← Chapters

ချောမွေ့သော စကားအပြောအဆို

Vol. 11 Ch. 530

ချောမွေ့သော စကားအပြောအဆို

Vol. 11 Ch. 530

ချီနန်၏စကားကို ကြားလိုက်ရသောအခါ ဟန်ကျင်းဝူ၏ အပြုံးသည် ပိုမိုသိပ်သည်းလာပြီး သူမ နှိမ့်ချစွာ ပြန်ဖြေတော့မည့်ဆဲဆဲတွင် ရုတ်တရက် ကျောက်ရုပ် ဖြစ်သွားကာ လှေကားထစ်ဆီသို့ လှမ်းနေသော သူမ၏ခြေလှမ်းများပင် ရပ်တန့်သွားရသည်။

"ရှင် ... ရှင် ဘာပြောလိုက်တာလဲ မန်နေဂျာချီ။"

"ငါက အသက် အရမ်းကြီးနေပြီလို့ ပြောလိုက်တာလေ။ ပြဿနာရှိလို့လား။" ချီနန်က ပြုံးပြီး ပြန်ပြောသည်။

"ရှင်ပြောလိုက်တာက သူဌေးရဲ့နှလုံးသားကို ကျွန်မဆီကနေ သေချာပေါက် ယူနိုင်မယ်လို့ ပြောခဲ့တယ်။" ဟန်ကျင်းဝူက ခေါင်းခါပြီး ပြောလိုက်သည်။

“ဟုတ်တယ်လေ။” ချီနန်က ရယ်မောလိုက်သည်။

ဟန်ကျင်းဝူ၏မျက်ခုံးအနည်းငယ် မြင့်တက်သွားပြီး အားတင်းထားရသော အပြုံးဖြင့်

"မန်နေဂျာချီ … ရှင် ဒီကိစ္စမှာ မှားနေပြီထင်တယ်။ ထန်ရှုရဲ့ နှလုံးသားက ကျွန်မဆီမှာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။ သူ့မှာ ချစ်သူရှိထားပြီးသားပါ။ ရှန်ဟိုင်း တက္ကသိုလ်ရဲ့နံပါတ်တစ် မိန်းမလှလေး မုဝမ်ရင်လေ။ ကျေးဇူးပြုပြီး ကျွန်မကို ထပ်မနောက်ပါနဲ့တော့။”

“ဆရာမဟန် … ငါက မစ္စမုကို မြင်ဖူးပါတယ် … သူမက တကယ့်ကို ရှားရှားပါးပါး အလှပါ။ ငါသာ ယောက်ျားလေး ဖြစ်ခဲ့ရင် ဒီလို ရင်သပ်ရှုမောဖွယ် မိန်းကလေးကို သဘောကျမိမှာ အသေအချာပဲ။ ဒါပေမယ့် သူဌေးရဲ့နှလုံးသားထဲမှာ သူမအတွက် ထူးထူးခြားခြား နေရာရှိလိမ့်မယ်လို့ ငါ မထင်ဘူး။ နောက်ပြီး သူမက ငါ့သူဌေးရဲ့ ချစ်သူ ဘယ်လို ဖြစ်လာနိုင်တာကို ငါလည်း အရမ်းသိချင်နေတယ်။"

ထိုအကြောင်းအရာကို ဆက်ပြောရန် ဝန်လေးနေမိသော်လည်း ချီနန်၏ စကားကို ကြားလိုက်ရသောအခါ ဟန်ကျင်းဝူ၏ နှလုံးသားလေးသည် အနည်းငယ် လှုပ်ရှားသွားသည်။

"ရှင်ပြောတာကို ကျွန်မ နားမလည်ဘူး မန်နေဂျာချီ။"

ချီနန်က ဟန်ကျင်းဝူအား အဓိပ္ပါယ်ပြည့်ဝသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အပြုံးဖြင့်

"နင်က အပြင်လူတစ်ယောက် မဟုတ်ဘူးဆိုတော့ ငါ မြင်တွေ့နေရပြီး စိတ်ထဲရှိတာကို ပြောပြမယ် ဆရာမဟန်။ ငါ့ရဲ့ သူဌေးက အရမ်းလှပြီး ထူးချွန်တဲ့ အမျိုးသမီး တော်တော်များများကို ဒီကို ခေါ်လာတာ ငါ မြင်ဖူးပါတယ်။ အိုးရန်လူလူ၊ စူပါစတား ကျန်းရှင်းယာနဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ အထွေထွေမန်နေဂျာ ခန်းရှတို့လို အမျိုးသမီးတွေပေါ့… ဒါပေမယ့် ငါ့သူဌေးက သူတို့ကို မချစ်ဘူးဆိုတာကို ငါ ခံစားရတယ်။ သူက … အဲ့ဒီအမျိုးသမီးလေးတွေနဲ့ အကွာအဝေးတစ်ခုတောင် တမင်တကာ ထား ထားသလိုပဲ။

"နင် မသိနိုင်ပေမယ့် ငါ့ရဲ့ သူဌေးက သူတို့တွေနဲ့ ပြောဆိုဆက်ဆံတိုင်း အရမ်းတည်ငြိမ်နေတာကို မြင်ရတော့ ငါ အံ့သြရတယ်။ သူတို့တွေနဲ့ပတ်သက်တဲ့ ပြဿနာက ဘယ်လိုပဲဖြစ်နေပါစေ … သူက သာမန်ကိစ္စတစ်ခု ဒါမှမဟုတ် အဲဒီလိုမျိုးပဲ သဘောထားပုံရတယ်။ ဒါပေမယ့် ငါ့ရဲ့သူဌေးကို ထူးထူးခြားခြား လုပ်နိုင်တဲ့ လူတစ်ယောက်တော့ ရှိတယ်။”

ချီနန်၏စကားသည် ထိုနေရာသို့ အရောက်တွင် ရပ်တန့်သွားသည်။

ဟန်ကျင်းဝူက တွေဝေနေသောမျက်နှာအမူအရာဖြင့် "အဲ့ဒါ ဘယ်သူလဲ။"

"အဲ့ဒါ နင်ပဲလေ" ချီနန်က လေးနက်သောအမူအရာဖြင့် ဖြေသည်။

"ကျွန်မလား…" ဟန်ကျင်းဝူ မယုံနိုင်စွာ မေးလိုက်သည်။ "ဒါပေမယ့် ဘာလို့ ကျွန်မ ဖြစ်ရတာလဲ။"

"နင် နားမလည်သေးဘူးလို့ ငါ့ကို မပြောနဲ့နော်။ ငါ့သူဌေးက တစ်ခါတစ်ရံ နင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်ပြီး အချို့အချိန်တွေဆို နင့်ကို စက္ကန့်အနည်းငယ် ငေးကြည့်နေတတ်တယ်။ အခြားအချိန်ကျပြန်တော့ သူက နင့်ကို အတော် ခြားခြားနားနား ဆက်ဆံဖို့ ကြိုးစားနေတတ်ပြီး ဂရုမစိုက်လေဟန်နဲ့ လျစ်လျူရှုထားပြန်ရော။ သူ့ရဲ့စိတ်နေစိတ်ထား ပြောင်းလဲမှု ဒါမှမဟုတ် စိတ်ခံစားချက်ပြောင်းလဲမှုအားလုံးက နင် သူ့ဆီကို ယူဆောင်လာတဲ့ အရာတစ်ခုကြောင့်လို့ ငါ ထင်တယ်။”

ဟန်ကျင်းဝူသည် ချီနန်ကို ကြောင်တောင်တောင် ငေးကြည့်နေသော်လည်း စိတ်ထဲတွင် ထန်ရှုနှင့် သူမ ဖြတ်သန်းခဲ့သည့် မြင်ကွင်းအားလုံးကို အမှန်ပင် ပြန်လည် မြင်ယောင်နေသဖြင့် ချီနန်၏စကားများ မှန်သည်ကို သူမ သိသည်။ ထန်ရှုသည် သူမအား အကြိမ်ရေအချို့ မင်သက်စွာ ငေးစိုက်ကြည့်နေခဲ့သည်။ တစ်ခါတရံတွင် သူ၏မျက်လုံးများတွင် နူးညံ့သိမ်မွေ့သော အရိပ်အယောင် ထင်ဟပ်နေပြီး တစ်ခါတရံတွင် အေးစက်စက် အထီးကျန် ခံစားချက်ဖြင့် သူမကို လျစ်လျူရှုထားသည်များလည်း ရှိသေးသည်။

ထို့အပြင် သူ၏မျက်လုံးများထဲတွင် တစ်ခါတရံ နာကျင်ဝမ်းနည်းမှုများ ရှိနေသကဲ့သို့ တစ်ခါတရံတွင် မုန်းတီးရန်လိုမှုများလည်း ရှိခဲ့သည်။

… ဒါ ... အဲ့ဒါ ဘာကြောင့်များပါလဲ…

ဟန်ကျင်းဝူ၏ပုခုံးကို အသာပုတ်ကာ ချီနန်က အပြုံးဖြင့် " ဆရာမဟန် … နင်နဲ့ ငါ့သူဌေးကြား ဘာဖြစ်ထားမှန်း ငါ မသိပေမယ့် နင်က သူ့ကို စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ် ဖြစ်အောင် လုပ်နိုင်တဲ့ တစ်ဦးတည်းသော အမျိုးသမီးပဲ။ ဒါကြောင့် ငါ နင့်ကို ဂုဏ်ပြုပါတယ်။ ဒီအခွင့်အရေးကို ကောင်းကောင်း ဆုပ်ကိုင်နိုင်ရင် နင်က အနာဂတ်မှာ ငါတို့ရဲ့ သူဌေးမ ဖြစ်လာနိုင်လိမ့်မယ်။"

“ကျွန်မ…” ဟန်ကျင်းဝူက ရှင်းပြချင်သဖြင့် ပါးစပ်ဟလိုက်သော်လည်း ချီနန်က သူမကို ထပ်ပြောဖို့ အခွင့်အရေးမပေးဘဲ အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်သွားသည်ကို သူမ တွေ့လိုက်ရသည်။ သို့သော် ချီနန်၏အကျယ်ချဲ့ပြသော မှတ်ချက်စကားများသည် သူမ၏နှလုံးသားဆီသို့ ရွှင်မြူးသော ခံစားချက်ကို ပေးစွမ်းလာစေသည်။ အထူးသဖြင့် သူမ၏သူဌေးမ ဖြစ်လာနိုင်သည်ဟူသော ချီနန်၏မှတ်ချက်စကားသည် နားထောင်ရ အထူးချိုမြိန်ခဲ့လေသည်။

မကြာမီ ဟန်ကျင်းဝူသည် ချီနန်၏ လမ်းညွှန်မှုဖြင့် တတိယထပ်သို့ ရောက်လာသည်။ သူမသည် အဆင့်မြင့်အခန်းထဲသို့ ဝင်သွားလိုက်ရင်း ကြီးကျယ်ခမ်းနားသော သီးသန့်စားသောက်ခန်းကို တစ်ချက်ကြည့်လိုက်ပြီး ထန်ရှုအား တွေ့သော် သူမ၏အမူအရာမှာ ပုံမှန်သဘာဝမဟုတ်ဘဲ ပြောင်းလဲသွားတော့သည်။

"သူဌေး … ဆရာမဟန် လာပြီ။" ချီနန်က ပြုံးပြီး သတင်းပို့သည်။

ထန်ရှု ထရပ်လိုက်ပြီး စိတ်အတွင်းတွင် အနည်းငယ် ကူကယ်ရာမဲ့စွာ ခံစားနေရသော်လည်း သူက ပြုံးပြကာ ဖော်ရွေသော အမူအရာဖြင့်

“ဆရာမဟန် … ကျွန်တော် စားကောင်းမယ့်အရာတွေနဲ့ ဝိုင်နီကောင်းကောင်းလည်း ပြင်ဆင်ထားပြီးပြီ။ ဒီနေ့ စားသောက်ပွဲကို လာဖို့ ကျွန်တော်က ဖိတ်ခေါ်ထားတာဆိုတော့ ကျွန်တော်က ဆရာမကို ကောင်းကောင်း ဧည့်ခံပြီး အိမ်ရှင်ကောင်းတစ်ယောက်တာဝန် ကျေရမှာပေါ့။"

ထိုသို့ပြောပြီးနောက် ထန်ရှုသည် မျက်နှာချင်းဆိုင် ကုလားထိုင်ကို ဆွဲထုတ်ကာ ဟန်ကျင်းဝူအား ထိုင်စေသည်။

ဟန်ကျင်းဝူသည် သူမ၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်သည်။ ချီနန်သည် နောက်ဆုတ်ကာ အပြင်ဘက်မှ တံခါးကို ပိတ်ပေးသွားသည်ကို သူမ တွေ့လိုက်ရသဖြင့် သူမသည် ချီတုံချတုံဖြစ်စွာ ကုလားထိုင်ပေါ် ထိုင်လိုက်သည်။

ထန်ရှုက သူ၏ထိုင်ခုံကို ပြန်သွားပြီး

“ဆရာမဟန် … ဆရာမကို ကြည့်ရတာ ဖြူဖျော့နေသလိုပဲ။ ဘာဖြစ်လို့လဲ။"

ဟန်ကျင်းဝူက ခေါင်းယမ်းလိုက်ပြီး ထန်ရှုကို တခဏလောက် စိုက်ကြည့်နေမိသည်။ သူမကို ချစ်ရသောသူတစ်ယောက်လို ကြည့်နေသော ထန်ရှုအား တည့်တည့်စိုက်ကြည့်ရင်း

"ကောင်းကင်ပေါ်ကနေ အသားမုန့်တစ်ခုပြုတ်ကျဖို့ ငါ မမျှော်လင့်ပါဘူး။ နင်က ငါ့ကို အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ ဒီလို စားသောက်ပွဲမျိုး ဖိတ်ခေါ်မယ်မထင်ဘူး ဟုတ်တယ်မဟုတ်လား။ ပြောပါဦး … နင် ငါ့ဆီက ဘာလိုချင်တာ ရှိလို့လဲ။"

သူ့စိတ်ထဲတွင် ရှိနေသည်ကို ထင်ထင်ရှားရှား ထောက်ပြလိုက်သဖြင့် ထန်ရှု အနည်းငယ် နေရခက်သွားသည်။

ယခင်က ဟန်ကျင်းဝူအပေါ် အေးစက်စက်နှင့် လျစ်လျူရှုထားခဲ့သည်များကို ပြန်တွေးမိသွားရင်း သူ၏နှာခေါင်းကို ထိကာ အားတင်းပြုံးလျက်

“ဆရာမက တကယ်ကို ဉာဏ်ကောင်းပြီး စာနာတတ်တဲ့ သူပဲ။ ပြောရမယ်ဆိုရင် ဆရာမက သက်ရှိထင်ရှား ရှိနေတဲ့ ဉာဏ်ပညာ နတ်ဘုရားမတစ်ပါးဆိုတာ ကျွန်တော် သိလိုက်ရပြီ။ ဘယ်အရာကမှ ဆရာမရဲ့မျက်လုံးတွေအောက်က လွတ်နိုင်မှာ မဟုတ်ဘူးလို့တောင် ထင်ရတယ်။"

…ခွိ… ဟန်ကျင်းဝူ မရယ်ဘဲ မနေနိုင်တော့ပေ။ ထန်ရှုထံမှ ဤကဲ့သို့ မြှောက်ပင့်သော စကားမျိုးကို သူမ ပထမဆုံးအကြိမ် ကြားမိခြင်းပင်ဖြစ်သည်။ ထို့နောက် သူမသည် မျက်လုံးများကို လှည့်ကစားလိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ

“ဟမ့် …  အလွန်အကျွံ ပြောဆိုခြင်းနဲ့ အာရုံစိုက်ခြင်းတို့ရဲ့ နောက်ကွယ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိတတ်သတဲ့။ ပလစ်ပလစ် ပြောလိုက်ရုံနဲ့ ငါ့ကို စကားရောဖောရော မလုပ်စမ်းပါနဲ့။ နင့်ရဲ့ရည်ရွယ်ချက်က ဘာလဲလို့။"

ထန်ရှုက လက်ခုပ်လက်ဝါးတီးကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် "ကဲ ကြည့် … ကြည့်ပါဦး … ကျွန်တော် ခုနလေးတင် ပြောလိုက်တယ်မဟုတ်လား။ ဆရာမက တကယ် ဉာဏ်ကောင်းပါတယ်ဆို။ ဘာပဲဖြစ်ဖြစ် ဆရာမကို ဒုက္ခပေးဖို့ သိပ်ကြီးကြီးမားမား မရှိပါဘူး။ နောင်တစ်ချိန်မှာ အရေးတကြီး ကိစ္စတချို့ ရှိလာနိုင်တာမို့ ရက်အနည်းငယ်လောက် ကျွန်တော် ခွင့်ယူရဖို့ ရှိတယ်။ ဒါကြောင့် ဆရာမဟန် အဲ့ဒီအခါကျရင် ခွင့်ပြုပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

"နင် ခွင့်ယူဖို့အတွက် တောင်းဆိုနေတာလား။" ထန်ရှုကို စိတ်ဆိုးမာန်ဆိုး ကြည့်ရင်း ဟန်ကျင်းဝူ၏လေသံက ကျယ်လာသည်။

"မရဘူး… နင့်ရဲ့အတိတ်က အမှားတွေကို ပြန်ပြီးအသက်သွင်းတော့ဦးမလို့လား။"

"ကျွန်တော့်မှာ လုပ်စရာ ကိစ္စတွေ တကယ်ရှိတာပါ။" ထန်ရှုက ခါးသီးသော အပြုံးတစ်ခုအား ဖျစ်ညှစ်ပြုံးလိုက်သည်။

“ကျေးဇူးပြုပြီး ဆရာမ စဉ်းစားကြည့်လေ။ ကျွန်တော်က သူဌေးကြီးတစ်ဦး ဖြစ်နေတော့ ကျွန်တော်  ရင်ဆိုင်ရမယ့်အရာတွေ ရှိတယ်လေဗျာ။ ပြီးခဲ့တဲ့ နှစ်ပတ်က ကျောင်းဝင်းထဲမှာပဲ နေပြီး နေ့တိုင်း စာဖတ်နေခဲ့တာမို့ ကိစ္စတော်တော်များများက စုပုံနေပြီ။ ကျွန်တော် မဖြေရှင်းရင် အဲ့ဒါတွေက တော်တော် ဒုက္ခပေးလိမ့်မယ်။ ဆရာမ … ဆရာမရဲ့အသက်ကို ကယ်ခဲ့တာကို ထောက်ထားပြီး ခွင့် နည်းနည်းလောက် ပေးပါဗျ။ ကျွန်တော့်ရဲ့လေ့လာမှုကို လုံးဝ မနှောင့်နှေးစေရဘူးလို့ ကတိပေးပါတယ်။”

"ရက်အနည်းငယ် ခွင့်ယူဖို့ တောင်းဆိုတာ ဘာလုပ်ဖို့လဲ။” အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် ဟန်ကျင်းဝူက မေးသည်။

"ခမ်းနားသောထန် လုပ်ငန်းစုရဲ့ အလွန်အရေးကြီးတဲ့ ထုတ်ကုန်တစ်ခုကို မဝေးတော့တဲ့အနာဂတ်မှာ ဈေးကွက်ထဲကို ဖြန့်ချီတော့မယ်လို့ ခန်းရှက  ကျွန်တော့်ကို ဒီနေ့ ဆက်သွယ်ခဲ့တယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော် အာရုံစိုက်ဖို့ လိုတယ်။ နောက်ပြီး ကျွန်တော်နဲ့သူငယ်ချင်းတစ်ယောက်က ရှန်ဟိုင်းရဲ့ အိမ်ခြံမြေနယ်ပယ်ထဲ ရင်းနှီးမြှုပ်နှံထားတာမို့လို့  မကြာခင် စတင်တော့မယ့် စီမံကိန်းအတွက် သူနဲ့ နောက်ဆုံးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ကို အပြီးသတ်ဖို့ လိုသေးတယ်။ တောင်တရုတ်ပင်လယ်ကို သွားဖို့ အရေးကြီးတဲ့ ကိစ္စတွေလည်း ရှိတာမို့ ဒီခရီးကို သွားရနိုင်သေးတယ်။”

"တောင်တရုတ်ပင်လယ် … ဟိုမှာ နင် ဘာသွားလုပ်မလို့လဲ။" ဟန်ကျင်းဝူ အံ့သြသော အမူအရာဖြင့် မေးလိုက်သည်။

"ကျွန်တော် ကျွန်းတစ်ကျွန်း ဝယ်ဖို့ပါ။" ထန်ရှုက ဖြေသည်။

ဟန်ကျင်းဝူ မျက်လုံးပြူးပြလိုက်ပြီး

"နင်က ငါ့ကို အရူးလို့ထင်နေတာလား။ ဒီလို ရယ်စရာကောင်းပြီး အဓိပ္ပါယ်မရှိတဲ့ ဆင်ခြေမျိုးကိုပဲ တွေးနိုင်တာလား။"

“ကျွန်တော် ဆရာမကို နောက်နေတာ မဟုတ်ဘူးဗျာ။ တောင်တရုတ်ပင်လယ်ရဲ့ တောင်ဘက်ခြမ်းက ကျွန်းတစ်ကျွန်းကို ကျွန်တော် ဝယ်ဖို့ ရှိနေတာ။” ထန်ရှုက အလေးအနက် ပြောလိုက်သည်။

၁၀စက္ကန့်ကြာမျှ ဟန်ကျင်းဝူ ကြက်သေ သေစွာ စိုက်ကြည့်ရင်း တိတ်ဆိတ်နေကာ နောက်ဆုံးတွင် စကားဆိုလာခဲ့သည်။

“လတ်တလောမှာ သင်ကြားဖို့ အတန်းချိန် အနည်းငယ်ပဲ ရှိတယ်။ နောက်ပြီး ငါလည်း နေမကောင်း ဖြစ်ထားလို့ စိတ်လည်း မလန်းဘူးဆိုတော့ ရက်အနည်းငယ်လောက် အနားယူရလိမ့်မယ်။ နင် ငါ့ကို တောင်တရုတ်ပင်လယ်ဆီ ခေါ်သွားမယ်လို့ ကတိပေးရင် နင့်ကို ငါ ယုံပေးမယ်။"

"ဆရာမ ဘာလုပ်ချင်လို့လဲ။ ကျွန်တော့်ကို စောင့်ကြည့်မလို့လား။" ထန်ရှုက ထူးဆန်းသော လေသံဖြင့် မေးလိုက်သည်။

"ဒါကို နင် သိတာ ကောင်းသားပဲ ဟွန့်။" ဟန်ကျင်းဝူက နှာခေါင်းရှုံ့လိုက်ရင်း “ငါ့စိတ်တွေ လန်းဆန်းဖို့ အပြင်ထွက်မှ ရမယ်။ နင် ငါ့ကို ခေါ်သွားဖို့ ကတိပေးပါ။ နင် မပေးရင်…”

“ဆရာမ…” ဟန်ကျင်းဝူက သူ့အား ထိုသို့ အကျပ်ကိုင်သည်ကို မြင်ရသည့်အခါ ကူကယ်ရာမဲ့ပြီး ခါးခါးသီးသီး ဖြစ်နေလင့်ကစား ထန်ရှုမှာ တခြားခံစားချက်များ လုံးဝမဖြစ်ပေါ်ခဲ့ပေ။

တခဏလောက်စဉ်းစားပြီးမှ သူက ခေါင်းညိတ်လိုက်ပြီး “ဆရာမကို ကျွန်တော်နဲ့ခေါ်သွားနိုင်ပေမယ့် ကျွန်တော့်ရဲ့အခြေအနေတွေကို အရင်လက်ခံပေးရမယ်။”

"ဘယ်လိုအခြေအနေလဲ။" ဟန်ကျင်းဝူက သူမ၏ လက်ကလေးများကို ဆန့်တန်းကာ ပြောလိုက်သည်။

“နောင် ကျွန်တော့်မှာ စီမံခန့်ခွဲရမယ့် ကိစ္စရပ်တွေ ပေါ်လာခဲ့ရင် ကျွန်တော့်ရဲ့ ခွင့်လျှောက်လွှာတွေကို ဆရာမ လက်ခံပေးရမယ်။ ပြီးတော့ ဒီနှစ်ကုန် စာမေးပွဲမှာ ကျွန်တော် အောင်နေသရွေ့ ကျွန်တော့်ကို တားမြစ်ချုပ်ချယ်တာ မရှိရဘူး။ တစ်နှစ်ပတ်လုံး ကျောင်းမှာ ကျွန်တော် အတန်းမတက်ရင်တောင်မှ အဲ့ဒီအကြောင်းကို ဆရာမ မပြောရမှာဖြစ်သလို ကျွန်တော့်ရဲ့ ပညာသင်အမှတ်တွေအတွက် ခက်ခဲတဲ့အရာတွေ မလုပ်ရဘူး။”

"ငါ ကတိပေးတယ်။" ဟန်ကျင်းဝူက ဝမ်းသာအားရ အဖြေပေးသည်။

"အရိုးသားဆုံး ပြောရရင် ဆရာမလို အတန်းပိုင်ဆရာမနဲ့ ဆက်ဆံရတာ တစ်ချိန်တည်းမှာ စိတ်လည်းပူရသလို ပျော်လည်းပျော်ရတယ်။" ထန်ရှုက ခေါင်းယမ်းပြီး အားတင်းပြုံးပြသည်။

"မကြာခင် ဟင်းပွဲတွေ လာတော့မယ်။ ကျွန်တော်တို့ စားရင်းနဲ့ စကားပြောကြတာပေါ့။"

ထန်ရှု ပြောပြီး သိပ်မကြာခင်မှာပဲ အခန်းတံခါးကို ခေါက်သံ ကြားရပြီး အပြင်ကနေ တွန်းဖွင့်လာသည်။ ချီနန်ကိုယ်တိုင် ပန်းကန်ပြားတစ်ချပ်ကို ကိုင်ဆောင်ကာ လှပသော စားပွဲထိုးလေးများနှင့်အတူ ဝင်လာပြီး ဟင်းပွဲများနှင့်ဝိုင်များကို စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် ချီနန်က အပြုံးဖြင့် ပြောသည်။

“သူဌေး … နင် မှာထားတဲ့ ဟင်းပွဲတွေ ရပါပြီ။ တခြားလိုအပ်တာတွေ ရှိရင် ငါ့ကို တိုက်ရိုက် ခေါ်လိုက်ပါ။"

"အိုခေ … မင်း သွားလို့ရပါပြီ။" ထန်ရှုက လက်ဝှေ့ယမ်းကာ ပြန်ဖြေသည်။

အစားအသောက်ကို အရသာခံကာ စားသောက်ပြီး ဝိုင်သောက်ရင်း ဟန်ကျင်းဝူနှင့် ထန်ရှု အနည်းငယ် စကားစမြည် ပြောခဲ့သည်။

ညစာစားရင်း တစ်ဝက်လောက် ရောက်လာသည့်အခါ ဟန်ကျင်းဝူက ထန်ရှုကို စိုက်ကြည့်ရင်း ရုတ်တရက် စကားစလာသည်။

"မုဝမ်ရင်နဲ့ နင်တို့ ဆက်ဆံရေးကို နင် ကြေညာလိုက်တယ်လို့ ဒီနေ့ ငါတို့ကျောင်းဝင်းမှာ ကျော်ကြားနေတဲ့ သတင်းတစ်ခုရှိတယ်။ အဲ့ဒါအမှန်ပဲလား။"

"ဒါက လှည့်စားထားတဲ့ အတုအယောင် ဆက်ဆံရေးတစ်ခုပါ။" ထန်ရှုက ခေါင်းယမ်းရင်း ငြင်းဆိုလိုက်သည်။

“ကျွန်တော်က အခုဆို နာမည်ကျော်ကြားလာခဲ့တော့ အတော်လေးကို အနှောင့်အယှက် များလာတယ်။ ကျောင်းဝင်းထဲက မိန်းကလေးတော်တော်များများက ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာတဲ့အထိ အချစ်ကို ဖွင့်ဟနေကြတယ်။ တစ်ဖက်မှာလည်း မုဝမ်ရင်က ကျွန်တော့်လို တူညီတဲ့ အခြေအနေ ဖြစ်နေတာမို့ ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ပြီး သူတို့ကို တားဆီးဖို့ စုံတွဲတစ်တွဲလို ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။"

"ဒါဆို နင်တို့နှစ်ယောက်က အတွဲလို ဟန်ဆောင်နေကြတာပေါ့။" ဟန်ကျင်းဝူတစ်ယောက် စိတ်တွင်းမှ ပျော်ရွှင်သွားသော်လည်း သူမသည် တည်ငြိမ်သော အမူအရာကို ဆက်ပြီးထိန်းထားခဲ့သည်။

"ဒါဆို သတင်းက အမှားကြီးပေါ့။"

“ဟုတ်တယ်။ ကျွန်တော့်အဆောင်ဖော်တွေက  အဲဒီ့မတိုင်ခင်ကတည်းက ကျွန်တော့်ဆီ ဖုန်းဆက်ထားတယ်။ ကျောင်းဝင်းဖိုရမ်က သတင်းတွေကိုလည်း ကျွန်တော် ဖတ်ပါတယ်။ ဒီပွေ့ဖက်မှုကို ရည်ရွယ်ချက်ရှိရှိနဲ့ တခြားသူတွေ မြင်အောင် ကျွန်တော်တို့ လုပ်ခဲ့တယ်။” ထန်ရှုက ခေါင်းညိတ်ရင်း ရှင်းပြသည်။

"အာ … အဲ့ဒါက ဒီလိုဖြစ်သွားတာကိုး။" အဆိုပါကိစ္စရပ်ကို အမှန်အတိုင်း သိသွားသဖြင့် ဟန်ကျင်းဝူ၏ စိတ်ဓာတ်ကျနေသော ခံစားချက်သည် ရုတ်ခြည်းပင် ပျောက်ကွယ်သွားပြီး ရှင်းပြရခက်သော ပျော်ရွှင်မှုတစ်ခုသည် အစားထိုး ဝင်ရောက်လာခဲ့လေတော့သည်။

***

All Chapters