လူရှုပ်လူပွေ
Vol. 11 Ch. 527
လရောင်၏အလင်းဖျော့ဖျော့သည် ရေပြင်တွင် ထင်ဟပ်နေပြီး ပြတင်းပေါက်မှ ဖြတ်သန်းဝင်ရောက်လာသော အေးမြမြ လေနုအေးကြောင့် အေးချမ်းမှုကို ခံစားရစေသည်။ စာကြည့်ခန်းအတွင်း တောက်ပသော မီးအလင်းရောင်အောက်တွင် ထန်ရှုသည် သူ၏အရှေ့က လက်ဖက်ရည်စားပွဲပေါ်ရှိ ချင်ဧကရာဇ်၏ တော်ဝင်ကျောက်စိမ်းတံဆိပ်တုံး၊ ရှေးဟောင်းကြေးမီးအိမ်နှင့် ကွမ်ရင်ပန်းအိုးဟူသော ပစ္စည်းသုံးမျိုးကို ဆိုဖာပေါ်တွင် ထိုင်ကာ တိတ်တဆိတ် ကြည့်နေခဲ့သည်။
ပေကျင်းမှ သူ ရရှိခဲ့သော ရတနာငါးပါးအနက် ဖီးနစ်ကိုးကောင်ဆံထိုးသည် သူနှင့်အရင်းနှီးဆုံးအရာ ဖြစ်သောကြောင့် လေ့လာရန် မလိုအပ်သကဲ့သို့ ရွှေနဂါးခေါင်းသည်လည်း သူ၏မျက်လုံးထဲတွင် သာမန်အရာဝတ္ထုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် သူ့အရှေ့ မှ ပစ္စည်းသုံးမျိုးအတွက်မူ မျှော်လင့်စောင့်စားချက်တို့ ရှိခဲ့သည်။
“အခုချိန် ချင်အင်ပါယာရဲ့တော်ဝင်ကျောက်စိမ်း တံဆိပ်တုံးထဲမှာ ပါတဲ့ ကံကြမ္မာနဲ့ ကံကြမ္မာရဲ့ စွမ်းအားကို အသုံးပြုဖို့ ဒါမှမဟုတ် ဖိတ်ခေါ်ဖို့ ငါ့မှာ ဘာနည်းလမ်းမှ မရှိဘူး။ ငါ့ရဲ့လက်ရှိ ကျင့်ကြံမှုအဆင့်နဲ့ အဲ့ဒီအထဲကို စိတ်ဝိညာဉ်အာရုံ စိမ့်ဝင်ကြည့်ရင်တောင် ကြယ်စွမ်းအားကို အသုံးပြုဖို့နေသာသာ ငါ့ရဲ့စိတ်ဝိညာဉ်ကိုတောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေနိုင်တယ်။ ငါသာ အဲ့ဒါကို သုံးမယ်ဆိုရင် ငါ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြယ်စွမ်းအားတွေ ဖရိုဖရဲ ဖြစ်သွားပြီး ချီဖောက်ပြန်မှုကိုတောင် တိုက်ရိုက် ဖြစ်စေနိုင်တယ်။ ဒါကြောင့် အခု ဒါကို မလေ့လာသေးဘူး။”
“ရှေးဟောင်းကြေးမီးအိမ်အတွင်းက ဗုဒ္ဓဓာတ်တော်ကလည်း အခုအချိန် ငါ့အတွက် အများကြီး အထောက်အကူ မဖြစ်သေးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကြေးမီးအိမ်က အင်မော်တယ်တစ်ပိုင်းအဆင့် ပစ္စည်းတစ်ခုဆိုတော့ ငါ့အတွက် အသုံးပြုဖို့ သင့်တော်တဲ့ ရတနာတစ်ခု ဖြစ်လာလိမ့်မယ်။"
ထန်ရှု ခဏလောက် စဉ်းစားလိုက်ပြီး မီးခြစ်တစ်လုံးကို ထုတ်ကာ မီးအိမ်ကို ထွန်းညှိလိုက်သည်။
ရုတ်တရက် ထူးထူးခြားခြား မွှေးရနံ့တစ်ခု လွင့်ပျံလာသည်။ ထူးခြားသောရနံ့သည် စိတ်နှင့်အသိစိတ်ကို ဆွဲဆောင်ပြီး ဖော်မပြနိုင်သော ခံစားချက်သည် စိတ်အတွင်း၌ မမြင်နိုင်အောင် နက်ရှိုင်းလှသောနေရာမှ ပေါက်ဖွားလာသည်။ ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီသည် တဖြည်းဖြည်း မြင့်တက်လာကာ အခန်းဆီသို့ ရွေ့လျားလာပြီး ပတ်ဝန်းကျင်တွင် အထူးစွမ်းအားတစ်ခု တဖြည်းဖြည်း ပေါ်လာသည်ကို သူ၏ကြောက်မက်ဖွယ်ကောင်းသော စိတ်စွမ်းအင်ဖြင့် ထန်ရှုသည် ရိပ်စားသိရှိနိုင်ခဲ့သည်။ ထိုစွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားပြီးနောက် အေးမြပြီး သက်တောင့်သက်သာရှိသော ခံစားမှုနှင့်အတူ သူ၏ကျင့်ကြံမှုနှုန်း မြန်ဆန်လာသည်ကို သူ ခံစားသိရှိမိရသည်။
…စိတ်ကို အာရုံစူးစိုက်ပြီး ချီကို တည်ငြိမ်စေတယ်။…
ထိုစာကြောင်းနှစ်ကြောင်းသည် ထန်ရှု၏စိတ်အတွင်းတွင် ထွက်ပေါ်လာပြီး သူ၏အမူအရာအား ပြောင်းလဲသွားစေသည်။ ထိုအခိုက်အတန့်တွင် သူ၏စိတ်နှင့် အာရုံစူးစိုက်မှုသည် အထူးကြည်လင်လာသည်ကို သူ နားလည်သွားသောကြောင့် သူ၏မျက်နှာထက်တွင် အံ့သြတုန်လှုပ်မှု ဖြစ်ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် သူ၏စိတ်အတွင်း၌ ယခင်က ဖြစ်ပေါ်နေသည့် ရှုပ်ထွေးနေသော အတွေးများစွာကို စိစစ်ရှင်းထုတ်နိုင်ကာ တစ်ချိန်တည်းတွင် နားလည်သဘောပေါက်မှုအမျိုးမျိုးကို ပေးစွမ်းလာနိုင်သောကြောင့် ဖြစ်သည်။
“ဗုဒ္ဓဘာသာက သတိနှင့် ဉာဏ်အလင်းကို အထူးဂရုစိုက်အလေးပေးတယ် … ပြောရရင် ဒီရှေးဟောင်းကြေးမီးအိမ်ရဲ့အံ့အားသင့်ဖွယ် အကျိုးသက်ရောက်မှုက လူတစ်ယောက်ရဲ့ သိမြင်နားလည်မှုအာရုံကို မြှင့်တင်ပေးဖို့အတွက်ပါလား။”
ထန်ရှု၏မျက်လုံးများအတွင်းတွင် ထူးခြားသော အလင်းရောင်တစ်ခု လင်းလက်သွားသည်။ သူသည် နောက်ဆုံးပစ္စည်းဖြစ်သော ကွမ်ရင်ပန်းအိုးကို ချက်ချင်း ကောက်ယူလိုက်သည်။ အတွင်းတွင် အရောင်တဖျတ်ဖျတ်လက်နေသော ရွှေရောင်အရည်စက်အား စိုက်ကြည့်နေရင်း သူ၏ စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှင့်လိုက်သည်။ ကံမကောင်းစွာပင် အတွင်းထဲရှိ ရွှေရောင်အရည်သည် မည်သည့်အရာ ဖြစ်သည်ကို ရှာဖွေအသုံးပြုသည့် နည်းလမ်းသည် အဆင်မပြေဖြစ်နေသောကြောင့် သူ ဘာမှ မတတ်နိုင်လောက်အောင် ကူကယ်ရာမဲ့နေခဲ့တော့သည်။
“ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နိမ့်နေသေးလို့ ငါ ဒီပစ္စည်းကို မသန့်စင်နိုင်သေးဘူး။”
ထန်ရှုသည် ကူကယ်ရာမဲ့သော အမူအရာဖြင့် ကွမ်ရင်ပန်းအိုးကို ပြန်ထားလိုက်သည်။ ထို့နောက် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံခဲ့ပေရာ တစ်ညတာသည် တခဏချင်း ကုန်လွန်သွားခဲ့ပြီး ထန်ရှု၏ ကျင့်ကြံမှုအဆင့်မှာ များစွာ မတိုးတက်ခဲ့သော်လည်း ရှေးဟောင်းကြေးမီးအိမ်မှ သင်းပျံ့သော ရနံ့သည် သူ၏တစ်ကိုယ်လုံးကို ထိုးဖောက်ဝင်ရောက်လာပြီး သူ၏အာရုံစူးစိုက်မှုနှင့် သိမြင်နားလည်မှုများကို ပိုမိုခိုင်မာသွားစေခဲ့ပေသည်။
ရှေးဟောင်းကြေးမီးအိမ်မှ မီးကို ငြိမ်းသတ်ပြီးနောက် ထန်ရှုသည် ရေမိုးချိုးအဝတ်အစားလဲကာ မနက်စာစားပြီး ကျောင်းသို့ သွားသည်။ အပြင်မထွက်ခင် ထန်ရှုသည် သူ့ကိုယ်သူ နေကာမျက်မှန်၊ ဦးထုပ်ဆောင်းပြီး ဖုံးကွယ်ထားခဲ့သည်။ သူ့အသွင်အပြင်ကို မည်သူမှ ရိပ်စားမိခြင်း မရှိပါက သာမန်ကျောင်းသားလေးတစ်ယောက်ဟုသာ ထင်ကြပေလိမ့်မည်။
မနေ့ညက သူသည် ဟန်ကျင်းဝူနှင့် အပြန်အလှန် ဆက်စပ်နေသော သူ၏ဘဝအကြောင်းကို တွေးတောသုံးသပ်ခဲ့ပြီး နောက်ဆုံးတွင် သူသည် အပေးအယူလုပ်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုအချိန်တွင် ဟန်ကျင်းဝူသည် ရွှဲ့ချင်းချန် မဟုတ်သေးဘဲ သူမသည် ရွှဲ့ချင်းချန်၏လူဝင်စားခြင်းပင် ဖြစ်ပေရာ သူမ၏ ယခင်ဘဝမှတ်ဉာဏ်ကို လုံးဝ အပြည့်အစုံ ပြန်လည်မရရှိမီအချိန်တွင် သူမသည် အခြားသူတစ်ဦးသာ ဖြစ်ပေသည်။ ထို့အပြင် ရှောင်ပုန်းခြင်းသည် မှန်ကန်သည့် ရွေးချယ်စရာ မဟုတ်သဖြင့် ၎င်းကို တည့်တည့်သာ ရင်ဆိုင်ရုံ ရှိတော့ပေသည်။
သူသည် တက္ကသိုလ်ကျောင်းသားဘဝတွင် လေးနှစ် နေရဦးမည်ဆိုသည်ကို မရည်ရွယ်သည့်တိုင် ဤအချိန်တွင် သူမနှင့် ဆရာတပည့် သာမန်ဆက်ဆံရေး အဖြစ် ရှိနေပေလိမ့်မည်။ သို့ဖြစ်ရာ ထန်ရှုအတွက် အပြန်အလှန်လေးစားမှုနှင့် ချစ်ခြင်းမေတ္တာသည် ခိုင်လုံသော ရွေးချယ်မှုအကြောင်းပြချက် မဟုတ်သော်လည်း တက္ကသိုလ်ကျောင်းသားဘဝတွင် လိုက်လျောညီထွေရှိသည့် ဘဝတစ်ခုရရှိရန် ကြိုးစားခြင်းသည် မရှိမဖြစ် လိုအပ်ပါသေးသည်။
မျှော်လင့်ထားသည့်အတိုင်း ထန်ရှု ကျောင်းဝင်းထဲသို့ ရောက်ရှိလာသောအခါ ဟန်ကျင်းဝူအပေါ် သူ၏သဘောထား ပြောင်းလဲလာမှုကြောင့် သူမအား လွန်စွာ ပျော်ရွှင်စေခဲ့သည်။ ထို့ကြောင့် သူမနှင့် ညစာအတူစားဖို့ ကမ်းလှမ်းသည်ကို ထန်ရှု ငြင်းဆိုခဲ့သည့်တိုင် နှစ်ယောက်သား ပြေလည်မှု ရရှိသွားခဲ့ကြသည်။
တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားရင်း ထန်ရှု၏ကျောင်းသားဘဝသည် အထစ်အငေါ့မရှိ ဖြတ်သန်းကုန်လွန်လာခဲ့သည်။ အတန်းတက်ခြင်း၊ စာကြည့်တိုက်ရှိ စာအုပ်များဖတ်ခြင်း နှင့် အစားအစာ စားရန် ကော်ဖီဆိုင်သို့ သွားခြင်းအပြင် သူ၏အချိန်အများစုကို ညဘက်တွင်ပင် ကျောင်းဝင်းထဲတွင် ကုန်ဆုံးစေခဲ့သည်။ အကြောင်းအရာအသစ်များနှင့် အဖြစ်အပျက် အသစ်များစွာ ပေါ်လာပြီး လူအများ၏အာရုံစိုက်မှု ပြောင်းလဲသွားသောကြောင့် ထန်ရှု၏ 'ကျော်ကြားသောပုံရိပ်'အား လူအများက တဖြည်းဖြည်း မေ့လျော့လာကြသည်။
လကုန်ရက်တွင် ထန်ရှုသည် ဟူချင်းစုန့်၊ ယွဲ့ခိုင်၊ ကျန်သောသူများနှင့်အတူ စာသင်ခန်းမှ ထွက်ခွာလာကာ စာသင်ခန်းနှင့်အနီးဆုံးရှိ စားသောက်ဆောင်သို့ သွားကြသည်။
"ညီအစ်ကိုတို့ … ဒီနေ့နေ့လည်က အတန်း မရှိဘူးဆိုတော့ မင်းတို့မှာ ဘာအစီအစဉ်တွေ ရှိလဲ။" သူ၏ဘီအမ်ဒဗလျူကားသော့အား ဆော့နေရင်း ယွဲ့ခိုင်က လက်ထဲက စာအုပ်ကို ချပြီး ရွှဲ့ချောင်ကို မေးလိုက်သည်။
“ငါက အလုပ်သွားရမယ်။” ရွှဲ့ချောင်က ပြောသည်။
"မင်းမှာ ပျော်စရာကို မရှိဘူး။" ယွဲ့ခိုင်က သူ့ကို မျက်လုံးပြူးပြပြီး ဟူချင်းစုန့်ကို လှည့်မေးလိုက်သည်။
“မင်းကရော ဘယ်လိုလဲ။”
"ငါလည်း အပြင်ထွက်ဖို့ လုပ်နေတယ်။ အလုပ်တစ်ခု ရှာရမယ်။ ကျောင်းတက်ရင်း အလုပ်လုပ်ရတဲ့ အရသာကို ခံစားကြည့်ရမယ်။"
ဟူချင်းစုန့်မှ ပြန်ဖြေသည်။
"အမ်…" ယွဲ့ခိုင်က ထူးဆန်းသောအမူအရာဖြင့် ပြန်ဖြေသည်။ “ပြောပါဦး ဟူကြီး။ မင်းဗိုက်ပြည့်နေပြီဆို မင်းကိုယ်မင်း ညှဉ်းပန်းနှိပ်စက်ဖို့ အပြင်မထွက်ဘူး မဟုတ်လား။ နောက်ပြီး ငါတို့အတန်းတွေ ရှိနေတော့ ပုံမှန်ဆိုရင် ငါတို့ အပြင်မထွက်နိုင်ဘူး။ ဒါပေမယ့် အခု မင်းက မင်းရဲ့အားလပ်ချိန်တွေကို အပြင်မှာ အလုပ်ရှာဖို့ အသုံးချချင်တယ်ဟုတ်လား။ ဒီနေ့ခေတ်မှာ တက္ကသိုလ်ဘွဲ့ရတွေတောင် အလုပ်ကောင်းကောင်းရဖို့ ခဲယဉ်းတယ်။ မင်းက ဘွဲ့မရသေးတဲ့ လူသစ်လေးပဲလေ ကိုယ့်လူ။ ကြေညာစာရွက်တွေကို တစ်အိမ်တက်ဆင်း လိုက်ကမ်းတဲ့အလုပ် လုပ်မယ်လို့တော့ ငါ့ကို မပြောနဲ့နော်။"
"အလုပ်ကောင်းကောင်းတစ်ခု ရှာဖို့ မမျှော်လင့်သလို ထိုက်တန်တဲ့လစာတစ်ခုရဖို့လည်း ငါ မမျှော်လင့်ပါဘူး။ ငါက အခု ဘဝမျိုးစုံကို မြင်ကြည့်ချင်တယ်။ ကိုယ့်ဘာသာ ငွေရှာရတဲ့ ခံစားချက်ကို ခံစားကြည့်ချင်တယ်။ အရိုးသားဆုံး ပြောရရင် ငါ မွေးကတည်းက ကိုယ့်ဘာသာကိုယ် တစ်ပြားတစ်ချပ်မှ ငွေမရှာဖူးဘူး။"
ယွဲ့ခိုင်သည် အံ့သြနေရသဖြင့် တခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် ထန်ရှုဘက်လှည့်ကာ "အစ်ကိုကြီးထန် … မင်း စာကြည့်တိုက်ကို ထပ်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ဘူးမလား။"
“မင်းရဲ့ မှန်းဆချက်က ကွက်တိပဲ။ ငါ စာကြည့်တိုက်ကို ထပ်သွားရဦးမယ်။" ထန်ရှုက ခေါင်းညိတ်ပြသည်။ “စီးပွားရေးနဲ့ပတ်သက်တဲ့ လေ့လာဖို့ စာအုပ်တွေကို မတွေ့ခဲ့ရလို့ ထပ်သွား ရှာကြည့်မလို့။”
ယွဲ့ခိုင်က ဟူချင်းစုန့်ကို စိုက်ကြည့်ကာ ခေါင်းယမ်းလိုက်ပြီး
"ဟူကြီး … မင်းက အပြင်ထွက်ပြီး လက်တွေ့ဘဝကနေ လေ့လာသင်ယူချင်နေတာ။ ပြီးတော့ ငါလည်း ငါ့ရဲ့ ဒီလိုပုံသေဘဝကြီးနဲ့ ပျင်းနေပြီ။ အိုကေ … ငါ လုံးဝကို စွန့်စားပြီး မင်းနဲ့အတူလိုက်မယ် သူငယ်ချင်း။ ဒါပေမယ့် ဘယ်လိုအလုပ်တွေ လုပ်မယ်ဆိုတာကို မင်းတွေးထားပြီးပြီလား။"
“ငါ စဉ်းစားပြီးပြီ။ စဉ်းစားလို့ရတာ နှစ်ခုရှိတယ်။ ပထမတစ်ခုက အရောင်းမြှင့်တင်ရေးနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းမျိုး … ဒုတိယတစ်ခုကတော့ ပစ္စည်း အမြန်ပို့ဆောင်တဲ့ လုပ်ငန်းမျိုး။ ဒါပေမယ့် ငါ ရှာနေတာက စိတ်ဖိအား သိပ်မရှိနိုင်တဲ့ အမြန်ပို့ဆောင်မှုပဲ။” ဟူချင်းစုန့်မှ ဖြေသည်။
ယွဲ့ခိုင်က တွေဝစွော စိုက်ကြည့်ရင်း သူ၏နဖူးကို ရိုက်ကာ
“အာ … အစ်မမန်နဲ့ ငါ ဘဝ၊စိတ်ကူးတွေအကြောင်း ပြောဖို့ ချိန်းထားတာ ခုမှ သတိရတယ်။ ဆိုတော့ မင်းနဲ့ မလိုက်ဖြစ်တော့ဘူး။ ဒါနဲ့ မင်းတို့တွေ တစ်ခုခုစားဖို့ ဆိုင်သွားမှာမလား။ ငါ အစ်မမန်ကို သွားရှာလိုက်ဦးမယ်။"
ထိုသို့ပြောပြီး လူတိုင်း၏မြင်ကွင်းမှ သူ့ဘာသူ ထွက်ခွာသွားသည်။
ထွက်ခွာသွားသော ယွဲ့ခိုင်၏နောက်ကျောကို ကြည့်ပြီးနောက် ထန်ရှုသည် ဟူချင်းစုန့်ဘက်သို့ လှည့်ကာ ပြုံးလျက်ပြောသည်။
"မင်း ရွေးချယ်ထားတဲ့ အလုပ်နှစ်ခုလုံး သိပ်ကောင်းတယ်။ ဘယ်လို အလုပ်အမျိုးအစားပဲ ဖြစ်ပါစေ အဲ့ဒါက မင်းအတွက် သိပ်ကောင်းတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်လာလိမ့်မယ်။ ကြိုးစားပါ သူငယ်ချင်း။ မင်း စောစော ကြိုးစားလုပ်လေလေ ဘဝရဲ့အခက်အခဲတွေကို မင်းနားလည်လေလေပဲ။"
"သေချာတာပေါ့။" ဟူချင်းစုန့် ပြုံးလိုက်သည်။ "စိတ်ချပါ … ငါ အပြင်ထွက်ပြီး အပျော်မရှာပါဘူး။"
ထို့နောက် သုံးယောက်သား နေ့လည်စာ အတူတကွ စားပြီး ဟူချင်းစုန့်နှင့် ရွှဲ့ချောင်တို့ ထွက်သွားကြသည်။ ထန်ရှုက အဆောင်ကို ပြန်လာကာ လွန်ခဲ့သည့်နှစ်ရက်က သူ ငှားလာခဲ့သော စာအုပ်တချို့ကို ယူလိုက်ပြီး ကျောင်းစာကြည့်တိုက်ကို တစ်ယောက်တည်း သွားခဲ့သည်။ စာကြည့်တိုက်ထဲသို့ ဝင်လိုက်သည်နှင့် အကြိမ်အနည်းငယ်မြင်ဖူးသည့် မြင်ကွင်းက သူ၏အရှေ့တွင် ပေါ်လာပြန်သောကြောင့် မျက်မှောင်ကြုပ်သွားမိသည်။ ပထမထပ်ရှိ စာဖတ်ခန်းနေရာတွင် ကျောင်းသားများစွာ စုဝေးနေကြပြီး ထောင့်တစ်နေရာရှိ ကျောင်းသူများကို စိုက်ကြည့်နေကြသည်။
…ထပ်ပြီး မုဝမ်ရင်ပဲလား…
ထန်ရှု တိတ်တဆိတ် ခေါင်းယမ်းလိုက်သည်။ စာအုပ်စင်ပေါ်မှ စီးပွားရေးဆိုင်ရာစာအုပ်များစွာကို ရှာတွေ့ရန် အချိန်အနည်းငယ် သုံးလိုက်ပြီးနောက် သူသည် ဒုတိယထပ်ရှိ ပြတင်းပေါက်ဘေးနားသို့ တစ်ခါတည်းသွားကာ ဝင်ထိုင်လိုက်ပြီး ငြိမ်သက်စွာ စာဖတ်နေသည်။
အချိန်တရွေ့ရွေ့ကုန်ဆုံးလာရာ မျက်စိတမှိတ်အတွင်း နာရီဝက်ကုန်ဆုံးသွားခဲ့သည်။ သူ၏မြန်ဆန်လှသော စာဖတ်နှုန်းဖြင့် ထန်ရှုသည် ဒုတိယစာအုပ်ကို ဖတ်ပြီးခဲ့ပြီဖြစ်ပြီး တတိယစာအုပ်တွင် စာမျက်နှာများစွာကိုလည်း လှန်ကြည့်ထားပြီးဖြစ်သည်။ နာရီဝက်အတွင်းတွင် သူသည် မှတ်စုများအား စာမျက်နှာတစ်ဒါဇင်ခန့်ပင် ရေးသားခဲ့သည်။
"သွားလိုက်တော့။ ငါတို့တွေက တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူး။”
ဝိုးတဝါး စကားသံများသည် အဝေးဆီမှ လွင့်ပျံလာသည်။
ထန်ရှုသည် မုဝမ်ရင်၏အသံကို မှတ်မိသောကြောင့် ခေါင်းထောင်ကြည့်လိုက်သည်။ ခဏအကြာတွင် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဝမ်ရင် … မင်းကို ငါ့နှလုံးသားထဲက တအားချစ်ခဲ့တာ။ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အရေး ပေးပါ။ ငါ မင်းကို ပျော်ရွှင်အောင် ထားမယ်လို့ ကတိပေးပါတယ်။"
"စိတ်မကောင်းပါဘူး … ငါ့အတွက် မလိုအပ်ဘူး။"
"ဝမ်ရင် … မင်းက ဒီလိုပဲ ထွက်သွားချင်တာလား။ အဲ့ဒါ အလုပ်မဖြစ်ဘူးနော်။ ငါက တက္ကသိုလ်ရဲ့ ထင်ရှားသူ ဖြစ်ပြီး မင်းကလည်း တက္ကသိုလ်ရဲ့ နာမည်ကြီး အလှပန်းတစ်ပွင့်။ ထူးချွန်ထက်မြက်တဲ့ အမျိုးသားတစ်ဦးနဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးဆိုတာ အမြဲတမ်း လိုက်ဖက်ညီနေတာမို့ ငါတို့တွေ အတူတကွ ရှိနေသင့်တယ်မဟုတ်ဘူးလား။ မင်း သိမှာပါ … ငါ ဒီလိုနေ့မှာ မင်းကို ချစ်စကားပြောဖို့ ပြင်ဆင်နေခဲ့တာ ကြာပြီ။ မင်း ငါ့ကို မကြိုက်တာ တစ်ခုခုရှိရင် ငါ့ကို ပြောပါ … မင်းကြိုက်တဲ့လူ ဖြစ်လာအောင် ငါ သေချာပေါက် ပြောင်းလဲဖို့ ကြိုးစားမယ်။"
“ကျောင်းသား … ငါ မင်းကို ရှင်းရှင်းပဲ ပြောပါရစေ။ နင့်ရဲ့နာမည်ကိုတောင်မှ ငါ မသိတာကို နင့်ရဲ့ရည်းစားအဖြစ် ငါက ဘာလို့ လက်ခံရမှာလဲ။ နောက်ပြီး ငါ့မှာ ကြိုက်တဲ့လူကလည်း ရှိပြီးသား။ မင်းရဲ့ရည်းစားအဖြစ် ငါက လက်ခံခဲ့ရင် မင်းအတွက် မမျှတရာ ရောက်လိမ့်မယ်။ ကျေးဇူးပြုပြီး လမ်းဖယ်ပေးပါ။ ငါတို့ ထွက်သွားဖို့ လိုတယ်။”
“မုဝမ်ရင် … မင်း ငါ့ကို အနုနည်းနဲ့ ငြင်းနေတာ မဟုတ်လား။ ငါ အဲ့ဒါကို စုံစမ်းထားပြီးသား။ မင်းမှာ ရည်းစားတစ်ယောက်မှ မရှိဘူး။”
“ဟေး … ငါ့ကို သွားခွင့်ပေး။”
“ဟင့်အင်း … ငါ မင်းကို သွားခွင့်မပြုဘူး။”
ထန်ရှု ဖတ်လက်စ စာအုပ်ကို ပိတ်ပြီး ထရပ်ကာ ဒုတိယထပ်လှေကားဆီသို့ လျှောက်လာလိုက်သည်။ ထိုနေရာမှ အောက်ထပ်သို့ လှမ်းကြည့်လိုက်သောအခါ လူများစွာစုဝေးနေသော မြင်ကွင်းကို တွေ့လိုက်ရသဖြင့် မချိပြုံး ပြုံးလိုက်မိသည်။
ထိုကျောင်းသားကို သူ သိသည်။ ထိုသူသည် တတိယနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး ရှန်ဟိုင်းတက္ကသိုလ်တွင် ၃နှစ်ဆက်တိုက် ရုပ်ရည်အချောဆုံး ကျောင်းသားအဖြစ် မဲပေးခံရကာ နာမည်ကျော်ကြားသူ ဖြစ်သည်။
သူသည် ရုပ်ရည်ကောင်းမွန်ရုံသာမက သူ၏ပညာရေး ပျမ်းမျှအမှတ်သည်လည်း သတိပြုဖွယ် ကောင်းသည့်အပြင် တက္ကသိုလ် ဘတ်စကတ်ဘောအသင်း၏ ဒုတိယအသင်းမှူးလည်း ဖြစ်သည်။ ထိုသူ၏မိသားစုသည်လည်း အလွန် ချမ်းသာပြီး သြဇာအာဏာကြီးသည်ဟု ဆိုကြသည်။
သို့သော် ထန်ရှုက တစ်စုံတစ်ခု သိခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က ထိုသူသည် ကျောင်းသူတစ်ယောက်အား ပထမတွင် အတင်းအနိုင်ကျင့်ကာ ကိုယ်ဝန်ရစေခဲ့ပြီးမှ စွန့်ပစ်ခဲ့သည်။ နောက်တစ်ခုသည် သူ၏ဒုတိယနှစ် ကျောင်းသားဘဝတွင် မိန်းကလေး ၁၂ ယောက်နှင့် ပတ်သက်ခဲ့ခြင်းဖြစ်သည်။ သူ၏ကားထဲတွင် ကျောင်းသူတစ်ယောက်နှင့် လိင်ဆက်ဆံချိန်တွင် သူ၏ရည်းစားအစစ်ကောင်မလေးက လက်ရဖမ်းမိခဲ့သည်။ ထိုကောင်မလေးက ၎င်းမြင်ကွင်းအား သူမ၏လက်ကိုင်ဖုန်းနှင့် မှတ်တမ်းတင်ပြီး ကျောင်းဝင်းဖိုရမ်မှာ တင်လိုက်ခြင်းဖြင့် လျင်မြန်စွာ အကွက်ရွှေ့လိုက်သည်။ ထိုဗီဒီယိုဖိုင်သည် လျင်မြန်စွာ အဖျက်ခံလိုက်ရသည့်တိုင် လူများစွာက ၎င်းဗွီဒီယိုကို မြင်တွေ့ခဲ့ပြီးဖြစ်သည်။
မကြာခင်မှာပင် လျန်ခန်းဟုခေါ်သည့် ထိုကျောင်းသားအား လူအများက လူရှုပ်လူပွေတစ်ယောက်ဟု မြင်လာကြသော်လည်း သူ၏မိသားစုနောက်ခံကြောင့် ရှန်ဟိုင်းတက္ကသိုလ်က လူတော်တော်များများသည် သူ့အား မထိပါးရဲကြသဖြင့် အပေါ်ယံတွင် ရုပ်ရည်ချောမောသည့် ကျောင်းသားတစ်ယောက်အဖြစ် တည်ရှိနေဆဲဖြစ်သည်။
ဥပမာအားဖြင့် လက်ရှိဖြစ်ပျက်နေသည့်အရာကိုပင် ကြည့်ပါ။ လျန်ခန်းသည် မုဝမ်ရင်အား စိတ်လွတ်ကိုယ်လွတ် ပြောနေချိန်တွင် အနီးနား၌ ကျောင်းသားများစွာ ရှိနေပြီး ဒေါသများ ထွက်ကာ လျန်ခန်းကို ရိုက်နှက်ရန် လက်ယားနေကြသည့်တိုင် သူမအတွက် မည်သူမျှ ရပ်တည်ပေးရန် ရှေ့မတိုးဝံ့ကြပါပေ။
***