လျှို့ဝှက်မျိုးနွယ်စုမှ ကြီးမြတ်သော သူခိုး
Vol. 11 Ch. 525
နေ့လည်ခင်းတွင် ထန်ရှု၊ ဟူချင်းစုန့်၊ ယွဲ့ခိုင်နှင့် ကျောက်လျန့်တို့သည် ပျော်ရွှင်စွာဖြင့် စာသင်ခန်းသို့ အတူတကွ ရောက်ရှိလာသည်။ နေ့လည်ပိုင်းအတန်းသည် သူတို့၏အတန်းပိုင်ဆရာမ ဟန်ကျင်းဝူမှ သင်ကြားပေးသည့် နိုင်ငံခြားဘာသာစကား အတန်းဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်မှ နောက်ကျခြင်း၊ ပျက်ကွက်ခြင်းအလျဉ်း မရှိပါချေ။
…ဒေါက်…ဒေါက်…
စင်္ကြန်လမ်းဆီက ဒေါက်မြင့်ဖိနပ်နှင့် ကြမ်းပြင်ထိခတ်သံသည် စည်းချက်ညီညီ ထွက်ပေါ်လာသည်။ ဟန်ကျင်းဝူသည် ဖက်ရှင်ကျသော ဝတ်စုံကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားပြီး စာအုပ်အနည်းငယ်ကို ကိုင်ဆောင်ကာ ယုံကြည်ချက်ရှိသော ကိုယ်ဟန်အမူအရာဖြင့် စာသင်ခန်းအတွင်းသို့ ဝင်လာခဲ့ပေရာ စာသင်ခန်းအတွင်းရှိ လူတိုင်း၏အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။
“ကောင်းလိုက်တာ … ဘယ်သူမှ ကျောင်းမပျက်ဘူး။”
ဟန်ကျင်းဝူသည် စင်မြင့်ပေါ်ရှိ စားပွဲပေါ်သို့ စာအုပ်များကို တင်လိုက်ပြီး သူမ၏အကြည့်များက စင်မြင့်အောက်ရှိ ကျောင်းသားများကို ဖြည်းညှင်းစွာ ဝေ့ဝဲကြည့်လိုက်သည်။ သူမသည် ထိုသို့ ကျေနပ်စွာ မပြောမီ ထန်ရှုအား တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်လောက် စိုက်ကြည့်နေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူမ၏မှတ်ချက်စကားကြောင့် ထန်ရှုဆီသို့ စာသင်ခန်းအတွင်းရှိ ကျောင်းသားများ၏ အကြည့်များ စုပြုံကျရောက်လာစေပြီး သူတို့၏ မျက်နှာထက်တွင် ထူးဆန်းသောအပြုံးများ ပေါ်ထွက်လာသည်။
ထန်ရှုသည် စိတ်တွင်းမှ သက်ပြင်းအသာချကာ အားတင်းပြုံးလိုက်ရင်း
"ဒီနေ့ ဆရာမဝတ်ထားတာ အရမ်းလှတယ် ဆရာမဟန်။ အထူးအကြောင်းအရာတွေကြောင့် ကျွန်တော် ဒီမနက် အချိန်မီ သတင်းမပို့နိုင်ခဲ့တာကို ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျ။ ဒီအခြေအနေက နောင်မှာ ထပ်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။”
“အိုး…” ဟန်ကျင်းဝူ၏နှုတ်ခမ်းလေးများ အပေါ်သို့ ကော့တက်သွားကာ ခေါင်းညိတ်လိုက်ရင်း
“အမှားကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို ပြောင်းလဲတာက အရေးကြီးဆုံးပဲ။ ငါက တွက်ကပ်တတ်တဲ့သူ မဟုတ်ပါဘူး။ အတန်းပြီးရင် စာသင်ခန်းကို သန့်ရှင်းရေးလုပ်ဖို့ နင် နေခဲ့လိုက်ပါ။ ဒါဆိုရင် မနက်အတန်းပျက်တဲ့ ကိစ္စကို ချေပေးလိုက်မယ်။”
"ကောင်းပါပြီ။"
ထန်ရှုက ကတိပေးခဲ့သော်လည်း စိတ်အတွင်းက သူ့ဘာသာသူ တီးတိုးရေရွတ်မိသည်။
…မိန်းမတွေနဲ့လူဆိုးတွေက ရင်ဆိုင်ရခက်တာတော့ အမှန်ပဲ…
စာသင်ခန်းထဲတွင် ဟန်ကျင်းဝူသည် အလွန် စိတ်အခြေအနေ ကောင်းနေသည်မှာ ထင်ရှားပြီး ကျောင်းသားများလည်း သင်ခန်းစာအား စိတ်ပါလက်ပါ တုံ့ပြန်ကြသည်။ အတန်းပြီးသွားသောအခါ ဟန်ကျင်းဝူသည် သူမ၏ပစ္စည်းများကို ကောက်ယူစုစည်းပြီး ထွက်ခွာမသွားသေးခင် ထန်ရှုကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။ ထန်ရှု၏နံဘေးတွင် ထိုင်နေသော ဟူချင်းစုန့်သည် ထန်ရှု၏တံတောင်ဆစ်ကို အသာတို့ကာ ခပ်ဖျော့ဖျော့ပြုံးရင်း ပြောသည်။
“အစ်ကိုကြီးထန် … ဆရာမဟန်က မင်းကို တကယ်ဂရုစိုက်နေတာ မင်းသိလား။ အခြားကျောင်းသားတစ်ဦးသာ အကြောင်းပြချက်မရှိဘဲ အတန်းပျက်ခဲ့ရင် သူတို့ရဲ့အမှတ်တွေကို သေချာပေါက် နုတ်ယူသွားမယ်ဆိုပေမယ့် မင်းကိုတော့ သန့်ရှင်းရေးပြုလုပ်ဖို့ပဲ အပြစ်ပေးခဲ့တယ်။ ဆရာမက မင်းကို တကယ်ချစ်နေပုံရပြီး မင်းဘွဲ့လက်မှတ်မရမှာကို ကြောက်နေပုံပဲ။"
တစ်ဖက်တွင် ယွဲ့ခိုင်က သူ၏နဖူးထက်မှ ဆံပင်များကို ဆွဲဖွရင်း အပြုံးဖြင့်
“ဟုတ်တယ် … အဲ့ဒါကွက်တိပဲ။ ဆရာမဟန်က ထန်ရှုကို တကယ်ချစ်မိသွားတယ်ဆိုတဲ့ ခံစားမှုကို ရနေတယ်။ အစ်ကိုကြီးဟန် … မင်းမှာ မိန်းကလေးတွေ အများကြီး ရှိပြီးသားဖြစ်ပြီး တော်တော်များများက ဆရာမဟန်ထက် နည်းနည်းတောင်မှ သာလွန်တယ်လို့ ပြောနိုင်တယ်ဆိုပေမယ့် ငါတို့ရဲ့ဆရာမဟန်က အမှန်တကယ်ဆို သူမဘာသာ အလှတရား ရှိနေပြီးသားပါ။ မင်းသာ ယောက်ျားဖြစ်သေးရင် လက်ခံပြီး သူတို့တွေနဲ့အတူ ပေါင်းလိုက်နိုင်တယ်။"
"မင်းတို့နှစ်ယောက်က မြင်းတွေလား … ဘာလား။” ထန်ရှုက အပြစ်တင်လိုသောလေသံဖြင့် မေးလိုက်သည်။
“ချီးတဲ့မှ…”
ဟူချင်းစုန့်နှင့် ယွဲ့ခိုင်သည် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်ဟန်ကြည့်လိုက်ကြပြီး ထန်ရှုအား လက်ခလယ်ကို တပြိုင်တည်း ထောင်ပြလိုက်ကြသည်။
ထန်ရှုက ခပ်ဖွဖွပြုံးလိုက်ပြီး
"ငါ ဒီည အဆောင်ထဲမှာ မနေတော့ဘူး။ ငါ့အိပ်ရာပေါ်က ဖုန်မှုန့်တွေကို အခုပဲ ရှင်းပြီးတာမို့ ငါ့ရဲ့ အိပ်ယာခင်းတွေကို လျှော်ဖို့ ကြယ်ပြာအိမ်ရာကိုပဲ သွားလိုက်တော့မယ်။ မနက်ဖြန်ကျမှ အဆောင်မှာ စနေမယ်။"
“အစ်ကိုကြီးထန် … ငါ မင်းကို တစ်ချက်လောက် ပြောလို့ရမလား။ မင်းအိမ်ရဲ့သော့ကို ငါ ငှားလို့ရမလား။" ယွဲ့ခိုင်က မျက်နှာအရေထူထူဖြင့် ပြောလိုက်သည်။ “ဒီည အဆင်ပြေရင် ငါ့ကောင်မလေးကို အပြင်ခေါ်သွားမယ်ဆိုတော့ ဟိုတယ်မှာ အခန်းတစ်ခန်း ငှားဖို့ ငါ ပိုက်ဆံဖြုန်းစရာမလိုတော့ဘူး။”
"သေလိုက်လေ။" ထန်ရှုက ယွဲ့ခိုင်ကို မျက်လုံးပြူးပြပြီး သူ၏အဓိပ္ပာယ်မရှိသောတောင်းဆိုမှုကို တစ်ခါတည်း ငြင်းဆိုလိုက်သည်။
သို့သော် ယွဲ့ခိုင်သည် ဒေါသမထွက်ဘဲ သူ၏မေးစေ့ကို ပွတ်ကာ သူ၏တစ်ညတာအပျော်အတွက် နေရာကို ငှားရန် ထန်ရှုအား မည်သို့ ဆွဲဆောင်ရမည်ကို တွေးနေလေသည်။
နေ့လည်ငါးနာရီတွင် ထန်ရှုသည် ယွဲ့ခိုင်၏ ဘီအမ်ဒဗလျူကားကို ယူကာ ကြယ်ပြာအိမ်ရာသို့ မောင်းနှင်သွားသည်။ အိပ်ရာခင်းအသုံးအဆောင်များကို အဝတ်လျှော်စက်ထဲသို့ ပစ်ထည့်ပြီးနောက် ဒုတိယထပ်ရှိ သူ၏စာကြည့်ခန်းသို့ မသွားမီ သူ့အား ကူညီလျှော်ပေးပါရန် အိမ်အကူအန်တီကျန်းအား ပြောလိုက်သေးသည်။
စာကြည့်ခန်းသို့ ရောက်သောအခါ အစီအရင်အတွင်းမှ ဆန်းကြယ်သားရဲကို လွှတ်ပေးပြီးနောက် ထန်ရှုသည် ၎င်း၏သိုလှောင်လက်စွပ်မှ အသားစိုင်တစ်တုံးကို ထုတ်ယူကာ ပစ်ကျွေးလိုက်သည်။ ထို့နောက် စားပွဲဆီသို့ ပြန်သွားလိုက်သည်။ ပေကျင်းမြို့သို့ သွားခဲ့သော ခရီးတွင် အကျိုးစီးပွား ကောင်းခဲ့သည်။ ဖီးနစ်ကိုးကောင်ဆံထိုးကလွဲပြီး တခြားပစ္စည်းလေးခုတွင်လည်း ကိုယ်ပိုင်လျှို့ဝှက်ချက် ရှိပုံရပြီး လုံးလုံးလျားလျား သူ မဖော်ထုတ်နိုင်သေးပေ။ ထို့ကြောင့် ဤအရာဝတ္ထုများကို ကောင်းစွာ လေ့လာဆန်းစစ်ရန် အချိန်အနည်းငယ် ခွဲပေးရန် ဆုံးဖြတ်ခဲ့ပြီး ၎င်းတို့တွင် သူ့အား အထောက်အကူ ဖြစ်စေမည့် တစ်စုံတစ်ခု ရှိလိမ့်မည်ဟု မျှော်လင့်ထားသည်။
ညစာစားပြီးသည်နှင့် ထန်ရှုက ကျောင်းက ငှားလာသည့် စာအုပ်များအနက် တစ်အုပ်ကို ယူလာပြီး အပြင်ဘက် ခြံဝင်းထဲတွင် ကုလားထိုင်ဖြင့် ထိုင်လိုက်သည်။ အန်တီကျန်းက လက်ဖက်ရည်ပူပူကို လာချပေးသဖြင့် ထန်ရှုက လက်ဖက်ရည်အား တစိမ့်စိမ့်သောက်ရင်း စာထိုင်ဖတ်နေသည်။
သို့သော် ခဏအကြာတွင် သူ့အိမ်ဘေးနားရှိ အိမ်ဝင်းမှ တစ်စုံတစ်ခု ကွဲကြေသံကို ကြားလိုက်ရသည်။
"အန်တီကျန်း … ကျွန်တော်တို့ဘေးက အိမ်ထဲမှာ တစ်ယောက်ယောက် ရှိနေတာလား။"
ထန်ရှုက လောလောဆယ်တွင် ဥယျာဉ်ကို သန့်ရှင်းရေးလုပ်နေသော အန်တီကျန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်။ ဒီမနက် အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့သွားတုန်းက လူတစ်ယောက်က အဲ့ဒီအထဲမှာ ပစ္စည်းတွေကို ကောက်ကိုင်ပြီး ရိုက်ချိုးနေတာ ကြားလိုက်ရတယ်။ အန်တီ အစားအသောက်တွေ ဝယ်ပြီးပြန်လာတော့ အဲ့ဒီအိမ်ရဲ့ခေါင်မိုးပေါ်မှာ လူရွယ်တစ်ယောက် ရပ်နေပြီး ပတ်ဝန်းကျင်ကို ကြည့်နေတာကို တွေ့တယ်။ ဒီနေ့လည်း အဲ့ဒီဘေးအိမ်ထဲက ပစ္စည်းတော်တော်များများကို ကောက်ပြီး ပစ်ပေါက်ရိုက်ခွဲသံကို ကြားလိုက်ရတယ်။”အန်တီကျန်းက ခေါင်းညိတ်ကာ ပြောပြသည်။
ထန်ရှု၏နှုတ်ခမ်းသည် ပြုံးယောင်သန်းသွားသည်။ ထို့နောက် သူက မတ်တတ်ရပ်လိုက်ပြီး စာအုပ်ကို အခန်းအတွင်းရှိ ကုလားထိုင်ပေါ် သွားတင်လိုက်ကာ
"အန်တီကျန်း … ကျွန်တော် သွားကြည့်လိုက်ဦးမယ်။"
ထန်ရှုက ထိုသို့ ပြောပြီး ခြံဝင်းထဲက ထွက်လာကာ အိမ်နံပါတ်(၁၁)ကို သွားလိုက်သည်။ အိမ်ရှေ့က တင်းတင်းစေ့ပိတ်ထားသည့် တံခါးကို ကြည့်လိုက်ပြီး သူက ထိုအိမ်၏ခေါင်းလောင်းကို တီးတော့သည်။
"မင်း ဘယ်သူလဲ။"
သံတံခါး ဖြည်းညှင်းစွာပွင့်လာပြီး စိတ်ပျက်လက်ပျက်ဖြစ်ကာ မခံချိမခံသာ ဖြစ်နေပုံရသော ယန်လီသည် ထန်ရှုအား မေးငေါ့ကာ မေးလိုက်သည်။
"ငါက အိမ်နံပါတ်(၉)ရဲ့ပိုင်ရှင်ပါ။ မင်းရဲ့အိမ်နီးချင်းပါ။" ထန်ရှုက ဘေးအိမ်ကို လက်ညှိုးထိုးပြရင်း ပြုံးကာ ပြန်ပြောလိုက်သည်။
ယန်လီ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ဒါဆို မင်း ငါ့ဆီက တစ်ခုခု လိုလို့လား။”
"ဟုတ်တယ် … အသေးအဖွဲအရာတစ်ခု ရှိတယ်။" ထန်ရှုက ပြုံးပြီးပြောသည်။
ယန်လီက ခဏလောက် နှုတ်ဆိတ်နေပြီးမှ ပြန်ပြောခဲ့သည်။
“ဒါပဲလား။ မင်းမှာ လုပ်စရာမရှိဘူးလို့ ပြောရင်တောင် မင်းဆီက ငါ လိုအပ်တာတစ်ခုလည်း ရှိတယ်။ အထဲဝင်ဦး။"
ထန်ရှုသည် ခြံဝင်းထဲသို့ လျှောက်လာရာ ပုလင်းများနှင့် သံဘူးများကဲ့သို့သော ပိန်ရှုံ့ကွဲကြေနေသော အရာများစွာကို နေရာအနှံ့ လွှင့်ပစ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးသည် ပို၍ တောက်ပလာသည်။
ယန်လီသည် သူ့ကို အိမ်ဧည့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သဖြင့် အိမ်၏အတွင်းပိုင်း အလှဆင်မှုသည် သူ့အိမ်လောက် တန်ဖိုးကြီးဇိမ်ခံပစ္စည်းများ မရှိသော်လည်း အတော်လေး ကောင်းမွန်သည်ကို တွေ့လိုက်ရသည်။ ထို့အပြင် သူ့အား အံ့အားသင့်စေသည့်အချက်မှာ အိမ်၏အတွင်းပိုင်းသည် အလွန်သပ်ရပ် သန့်ရှင်းနေသော်လည်း အပြင်ဘက်ခြံဝင်းသည် ကျိုးပဲ့ပျက်စီးနေသောအရာများစွာဖြင့် ရှုပ်ပွပြည့်နှက်နေသောကြောင့်ဖြစ်သည်။
"ဘာသောက်ချင်လဲ။" ယန်းလီက မေးသည်။
"ဝိုင်နီ၊ ဝိုင်ဖြူ၊ ဘီယာ ဒါမှမဟုတ် နိုင်ငံခြားဝိုင်…"
“ငါက လက်ဖက်ရည် ကြိုက်တယ်။ လက်ဖက်ရည် ပိုကောင်းလေလေ ငါပိုပျော်လေလေပဲ။”
ထန်ရှုက ပြုံးပြီးပြောသည်။
ထန်ရှုအား မျက်လုံးပြူးဖြင့် တုံ့ပြန်လိုက်သော်လည်း ယန်လီသည် ၎င်းကို ယူဆောင်ရန် သွားဆဲဖြစ်သည်။ ယန်လီ ပြန်ရောက်လာသောအခါ လက်ဖက်ရည် တစ်အိုးနှင့် ခွက်အလွတ်နှစ်ခွက်ကို ယူလာခဲ့သည်။ ထို့နောက် ထန်ရှု၏အရှေ့တွင် ချပေးထားလိုက်ပြီး
"ကိုယ်တိုင် ထည့်ပြီး သုံးဆောင်ပါ။ စကားမစပ် မင်း ဒီကို ဘာအတွက် လာခဲ့တာလဲ။"
ထန်ရှု လက်ဖက်ရည် ငှဲ့လိုက်ပြီး ယန်လီ၏မေးခွန်းကို ဖြေမည့်အစား သူက ပြုံးပြီး ပြောသည်။
"မင်း အရင်ပြောပါ … ငါ့ကို ဘာလို့ ရှာနေတာလဲ။"
"မင်းက ခွဲရခက်တဲ့ အခွံမာအသီးပဲ။ ဘာပဲဖြစ်ဖြစ် မင်းက အရင်မပြောချင်တော့ ငါ ပြောပြမယ်။ မင်းက ငါ့အိမ်ဘေးမှာ နေတာဆိုတော့ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ငါ့အိမ်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာကို မင်း သိကိုသိရမယ်။”
“မင်းရဲ့အိမ်မှာ ပြဿနာရှိရင် အိမ်ခြံမြေ စီမံခန့်ခွဲရေးရုံးကို မေးတာက သင့်တော်တယ်လို့ မင်း မထင်ဘူးလား။ မင်းရဲ့မေးခွန်းကို ငါဖြေနိုင်မယ်လို့ ဘာကြောင့် ထင်တာတုန်း။"
ထန်ရှုက ပြန်မေးသည်။
“အိမ်ခြံမြေစီမံခန့်ခွဲရေးရုံးကို မေးရတာ အဆင်ပြေတယ်ဆိုရင် မင်းကို ငါ အရင်မေးစရာ မလိုဘူးပေါ့။”
"ငါ့ရဲ့နောက်မေးခွန်းတစ်ခုလောက် ဖြေနိုင်မလား။" ထန်ရှုက ပြုံးပြီး မေးသည်။
"မေးပါ။" ယန်လီက သူ့လက်တွေကို ဖြန့်ပြီး ပြောလိုက်သည်။
"မင်း ဘာတွေလုပ်ခဲ့တာလဲ … မင်းက ဘာလုပ်တာလဲ။" ထန်ရှုက မေးလိုက်သည်။
ချက်ခြင်းဆိုသလိုပင် ဆိုဖာပေါ်တွင် ထိုင်နေသော ယန်လီသည် အလျင်စလို ထလာသည်။ ထန်ရှုကို စိုက်ကြည့်နေသော သူ၏ခန္ဓာကိုယ်သည် တည့်မတ်ပြီး တောင့်တင်းနေသလိုပင်။ မိနစ်ဝက်လောက် တိတ်ဆိတ်သွားပြီးနောက် သူက ဖြည်းညှင်းစွာ ပြောသည်။
"မင်း ဘာပြောချင်တာလဲ။"
“ဘာမှ မဟုတ်ပါဘူး … တကယ်ပါ။ မင်း အဲဒီလို စိုးရွံ့ပြီး ဂနာမငြိမ်ဖြစ်နေဖို့ မလိုပါဘူး” ထန်ရှုက ရယ်မောကာ ပြောသည်။
“ငါက ရဲမဟုတ်သလို တခြားသူရဲ့အလုပ်တွေနဲ့ စပ်စပ်ယှက်ယှက်ဖြစ်တာကိုလည်း မကြိုက်ပါဘူး။ ဟုတ်ပြီ … မင်းက ငါ့ကို လူကောင်းတစ်ယောက်အနေနဲ့ သဘောထားပြီး ပေါင်းသင်းဆက်ဆံလိုတယ်ဆိုတော့ ငါလည်း ဝမ်းမြောက်စွာ လက်ခံပါတယ်။”
"ဒါဆို ငါ့ပစ္စည်းက မင်းနေရာမှာလား။" ယန်လီက မေးသည်။
"ဟုတ်တယ် … သူတို့က ငါ့ရဲ့ထိန်းသိမ်းမှုထဲမှာပဲ။" ထန်ရှုက ခေါင်းညိတ်ပြီး ပြန်ဖြေသည်။
“ဟူး…”
ယန်လီ စိတ်သက်သာရာရသွားဟန်ရသည်။ သူ၏ရင်ဘတ်အိတ်ကပ်ထဲမှ ဆေးပြင်းလိပ်တစ်ဘူးကို အသာထုတ်ကာ ဆေးပြင်းလိပ်နှစ်လိပ်ကို ထုတ်ယူလိုက်သည်။ တစ်လိပ်ကို ထန်ရှုဆီ ပစ်ပေးပြီးနောက် သူ၏ဆေးလိပ်အား ခပ်ပြင်းပြင်းတစ်ချက် ဖွာရှိုက်ကာ ပြုံးရင်း စကားဆိုသည်။
“မင်း သူတို့ကို သိမ်းပေးထားလို့ ငါ စိတ်အေးသွားရတယ်။ စုံစမ်းလေ့လာကြည့်တော့ ငါ အဝေးကို ရောက်နေချိန်မှာ ငါ့အိမ်ထဲ လူအများကြီး ရောက်နေတာကို သိရတယ်။ နောက်ပြီး စောင့်ကြည့်ထိန်းချုပ်ခန်းထဲ ငါ ခိုးဝင်ပြီး အဲ့ဒီနေရာက စောင့်ကြည့်ရေးဗီဒီယိုတွေကို ကူးယူတုန်းကလည်း အချို့အရာတွေကို တွေ့ခဲ့သေးတယ်။ ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ငါ့ပစ္စည်းတွေပဲ။”
"ဗီဒီယိုတွေ ကြည့်တုန်းက ငါ့ပုံရိပ်ကို လုံးဝ မမြင်ရဘူးမဟုတ်လား။" ထန်ရှုက အပြုံးဖြင့် မေးလိုက်သည်။
“မင်းက အဲ့ဒီအထဲမှာ မရှိဘူး။ ဟင့်အင်း။ ကဲ ဆိုပါဦး။ ငါ့ပစ္စည်းတွေ ပြန်ပေးတော့မှာလား။" ယန်လီက မေးသည်။
"မင်း ငါ့မေးခွန်းကို မဖြေသေးဘူးနော်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယန်လီက ချက်ချင်းပင် သွားများပေါ်အောင် ပြုံးလိုက်ပြီး
"ငါက လူကြီးလူကောင်းသူခိုးတစ်ယောက်ပါ။ လျှို့ဝှက်မျိုးနွယ်စုရဲ့ လူကြီးလူကောင်းသူခိုးတွေ ဆိုတာကို မင်း ကြားဖူးလား။"
"မင်းက လျှို့ဝှက်မျိုးနွယ်စုရဲ့ အဖွဲ့ဝင်တစ်ဦးလား။" ထန်ရှုက ထူးဆန်းသော အမူအရာဖြင့် မေးလိုက်သည်။
ယန်လီက နောက်ဆုတ်သွားပြီး ထိတ်လန့်အံ့ဩသွားရင်း
“လျှို့ဝှက်မျိုးနွယ်စု တည်ရှိနေတာကို မင်း သိနေတာလား။ မင်းက ဘယ်သူလဲ။"
“လျှို့ဝှက်မျိုးနွယ်စုအကြောင်း ငါ သိတာ သိပ်တော့ မများပါဘူး။ ဒါပေမယ့် မနေ့က ငါ ပေကျင်းကို သွားပြီး စစ်ထူမိသားစုက စီစဉ်တဲ့ လေလံပွဲကို တက်လိုက်တော့ ဒီအကြောင်းကို အများကြီး သိလာရတယ်။ ငါ့ရဲ့အိမ်နီးချင်းက လျှို့ဝှက်မျိုးနွယ်စုရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ သူခိုးကြီး ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့မိဘူး။”
ထန်ရှုက ပြုံးစိစိဖြင့် ပြောသည်။
"ဟေး … ဒါက လူကြီးလူကောင်း သူခိုးပါကွ။" ယန်လီ၏မျက်နှာထက်တွင် ဘဝင်မကျသော အကြည့်ကို မြင်တွေ့နိုင်ပြီး ထန်ရှု၏စကားကို အမှန်ပြင်ပေးသည်။ ထို့နောက် သူက စကားဆက်သည်။ “ကောင်းပြီ။ ငါ မင်းကို အကုန်ပြောပြီးပြီ ငါ့ပစ္စည်းကို ပြန်ပေးတော့။ မင်း လိုချင်ရင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ၊ ငွေသား၊ စိန်တွေနဲ့ ကျန်တာတွေ အကုန်ယူထားနိုင်တယ်။ ဒါပေမယ့် ငါက ငါ့ပစ္စည်းတွေပဲ လိုတာ။"
ထန်ရှုက မတ်တတ်ရပ်လိုက်ပြီး အပြုံးဖြင့် "ငါ သိချင်တာကို သိရပြီးကတည်းက မင်းရဲ့ပစ္စည်းတွေကို ငါ မလိုတော့ဘူး။ ကောင်းပြီ … ငါနဲ့အတူတူ ထိုင်ပါလား။ ငါတို့က အိမ်နီးနားချင်းတွေဆိုတော့ အပေါင်းအသင်း လုပ်သင့်တယ်လို့ မင်း မထင်ဘူးလား။ နောက်ပြီး ငါ့အိမ်မှာ ရှိတဲ့ ပစ္စည်းတွေကို ရုတ်တရက် ပျောက်ကွယ်သွားတာမျိုးလည်း ငါ မဖြစ်စေချင်ဘူး။"
"အဲ့ဒါတော့ ငါ မသေချာနိုင်ဘူး။ မင်းရဲ့စည်းစိမ်ဥစ္စာတွေက ယုတ်မာတဲ့နည်းနဲ့ ရယူခဲ့ပြီး မင်းက အကြင်နာမဲ့စွာ ချမ်းသာလာတဲ့ သူဌေးတွေလိုမျိုးလို့ ငါသိလိုက်ရရင် မင်းပစ္စည်းတွေ တကယ်ပဲ ပျောက်ကွယ်သွားလိမ့်မယ်။” ယန်လီက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည်။
“မဟုတ်ပါဘူး … ငါက ဘယ်တော့မှ သူတစ်ပါးကို အမြတ်မထုတ်သလို သူတစ်ပါးပစ္စည်းကိုလည်း မယူဘူး။ ဒါပေမယ့် ငါပိုင်ဆိုင်တာကို လုယူရဲတဲ့ ဘယ်သူ့ကိုမဆို ထိရောက်အောင် ဆုံးမဖို့လည်း ဘယ်တော့မှ နောက်မတွန့်ဘူး။”
ယန်လီသည် မျက်လုံးမှေးစင်းပြီး ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောကို စိုက်ကြည့်ရင်း ရုတ်တရက် လျှပ်စီးလက်သလို အရှိန်နှင့် အလွန်ထူးခြားသော ခြေကွက်ဖြင့် ရှေ့သို့ ခုန်တက်သွားကာ ထန်ရှု၏နောက်ကျောကို ရိုက်ရန် ကြိုးစားလိုက်သည်။ သူ့အနေဖြင့် သူ၏အရည်အချင်းနှင့် ကျွမ်းကျင်မှုကို အလွန် ယုံကြည်မှု ရှိပေသည်။ သူ့ခွန်အား၏ ၃၀%မှ ၄၀%ကိုသာ အသုံးပြုထားသော်လည်း ထန်ရှုကို သူ တိုက်ခိုက်နိုင်ပေမည်။
…ဝှစ်…
အရိပ်တစ်ခု ဖျတ်ကနဲ ဖြစ်သွားပြီး ထန်ရှုသည် မီတာဝက်အကွာတွင် ရုတ်တရက်ပေါ်လာသည်။
"ဘာရီး…"
ယန်လီ၏အမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။ သူ၏အမြင်အာရုံနှင့်အရှိန်အဟုန်သည် သာမန်လူထက် အဆပေါင်းများစွာ ပိုမိုသာလွန်မြန်ဆန်သော်လည်း သူ၏မျက်လုံးများအရှေ့တွင် လက်သီးတစ်လုံး ရောက်လာသည်ကိုသာ မြင်လိုက်ရပြီး ကြယ်များ၊ ပန်းပွင့်များမြင်ကာ သူ၏အမြင်အာရုံသည် ရုတ်တရက် မှုန်ဝါးသွားရတော့သည်။
***