← Chapters

သဘောတူညီချက်

Vol. 11 Ch. 524

သဘောတူညီချက်

Vol. 11 Ch. 524

မျက်မမြင်အဘွားကြီးကို တည်ငြိမ်စွာ ကြည့်ရင်း ထန်ရှုက ခေါင်းယမ်းလိုက်ကာ "အဘွားအသက်အရွယ်နဲ့ဆိုရင် ဒီလို ရှုပ်တာတွေ မလုပ်သင့်ဘူး။ အနှစ်တစ်ရာ ကျင့်ကြံဖို့ဆိုတာ မလွယ်ကူပါဘူး။ သေမျိုးလောကအပေါ် ထားရှိတဲ့ အဘွားရဲ့စိတ်ခံစားချက်တွေရဲ့ အချုပ်အနှောင်တွေကို မချိုးဖျက်နိုင်ရင် ဒီချည်နှောင်မှုက သေမျိုးကမ္ဘာနဲ့ ဘယ်တော့မှ ခွဲလို့ရမှာမဟုတ်ဘူး။ မြေအောက်အမှောင်ကမ္ဘာက မျဉ်းကြောင်းနဲ့ ဆက်စပ်မိသွားတာနဲ့ အဘွားက သေမျိုးလောကကို ဘယ်တော့မှ မကျော်လွန်နိုင်တော့ဘူး။”

မျက်မမြင် အဘွားကြီး တိတ်ဆိတ်သွားသည်။ အမှန်တော့ သူမတွင် မဖြည့်ဆည်းရသေးသည့် ဆန္ဒတစ်ခု ရှိနေတုန်းပင်။ သို့သော် သူမ၏ဆန္ဒ အမှန်တကယ် ပြည့်ဝဖို့ဆိုသည်မှာ အလွန်ခက်ခဲသည့် ကြိုးစားမှုတစ်ခု ဖြစ်ချေသည်။ နှစ်ပေါင်း ၁၀၀ကျော်ထက် ပိုပြီး အသက်ရှင်နေမည်ဆိုလျှင်ပင် ထန်ရှု ပြောသည့်အတိုင်း သူမနှင့်သေမျိုးလောကကြား ဆက်သွယ်မှုလမ်းကြောင်းကို ဖြတ်တောက်ရန် သူမတွင် နည်းလမ်းမရှိဘဲ ဖြစ်သွားပေလိမ့်မည်။  သူမသည် လျှို့ဝှက်ဖုံးကွယ်ထားသော ကမ္ဘာကို ကျော်လွန်သွားနိုင်ရန် ဆန္ဒရှိပြီး အင်မော်တယ်ကမ္ဘာ၏ တည်နေရာကို ရှာဖွေလိုခြင်းဖြင့် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ခက်ခက်ခဲခဲ အာရုံစိုက်လေ့လာခဲ့သည်။

"ငါ မလုပ်နိုင်ဘူး။" မျက်မမြင်အဘွားအိုသည် အကြာကြီး နှုတ်ဆိတ်နေပြီးမှ ခေါင်းယမ်းရင်း မချိပြုံး ပြုံးသည်။

“အခွင့်အရေးကောင်းဆိုတာ လက်လွတ်မခံသင့်ပါဘူး။ သေမျိုးလောကကို မလွန်မြောက်နိုင်လျှင် လူဝင်စားတဲ့ သံသရာဝဋ်ထဲ ဝင်ရမှာဖြစ်တဲ့အပြင် လောကရဲ့ အခက်အခဲတွေနဲ့ ခါးသီးတဲ့ အကန့်အသတ်တွေကို ဆက်ခံနေရလိမ့်မယ်။ အဘွား ဘာကြောင့် ဒီအခွင့်အရေးကို မယူတာလဲ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ငါ အဲ့ဒီကို သွားရမှ ဖြစ်မယ်။ နင် ကူညီနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်။”မျက်မမြင်အဘွားအိုက ပြောသည်။

ထန်ရှုသည် တခဏမျှ နှုတ်ဆိတ်နေပြီး လူလူနှင့် ဟူချင်းစုန့်ဘက်သို့ လှည့်ကာ

"မင်းတို့နှစ်ယောက် ဗိုက်ပြည့်သွားပြီလား။ ပြည့်သွားလို့ရှိရင် အပြင်မှာ ငါ့ကိုစောင့်နေပေးပါ။ ငါ မင်းတို့ဆီကို ခဏနေ လိုက်လာခဲ့မယ်။"

အိုးရန်လူလူနှင့် ဟူချင်းစုန့်တို့သည် စိတ်ရှုပ်သွားသော အမူအရာများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထန်ရှုနှင့် မျက်မမြင်အဘွားအိုတို့ ပြောနေကြသော တာအိုသဘောတရားသည် လေးနက်သောကြောင့် ၎င်းတို့ လုံးဝနားမလည်နိုင်သော အကြောင်းအရာတစ်ခု ဖြစ်သည်။ နှစ်ယောက်စလုံး ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထန်ရှု၏စကားကို နားထောင်ကာ အပြင်သို့ ထွက်လာခဲ့သည်။

"အဘွားရဲ့ မူလဇာစ်မြစ်နဲ့ နောက်ခံသမိုင်းအကြောင်း ကျွန်တော့်ကို ပြောပြပါ။" ထန်ရှုက စကားစလိုက်သည်။

“ငါက သာမန်လူတစ်ယောက်ပါပဲ။” မျက်မမြင်အဘွားအိုက ပြောသည်။

"ငါက အနောက်မြောက်ဘက် ဟုန်ဒေါင်ဒေသက ဖြစ်ပြီးတော့ မျိုးရိုးစဉ်ဆက်က လျှို့ဝှက်မျိုးနွယ်စုကနေ ဆင်းသက်လာကြတာ။ စိတ်မကောင်းစရာက ငါတို့တွေက ကောင်းကင်ဘုံလျှို့ဝှက်ချက်များစွာကို ထုတ်ဖော်ခဲ့တဲ့အတွက် ငါတစ်ယောက်ပဲ နောက်ဆုံးကျန်ရှိနေတော့တယ်။ ငါ့ဘဝရဲ့ ပထမနှစ် ၅၀မှာ အိမ်ထောင်ကိုးကြိမ်ပြုခဲ့ပြီး ခင်ပွန်းတွေအားလုံးက ငါ့ကြောင့် အရွယ်မတိုင်ခင် သေဆုံးခဲ့ရတယ်။ အသက် ၇၀ပြည့်ပြီးနောက်ပိုင်း မြောက်ပိုင်းနဲ့တောင်ပိုင်းကို ခရီးထွက်ပြီး နိုင်ငံရဲ့ ဒေသအရပ်ရပ်ကို သွားရောက်ခဲ့ပေမယ့် ငါ ရှာနေတဲ့ လမ်းကြောင်းကို ရှာမတွေ့ခဲ့သလို အဲ့ဒီမေးခွန်းရဲ့ အဖြေကိုတောင် မဆုပ်ကိုင်နိုင်၊ နားမလည်နိုင်ခဲ့ဘူး။"

ထန်ရှုက ခေါင်းညိတ်ပြီး

"ဒါဆို အဘွားမှာ လောကီနဲ့ ဆက်စပ်မှု မရှိတော့ဘဲ အချုပ်အနှောင်တွေနဲ့ တွယ်တာမှုတွေကနေ ကင်းလွတ်နေပြီလား။" ထန် ရှုက မေးလိုက်သည်။

မျက်မမြင်အဘွားကြီးက ခေါင်းခါလိုက်ပြီး “ဟင့်အင်း… ငါ့မှာ ဆန္ဒတစ်ခုရှိသေးတယ်။ အဲဒါက ငါ့ဘိုးဘေးတွေရဲ့ အုတ်ဂူကို ရှာဖို့ပဲ။ ငါ့မိသားစုရဲ့ ဓလေ့ထုံးတမ်းတွေက ယောက်ျားလေးတွေကိုပဲ လက်ဆင့်ကမ်းခဲ့ပြီး မိန်းကလေးတွေကို လက်ဆင့်မကမ်းပေးခဲ့တာ စိတ်မကောင်းစရာပဲ။ ငါ့အနေနဲ့ ဒီပညာရပ်ကို လုံးလုံးလျားလျား သင်ယူနိုင်ရတဲ့ အကြောင်းရင်းက ငါ့အဖေရဲ့ အမွေအနှစ်တွေ ချန်ထားခဲ့တဲ့ ရှေးဟောင်းသင်္ကေတတွေနဲ့ မှတ်တမ်းတွေကို ကိုယ်တိုင်လေ့လာခဲ့တာကြောင့်ပဲ။”

ထန်      ရှုက ခေါင်းညိတ်ပြီး "အဘွားက ကျွန်တော့်ကို ကူညီချင်ပြီး ကျွန်တော်က ခိုလှုံခွင့်ပေးတဲ့အတွက် သဘောတူညီရမယ့် အခြေအနေတွေအကြောင်း ပြောကြရအောင်။"

"ကျေးဇူးပြုပြီးပြောပါ။" မျက်မမြင်အဘွားအိုက ပြောသည်။

"အဘွားရဲ့အသက်ဘဝကို ပေးပါ။" ထန်ရှုက အလေးအနက်ထားပြီး ပြောလိုက်သည်။

မျက်မမြင်အဘွားအိုက အပြုံးဖြင့်

“ငါ့ကံကြမ္မာက ငါ့ဘာသာရပ်တည်နေတာလို့ မပြောရဲပေမယ့် ကောင်းကင်နဲ့မဆိုင်ဘူး။ ဒါကြောင့် ငါ့ဘဝကို ချုပ်ကိုင်ဖို့အတွက် တခြားတစ်ယောက်ယောက်ကို ခွင့်မပြုနိုင်ဘူး။ နင်က အရမ်းထူးခြားပြီး နင့်ရဲ့ကံကြမ္မာက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီကဏ္ဍမှာ နင် တကယ်အရည်အချင်း ရှိရင် နင့်စိတ်တိုင်းကျ ယူလိုက်ပါ။"

“အဘွား သေချာစဉ်းစားနိုင်ဖို့ ကျွန်တော် အချိန်ခြောက်လပေးမယ်။ အဘွား သဘောတူရင် ဒီကို စောင့်ရှောက်ပြီး ပြန်ခေါ်လာပေးဖို့ တစ်ယောက်ယောက်ကို ကျွန်တော် လွှတ်လိုက်မယ်။" ထန်ရှု တခဏ စဉ်းစားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"နှစ်ဝက်လား…" မျက်မမြင်အဘွားအိုက ထူးဆန်းစွာ ပြောလိုက်သည်။ “စဉ်းစားဖို့ဆိုရင် ငါ့အတွက်က နှစ်ဝက်တောင် မလိုပါဘူး။”

"အဘွား အဲ့ဒါကို မလိုအပ်ပေမယ့် ကျွန်တော်က လိုအပ်တယ်။ အဲ့ဒီနေရာကို ပြန်ဆောက်နေတာ မပြီးသေးတော့ လောလောဆယ် သုံးလို့မရသေးဘူး။ ဒါကြောင့် ခြောက်လလောက်ကြာမှ ဒီကိုလာခဲ့ပါ။"

"ကောင်းပြီ။" မျက်မမြင်အဘွားအိုသည် လမ်းလျှောက်တုတ်ကိုယူပြီး ဆိုဖာပေါ်မှထကာ “နှစ်ဝက်လောက်ကြာရင် ငါ ဒီကို ပြန်လာခဲ့မယ်။ ဒီခြောက်လအတွင်း ငါ့အကူအညီကို လိုအပ်ခဲ့ရင် အမွှေးတိုင်သုံးချောင်းကို မီးရှို့ပြီး မျက်မမြင်အဘွားအိုလို့ သုံးကြိမ်တိုင်တိုင် ခေါ်လိုက်ပါ။ တတ်နိုင်သမျှ မြန်မြန်လာခဲ့ပေးမယ်။"

"နားလည်ပါပြီ။" ထန်ရှု ခေါင်းညိတ်လိုက်သည်။

အဘွားအိုအား အပြင်ထိ လိုက်ပို့ပေးပြီးနောက် ထန်ရှုသည် ဆိုင်ထဲကို ပြန်ဝင်လာပြီး ချီနန်ကို လှမ်းကြည့်ကာ

"မိသားစုကို သင့်တော်သလို ဆောင်ရွက်ပြီးပြီလား။"

“ပြီးသွားပြီ။ တစ်မိသားစုလုံး သတိမေ့သွားအောင် အထူးဆေး သုံးခဲ့တယ်။ သူတို့တွေ မနက်ဖြန်မနက်မှနိုးလာလိမ့်မယ်။" ချီနန် ပြန်ဖြေသည်။

“မျှော်လင့်ထားတဲ့အချိန်ထက် သူတို့ စောနိုးလာရင် မနက်ဖြန်မနက် နေမထွက်ခင်ထိ သူတို့ကို ထာဝရခန်းမကနေ ထွက်ခွာခွင့်မပြုရဘူးဆိုတာ သတိရပါ။ အခွင့်အရေးရလို့ သူတို့တွေ ထွက်သွားဖို့ အကျောက်အကန်လုပ်နေသေးရင်၊ သူတို့ကို တားလို့ မရတော့ဘူးဆိုရင် သူတို့ထဲက လူတစ်ယောက်ကို သွားခွင့်ပေးလိုက်။ ပြီးမှ အဲ့ဒီလူနောက်ကို တိတ်တဆိတ် လိုက်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ချေ။ နာရီဝက်လောက် ကြာလို့ အဲ့ဒီလူ ဘာမှမဖြစ်ဘူးဆိုရင် ကျန်တဲ့သူတွေကိုပါ လွှတ်ပေးလိုက်ပါ။”

ချီနန်က မေးရန်အတွက် ချီတုံချတုံဖြစ်နေရင်း

“သူဌေး … ဒီမျက်မမြင် အဘွားကြီးပြောတာကို တကယ် ယုံလား။”

“ယုံတယ်။” ထန်ရှု ခေါင်းညိတ်သည်။

“သူမက သာမန်လူ မဟုတ်ဘူး။ အဲ့ဒီတုန်းက သူမ အရိုက်ခံရတာ လွယ်ကူတယ်လို့ မမြင်နဲ့။ သူမ မျက်စိကွယ်နေတာမို့ မျက်စိမြင်တဲ့လူတွေထက် ပိုကောင်းတဲ့ အရာတွေကို မမြင်နိုင်ဘူးလို့လည်း မတွေးနဲ့။ အထူးအကြောင်းပြချက်ကြောင့်သာ မဟုတ်ရင် အဲဒီမိသားစုက သူမကို ရိုက်ဖို့နေသာသာ သူမရဲ့လက်ချောင်းတွေကိုတောင် ထိနိုင်မှာ မဟုတ်ဘူး။”

"အထူးအကြောင်းပြချက် ဟုတ်လား။ အဲ့ဒါက ဘာများလဲ။" ချီနန် ဇဝဇေဝါ ဖြစ်သွားသည်။

“အဘွားက ငါ့ရဲ့အာရုံစူးစိုက်မှုကို လိုချင်တယ်၊ ငါ့ကို ရှေ့တိုးစေချင်တယ်။ ငါ့ကို သူမဆီ ခေါ်ဆောင်သွားချင်တယ်။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"သူမက သဌေးကို လိုက်ရှာလို့ မရဘူးလား။" ချီနန် မျက်မှောင်ကြုတ်မိသည်။

ထန်ရှု ခေါင်းယမ်းပြလိုက်သည်။ သူမကို ရှင်းပြရင်တောင် နားမလည်နိုင်ဘူးဆိုတာ သူ သိလိုက်သည်။ ထို့ကြောင့် သူ၏လက်ကို ဝှေ့ယမ်းပြီး “မေ့လိုက်တော့။ ငါ နေ့လည်အတန်းကို တက်ရဦးမယ်။ မင်းလည်း စားသောက်ဆိုင်ကို ကောင်းကောင်း ဂရုစိုက်ဖို့ ရှိသေးတယ်။ ငါ သွားနှင့်တော့မယ်။ စကားမစပ် ဟန်ကျင်းဝူက မင်းကို ထပ်ရှာရင် သူမကို မျက်နှာသာထပ်မပေးနဲ့။"

ချီနန်က မချိပြုံး ပြုံးပြီး

“သူဌေး … ဆရာမဟန်နဲ့ ဆက်ဆံရေးမှာ ပြဿနာ ရှိနေတာလား။ သူမမှာ နင်နဲ့ပတ်သတ်ပြီး ညည်းညူစရာ တစ်ခုခု ရှိနေပုံရပေမယ့် နင် သူမကို ဆက်ဆံတဲ့ပုံစံက အရမ်းကို …”

ထန်ရှုက သူမကို စိုက်ကြည့်ပြီး

“မမေးသင့်တာတွေကို မမေးနဲ့။ တိုတိုပြောရရင် ငါ မင်းကို ပြောထားတဲ့အတိုင်း သူမနဲ့ တတ်နိုင်သမျှ နည်းနည်းပဲ ဆက်ဆံပါ။”

ထိုသို့ပြောပြီးနောက် ထန်ရှုသည် ထာဝရခန်းမမှ တစ်ခါတည်း ထွက်ခွာသွားသည်။ ဘေးပတ်လည်ကို ကြည့်သည့်အခါ အပြင်ဘက်တွင် စောင့်နေသည့် လူလူနှင့် ဟူချင်းစုန့်ကို မြင်ပြီးနောက်

“လူလူ … နေ့လည်အတန်းအတွက် ငါ ကျောင်းကို ပြန်တော့မယ်။ မင်းလည်း လုပ်စရာရှိတာ သွားလုပ်လို့ ရတယ်။ ငါ အားရင် သုခဘုံနယ်မြေကို လာခဲ့ပါ့မယ်။"

လူလူ၏မျက်ဝန်းများထဲတွင် တုံ့ဆိုင်းနေပြီး မသွားလိုဟန် အနည်းငယ် ရှိသော်လည်း သူမက ခေါင်းညိတ်နေဆဲဖြစ်ကာ ပြောလိုက်သည်။

"ဒါဆို ငါ အရင် ပြန်လိုက်မယ်။ နင် ငါ့ကို လာမရှာရင် နင့်ကို ရှာဖို့ ကျောင်းဝင်းကို ငါ လာလိုက်မယ်။"

"နားလည်ပြီ။" ထန်ရှုက ခေါင်းညိတ်ပြီး သူ့ကားသော့ကို ပေးလိုက်သည်။ ထိုကားသည် သူ့ဂိုဒေါင်ထဲရှိ တန်ဖိုးကြီးဇိမ်ခံကားများထဲမှ တစ်ကားဖြစ်သော်လည်း ထန်ရှုသည် အခြားသူများ၏အာရုံစိုက်ခြင်းကို မဆွဲဆောင်ချင်သောကြောင့် ၎င်းကားကို များသောအားဖြင့် မသုံးဖြစ်ပေ။

နေ့လယ် ၁ နာရီတွင် ထန်ရှုနှင့် ဟူချင်းစုန့်တို့သည် ရှန်ဟိုင်းတက္ကသိုလ်သို့ ပြန်ရောက်နေပြီဖြစ်သည်။

ကျောင်းသားအိပ်ဆောင်တွင် သူတို့သည် ယွဲ့ခိုင်ကို မတွေ့ရပေ။ ထန်ရှုသည် ကျောင်းဝင်းအဆောင်ထဲတွင် နေခဲလှသဖြင့် သူ၏အိပ်ရာထက်တွင် ဖုန်မှုန့်များ ရှိနေသည့်အပြင် စားပွဲခုံအောက်တွင်လည်း ရှုပ်ပွနေသောကြောင့် သန့် ရှင်းရေး စလုပ်ခဲ့သည်။

သန့်ရှင်းရေး လုပ်ပြီးသည်နှင့် အိပ်စင်ပေါ်တွင် လက်နှစ်ဖက်ကို ခေါင်းအုံးကာ လဲလျောင်းနေသော ဟူချင်းစုန့်ဆီသို့ အကြည့်ရောက်သွားသည်။ လောလောဆယ် သူ မည်သည့်အကြောင်းအရာ စဉ်းစားနေမှန်း မသိပါပေ။ သူက ဟူချင်းစုန့်ကို ပြုံးပြပြီး "ဟေး … ငါ့အကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့နော်။"

"စိတ်အေးအေးထားပါ ငါ့ကောင်ရာ။ ငါ နားလည်ပါတယ်ဟ။" ဟူချင်းစုန့်က ခေါင်းညိတ်သည်။

ထန်ရှုက တည်ငြိမ်သော အပြုံးဖြင့် တုံ့ပြန်ပြီးနောက် ကုတင်ဘေးကို ပုတ်ကာ ပြောသည်။

"ဘာပဲဖြစ်ဖြစ် စာသင်ဖို့ တစ်နာရီလောက် ကျန်သေးတယ်။ မင်း အိပ်ချင်ရင် ဒီမှာနေခဲ့လေ။ ငါ ကျောင်းစာကြည့်တိုက်ကို သွားတော့မယ်။"

"နားလည်ပြီ။" ဟူချင်းစုန့်က ပြန်ပြောပြီး သူ့ကိုယ်ပိုင်ကိစ္စများကို ဆက်စဉ်းစားနေသည်။

ယနေ့တွင် ဟူချင်းစုန့်သည် ကြီးမားသော အကျိုးသက်ရောက်မှုကို ခံစားခဲ့ရကြောင်း ထန်ရှု သတိပြုမိသည်။ ဟူချင်းစုန့်သည် အရိုင်းဆန်ကာ လွပ်လပ်စွာ နေတတ်သည့် အပြင်ပန်းအသွင်အပြင် ရှိနိုင်သော်လည်း စိတ်အတွင်းတွင် အသေးစိတ်ကျကာ အလွန်ထက်မြက်သူတစ်ဦး ဖြစ်သည်။ အတိတ်ကာလတုန်းက မည်သည့်အရာကိုမှ မတွေးတောခဲ့သော်လည်း ယခုမူကား သူ သွားမည့်လမ်းကို စတင်စဉ်းစားနေပေလိမ့်မည်။

ဆင်ခြင်သုံးသပ်ခြင်းသည် ရင့်ကျက်မှု၏ လက္ခဏာတစ်ခုဖြစ်သည်။

ထန်ရှုက သူ့အကြောင်းအား ဟူချင်းစုန့် သိသွားပြီးပါက သူတို့၏ဆက်ဆံရေး ယိုယွင်းသွားမှာကို စိုးရိမ်နေခဲ့သော်လည်း ယခုမူကား သူ၏စိုးရိမ်ပူပန်မှုများသည် မလိုအပ်ဘဲ အခြေအမြစ်မရှိ ပူပန်နေသည်ဟု ထင်မိသည်။

ဆန့်ကျင်ဘက်အနေနှင့် ဟူချင်းစုန့်သည် လူ့အဖွဲ့အစည်းထဲသို့ မည်သို့ဝင်ရောက်မည်ကို တွေးတောတတ်လာကာ အနာဂတ်အတွက် သူ၏ကိုယ်ပိုင်ဘဝကို စတင်စီစဉ်နေပြီဖြစ်သည်။

ထန်ရှုသည် စာအုပ်အနည်းငယ်ယူကာ ကျောင်းဝင်းထဲရှိ စာကြည့်တိုက်သို့ သွားခဲ့သည်။ သူ ရောက်သွားချိန်တွင် ယခင်က ကန္တာရသဖွယ် လူသူနည်းပါးသည့် စာကြည့်တိုက်အတွင်း၌ ထူးဆန်းသော အငွေ့အသက် တစ်ခုရှိနေပြီး လွန်စွာ သက်ဝင်နေပြီဖြစ်သည်။

သူ အတွင်းထဲသို့ လျှောက်သွားသောအခါ လူသုံးလေးငါးယောက်လောက်ပါသည့် ကျောင်းသားအုပ်စုများက တီးတိုးစကားဆိုနေကြသည်။ အများစုမှာ ကျောင်းသားများ ဖြစ်ကြသဖြင့် သူ့အား အံ့ဩစေခဲ့သည်။

"ဆရာမ … ဘာတွေ ဖြစ်နေတာလဲ။" စာအုပ်များ ပြန်အပ်ပြီးနောက် ထန်ရှုက သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဘာ ဖြစ်ရမှာလဲ။ ဒီနေ့ခေတ် ယောက်ျားလေးတွေက မိန်းမလှလေးတွေကို ဆွဲဆောင်ဖို့ အရာအားလုံးကို အလျင်စလို မအောင့်အည်းနိုင်ကြတော့ဘူးလေ။ အိုး ... ငါ့ရဲ့ငယ်ဘဝလေးကိုတောင် လွမ်းလာပြီ။”

အသက် ၄၀အရွယ် လူလတ်ပိုင်း အမျိုးသမီး ဆရာမက သက်ပြင်းချလိုက်သည်။ တစ်ချိန်တည်းမှာပင် သူမ၏ အမှတ်ရစရာများထဲသို့ ရောက်သွားသည့်အလား  ခေါင်းယမ်းလိုက်သည်။

ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု တွဲခိုလာသည်။ ထိုယောက်ျားလေးများသည် ရမက်ကြွယ်သည့်အချိန်အထွတ်အထိပ်တွင် ရှိနေကြောင်း သူ နားလည်သည်။ အင်မော်တယ်ကမ္ဘာတွင် အနှစ် ၁၀,၀၀၀မျှ သူ မနေခဲ့ပါက သူသည်လည်း ၎င်းတို့ကဲ့သို့ ဖြစ်နေမည်ဖြစ်ကာ မိန်းမလှလေးများကို မြင်တိုင်း ဆွဲဆောင်ရန် စောင့်နိုင်မည်မဟုတ်ပေ။

စာအုပ်များ ပြန်အပ်ပြီးနောက် ထန်ရှုသည် အတွင်းပိုင်းထဲသို့ ဝင်သွားလိုက်သည်။ မကြာသေးမီက သူ့ဆီ ရောက်လာသော ပြဿနာများစွာကြောင့် စာအုပ်များကို ဖတ်ရှုလေ့လာရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ကျောင်းသားဘဝတွင် နှစ်မြှုပ်ရန် ယခု သူ ဆုံးဖြတ်ခဲ့သည်။ သူသည် ကျောင်းသားတစ်ဦးဖြစ်ပြီး စာဖတ်ခြင်း၊ လေ့လာခြင်းနှင့် ဝီရိယရှိရှိ သင်ယူခြင်းဖြင့် မိမိ၏အသိပညာဗဟုသုတ တိုးတက်ထက်မြက်စေခြင်း ဟူသော ကျောင်းသားတစ်ဦး၏ပုံစံ မရှိမဖြစ် လိုအပ်ပေလိမ့်မည်။

စာအုပ်စင်တန်းများစွာကို ဖြတ်သွားရင်း ကျောင်းသားများစွာ စုဝေးနေသည့် နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ သို့သော် လူအုပ်ကြားထဲသို့ ဖြတ်ကြည့်လိုက်သည်နှင့် အတွင်းကျဆုံးထောင့်ရှိ စားပွဲခုံတွင် ထိုင်ကာ ငြိမ်သက်စွာ စာအုပ်ဖတ်နေသော ကျန်းဖေးယန်ကို သူ မြင်လိုက်သောအခါတွင် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချက်ချင်း ဖြစ်တည်လာသည်။ သူ တွေ့လိုက်သောသူမှာ ကျန်းဖေးယန် ဖြစ်သော်လည်း ဤကျောင်းသားများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သူမှာ သူမ မဟုတ်သည်မှာ သေချာသည်။ အကြောင်းမှာ သူမသည် ထိုအားလုံးကို ဆွဲဆောင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ထိုနေရာတွင် မုဝမ်ရင်ပါ ရှိနေရပေမည်။

သူမ၏အလွန်လှပသော ရုပ်အဆင်းသည် ထန်ရှု၏ စိတ်ထဲတွင် ချက်ချင်းပင် ပေါ်လာသောကြောင့် သူသည် အသာခေါင်းယမ်းလိုက်မိသည်။ သူမ၏ရုပ်ရည်သွင်ပြင်၊ အပြုအမူ၊ စိတ်နေစိတ်ထားပဲဖြစ်ဖြစ် မုဝမ်ရင်သည် တကယ့်ကို စံတင်ထားရလောက်အောင် လှပသူ ဖြစ်သည်။ သို့သော် သူ၏နှလုံးသားဒဏ်ရာက … သူမနှင့် ရှုပ်ထွေးသော စိတ်ခံစားမှုဆိုင်ရာ ပတ်သက်မှုကို ခွင့်မပြုပါချေ။

အတိတ်တစ်ချိန်က သူသည် သူ့တစ်သက်တာ၏ တစ်ခုတည်းသော ချစ်ခြင်းမေတ္တာကို ရှာဖွေမည်၊ သူမနှင့် ချစ်သူဘဝတစ်ခု ပိုင်ဆိုင်ရမည်၊ သူမကို လက်ထပ်ပြီးနောက် ပျော်ရွှင်ဖွယ်ကောင်းသော ဘဝတစ်ခုကို ဖြတ်သန်းမည်ဟု သူ့ကိုယ်သူ လှည့်ဖြားခဲ့ဖူးသည်။

အင်မော်တယ်ကမ္ဘာတွင် သူမနှင့်အတူ ကုန်ဆုံးခဲ့သည့် အချိန်များသည် သူ့အတွက် အကျေနပ်ရဆုံးနှင့် အပျော်ရွှင်ဆုံးရအချိန်များ ဖြစ်သည်။ ကောင်းကင်နှင့်မြေကြီး အိုဟောင်းသွားသည့်ချိန်အထိ၊ သမုဒ္ဒရာများ ခန်းခြောက်သွားပြီး ကျောက်ဆောင်များ ပျောက်ကွယ်သွားသည်ချိန်အထိ မည်ကဲ့သို့ဖြစ်ပါစေ သူတို့၂ယောက်၏သစ္စာတရားသည် ပြောင်းလဲမသွားဘဲ ထိုကဲ့သို့သော အခြေအနေသည် ထာဝရ တည်မြဲနေမည်ဟုပင် မျှော်လင့်ခဲ့မိသည်။ သူသည် နောက်ဆုံးတွင် သူ၏အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါက အင်မော်တယ်ကမ္ဘာတွင် သူမနှင့် အတူနေပြီး အဖော်လုပ်ပေးရန် လှည့်ကွက်များ သို့မဟုတ် လှည့်ဖြားမှုများဖြင့် ပင်လယ်ကို ဖြတ်ကူးရန်အတွက် လိုအပ်သောအရာကိုမဆို သူ လုပ်မည်ဟု ဆုံးဖြတ်ချက်ပင် ချထားခဲ့သည်။

သို့သော် ရလဒ်မှာ နန်ကီ၏အိပ်မက်ပမာ ဗလာနတ္ထိ ဖြစ်ခဲ့သည်။ နိုးလာချိန်၌ ထိုအိပ်မက်သည် ပြိုပျက်သွားခဲ့ပြီး သူသည်လည်း နှလုံးသားတစ်ခုလုံးကို လောင်ကျွမ်းစေသော နာကျင်ဝမ်းနည်းမှု ဝေဒနာအားလုံးကို ရင်ဝယ်ပိုက်ကာ သေဆုံးပျောက်ကွယ်သွားရသည်။

ထန်ရှုသည် သူ၏နာကျင်စရာအတိတ်ကာလမှ ဖျတ်ကနဲ ရုန်းထွက်လိုက်ပြီး ထိုလူစည်ကားသော နေရာသို့ မသွားဘဲ စာအုပ်စင်ဧရိယာဆီသို့ လှည့်လိုက်သည်။ စာအုပ်အနည်းငယ်ကို ကောက်ယူပြီးနောက် ငှားထားသော စာအုပ်များကို စာရင်းသွင်းပြီးပါက သူ၏အဆောင်သို့ တန်းပြန်သွားရန် ရည်ရွယ်ထားသည်။

သို့သော်လည်း သူ့ကိုယ်သူ ကြိုးစားရုပ်ဖျက်ခဲ့သော်လည်း လူအများက သူ့ကို မှတ်မိနေသေးဆဲဖြစ်ကာ သူ့အား ကြားဖြတ်ဟန့်တားရန် အပြေးလာကြပြီး ငွေကြယ်ကြီးတစ်ပွင့်လို ဝန်းရံထားသည်။ ထိုအခြေအနေက သူ့အား ကူကယ်ရာမဲ့စွာ စိတ်ဓာတ်ကျစေသည်။ အချိန်တွေ ကြာလာပါက လူတိုင်းသည် သူ၏နတ်ဆေးသမားတော်တစ်ယောက် ဟူသော ပုံရိပ်ကို တဖြည်းဖြည်း မေ့သွားကြရန်သာ သူ မျှော်လင့်ထားနိုင်တော့သည်။

***

All Chapters