မတန်တဆစျေးနှုန်း
Vol. 11 Ch. 526
လျှို့ ဝှက်မျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦးအနေဖြင့် ယန်လီသည် သိုင်းပညာရှင်ဆရာသခင်တစ်ဦးထံမှ တရားဝင် သင်ယူခဲ့သည်။ သူ၏ဆရာသခင်နှင့် အဆင့်တူညီသည်အထိ မအောင်မြင်ခဲ့သော်ငြား လူမိုက်တစ်ဒါဇင်လောက်ကို ဖြိုခွင်းဖို့ သူ့အတွက် ပြဿနာမရှိပါချေ။ သို့သော်လည်း ထန်ရှုကို သူ တိုက်ခိုက်လိုက်သောအခါတွင် သူ သေချာစွာ ထိုးနှက်နိုင်သည့် အနေအထားတွင် ရှိနေသော်လည်း သူ၏ပြိုင်ဘက်သည် အမှန်တကယ် ရှောင်လွှဲကာ ကျော်ဖြတ်နိုင်သည်ကို တွေ့ရှိခဲ့သည်။ ပြိုင်ဘက်၏ နောက်ကျောတွင် မျက်လုံးများ ရှိနေသည့်အလားပင်။
သို့သော် သူ့အား ထိတ်လန့်စေသည့်အရာမှာ ထန်ရှု၏အမြန်နှုန်း ဖြစ်သည်။ သူ၏စူးရှသော အမြင်အာရုံဖြင့်ပင် သူ့ရှေ့တွင် လက်သီးတစ်လုံး ရောက်လာသည်ကိုသာ မြင်လိုက်ရသဖြင့် သူ တုန်လှုပ်သွားရသည်။
"လူတစ်ယောက်ရဲ့ နှလုံးသားကို သူ့မျက်နှာကနေ အကဲဖြတ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ အမှန်ပဲလားဟ။"
ထန်ရှု၏ခြေထောက်များ လှုပ်ရှားသွားကာ ယန်လီ၏ဘေးတွင် ပေါ်လာသည်။ သူ၏လက်ချောင်းများက ယန်လီ၏ခန္ဓာကိုယ်ပေါ်ရှိ အဓိကအကြောဆုံမှတ်များကို ထောက်နှိပ်ကာ အကြောပိတ်လိုက်သည်။ ထို့နောက် နှစ်ကြိမ်တိတိ နောက်ပြန်ဆုတ်ကာ ထိုနေရာတွင် ရပ်လိုက်ပြီး ခေါင်းယမ်းကာ သက်ပြင်းချလိုက်လေသည်။
ယန်လီသည် ဆက်လက် တိုက်ခိုက်ချင်သေးသော်လည်း သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရုတ်တရက် ခံစားချက်က သူ၏မျက်လုံးများကို မယုံကြည်နိုင်လောက်အောင် ပြူးကျယ်သွားစေသည်။ သူ အပြင်းအထန် ရုန်းကန်ပါသော်လည်း သူ၏ခန္ဓာကိုယ်ကို လုံးဝမထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်ရသည်။ သူသည် ခွန်အားကို မည်မျှပင် အားထုတ်စေကာမူ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်ပါပေ။
"မင်း ... ဒါကို ဘယ်လို လုပ်လိုက်တာလဲ။"
ယန်လီ၏အသံစူးစူးသည် အရေးတကြီးဖြစ်နေဟန် ရှိပြီး ပြင်းထန်သော အကြောက်တရားများပင် ရောစွက်နေခဲ့သည်။
“ငါ ဘယ်လို လုပ်ခဲ့တာက အရေးမကြီးပါဘူး။ ပိုအရေးကြီးတာက မင်းရဲ့ပစ္စည်းတွေကို လုံခြုံအောင်ထားဖို့နဲ့ မင်းကို ဖော်ပြနိုင်တဲ့ ဖြစ်နိုင်ခြေကို ရှောင်ရှားဖို့ ငါကူညီပေးခဲ့တာ။ ဒါပေမယ့် မင်း ငါ့ကို တကယ် တိုက်ခိုက်ခဲ့တယ်။ သူခိုးတွေမှာတောင် ကိုယ်ပိုင်တာအိုရှိတယ်လို့ ဆိုရိုးရှိတယ်။ သူရဲကောင်းဆန်တဲ့သူခိုးတွေ ဒါမှမဟုတ် လူကြီးလူကောင်းသူခိုးတွေ အမှန်တကယ် ရှိတယ်ဆိုပေမယ့် မင်းကတော့ အဲ့ဒီလို ဂုဏ်ပုဒ်နဲ့ လုံး၀ မထိုက်တန်တဲ့သူပဲ။ မင်းက အတတ်ပညာ အနည်းငယ်နဲ့ သူခိုးသေးသေးလေးကလွဲပြီး ဘာမှမဟုတ်ဘူးပဲ။"
ယန်လီက သူ့ကို စမ်းသပ်ရုံသာ လုပ်သည်ကို သိသော်လည်း ထန်ရှုက သူ့ကို ပျစ်ပျစ်နှစ်နှစ် ပြောဆိုလိုက်သည်။
ထိုစကားများကို ကြားရသည့် ယန်လီက ရှူးရှူးရှဲရှဲ ဖြစ်ကာ အော်ဟစ်လိုက်သည်။
“မင်း ငါ့ကို မစော်ကားနဲ့။ ငါ မင်းကို စမ်းသပ်ရုံပဲ စမ်းသပ်တာကွ။ ချီးတဲ့မှ … ဘယ်သူက မင်းနဲ့ တိုက်ခိုက်ချင်လို့လဲ။ မင်းကို အလစ်တိုက်ခိုက်လိုက်လို့ သောက်ကျိုးနည်း ကြီးကျယ်တဲ့ အကျိုးကျေးဇူးကို ငါ ရမှာမို့လို့လား။”
“ခုနက ပြောခဲ့သလိုပဲ လူတစ်ယောက်ရဲ့ နှလုံးသားကို သူ့မျက်နှာကနေ သိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မင်းရဲ့ခေါင်းထဲမှာ လည်ပတ်နေတဲ့ အလိုဆန္ဒ ပရိယာယ်တွေကို ဘယ်သူသိပါ့မလဲ။ ကြားတာက အမှား၊ မြင်တာကသာ ယုံကြည်စရာဆိုတဲ့ ဆိုရိုးစကားကို မင်း မကြားဖူးဘူးလား။ မင်း ငါ့ကို တိုက်ခိုက်တာ ငါ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်လိုက်ရတယ်လေ။ ငါသာ ကွန်ဖူးကို ကောင်းကောင်း မသိရင် ငါ့နောက်ကျောကို မင့်လက်သီးနဲ့ထိုးတာ ခံနေရပြီမဟုတ်လား။”
“…”
ယန်လီ ပြောစရာစကားမဲ့သွားရသည်။ ထန်ရှုက သူပြောသမျှ ရှင်းပြချက်တွေကို နားမဝင်ဘူးဆိုသည်ကို သူ သိပေသည်။ သူသည် အလစ်တိုက်ခိုက်မှုကို စတင်ခဲ့သူအမှန်ပင် ဖြစ်သည်။ ထန်ရှု ကွန်ဖူးကို တတ်ခြင်းရှိမရှိနှင့် လျှို့ဝှက်မျိုးနွယ်စုမှ တစ်စုံတစ်ယောက် ဟုတ်မဟုတ် စုံစမ်းလိုသဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
"ဒါဆို မင်း ဘာလိုချင်လဲ။" ယန်လီက ဖြည်းညှင်းစွာ မေးလိုက်သည်။
ထန်ရှုက ခဏလောက် စဉ်းစားပြီး
“ငါ့ကို တောင်းပန်ပြီး နစ်နာကြေးပေး။”
"တောင်းပန်ဖို့က ပြဿနာမရှိပါဘူး။ ဒါပေမယ့် မင်းကို ဘယ်လို နစ်နာကြေးပေးရမလဲ။" ယန်လီက ကြောင်အအ စိုက်ကြည့်ရင်း မေးလိုက်သည်။
"အရင်ဆုံး တောင်းပန်ပါ။ ပြီးရင် မင်းကို ငါ ပြောပြမယ်။" ထန်ရှုက ပြောသည်။
“ညီအစ်ကိုထန် … ငါ ခုနက လုပ်ခဲ့တာတွေအတွက် တောင်းပန်ပါတယ်။ မင်း ငါ့ကို ခွင့်လွှတ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။” ယန်လီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ထန်ရှု ကျေနပ်စွာ ခေါင်းညိတ်သည်။ ယန်လီ၏အနီးသို့ ချဉ်းကပ်ကာ အလင်းတန်းကဲ့သို့ အရှိန်ဖြင့် အကြောများ ပြန်ဖွင့်ပေးခဲ့သည်။ ထို့နောက် သူသည် ချာကနဲ လှည့်ကာ အဝေးကို ထွက်သွားရင်း ပြောလိုက်သည်။
“မင်းရဲ့ ပစ္စည်းဘူးကို နောက်မှ ပြန်ပေးမယ်။ ဒါပေမယ့် အဲ့ဒီမှာရှိတဲ့ အဖိုးတန်ပစ္စည်းတွေအားလုံးက နစ်နာကြေးဖြစ်သွားမယ်။”
“ချီးတဲ့မှ…”
လှုပ်ရှားနိုင်စွမ်း ပြန်လည်ရရှိလာသောကြောင့် ခြေနှင့်လက်များကို လှုပ်ရှားရန် ကြိုးစားနေသော ယန်လီသည် တခဏတာ တောင့်တင်းသွားရသည်။ ထန်ရှု၏နောက်ကျောကို ကြည့်ရင်း သူ၏ပါးစပ်မှ ဆဲသံ ထွက်လာသည်။ ထို့နောက် သူက ခါးသီးစွာ ပြုံးကာ ထန်ရှု၏အနောက်ကို စတင်လိုက်လေတော့သည်။ သည်အချိန်တွင် သူ၏ခေါင်းကို အမှိုက်ပစ်ချင်စိတ် ပေါက်သွားရသည်။ သူသည် ထန်ရှုကို တိတ်တဆိတ် တိုက်ခိုက်ခဲ့ပြီး ဆံပင်တွေကိုပင် မထိနိုင်ခဲ့ရာ သူ၏ချမ်းသာမှု ဘီလီယံနှင့်ချီပြီး နစ်နာကြေး ပေးရမည်တဲ့လား။
သူသည် ငွေပြတ်နေသူ မဟုတ်သော်လည်း၊ ထိုအရာများသည် သူ့အတွက် အသေးအဖွဲ ဥစ္စာကလွဲပြီး ဘာမှ မဟုတ်သော်လည်း သူ့ကို လွန်စွာ တုန်လှုပ်စေသည်။ သူသည် အပြင်သို့ လိုက်လာပြီးနောက် အော်ပြောလိုက်သည်။
“ပြောပါဦး ညီအစ်ကိုထန် … မင်းက တကယ်ကို ရက်စက်ပြီး ကလိမ်ကကျစ်ကျလွန်းနေတာပဲ … အဲ့ဒါကို မင်း သိရဲ့လား။ ငါက သူရဲကောင်းသူခိုးတစ်ယောက် … မင်းက ဓားပြတစ်ယောက်ပဲ။"
"ငါ့ကို သစ္စာခံထားတဲ့သူတွေကလွဲရင် ငါ့ကို ဒီလို အလစ်ဝင်တိုက်ခိုက်တဲ့သူက သေလူတွေ ဖြစ်သွားကြတယ်။ တကယ်လို့ မင်းဆီက အငြိုးတရား မရှိတာကိုသာ ငါ မခံစားမိရင် မင်း ငါ့ကို ဒီလိုမျိုး မတ်တပ်ရပ်ပြီး စကားပြောနိုင်လိမ့်မယ်ထင်နေလား။ ဒီငွေက ငါ့အတွက် မုန့်ဖိုးသာသာပဲ။ မှုလောက်စရာ မရှိဘူး။” ထန်ရှုက သူ့ကို မော့ကြည့်ပြီး လှောင်ရယ် ရယ်လိုက်သည်။
ယန်လီ အလောတကြီး မျိုချလိုက်မိသည်။ ထန်ရှုကို ယုံကြည်ရန် တွန့်ဆုတ်နေသော်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသော စွမ်းရည်ကို ပိုင်ဆိုင်ထားသူသည် ဖော်ရွေသော ကြင်နာမှုမျိုး ဘယ်သောအခါမှ မရှိကြောင်း သူသိသည်။
"ညီအစ်ကိုထန် မင်းရဲ့ပုံရိပ်က ဘာလဲ။"
"ငါက ကျောင်းသားတစ်ယောက်ပါပဲ။" ထန်ရှုက အေးဆေးစွာ ပြန်ပြောသည်။
"မင်းသာ ကျောင်းသားဖြစ်ခဲ့ရင် ငါက ရဲသားတစ်ယောက်ဖြစ်လိမ့်မယ်။" ယန်လီက မျက်လုံးလိမ့်ကာ ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် မင်းကို ကြည့်ရတာ ငယ်သေးသလိုပဲ။ အာ … ဟုတ်ပြီ။ မင်းကို အရင်ကတည်းက နည်းနည်း ရင်းနှီးနေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဘယ်မှာ တွေ့ဖူးလဲ မမှတ်မိတော့ဘူး။"
ထန်ရှုက မတုံ့ပြန်ဘဲ သူ၏အိမ်သို့ တန်းတန်းမတ်မတ်သွားကာ ယန်လီအား ဧည့်ခန်းထဲတွင် စောင့်ဆိုင်းရန် ပြောခဲ့ပြီးနောက် ဒုတိယထပ်ရှိ စာကြည့်ခန်းသို့ တက်သွားသည်။ ထို့နောက် သူ၏လက်စွပ်ထဲက အနက်ရောင်သေတ္တာတစ်လုံးကို ထုတ်ကာဖွင့်လိုက်ပြီး ငွေစက္ကူများ၊ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများနှင့် စိန်များကို ထုတ်လိုက်သည်။ ထို့နောက် ထိုသေတ္တာကို ပိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
"ဒါ မင်းရဲ့ပစ္စည်းပဲ။" ထန်ရှုက သေတ္တာကို ပစ်ပေးလိုက်သည်။
ယန်လီက အရအမိ ဖမ်းပြီးနောက် ၎င်းကို ဖွင့်ကာ စစ်ဆေးပြီး ခေါင်းညိတ်ပြရင်း
“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ်။”
"မင်းရဲ့ပစ္စည်းတွေကို ငါ ပြန်ပေးလိုက်ပြီမို့ ပစ္စည်းတွေကို ထပ်ပြီး မဖျက်ဆီးနဲ့တော့ ဟုတ်ပြီလား။ ဘာပဲဖြစ်ဖြစ် အခုက တော်တော်နောက်ကျနေပြီ။ ငါ မင်းကို လိုက်မပို့တော့ဘူး။ ပြန်သွားတော့။"
သို့သော် ယန်လီက ထွက်ခွာမသွားဘဲ ဆိုဖာပေါ်ထိုင်ကာ သေတ္တာကို ဘေးချထားလိုက်ပြီး ထန်ရှုကို ပြုံးပြလျက် “ညီအစ်ကိုထန် … ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံရတာ ကံကြမ္မာပဲ၊ ငါတို့ နည်းနည်းလောက် သောက်ကြမလား။ နောက်ပြီး မင်းကို ငါ မေးချင်တာတွေ ရှိတယ်။"
"ငါ မင်းကို ဘယ်လိုမှ မလှုပ်ရှားနိုင်အောင် လုပ်ထားတယ်ဆိုတာ မင်း သိချင်တာ မဟုတ်လား။" ထန်ရှုက မေးလိုက်သည်။
"ဟုတ်တယ် … ငါ အဲ့ဒါကို အရမ်းသိချင်နေတယ်။" ယန်လီက မဆိုင်းမတွ ခေါင်းညိတ်သည်။ “မင်းမှာ အလွန်အစွမ်းထက်တဲ့ အရည်အချင်း ရှိပေမယ့် ငါ့အတွက် အဆင်ပြေနေတုန်းပဲ။ ဒါပေမယ့် ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ဖို့ ငါ့ရဲ့စွမ်းရည်ကို အသုံးပြုချိပ်ပိတ်လိုက်တဲ့ နည်းလမ်းကိုတော့ တစ်ခါမှ မမြင်ဖူး၊ မကြားဖူးဘူး။ ငါ တကယ်ကို ထိတ်လန့်ပြီး … အတော်ကြောက်သွားတာ။”
ထန်ရှုက သူ့အိတ်ကပ်ထဲက စီးကရက်ဘူးကို ဆွဲယူပြီး မီးညှိလိုက်သည်။ ခပ်ပြင်းပြင်း တစ်ချက် ဖွာရှိုက်လိုက်ပြီးနောက် အပြုံးဖြင့်
“ငါက တရုတ်တိုင်းရင်းဆေးသမားတော်ဆိုတော့ လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ကောင်းကောင်း နားလည်တယ်။ လူတွေရဲ့ခန္ဓာကိုယ်ထဲမှာ အရိုးတွေ၊ ကြွက်သားတွေ၊ မရီဒျာန်တွေနဲ့ သွေးကြောဆုံမှတ်တွေ ဘယ်လောက်ရှိလို့လဲ ... ဒါတွေအကုန်လုံးက ငါ့အတွက် အရမ်းရှင်းလင်းပြီး ရှာရလွယ်တယ်။ မင်းက လျှို့ဝှက်မျိုးနွယ်စုအဖွဲ့ဝင်တစ်ဦးဆိုတော့ အကြောပိတ်တဲ့နည်းပညာအကြောင်းကိုလည်း သိသင့်တယ်မဟုတ်ဘူးလား။”
…ဟူး…
ထန်ရှုသည် အကြောပိတ်ပညာကို အသုံးပြုနေနိုင်သည်ဟု ယန်လီ ရိပ်စားမိထားပြီးဖြစ်သော်လည်း သူ၏ထုတ်ပြောမှုကြောင့် တုန်လှုပ်နေဆဲဖြစ်သည်။ ထို့အပြင် သူ မေးရခြင်း၏အကြောင်းရင်းမှာ လျှို့ဝှက်မျိုးနွယ်စုမှ အချို့လူများသည် အဆိုပါ အကြောပိတ်ပညာကို ကျွမ်းကျင်သောကြောင့် ဖြစ်သော်လည်း ထန်ရှုကဲ့သို့ အကျိုးသက်ရောက်မှုသည် မပြင်းထန်ပါပေ။
ယန်လီသည် သူ၏နှလုံးသားအတွင်းမှ တုန်လှုပ်ချောက်ချားမှုကို တည်ငြိမ်စေရန် အချိန်အနည်းငယ် ယူခဲ့ရသည်။ သူ၏လက်များကို ပွတ်သပ်ပြီး မြှောက်ပင့်သောအမူအရာဖြင့် ပြုံးကာ ပြောသည်။
"ညီအစ်ကို … ငါ့ရဲ့ ရဲတင်းလွန်းတဲ့ တောင်းဆိုမှုကို မင်း သဘောတူပေးနိုင်မလား မသိဘူး … ငါ …"
"ငြင်းတယ်။" ထန်ရှုက သူ့ကို တန်းငြင်းလိုက်သည်။
ယန်လီ ကျောက်ရုပ်ဖြစ်သွားရသည်။ ထို့နောက် သူက အားတင်းပြုံးကာ
“ဒါပေမယ့် ငါ ပြောမယ့်စကားကို မင်း နားမထောင်ရသေးဘူးလေ။ ငါ ပြောချင်တာက မင်း အဲ့ဒီအကြောပိတ်ပညာကို သင်ကြားပေးလိုသရွေ့ ငါက မင်းကို ငါ့ရဲ့သခင်အဖြစ် တရားဝင် အသိအမှတ် ပြုချင်ပါတယ်။ မင်း ငါ့ကို တပည့်မတော်ချင်ရင် သင်ယူခ ပေးရမယ်ဆိုလည်း ငါ အဆင်ပြေပါတယ်။"
"မင်းကို တပည့်တစ်ယောက်အဖြစ် ငါ လက်မခံဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီး မစိုးရိမ်နဲ့။" ထန်ရှုက ပြောသည်။ "ဒီပညာကို အခကြေးငွေနဲ့ သင်ယူမယ်ဆိုရင် ငါက အဆင်ပြေပါတယ်။ ဒါပေမယ့် မင်း အဲ့ဒါအတွက် ဘယ်လောက်ပေးမလဲ။"
"၁ ဘီလီယံ။" ယန်လီသည် သူ၏လက်ညှိုးကို ဆန့်ကာ လေးနက်သောအမူအရာဖြင့် ပြောလိုက်သည်။
တံခါးကို ညွှန်ပြရင်း ထန်ရှုက
"ငါ မင်းကို လိုက်မပို့တော့ဘူး။ ဟိုဘက်မှာ တံခါး ရှိတယ်။"
"ညီအစ်ကို … မင်းငါ့ကို ဒီလိုမျိုး ဖြုတ်ချဖို့ မလိုဘူး မဟုတ်လား။" ယန်လီက ထူးဆန်းနေသည့် အမူအရာဖြင့် ပြောလိုက်သည်။
"ငါ့ဆရာ အနောက်သုခဘုံကို မသွားခင် သူ့ရဲ့ တစ်သက်တာ စည်းစိမ်တွေကို အောင်မြင်စွာ ခိုးယူခဲ့တာတောင်မှ သင်ကြားခ ၁ဘီလီယံဆို လုံလောက်သင့်တယ် မဟုတ်လား။ နောက်ပြီး မင်းက ငါ့ရဲ့ ချမ်းသာကြွယ်ဝမှု ၁ဘီလီယံကို လုယက်နေသလိုပဲလေ။”
ထန်ရှုက ပခုံးတွန့်ပြကာ ရယ်မောလိုက်ရင်း
" ငါက ၁ဘီလီယံကို ပေါ့ပေါ့ပါးပါးပဲ လုယက်နိုင်တယ်ဆိုတာ မင်း သိထားပြီးသားပဲ … ၁ဘီလီယံလောက်နဲ့ ငါက အရာအားလုံးကို ဂရုစိုက်ရမယ်လို့ မင်း တွေးနေလား။ ဒီအကြောပိတ်ပညာကို လေ့လာဖို့ လူတစ်ယောက်က ကျင့်ကြံနည်းစနစ်တစ်ခုကို လေ့ကျင့်ရမည်ကို မင်း သိဖို့လိုတယ်။ ငါ ပြောလိုက်တာ ဒီလိုမျိုး ကျင့်ကြံနည်းစနစ်ပဲ။ အဲ့ဒါကို မင်း သင်ယူလေ့လာရင် မင်းက အကြောပိတ်ပညာကို လုပ်ဆောင်နိုင်ရုံသာမက မင်းရဲ့ခွန်အားကိုတောင် မြှင့်တင်နိုင်လိမ့်မယ်။ ၁ဘီလီယံဟုတ်လား … ဟမ့် … ဟာသပဲ။”
…ကျင့်ကြံနည်း…
ယန်လီ အံ့အားသင့်သွားပြီး အလျင်စလို မေးသည်။
“ကျင့်ကြံနည်းဆိုတာ ဘာကို ဆိုလိုတာလဲ။ ဒဏ္ဍာရီထဲက အတွင်းစွမ်းအားကျင့်တဲ့ နည်းပညာတွေနဲ့ တူသလား။"
ထန်ရှုက ခေါင်းညိတ်ခေါင်းခါလုပ်ပြီး
"ဒါက အတွင်းစွမ်းအားနည်းပညာတစ်မျိုးဆိုပေမယ့် အဲ့ဒါတွေထက် ပိုအစွမ်းထက်တယ်။"
"၁.၅ဘီလီယံ … ဒါက အချိန်တိုအတွင်း ငါ ထုတ်ယူနိုင်တဲ့ ငွေကြေးပဲ။”
ထန်ရှု ထရပ်လိုက်သည်။ လှေကားဆီသို့ သူ လျှောက်သွားရင်း ပေါ့ပေါ့ပါးပါး ပြောခဲ့သည်။
" မင်း ဘယ်လောက်ပဲ ပေးပေး ငါ့အတွက် ဘာမှ မထူးခြားဘူး။ သင်တန်းကြေး ၁၀ဘီလီယံမရှိရင် ငါ့ကို လာမရှုပ်နဲ့။ အခု သွားလိုက်တော့။ ငါ စကားကို တတိယအကြိမ် ထပ်မပြောချင်ဘူး။"
"၁၀ ဘီလီယံဟုတ်လား" ယန်လီသည် မယုံကြည်နိုင်သော အကြည့်များဖြင့် ဆိုဖာပေါ်မှ ခုန်ထလာသည်။ ဗိုက်ဆာနေသော ခြင်္သေ့တစ်ကောင်လို အဆမတန်ဈေးတောင်းသောလူများကို သူ မြင်ဖူးသည့်တိုင် ထန်ရှုလိုမျိုး ရက်ရက်စက်စက် တောင်းသည့်သူမျိုးကိုတော့ တစ်ခါမှ မတွေ့မြင်ဖူးပါချေ။ သူ့ချမ်းသာကြွယ်ဝမှုသည် ၁.၅ဘီလီယံရှိပေမယ့် ၁၀ဘီလီယံတော့ လုံးဝ မရှိပါပေ။ သူ၏ကြွယ်ဝမှုတိုင်းကို ပေါင်းထည့်မယ်ဆိုရင်တောင် အနည်းအများဆိုသလို ၃ဘီလီယံသာ ရှိပေလိမ့်မည်။
…ဒါက ငါ့ကို ကုသိုလ်ကောင်းမှုတွေ များများလုပ်ဖို့နဲ့ နတ်ဆိုးတွေလို တရားမဝင်နည်းလမ်းတွေနဲ့ လူတွေရဲ့ စည်းစိမ်ဥစ္စာတွေကို မျှဝကေူညီဖို့ ဖိအားပေးချင်တာလား။…
ယန်လီတစ်ယောက် မခံချင်စိတ်ဖြစ်ကာ စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
သို့သော် သူ့ကိုယ်သူ ကောင်းကောင်းသိသည်။ အကယ်၍ သူသည် တစ်နေ့တွင် ယွမ် ၁၀ဘီလီယံကို အမှန်တကယ် ရနိုင်လျှင် ထန်ရှုထံမှ အကြောပိတ်ပညာကို သင်ယူရန် ဤမျှများပြားသော ငွေပမာဏကို သူ အသုံးပြုပါ့မလား။ ဤမျှ များပြားလှသော ငွေကြေးပမာဏဖြင့် သူ၏မသန့်ရှင်းသော လက်များကို ဆေးကြောပြီး ထိုဘဝမှ တစ်ခါတည်း အနားယူကာ ကောင်းမွန်သောဘဝတွင် သာယာပျော်ရွှင်စွာ ဖြတ်သန်းတော့မည်ဖြစ်သည်။
ထန်ရှု ဒုတိယထပ်သို့ ပြန်လာပြီးနောက် ယန်လီ အိမ်မှ ထွက်သွားသည်ကို စောင့်ကြည့်နေရင်း နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ပေါ်လာသည်။ ယန်လီသည် အလွန်စိတ်ဝင်စားစရာကောင်းသော လူရွယ်တစ်ယောက်ဖြစ်သည်ဟု သူခံစားမိသည်။
အရင်က အင်မော်တယ်ကမ္ဘာတွင် ရှိတုန်းက သူခိုးမျိုးနွယ်စု၏သခင်နှင့် ရင်းနှီးခဲ့ဖူးသည်။
ထို့အပြင် ထိုသူသည် ကြီးကျယ်ခမ်းနားသော ရွှေအင်မော်တယ်ဘုံသို့ ရောက်ရှိသွားသောအခါတွင် သူ့ကို သတ်ခဲ့သော အလွန်စွမ်းအားကြီးသည့် ရန်သူအား မစော်ကားမိပါက သူသည် သတ်မှတ်ချိန်အတွင်း အင်မော်တယ်ကမ္ဘာတွင် အမြင့်မြတ်ဆုံး ဖြစ်လာနိုင်ပေသည်။
... သူက တကယ်ပဲ ၁၀ဘီလီယံ ရနိုင်တယ်ဆိုရင်တော့ သူ့မှာ အရည်အချင်းနည်းနည်း ရှိတယ်ဆိုရမယ်။ အဲ့ဒီအချိန်ကျမှ သူ့ကို တပည့်အဖြစ် လက်ခံရင် မဖြစ်နိုင်စရာ မရှိဘူး။…
ထန်ရှုက အတွေးများဖြင့် ပြုံးနေသည်။
***