အကူအညီတောင်းရန် တစ်စုံတစ်ဦးကို ဖိတ်ကြားခြင်း
Vol. 11 Ch. 529
ခန်း ရှနှင့် ဖုန်းပြောပြီးနောက် ထန်ရှုသည် ကျင်းရှင်းကွေ့၏နံပါတ်ကို ရှာဖွေရန် ခဏလောက် စဉ်းစားလိုက်သေးသည်။ ထို့နောက် ချီတုံချတုံ ဖြစ်သွားကာ အဆုံးတွင် ဖုန်းမဆက်တော့ချေ။ ထို့နောက် မိန်းကလေးသုံးယောက်ကို လှည့်ကြည့်ပြီး “မင်းတို့မိန်းကလေးတွေက ဘာဆက်လုပ်ကြမလဲ။ ငါတော့ လုပ်စရာတစ်ခုရှိသေးလို့ မင်းတို့ကို အဖော်မလုပ်ပေးနိုင်တော့ဘူး။"
မုဝမ်ရင်သည် ဤအချိန်တွင် အလွန် စိတ်အခြေအနေ ကောင်းနေသည်။ သူမအနေဖြင့် ထန်ရှု၏အမည်ခံ ချစ်သူသာ ဖြစ်ခဲ့သည့်တိုင် သူမ အဆက်မပြတ် ကြိုးစားနေသရွေ့ သူ၏ချစ်သူအစစ် ဖြစ်လာဖို့အရေးသည် အနာဂတ်တွင် ပြဿနာရှိမည်မဟုတ်ပေဟု သူမ ယုံကြည်ထားသည်။ ထို့ကြောင့် သူမသည် အလွန်တောက်ပလှပသော အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး
“ဒါဆို ငါတို့ အဆောင်ကို ပြန်လိုက်တော့မယ်။ အတူတူ ထွက်ကြတာပေါ့။"
“အိုခေ…” ထန်ရှု ယူထားသော စာအုပ်များကို ကောက်သိမ်းပြီး မူလစင်ပေါ် သို့ ပြန်ထားလိုက်သည်။ ထို့နောက် သူသည် စာအုပ်အနည်းငယ်ကို ရွေးကာ ရုံးခန်းတွင် စာရင်းသွင်းလိုက်ပြီး မုဝမ်ရင်တို့အဖွဲ့နှင့် စာကြည့်တိုက်မှ ထွက်ခွာလာသည်။ သူတို့အုပ်စု၏ ထွက်ခွာသွားမှုသည် လူအများ၏ အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း မည်သူမျှ ရှေ့ထွက် စကားမပြောရဲခဲ့ပေ။
သို့သော် လျန်ခန်းက သူတို့အပေါ် ဒေါသပုံထမည်ကို စိုးရိမ်သဖြင့် ထန်ရှုသည် မိန်းကလေးသုံးဦးကို ကျောင်းသူများ၏ အဆောင်အောက်ထပ်သို့ စောင့်ရှောက်ကာ တန်းခေါ်သွားသည်။
"ကောင်းပြီ။ ဒါဆို ငါတို့ အပေါ်ထပ်ကို အရင် တက်တော့မယ်။" ကျန်းဖေးယန်က ပြုံးပြီး လီရှင်းကျယ်ကို အဆောင်အဆောက်အဦး၏ အရှေ့တံခါးဆီသို့ ဆွဲခေါ်သွားရင်း မုဝမ်ရင်ကို မျက်စိမှိတ်ပြလိုက်သည်။ မုဝမ်ရင်က အသာရယ်လိုက်ရင်း ထန်ရှုကို အေးဆေးစွာ ကြည့်ကာ “နင် အရမ်း အလုပ်များနေတာ ငါ သိတယ်။ ဒါပေမယ့် နင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါဦး။ ငါ လုပ်ပေးနိုင်တာ တစ်ခုခုများရှိရင် ငါ့ဆီ ချက်ချင်း ဖုန်းဆက်လိုက်နော်။"
"အေးဆေးပါ။ ငါ့ကိုယ်ငါ ကောင်းကောင်း ဂရုစိုက်ပါမယ်။" ထန်ရှုက ပြုံးပြီး ပြောလိုက်သည်။
ရုတ်တရက် မုဝမ်ရင်သည် ရှေ့သို့ လှမ်းတက်လိုက်ပြီး ထန်ရှု၏အင်္ကျီကော်လာကို ပြင်ပေးရန် သူမ၏လက်ကလေးကို ဆန့်တန်းလိုက်သည်။ လူတိုင်း၏ မိန်းမောနေသော အကြည့်များအောက်တွင် သူမက ချစ်စရာ အပြုံးလေးဖြင့် တီးတိုးဆိုလာသည်။
"ငါက နင့်ရဲ့ရည်းစားအတု ဆိုပေမယ့် ငါတို့တွေက လူမြင်ကွင်းမှာ တရင်းတနှီးနေတဲ့ပုံတော့ ရှိနေရမယ်လေ။ အခု နင် ငါ့ကို ဖက်လိုက်ရင် ငါ့ကို နှောင့်ယှက်နေတဲ့ ကျောင်းသားတွေဆီ ရှင်းလင်းတဲ့ သတင်းပေးချက် ရောက်သွားမယ့်အပြင် ငါ့မှာ ပိုင်ဆိုင်ထားတဲ့လူတစ်ယောက် ရှိနေပြီဆိုတာ လူတိုင်း သိသွားကြလိမ့်မယ်။”
ထန်ရှု ချီတုံချတုံဖြစ်စွာ ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်ပြီး သူ၏ချောမွေ့သော မျက်နှာထက်တွင် အားတင်းထားရသော အပြုံးတစ်ခု ပေါ်လာကာ မုဝမ်ရင်အား ညင်သာစွာ ဖက်လိုက်ရသည်။ မုဝမ်ရင်၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်အပူရှိန်ကို ခံစားမိရင်း "အခု အဆင်ပြေပြီလား။"
မုဝမ်ရင်သည် ထန်ရှုကို ပြန်ဖက်လိုက်သည်။ သည်တစ်ကြိမ်တွင် သူမသည် အားရှိသလောက် စက္ကန့် ၂၀ကျော်ကြာ ပွေ့ဖက်ထားခဲ့ပြီးမှ ထန်ရှုကို လွှတ်ပေးလိုက်ကာ ရယ်သံလေးဖြင့်
"အွန်း … အခုတော့ အဆင်ပြေသွားပြီ။"
"ကောင်းပြီ ဒါဆို ငါသွားတော့မယ်။" ထန်ရှုက သူမကို လက်ဝှေ့ယမ်းပြရင်း လှည့်ထွက်သွားသည်။
မုဝမ်ရင်သည် ပါးထက်တွင် ပါးချိုင့်များ ပေါ်လာသည်အထိ အလွန်ချိုမြိန်သောစိတ်ဖြင့် ပြုံးနေသည်မှာ ပြီးပြည့်စုံသော အလှတရားပါပေ။ ကြည်နူးပျော်ရွှင်မှုတို့ ပြည့်နေသော သူမ၏အပြုံးမျက်နှာလေးကို ထိုနေရာနားရှိ လူအများက မြင်နိုင်ပြီး မိန်းကလေးများအား မနာလိုမှုနှင့် အားကျမှုများကို ဖြစ်စေသော်လည်း ယောက်ျားလေးများကိုမူ အသည်းကွဲစေခဲ့သည်။
သို့သော် ကျောင်းသားများအတွက် အသည်းကွဲစရာ အကောင်းဆုံးမြင်ကွင်းမှာ ပွေ့ဖက်ခြင်းနှင့် သူမ၏ပျော်ရွှင်သောအပြုံးကြောင့် မဟုတ်ဘဲ ထွက်ခွာသွားသော ထန်ရှု၏နောက်ကျောအား အဝေးကလမ်းအဆုံးတွင် ပျောက်ကွယ်သွားသည်အထိ စိုက်ကြည့်နေပြီး သူမမျက်နှာထက်တွင် ထိုအချင်းအရာအား မလိုလားကာ နှမြောတသ ဖြစ်နေသောအမူအရာအား ထင်ဟပ်လျက် အဆောင်ရှိရာသို့ လျှောက်သွားသည့် မုဝမ်ရင်ကြောင့် ဖြစ်ပေတော့သည်။
"ရှန်ဟိုင်းတက္ကသိုလ်ရဲ့ နံပါတ်တစ် မိန်းမလှလေး ဖြစ်တဲ့ မုဝမ်ရင်က နာမည်ကြီး ကျောင်းသား ထန်ရှုကို ချစ်မိသွားပြီ။"
သည်သတင်းသည် ရှန်ဟိုင်းတက္ကသိုလ်ဖိုရမ်တွင် ပေါ်ထွက်လာပြီးနောက် ရှန်ဟိုင်းတက္ကသိုလ်ရှိ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ ပါမောက္ခများနှင့် ခေါင်းဆောင်များအားလုံး ထိုအကြောင်းကို သိသွားစေရန် အချိန်တစ်နာရီသာ ယူခဲ့ရသည်အထိ ပျံ့နှံ့သွားခဲ့သည်။
လျှပ်တပြက်အတွင်း ထန်ရှုအား စကားလုံးဗုံးများ ကြဲကာ တိုက်ခိုက်နေသော ကျောင်းသားများစွာ၏ ဆဲဆိုမှုနှင့် ပြစ်တင်ဝေဖန်မှုများသည် ကျောင်းဝင်းဖိုရမ်၏ မှတ်ချက်များအပိုင်းတွင် စတင်ပေါ်ထွက်လာသည်။ မှတ်ချက်များစွာတွင် ရိုင်းစိုင်းသော စကားလုံးများနှင့် စော်ကားမှုများ ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် မုဝမ်ရင်သည်လည်း သူမ၏အာရုံစိုက်မှုကို မရခဲ့သော ကျောင်းသားများ၏ရယ်သွမ်းသွေးခြင်းကို ခံခဲ့ရသည်။ ထန်ရှုအား လေးစားချစ်ခင်သူများ၏ မှတ်ချက်စကားများသည်လည်း အသေအချာပင် ထွက်ပေါ်လာခဲ့ပြီး သည်ဟာသည် အလှနတ်ဘုရားမလေးနှင့် သူရဲကောင်းတို့အကြား 'ပြီးပြည့်စုံသည့် လိုက်ဖက်မှုတစ်ခု' ဟု ဆိုကြပေသည်။
နာရီအတော်ကြာသွားသည့်အခါ ကျောင်းဝင်းဖိုရမ်တွင် ဆန့်ကျင်ဘက် နှစ်ဖွဲ့ ရှိလာသည်။ တစ်ဖွဲ့သည် မုန်းတီးသော ကျောင်းသားများနှင့် အမည်မသိ အကောင့်ဖြင့် လှည့်စားသူများပါဝင်သော အဖွဲ့ဖြစ်ပြီး ကျန်တစ်ဖွဲ့မှာ ထန်ရှုနှင့် မုဝမ်ရင်တို့ကို ရိုးသားစွာ ထောက်ခံသည့် ကျောင်းသားများအဖွဲ့ ဖြစ်သည်။ များမကြာမီ ရှန်ဟိုင်းတက္ကသိုလ်ဖိုရမ်သည် အလွန် သက်ဝင်လှုပ်ရှားလာခဲ့သည်။
ထိုဇာတ်လမ်း၏အဓိက ဇာတ်ကောင်တစ်ဦးဖြစ်သည့် ထန်ရှုသည် ယခုအချိန်တွင် ရှန်ဟိုင်းတက္ကသိုလ်မှ ထွက်ခွာသွားခဲ့ပြီဖြစ်ပြီး သူ၏နေအိမ်ရှိ စာကြည့်ခန်းအတွင်း၌ ရှိနေခဲ့သည်။ လက်ရှိတွင် သူသည် ဗိသုကာဒီဇိုင်းတစ်ခုကို ရေးဆွဲရန် အာရုံစိုက်နေသည်။ သူသည် ဗိသုကာဒီဇိုင်းတစ်ခုအား ကျင်းရှင်းကွေ့ကို လွှဲပေးမည်ဟု ယခင်က သဘောတူညီမှုတစ်ခု ပြုလုပ်ထားခဲ့သော်လည်း ပြသနာအမျိုးမျိုးကြောင့် အပြီးဆွဲရန် အချိန်မရသေးသည့်အပြင် ပေကျင်းမှ ပြန်လာပြီးနောက်တွင် အဆောင်အမျိုးမျိုး ပြုလုပ်ရန် အချိန်သုံးခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျင်းရှင်းကွေ့သည် စီမံကိန်း၏အစောပိုင်းအဆင့်အတွက် ပြင်ဆင်နေသေးသောကြောင့် အလျင်မလိုခဲ့ပေ။
နေဝင်ဖျိုးဖျအချိန်သို့ ရောက်လာသည့်အခါတွင် ထန်ရှုသည် နောက်ဆုံးတော့ စုတ်တံကို ချထားလိုက်ပြီး အချိန်အတော်ကြာသည်ထိ စဉ်းစားခန်း ဝင်နေပြီးနောက် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ဟန်ကျင်းဝူ၏နံပါတ်ကို နှိပ်လိုက်သည်။ ထိုအချိန်တွင် ဟန်ကျင်းဝူသည် သူမ ငှားထားသောအိမ်တွင် ရှိနေပြီး ကျောင်းဝင်းဖိုရမ်မှ မှတ်ချက်များကို ဖတ်ရှုလျက် ရှိသည်။
သူမ၏မျက်နှာသည် ဟန်ဆောင်မရလောက်အောင် ပျက်ယွင်းနေပြီး နာရီဝက်ကျော်ကြာသည်ထိ ထိုအတိုင်း ဖြစ်နေသည်။ သူမ၏ခံစားချက်များသည် ရှုပ်ထွေးနေပြီး သူမကိုယ်သူမ မည်သည့်အရာ မှားယွင်းနေမှန်း အဖြေရှာမတွေ့နိုင်ခဲ့ပါချေ။
ထန်ရှုနှင့် မုဝမ်ရင် ချစ်သူများ ဖြစ်သွားကြသည့် သတင်းကို သိလိုက်ရသည့်အချိန်တွင် အလွန်အရေးကြီးသည့်အရာတစ်ခုကို ဆုံးရှုံးလိုက်ရသည့်အလား သူမ ခံစားခဲ့ရပြီး မည်သည့်အတွက်ကြောင့် ထိုသို့ ခံစားနေရမှန်း သူမ မသိပါချေ။ တစ်ခုခုကို အလိုမကျသော၊ တုန်လှုပ်ချောက်ခြားနေသော၊ စိတ်မသက်မသာ ဖြစ်နေရသော ခံစားချက်ကြီးသည် သူမအား လွှမ်းခြုံထားပြီး သူမအား ကူကယ်ရာမဲ့စွာ ထိတ်လန့်နေစေသည်။
…ဖုန်းမြည်သံ…
သူမ၏လက်ကိုင်ဖုန်း မြည်သံထွက်ပေါ်လာသဖြင့် ဟန်ကျင်းဝူတစ်ယောက် လန့်သွားရသည်။ သူမ ရုတ်တရက် အသိဝင်လာသောအခါ သူမ၏ပါးပြင်ထက်တွင် အေးစက်စက် ခံစားမှုတစ်ခု ရှိနေသည်ကို သူမ သိလိုက်ရသည်။ သူမကိုယ်တိုင်ပင် မသိလိုက်ဘဲ မျက်ဝန်းများဆီမှ မျက်ရည်များ အလိုလို စီးကျလာခြင်း ဖြစ်ပေတော့သည်။
လက်ကိုင်ဖုန်းကို ကောက်ကိုင်ပြီး ကြည့်လိုက်ရာ ဖုန်းခေါ်သူမှာ ထန်ရှု ဖြစ်နေသည်ကို သူမ တွေ့လိုက်ရသည်။ ဟန်ကျင်းဝူ တခဏ တွေဝသွေားရင်း မျက်နှာထက်ရှိ မျက်ရည်များကို အလျင်အမြန် သုတ်လိုက်သည်။ ထို့နောက် လည်ချောင်းတစ်ချက် ရှင်းကာ ဖုန်းပြန်ဖြေလိုက်သည်။
"ဟန်ကျင်းဝူ ပြောနေပါတယ်။"
"ဆရာမဟန် … ဒီည အားလပ်ချိန်ရှိရင် ကျွန်တော်နဲ့ ညစာစားကြမလား။"
"မစားချင်ဘူး … ငါ့မှာ အချိန်မရှိဘူး။" ဟန်ကျင်းဝူသည် ထန်ရှု၏အသံကို ကြားလိုက်သည့်အခိုက်အတန့်တွင် သူမ၏နှလုံးသားအတွင်း ရုတ်တရက် ဒေါသပေါက်ကွဲသွားကာ သူမ၏အသံတွင်လည်း ဒေါသသံစွက်သွားရသည်။
"ဒီတလော ကျွန်တော် ဆရာမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်မိလို့လားဟင် ဆရာမဟန်။ ကျွန်တော့်ကို ဘာလို့ စိတ်ဆိုးနေတာလဲ။" ထန်ရှုက စိတ်ကသိကအောက်ဖြစ်သွားကာ မေးမိသည်။
"ဒါ နင့်ကိစ္စလား။" ဟန်ကျင်းဝူက ဝေ၀ဝေါးဝါး ပြန်ဖြေသည်။
ထန်ရှု တခဏလောက် နှုတ်ဆိတ်သွားပြီး
“ဆရာမဟန် … ဘာကြောင့် ဆရာမရဲ့ စိတ်အခြေအနေ မကောင်းမှန်း မသိပေမယ့် ကျွန်တော်က ဆရာမကို ညစာအတူစားဖို့ ရိုးရိုးသားသား ဖိတ်တာပါ။ ဆရာမမှာ တကယ်အချိန်မရှိဘူးဆိုရင် ထားလိုက်ပါ။ ကျွန်တော် တစ်ရက်ရက် ထပ်ဖိတ်ပါမယ်။ ခုတော့ ကျွန်တော် ဖုန်း …"
"ဘယ်နေရာလဲ။" ထန်ရှု ဖုန်းချတော့မည်ဟု ခံစားမိသဖြင့် ဟန်ကျင်းဝူ ကမန်းကတန်း မေးမိလိုက်သော်လည်း သူမ ချက်ချင်း နောင်တရသွားသည်။
“ထာဝရခန်းမကို လာခဲ့ပါနော်။ ကျွန်တော် ဆရာမကို စောင့်နေပါ့မယ်။" ထန်ရှုက ပြောသည်။
"အွန်း…" ဟန်ကျင်းဝူက ပြန်ဖြေကာ ဖုန်းကို တန်းချလိုက်သည်။
သည်အချိန်တွင် သူမ မည်သို့ ဖြစ်နေခဲ့သည်ကို သူမ နားမလည်နိုင်သလို ထန်ရှုကို ရင်ဆိုင်ရသည့်အခါ သူမ၏ခံစားချက်များကို မည်သည်အတွက်ကြောင့် မထိန်းချုပ်နိုင်ရသည်ကိုလည်း သူမ နားမလည်နိုင်တော့ပါပေ။
… သူမ သူ့ကို ချစ်မိသွားခဲ့ပြီလား … ဒါမှမဟုတ် မနာလိုစိတ်ကြောင့်ပဲလား။
ဟန်ကျင်းဝူက ထိုအရာက အမှန်ဟု ထင်ထားသော်လည်း သည်ဟာသည် လုံးဝ မမှန်ဟုလည်း သူမ ခံစားနေရသည်။ ရှန်ဟိုင်းတက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ထန်ရှု ဇီသာတီးကာ သီချင်းဆိုသည်ကို ကြားပြီးကတည်းက၊ သူမ မသိသော ထိုပုံရိပ်များက သူမ၏စိတ်ထဲတွင် တောက်လျှောက် ပေါ်လာပြီးကတည်းက၊ ထန်ရှု၏အရေးပါမှုသည် သူမ၏နှလုံးသားထဲတွင် ရုတ်တရက် ပိုမိုထင်ရှားလာသည်ဟု သူမ ခံစားခဲ့ရသည်။ သူမ နားမလည်မိသည့်တိုင် ထန်ရှုအကြောင်းကို မကြာခဏ တွေးမိပြီး သူ၏မျက်နှာ၊ သူ၏လှုပ်ရှားမှုအမူအရာ၊ သူပြောခဲ့သော စကားများနှင့် သူမအပေါ် ဆွဲဆောင်မှုရှိသော အပြုံးတို့ကို လွမ်းဆွတ်နေမိသည်။
…ဒီပုံရိပ်တွေက ငါ့စိတ်ထဲမှာ ဘာလို့ ပေါ်လာရတာလဲ။ ငါ ရှင်သန်နေထိုင်လာခဲ့တာ အနှစ်၂၀ကျော်ပြီ … ဒီပုံရိပ်တွေထဲကလို တခါမှ မကြုံဖူးဘူး။ ငါ့မှာ ဒီလို အမှတ်တရတွေ လုံးဝမရှိပေမယ့် ဘာကြောင့်များလဲ…
ဟန်ကျင်းဝူ သူမ၏ခေါင်းကို ပွတ်လိုက်မိသည်။ ခေါင်းကိုက်နေသည့်ကြားက သူမကို ညစာအတူစားဖို့ ထန်ရှု ဖိတ်ထားသည်ကို ရုတ်တရက် သတိရသွားသည်။ လျှပ်တပြက်အတွင်း သူမသည် ဆိုဖာပေါ်မှ ခုန်ထမိပြီး သာမန်လူထက် ကျော်လွန်သော အရှိန်ဖြင့် အဝတ်အစားလဲခန်းသို့ ပြေးဝင်သွားသည်။
…ထာဝရခန်းမတွင်...
တတိယထပ်ရှိ အဆင့်မြင့်အခန်းထဲ၌ ထိုင်နေသော ထန်ရှုသည် လက်ဖက်ရည် သောက်ကာ စီးကရက်တစ်လိပ် ဖွာရှိုက်ရင်း အတွေးထဲတွင် နှစ်မြှုပ်နေသည်။ လွန်ခဲ့သည့် နှစ်ပတ်က သူ၏နေ့ရက်များသည် နေ့တိုင်း အလုပ်များနေခဲ့ပြီး အချို့သော လုပ်ငန်းကိစ္စများသည် ယခုအချိန်တွင် ပြီးစီးသွားသော်လည်း သူ ပေးထားသည့် အချို့စီးပွားရေးကတိများကို မဖြည့်ဆည်းနိုင်သေးပေ။
…ဖုန်းမြည်သံ…
ဖုန်းမြည်သံကြောင့် သူ၏အတွေးရေလျဉ် စီးမျောနေခြင်းမှ ရပ်တန့်သွားရပြီး ထန်ရှုက ဖုန်းကို ကိုင်ပြီး ကြည့်လိုက်ရာ သူ မသိကျွမ်းသော ပေကျင်းနံပါတ်တစ်ခု ဖြစ်နေခဲ့သည်။ သူ မျက်ခုံးတစ်ချက် တွန့်လိုက်ပြီး အဖြေခလုတ်ကို ချက်ချင်း နှိပ်ကာ
"ထန်ရှု ပြောနေပါတယ် … ဘယ်သူဆက်တာလဲဆိုတာ သိလို့ရမလားဗျာ။"
"မင်္ဂလာပါ ဆရာသခင်ထန်။ ငါက စစ်ထူချောင်ပါ။ ကျင်းမန်နဲ့လီမိသားစုတွေဆီက လူတွေနဲ့ ငါက ရှန်ဟိုင်းမြို့ကို ရောက်နေပြီ။ မင်း ဘယ်မှာလဲ။ ငါတို့ အခု မင်းကို ရှာနေတာပါ။"
ထန်ရှု တခဏ စဉ်းစားပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ခင်ဗျားတို့ နေဖို့ထိုင်ဖို့ကို အရင်လုပ်လိုက်ပါဦး။ လောလောဆယ် ကျွန်တော် လူတစ်ယောက်နဲ့ ညစာစားဖို့ ရှိနေလို့ပါ။ အဲ့ဒါပြီးသွားရင် ခင်ဗျားတို့ဆီ လိုအပ်တာတွေ ယူပြီး လာခဲ့မယ်။"
"မဟုတ်ဘူး။ မလုပ်ပါနဲ့။ ဆရာသခင်ထန်ကို လာမရှာခိုင်းဝံ့ပါဘူး။ သွားရမယ့်နေရာကိုသာ ပြောပါ။ ငါတို့ အဲဒီမှာ စောင့်နေလိုက်မယ်။" စစ်ထူချောင်က အလျင်စလို ပြောလိုက်သည်။
ထန်ရှု တုံ့ဆိုင်းသွားပြီးနောက်
"ဒါဆို ကြယ်ပြာအိမ်ရာဝင်းက အိမ်နံပါတ်(၉)ကို သွားပါ။ ကျွန်တော် တတ်နိုင်သမျှ မြန်မြန် ပြန်လာခဲ့ပါ့မယ်။"
"ကောင်းပါပြီ။"
ဖုန်းခေါ်ဆိုမှု ပြီးဆုံးပြီးနောက် ထန်ရှုသည် ပြုံးကာ ခေါင်းယမ်းနေမိသည်။ လျှို့ဝှက်မျိုးနွယ်စုမှ အဖွဲ့သုံးဖွဲ့သည် သူတို့၏ပစ္စည်းများကို ရယူရန် ရှန်ဟိုင်းသို့ မည်သည့်အချိန် ရောက်ရှိလာမည်ကို သူ တွေးနေဆဲပင် ရှိသေးသည် ထိုသူများသည် ဗြုန်းဒိုင်းဆိုသလို ရောက်ချလာသည်။ သို့သော် သူက ဟန်ကျင်းဝူကို ညစာစားဖို့ ဖိတ်ပြီးသွားပြီမို့ သူမကို ထိုကဲ့သို့ လျစ်လျူမရှုနိုင်ပါပေ။ နို့မဟုတ်ပါက နောင် သူမကို အကူအညီတောင်းရင် သူ့အတွက် အတော်ကို မျှော်လင့်ချက်ကင်းမဲ့သွားပေလိမ့်မည်။
ဆိုင်ပထမထပ်ရှိ ရှေ့ကောင်တာတွင် …
ချီနန်က အပြုံးဖြင့် လာသမျှ ဧည့်သည်များကို ရွှင်မြူးစွာ နှုတ်ဆက်လျက်ရှိသည်။ ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်ထားသည့် ဟန်ကျင်းဝူသည် ဆိုင်ထဲသို့ ဝင်လာသောအခါ သူမ၏အလှကို ပိုမို တောက်ပလာစေသော မိတ်ကပ်အား သိသိသာသာ လိမ်းထားသည်ကို ချီနန် သိလိုက်ရသည်။
"ဆရာမဟန် ရောက်ပြီလား…"
"ထန်ရှုက သူ့ကို ဒီမှာ လာရှာဖို့ ပြောထားလို့။ သူ ဒီကို ရောက်နေပြီမဟုတ်လား။" ဟန်ကျင်းဝူက ခပ်ဖျော့ဖျော့ ပြုံးကာ ပြောသည်။
“သူဌေးက ဒီကို ရောက်နေပါပြီ။ တတိယထပ်က အခန်းမှာ နင့်ကို စောင့်နေတယ်။ ငါ နင့်ကို အပေါ်ထပ်ကို လိုက်ပို့ပေးမယ်။" ချီနန်က အပြုံးဖြင့် တုံ့ပြန်သည်။
"ကျေးဇူးတင်ပါတယ်။" ဟန်ကျင်းဝူက ခေါင်းညိတ်သည်။
“ကျေးဇူးပြုပြီး တအား မယဉ်ကျေးပါနဲ့ ဆရာမဟန်” နင်က ငါတို့ သူဌေးရဲ့ သူငယ်ချင်းမို့ နင့်ကို ကောင်းကောင်း ဧည့်ခံရမှာက ငါ့တာဝန်ပါ။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နင် အရမ်းလှနေတယ်။"
ဟန်ကျင်းဝူ ရှက်ကိုး ရှက်ကန်း ဖြစ်သွားပြီး သူမ၏ လှပသော မျက်နှာလေးသည် အနည်းငယ် နီရဲသွားရသည်။ သူမ မိတ်ကပ်လိမ်းလာသည်ကို ပြန်သတိရသွားသည့်အခါ သူမ၏မျက်နှာလေးကို ဖုံးအုပ်လုမတတ်ပင် ဖြစ်သွားရသည်။ သူမ၏ အဆင်မပြေမှုကို ထိန်းချုပ်ပြီး အပြုံးတစ်ခုကို အားယူပြုံးကာ
"ကျေးဇူးတင်ပါတယ် မန်နေဂျာချီ … ဒီနေ့ ရှင်လည်း အရမ်းလှတာပဲ။"
"အာ … ငါက သိပ်မလှပါဘူး။ ငါက အဘွားကြီးတစ်ယောက် ဖြစ်နေပြီ။ ငါသာ နင့်အသက်အရွယ်ဆိုရင် သူဌေးရဲ့နှလုံးသားကို နင့်ဆီက ငါ သေချာပေါက် ယူသွားမိလိမ့်မယ်။"
***