စစ်ထူမိသားစု၏ ရတနာဘဏ္ဍာတိုက်
Vol. 11 Ch. 518
ပျော်ရွှင်စရာ အဖြစ်အပျက်များတွင် ပါဝင်ကြရသည့်အခါ လူတို့၏ စိတ်ဓာတ် ကောင်းမွန်မြင့်မားကြသည်ဟု ဆိုရိုး ရှိကြသည်။
သည်အခိုက်အတန့်တွင် ထန်ရှု၏စိတ်နေစိတ်ထားမှာ အတိအကျ ထိုကဲ့သို့ပင်။ မြို့တော်လေလံပွဲတွင် ပါဝင်ပြီးနောက် သူသည် စစ်ထူမိသားစု၏အကြီးအကဲ စစ်ထူပေါ်ရန်နှင့်လည်း စာချုပ်ချုပ်ဆိုခဲ့ပြီး ထိုမှ များစွာသော အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်သောကြောင့် သူ့တွင် ပျော်ရွှင်သော ခံစားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဘဏ္ဍာတိုက်အတွင်း ပစ္စည်း မည်မျှရှိနိုင်မည်ကိုပင် သူ စတင်ခန့်မှန်းခဲ့သည်။
စစ်ထူမိသားစု၏နေရာသို့ သွားရာလမ်းတွင် ထန်ရှုသည် သူ၏ကားထဲတွင် ဖွင့်ခဲလှသော သီချင်းသံကို ဖွင့်ကာ သာယာစွာ စည်းချက်လိုက်လာသည်။
"ထန်ရှု … နင့်အတွက် ငါ တကယ်ပျော်တယ်။"
ရှေ့ခုံတွင် ထိုင်နေသော အိုးရန်လူလူသည် နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲလျက် ပြောလာသည်။ သူမ၏မျက်ဝန်းများထဲတွင် မြတ်နိုးခြင်း အရိပ်ဖြင့် တောက်ပနေသည်။
သူမကို ထန်ရှု တစ်ချက်ကြည့်လိုက်ကာ အပြုံးယဲ့ယဲ့ဖြင့် "နောက်မှ ခေါင်းပေါ် ရေအေးတစ်ပုံး လောင်းချခံရမှာကို ကြောက်နေပေမယ့် ငါ တကယ် အရမ်းပျော်နေတယ်။"
"စစ်ထူမိသားစုရဲ့ ဘဏ္ဍာတိုက်အကြောင်း နင် ပြောနေတာလား။" အိုးရန်လူလူက အပြုံးဖြင့် မေးသည်။
“ဟုတ်တယ်။ စစ်ထူမိသားစုရဲ့ဘဏ္ဍာတိုက်က ပစ္စည်းကောင်းသုံးမျိုးကို ရွေးချယ်ဖို့အတွက် ယွမ်ငွေ ဘီလီယံအချို့နဲ့ ငါ လဲလှယ်စွန့်လွှတ်ခဲ့ရတယ်။ အဲ့ဒီကနေ ကျေနပ်စရာ ဘာမှမရရင် ဆုံးရှုံးမှုကြီး ဖြစ်သွားလိမ့်မယ်။”
ထန်ရှုက ခေါင်းညိတ်ကာ ပြောသည်။
အိုးရန်လူလူသည် သူမ၏လက်သီးများကို ဆုပ်လိုက်ပြီး "ထန်ရှု … အဲ့ဒါအတွက် နင် စိတ်ပူနေစရာ မရှိပါဘူး။ စစ်ထူမိသားစုမှာ နက်ရှိုင်းတဲ့ ငွေကြေးအရင်းအနှီးနဲ့ အခြေခံအုတ်မြစ် ရှိတယ်။ အရိုးသားဆုံး ပြောရရင် စစ်ထူမိသားစု အချိန်ဘယ်လောက် ကြာကြာ တည်ရှိခဲ့တာကို ငါ မသိဘူး။ ရာစုနှစ်တွေ ဒါမှမဟုတ် ထောင်စုနှစ် တစ်ခုအထိ တည်ရှိနိုင်တယ်။ တိုတိုပြောရမယ်ဆိုရင် သူတို့တွေက အမြဲတမ်း မားမားမတ်မတ် ရပ်တည်နိုင်ပြီး မိသားစုဝင်တွေကလည်း ကြီးကြီးမားမား ကြွယ်ဝချမ်းသာမှု ရှိတယ်။ ဒါကြောင့် သူတို့မိသားစုရဲ့ ဘဏ္ဍာတိုက်ထဲမှာ ကြီးကျယ်ခမ်းနားတဲ့ ပစ္စည်းတွေ သိမ်းဆည်းထားမယ်ဆိုတာ ငါ သေချာပြောနိုင်တယ်။”
"ငါ မျှော်လင့်ပါတယ်။" ထန်ရှုက ပြုံးပြီး ပြန်ပြောသည်။
တစ်နာရီခန့် မောင်းလာပြီးနောက် ကားများသည် ခြံဝင်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ ဂျီပီအက်စ်(လမ်းကြောင်းနေရာပြ)မှနေ၍ ဤနေရာသည် စတုတ္ထပတ်လမ်းအတွင်း မဟုတ်တော့ကြောင်း ထန်ရှု သိလိုက်ရသည်။ မြေတစ်လက်မလျှင် ရွှေချောင်းတစ်ချောင်းတန်သော မြို့တော်တွင် ထိုကဲ့သို့ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ခြင်းကြောင့် စစ်ထူမိသားစု ပိုင်ဆိုင်သော ကြွယ်ဝမှုကို လျှော့တွက်၍ မရပါချေ။
“ဒီမှာ ကိုယ်ခံပညာ ကျွမ်းကျင်သူတွေ အများကြီး ရှိတာပဲ။”
ညဉ့်နက်နေပြီဖြစ်သော်လည်း ယာဉ်တန်းသည် စစ်ထူမိသားစု၏ခြံဝင်းထဲသို့ဝင်ပြီးနောက် ထန်ရှုသည် ကားပြတင်းပေါက်မှတဆင့် လုံခြုံရေးအစောင့်များကို တွေ့နိုင်သည်။ အတွင်းထဲရှိ လမ်းဆုံနေရာတွင်လည်း ရှိနေကြပြီး တစ်ချိန်တည်းမှာပင် ရံဖန်ရံခါ ဖြတ်သန်းသွားသည့် ကင်းလှည့်အဖွဲ့တွေကိုလည်း ကြုံတွေ့ခဲ့ရပေသည်။
သို့သော် ထိုလူများသည် လျှပ်စစ်နံပါတ်တုတ်များ မဆောင်ကြပါ။ ဓားကဲ့သို့သော အေးစက်သော လက်နက်များကို ကျောပေါ်တွင် ဆောင်ထားကြသည်။ အကယ်၍ ဤနေရာသည် ရာစုသစ် တရုတ်နိုင်ငံ ဖြစ်သည်ကို မသိခဲ့ပါက ရှေးစစ်သည်တော်များနှင့် သူရဲကောင်းများကို နေရာတိုင်းတွင် တွေ့မြင်နိုင်သည့် ကျန်းဟူခေတ်၏ နေရာတစ်ခုအဖြစ် မှားယွင်းမှတ်ယူသွားနိုင်ပေမည်။ ထန်ရှုသည် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထိုနယ်မြေကို လွှမ်းခြုံလိုက်သောအခါ ထိုလူများ၏ခါးတွင် ဓါးလက်နက်များနှင့် သေနတ်များလည်း ပါရှိကြောင်း တွေ့ရှိရပေသည်။
"စစ်ထူမိသားစုရဲ့ ကြီးကျယ်ခမ်းနားတဲ့ စံအိမ်ကြီးကို နင် ဘယ်လိုသဘောရလဲ ထန်ရှု။ ဒီအိမ်က ပုံမှန်အရွယ် ဘောလုံးကွင်းနှစ်ခုစာ ရှိပြီးတော့ အထဲမှာ အိမ်၁၂လုံးကို ပုံစံအမျိုးမျိုးနဲ့ ဆောက်ထားတာလေ။ ငါတို့ အခုသွားနေတာက ဒီနေရာမှာ အခမ်းနားဆုံး ဖြစ်တဲ့အပြင် စစ်ထူမိသားစုတွေ စုစည်းရာဖြစ်တဲ့ အိမ်ဝင်းဆီကို သွားနေတာပေါ့။ အရှေ့မှာ ရှိတာက …”
စစ်ထူမိသားစုနှင့် အလွန်ရင်းနှီးသော အိုးရန်လူလူသည် ထန်ရှုအား သည်နေရာနှင့် ဖြည်းဖြည်းချင်း မိတ်ဆက်ပေးလာလေ၏။
ယာဉ်တန်းသည် အိမ်ရှေ့လမ်းဆုံလမ်းခွသို့ ရောက်လာပြီးနောက် ကားထဲမှ ဆင်းလာသော စစ်ထူချောင်သည် အခြားကားများကို အတွင်းထဲသို့ ဦးတည်ကာ ရှေ့သို့ဆက်လက်သွားရန် ညွှန်ပြနေသည်။ ထန်ရှုသည် ထိုညွှန်ပြချက်အတိုင်း ဆက်မောင်းလာရာ မကြာခင် စစ်ထူမိသားစုနေအိမ်၏အတွင်းဆုံးနေရာကို ရောက်လာသည်။
စစ်ထူမိသားစုစံအိမ်၏အလယ်ခေါင်တွင် ရေပန်း မရှိသော်လည်း ၎င်းသည် ဥရောပစတိုင် ဆောက်လုပ်ထားသော ခမ်းနားသော စံအိမ်ကြီး ဖြစ်သည်။ ကျယ်ဝန်းသောဧရိယာတွင် တင့်တယ်လှသော သုံးထပ်အိမ်ကြီး တည်ရှိပြီး လျှပ်စစ်လွှတ်ထားသော အမြင့်နှစ်မီတာမြင့်သည့် ခြံစည်းရိုးနံရံဖြင့် ဝန်းရံထားသည်။ တောင်ဘက်တွင် သံတံခါးမကြီး တစ်ခုတည်းသာ ရှိပြီး ၎င်း၏အရှေ့တွင် တင်းမာခက်ထန်သော လုံခြုံရေးအစောင့်လေးဦးက တင်းကြပ်စွာ မားမားမတ်မတ် စောင့်ကြပ်နေသည်။
"ဆင်းကြစို့။" ကားကို ရပ်နားရာတွင် ရပ်ပြီးနောက် ထန်ရှုက လူလူအား ပြောလိုက်သည်။
ထိုအချိန်တွင် စစ်ထူပေါ်ရန်လည်း ကားပေါ်မှ ဆင်းလာသည်။ ထန်ရှုနှင့် လူလူတို့ အနားရောက်လာသည်ကို မြင်သောအခါ သူက ခပ်ဖွဖွပြုံးပြရင်း
"လူလူ … စစ်ထူမိသားစုရဲ့ဘိုးဘေးက ထူးခြားတဲ့ အချိန်အခါမဟုတ်ရင် အပြင်လူတွေကို ဝင်ခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားတယ်။ မင်းက ငါ့ရဲ့ မွေးစားမြေးဆိုပေမယ့်လည်း ဘိုးဘွားတွေရဲ့ စည်းမျဉ်းတွေကို ချိုးဖျက်လို့ မရဘူး။ ထန်ရှုနဲ့အဘိုး အတူ အထဲဝင်နေတုန်း လူလူက အပြင်မှာ စောင့်နေပေးနော်။"
သူမတို့အိုးရန်မိသားစုတွင်လည်း အပြင်လူများ ဝင်ရောက်ခြင်းကို တားမြစ်ထားသော အရေးကြီးသည့် နေရာတစ်ခု ရှိသောကြောင့် စစ်ထူပေါ်ရန်၏စကားကို လူလူ နားလည်နိုင်ပေသည်။ သူ့ကို ခေါင်းညိတ်ပြကာ သူမ၏လက်ကို ဝှေ့ယမ်းလိုက်ရင်း
“ဒါဆို ဒီကို ရောက်ရင် လူလူ နေနေကြ ဒီအရှေ့က အိမ်ကိုပဲ သွားလိုက်မယ်။ ထန်ရှု … နင် ပြီးသွားရင် ငါ့ကို လာရှာဖို့ မမေ့နဲ့နော်။"
"ကောင်းပြီ။" ထန်ရှုက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
လူလူ ထွက်သွားသည်နှင့် စစ်ထူပေါ်ရန်က ပြုံးလျက် "ထန်ရှု … လာ ငါနဲ့လိုက်ခဲ့။ ဒီနေ့ ငါတို့စစ်ထူမိသားစုရဲ့ စံအိမ်မှာ မင်း မြင်ခဲ့ကြားခဲ့ရတဲ့ အရာအားလုံးကို မင်းကိုယ်တိုင် ထိန်းသိမ်းထားနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။"
"ကျွန်တော် နားလည်ပါတယ်။" ထန်ရှုက ညင်သာစွာ ခေါင်းညိတ်ပြီး ဖြေသည်။
လျှပ်စစ်သံတံခါးကြီးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး စစ်ထူပေါ်ရန်သည် ထန်ရှုအား အထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ခြံဝင်းထဲတွင်လည်း သန်မာတောင့်တင်းသော အမျိုးသားလေးယောက် ရှိနေပြီး ခမ်းနားသောစံအိမ်၏အတွင်းနှင့် အပြင်ဘက်တွင်လည်း ကျွမ်းကျင်သူများသည် အနည်းဆုံး အယောက် ၂၀ ရှိကြောင်း ထန်ရှု တွေ့ရသည်။
"စိတ်ဝင်စားစရာပဲ။ ဒီသုံးထပ်အိမ်ကြီးထဲမှာ ဓာတ်လှေကားတွေလည်း ရှိတယ်။" ထန်ရှုသည် ခန်းမ၏ဘယ်ဘက်ခြမ်းရှိ ဓာတ်လှေကားတံခါးဆီသို့ ရောက်လာပြီးနောက် ထန်ရှုက အပြုံးသဲ့သဲ့ဖြင့် ပြောသည်။
စစ်ထူပေါ်ရန်က အပြုံးဖွဖွဖြင့် တုံ့ပြန်သည်။ ဓာတ်လှေကားတံခါး ပွင့်လာသောကြောင့် နှစ်ယောက်သား တက်လိုက်ကြပြီး သုံးထပ်အတွက် ပေးထားသည့် ခလုတ်များအောက်ရှိ နေရာတစ်ခုကို လှမ်းနှိပ်လိုက်သည်။ ထိုနေရာသည် မူလက မမြင်နိုင်သော နေရာဖြစ်ပြီး အနီရောင် ပြောင်းသွားကာ “-1” နံပါတ်ကို ပြလျက် အလိုအလျောက် တုံ့ပြန်လာသည်။ ထို့နောက် စစ်ထူပေါ်ရန်သည် LCD ဖန်သားပြင်ရှေ့သို့ ကုန်းကာ သူ၏အမြင်လွှာဖြင့် အစစ်ခံလိုက်ရာ ဓာတ်လှေကားသည် အောက်သို့ စတင်ဆင်းလာခဲ့သည်။
…ကျွီ...
ဓာတ်လှေကားရပ်သွားပြီး တံခါးသည် ဖြည်းညှင်းစွာ ပွင့်သွားပြီး ထန်ရှု၏အရှေ့တွင် ရှည်လျားသော စင်္ကြံတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် ၂ယောက်သား ဓာတ်လှေကားထဲမှ ထွက်လိုက်ပြီး စစ်ထူပေါ်ရန်က အရှေ့စင်္ကြံကို ညွှန်ပြလျက် လေးနက်သော အမူအရာဖြင့်
“ဒါက စစ်ထူမိသားစုရဲ့ ဘဏ္ဍာတိုက်ပဲ။ စင်္ကြံတစ်ဖက်စီမှာ အခန်းလေးခန်းစီ ရှိတယ်။ လက်ယာဘက်က အခန်းလေးခန်းမှာ စစ်ထူမိသားစု မျိုးဆက်တိုင်း စုဆောင်းထားတဲ့ ရွှေ၊ ငွေ၊ ရတနာတွေကို သိမ်းထားတယ်။ ဘယ်ဘက်က အခန်းလေးခန်းမှာတော့ ငါတို့မိသားစု စုဆောင်းသိမ်းဆည်းထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ရတနာတွေ ထားတယ်။ ငါ့လူတွေကို တံခါးရှစ်ပေါက်လုံး ဖွင့်ထားဖို့ ညွှန်ကြားထားပြီးဖြစ်လို့ မင်း ဘယ်အခန်းကိုမဆို လွတ်လွတ်လပ်လပ် ဝင်ပြီး ရွေးချယ်လို့ ရတယ်။”
"အဘိုးက ကျွန်တော်နဲ့ မလိုက်ဘူးလား။" ထန်ရှုက ပြုံးပြီး မေးသည်။
“မလိုက်တော့ဘူး။ မင်း ကောင်းတဲ့အရာတွေကို ရှာတွေ့သွားရင် ငါ စိတ်ဆင်းရဲရမှာစိုးတယ်။ ဒါကြောင့် ငါ မင်းကို ဒီမှာ စောင့်နေမယ်။" စစ်ထူပေါ်ရန်က အားတင်းထားရသော အပြုံးဖြင့် ပြောသည်။ ထိုသို့ ပြောပြီးနောက် အနားရှိ ဆိုဖာပေါ်သို့ တန်းဝင်ထိုင်လိုက်သည်။
ထန်ရှု အသက်ပြင်းပြင်းတစ်ချက် ရှူပြီး အထဲသို့ လျှောက်သွားလိုက်သည်။ သည်အခွင့်အရေးကို ရရန် ယွမ်ဘီလီယံအချို့ကို သူ ပေးခဲ့ပြီးဖြစ်သောကြောင့် အချိန်မဖြုန်းလိုဘဲ သူ့၏စိတ်ဝိညာဉ်အာရုံကို တစ်ခါတည်း ထုတ်လွှင့်လိုက်သည်။
စစ်ထူပေါ်ရန် ပြောသည့်အတိုင်း ညာဘက်အခန်းလေးခန်းက ရွှေနှင့်လက်ဝတ်ရတနာများ အမြောက်အမြား သိမ်းဆည်းထားသော အခန်းများ ဖြစ်သည်။ ဘယ်ဘက်ရှိ ပထမအခန်းတွင် ရှေးဟောင်း လက်ရေးလှပန်းချီများနှင့်ပန်းချီကားများကို သိမ်းဆည်းထားသည်။
ကျန်သည့်အခန်းသုံးခန်းတွင် ပစ္စည်းများစွာ ရှိနေသည်။ စတုရန်းမီတာ ၄၀ မှ ၅၀ အထိ ကျယ်ဝန်းသော အခန်းတစ်ခန်းစီ၏ပတ်လည်နံရံတွင် စင်တန်းများ ရှိပြီး မှန်ဗီရိုရှည်နှစ်တန်းလည်း ရှိသည်။ ၎င်းတို့အတွင်းမှ ပစ္စည်းများကို သိမ်မွေ့သော အလင်းရောင်အောက်တွင် မြင်ရသည်။
"အိုး…"
ထန်ရှု၏အမူအရာသည် အနည်းငယ် လှုပ်ရှားသွားပြီး ဘယ်ဘက်ရှိ ဒုတိယခန်းဆီသို့ ချက်ချင်း သွားလိုက်သည်။ ထိုနေရာရှိ အရာဝတ္တုတိုင်းကို လှည့်ပတ်ကြည့်ရှုရန် ရည်ရွယ်ချက်ရှိရှိဖြင့် မိနစ်အနည်းငယ်ကြာအောင် သူ အချိန်သုံးခဲ့သည်။ ဘေးပတ်လည်ကို လေ့လာပြီးသော် နောက်ဆုံးတွင် သူ၏စိတ်ဝိညာဉ်အာရုံဖြင့် သော့ခတ်ထားသော အရာတစ်ခုဆီသို့ သူ ရောက်လာသည်။ ၎င်းသည် မျက်နှာပြင်ပေါ်တွင် အစွန်းအထင်းများနှင့် သံချေးများ ပြည့်နေသော ရှေးဟောင်းကြေးမီးအိမ်တစ်ခု ဖြစ်သည်။ အခန်းတွင်းရှိ အရာဝတ္တုများစွာကြားတွင် ၎င်းသည် အလွန်သာမန်ဆန်သော အရာဖြစ်ဟန်ရှိသည်။ သို့သော်လည်း ထန်ရှုသည် ၎င်းကို စေ့စေ့စပ်စပ် ကြည့်ရှုခဲ့ရာ ၎င်း၏အတွင်း၌ ဗုဒ္ဓဓာတ်တော်ကို ရှာဖွေတွေ့ရှိခဲ့သည်။
ဤဗုဒ္ဓဓာတ်တော်သည် တစ်စုံတစ်ဦးမှ သန့်စင်ပြီးနောက်တွင်ပင် ၎င်း၏အတွင်းစိတ်စွမ်းအားကို ထိန်းသိမ်းထားဆဲဖြစ်ပြီး ရှေးဟောင်းကြေးမီးအိမ်ထဲတွင် နှစ်ပေါင်းများစွာ ကြာအောင် ထိန်းသိမ်းထားခဲ့သည်။ ... ထန်ရှုအား အံ့သြစေခဲ့သည့် အရာမှာ ဗုဒ္ဓဓာတ်တော်ပေါ်တွင် ရေးထွင်းထားသော ဗုဒ္ဓကျင့်ကြံနည်းစနစ်တစ်ခုပင် ဖြစ်သည်။
ဤရေးထွင်းမှုနည်းပညာသည် သာမာန်ဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အင်မော်တယ်များ မရှိသောကြောင့် ထိုသို့သောစွမ်းဆောင်နိုင်မှုသည် အမှန်ပင် မလွယ်ကူပေ။ ဤရှေးဟောင်းကြေးမီးအိမ်သည် အင်မော်တယ်တစ်ပိုင်းအဆင့်ပစ္စည်းတစ်ခု ဖြစ်ဟန်ရှိသည်။ ဤတွေ့ရှိချက်အရ အလွန်အစွမ်းထက်သော ကျင့်ကြံသူများသည် ကမ္ဘာမြေပေါ်သို့ ရောက်လာခဲ့ဟန်တူသည်။ ကမ္ဘာမြေမှ အင်မော်တယ်ကမ္ဘာသို့ တက်သွားသော အင်မော်တယ်အချို့လည်း ရှိနိုင်ဟန်တူသည်။
ထန်ရှုသည် ရှေးဟောင်းကြေးမီးအိမ်ကို ယူရင်း တခဏ တွေးမိသွားသည်။ ဤရှေးဟောင်းကြေးမီးအိမ်သည် မည်သို့အကျိုးသက်ရောက်မှု ရှိသည်ကို သူ မသိသေးသော်လည်း ၎င်းသည် အင်မော်တယ်တစ်ပိုင်းအဆင့်ကိရိယာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။ ၎င်းကို မည်ကဲ့သို့ အသုံးပြုရမည်ကို သူ သိရှိနိုင်ပါက အနာဂတ်တွင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်နိုင်ပေမည်။
အပြင်ဘက်စင်္ကြံရှိ ဓာတ်လှေကားအနီးရှိ ဆိုဖာပေါ်တွင် ထိုင်ရင်း ဆေးလိပ်သောက်နေသော စစ်ထူပေါ်ရန်သည် ရုတ်တရက် သူ၏နားရွက်များကို ထောက်လိုက်သည်။ သည်အချိန်တွင် သူသည် နားကြပ်တပ်ထားပြီး အသံတစ်သံက သူ့ဆီ သတင်းပို့နေသည်။ ထိုအကြောင်းအရာအား နားထောင်ပြီးနောက် သူ၏အမူအရာသည် ထူးဆန်းသွားလေ၏။
ရှေးဟောင်းကြေးမီးအိမ် … ထန်ရှုက ဘာလို့ အဲ့ဒီပစ္စည်းကို ရွေးတာလဲ။ ငါ လေ့လာပြီးသလောက် အထဲမှာ စက်လုံးနဲ့တူတဲ့ အရာတစ်ခု ပါနေပေမယ့် ထုတ်ယူဖို့ နည်းလမ်း မရှိဘူးလေ။ ရှေးဟောင်းကြေးမီးအိမ်က အလွန်မာကျောတဲ့ ရှေးဟောင်းပစ္စည်း ဖြစ်တာမို့ မိသားစုဘဏ္ဍာတိုက်မှာ သိမ်းဆည်းထားခဲ့ရတာ။ ထန်ရှုက ဒီရှေးဟောင်းကြေးမီးအိမ်ရဲ့ မူလဇစ်မြစ်ကို သိနေတယ်လို့ ငါ့ကို မပြောနဲ့နော်။
စစ်ထူပေါ်ရန်သည် မျက်ခုံးတွန့်သွားသော်လည်း အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားသည်။ အကြောင်းမှာ ထိုရှေးဟောင်းကြေးမီးအိမ်သည် ရတနာခန်းတွင်းရှိ အဖိုးတန်ပစ္စည်းများထဲတွင် မပါဝင်သောကြောင့်ဖြစ်သည်။ တစ်နည်းဆိုရသော် ထန်ရှုသည် ထိုတန်ဖိုးကြီးပစ္စည်းများထဲမှ ရွေးချယ်လျှင်ပင် သူ့အတွက် ရွေးချယ်စရာ နှစ်ခုသာ ကျန်တော့ပေသည်။
ထန်ရှုသည် ဘယ်ဘက်ဒုတိယခန်းမှ လျင်မြန်စွာ ထွက်လာပြီး တတိယအခန်းသို့ လျှောက်လာခဲ့သည်။ သူ၏မျက်လုံးများသည် ညာဘက်ထောင့်မှစတင်ကာ လျင်မြန်စွာ ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။ စစ်ထူမိသားစုသည် ထူးခြားဆန်းပြားသော ရတနာများစွာကို အမှန်တကယ် သိမ်းဆည်းထားခဲ့ပေရာ သည်ထူးခြားသော ရတနာများအနက်မှ ပေါ့ပေါ့တန်တန် တစ်ခုကို ယူပြီး ရောင်းမည်ဆိုလျှင်ပင် အပြင်တွင် အတော် ဈေးကောင်းရမည်ဟု ထန်ရှု ပြောနိုင်သည်။ အကယ်၍ စစ်ထူမိသားစုကသာ ၎င်းတို့၏ဘဏ္ဍာတိုက်အတွင်းရှိ ပစ္စည်းအရာအားလုံးကို တရုတ်ငွေကြေး (RMB)အဖြစ်သို့ လဲလှယ်ရန် ဆန္ဒရှိနေပါက စုစုပေါင်းတန်ဖိုးသည် သန်းကြွယ်သူဌေးများစွာကို တုန်လှုပ်စေမည်မှာ သေချာပြီး နိုင်ငံ၏အချမ်းသာဆုံး မိသားစုပင် ဖြစ်လာပေလိမ့်မည်။
…အားပါးပါး … သည်နေရာမှာ ဧကရာဇ်အမိန့်တောင် ရှိနေပါလားဟ။ မင်မင်းဆက်ကို ပထမဆုံး တည်ထောင်သူဧကရာဇ်က ဒီဧကရာဇ်အမိန့်တော်ကို ရေးသားထားပြီး သူ့ရဲ့တံဆိပ်တောင် ပါရှိတယ်။ ဒီပစ္စည်းကို အပြင်ကို ယူသွားမယ်ဆိုရင် နိုင်ငံတော် ဘဏ္ဍာအဆင့်မှာ ရှိသင့်တယ် မဟုတ်လား…
ထန်ရှုက ပြုံးကာ ခေါင်းယမ်းလိုက်ရင်း အခန်းညာဘက်ထောင့်ဆီသို့ တဖြည်းဖြည်း ရွေ့သွားသည်။ သူ ထပ်လျှောက်လာလေလေ စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။
သို့သော် သူ မည်မျှ စိတ်လှုပ်ရှားနေပါစေ ၎င်းကို မပေါ်လွင်စေရပေ။ အခန်းထောင့်တိုင်းတွင် လျှို့ဝှက်ထောက်လှမ်းရေးကင်မရာများ ရှိနေသည်ကို သူ သိရှိထားပေသည်။ ထို့ကြောင့် အခန်းတွင်း၌ သူပြုလုပ်ခဲ့သော လှုပ်ရှားမှုတိုင်းအား စစ်ထူမိသားစုမှ စောင့်ကြည့်နေနိုင်ကြောင်းကို သူ ကောင်းစွာ သိပေသည်။
***