အညှာကိုင်သည်
Vol. 11 Ch. 522
ဟူချင်းစုန့်သည် အိုးရန်လူလူကို တစ်ခါမှ မမြင်ဖူးပေ။ ထန်ရှု၏အိမ်တွင် အပြစ်ကင်းစင်သော အလှပိုင်ရှင် အမျိုးသမီးတစ်ဦးကို မြင်ခဲ့ကြောင်း ယွဲ့ခိုင် ပြောဖူးသည်ကိုတော့ သူ ကြားဖူးထားသည်။ ထိုအချိန်တုန်းကတော့ ယွဲ့ခိုင် လိမ်နေသည်ဟု သူ ထင်ခဲ့သည်။
သို့သော် ယခုအချိန်တွင် ဟူချင်းစုန့်သည် ထိုစကားအား နောက်ဆုံးတွင် ယုံကြည်ခဲ့ပြီဖြစ်သည်။ သည်မိန်းကလေး၏ရုပ်ဆင်းသွင်ပြင်သည် ရှန်ဟိုင်းတက္ကသိုလ်၏ နံပါတ်တစ် အလှပန်းပွင့်လေး ဖြစ်သော မုဝမ်ရင်၊ နာမည်ကြီး စူပါစတား ကျန်းရှင်းယာတို့ နှင့် ယှဉ်နိုင်ပေသည်။
သည်သုံးယောက်အနက် တစ်ယောက်ကို ရွေးခွင့်ရခဲ့မည်ဆိုပါက မုဝမ်ရင်နှင့် ကျန်းရှင်းယာတို့ထက် ယခုတွေ့မြင်ရသော မိန်းကလေးကို သူ သေချာပေါက် ရွေးချယ်မိမှာပင်။ အဘယ်ကြောင့်ဆိုသော် သူအနှစ်သက်ဆုံး အမျိုးအစားများဖြစ်သည့် အလွန်တည်ငြိမ်သော စိတ်ဓာတ်နှင့် ထက်မြက်သော ကိုယ်ရည်ကိုယ်သွေးသည် ဤမိန်းကလေးထံတွင် ပေါ်လွင်နေပေသည်။
"အစ်…ကိုကြီး… အစ်ကိုကြီးထန် … သူကလည်း မင်းရဲ့ကောင်မလေးပဲလား။"
ဟူချင်းစုန့်က မှုန်မှိုင်းသွားသော မျက်ဝန်းအစုံဖြင့် မေးမိသွားသည်။
ထန်ရှု မတုံ့ပြန်ရသေးခင် အိုးရန်လူလူက ဦးစွာ တုံ့ပြန်လာသည်။ သူမက မျက်ခုံးများအား တွန့်ချိုးလျက် မေးလိုက်သည်။
"နင် ခုနက ဘာပြောလိုက်တာလဲ။ ငါလည်း … ဟုတ်လား။ ထန်ရှု့အနားမှာ ငါ့အပြင် အခြားမိန်းမ ဘယ်သူရှိနေတာလဲ။"
“အာ…” ဟူချင်းစုန့် နောက်တွန့်သွားသည်။ သူ၏နှုတ်ကြောင့် ထန်ရှုအား ဒုက္ခတွင်းထဲသို့ တွန်းပို့မိလိမ့်မည်ဟု သူ အနည်းငယ်မျှပင် မမျှော်လင့်ခဲ့ပေ။
ထန်ရှုက ခေါင်းယမ်းကာ ပြုံးလိုက်မိသည်။ သူသည် လူလူ၏လက်ကို ဆွဲကိုင်ကာ လျှောက်ရင်း
“လူလူ … ဟူချင်းစုန့် ပေါက်ကရပြောနေတာကို နားထောင်မနေနဲ့။ ငါက တက္ကသိုလ်က ဘွဲ့မရခင်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဝေးဝေးမှာနေပြီး အမြဲ သန့်သန့်ရှင်းရှင်းပဲ။ ငါ့မှာ တခြားမိန်းကလေးတွေ ဘယ်တုန်းကမှ မရှိဘူး။”
ထိုစကားကိုကြားပြီးနောက် ဟူချင်းစုန့်သည် ချက်ချင်းပင် စိတ်သက်သာရာရသွားသည်။ သူက ထိုစကားနောက် သံယောင်လိုက်ပြီး ခေါင်းတဆတ်ဆတ် ညိတ်ကာ ပြောလိုက်သည်။
“ဟုတ်တယ်၊ မှန်တယ်။ အစ်ကိုကြီးထန်မှာ တခြားမိန်းကလေးတွေ သေချာပေါက်ကို မရှိပါဘူး။ သူ့နောက်ကို လိုက်နေတဲ့ တခြားအမျိုးသမီးတွေ တကယ်ရှိပေမယ့် အစ်ကိုကြီးထန် ဘယ်လိုလူလဲဆိုတာ သိတယ်ဟုတ်။ ဒါပေါ့ … မရေမတွက်နိုင်တဲ့ ပန်းပွင့်တွေ ရှိကောင်းရှိနိုင်ပေမယ့် သစ်ရွက်ကသာ သူ့ရဲ့ပင်စည်ကို ဘယ်တော့မှ မချန်ထားခဲ့တာလေ။ အာ … ဟုတ်တယ် မဟုတ်လား အစ်ကိုကြီးထန်…"
“ဝိုး … ဒါဆို ငါက သစ်ရွက်ပေါ့…”
ဟူချင်းစုန့် ငုတ်တုတ်မေ့သွားသည့်နည်းတူ ထန်ရှုလည်း အလားတူ ပြောစရာစကားမဲ့သွားရသည်။ သူက ခေါင်းယမ်းလိုက်ပြီး
“မင်းတို့နှစ်ယောက် ငါ့ကို ဒီမှာစောင့်နေဦး။ အပေါ်ထပ်တက်ပြီး အဝတ်အစားလဲလိုက်ဦးမယ်။ ပြီးရင် နေ့လည်စာ သွားစားကြမယ်။"
မိနစ်နှစ်ဆယ်အကြာတွင် သုံးယောက်သား အိမ်ရာဝင်းထဲမှ ထွက်လာကာ ထာဝရခန်းမဆီသို့ ကားဖြင့် သွားကြသည်။ သုံးယောက်သား စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါ ဟန်ကျင်းဝူအား အရှေ့ကောင်တာတွင် ချီနန်နှင့် ပျော်ရွှင်စွာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။
"ထန်ရှု … နင့်ရဲ့အတန်းပိုင်ဆရာမ။" ထန်ရှု၏လက်မောင်းကို အသာတို့ရင်း လူလူက တီးတိုးပြောလိုက်သည်။
ထန်ရှုက တိတ်တဆိတ် ခေါင်းညိတ်သည်။ ဟန်ကျင်းဝူနှင့် ချီနန်သည် သူရှိရာသို့ လှမ်းကြည့်နေပြီး သူ့ဆီ လျှောက်လာသည်ကို မြင်လိုက်ရသော် ချက်ချင်းပင် မျက်မှောင်ကြုပ်သွားသည်။ သို့သော်လည်း ရှန်ဟိုင်းတက္ကသိုလ်ရှိ ဟန်ကျင်းဝူ၏ အဆင့်အတန်းကို ပြန်အမှတ်ရသောအခါတွင် သူ ခါးသီးစွာ ပြုံးလိုက်မိသည်။ သည်ပြသနာကို သူ ယခင်က စဉ်းစားခဲ့ဖူးသည်။ ရှန်ဟိုင်းတက္ကသိုလ်တွင် သူ ဆက်ရှိနေချင်သည်ဆိုပါက သူ့တွင် ကောင်းမွန်သည့် အပြုအမူကောင်း ရှိရမည်။ သူက ဟန်ကျင်းဝူကို ခွဲခြားသည့်သဘောထားဖြင့် ဆက်ဆံပြီး ဆန့်ကျင်ပါက၊ တွန်းလှန်ပါက သူ့အတွက် ပြဿနာသာ ပိုများလာနိုင်ပြီး နောက်ပိုင်းတွင် ခွင့်ယူရန် တောင်းဆိုသောအခါ သူ့အတွက် အခက်တွေ့နိုင်ပေသည်။
"ဆရာမဟန် … ဘယ်လောက်တိုက်ဆိုင်လိုက်လဲလို့။" ဟူချင်းစုန့်သည် ပထမဆုံး ပါးစပ်ဟလာသူဖြစ်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။
ဟန်ကျင်းဝူက ဟူချင်းစုန့်အား အပြုံးဖြင့် ခေါင်းညိတ်သည်။ ထို့နောက် သူမသည် အိုးရန်လူလူကို တစ်ချက်ကြည့်ပြီးမှ ထန်ရှုအား စိုက်ကြည့်ကာ မေးလိုက်သည်။
"ထန်ရှု … ကျောင်းဝင်းကို သတင်းပို့ဖို့ ဒီမနက် နင် ဘာလို့ မလာတာလဲ။"
"ကျွန်တော် ကိစ္စတစ်ချို့ကြောင့် နှောင့်နှေးခဲ့ရပြီး ပေကျင်းကနေ အခုလေးတင် ရောက်တာပါ။" ထန်ရှုက ပြန်ဖြေသည်။
ဟန်ကျင်းဝူ၏အကြည့်များက သူ့အား သိမ်းကျုံးကြည့်လိုက်ပြီး ချီနန်ဘက် လှည့်ကာ ပြောလိုက်သည်။ "မန်နေဂျာချီ … ကျွန်မ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ ပြန်လိုက်ဦးမယ်။ ရှင့်ရဲ့ သူဌေးကြီးကို နောက်ထပ် အတန်းမလစ်အောင် ပြောဖို့ မမေ့နဲ့နော်။"
"ကောင်းပါပြီ။" ချီနန်က အပြုံးမပျက်ဘဲ ခေါင်းညိတ်ကာ ပြန်ပြောသည်။
ထိုနောက် ထန်ရှု၏အကြည့်သည် လှည့်ထွက်သွားသော ဟန်ကျင်းဝူ၏အနောက်သို့ ပါသွားသည်။ ထို့နောက် သူသည် ခေါင်းယမ်းလိုက်ပြီး ချီနန်ဆီသို့ အကြည့်လွှဲကာ
"သူမက ဘာလို့ ဒီကို ရောက်နေတာလဲ။"
"သူမက ထမင်းစားဖို့လာတာပါ သူဌေး။ နောက်ပြီး ငါတို့က စီးပွားရေးအတွက် စားသောက်ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားတာလေ။ ငါတို့ သူ့ကို ရှောင်ရမယ်လို့ သူဌေး ပြောနေတာလား။" ချီနန်က ပြုံးပြီး မေးသည်။
“အာ…” ထန်ရှု ကြောင်အအ ဖြစ်သွားပြီး မငြင်းတော့ဘဲ ထွက်ခွာသွားသည်။
"မန်နေဂျာချီ … ရှင့်ရဲ့သူဌေးကို လိုက်ဖို့ ကြံစည်နေတဲ့ အမျိုးသမီးတွေကို ရှင် ရှောင်ထားနိုင်တယ်။" အိုးရန်လူလူက ဆိုလိုက်သည်။
"မစ္စအိုးရန်ကိုပါ ရှောင်ရမှာလား။ " ချီနန်က ပြုံးပြီး မေးသည်။
“အာ…” အိုးရန်လူလူသည် တစ်ချက်တွေဝသွေားသည်။ ထို့နောက် သူမ၏လက်ကို ချက်ချင်းဝှေ့ယမ်းလိုက်ပြီး
“ဒါက မတူဘူး။ ဟန်ကျင်းဝူက လျှို့ဝှက်ကြံစည် ဆောင်ရွက်နေချိန်မှာ ငါက ပွင့်ပွင့်လင်းလင်းနဲ့ တည့်တိုးပဲ ဆောင်ရွက်လို့ ရိုးရှင်းတယ်။ နောက်ဆိုရင် ငါက ထာဝရခန်းမရဲ့ သူဌေးမ ဖြစ်လာမှာမို့ သူမက ငါနဲ့ နှိုင်းလို့ မရဘူး။"
ချီနန် ရယ်ချင်စိတ် မမျိုသိပ်နိုင်တော့သော်လည်း ထန်ရှုကို ကြည့်လိုက်ပြီးနောက် သူမ၏အမူအရာအား အမြန်ထိန်းပြီး အလျင်စလို မေးလိုက်သည်။
"ထမင်းစားမှာမဟုတ်လား သူဌေး။ ငါ ချက်ချင်း စီစဉ်လိုက်မယ်။"
ထန်ရှု ကူကယ်ရာမဲ့စွာ သက်ပြင်းချမိတော့သည်။ လူလူ၏ပွင့်လင်းမှု၊ မျက်နှာပြောင်တိုက်မှု၊ အရေထူပြီး အတားအဆီးမဲ့ ဆွဲဆောင်မှုကို ရင်ဆိုင်ရသောအခါတွင် သူသည် မည်သို့လုပ်ရမည်ကိုပင် မသိတော့ပါချေ။ သူမကို အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း အလုပ်မဖြစ်သည်ကို တွေ့ရသောအခါ သူ၏တံတွေးကို ဖြုန်းတီးရန်အတွက် ပျင်းလာတော့ပေသည်။
ဘေးတွင် ဟူချင်းစုန့်သည် ထန်ရှုနှင့် ချီနန်အား လျှာအာစေးမိနေပြီး ကျောက်ရုပ်ပမာ ကြည့်နေသည်။ ဘဲဥတစ်လုံးတောင် ဝင်နိုင်သည့် ပါးစပ်အဟောင်းသား ဖြစ်နေသည်။ သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်ဟန် အမူအရာ ဖြစ်နေသည်။
"မင်းက ဘာတွေ အံသြနေတာလဲ။ အထဲဝင်ရအောင်။"
ထန်ရှုသည် ခြေလှမ်းအနည်းငယ် လျှောက်လှမ်းခဲ့သည့်တိုင် နေရာတွင် သံမှိုရိုက်ထားသည့်ပမာ တုပ်တုပ်မျှ မလှုပ်သော ဟူချင်းစုန့်အား လှည့်ကြည့်ကာ လှမ်းခေါ်လိုက်သည်။
နောက်ဆုံးတော့ ဟူချင်းစုန့် ပါးစပ်ပိတ်သွားနိုင်ခဲ့သည်။ သို့သော်လည်း အရာရာကို သူ ရိပ်စားမိသွားသည့်အခါမှာတော့
“အစ် … အစ်ကိုကြီး … မန်နေဂျာချီက … ဘာပြောလိုက်တာ … သူဌေး ဟုတ်လား။ မင်းက ဒီထာဝရခန်းမရဲ့ ပိုင်ရှင် ဟုတ်လား။”
စက္ကူဖြင့် မီးမထုတ်နိုင်သကဲ့သို့ အမှန်တရားကိုလည်း ဖုံးအုပ်မထားနိုင်ပါပေ။ ဟူချင်းစုန့်က သည်အချက်အား ယခုသိသွားသည့်အခါ ထန်ရှုက ဆက်လက်မဖုံးကွယ်ထားတော့ဘဲ ခေါင်းညိတ်ပြပြီး "ဟုတ်တယ်။ ငါက ဒီထာဝရခန်းမရဲ့ ပိုင်ရှင်ပါ။ မင်းကို ဒီအကြောင်း မစဉ်းစားစေချင်လို့ အရင်က ငါ မပြောဖြစ်ခဲ့တာ။ မင်း ဒီအကြောင်းသိသွားရင်လည်း ဘယ်သူ့ကိုမှ ထပ်မပြောပြနဲ့ဦး ဟုတ်ပြီလား။"
ဟူချင်းစုန့်က သူ၏ပါးစပ်ထဲက သွားရည်များကို မျိုချလိုက်ပြီး တုံဏှိဘာဝအေမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူ၏ရင်တွင်းတွင် ဖြစ်ပေါ်နေသော ခံစားချက်အား စကားလုံးများဖြင့် ဖော်ပြနိုင်ခြင်းမရှိပါချေ။ အဘယ်ကြောင့်ဆိုသော် သူနှင့်အတူ အိပ်ဆောင်အတူတူ နေထိုင်သည့် ကျောင်းသားသည် ထာဝရခန်းမ၏ပိုင်ရှင် ဖြစ်လိမ့်မည်ဟု သူ၏ အိပ်မက်ထဲမှာတွင်ပင် မည်သည့်အခါကမှ မမျှော်လင့်ထားခြင်းကြောင့် ဖြစ်သည်။ ထာဝရခန်းမသည် ရှန်ဟိုင်းတစ်ခွင်ရှိ ထိပ်တန်းစားသောက်ဆိုင်များထဲမှ တစ်ဆိုင်ဖြစ်ပြီး ၎င်း၏နှစ်စဉ်အသားတင်ဝင်ငွေသည် ဂဏန်းကိုးလုံးထက် ကျော်လွန်သည်ကို သူ သိပေသည်။
ဂဏန်းကိုးလုံး၏အဓိပ္ပာယ်က မည်သည်ကို ဆိုလိုပါသနည်း။ ၎င်းသည် ဘီလီယံပမာဏအတွင်း ရှိခြင်းဖြစ်သည်။
နှစ်စဉ်ဝင်ငွေ ယွမ်ဘီလီယံနှင့်အတူ ထန်ရှုသည် အလွန်ကျိကျိတက်ချမ်းသာသူတစ်ဦး ဖြစ်ကြောင်း ရှင်းပြရန်လိုမည်မဟုတ်ပေ။
ပထမထပ်၏ထောင့်တစ်နေရာတွင် ထန်ရှုသည် သူတို့ ထိုင်ရန်နေရာကို သာမန် ရွေးချယ်လိုက်သည်။ သူသည် အိုးရန်လူလူ၊ ဟူချင်းစုန့်တို့နှင့်အတူ ထမင်းစားရုံသာ ဖြစ်သောကြောင့် အပေါ်ထပ်မှ အထူးခန်းကို ရွေးရန် မလိုပေ။ လူလူသည် သူ၏ဘေးနားမှ ထိုင်ခုံကို ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် ထန်ရှု၏စိတ်ထဲက သက်ပြင်းသာ ချလိုက်မိသည်။ သူ၏မျက်နှာချင်းဆိုင်မှ ထိုင်ခုံကို ညွှန်ပြရင်း ဟူချင်းစုန့်အား
"နောက်တစ်ခါ ထပ်ငေးပြီး ကြောင်မနေလို့ ရမလား။ ထိုင်လေကွာ။”
ဟူချင်းစုန့်က ထိုင်ပြီးနောက်
"အစ်ကိုကြီးထန် … မင်းမှာ ပိုက်ဆံဘယ်လောက်ရှိလဲ အတိအကျ ပြောပြလို့ရမလား။"
"ရိုးရိုးသားသားပြောရရင် ငါ့မှာ ငွေ ဘယ်လောက် ရှိတယ်ဆိုတာ ငါ တကယ် မရေတွက်ထားဘူး။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
“မင်း ငါ့ကို မေးတယ်ဆိုရင် ပိုက်ဆံဆိုတာ နံပါတ်ဂဏန်းအတွဲသာသာပဲ။ အဲ့ဒါကြောင့် ထူးထူးခြားခြား အဓိပ္ပါယ်မရှိလို့ အဲ့ဒီအတွက် ငါ အများကြီး တွေးမနေဘူး။"
“…”
ထန်ရှုအား မိုက်မဲသည့် အရူးတစ်ယောက်ပမာ ကြည့်နေရင်း ဟူချင်းစုန့်၏နှလုံးသားသည် မိုးခြိမ်းသလို အတွေးတစ်ခုဖြင့် ရိုက်ခတ်ခံရကာ သူ ကြည့်နေသော ကမ္ဘာကြီး ပြိုကျသွားသည့်အလား ဖြစ်သည်။
ဒါက ပုံမှန် မဟုတ်တော့ဘူး။
ဒီရေလှိုင်းကဲ့သို့ ပြင်းထန်ပြီး အာရုံစူးစိုက် ဖိအားပေးသည့် အော်ရာတစ်ခုဖြင့် ထန်ရှုသည် ဤအခိုက်အတန့်တွင် ရွှေရောင်အလင်းတစ်ခု ဖုံးလွှမ်းနေသကဲ့သို့ ဖြစ်သည်။ ဟူချင်းစုန့်၏မျက်လုံးများသည် မြည်းတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ဓားနှင့်အထိုးခံထားရသည့်အလား နာကျင်နေဆဲဖြစ်သည်။ သာမန်လူများ၏ အားကျခြင်းနှင့်မနာလိုခြင်းမျိုး ခံစားနေရခြင်း ဖြစ်သော်လည်း သူ၏ စိတ်ခံစားမှု သန်းပေါင်းတစ်ရာအား မဖော်ပြနိုင်သေးပေ။
သူ၏ဘဏ်ကတ်ပေါ်ရှိ နံပါတ်များအား လက်ချောင်းများဖြင့် မရေမတွက်နိုင်အောင် ဖြစ်လိုခြင်းမှာ ဟူချင်းစုန့်၏ အိပ်မက်တစ်ခုဖြစ်သည်။ ယခုအချိန်တွင် သူသည် အိတ်ကပ်ထဲတွင် အစာခြောက်မှလွဲ၍ ဘာမှမရှိဘဲ အပြင်သို့ ထွက်လာသည့် ဆင်းရဲသားတောသားတစ်ဦးပမာ ဖြစ်သည်။ သူ၏မိဘများအား သူ့အား ထောက်ပံ့ပေးရန် မျက်နှာအရေထူစွာ တောင်းဆိုနေချိန်တွင် ထန်ရှုက သူ၏မျက်လုံးထဲတွင် ငွေဆိုသည်မှာ နံပါတ်အရေအတွက်ကလွဲပြီး ဘာမှ အဓိပ္ပာယ်မရှိဟု မထင်မှတ်ဘဲ ပြောခဲ့သည်က သူ၏နှလုံးသားကို ပြိုကျလုနီးပါး ဖြစ်စေခဲ့သည်။
ငွေသည် နံပါတ်များသက်သက်သာ ဖြစ်သည်ဟု မည်သို့သောလူများက ဆိုကြသနည်း။ ဤမှတ်ချက်အား အလွန်အမင်းချမ်းသာကြွယ်ဝသော လူများသာ ပြောနိုင်သည်မဟုတ်တုံလော။ ယခုထန်ရှုသည် ထိုကဲ့သို့သောသူများ၏အဆင့်တွင် ရှိနေခြင်းပေပဲလား။
****
ထာဝရခန်းမ၏ဝန်ထမ်းတစ်ဦးသည် ရနံ့မွှေးကြိုင်သော ဟင်းလျာများကို ပို့ဆောင်လာသည်။ ယခုအချိန်တွင် ထန်ရှု၏အဆင့်အတန်းကို ထာဝရခန်းမ၏ ဝန်ထမ်းများအားလုံးနီးပါး သိနေကြသောကြောင့် ၎င်းတို့သည် သူ၏အရှေ့တွင် ပုံမှန်မဟုတ်သည့် ကောင်းမွန်သော စွမ်းဆောင်ရည်ကို ပြသနေကြသည်။
ဟင်းလျာများတွင် သက်သတ်လွတ်မဟုတ်သော အစပ်ဟင်းလေးမျိုး၊ အသီးအရွက်ဟင်းရည်နှစ်မျိုးနှင့် ကိုယ်အလေးချိန်မတက်သော အစားအစာတစ်မျိုး ပါဝင်ပြီး အနံ့၊ အဆင်း၊ အရသာသည် လွန်စွာ ကောင်းမွန်လှပေသည်။
ထန်ရှု စတင်စားသောက်ချိန်တွင် ဟူချင်းစုန့်သည် အိပ်မက်မှ နိုးထလာပြီး ရှုပ်ထွေးသော စိတ်ခံစားမှုများမှ လွတ်မြောက်သွားသလိုပင်။ သို့သော် သူသည် ထမင်းမစားသေးဘဲ ထန်ရှုကို ကြည့်လိုက်ပြီး “အစ်ကိုကြီးထန် … မင်း ငါ့ကို အနာဂတ်မှာ ထောက်ပံ့ဖို့ ဆန္ဒရှိလား။ မင်းတာဝန်ပေးတဲ့ အလုပ်တိုင်းကို ငါ ကြိုးကြိုးစားစား လုပ်ပါ့မယ်။"
"ဒီထာဝရခန်းမမှာ မင်းက အလုပ်သင်စားဖိုမှူးတစ်ဦး ဖြစ်လိုတာလား။” ထန်ရှုက အပြုံးဖြင့် မေးသည်။
ဟူချင်းစုန့်က ခေါင်းယမ်းပြီး
"ဒီထာဝရခန်းမထက် အများကြီးပိုပြီး မင်းမှာ ရှိမယ်ဆိုတာ ငါ သေချာသိတယ်။"
"ဘာလို့ အဲ့ဒီလို ထင်ရတာလဲ။" ထန်ရှုက မျက်ခုံးပင့်ကာ ပြုံးပြုံးလေး မေးသည်။
“ဘာလို့လဲဆိုတော့ မင်းမှာ ဒီထာဝရခန်းမ တစ်ခုတည်းသာ ရှိနေရင် ငွေဆိုတာ နံပါတ်သာသာပါပဲလို့ မင်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး။ ဒီစားသောက်ဆိုင်က ပိုက်ဆံရှာပေးနိုင်ရင်တောင်မှ လုပ်နိုင်တဲ့ပမာဏက အကန့်အသတ်ရှိတယ်” ဟူချင်းစုန့်က အလေးအနက် ပြောကြားခဲ့သည်။
“ကောင်းပြီ။ ထာဝရခန်းမရဲ့ဌာနချုပ်က ကျင်းမန်ကျွန်းမှာ ရှိပြီး ဟောင်ကောင်၊ ရှန်ဟိုင်းနဲ့ ပေကျင်းတို့မှာလည်း ဆိုင်ခွဲတွေ ရှိတယ်။ ငါ့မှာ တခြားစီးပွားရေးတွေရှိသေးတယ်လို့ မင်း ထင်သေးလား။" ထန်ရှုက ရှင်းပြသည်။
ဟူချင်းစုန့် ခဏတာ မင်သက်သွားသည်။ တခဏ သူ စဉ်းစားပြီးမှ ခေါင်းယမ်းရင်း
“ဒါက မလုံလောက်သေးဘူး။”
“ဘာပဲဖြစ်ဖြစ် ပုံမှန်ဆိုရင် မင်းက လွပ်လွပ်လပ်လပ်နဲ့ ဘာကိုမှ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါးနေလေ့ရှိတဲ့ အရှေ့မြောက်ပိုင်းသားတွေရဲ့ ပုံသေပုံစံအတိုင်း ရှိတတ်တယ်။ ဒါပေမယ့် မင်းက အဲ့ဒါထက် အနည်းငယ် ပိုပြီး ထူးထူးခြားခြား ထူးချွန်နေတာပဲ။ ဒီလိုဆိုမှတော့ မင်းမိသားစုမှာ စီမံခန့်ခွဲဖို့ စီးပွားရေးလုပ်ငန်းတွေလည်း ရှိမနေဘူးလား။ မင်း တက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် အိမ်ကို ပြန်ပြီး မိသားစုရဲ့စီးပွားရေးကို မစီမံဘူးလား။”
“ငါ့တို့မိသားစုက အညတရကနေ ထင်ပေါ်ကျော်ကြားလာတယ်လို့ဆိုရမယ်။ ငါ့အဖေက ကျန်းမာပြီး ငါ့ထက်သန်မာနေသေးပေမယ့် အိမ်မှာရှိတဲ့ မိသားစုဝင်တစ်ယောက်ချင်းစီရဲ့ မိသားစုစီးပွားရေးတွေကို စိုက်ကြည့်နေတဲ့ပုံက ရက်စက်ကြမ်းကြုတ်တဲ့ ကျားတွေနဲ့ ဝံပုလွေတွေအတိုင်းပဲ။ အိမ်ပြန်ပြီး သူတို့နဲ့ ရန်ဖြစ်ဖို့ ငါ လုံးဝစိတ်မဝင်စားပါဘူး။” ဟူချင်းစုန့် က အားယူထားသော ခါးသီးသည့်အပြုံးဖြင့် ပြောသည်။
"စီးပွားရေးတစ်ခု ထူထောင်ဖို့ မင်းကို ငါ ကူညီပေးနိုင်တယ်။" ထန်ရှုက အပြုံးဖြင့် ပြောသည်။
"မင်း ငါ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရင် မင်းထက် ငါ ငွေ ပိုရှာနိုင်မလား။" ဟူချင်းစုန့်က ပြန်မေးသည်။
ထန်ရှု တခဏမျှ တိတ်ဆိတ်သွားသည်။ သူ၏မျက်နှာထက်ရှိ အပြုံးအား လေးနက်သော အမူအရာဖြင့် အစားထိုးလိုက်ပြီး စားပွဲအား လက်ချောင်းလေးများဖြင့် တဒေါက်ဒေါက်ခေါက်ကာ
“အဲ့ဒါကို အခုပြောဖို့က နည်းနည်းစောသေးတယ်လို့ မထင်ဘူးလား။”
"အဲ့ဒါကို စောလွန်းတယ်လို့ မင်း တကယ်ထင်လား။" ဟူချင်းစုန့်က နောက်ထပ် ထပ်မေးသည်။
ထန်ရှုက သူ့အား အရှုံးပေးသည့်အကြည့်ဖြင့် ကြည့်ရင်း ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်းကိုယ်တိုင် ပြောလာပြီဆိုမှတော့ နောက်ဆိုရင် မင်း ငါ့အတွက် အလုပ်လုပ်ပေးလို့ရတယ်။ အသေးစိတ်ကို နောက်မှ ပြောကြမယ်။ နောက်ပြီး ရွှဲ့ချောင်က ရိုးသားပြီး သဘောကောင်းတာမို့ သူ့ကိုလည်း ငါ့ကို ကူညီခွင့်ပြုမယ်။"
"မင်း ငါ့ကို မဖြေသေးဘူးနော်။ ဒီထာဝရခန်းမအပြင် မင်းမှာ တခြားစီးပွားရေးတွေရှိလား။" ဟူချင်းစုန့်က ကမန်းကတန်း မေးလိုက်သည်။
***