← Chapters

မြေငလျင်လှုပ်သည့်အလား အံ့သြတုန်လှုပ်ကြခြင်း

Vol. 11 Ch. 517

မြေငလျင်လှုပ်သည့်အလား အံ့သြတုန်လှုပ်ကြခြင်း

Vol. 11 Ch. 517

သုံးယောက်သား ထန်ရှုကို အကဲခတ်လိုက်သည့်အခါ မြင်နေရသော ထန်ရှု၏တည်ငြိမ်သည့် အသွင်အပြင်အရ လိမ်နေသည့်ဟန်နှင့်မတူပေ။ သူတို့၏ခေါင်းထဲသို့ အတွေးအမျိုးမျိုးသည် တိုးဝင်လာသည်။ သူတို့သုံးယောက်သည် အနှစ်၅၀ကျော်ကြာ ခင်မင်ရင်းနှီးခဲ့ကြသူများပီပီ တစ်ယောက်နှင့်တစ်ယောက် အတွင်းသိအစင်းသိများ ဖြစ်ကြသည်။ သုံးယောက်သား အကြည့်ချင်းဆုံကာ စိတ်ကူးအမြင်ဖလှယ်လိုက်ကြပြီး တစ်ယောက်၏ စိတ်ထဲတွင် မည်သည့်အကြောင်းအရာ ရှိနေသည်ကို တိတ်တဆိတ် သိလိုက်ကြသည်။

စစ်ထူပေါ်ရန်က သူ၏မေးစေ့ကို ညင်သာစွာ ပွတ်သပ်ရင်း

"ထန်ရှု … မင်းက အစီအရင် ခင်းကျင်းရာမှာ ကျွမ်းကျင်တယ်။ ငါတို့ သွားကြည့်မယ့် ရှေးဟောင်း သင်္ချိုင်းမှာလည်း ဓားအစီအရင်တစ်ခု ရှိနေတယ် … ငါ တွေးနေတာက မင်း ငါတို့နဲ့ လိုက်ခဲ့ဖို့ စိတ်ဝင်စားလား။ မင်း စိတ်ချပါ … ငါတို့ အဲဒီက ရိတ်သိမ်းလာတဲ့ အကျိုးအမြတ်ဝေစုကို မင်းလည်း ရလိမ့်မယ်။”

“အဲ့ဒီနေရာကို လိုက်ပြီးစူးစမ်းဖို့ ကျွန်တော်လည်း တကယ် စိတ်ဝင်စားပါတယ်။ အတော် စိတ်လှုပ်ရှားစရာ ကောင်းပြီး ပျော်ဖို့လည်း ကောင်းမယ်လို့ ကျွန်တော် ယုံတယ်။ ဘာပဲဖြစ်ဖြစ် အဘိုးတို့ သုံးယောက် ကျွန်တော့်ကို ချန်မထားဘူးဆိုမှတော့ ကျွန်တော်လည်း လိုက်ခဲ့မယ်။ အခြားသူတွေ ရှေးဟောင်းသင်္ချိုင်းထဲမှာ တွေ့ရမယ့် ဓားအစီအရင်ခင်းကျင်းမှုကို ချိုးဖြတ်နိုင်ဖို့ အာမခံဝံ့ကြမှာမဟုတ်ပေမယ့် ကျွန်တော်ကတော့ အဲ့ဒါကို ဖြိုခွဲနိုင်ဖို့ ယုံကြည်ချက် ရှိတယ်။ အဆောင်နဲ့ ပတ်သက်ပြီးတော့လည်း ကြိုပြီး ပြင်ဆင်ပေးပါ့မယ်။”

"ထန်ရှု … စိတ်မရှိရင် ငါတို့ရှေ့မှာ အဲဒါကို မင်း ပြပေးလို့ ရမလား။" ပိန်ပိန်ပါးပါး အဘိုးအိုက မေးသည်။

"ကျွန်တော့်ကို ဘာပြစေချင်တာလဲ။" ထန်ရှုက အပြုံးဖြင့် ပြန်မေးသည်။

“အဲ့ဒါက အစီအရင်တွေအကြောင်းဆိုရင် မင်းက အဲ့ဒီကဏ္ဍမှာ တကယ် ကျွမ်းကျင်သလား၊ မကျွမ်းကျင်ဘူးလားဆိုတာ ဘယ်လိုသေချာအောင် လုပ်ရမလဲဆိုတာ ငါတို့ မသိဘူး။ ဒါပေမယ့် မင်းကိုယ်တိုင် အဆောင်တွေ လုပ်မယ်လို့ ပြောတယ်။ အခု အဲ့ဒီထဲက တစ်ခုလောက် လုပ်ပြပြီး ငါတို့မျက်လုံး ပွင့်အောင် ပြဖို့ စိတ်ကူးရှိလား။" ပိန်ပိန်ပါးပါး အဘိုးအိုက ပြောသည်။

“ဒါဆို ကျွန်တော် မင်နဲ့စက္ကူ လိုလိမ့်မယ်။ စက္ကူက အဝါရောင်ဖြစ်ပြီး မင်က ဟင်္သာပြဒါးမင် ဖြစ်ရမယ်။ အဘိုးတို့သုံးယောက်လို မသန့်ရှင်းတဲ့အရပ်ကို မကြာခဏ ဝင်ကြတဲ့သူတွေအတွက် မကောင်းတဲ့ နတ်ဆိုးအော်ရာက ခန္ဓာကိုယ်ထဲ မလွဲမသွေ ဝင်ရောက်လာမှာပဲ။ ဒီတော့ အဘိုးတို့ခန္ဓာကိုယ်ကနေ နတ်ဆိုးအော်ရာ မထွက်ဖို့ နတ်ဆိုးကာကွယ် အဆောင်သုံးခုကို သေချာလုပ်ပေးမယ်။"

ထန်ရှုက တုံ့ဆိုင်းခြင်း မရှိဘဲ ပြန်ပြောလိုက်သည်။

နတ်ဆိုးကာကွယ်အဆောင် … ထိုအဆောင်သည် ၎င်းတို့၏လျှို့ ဝှက်မျိုးနွယ်စုရှိ အရေးကြီးဆုံး အရာများထဲမှ တစ်ခုဖြစ်သည်။

သူတို့အသီးသီးထံတွင် နတ်ဆိုးကာကွယ်အဆောင်များ ရှိကြသော်လည်း ၎င်းတို့လက်ထဲရှိ အရေအတွက်သည် နှစ်များကြာလာသည်နှင့်အမျှ လျော့ပါးလာပြီဖြစ်သည်။ စစ်ထူမိသားစုတွင် နတ်ဆိုးကာကွယ်အဆောင်သုံးခုသာ ကျန်ရှိတော့ပြီး ကျန်အဘိုးကြီးနှစ်ဦးထံတွင်လည်း အလားတူပင် ဖြစ်သည်။

ယခုအချိန်သည် ညဉ့်နက်နေပြီဖြစ်သော်လည်း ထန်ရှု လိုအပ်သောအရာများကို စစ်ထူမိသားစု၏စွမ်းရည်ဖြင့် အလွယ်တကူ ရှာဖွေနိုင်သည်။ သို့သော် အနားရှိ အိုးရန်လူလူသည် ယခုအချိန်ထိ စကားတစ်ခွန်းမှ မပြောသော်လည်း သူမ၏မျက်ဝန်းများသည် ထူးထူးခြားခြား တောက်ပလှပနေသည်။ သူမသည် ထန်ရှုအကြောင်း တော်တော်များများ သိနေသည့်တိုင် ထန်ရှုသည် အဆောင်များကဲ့သို့ ဆန်းကြယ်သော အရာများ ပြုလုပ်နိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ရုံသာမက သူသည် လျှို့ဝှက်ဂိုဏ်း၏ အကြီးအကဲများအသိုင်းအဝိုင်းထဲသို့ပင် ဝင်ရောက်နိုင်ခဲ့ပေသည်။

သိပ်ထူးချွန်တယ်။ ထန်ရှုသည် အမှန်တကယ် ထူးချွန်ပြီး ပြီးပြည့်စုံသည်ဟု သူမ ခံစားမိသည်။

ထန်ရှုအား မင်နှင့်စာရွက်ကို ပေးပြီးနောက် ထန်ရှုတစ်ယောက် ထူးဆန်းသော သင်္ကေတများကို အပြည့်အဝ အာရုံစိုက်ကာ ရေးဆွဲနေခြင်းအပေါ်   သူမနှင့် အဘိုးကြီး၃ဦးသည် ဘေးတွင် ငြိမ်သက်စွာ ထိုင်ကာ ကြည့်ရှုနေကြသည်။ ရေးဆွဲနေစဉ် ထန်ရှု၏ လှုပ်ရှားမှုသည် တိမ်များ ရွေ့လျားနေသည့်အလား၊ ရေများစီးဆင်းနေသည့်အလား လွန်စွာ ချောမွေ့ပြေပြစ်လှပေသည်။

လက်ရေးလှစာပန်းချီအား ပျံသန်းနေသည့် နဂါးသဖွယ်၊ ကခုန်နေသည့် ဖီးနစ်များသဖွယ် ကောင်းမွန်လှသော လက်ရေးဖြင့် ရေးဆွဲဖန်တီးထားသည်။ သာမန်ထက် ထူးခြားစွာ ရှုပ်ထွေးနေဟန် ရှိသော်လည်း ဖော်မပြနိုင်သော အဆောင်တစ်ခုကို ပေါ်လွင်စေသည်။

နာရီဝက်ကြာပြီးနောက် ထန်ရှုသည် နတ်ဆိုးကာကွယ်အဆောင်သုံးခုကို ပြီးစီးခဲ့သည်။ စက္ကူအဆောင်များသည် သာမန်စက္ကူဟု ထင်ရသော်လည်း အဘိုးကြီးသုံးဦးသည် ထိုအဆောင်များကို ယူပြီး လက်ထဲတွင် ကိုင်မိသောအခါ အေးစက်စက်ခံစားချက်ကို ခံစားရမိသည်။

"ဟုတ်တယ်။ ဒါ တကယ်ကို နတ်ဆိုးကာကွယ် အဆောင်ပါပဲ။"

စစ်ထူပေါ်ရန်က စိတ်လှုပ်ရှားမှုဖြင့် တောက်ပနေသော မျက်လုံးများဖြင့် ပြောခဲ့သည်။

နတ်ဆိုးကာကွယ်အဆောင်ကို ကိုင်ဆောင်ထားသည့် ပိန်ပိန်ပါးပါး အဘိုးအို၏ပိန်လှီနေသော လက်ဖဝါးသည် အနည်းငယ် တုန်ရီနေသည်။ အရေးအကြောင်းများ ရှိနေသော သူ၏မျက်နှာပေါ်တွင် လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်လာပြီး သူ့ဘာသာ တီးတိုးရေရွတ်ရင်း

“နှစ် ၁၀၀ ရှိပြီ။ ဟုတ်တယ် … နတ်ဆိုးကာကွယ်အဆောင်ကို ပြုလုပ်နိုင်တယ်လို့ နောက်ဆုံးအကြိမ်အဖြစ် ငါ ကြားခဲ့တာ နှစ်ပေါင်း ၁၀၀ ရှိသွားပြီ။ ငါတို့ လျှို့ ဝှက်ဂိုဏ်းမှာ လူအနည်းငယ်သာ ရှိပြီး ဘိုးဘေးတွေက ပေးအပ်ထားတဲ့ အရာတွေလည်း လျော့ပါးလာခဲ့တယ်။ ဒီနတ်ဆိုးကာကွယ်အဆောင် အားလုံးကို အကုန်လုံး သုံးကုန်သွားတဲ့အထိ တစ်ခုပြီး တစ်ခု အသုံးပြုရတော့မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ဒီထက်ပိုပြီး ပြုလုပ်နိုင်မယ်လို့ တွေးကြည့်ဖို့ဆိုတာ တကယ့်ကို မမျှော်လင့်ထားတဲ့အရာပဲ။”

နဖူးထက်တွင် ဘုကြီးရှိသော အခြားအဘိုးအိုက ခေါင်းတဆတ်ဆတ်ညိတ်ရင်း

"မင်း ပြောတာမှန်တယ်။ ဒီနတ်ဆိုးကာကွယ်အဆောင်က ငါတို့ အားကိုးနေရတဲ့ အရာပဲ။ နတ်ဆေးသမားတော်ထန် … မဟုတ်ဘူး … ဒါ မမှန်ဘူး။ ဆရာကြီးထန်က ငါတို့ရဲ့ လျှို့ ဝှက်ဂိုဏ်းရဲ့ လူတွေထဲက တစ်ယောက်ပါပဲ။”

"စီနီယာသုံးယောက် … အဘိုးတို့က ထန်ရှုရဲ့ စီနီယာတွေ ဖြစ်ပြီး အဘိုးတို့အားလုံးက ကျွန်တော့်ထက် ပိုသိကြတဲ့သူတွေပါ။ နောက်ပိုင်း ကျွန်တော် နားမလည်တာတွေများ ရှိခဲ့ရင် ကျွန်တော့်ကို လမ်းညွှန်မှုတွေ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။" ထန်ရှုက အပြုံးဖြင့် ပြောသည်။

စစ်ထူပေါ်ရန်သည် နတ်ဆိုးကာကွယ်အဆောင်ဆီမှ သူ၏အကြည့်အား ထန်ရှု၏မျက်နှာဆီသို့ ပြောင်းလွှဲလိုက်ပြီးနောက် အလေးအနက်အမူအရာဖြင့် "ထန်ရှု … မင်း ငါတို့နဲ့ စီးပွားရေးကိစ္စတစ်ခု လုပ်ချင်လား။"

ထန်ရှု၏အမူအရာမှာ လှုပ်ရှားသွားပြီး

"အဘိုးဆိုလိုတာက နတ်ဆိုးကာကွယ်အဆောင်အတွက် ကျွန်တော်နဲ့ စီးပွားရေးကိစ္စတစ်ခု လုပ်ချင်တာလား။"

စစ်ထူပေါ်ရန်က လေးပင်စွာ ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ နတ်ဆိုးကာကွယ်အဆောင်တစ်ခုအတွက် ယွမ် မီလီယံ ၅၀ ပေးမယ်။ ငါ အဲ့ဒါတွေကို အများကြီးတော့ မလိုဘူး … အခု၁၀၀လောက်ပဲ။”

…အခု၁၀၀…

ထန်ရှု၏ပါးစပ် မဲ့ရွဲ့သွားရသည်။ နတ်ဆိုးကာကွယ်အဆောင်တစ်ခု၏တန်ဖိုးသည် ယွမ်မီလီယံ ၅၀ရှိပြီး အခု၁၀၀ဆိုပါက ၅ဘီလီယံ ဖြစ်သည်။ လျှို့ ဝှက်မျိုးနွယ်စုလူများ၏အမြင်တွင် ဤအရာသည် အမှန်တကယ် အဖိုးတန်သောအရာ ဖြစ်ပါသည်လား။

“ငါ့ရဲ့ကျင်းမန်မိသားစုကလည်း အခု ၅၀ လိုအပ်တော့ တစ်ခုကို မီလီယံ၅၀နဲ့ ဝယ်ပါမယ်။ ဆရာသခင်ထန် မင်း ဘာပြောဦးမလဲ။" ပိန်ပိန်ပါးပါး အဘိုးအိုက မဆိုင်းမတွ ပြောလာသည်။

"ငါလည်း အခု ၅၀ လိုတယ်။" အခြားအဘိုးအိုကလည်း အသံဝါကြီးဖြင့် ပြောသည်။

အဘိုးအိုသုံးယောက်ကို ထန်ရှု တွေတွေကြီး စိုက်ကြည့်မိရင်း သူ၏စိတ်အား မချိတင်ကဲ ခံစားချက်ဖြင့် အစားထိုးသွားတော့သည်။ နတ်ဆိုးကာကွယ်အဆောင်ထံမှ ငွေများစွာ ရနိုင်သည်ဟု စောစောကသာ သူ သိခဲ့ပါက သူ၏ကိုယ်ပိုင်လုပ်ငန်းကို ထူထောင်ရန် သည်ကဲ့သို့တက်ကြွသော ကြိုးပမ်းအားထုတ်မှုများကို အဘယ်ကြောင့် လုပ်နေပါတော့မည်နည်း။ တစ်ခု သိရမည်မှာ သူသည်

သည်နတ်ဆိုးကာကွယ်အဆောင်ကို ပြုလုပ်နိုင်ရုံသာမက သူ၏လက်ရှိကျင့်ကြံမှုနှင့်ဆိုပါက အခြားအဆောင်ဆယ်မျိုးကျော်ကိုလည်း ပြုလုပ်နိုင်ပေသည်။ အမျိုးအစားတစ်ခုစီအား သည်လောက်ဈေးနှုန်းနှင့်အရေအတွက်အတိုင်း ရောင်းချနိုင်ပါလျှင် ... သူသည် နိုင်ငံ၏ထိပ်တန်း သန်းကြွယ်သူဌေးကြီးတွေထဲက တစ်ယောက် အလွယ်တကူ ဖြစ်လာနိုင်သည် မဟုတ်ပေလော။

ထို့နောက် ထန်ရှုသည် ပိန်ပိန်ပါးပါး အဘိုးအိုနှင့် နဖူးတွင် ဘုပါသောအဘိုးအိုကို ကြည့်ကာ မေးလိုက်သည်။

"ဒီက စီနီယာနှစ်ယောက်ကို ကျွန်တော် ဘယ်လိုခေါ်ရမလဲ သိပါရစေလား။"

"ငါက ကျင်းမန်ထျန်းပါ။"

"လီယွမ်…"

"စီနီယာ ကျင်းမန် …  စီနီယာလီ … ကျေးဇူးပြုပြီး ကျွန်တော့်ကို သုံးရက်လောက် အချိန်ပေးပါ။ ပြီးရင် တစ်ယောက်ချင်းစီကို နတ်ဆိုးကာကွယ်အဆောင် ၅၀ခုစီကို ကျွန်တော် သေချာပေါက် ပို့ပေးလိုက်မယ်။" ထန်ရှုက ပြောလိုက်သည်။

ကျင်းမန်ထျန်းက လက်ခုပ်လက်ဝါးတီးကာ ရယ်မောရင်း

“ကောင်းတယ်။ သိပ်ကောင်းတယ်။ ဆရာသခင်ထန် … ဖုန်းနံပါတ်တွေ လဲထားကြရအောင်။ အချိန်ကျတဲ့အခါ မင်းအတွက် ငါ ပိုက်ဆံတွေ ပြင်ထားလိုက်မယ်။"

"ငါရောပဲ။" လီယွမ်က ကျေနပ်နေသော အမူအရာဖြင့် ဝင်ပြောလိုက်သည်။

"ကောင်းပါပြီဗျာ။" ထန်ရှု တုံ့ပြန်သည်။

ဘေးတွင် စစ်ထူပေါ်ရန်သည် ထန်ရှုကို အကြည့်မပျက် ရှိနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည့်အလား

“ညီအကိုတို့ … ငါတို့ရဲ့ အရင်ဆွေးနွေးမှုက ပြီးသွားပြီ။ သင်္ချိုင်းဂူအတွက် တတိယမြေပုံကို ရှာတွေ့ခဲ့ရင် အဲ့ဒီနေရာကို ရှာဖို့ ငါတို့ ချက်ချင်းထွက်ကြမယ်။ ဒီဇင်ဘာလမကုန်ခင် မတွေ့ခဲ့ရင် အဲ့ဒါရဲ့ အနီးစပ်ဆုံး တည်နေရာကို ခန့်မှန်းဖို့ အရင်မြေပုံနှစ်ခုကို အသုံးပြုမယ်။"

"ပြဿနာ မရှိဘူး။ လာဖို့အချိန်ကျရင် ငါ ဆရာသခင်ထန်ကို အကြောင်းကြားပေးမယ်။" ကျင်းမန်ထျန်းက ခေါင်းညိတ်သည်။

“ဒါဆို ငါ မင်းကို မဆွဲထားတော့ဘူး။” စစ်ထူပေါ်ရန်က ခေါင်းညိတ်သည်။

ကျင်းမန်ထျန်းနှင့် လီယွမ်တို့နှစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် တိတ်တဆိတ် ထွက်သွားသည်။

အခန်းထဲတွင် ထန်ရှုနှင့် အိုးရန်လူလူသာ ကျန်ခဲ့ပြီးနောက် စစ်ထူပေါ်ရန်သည် ထန်ရှု၏အရှေ့သို့ ပြန်ရောက်လာသည်။ ထို့နောက် သူက ထိုင်လိုက်ပြီး "ထန်ရှု … မင်း ဒီ့မတိုင်ခင်က ငါ့ကို စကားပြောချင်တယ်လို့ ပြောခဲ့တယ်။ ဘာအကြောင်း ပြောချင်တာလဲ။”

"အဘိုးစစ်ထူ … အဘိုးက ပေကျင်းမှာ ဒီမြေအောက်လေလံပွဲကို နှစ်အတော်ကြာအောင် စီစဉ်ခဲ့တာဆိုတော့ ထူးခြားဆန်းပြားတဲ့ အရာတွေကို ရှာဖွေဖို့ အထူးလမ်းကြောင်းတချို့  ရှိမှာပေါ့။ စစ်ထူမိသားစုက ရှာတွေ့လာတဲ့ ကုန်ပစ္စည်းအားလုံးကို ကျွန်တော် ကြိုတင်ရွေးနိုင်ဖို့ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု ဖွဲ့လို့ရနိုင်မလား။ ကျွန်တော် အဲ့ဒါတွေကို ဈေးကြီးကြီး ပေးဝယ်ပါမယ်။ ဒါပေါ့ … အဘိုး အဲ့ဒါကို မလုပ်ချင်ဘူးဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ တခြားနည်းလမ်းတွေလည်း ကျွန်တော်တို့ သုံးလို့ရပါတယ်။”

"အခြားပူးပေါင်းဆောင်ရွက်မှုနည်းလမ်းတွေအကြောင်း အသေးစိတ် ပြောပါဦး။" စစ်ထူပေါ်ရန်က မျက်လုံးမှေးစင်းကာ ပြောလိုက်သည်။

ထန်ရှုက

"ဥပမာ … အလဲအလှယ် လုပ်တာမျိုးပေါ့။”

"မင်းလိုချင်တဲ့ ပစ္စည်းတွေအတွက် မင်းရဲ့ နတ်ဆိုးကာကွယ်အဆောင်တွေနဲ့ လဲလှယ်ဖို့ ဆိုလိုတာလား။" စစ်ထူပေါ်ရန်က မေးသည်။

"မဟုတ်ဘူး။ အဲ့ဒီအဆောင်တစ်မျိုးတည်းပဲ မဟုတ်ဘူး" ထန်ရှုက ခေါင်းယမ်းရင်း

"အေးခဲအဆောင်၊ မီးတောက်အဆောင်၊ မိုးကြိုးအဆောင်နဲ့ ပျောက်ကင်းအဆောင်တွေလို အခြားသော အဆောင်အမျိုးအစားများစွာကိုလည်း ကျွန်တော် လုပ်ပေးနိုင်တယ်။"

စစ်ထူပေါ်ရန်သည် ထိတ်လန့်သွားသော အကြည့်ဖြင့် ရုတ်ခြည်းထရပ်လိုက်ပြီး

"မင်း အဆောင်အမျိုးအစား အများကြီးကို ထုတ်လို့ရတယ်ပေါ့။ မင်း … မင်း … ဘယ်လို ရှေးကျမ်းစာကို ရခဲ့တာလဲ။ တွေးကြည့်ရင် မင်း…”

“တစ်ချိန်က ကျွန်တော် ရခဲ့တာ ဘယ်လိုကျမ်းစာမျိုးလဲဆိုတာ အဘိုး မသိချင်ပါနဲ့ဗျာ။ ကျွန်တော် မေးချင်တာက ကျွန်တော် ပြောပြခဲ့တဲ့ အခြေခံတွေအရဆိုရင် ပူးပေါင်းဖို့ အဘိုး ဆန္ဒရှိပါသလား။"

စစ်ထူပေါ်ရန် အသက်ရှူကြပ်သွားရသဖြင့် တစ်ခဏ အသက်ပြင်းပြင်း ရှူပြီးနောက်

“ဒါက ပြဿနာ မရှိပါဘူး။ အဆောင်စာရွက်တွေကို မင်း တကယ်ပေးနိုင်သရွေ့ စစ်ထူမိသားစုက မင်းအတွက် ငါတို့ရဲ့ ရတနာသိုက်ကို ဖွင့်ပေးနိုင်ပါတယ်။"

"ဒါဆို ဆုံးဖြတ်လိုက်တာပေါ့။ အဘိုး ဝယ်ချင်တဲ့ နတ်ဆိုးကာကွယ်အဆောင်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်မှာ အခြေအနေတစ်ခုရှိပေမဲ့ အခု၁၀၀လုံးကို ရောင်းမယ်လို့ ကတိပေးပါတယ်။” ထန်ရှုက ပြုံးကာ ပြောသည်။

"ပြောကြည့်ပါ။"

ထိုအချိန်တွင် စစ်ထူပေါ်ရန်၏မျက်လုံးများ နီရဲလာသည်။ သူ၏စစ်ထူမိသားစုသည် လျှို့ဝှက်မျိုးနွယ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဤအဆောင်လက်ဖွဲ့များသည် ၎င်းတို့အတွက် မရှိမဖြစ် လိုအပ်သောကြောင့် သည်အခိုက်အတန့်တွင် ထန်ရှုကသာ တောင်းဆိုပါက သူ့အသက်ကို ပေးရန်ပင် သဘောတူနိုင်ပေမည်။ သူ၏စစ်ထူမိသားစုသည် ထိုအဆောင်များစွာကို ရရှိပြီးသည်နှင့် မိသားစု၏ ခွန်အားကို တိုးမြင့်လာစေမည်မှာ သေချာသောကြောင့် ၎င်းတို့၏အနာဂတ်မျိုးဆက်များအတွက် အကျိုးကျေးဇူးများ ပိုမိုရရှိစေမည်ဖြစ်သည်။

"ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးနဲ့ ဖီးနစ်ကိုးကောင်ဆံထိုးကို ကျွန်တော် ယွမ် ၃.၁ဘီလီယံနဲ့ ဝယ်ခဲ့တာ အဘိုးလည်း သိသားပဲ။ နတ်ဆိုးကာကွယ်အဆောင်ရဲ့ စုစုပေါင်းတန်ဖိုးက ယွမ်၅ဘီလီယံ ရှိတယ်။ ဒါကြောင့် ကျွန်တော့်ကို ယွမ် ၃.၁ဘီလီယံ ပြန်ပေးဖို့နဲ့ အဖိုးရဲ့စစ်ထူမိသားစု ဘဏ္ဍာတိုက်က ပစ္စည်းနှစ်ခုကို ရွေးချယ်ခွင့်ပြုပေးဖို့ပါ။ ပြီးရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းသဘောတူညီချက်ကို နိဂုံးချုပ်လိုက်တာပေါ့။" ထန်ရှုမှ ပြောလိုက်သည်။

စစ်ထူပေါ်ရန်သည် ထန်ရှုအား တခဏ တွေတွေကြီး ကြည့်နေပြီးနောက် ခေါင်းယမ်းကာ ပြောလာသည်။

"ထန်ရှု … ငါတို့ စစ်ထူမိသားစုရဲ့ ရတနာဘဏ္ဍာတိုက်ရဲ့ ထူးခြားမှုကို မင်း မသိတာဖြစ်နိုင်တယ်။ အထဲမှာ ငွေနဲ့တိုင်းတာလို့မရတဲ့အရာတွေ အများကြီးရှိတယ်။”

“အေးခဲအဆောင်၊ မီးတောက်အဆောင်၊ မိုးကြိုးအဆောင်နဲ့ ပျောက်ကင်းအဆောင်လေးမျိုးကို တစ်မျိုး ငါးခုစီ ကျွန်တော် ထည့်ပေးလိုက်မယ်။ ပြီးရင် ကျွန်တော့်ကို ဘဏ္ဍာတိုက်ထဲက ပစ္စည်းသုံးမျိုးကို ရွေးခွင့်ပေးရမယ်။" ထန်ရှုက ဆက်ပြောသည်။

စစ်ထူပေါ်ရန်၏အမူအရာသည် အဆက်မပြတ် ပြောင်းလဲနေသည်။ သူ၏ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများသည် တဟုန်ထိုး များပြားလာသည်။ ထန်ရှု၏အဆိုပြုချက်က သူ့အား မင်သက်စေပြီး ကြိုတင်ပြင်ဆင်ချိန် မရခဲ့ပေ။ သူသည် စိတ်လှုပ်ရှားကာ တုန်လှုပ်နေပြီး ဂနာမငြိမ်ဖြစ်နေသည်။ ထို့ထက် ပိုပြီး … စစ်ထူမိသားစု၏ခမ်းနားထည်ဝါမှုနှင့် လျှို့ ဝှက်မျိုးနွယ်စုတွင် စစ်ထူမိသားစု၏ မြင့်တက်လာနေသော နေရာနှင့် သြဇာကို သူ မြင်တွေ့နိုင်သည်။

သဘောတူညီချက် ယူသင့်သလား … မယူသင့်ဘူးလား။ အကယ်၍ သူသာ မယူခဲ့ပါက အေးခဲအဆောင်၊ မီးတောက်အဆောင်၊ မိုးကြိုးအဆောင်နှင့် ပျောက်ကင်း အဆောင်လေးမျိုးကို မဆိုထားဘိ။ သူသည် နတ်ဆိုးကာကွယ်အဆောင်ကိုပင် ရရှိလိမ့်မည် မဟုတ်ပေ။ သို့သော် ထိုသဘောတူညီချက်ကို သူ ယူလိုက်ပါက ဘဏ္ဍာတိုက်ထဲက ထိုအရာများ … အထူးသဖြင့် အဲ့ဒီထူးခြားသည့်အရာများကို ထန်ရှုသာ ရွေးချယ်ယူလိုက်ပါရင် ...

မိနစ်အနည်းငယ် ကြာပြီးနောက် စစ်ထူပေါ်ရန်သည် နောက်ဆုံးတွင် သူ၏ခေါင်းကို မော့လာခဲ့ကာ ထန်ရှုကို ကြည့်ရင်း

"ငါ သဘောတူတယ်။ ဒါပေမယ့် မင်း ငါ့ကို ကတိတစ်ခုတော့ ပေးရမယ်။"

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပါ။" စိတ်ထဲတွင် ကြိတ်ကာ ရွှင်မြူးနေသော ထန်ရှုက ပြောလိုက်သည်။

"ကျင်းမန်ထျန်းနဲ့ လီယွမ်တို့က မင်း နတ်ဆိုးကာကွယ်အဆောင်ကို လုပ်နိုင်တယ်ဆိုတာ သိထားပြီးသား။ ဒါ အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း အခြားအမျိုးအစားလေးမျိုးကို လုပ်နိုင်တာကို သူတို့တွေ ဘယ်တော့မှ မသိစေရဘူး။ အဲ့ဒီလေးမျိုးကို မင်း ရောင်းချင်ရင် စစ်ထူမိသားစုကနေတဆင့် ရောင်းရမယ်။ အဲ့ဒီလေးမျိုးနဲ့ ပတ်သက်တဲ့ အနာဂတ် အရောင်းအဝယ် တစ်ခုစီအတွက် စစ်ထူမိသားစုက ၁၀%ကို ယူမယ်။” စစ်ထူပေါ်ရန်မှ ပြောသည်။

"သဘောတူတယ်။" ထန်ရှုက ပြုံးပြီး လက်ခုပ်တီးလိုက်သည်။

***

All Chapters