← Chapters

တိုက်ပွဲနိုင်လို့ရတဲ့ပစ္စည်း

Vol. 39 Ch. 546

တိုက်ပွဲနိုင်လို့ရတဲ့ပစ္စည်း

Vol. 39 Ch. 546

အခန်း (၅၄၆) တိုက်ပွဲနိုင်လို့ရတဲ့ပစ္စည်း

ရန်ကျောက်ကဲ လက်ဝါးရိုက်ချက် ကျဆင်းလာသည်နှင့်အမျှ ကောင်းကင်ကြီးပြိုဆင်းလာပြီး မြေကြီးထဲ ကျွံဝင်သွားသည့်အလား ခံစားရသည်။

သမုဒ္ဒရာကမ္ဘာရှိ အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များတွင် အထွတ်ထိပ်ဖြစ်သော ‘ရှန်စစ်ချန်’ သည် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်နိုင်စွမ်း မရှိခဲ့ပေ။

စက်ဝန်းသံသရာကောင်းကင်စည်းတံဆိပ်၏ ကြောက်မက်ဖွယ်ရာစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံး ဖုံးလွှမ်းသွားချိန် သူတတ်နိုင်သည်မှာ မျက်စိမှိတ်ပြီးသေခြင်းတရားကို လက်ခံရန်သာ ရှိသည်။

ပတ်ဝန်းကျင်မှ သိုင်းသမားများအားလုံး မြင်ကွင်းကို ထိတ်လန့်စွာကြည့်နေကြပြီး လက်ဝါးရိုက်ချက် ထိမှန်ခံရသည်နှင့် ရှန်စစ်ချန်၏ ဦးခေါင်းတစ်ခုလုံးပေါက်ထွက်ကာ ဦးနှောက်များ ပျံ့ကျဲလျှက် အသက်ပျောက်သွားသည်။

သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများအားလုံး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ရန်ကျောက်ကဲက သူတို့အားလုံးကို ပေါ့ပေါ့ပါးပါးပင် လှည့်ကြည့်ရင်း...

“ဘာဖြစ်လို့လဲ”

ရှန်ယင်းသည် ဝမ်းနည်းကြေကွဲသောမျက်ဝန်းများဖြင့် ဖခင်ဖြစ်သူကို ငေးကြည့်နေသည့်တိုင် အသံတစ်စက် ထွက်‌မလာပေ။

သွေးနီနဂါးဂိုဏ်းသားများသည်လည်း ရန်ကျောက်ကဲ၏ မေးခွန်းကို ပြန်မဖြေဝံ့ကြပေ။

ရန်ကျောက်ကဲက ညင်သာစွာဖြင့်...

“သူက မင်းတို့ဂိုဏ်းချုပ်ဖြစ်နေသေးတယ်လို့ ထင်နေတာလား ၊ ငါ သူ့ကို မသတ်ရင်တောင် သူကျူးလွန်ခဲ့တဲ့အမှားတွေကြောင့် မင်းတို့ဂိုဏ်းက သေဒဏ်စီရင်ရမှာပဲ မဟုတ်ဘူးလား”

သူက ဆက်ပြောသည်။

“ပြီးတော့ အခု မင်းတို့ပူပန်ရမှာက ဒီလူကို မဟုတ်ဘူး ၊ မင်းတို့ ဂိုဏ်း ဘယ်လိုရှေ့ဆက်မလဲဆိုတာပဲ ၊ လင်ချန်းချန်တို့အုပ်စုက မင်းတို့တစ်ဂိုဏ်းလုံးကို အမှုန့်ချေပြီးသွားပြီဆိုတာ မမေ့ကြနဲ့”

ထိုစကားကြားတော့ သွေးနီနဂါးဂိုဏ်းမှ သိုင်းသမားများအားလုံး၏မျက်နှာက သေလုမတတ် ဖြူဖျော့သွားကြသည်။

ထိုကိစ္စကို သူတို့ မေ့လျော့ခဲ့ခြင်း မရှိပေ။ ရှန်စစ်ချန် ၊ ရှန်ယင်းတို့ သားအဖ၏ သရုပ်မှန်ကို သိရှိပြီး သူတို့သားအဖက နျန်ချန်ကို သတ်ဖြတ်ရန် လျှို့ဝှက်ကြံစည်သည့်ကိစ္စက ကြီးကျယ်လွန်းသဖြင့် စိတ်လွတ်သွားခြင်းမျှသာ ဖြစ်သည်။

ရန်ကျောက်ကဲ သတိပေးစကားကိုကြားရသည့်အခါ သူတို့ သွေးနီနဂါးဂိုဏ်းသည် လက်ရှိတွင် သေရေးရှင်ရေး အရေးကြီးသော အခြေအနေတစ်ခုဖြစ်နေကြောင်း အားလုံး သတိရသွားကြသည်။

ယခုတော့ နျန်ချန်ရော ရှန်စစ်ချန်ပါ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

မိစ္ဆာဂိုဏ်းများ မွှေနှောက်တိုက်ခိုက်မှုအောက်တွင် သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်ငယ်များမှာ သစ်ပင်တစ်ပင်မှ အကိုင်းအခက် ၊ အရွက်အလက်များပမာ လွင့်စင်ကြေမွသွားကြပေလိမ့်မည်။

အကောင်းပကတိ ကျန်ရစ်ခဲ့သူဆို၍ ကြယ်စင်လှည့်ပြောင်းပင်လယ်သို့ ရောက်ရှိနေသူများသာ ရှိနိုင်သည်။

ထို့ကြောင့် သွေးနိနဂါးဂိုဏ်းသည် ခေါင်းဆောင်ကင်းမဲ့ပြီး အခြေခံအုတ်မြစ်ကိုလည်း ဆုံးရှုံးလိုက်ရသဖြင့် ကူရာကယ်ရာမဲ့သည့်အနေအထား ရောက်ရှိနေပေပြီ။ လက်ရှိ သွေးနီနဂါးဂိုဏ်းအခြေအနေက လေပြင်းမုန်တိုင်းကြားတွင် မတည်မငြိမ်ဖြစ်နေသော တဲအိုတစ်ခုပမာ ကြေကွဲဖွယ်ရာ အခြေအနေဖြစ်နေပြီး စကားဖြင့် ထုတ်ဖော်ပြောပြနိုင်ရန်ပင် မလုံလောက်ပေ။

သမုဒ္ဒရာကမ္ဘာ၏ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ဂိုဏ်းလည်းဖြစ် ၊ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းတွင်လည်း အပါအဝင်ဖြစ်ပြီး အခြေခံအုတ်မြစ်ခိုင်မာစွာဖြင့် ကာလရှည်ကြာ ရပ်တည်ခဲ့သော “သွေးနီနဂါးဂိုဏ်း” သည် ယခုတော့ ပျက်ဆီးလုနီးပါး အခြေအနေဖြင့် ရင်ဆိုင်နေရပေပြီ။

ရန်‌ကျောက်ကဲက သွေးနီနဂါးဂိုဏ်းမှလူများကို အရေးမစိုက်ဘဲ တခြားသူများကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။

“ရှီကျွင်းက ရှန်ယင်းကို ဖမ်းခေါ်သွားတဲ့အမှုထက် ကိုယ့်ဆရာကိုယ် ပြန်သတ်တဲ့အမှုက ပိုကြီးတယ် မဟုတ်လား”

လူတိုင်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြစဉ် ရန်ကျောက်ကဲက ဆက်ပြောသည်။

“ကိုယ့်ဆရာကိုယ် ပြန်သတ်တဲ့ကိစ္စကို အသာထား... ရှန်စစ်ချန်နဲ့ သူ့သမီးက တစ်ကိုယ်ကောင်းဆတ်ဆန်နဲ့ သူတို့ကိုယ်ကျိုးအတွက် ဒီလောကတစ်ခွင် မုန်တိုင်းကြီးတစ်ခု ဖန်တီးခဲ့တယ် ၊ ငါ့ကို အရူးလုပ်တာကိုလည်း ဘေးဖယ်ထားလိုက် ၊ ဒါပေမဲ့ သူတို့ကြောင့် အသက်ပေါင်းများစွာ မသေသင့်ဘဲ သေခဲ့ရပြီး မိစ္ဆာဂိုဏ်းတွေ လှုပ်ရှားဖို့လည်း အခွင့်အရေး ရသွားခဲ့တယ်”

“ဒီတော့... ရှန်စစ်ချန်က သေသင့်တဲ့လူပဲ ၊ ဒီ ‘ရန်’ မျိုးနွယ်က သူ့ကို လက်ဝါးနဲ့ရိုက်သတ်လိုက်တာကို ဘယ်သူက ဘာပြောချင်သလဲ”

အနားပတ်ဝန်းကျင်မှ သိုင်းသမားများ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် ချန်လီတောင်မှ သိုင်းသမားတစ်ယောက်က အရင်ဆုံး စကားဆိုလိုက်သည်။

“ငါတို့ကတော့ အရမ်းကို ဝမ်းသာကျေနပ်ပါတယ်”

သူ့ဘေးတွင်ရှိနေသည့် ဓားအသေင်္ချရေကန်မှ သိုင်းသမားက...

“ဒီလိုသစ္စာဖောက်မျိုးက တစ်ခါသေရုံနဲ့တောင် မလုံလောက်နိုင်ဘူး ၊ အခါခါ သေသင့်တယ်”

သွေးနီနဂါးဂိုဏ်းမှ လူအများကတော့ မည်သည့်စကားမှ မဆိုနိုင်ဘဲ စိတ်ပျက်အားငယ်စွာ ခေါင်းငိုက်စိုက်ချလျှက် ရှိကြသည်။

သို့သော် သူတို့သည် အရေးကြီးသော အချက်တစ်ချက်ကိုတော့ မေ့လျော့ခြင်းမရှိဘဲ လေထဲတွင် တည်ငြိမ်စွာ ရှိနေသည့် “နဂါးကိုးကောင်လက်ချောင်း” ကို လှမ်းကြည့်လိုက်ကြသည်။

“ဒီ နဂါးကိုးကောင်လက်ချောင်းက...”

ရန်ကျောက်ကဲက ...

“ဒီပစ္စည်းက ငါ တိုက်ပွဲနိုင်လို့ရတဲ့ပစ္စည်းပဲ ၊ ငါပဲ ယူသင့်တယ်လေ ၊ နောက်မှ ဘယ်လိုပြုပြင်ရမလဲဆိုတာ ဖြည်းဖြည်းချင်း စဉ်းစားမယ် ၊ မင်းတို့တွေ ပြန်ယူဖို့ မစဉ်းစားနဲ့တော့”

သူက လက်နှစ်ဖက်ကိုနောက်ပစ်ကာ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သူ့အကြည့်များကို ရင်ဆိုင်ရသည်နှင့် လူတိုင်း ကျောရိုးထဲစိမ့်သွားမတတ် ခံစားလိုက်ကြရသည်။ ရန်ကျောက်ကဲကိုတစ်လှည့် သူ့ဘေးနားမှ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကိုတစ်လှည့် ကြည့်ရှုလိုက်ကြပြီး နောက်ထပ် အထွန့်မတက်ရဲကြတော့ပေ။

အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခု၏တန်ဖိုးက လျှော့တွက်၍မရပေ။

ယခု ထိုပစ္စည်းကပျက်ဆီးသွားပြီဖြစ်ရာ သွေးနီနဂါးဂိုဏ်းသာမက အခြားမည်သည့်ဂိုဏ်းကမှ ထိုအရာကို ပြန်လည်ပြုပြင်နိုင်မည် မဟုတ်ပေ။ သို့သော် သွေးနီနဂါးဂိုဏ်းသားများစိတ်ထဲတွင် သူတို့ ဆုံးရှုံးသွားသောအရာကို မည်သူမှ မရရှိပါစေနှင့်ဟု မျှော်လင့်မိကြသည်။

သို့သော် ရန်ကျောက်ကဲ၏ အေးစက်သောအကြည့်က သူတို့ထံကျရောက်လာချိန် “နဂါးကိုးကောင်လက်ချောင်း” ကို ပြန်လည်ရယူရန် သတ္တိများ ပျောက်ဆုံးကုန်ကြသည်။

ယနေ့တိုက်ပွဲတွင် ရန်ကျောက်ကဲက အမှန်တရားကို ရှာဖွေထုတ်‌ဖော်ခဲ့သလို သူ့ကိုယ်ပိုင်အစွမ်းအစဖြင့် ရန်သူများစွာကို အနိုင်ယူတိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်က တွေ့မြင်သူတိုင်းကို တုန်လှုပ်ချောက်ချားစေပြီး မည်သူမှ ထိုလူငယ်ကို မဆန့်ကျင်ရဲကြတော့ပေ။

ရန်ကျောက်ကဲက နဂါးကိုးကောင်လက်ချောင်းကို ချက်ချင်းထိန်းချုပ်နိုင်ခြင်း မရှိပေ။ သူက ကောင်းကင်ဘုံနန်းတော်ထောက်တိုင်နှင့် ထုတ်တန်းကြီးကို အသုံးပြုပြီး ထိုပစ္စည်းကို ဖိနှိပ်ထိန်းချုပ်လိုက်သည်။

နဂါးကိုးကောင်လက်ချောင်းကို ရန်ကျောက်ကဲ သိမ်းဆည်းလိုက်သည့်အခါ အခြားသူများမှာ နှမျောတသစွာ တံတွေးမျိုချရုံမှလွဲပြီး ဘာမှမတတ်နိုင်ကြပေ။ သွေးနီနဂါးဂိုဏ်းမှ လူများကတော့ ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားလိုက်ကြရသည်။

ရန်ကျောက်ကဲက ရှန်ယင်းကို လှမ်းကြည့်ရင်း...

“မင်း သိပ်ခံစားမနေတဲ့ ၊ တကယ်တော့ မင်း မွှေးခဲ့တဲ့မီးကြောင့် မင်းအဖေ သေရတာပဲ”

ရှန်ယင်းက စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားသံမှ ထွက်မလာပေ။

ရန်ကျောက်ကဲက ရှီကျွင်းကို လှမ်းကြည့်ရင်း...

“ကျွင်းအာ... မင်း ဒီကိစ္စကို ရှင်းလိုက် ၊ အစပြုခဲ့သလို အဆုံးသတ်ပစ်လိုက် ၊ ဒီကိစ္စက မင်း ၊ ရှန်ယင်းနဲ့ နျန်ဝေတို့ စတင်ခဲ့တာ ၊ နျန်ဝေက သေပြီ ၊ မင်းနဲ့ ရှန်ယင်း ကျန်နေသေးတယ် ၊ အဆုံးသတ်ပစ်လိုက်တော့”

ထို့နောက် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်တစ်ဖက် ဆန့်တန်းလိုက်ရာ အလင်းရောင်တစ်ချက် လင်းလက်သွားပြီး လင်းလက်သွားပြီး ရှီကျွင်းနှင့် ရှန်ယင်းတို့ အဝေးသို့ အတူတူ လွင့်ထွက်သွားကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ဤနေရာမှလူတိုင်း နှုန်ခမ်းဖျားများ တုန်ယင်သွားကြသော်လည်း မည်သူမှ ကန့်ကွက်စကားမဆိုကြပေ။

သွေးနီနဂါးဂိုဏ်းသားများမှာ စိတ်ရှုတ်ထွေးနေကြဟန်ရှိသော်လည်း အများစုက ရှန်စစ်ချန်တို့သားအဖကို မုန်းတီးနေကြသည်ဖြစ်ရာ မည်သည့်စကားမှ မဆိုကြတော့ပေ။

ကမ္ဘာပေါ်တွင် နှစ်ပေါင်းများစွာ မားမားမတ်မတ် ရပ်တည်ခဲ့သော သူတို့ဂိုဏ်းကြီးသည် ဒီလိုမိန်းကလေးတစ်ယောက်ကြောင့် ပျက်ဆီးရသဖြင့် ရှက်ရွံ့နေကြသလို နံရံကို ခေါင်းနှင့်ဆောင့်ပြီး သေချင်စိတ်လည်း ဖြစ်နေမိကြသည်။

ရန်ကျောက်ကဲက အသံပို့လွှတ်စနစ်ဖြင့် ရွှီဖေးကို မေးမြန်းလိုက်သည်။

“ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ကျွင်းအာ ဘာလုပ်မယ် ထင်သလဲ”

ရွှီဖေးက သူ့မေးခွန်းကိုမဖြေဘဲ ပြန်လည်မေးခွန်းထုတ်သည်။

“ကျွင်းအာက သူ့ကိုလွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ရင် မင်း ဘာလုပ်မလဲ... ကျောက်ကဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“ရှန်ယင်းကို ဖမ်းမိတုန်းက မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက သူ့ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲစေတဲ့ လျှို့ဝှက်စွမ်းအားတစ်ခု ထည့်ပေးထားတယ် ၊ ကျွင်းအာ သူ့ကိုလွှတ်ပေးမယ်ဆိုလည်း အဲဒီမိန်းကလေး သေမှာပဲ”

ရွှီဖေး ရန်ကျောက်ကဲကို ကြည့်လိုက်စဉ် သူက ဆက်ပြောသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ဒီမိန်းကလေးရဲ့ အရည်အချင်းက တကယ့်ကို လေးစားစရာပဲ”

“ငါ့ကို အသုံးချဖို့ကြိုးစားတဲ့အပြင် သိုင်းဆရာသခင်တွေရှေ့မှာတောင် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဟန်ဆောင်နိုင်ခဲ့တယ် ၊ တစ်ချက်လေးတောင် စကားမှားသွားတာမျိုး မရှိဘူး ၊ ဒီမိန်းကလေး အပြည့်အဝ သရုပ်ဆောင်နိုင်ခဲ့တယ် ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ၊ စိတ်စွမ်းအားအဆင့်နဲ့ဆိုရင် ဒီလိုဟန်ဆောင်နိုင်ဖို့က အရမ်းခဲယဉ်းပါတယ်”

“ဟက်.... ရိုးရိုးသားသား ဝန်ခံရရင် တူညီတဲ့အခြေအနေတွေအောက်မှာ ငါသာ သူ့နေရာဆိုရင် သူ့လောက် ဟန်ဆောင်နိုင်မှာ မဟုတ်ဘူးကွာ...”

ရန်ကျောက်ကဲက ရယ်မောရင်း...

“ဒါပေမဲ့ အရည်အချင်းက အရည်အချင်းပဲ ၊ ရန်သူက ရန်သူပဲ ၊ ရန်သူကိုတော့ ဘာကိုမှအရေးမစိုက်ဘဲ သတ်ပစ်ရမှာပဲ”

ရွှီဖေးက သက်ပြင်းချရင်း...

“ကျွင်းအာက မင်းကို အပြစ်တင်မှာ မဟုတ်ပါဘူး”

သူက အခြားသိုင်းသမားများကို တစ်ချက်ဝေ့ကြည့်ရင်း...

“သွေးနီနဂါးဂိုဏ်းသားတွေတောင်မှ ဒီမိန်းကလေးကို အ‌တော်မုန်းတီးသွားတာ ၊ တခြားလမ်းမှန်ဂိုဏ်းသားတွေဆိုရင်တော့ ပြောမနေနဲ့တော့”

ရန်ကျောက်ကဲက...

“အင်း... ကျွင်းအာ ဘာလုပ်မလဲဆိုတာ (၈၀) ရာနှုန်း ငါ ခန့်မှန်းမိပါတယ် ၊ ပြီးတော့ ဒီဖြစ်ရပ်က သူ့အပေါ် ဘယ်လောက်ထိ လွှမ်းမိုးသွားမလဲဆိုတာ ငါစိတ်ပူမိတယ်”

ရန်ကျောက်ကဲက ရွှီဖေးကို လှမ်းကြည့်ရင်း...

“ငါ ရှီကျွင်းအတွက် စိုးရိမ်မိတာက ပထမဆရာဦးလေး’ရှီတိ’ နဲ့ ဂိုဏ်းတူအစ်ကို ‘ရှီစုန်းထောင်း’ ကို မလေးစားသလို ဖြစ်နိုင်ပေမယ့်... တကယ်တော့ သူတို့က တူညီတဲ့ သွေးသားမျိုးဆက်က ဆင်းသက်လာတဲ့သူတွေလေ ၊ အရမ်း စိတ်ဓာတ်ခိုင်မာသလို ခေါင်းလည်းမာတယ် ၊ ‘ရှီ’ မိသားစုဟာ သာမန်လူတွေထက် ခေါင်းမာပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းတွေကို လျှောက်လှမ်းလေ့ရှိကြတယ်လေ”

သူက ဆက်ပြောသည်။

“ပထမဆရာဦးလေးကတော့ တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ တရားမျှတမှုကို လက်ကိုင်ထားပြီး သေတဲ့အထိ အရှုံးပေးမသွားခဲ့ဘူး ၊ ဂိုဏ်းတူအစ်ကို’ရှီ’ ကတော့ ခေါင်းမာမာနဲ့ အမှောင်ဘက်ခြမ်းကိုသွားဖို့ ရွေးချယ်ခဲ့ပေမယ့် သေတဲ့အထိ နောင်တမရခဲ့ဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းကို တစ်ချက်ပွတ်သပ်ရင်း...

“ကျွင်းအာက အသက်ငယ်သေးပေမယ့် ဒီအရိပ်အမြွက်တွေ သူ့ဆီမှာ မြင်နေရတယ် ၊ သူ့ဘဝ ဘယ်လိုဖြစ်လာမလဲဆိုတာ ငါ အမြဲတွေးကြည့်မိတယ်”

ရွှီဖေးက သူ့စကားကို ထောက်ခံခြင်းလည်းမပြု ၊ ငြင်းဆန်ခြင်းလည်းမပြုဘဲ နှုတ်ဆိတ်နေသည်။

ထိုစဉ် ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲတစ်ချက်တောက်ပသွားပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက လက်ဖဝါးကို အသာဖြန့်လိုက်လေသည်။

All Chapters