်ယောက်က ဓားပျံတစ်စင်းနဲ့ ဓားအစီအရင်ကို ခင်းကျင်းထားတယ်လို့ ဆိုလိုတာပဲ။
ဓားတစ်လက်အစီအရင်ကို ခင်းကျင်းနိုင်တဲ့သူတွေက ကျင့်ကြံသူတွေကြားထဲမှာ သေချာပေါက် စွမ်းအားကြီးတဲ့သူ ဖြစ်ကြတာမို့ ဓားအစီအရင်ရဲ့ စွမ်းအားကိုလည်း လျှော့မတွက်တာ ကောင်းလိမ့်မယ်။”
"ဓားအစီအရင် ဟုတ်လား။" အဘိုးကြီးသုံးယောက်၏အမူအရာသည် ပြောင်းလဲသွားကာ တစ်ပြိုင်နက်တည်း အော်လိုက်မိကြသည်။
ထန်ရှုသည် ကျင့်ကြံသူများ၏တည်ရှိမှုကို အမှန်တကယ် သိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။
စစ်ထူပေါ်ရန်က ဘေးနားက ဆိုဖာအလွတ်ကို ထိုင်ရန် ညွှန်ပြရင်း
"ထန်ရှု … မင်းက ကျင့်ကြံသူတွေ၊ ဓားပျံတွေနဲ့ ဓားအစီအရင်တွေအကြောင်း ပြောတယ်ဆိုမှတော့ အဲ့ဒါထက် ပိုသိတယ်မဟုတ်လား။ ကောင်းပြီ … ငါတို့ကို ပြောပြပါဦး။"
ထန် ရှု ဝင်ထိုင်လိုက်ပြီးနောက်
“ကျင့်ကြံသူတွေက လျှို့ဝှက်စွာ တည်ရှိပြီး ဆန်းကြယ်တဲ့ ခွန်အားနဲ့ ကြောက်မက်ဖွယ် စွမ်းရည်တွေကို ပိုင်ဆိုင်ကြတယ်။ လေလံပွဲမှာ ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးကို အလွန်မြင့်မားတဲ့ ဈေးနှုန်းနဲ့ ကျွန်တော် ဝယ်ယူခဲ့တာကို အဘိုးတို့အားလုံး သိကြမှာပါ။ ဒါပေမယ့် ကျွန်တော် ဘာကြောင့် ဝယ်ခဲ့ရတာလဲဆိုတာတော့ မစဉ်းစားမိလောက်ဘူး။"
အချိန် အတော်ကြာ စဉ်းစားပြီးနောက် စစ်ထူပေါ်ရန်က လေးနက်သော အမူအရာဖြင့်
"ငါတို့ကို မှန်းဆခိုင်းမနေပါနဲ့တော့။ မင်း တန်းသာ ပြောလိုက်ပါ။"
“တကယ်တော့ ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးက ဆန်းကြယ်တဲ့ ပစ္စည်းဖြစ်သလို အလွန်အစွမ်းထက်တဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်တယ်။ အဲ့ဒီပစ္စည်းရဲ့ လက်တွေ့ကျပြီး ထူးခြားတဲ့ အသုံးပြုမှုတွေအကြောင်း ကျွန်တော် မပြောပြနိုင်တဲ့အတွက် စိုးရွံ့မိပါတယ်။ ဒါပေမယ့် ကျွန်တော် ပြောနိုင်တာက မှော်ကိရိယာတွေနဲ့ ကျင့်ကြံသူတွေအကြောင်း ကျွန်တော် အများကြီး သိတယ်ဆိုတာပဲ။ အဲ့ဒီဓားအစီအရင်ကို ချိုးဖျက်ဖို့ နည်းလမ်း ကျွန်တော့်မှာ ရှိတယ်လို့ အဘိုးတို့ကို ပြောလို့တောင်ရတယ်။"
စစ်ထူပေါ်ရန်နှင့် အခြားအဘိုးအိုနှစ်ဦးတို့၏အမူအရာ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူတို့၏မျက်နှာထက်တွင် ထိတ်လန့်သွားသည့်ဟန်ကို အထင်းသား မြင်ရပြီး ထန်ရှုကို စူးစိုက်ကြည့်နေကြပြီး အချိန်အတော်ကြာအောင် စကားမပြောနိုင်ဘဲ ရှိနေကြသည်။
နောက်ဆုံးတွင် စစ်ထူပေါ်ရန်က လေးနက်သော လေသံဖြင့် မေးလာသည်။
"ထန်ရှု … ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးက ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခု ဖြစ်ပြီး အဲ့ဒီဓားအစီအရင်ကို မင်း ချိုးဖြတ်နိုင်တယ်လို့ ခုလေးတင် မင်း ပြောလိုက်တာလား။"
"ဟုတ်ပါတယ်။" ထန်ရှု ခေါင်းညိတ်သည်။
“ဒါဆို မင်းကရော ကျင့်ကြံသူတစ်ယောက်ပဲလား။” စစ်ထူပေါ်ရန်က အမြန် မေးလိုက်သည်။
ထန်ရှုက ခေါင်းယမ်းရင်း
“ဟင့်အင်း … မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က ကျင့်ကြံသူတစ်ယောက် မဟုတ်ပေမယ့် သူတို့ရဲ့ အခြေအနေကို အများကြီး သိပါတယ်။ ဒါပေါ့ … ကျွန်တော့်ရဲ့အရည်အချင်းတချို့က သူတို့နဲ့ နှိုင်းယှဉ်လို့ရတဲ့အတွက် အဘိုးတို့က ကျွန်တော့်ကို ကျင့်ကြံသူအဖြစ်လည်း မှတ်ယူနိုင်ပါတယ်။”
"မင်းရဲ့ အရည်အချင်းက ဘာလဲ။" ပိန်ပိန်ပါးပါး အဘိုးအိုက ကမန်းကတန်း မေးလာသည်။
"ဥပမာအားဖြင့် ကျွန်တော်က အစီအရင်ခင်းကျင်းမှုမှာ နက်ရှိုင်းတဲ့ အသိပညာရှိပြီး မှော်သင်္ကေတတွေနဲ့ အဆောင်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ ကျွမ်းကျင်တယ်လို့ ဆိုနိုင်တယ်။" ထန်ရှုက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။
…အစီအရင်များ၊ မှော်သင်္ကေတများနှင့် အဆောင်များ…
အဘိုးအို ၃ယောက်ခမျာ ထန်ရှုကို စိုက်ကြည့်ပြီး မည်သည့်စကားမှ မပြောနိုင်ကြတော့ချေ။
ထန်ရှုတွင် နတ်ဆေးသမားတော်တစ်ယောက်ဟူသော အခြားဂုဏ်ပုဒ်တစ်ခု ရှိသည်ကို သူတို့ သိထားကြသော်လည်း ထန်ရှုသည် အစီအရင်ခင်းကျင်းရာတွင် ထူးချွန်သည့်အပြင် မှော်သင်္ကေတနှင့် အဆောင်ပညာများကိုပါ ကျွမ်းကျင်ထားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပါချေ။
"ထန်ရှု … မင်း အဲ့ဒါတွေအကြောင်းကို ဘယ်ကနေ ဘယ်လိုလေ့လာခဲ့တာလဲ။" စစ်ထူပေါ်ရန်က မေးလာသည်။
“ကျွန်တော်က စာအုပ်မျိုးစုံကို အမြဲ ဖတ်ဖြစ်တယ်။ ကံကောင်းချင်တော့ စာအုပ်တချို့ ရလာခဲ့တယ်။ စာအုပ်တွေထဲမှာ ဆေးပညာ၊ အစီအရင်နဲ့ မှော်သင်္ကေတတွေအကြောင်း ဗဟုသုတများစွာ ပါရှိတယ်။ ကျွန်တော် နှစ်အတော်ကြာ လေ့လာပြီး သုတေသနပြုစမ်းသပ်ခဲ့တဲ့ အဆုံးမှာတော့ အဲ့ဒါတွေကို ကျွမ်းကျင်လာတာပါပဲ။”
***