အမှန်ကိုထုတ်ဖော်ပြီးရင် လက်ဝါးတစ်ချက်တည်းနဲ့သတ်ပစ်
Vol. 39 Ch. 545
အခန်း (၅၄၅) အမှန်ကိုထုတ်ဖော်ပြီးရင် လက်ဝါးတစ်ချက်တည်းနဲ့သတ်ပစ်
သမုဒ္ဒရာကမ္ဘာ၏ သိုင်းပညာယဉ်ကျေးမှုသည် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ပင် ဖွံ့ဖြိုးလာခဲ့သည်။
ထို့ကြောင့် အစီအရင်တာအိုနှင့်ပတ်သက်လျှင် လူအင်အားကိုအသုံးပြုရသည့် တိုက်ပွဲအစီအရင်ကို အသုံးမပြုကြဘဲ ပထဝီဝင်အနေအထားအပေါ်တွင် တည်ဆောက်ရသော အစီအရင်များကိုသာ အသုံးပြုကြသည်။
ထိပ်သီးသိုင်းဂိုဏ်းကြီးများသည် နှစ်များတစ်လျှောက် သူတို့၏ ခုခံကာကွယ်မှုအစီအရင်များကို အဆက်မပြတ် ခိုင်မာစေခဲ့ကြသည်။ ထို့ကြောင့် ကိုယ်ပိုင်နယ်မြေများတွင် အစီအရင်အားသာချက်က အလွန်တရာမြင့်မားသည်။
ယခု မိစ္ဆာဂိုဏ်း (၃) ဂိုဏ်းပူးပေါင်းကာ သွေးနီနဂါးဂိုဏ်းကို တိုက်ခိုက်ခဲ့ပြီး ရေသလင်းနန်းတော်ကို တိုက်ခိုက်ရန် ကြံစည်နေကြသည်။ ဤသည်က အလွန်တရာ ဖိအားကြီးမားသည်ပင်။
မိစ္ဆာဂိုဏ်း (၂) ဂိုဏ်းသာ လာရောက်တိုက်ခိုက်ပါက ရေသလင်းနန်းတော်သခင် ‘လင်ရှီး’ အနေဖြင့် အနိုင်မယူနိုင်သည့်တိုင် အချိန်အတန်ကြာအောင် ထိန်းထားနိုင်မည် ဖြစ်သည်။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းအပြင် များပြားလှစွာသော သိုင်းဂိုဏ်းများတွင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းနှင့် သိုင်းသူတော်စင်မရှိသော ဂိုဏ်းပေါင်းများစွာ ရှိကြသည်။ မည်သို့ပင်ဖြစ်စေ စွမ်းအားမြင့်မားသည့် သိုင်းသူတော်စင်များနှင့် ရင်ဆိုင်ရသည့်အခါ သူတို့အနေဖြင့် အားနည်းသယောင်ထင်မှတ်ရသော်လည်း အရှုံးပေးအညံ့ခံမည်တော့ မဟုတ်ပေ။
ဂိုဏ်းတစ်ဂိုဏ်းတွင် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်က ပင်မအစီအရင်ကို ချုပ်ကိုင်ထားမည်ဆိုပါက သိုင်းသူတော်စင်တစ်ယောက် လာရောက်တိုက်ခိုက်လျှက်လည်း ဘာမှတ်တတ်နိုင်မည် မဟုတ်ပေ။
နျန်ချန်သာ အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သည့် ‘နဂါးကိုးကောင်လက်ချောင်း’ ကို ကိုင်ဆောင်လျှက် သွေးနီနဂါးဂိုဏ်းတွင် ရှိနေမည်ဆိုလျှင် မည်သူမှ လာရောက်တိုက်ခိုက်ရဲမည် မဟုတ်ပေ။
ရန်ကျောက်ကဲက ဤသဘောတရားကို သဘာဝကျကျ နားလည်သည်။
ကြယ်စင်လှည့်ပြောင်းပင်လယ်က ကြားနေရာတစ်ခုဖြစ်သဖြင့် နျန်ချန်ကို မျှားခေါ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရန်ကျောက်ကဲအတွက်တော့ တိုက်ပွဲရင်ဆိုင်ရန် ထို့ထက်အဆင်ပြေသည့်နေရာ မရှိပေ။
ရှီကျွင်း ၊ ရှန်ယင်းနှင့် နျန်ဝေတို့ ပြဿနာမတက်ကြဘူးဆိုလျှင်တောင်မှ ရန်ကျောက်ကဲက သွေးနီနဂါးဂိုဏ်းကိုတိုက်ခိုက်ရန် စဉ်းစားထားပြီးဖြစ်သည်။ သို့သော် ထိုအကြောင်းကို လူအများ သိရှိကြမည် မဟုတ်ပေ။
ယင်ယွီကျန်းကို ပင်လယ်လောင်မြိုက်စမ်းချောင်းတွင်ထားရှိပြီး ဆက်လက်ဆေးကုသရမည်ဖြစ်သောကြောင့် ရွှီဖေးနှင့် ရှီကျွင်းတို့ ချန်လီတောင်တွင် ဆက်လက်နေထိုင်ကြရဦးမည် ဖြစ်သည်။ ထိုအချိန်ကတည်းက ရန်ကျောက်ကဲခေါင်းထဲ အတွေးများစွာ ရှိနေခဲ့၏။
ချန်လီတောင်သည် သွေးနီနဂါးဂိုဏ်း ၊ ရှားလော်ဂိုဏ်းတို့နှင့် မပြေနိုင်သည့်ရန်ငြိုးများ ရှိခဲ့သည်။
ကြံ့ဝိညာဉ်ကျွန်းနှင့် မိစ္ဆာသူတော်စင်ဂိုဏ်းကတော့ သမုဒ္ဒရာကမ္ဘာသို့ ရန်ကျောက်ကဲ ရောက်လာပြီးနောက်ပိုင်း ရန်သူများ ဖြစ်ခဲ့ကြသည်။
ထိုသိုင်းဂိုဏ်းများအားလုံးက ရန်ကျောက်ကဲ စိတ်ထဲစွဲနေသည့် ပစ်မှတ်များဖြစ်သည်။ ထိုရန်သူများအားလုံးကို ရှင်းပစ်ပြီး ရှီကျွင်းနှင့် ရွှီဖေးအတွက် အန္တရယ်ကင်း လုံခြုံသော ပတ်ဝန်းကျင်တစ်ခုကို ချန်ထားခဲ့ချင်သည်။
သမုဒ္ဒရာကမ္ဘာ၏အခြေအနေကို သုံးသပ်ကြည့်သည့်အခါ လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများတွင် စွမ်းအားမြင့်မားသော အင်အားကြီးအုပ်စု (၃) ခုစီက မျှခြေအလွန်တည်ငြိမ်နေကြောင်း တွေ့ရသည်။
အကယ်၍ ထို အင်အားကြီးအုပ်စု (၃) ခုစီအနက် တစ်ခု အင်အားနည်းသွားပါက အင်အားကြီးအုပ်စု (၂)ခုတည်း ရှိနေသည့်ဘက်က အင်အားလျော့နည်းသွားကာ ပဋိပက်ဃာများ ဖြစ်လာနိုင်ဖွယ်ရှိသည်။
သွေးနီနဂါးဂိုဏ်း ၊ ရေသလင်းနန်းတော်နှင့် ဓားအသင်္ချေရေကန်တို့ကြား ပဋိပက္ခများမရှိပါက ချန်လီတောင်၏ ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်လာနိုင်သည်။ အမြဲတမ်း ဘေးတွင်ရပ်ကာ အမြတ်ထုတ်ရန် ကြိုးစားနေသည့် မိစ္ဆာသူတော်စင်ဂိုဏ်းမရှိပါက ကျန်လုန်ဂိုဏ်းနှင့် တစ္ဆေဝိညာဉ်ဂိုဏ်းအကြား ပဋိပက္ခများ ပိုမိုပြင်းထန်လာမည် ဖြစ်သည်။
ချန်လီတောင်တွင် နေထိုင်သည့်ကာလတစ်လျှောက် ရန်ကျောက်ကဲက ဤအကြံအစည်များကို အဆက်မပြတ် စဉ်းစားနေခဲ့သည်။ သမုဒ္ဒရာကမ္ဘာမှ အင်အားကြီးအုပ်စုများနှင့် ရင်ဆိုင်ရခြင်းက မီးနှင့်စကားရသည့်ပမာ ဖြစ်သည်။ အခန့်မသင့်လျှင် ကိုယ့်ပါလောင်ကျွမ်းစေနိုင်သည် မဟုတ်လား။
သို့သော် ရှီကျွင်းက ရှန်ယင်းကို ပြန်ပေးဆွဲသွားသည့်ကိစ္စက ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။
ရှီကျွင်းကိုရှာတွေ့ပြီး အန္တရယ်ကင်းကြောင်း အတည်ပြုနိုင်သည်နှင့် ရန်ကျောက်ကဲစိတ်များ တက်ကြွလာသည်။ အခြေအအနေက အိပ်ချင်နေချိန် ခေါင်းအုံးလာပေးနေသည့်အလားပင်။
ရန်ကျောက်ကဲ သဘောကျစွာပင် အခြေအနေများကို လက်ခံလိုက်၏။
ရန်ကျောက်ကဲနှင့် အခြားသူများကိုစိုက်ကြည့်ရင်း ရှန်စစ်ချန် ကျောရိုးထဲအထိ အေးစိမ့်သွားသည်။
“မင်းက နဂါးကိုးကောင်လက်ချောင်းကနေ လက်ချောင်းနှစ်ခု ဖြတ်ပစ်ခဲ့တယ် ၊ နဂါးလက်သည်းတစ်ချောင်းကို နျန်ချန်ကို ပြန်ရှာတွေ့စေလိုက်တာ တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလား...”
ရန်ကျောက်ကဲက ရယ်မောရင်း...
“သွေးနီနဂါးဂိုဏ်းရဲ့ ထိပ်တန်းရတနာတစ်ခုဖြစ်တဲ့ ရွှေပိုးကောင်အင်းသင်္ကေတက မိုးအောက်မြေပြင်တစ်ခွင်မှာ အရမ်း နာမည်ကြီးပါတယ် ၊ ဒါပေမဲ့ ဒီ ‘ရန်’ မျိုးနွယ်က အရင်ကတည်းက အဲဒီအင်းသင်္ကေတအကြောင်း ကြားဖူးခဲ့တယ်”
သူက ဆက်ပြောသည်။
“မင်းသာ သူ့ကို မသတ်ဘူးဆိုရင် နျန်ချန်လွတ်သွားလည်း ရှိပါစေတော့လို့ သဘောထားလိုက်တာ ၊ ဒါပေမဲ့ မင်းက ဒီအခွင့်အရေးကို သေချာပေါက် အရယူမှာပဲဆိုတာ ငါသတိတယ်လေ ၊ မင်းပြောသလိုပဲ မင်းရဲ့သမီး ရှန်ယင်းက အခွင့်အရေးတစ်ခုဖန်တီးပေးခဲ့ပြီး အဲဒီအခွင့်အရေးကို မင်းက ဆုပ်ကိုင်လိုက်နိုင်တာ အရမ်းကောင်းတဲ့အချက်ပါပဲ”
ရှန်စစ်ချန်က မချိပြုံးပြုံးလိုက်သည်။
သူက သူများဓားငှားပြီး နျန်ချန်ကို သတ်ဖြတ်ချင်ခဲ့သော်လည်း ရန်ကျောက်ကဲက ထိုမျှ ပါးနပ်ကြောက်စရာကောင်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
နျန်ချန်ကို အသက်သေလုနီးနီးအထိ တိုက်ခိုက်ပြီး အကြံအစည်ဖြင့် တမင်သက်သက် လွှတ်ပေးခဲ့သည်။
ငှားထားသောဓားက ထူးထူးခြားခြား ထက်မြက်နေသဖြင့် ရှန်စစ်ချန်၏ ဆန္ဒများအားလုံး လွယ်ကူစွာ ပြည့်ဝခဲ့သည်။ သို့သော် သူတစ်ပါးထံမှ ဓားငှားပြီး လူသတ်ခဲ့ခြင်းက ဘူးပေါ်သလိုပေါ်နေသည်မှာ အချိန်ကြာခဲ့လေပြီ။
ရန်ကျောက်ကဲက...
“နျန်ချန် ထွက်ပြေးသွားတော့ ငါ့ရဲ့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ပတ်ဝန်းကျင်ကလူတွေအကုန်လုံးကို အကဲခတ်ကြည့်လိုက်တယ် ၊ တိုက်ပွဲကြည့်နေကြသူတွေထဲမှာ မင်း မရှိတော့ဘူးလေ ၊ အဲဒီကတည်းက ပွဲကောင်းတစ်ပွဲလောက် ကြည့်ရတော့မယ်ဆိုတာ သိခဲ့တာပဲ ၊ တကယ်ဆို နျန်ချန် သူ့ဟာသူ ထွက်ပြေးသွားတာ မင်းလိုက်ပို့စရာမှ မလိုတာ”
ထိုအချိန် အဝေးတစ်နေရာမှ ပြင်းထန်သော စွမ်းအားရောင်ဝါများ ထွက်ပေါ်လာသည်။
သူတို့အားလုံး လှမ်းကြည့်လိုက်မိကြစဉ် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက မနှေးမမြန် လမ်းလျှောက်လာသည်ကို တွေ့ရသည်။ ထိုကိုယ်ပွားက သူနှင့်အတူ ရှန်ယင်းနှင့် အခြားသော သွေးနီဂိုဏ်းသားများကို ဖမ်းဆီးခေါ်ဆောင်လာပြီဖြစ်ကြောင်း ဤနေရာတွင်ရှိနေသော သိုင်းသမားတိုင်း သဘောပေါက်လိုက်ကြ၏။
လူအများမှာ သက်သေနှင့်တကွ အခြေအနေအားလုံးကို နားလည်သွားကြသည့်တိုင် မှင်တက်နေဆဲ ဖြစ်သည်။ ရှန်ယင်းနှင့် ရှီကျွင်းကို တလဲစီကြည့်လိုက်ကြပြီး သူတို့မျက်နှာအမူအရာများသည်လည်း ပြောင်းလဲသွားကြ၏။
ရှန်ယင်းက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဖခင်ဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်သည်။ ထို့နောက် သူမ၏အကြည့်က ရှီကျွင်းနှင့် ရန်ကျောက်ကဲထံ ကျရောက်လာသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“မင်းအဖေပြောသလိုပဲ... ‘ရှန်’ မိန်းကလေး... မင်းက အရမ်း ဉာဏ်ကောင်းတယ် ၊ ငါ့တူလေးကို လူပုံအလယ်မှာ အပြစ်ပုံချလိုက်တဲ့အချိန်မှာတောင် မင်း မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့ပုံစံမျိုး ဟန်ဆောင်ခဲ့သေးတယ် ၊ ပြီးတော့ မင်း ပြောလိုက်တဲ့စကားက အချိန်မရွေး ပြောင်းလဲလို့ရအောင် မတင်မကျလည်း ပြောထားသေးတာ ၊ တကယ်လို့ နျန်ချန်ကို မင်းရဲအဖေ ဒါမှမဟုတ် ငါက သတ်ပစ်လိုက်နိုင်တယ်ဆိုတာနဲ့ အပြစ်တွေအားလုံးကို နျန်ဝေဆီ ပြန်ပုံချဖို့ စိတ်ကူးထားခဲ့တာ မဟုတ်လား”
သူက ဆက်ပြောသည်။
“ဒီလိုလုပ်တာက မင်းတို့ သွေးနီနဂါးဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်တယ်ဆိုပေမယ့်... နဂါးကိုးကောင်လက်ချောင်းကို ပြန်လည်ပြုပြင်ဖို့အတွက် ရှီကျွင်းကို ပြန်ကပ်ဖို့ စဉ်းစားထားတာ မဟုတ်လား”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး...
“မင်း ရှီကျွင်းအပေါ် တကယ်တမ်း ဘယ်လိုသဘောထားလဲ မသိပေမယ့်... ငါက သူစိမ်းတွေရဲ့ စိတ်ခံစားချက်အပေါ်မှာ ဘာမှမမျှော်လင့်တတ်ဘူး ၊ ဒါကြောင့် မင်းနဲ့ ကျွင်းအာရှေ့မှာပဲ ငါသိသမျှကို ဖော်ထုတ်လိုက်ရတာပဲ... ဟက်... မင်းက ငါ့ကို စိတ်မပျက်စေခဲ့ပါဘူး ‘ရှန်’ မိန်းကလေး”
ရှန်ယင်းက နှုတ်ခမ်းတင်းတင်းစေ့ရင်း စကားမဆိုပေ။
ရန်ကျောက်ကဲက ညင်သာစွာဖြင့်...
“မင်း လုံးဝ တစ်ချက်တောင်မမှားအောင် ဟန်ဆောင်နိုင်ခဲ့တာ ချီးကျူးရမယ် ၊ ငါတောင်မှ မင်းအရူးလုပ်တာ ခံရလုနီးပါးပဲ ၊ ဒါပေမဲ့ ဘယ်လောက်ဟန်ဆောင်ဟန်ဆောင် ပေါ်သွားတာကတော့ ကံဆိုးတာပေါ့နော ၊ ဒါပေမဲ့ မင်း ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူး ၊ မင်းအဖေနဲ့ နျန်ချန်ရဲ့ ကျေးဇူးနဲ့ မင်း ဘယ်လိုလူစားဆိုတာ ပေါ်သွားပါပြီ”
ရန်ကျောက်ကဲက ရှန်စစ်ချန်ကို ကြည့်ရင်း...
“ပြောရရင်တော့ မင်းတို့သားအဖကို ကျေးဇူးတင်ရမှာ ငါတစ်ယောက်တည်း မဟုတ်ဘူးထင်တယ် ၊ ကျန်လုန်ဂိုဏ်းချုပ် ‘ကျောက်ကျုန်း’ ၊ မိစ္ဆာသူတော်စင်’လင်ချန်းချန်’နဲ့ တစ္ဆေဝိညာဉ်ဂိုဏ်းချုပ် ‘လျိုစော’ တို့လည်းပါမယ်ထင်တယ်”
ထိုစကားကိုကြားတော့ သိုင်းသမားအများစု မှင်တက်နေရာမှ ပြန်လည်သတိဝင်လာပြီး သူတို့၏ မျက်နှာအမူအရာများက တုနှိုင်းမရအောင် လေးနက်လာသည်။
ရန်ကျောက်ကဲဘေးတွင်ရှိနေသော ချန်လီတောင်မှ သိုင်းသမားများသည်လည်း မျက်နှာအမူအရာများ လေးနက်သွားကြ၏။
သွေးနီနဂါးဂိုဏ်းနှင့် ရန်ကျောက်ကဲတို့ကို ဗဟိုပြုဖြစ်ပွားခဲ့သော တိုက်ပွဲကြီးသည် ဓားအသင်္ချေရေကန်နှင့် ရေသလင်းနန်းတော်ကိုလည်း ထိခိုက်ခဲ့သည်။ လမ်းမှန်ဂိုဏ်းများ အချင်းချင်း ပဋိပက္ခဖြစ်သည်ကို အခွင့်ကောင်းယူပြီး မိစ္ဆာဂိုဏ်းသားများက လှုပ်ရှားမှု စတင်ခဲ့ကြသည်။
ရန်ကျောက်ကဲနှင့် မကျေလည်မှုများရှိနေသည့် မိစ္ဆာသူတော်စင် ‘လင်ချန်းချန်’ သည် သူ၏ ကိုယ်ရေးကိုယ်တာ အာဃာတများကို အရေးမစိုက်ဘဲ သူ့အတွက် ပိုမိုအကျိုးရှိစေမည့် နည်းလမ်းကိုရွေးချယ်ကာ လမ်းမှန်ဂိုဏ်းများကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့၏။
ရေသလင်းနန်းတော်မှလူများမှာ စိတ်ရှုတ်ထွေးနေကြသည့်တိုင် ရန်ကျောက်ကဲကို မျှော်လင့်တကြီးဖြင့် လှမ်းမျှော်ကြည့်လိုက်ကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“စိတ်အေးအေးထားကြပါ ၊ ဓားအသင်္ချေရေကန်ဂိုဏ်းချုပ် ‘ယန်ကန်း’ က နန်းတော်သခင်’လင်ရှီး’ နဲ့ ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် အခြေအနေတွေက တည်ငြိမ်သွားမှာပါ”
ရေသလင်းနန်းတော်မှလူများ စိတ်သက်သာရာမရနိုင်သော်လည်း လက်ရှိက စကားပြောသင့်သည့်အချိန် မဟုတ်သေးပေ။ ထို့ပြင် ရှန်စစ်ချန်နှင့် ရှန်ယင်းတို့ သားအဖအပေါ် တွင်လည်း မဖြေနိုင်စွာ ဒေါသထွက်နေကြရသည်။
သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားတစ်ယောက်က...
“ဂိုဏ်းတူအစ်ကို’ရှန်’ ၊ မင်းဘာလို့ ဒီလောက်ဆိုးရွားတဲ့အလုပ်မျိုး လုပ်ခဲ့ရတာလဲ”
ရှန်စစ်ချန်က နာကျည်းစွာ ရယ်မောရင်း...
“အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ...”
သူ့စကားမဆုံးခင် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်က သူ့ထံ တဟုန်ထိုးဝင်ရောက်လာလေရာ သူ့မျက်လုံးရှေ့မှ လောကကြီးတစ်ခုလုံး မှောင်မိုက်သွားလေသည်။
ရန်ကျောက်ကဲက ရယ်မောရင်း...
“ဟုတ်တယ် ၊ အခုတော့ ဒီလိုဖြစ်လာခဲ့ပြီ ၊ အမှန်တရားထွက်ပေါ်လာမှတော့ မင်း အသက်ရှင်နေစရာ မလိုတော့ဘူး”
သူက ဆက်ပြောသည်။
“မင်းတို့သားအဖ နျန်ချန်ကိုသတ်ချင်တာကို ဘယ်သူမှ သောက်ဂရုမစိုက်ဘူး ၊ အေး... ဒါပေမဲ့ ငါ့တူလေးကို အသုံးချပြီး ... အဲဒီကနေတစ်ဆင့် ငါ့ကိုပါ အသုံးချလို့ရမယ်လို့ ကြံစည်တာကတော့... ဒီကိစ္စ ခပ်ပေါ့ပေါ့နဲ့ပြီးသွားမယ်လို့ မင်းထင်နေတာလား”