စိတ်ဆင်းရဲရခြင်း
Vol. 11 Ch. 519
အစိမ်းရောင်ရောင်တောက်တောက် ကွမ်ရင်ပန်းအိုးတစ်လုံးအား ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး လှပစွာ ထွင်းထုထားသော အဆို့ဖြင့် တင်းကျပ်စွာ အလုံပိတ်ဆို့ထားသည်။ ကွမ်ရင်ပန်းအိုးတွင် အက်ကွဲကြောင်း အနည်းငယ်မျှပင် မရှိဘဲ ၎င်း၏မျက်နှာပြင်တွင် ကျင့်ကြံသူများ အသုံးပြုကြသည့် ရှေးဟောင်းသင်္ကေတကဲ့သို့ ထူးဆန်းသော သင်္ကေတများအား ထွင်းထုထားပေသည်။
ထန်ရှုအား စိတ်လှုပ်ရှားစေသော အရာမှာ သင်္ကေတများ၏ပုံစံမဟုတ်ဘဲ ပန်းအိုးအတွင်းမှ အရာတစ်ခု ဖြစ်သည်။ အထဲတွင် လှုပ်ရှားမှုတစ်စုံတရာ မရှိဘဲ တည်ရှိနေသည့် စကျင်ကျောက်အရွယ် တောက်ပသော ရွှေရောင်အရည်တစ်စက် ရှိနေပေသည်။ ကွမ်ရင်ပန်းအိုးကို ယူလိုက်ချိန်တွင် ထန်ရှု၏မျက်နှာသည် အနည်းငယ် ပျက်သွားရသည်။ ဤကွမ်ရင်ပန်းအိုးငယ်လေးသည် အမှန်တကယ်ပင် အလေးချိန် ပေါင်ရာဂဏန်းရှိသည်ကို သိသိသာသာ သူ ခံစားနိုင်သောကြောင့်ဖြစ်သည်။ သာမာန်လူတစ်ယောက်သည် အားကုန်ထုတ်ကာ မလျှင်ပင် ထိုပန်းအိုးကို ရွေ့လျားနိုင်မည်မဟုတ်ပေ။
"ဟမ့်…" ထန်ရှု မျက်မှောင်ကြုပ်သွားရသည်။
ခန့်မှန်းခြေ ပေါင် ၁၀,၀၀၀ခန့်ရှိသော သူ၏ခွန်အားဖြင့် ပန်းအိုးကို အလုံပိတ်ထားသော ကျောက်စိမ်းအဆို့အား ဆွဲထုတ်နိုင်ခြင်း မရှိသည်ကို တွေ့ရသောအခါ သူ အံ့အားသင့်သွားမိသည်။ တစ်ခဏမျှ သူ စောင့်ကြည့်ပြီးနောက် ပန်းအိုး၏ မျက်နှာပြင်ပေါ်တွင် ရေးထိုးထားသော သင်္ကေတများသည် သာမန်မဟုတ်သော အစီအရင်တစ်ခုအဖြစ် ဖွဲ့စည်းထားကြောင်း ရုတ်တရက် နားလည်သွားသည်။ ထိုအစီအရင်သည် အလွန်သာမန်မဟုတ်သောကြောင့် အစီအရင်များတွင် အလွန်ကျွမ်းကျင်ပိုင်နိုင်သော သူကိုယ်တိုင်ပင် ၎င်းသည် မည်ကဲ့သို့ လုပ်ဆောင်နိုင်သည်ကို မသိနိုင်ပါပေ။
ထို့ကြောင့် ပစ္စည်းအား အရင်သာ ယူထားလိုက်ရုံပင်။
ထန်ရှုသည် အချိန်မရသောကြောင့် ချက်ချင်း မလေ့လာသေးဘဲ ယူရုံသာယူလာကာ ဘယ်ဘက်ရှိ စတုတ္ထအခန်းဆီသို့ လျှောက်သွားခဲ့သည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် အခန်းတစ်ခုလုံးအား လွှမ်းခြုံလိုက်ရာ စိတ်ဝိညာဉ်စွမ်းအား အတက်အကျရှိသော အထူးအရာဝတ္ထုများကို မခံစားမိသော်လည်း သူသည် အရာအားလုံးကို ဂရုတစိုက် စောင့်ကြည့်နေဆဲဖြစ်သည်။
သို့သော် သူ၏စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေသည့် ထူးခြားသောအရာဝတ္ထု ဘာဆိုဘာမှ မရှိသောကြောင့် ထန်ရှုခမျာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။ အဆုံးတွင်တော့ သူ၏အကြည့်များသည် အလွန်ကြီးမားသော ရွှေနဂါးခေါင်းပေါ်သို့ ကျရောက်သွားသည်။ ထိုအရာတစ်ခုလုံးကို ရွှေဖြင့် ပြုလုပ်ထားပြီး အလွန် လက်ရာမြောက်စွာ ထွင်းထုထားသည်။ ထန်ရှုသည် ထိုရွှေနဂါးခေါင်းကို ရွှေ့ရန် ကြိုးစားရာ အလေးချိန်မှာ ပေါင် ၂၀၀ ဝန်းကျင် ရှိကြောင်း တွေ့ရှိခဲ့သည်။
အပြင်ဘက် ဓာတ်လှေကားအနီး စင်္ကြံထက်ရှိ ဆိုဖာပေါ်တွင် စစ်ထူပေါ်ရန်သည် မိန့်မိန့်ကြီး ပြုံးကာ ထိုင်နေသည်။ ထန်ရှု၏ဒုတိယရွေးချယ်မှုသည်လည်း သူ့အား ကျေနပ်စေခဲ့သည်။ ကွမ်ရင်ပန်းအိုးသည် ၎င်း၏ပေါင်ရာနှင့်ချီလေးသော အလေးချိန်ကို ထည့်သွင်းစဉ်းစားပါက အလွန်ထူးခြားသည်ဟု သူ ခံစားရသော်လည်း စစ်ထူမိသားစု၏ မျိုးဆက်ရှစ်ဆက်အတွင်း ထိုပန်းအိုး၏ အစစ်အမှန် အကြောင်းအရာအား မည်သူမျှ အဖြေမရှာနိုင်ခဲ့ပါချေ။ ထို့ကြောင့် ထန်ရှုတစ်ယောက် ကွမ်ရင်ပန်းအိုးကို ရွေးချယ်လိုက်ခြင်းအပေါ် သူ့အနေဖြင့် စိတ်ဆင်းရဲခြင်း မခံစားရပေ။
"ဘိုးဘေး … ထန်ရှု ကောက်ယူလိုက်တဲ့ တတိယမြောက်ပစ္စည်းက ကျွန်တော်တို့မိသားစုရဲ့ ရွှေနဂါးခေါင်းကြီး။"
စောင့်ကြည့်ခန်းမှ စစ်ထူမိသားစုဝင်တစ်ဦး၏ အသံသည် နားကြပ်မှ ထွက်ပေါ်လာသည်။
"ဘာ…"
ထို့နောက် စစ်ထူပေါ်ရန်၏အမူအရာမှာ အသိကင်းလွတ်သွားသည့်အလား ဆိုဖာပေါ်မှ ချက်ချင်းထကာ စင်္ကြံဆီသို့ ပြေးသွားတော့သည်။ သူ၏အရှိန်သည် အဘိုးကြီးတစ်ယောက်နှင့်ပင် မတူဘဲ မြန်ဆန်လွန်းလှသည်။ စတုတ္ထအခန်း၏ ဘယ်ဘက်အခြမ်းသို့ သူရောက်လာသောအခါ ထန်ရှုသည် ရွှေနဂါးခေါင်းနှင့်အတူ အခန်းအပြင်သို့ ထွက်သွားတော့မည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် အော်လိုက်ရသည်။
"ရပ် … ထန်ရှု … မင်း အဲ့ဒါကို ချထားလိုက်လို့ရမလား။ မင်း ဒီရွှေနဂါးခေါင်းကို လက်လွှတ်ပေးရင် နောက်ထပ် ရွေးချယ်ဖို့ အခွင့်အရေးနှစ်ခု မင်းကို ငါ ပေးမယ်။"
"အဘိုးစစ်ထူ … ကျွန်တော် ဘယ်ပစ္စည်းတွေကိုပဲ ရွေးရွေး ကျွန်တော့်ကို မတားဘူးလို့ ကျွန်တော်တို့တွေ သဘောတူထားပြီးသားလေဗျာ။ ကျွန်တော် ပစ္စည်းတွေ ရွေးပြီးမှ အဘိုးရဲ့စကားတွေကို အခု ပြန်ရုတ်သိမ်းချင်နေတာလား။” ထန်ရှုက ခေါင်းယမ်းပြီး အပြုံးဖြင့် ပြောလိုက်သည်။
စစ်ထူပေါ်ရန်၏နှုတ်ခမ်းမှာ မဲ့ရွဲ့သွားရပြီး ထန်ရှု သယ်လာသော ရွှေနဂါးခေါင်းအား စိတ်ပူပန်စွာ စိုက်ကြည့်နေမိသည်။ သူ၏လက်များကို ပွတ်သပ်ကာ အနေရခက် ခါးသီးသော အမူအရာဖြင့်
“ငါ တကယ် စိတ်ဆင်းရဲနေရပေမယ့် ငါ့ကတိတွေကို ပြန်မရုတ်သိမ်းပါဘူး။ ဒါပေမယ့် ဒီရွှေနဂါးခေါင်းကို ရဖို့ ငါတို့စစ်ထူမိသားစုရဲ့ဘိုးဘေးတွေက ငွေပမာဏ အများကြီးနဲ့ ကြိုးပမ်းအားထုတ်မှုများစွာကို အသုံးပြုခဲ့ရလို့ လွန်ခဲ့တဲ့ နှစ်ပေါင်းရာဂဏန်းခန့်ကဆိုရင် စစ်ထူမိသားစုက ပြုတ်ပြုတ်ပြုန်းလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီမျိုးဆက်ရဲ့ ငါ့လက်ထဲမှာ ဒီနဂါးခေါင်းကို ဆုံးရှုံးသွားရလိမ့်မယ်လို့ ငါ ထင်တောင် မထင်ထားမိဘူး။”
“ဒါက ရွှေနဲ့ သွန်းလုပ်ထားတဲ့ ရွှေနဂါးခေါင်းပဲ မဟုတ်ဘူးလား။ နောက်ပြီး အဘိုးရဲ့ စစ်ထူမိသားစုမှာ ရွှေတွေ အများကြီး ရှိနေတာကို ထပ်ပြီး ပြန်ထုလုပ်ဖို့က ကြီးကြီးမားမားကိစ္စတော့ မဟုတ်ဘူးလား။" ထန်ရှုက ပြုံးပြီး မေးသည်။
"မင်း ဘာမှ မသိပါဘူး။" စစ်ထူပေါ်ရန်က နောက်ဆုံးတွင် ခါးသီးသောအမူအရာဖြင့် ခေါင်းယမ်းကာ ပြန်ပြောလာသည်။
“အဘိုးစစ်ထူ … ဒီရွှေနဂါးခေါင်းက ကျွန်တော့်ဟာ ဖြစ်နေပြီးပြီ။ ကျွန်တော် ပစ္စည်းသုံးမျိုးလုံးကို ရွေးပြီးပြီဆိုတော့ ကျွန်တော့်စကားကို ပြန်မရုတ်သိမ်းတော့ဘူး။ တစ်ခုခု ထူးခြားတာ ရှိရင် ဒီရွှေနဂါးခေါင်းရဲ့ထူးခြားချက်က ဘာလဲဆိုတာ ပြောပြနိုင်မလား။”
ထန်ရှုက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
"သေချာလား။" ထန်ရှုကို စိုက်ကြည့်ရင်း စစ်ထူပေါ်ရန်က မေးလိုက်သည်။
"၁၀၀% သေချာတယ်။" ထန်ရှုက တုံ့ဆိုင်းမနေဘဲ ပြန်ဖြေလိုက်သည်။
စစ်ထူပေါ်ရန်က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး
"ဒဏ္ဍာရီအရ မြစ်ဝါမြစ်နဲ့ ယန်ဇီမြစ်ပေါင်းဆုံတဲ့ နေရာကြားမှာ ရွှေရောင်နဂါးကြီးယုံကျန်းရဲ့ မြင်နိုင်တဲ့ ခန္ဓာကိုယ် ရှိခဲ့ဖူးတယ်လို့ သိရတယ်။ နောက်ပိုင်း အမည်မသိအကြောင်းပြချက်တွေနဲ့ လူအချို့က အဲ့ဒီနေရာကို ရှာတွေ့သွားပြီး နဂါးကြီးရဲ့ခေါင်းကို လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းအချို့နဲ့ ခုတ်ဖြတ်ခဲ့ကြတယ်။ ရွှေနဂါးခေါင်းကို ရလာခဲ့တဲ့ ငါတို့စစ်ထူမိသားစုရဲ့ဘိုးဘေးတွေက မျိုးဆက်တစ်ခုပြီး တစ်ခု နဂါးကိုယ်ကို ရှာဖွေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြတယ်။ ရာစုနှစ်များစွာ ကြာခဲ့တာတောင် ငါတို့ရှာမတွေ့နိုင်ခဲ့တာတော့ စိတ်မကောင်းစရာပါပဲ။”
"တွေ့ရင် ဘာဖြစ်လာမလဲ။" ထန်ရှုက စိတ်ဝင်တစား မေးသည်။
“ဒဏ္ဍာရီက မှန်လား မှားလားတော့ မသိပေမယ့် နဂါးကိုယ်ထည်ကို နဂါးခေါင်းနဲ့ ပြန်လည်ချိတ်ဆက်ပြီး ရွှေနဂါးရုပ်တုပုံစံတစ်ခုလုံးကို ပြီးပြည့်စုံအောင် ပြန်လည်ဖြစ်ပေါ်စေလိုက်တာနဲ့ သက်ရှိရွှေနဂါးအဖြစ် ပြန်လည်ရှင်သန်စေမယ်လို့ ကောလဟလတွေတောင် ရှိတယ်။ နဂါးကိုယ်ထည်နဲ့ သူ့ရဲ့ဦးခေါင်းကို ပြန်လည် ချိတ်ဆက်မိအောင် လုပ်ပေးလိုက်တဲ့ ဘယ်သူမဆို ရွှေနဂါးကြီးရဲ့ အရှင်သခင်ဖြစ်လာလိမ့်မယ်။” စစ်ထူပေါ်ရန်က လေးလေးနက်နက် ပြောပြသည်။
… အဟွတ် … အဟွတ် …
ထန်ရှုသည် ရယ်ရမလို ငိုရမလိုဖြစ်နေသော အမူအရာဖြင့် စစ်ထူပေါ်ရန်ကို ကြည့်ရင်း
"အဘိုးစစ်ထူ … တစ်ယောက်ယောက်က အဘိုးတို့စစ်ထူမိသားစုဝင်တွေကို ဦးနှောက်ဆေး လိုက်တာလား ဒါမှမဟုတ် တစ်ခုခုလုပ်လိုက်တာလား။ ဒါကြီးက သိပ်ကို အဓိပ္ပါယ်မဲ့နေတာတောင် အဘိုးတို့အားလုံး ယုံကြသေးတာလား။ ဒီရွှေနဂါးခေါင်းက ရွှေနဲ့ လုပ်ထားပြီးတော့ သူ့ရဲ့ပန်းပုလက်ရာက အတော်သေသပ်ခန့်ညားတာမို့ အသက်ဝင်သလို ဖြစ်နေတာပါ။”
စစ်ထူပေါ်ရန်က မချိပြုံး ပြုံးပြီး
"ဒါကြောင့် ငါ မင်းကို ပြောပြတာတွေက မှန်လား မှားလားမသိဘူး။ ဒါပေမယ့် လျှို့ဝှက်မျိုးနွယ်စုမှ လူတွေအားလုံးက ဒီစကြာဝဠာအနန္တထဲ ရေတွက်လို့ မရနိုင်လောက်အောင် မှော်ဆန်တဲ့အရာတွေ၊ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားကြတယ်။ ဒဏ္ဍာရီသာ အမှန်တကယ် မှားယွင်းနေခဲ့ရင် ငါတို့တွေ အများဆုံး စိတ်ပျက်ကြရုံပဲပေါ့။ ဒါပေမယ့် ဒဏ္ဍာရီသာ အမှန်တကယ် မှန်ခဲ့တယ်ဆိုရင် ငါတို့စစ်ထူမိသားစုက ကြီးမားတဲ့ အကျိုးကျေးဇူးကို ရရှိမယ်လေ။ ငါ မင်းကို ထပ်ပြောစရာ မလိုတော့တာ သေချာတယ် မဟုတ်လား။"
"ကောင်းပြီလေ။ စစ်ထူမိသားစုက ဒီအဓိပ္ပါယ်မဲ့တဲ့ ကောလာဟလကနေ အခု လွတ်မြောက်သွားပါပြီ။ နောက်ဆို အဘိုးတို့မိသားစုက ဒီဟာအတွက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှာဖွေနေဖို့ မလိုတော့ဘူး။ ဒီပစ္စည်းကို ကျွန်တော်ပဲ ယူလိုက်တော့မယ်။ ဒါနဲ့ အဆောင်တွေလုပ်ဖို့ ကျွန်တော်လည်း အချိန် ၁၀ ရက် လိုတယ်။ ပြီးသွားတဲ့အခါကျရင် အဲ့ဒါတွေအားလုံးကို စစ်ထူမိသားစုဆီ ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမယ့် ကျွန်တော် အဲ့ဒါတွေ လုပ်ပြီးသွားတဲ့ရင် သူတို့ကို လာယူဖို့ ရှန်ဟိုင်းကို တစ်ယောက်ယောက် လွှတ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
“ငါ့အတွက်ကတော့ ရွှေနဂါးခေါင်းထက် အဆောင်တွေက ပိုအရေးကြီးတယ်။ အရင်ကတည်းက ငါတို့ သဘောတူထားပြီးတဲ့အတိုင်း ဒီပစ္စည်းသုံးမျိုးကို မင်း ပိုင်ပါတယ်။ မင်း အဲ့ဒါတွေ ဒီမှာ ထားခဲ့လိုက်လေ။ အဲ့ဒီပစ္စည်းတွေကို အပြင်သယ်ပေးဖို့ တစ်ယောက်ယောက်ကို ငါ ညွှန်ကြားလိုက်မယ်။" စစ်ထူပေါ်ရန်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။
"မလိုပါဘူးခင်ဗျာ။ ရှေးဟောင်းကြေးမီးအိမ်နဲ့ ကွမ်ရင်ပန်းအိုးကိုပဲ ယူသွားပေးပါ။ ဒီရွှေနဂါးခေါင်းကို ကျွန်တော်ကိုယ်တိုင် သယ်သွားနိုင်ပါတယ်။”
"ဒီကွမ်ရင်ပန်းအိုးကို ငါ သယ်နိုင်မယ်လို့ မင်း ထင်နေတာလား။" စစ်ထူပေါ်ရန်က မချိပြုံးဖြင့် မေးသည်။
"အမှန်တကယ်ကို ထင်နေတာ။" ထန်ရှု ရယ်ကြဲကြဲဖြင့် ပြောလိုက်သည်။
“ဒီကွမ်ရင်ပန်းအိုးက အတော်ထူးဆန်းတယ်။ ဒီရွှေနဂါးခေါင်းထက် ပိုလေးတယ်ဆိုတာ ကျွန်တော် တွေ့ရတယ်။ ဒါဆို ဒီရွှေနဂါးဦးခေါင်းကို ကျွန်တော့်ကားဆီ သယ်လာဖို့ အဖိုးကို ဒုက္ခပေးရတော့မှာပဲ။”
“အေးပါကွာ။” စစ်ထူပေါ်ရန်က ပြန်ပြောသည်။
ဆယ်မိနစ်အကြာတွင် ထန်ရှု၏ကားဆီသို့ ရွှေနဂါးခေါင်းအား သန်မာသော လူလေးယောက်က သယ်ယူလာသည်။ ကားနောက်ဖုံးထဲတွင် မဆန့်သောကြောင့် ထန်ရှုက နောက်ထိုင်ခုံကို ဖြုတ်ကာ ထည့်ထားရသည်။ ရှေးဟောင်းကြေးမီးအိမ်နှင့် ကွမ်ရင်ပန်းအိုးကိုမူ သိုလှောင်လက်စွပ်ထဲ လျှို့ဝှက်စွာ သူ သိမ်းဆည်းထားလိုက်သည်။
"ထန်ရှု … လူလူကို သွားကြည့်လိုက်ဦး။ သူမ မင်းကို စောင့်နေတုန်းပဲ။"
စစ်ထူချောင်သည် ခြံအပြင်ဘက်တွင် စောင့်နေခဲ့ရာမှ ထွက်လာသည်။ သူတို့မိသားစုဝင်လေးယောက်က ရွှေနဂါးခေါင်းအား ထန်ရှု၏ကားပေါ်သို့ တင်ပေးနေသည်ကို မြင်လိုက်သောအခါ သူ စိတ်မကောင်းဖြစ်သွားရသည်။ သူ၏စိတ်ခံစားချက်များကို အတော်လေး ကြိုးစားဖြေဖျောက်ပြီးမှ ထန်ရှုအား အားယူပြုံးထားရသောအပြုံးဖြင့် စကားဆိုလိုက်သည်။
“ကျွန်တော့်ကားထဲမှာ ဒီပစ္စည်းကို ထည့်ပြီး လုံး၀ ထွက်မသွားဝံ့ပါဘူး။ ဘာပဲဖြစ်ဖြစ် လူလူကို ဖုန်းဆက်ပြီး သူ့မှာ လုပ်စရာရှိမရှိ မေးလိုက်မယ်။ သူ အဆင်ပြေရင် ကျွန်တော် အရင်ပြန်လိုက်မယ်။" ထန်ရှုက ပြုံးပြီး ပြောသည်။ ထိုသို့ပြောပြီးနောက် သူသည် လူလူ၏နံပါတ်ကို ဖုန်းခေါ်ပြီး ရွှေနဂါးခေါင်းနှင့်ပတ်သက်သည့်ကိစ္စရပ်ကို ပြောပြလိုက်သည်။ သူမက သူ့အား မခေါ်ထားတော့ဘဲ ထိုအစား ဂရုတစိုက် ကားမောင်းသွားရန် မှာလေသည်။
****
ထန်မိသားစု၏နေအိမ်သို့ ထန်ရှု ပြန်ရောက်ချိန်တွင် သန်းခေါင် ၁၂နာရီ ရှိနေပြီဖြစ်သည်။
ထန်ရှု အံ့သြသွားရသည်မှာ သူ့အဖေ ထန်ယွင်သဲ့နှင့် အဘိုး ထန်ကောရှန့်တို့သည် မအိပ်သေးဘဲ ရှိနေကြခြင်းကိုပင်။ ထို၂ယောက်သည် လက်ရှိတွင် ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင် ထိုင်ကာ စကားလက်ဆုံကျနေကြပြီး လက်ဖက်ရည်၏ သင်းရနံ့သည် အခန်းထောင့်တိုင်းကို လွှမ်းခြုံထားသည်။
"အဘိုး … အဖေ … မအိပ်သေးဘူးလား။" ထန်ရှုက အခန်းထဲသို့ ခြေလှမ်းကြဲကြီးဖြင့် လှမ်းဝင်လာပြီးနောက် အပြုံးဖြင့် စကားဆိုလိုက်သည်။
"မနက်ဖြန် မင်း ရှန်ဟိုင်းကို ပြန်တော့မှာ မဟုတ်လား။ မင်းနဲ့စကားပြောဖို့ ငါတို့တွေ စောင့်နေကြတာ။ ဟုတ်သားပဲ … ဒီနေ့ ဘယ်ကို သွားတာလဲ။" ထန်ကောရှန့်က အပြုံးဖြင့် မေးသည်။
… တောင် … တောင်…
ထန်ရှု၏ဖုန်းမှ အသံမြည်လာသည်။ တစ်ပြိုင်နက်တည်း ပို့လိုက်ကြသော စာတိုများအတွက် အကြောင်းကြားချက်များ ဖြစ်သည်။ ထန်ရှုသည် ထန်ကောရှန့်အား အလျင်စလို မတုံ့ပြန်သေးဘဲ ထိုစာများကို တစ်ချက် ကြည့်လိုက်သည်။ ချက်ချင်းပင် သူ၏အမူအရာသည် ထူးဆန်းသောဟန် ဖြစ်သွားရသည်။ ၂.၅ဘီလီယံသည် သူ၏ဘဏ်အကောင့်ထဲသို့ ၂ကြိမ်တိတိ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။ ကျန်သောစာ၂စောင်သည်လည်း ကျင်းမန်ထျန်းနှင့် လီယွမ်တို့ဆီမှ ပေးပို့လိုက်ခြင်းပင် ဖြစ်ပြီး ထန်ရှုအား ယုံကြည်သောကြောင့် ငွေအား ကြိုလွှဲလိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုစာများအား ဖတ်ပြီးနောက် ထန်ရှုသည် မော့ကြည့်ကာ အပြုံးဖြင့် ဖြေလိုက်သည်။
“ကျွန်တော် မှောင်ခိုဈေးကွက်က လေလံပွဲကို သွားနေခဲ့တာ။ အဲ့ဒီကနေ အကျိုးကျေးဇူး ကြီးကြီးမားမား ရလာခဲ့တယ်။”
“စစ်ထူမိသားစုက ကျင်းပတဲ့ မြို့တော်လေလံပွဲကို မင်း သွားနေခဲ့တာလား။” ထန်ကောရှန့်၏အမူအရာ လှုပ်ရှားသွားကာ မေးလိုက်သည်။
“ဟုတ်တယ် အဘိုး။” ထန်ရှုက အပြုံးဖြင့် တုံ့ပြန်သည်။
“စစ်ထူမိသားစုမှာ ကြွယ်ဝတဲ့ အမွေအနှစ်တွေနဲ့ အရင်းအနှီးများစွာ ရှိတယ်။ နောက်ပြီး သူတို့ရဲ့ အစစ်အမှန် စွမ်းအားကို ခန့်မှန်းဖို့က အလွန် ခက်ခဲတယ်။ ငါ့ခန့်မှန်းချက်အရဆိုရင် သူတို့ရဲ့အင်အားက ငါတို့ထန်မိသားစုထက် အားမနည်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေ နှစ်စဉ် စီစဉ်တဲ့ မြို့တော်လေလံပွဲက လက်တွေ့အားဖြင့် မှောင်ခိုဈေးကွက် လေလံပွဲဖြစ်တဲ့အပြင် လေလံတင်ရောင်းချတဲ့ ပစ္စည်းအများစုကလည်း အများပြည်သူတွေ မထိတွေ့နိုင်တဲ့ အရာတွေချည်းပဲ။ သူတို့တွေက လျှို့ဝှက်မျိုးနွယ်စုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တာမို့ ပေကျင်းရဲ့အဓိကမိသားစုတွေက စစ်ထူမိသားစုကို မျက်ကွယ်ပြုထားနေရတာ။ ရှုအာ … အဘိုး အခု အရမ်း သိချင်နေပြီ။ စစ်ထူမိသားစုက စီစဉ်တဲ့ လေလံပွဲကို ဘယ်လိုဖြစ်ပြီး မင်း စိတ်ဝင်စားသွားတာလဲ။”
ထန်ရှုက လီလောင်ရှန်း အကူအညီတောင်းလာသည့် ကိစ္စကို ရှင်းပြခဲ့ပြီး အပြုံးဖြင့် အဆုံးသတ်လိုက်သည်။
" ဝမ်တောက်ယွမ်က လွယ်လွယ်ကူကူ လက်နက်ချပြီး လီလောင်ရှန်းနဲ့ ငြိမ်းချမ်းရေး ယူသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဒါပေမယ့် သူတို့ကိစ္စတွေ ပြေလည်သွားတဲ့အတွက် ကျွန်တော့်ရဲ့ ရည်မှန်းချက်ကိုလည်း အောင်မြင်ခဲ့တယ်လို့ ယူဆလို့ရတယ်။”
ထန်ကောရှန့်က ပြုံးကာ ခေါင်းညိတ်ပြပြီး
"မင်း ကောင်းကောင်း လုပ်ခဲ့တာပဲ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ မင်း ဘာတွေ ရိတ်သိမ်းခဲ့တယ်ဆိုတာ အဘိုးကို မပြောပြသေးဘူးနော်။"
“ချင်အင်ပါယာရဲ့ ဧကရာဇ်ကျောက်စိမ်းတံဆိပ်တုံးနဲ့ ဖီးနစ်ကိုးကောင်ဆံထိုးကို ရခဲ့ပါတယ်။ အဲ့ဒီပစ္စည်းနှစ်ခုကို လေလံပွဲမှာ ဝယ်ဖို့ ၃.၁ဘီလီယံ အကုန်အကျခံခဲ့တယ်။” ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
"ဘာ…"
ထန်ယွင်သဲ့နှင့် ထန်ကောရှန့်တို့သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် အသိလွတ်သွားဟန်ရသည်။
… ၃.၁ ဘီလီယံတောင်လား…
… သူက မထင်မှတ်စွာပဲ လေလံပွဲတစ်ခုမှာ ယွမ် ၃.၁ဘီလီယံကို သုံးစွဲရဲခဲ့တာလား။ ဒါ … ဒါကြီးက အလွန်အကျွံ ဖြုန်းတီးနေတာ မဟုတ်ဘူးလား။…
…လူတစ်ယောက်က သုံးစွဲခြင်းဖြင့် အမှန်တကယ် ငွေရှာနိုင်တာလား…
သို့သော် ... ထန်ကောရှန့်တစ်ယောက် သူ့မြေးအား ယွမ်ငွေ ၅၀ဘီလီယံ ပေးအပ်ခဲ့သည်မှာ မှားသွားပြီလားဟု ရုတ်တရက် တွေးမိသွားရသည်။ ထိုကဲ့သို့ အလွန်အကျွံ သုံးဖြုန်းမည်ဆိုပါက ယွမ် ၅၀ဘီလီယံပင် လောက်လိမ့်မည် မဟုတ်ပါချေ။
***