← Chapters

တုန်လှုပ်သွားရသော နှလုံးသားလေး

Vol. 11 Ch. 531

တုန်လှုပ်သွားရသော နှလုံးသားလေး

Vol. 11 Ch. 531

ကြယ်ပြာအိမ်ရာဝင်း…

အနက်ရောင် မာစီးဒီးဘင့်ကားများသည် ပင်မဂိတ်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားကာ စာရင်းသွင်းပြီးနောက် လုံခြုံရေးအစောင့်များက အိမ်ရာဝင်းထဲသို့ ထိုကားများကို ဝင်ခွင့်ပြုခဲ့သည်။

အိမ်နံပါတ်(၁၁)၏ တတိယထပ် လသာဆောင်တွင် ယန်လီသည် ဝိုင်နီတစ်ခွက်နှင့် ကြီးမားသော ဆေးပြင်းလိပ်တစ်လိပ်ကို ကိုင်ဆောင်ထားရင်း ငယ်ရွယ်လှပသော ရွှေရောင်ဆံပင်မလေး နှစ်ယောက်နှင့် ပွေ့ဖက်ကျီစယ်လျက်ရှိနေသည်။

"အချစ်လေးတို့ … ဒီည ဒီသခင်လေးကို ကောင်းကောင်းမွန်မွန် ပြုစုမယ်ဆိုရင် မင်းတို့နှစ်ယောက်ကို ရွှေ၊ ငွေနဲ့ အရာအားလုံး ငါ ပံ့ပိုးပေးမှာမို့လို့ မင်းတို့ဘဝလေး ကောင်းစားသွားလိမ့်မယ်။"

ယန်လီက ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်ရင်း ရွှေရောင်ဆံပင်မလေးတစ်ယောက်ကို ပွေ့ဖက်လိုက်ကာ ဖြူဝင်းနုနယ်သည့် မျက်နှာလေးကို နမ်းလိုက်သည်။

"အချစ် … ကျွန်မ ရှင့်ကို သေချာ ပြုစုပေးမှာပါ *******" ရွှေရောင်ဆံပင်မလေးသည် ချစ်စရာကောင်းပြီး ရှက်နေသည့်ဟန်ကို ရည်ရွယ်ချက် ရှိရှိ ပြသထားသော်လည်း ရဲတင်းစွာ တုံ့ပြန်လာသည်။

ယန်လီ အတော်လေး စိတ်လှုပ်ရှားနေခဲ့သည်။ သူ၏အလိုဆန္ဒကို ဖြည့်ဆည်းရန် အဆင်သင့်ဖြစ်နေစဉ် ရုတ်တရက် သူ၏နားရွက်များ ထောင်သွားကာ လမ်းမီးရောင်အောက်ရှိ အနီးနားက လမ်းဆီသို့ လှမ်းကြည့်လိုက်သည်။ အနက်ရောင် မာစီးဒီးဘင့်ကားများစွာ ဖြည်းညှင်းစွာ မောင်းဝင်လာသည်ကို တွေ့လိုက်ရသည့်အခါ သူ၏မျက်ခုံးများ ပင့်သွားမိပေသည်။

…အကောင်ကြီးကြီးတွေ လာနေပြီ…

ယာဉ်တန်းကို ကြည့်လိုက်ရင်း မည်သို့သော လူမျိုးဖြစ်မည်ဆိုတာကို ယန်လီ ပြောနိုင်ပေသည်။ သို့တိုင် သည်ကဲ့သို့ ကြီးကျယ်ခမ်းနားစွာဖြင့် ညဉ့်နက်နက်တွင် မည်သူတွေများ လာသည်ကို သူ အရမ်းသိချင်နေမိပေသည်။

"ဟင်…"

ယာဉ်တန်းသည် အိမ်နံပါတ်(၁၁)ကို ဖြတ်ကျော်ပြီး အိမ်နံပါတ်(၉)တွင် နောက်ဆုံး ရပ်လိုက်သောအခါ ယန်လီ မျက်လုံးပြူးသွားရသည်။ ထန်ရှု၏ ပုံရိပ်သည် သာမန်မဟုတ်ဟု သူပြောနိုင်သော်လည်း ထိုကဲ့သို့ အင်အားစုများက သူ့ကို ရှာဖွေရန် လာရောက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။

…ထန်မျိုးရိုးကောင်က ကလိမ်ကကျစ်ကောင်ပါလို့ ငါ မပြောဘူးလား။ ဘယ်အကောင်ကြီးကြီးကို စိတ်အနှောင့်အယှက် ဖြစ်သွားစေလို့ ဒီလို အသည်းအသန် ရောက်ချလာကြတာလဲ…

ယန်လီ၏စိတ်ထဲတွင် ချက်ချင်း နက်မှောင်သော အတွေးများဖြင့် ပြည့်နှက်သွားရသည်။

မာစီးဒီဘင့်ကားများသည် အိမ်နံပါတ်(၉)၏အရှေ့တွင် ရပ်သွားသည်။ အနက်ရောင်ဝတ်စုံနှင့် မျက်မှန်နက် ဝတ်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ကားထဲမှ ထွက်လာပြီး လူလတ်ပိုင်းအမျိုးသားများက ကားတန်းအလယ်ရှိ ကားသုံးစီး၏တံခါးများကို ဖွင့်ပေးလိုက်ကြသည်။

…ဒါ…

အိမ်နံပါတ်(၁၁)၏ တတိယထပ် လသာဆောင်တွင် ရှိနေသော ယန်လီ၏အကြည့်များသည် အလယ်ကားပေါ်မှ ဆင်းသွားသည့်လူကို မြင်လိုက်ရသောအခါတွင် တုန်လှုပ်ချောက်ချားသွားရသည်။

…စစ်ထူချောင်လား…

သူက စစ်ထူမိသားစုအကြီးအကဲ စစ်ထူပေါ်ရန်၏သား ဖြစ်ပြီး စစ်ထူမိသားစုကို တဖြည်းဖြည်း လွှဲပြောင်းရယူရင်း မကြာခင် အကြီးအကဲတစ်ယောက် ဖြစ်လာတော့မည့်သူ မဟုတ်လား…

"သူ ... သူ ဘယ်လိုလုပ် ဒီကို ရောက်လာနိုင်တာလဲ။" ယန်လီက အံကြိတ်ပြီး ဆံပင်ရွှေရောင်မလေး နှစ်ယောက်ကို သူ၏အိပ်ခန်းထဲသို့ ပို့လိုက်သည်။ ထို့နောက် မာစီးဒီဘင့်ကားနှစ်စင်းမှ ထွက်လာသော အခြားပုံရိပ်နှစ်ခုကို သူတွေ့လိုက်ရသည်။

…ကောင်းကင်ဘုံ!!! ငါ ... အိပ်မက်မက်နေတာများလား။

ကျင်းမန်မိသားစု၏အကြီးအကဲ ကျင်းမန်ထျန်းနှင့် လီမိသားစု၏အကြီးအကဲ လီယွမ်တို့မဟုတ်လား။

လျှို့ ဝှက်မျိုးနွယ်စုမှ ထိုချမ်းသာကြွယ်ဝသော အဘိုးကြီးတွေက ဒီနေရာထိ လူကိုယ်တိုင် မည်ကဲ့သို့ ရောက်လာကြပါသနည်း။ ထန်ရှုကို ရှာဖို့များ သူတို့တွေ လာခဲ့တာ ဖြစ်နိုင်မလား။

သူကိုယ်တိုင်ပင် ပုံမှန်မဟုတ်သော ပုံရိပ်ရှိသော်လည်း ထိုသုံးယောက်ကို မြင်ပြီးနောက် ယန်လီ၏ မျက်လုံးများသည် ပြူးထွက်လုနီးပါးဖြစ်ပြီး သူ၏ခြေထောက်များပင် အနည်းငယ် အားနည်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအတူတကွ ရှိနေသော လူသုံးယောက်၏ စုပေါင်းစွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ရာဖြစ်ပြီး ထိတ်လန့်စရာ ကောင်းသည်ကို သူ ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။

…ဒါ မဟုတ်သေးပါဘူး။ ထန်ရှုကို လိုက်ရှာဖို့အတွက်ဆိုရင် ဒီလောက်ကြီးမားတဲ့ ယာဉ်တန်းကြီးထွက်လာဖို့ မလိုအပ်ဘူးမလား။ ဒါပေမယ့် ... သူတို့က ဒီကိုရောက်နေတာက ထန်ရှုကို ရှာပြီး သူ့ကို ဆုံးမဖို့ဆိုတဲ့ အရင်က ငါ့ရဲ့ ခန့်မှန်းချက် မှန်ကန်တယ်လို့ မပြောနဲ့နော်…

သူ၏အတွေးများ ထိုနေရာသို့ အရောက်တွင် ယန်လီသည် ချက်ချင်းပင် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ ထန်ရှု၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းအဆက်အသွယ်ရပြီးနောက်တွင် သူက လျင်မြန်စွာ ပြောခဲ့သည်။

"ထန်ရှု …  မင်း အခု ဘယ်မှာလဲ။"

"အပြင်မှာ … တစ်ခုခု ဖြစ်နေလို့လား။" ထန်ရှု၏ ဖြေသံသည် လက်ကိုင်ဖုန်းထဲမှ ထွက်ပေါ်လာသည်။

"မင်း အပြင်မှာ ရှိနေရင် အခု ပြန်မလာသေးနဲ့ဦး။ သောက်ကျိုးနည်း … မင်း ဘာတွေ လုပ်ခဲ့တာလဲ။ စစ်ထူ၊ ကျင်းမန်နဲ့ လီမိသားစုတွေကို တစ်ချိန်တည်း မင်း ဘယ်လိုတောင် ပြစ်မှားခဲ့တာတုန်း။ အဲ့ဒီမိသားစုသုံးစုက လျှို့ဝှက်မျိုးနွယ်စုပိုင်ဆိုင်တဲ့ စွမ်းအားတစ်ခုလုံးရဲ့ ကောင်းကင်တစ်ဝက်ကို လွှမ်းမိုးထားနိုင်တယ်။ ငါ့စကားကို နားထောင် … မင်းဖင်ကြီးကို ဒီနေရာကနေ မြန်မြန် ရွှေ့သွားလိုက်။ မင်း အဝေးတစ်နေရာမှာ ပုန်းနေပြီး ဒီကို ဘယ်တော့မှ ပြန်မလာတာ အကောင်းဆုံးပဲ။”

ထာဝရခန်းမ၏တတိယထပ်တွင် ယန်လီက သူ့ကို ဖုန်းဆက်ကာ  သတိပေးမည်ဟု မမျှော်လင့်ထားသောကြောင့် ထန်ရှု၏အမူအရာမှာ ထူးဆန်းနေခဲ့သည်။

…သူက အခြေအနေကို နားလည်မှု လွဲသွားတာပဲ…

ထန်ရှု၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး တုံ့ပြန်လိုက်သည်။

"မင်းက ငါ့ကို ဆရာအဖြစ် အသိအမှတ် ပြုချင်နေတာမလား။ ဒီတော့ မင်းအတွက် ဈေးနှုန်းကို တစ်ဝက် လျှော့ပေးမယ်။ ငွေ ကောင်းကောင်း ရှာထားလိုက်။ မင်းရဲ့ ယွမ် ၅ဘီလီယံကို ငါစောင့်နေမယ်။ ပြီးရင် မင်းကို တပည့်အဖြစ် လက်ခံပေးမယ်။"

ထိုစကားကို ပြောပြီးနောက် ထန်ရှုသည် ဖုန်းကို တန်းချလိုက်သည်။

ယန်လီ အံ့အားသင့်သွားသည်။ ထန်ရှုသည် သူ၏အကြံဉာဏ်ကို လျစ်လျူရှုရုံသာမကဘဲ  ဆရာအဖြစ် အသိအမှတ်ပြုမည့်ကိစ္စကိုပင် ထုတ်ပြောသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ဒါ ... သောက်ကျိုးနည်း … ဘာတွေ ဖြစ်နေတာလဲ။ ဇာတ်ညွှန်းက ဘယ်လိုဖြစ်ပြီး ဒီနည်းနဲ့ သွားနိုင်တာလဲ။ သူ ရည်ရွယ်ချက်ကောင်းနဲ့ လုပ်ခဲ့တာကို ထန်ရှု သတိမထားမိတာများ ဖြစ်လေမလား။

ယန်လီ တခဏလောက် စဉ်းစားပြီးနောက် အိမ်နံပါတ်(၉)ကို ကိုယ်တိုင်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထန်ရှုက ထိုသုံးဖွဲ့ကို ပြစ်မှားခဲ့မိရင်တောင်မှ လျှို့ ဝှက်မျိုးနွယ်စု၏ သူခိုးဂိုဏ်းခွဲက နှုတ်ခွန်းဆက်သည်ဟု သူ့ကိုယ်သူ ဖော်ပြလိုက်မည်။ ကွယ်လွန်သွားပြီဖြစ်သော သူ၏ဆရာသခင်အား လေးစားမှုဖြင့် သူ့အား အခက်အခဲ ဖြစ်စေလိမ့်မည်မဟုတ်ပေ။ ထန်ရှုအကြောင်း စကားကောင်းများ ပြောပေးခြင်းဖြင့်လည်း ကူညီပေးနိုင်ပေလိမ့်မည်။

မိနစ်အနည်းငယ်ကြာပြီးနောက် ယန်လီသည် သပ်သပ်ရပ်ရပ်ဝတ်စားကာ အိမ်နံပါတ်(၉)၏ အရှေ့တံခါးအပြင်တွင် ပေါ်ထွက်လာခဲ့သည်။ ထိုနေရာတွင် မျက်နှာထားတင်းတင်းဖြင့် လူလေးယောက်က သူ့အား ဟန့်တားကာ အေးတိအေးစက် မေးလာသည်။

“မင်းက ဘယ်သူလဲ။”

“ငါက အိမ်နံပါတ်(၁၁)မှာ နေတာ။ ဒီအိမ်ရှင်ရဲ့အိမ်နီးချင်း။” ယန်လီက ဖြေသည်။

"မင်း ဒီမှာ ဘာကိစ္စရှိလို့လဲ။ မင်း အဆင်ပြေရင် ထွက်သွားဖို့ ငါ ပြောချင်တယ်။"ထိုလူက ပြောသည်။

ယန်လီက သူ၏လက်ကို မြှောက်လိုက်ပြီး လက်ဟန်သင်္ကေတများစွာကို လျင်မြန်စွာ လုပ်လိုက်သည်။ ထို့နောက် မျက်နှာထားတင်းတင်းဖြင့် လူလေးယောက်၏ ပြောင်းလဲလာသော အမူအရာများကြားမှ သူသည် ယုံကြည်ချက်ရှိရှိဖြင့် ဧည့်ခန်းထဲသို့ တည့်တည့် လျှောက်သွားသည်။ ထန်ရှု၏အိမ်အကူနှစ်ယောက်သည် စစ်ထူချောင်၊ ကျင်းမန်ထျန်းနှင့် လီယွမ်တို့အတွက် လက်ဖက်ရည် တည်ခင်းနေသည်ကို တွေ့လိုက်ရသဖြင့် သူ၏အမူအရာသည် ချက်ချင်းပင် တွေကနဲ ဖြစ်သွားရသည်။

“အိုး ဘုရားရေ … သူခိုးဂိုဏ်းရဲ့မျိုးဆက်က ဒီနေရာမှာ မမျှော်လင့်ဘဲ ပေါ်လာတာပဲ။ ငါ အရာဝတ္ထုတွေကို မမြင်ရပါလား။" ယန်လီကို မြင်သော် စစ်ထူချောင်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။

ယန်လီက ရှေ့သို့ လှမ်းတက်လိုက်ပြီး အပြုံးဖြင့် “ဦးလေးချောင်က ဟာသလုပ်နေတာပဲ။ ကိုယ့်အိမ်နီးနားချင်းအိမ်မှာ ဦးလေးရယ်၊ စီနီယာတွေရယ် ရောက်လာတာ မြင်တော့ ဂါရဝပြုဖို့ ကျွန်တော် ရောက်လာခဲ့တာ။ ဒါနဲ့ ဦးလေးတို့လူကြီးတွေက ဒီကို ဘာကြောင့် …”

"မင်းနဲ့ ဆရာသခင်ထန်က အိမ်နီးနားချင်းတွေလား။" စစ်ထူချောင်က အံ့သြစွာမေးလိုက်သည်။

…ဆရာသခင်ထန်တဲ့လား…

ယန်လီသည် ဤမှတ်ချက်စကားနှင့်ပတ်သက်၍ နားမလည်နိုင်လောက်အောင် ဖြစ်သွားရသောကြောင့် တွေဝစွော မေးလိုက်သည်။

"ဦးလေးချောင် … ရည်ညွှန်းတဲ့ ဒီဆရာသခင်ဆိုတာက ထန်ရှုလား။"

“ဟုတ်တယ်လေ။” စစ်ထူချောင်က ဖြေသည်။

ယန်လီသည် တဆတ်ဆတ် တုန်နေသော နှုတ်ခမ်းများဖြင့် ထိုစကားအား နားလည်နိုင်အောင် ကြိုးစားလိုက်ရပြီးနောက်ဆုံးတွင် သူ ဖြေလိုက်သည်။

"ကျွန်တော်က ဘေးက အိမ်နံပါတ်(၁၁)မှာ နေတာပါ။ ဒါကြောင့် ကျွန်တော်က ထန် ... ဆရာသခင်ထန်ရဲ့ အိမ်နီးနားချင်းပါ။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက မဆိုးပါဘူး။"

သည်အချိန်တွင် ယန်လီ၏နှလုံးသားလေးမှာ ကွဲကြေလုနီးပါးဖြစ်နေပြီ။ စစ်ထူချောင်တို့အဖွဲ့သည် ထန်ရှုအား ပြဿနာရှာရန် လာသည်ဟု မူလက သူ ထင်ခဲ့ပြီး ထန်ရှုဆီကိုပင် စိတ်စေတနာကောင်းဖြင့် သတိပေးရန် ဖုန်းဆက်ခဲ့သော်လည်း သူသည် လျစ်လျူရှုခြင်းသာ ခံလိုက်ရပြီး အနှောက်အယှက် မပေးရန်ပင် ပြောခဲ့သေးသည်။ သူသည်သာ နားလည်မှုလွဲနေသူ ဖြစ်ကြောင်း သိသာပေတော့သည်။ စစ်ထူချောင်သည် ထန်ရှုအား ပြဿနာရှာရန် လာခဲ့ခြင်း လုံးဝမဟုတ်ပေ။ ထိုအစား လာရောက် လည်ပတ်သည်ဟုသာ ဆိုနိုင်လေသည်။

ဒါ တကယ်ကို ရှက်စရာပဲ…

စစ်ထူချောင်က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်ပြီး "ယန်လီ … ငါတို့တွေ ဆရာသခင်ထန်ကို လာရှာတာ။ သူ အပြင်မှာ သူ့သူငယ်ချင်းနဲ့ ညစာစားနေပြီး အိမ်ကို အခု မပြန်နိုင်သေးလို့ ငါတို့က ဒီမှာ လာစောင့်နေတာ။ မင်း ငါတို့ကို အခုတွေ့ပြီးပြီဆိုတော့ ထွေထွေထူးထူး ပြောစရာမရှိတော့ရင် အရင်ပြန်လိုက်လေ။"

"ဦးလေးချောင်၊ အဘိုးကျင်းမန်၊ အဘိုးလီ … အဆင်ပြေမယ်ဆိုရင် ဆရာသခင်ထန် ပြန်မလာသေးခင် ကျွန်တော့်အိမ်ကို လိုက်လည်ကြရင်ရော ဘယ်လိုလဲ ... ကျွန်တော်…”

သူ၏စကားက ရုတ်တရက် ရပ်တန့်သွားသည်။ သူ့အိမ်တွင် ရှိနေသည့် ရွှေရောင်ဆံပင်ပိုင်ရှင်မလေး နှစ်ယောက်အကြောင်း ရုတ်တရက် သူ သတိရသွားသောကြောင့်ဖြစ်သည်။ သည်အဘိုးကြီးတွေသာ မြင်သွားရင် အကြီးအကျယ် အရှက်ကွဲစရာပင်။

“မလိုဘူး … ငါတို့ သူ့ကို ဒီမှာပဲ စောင့်နေလိုက်မယ်။ မင်းလုပ်စရာရှိတာ မင်းသွားလုပ်လို့ရတယ်။" စစ်ထူချောင်က သူ၏လက်ကို ဝှေ့ယမ်းပြီး ငြင်းလိုက်သည်။

"ဟုတ် … ဟုတ်ကဲ့။ ဒါဆို ကျွန်တော် မနှောင့်ယှက်တော့ဘူး” ယန်လီက အမြန်ပြောသည်။ "ဒါပေမယ့် စီနီယာတို့ တစ်ခုခုလိုအပ်တာရှိရင် ကျွန်တော့်ကို ခေါ်ဖို့ ဘေးအိမ်ကို တစ်ယောက်ယောက် လွှတ်လိုက်ပါ။ ကျွန်တော် ဒီကို ချက်ချင်း ရောက်လာခဲ့မယ်။"

ထို့နောက် သူသည် ဧည့်ခန်းထဲမှ ချက်ခြင်း ထွက်လာခဲ့သည်။

ပြန်ထွက်သွားသော ယန်လီ၏နောက်ကျောကို ကြည့်ပြီး ကျန်းမန်ထျန်းက ခေါင်းယမ်းကာ ပြုံးလိုက်ပြီး "သူခိုးဂိုဏ်းရဲ့နောက်ဆုံးမျိုးဆက်မှာ ဒီလိုထူးချွန်တဲ့ ဂျူနီယာလေးတစ်ယောက် ကျန်ရှိနေသေးတာ ပျော်စရာပဲ။ ခွေးအိုကြီး စန်းကျီရှို့မှာ ကံကြမ္မာကောင်း မရှိခဲ့တာတော့ စိတ်မကောင်းဘူး။ ကျန်တဲ့သူခိုးအချို့ကတော့ စိတ်ပျက်ဖို့ ကောင်းတယ်။ စန်းကျီရှို့ ချန်ထားခဲ့တဲ့ ရတနာတွေကို အရယူချင်တော့ ဂိုဏ်းတစ်ခုလုံး ပြိုကွဲသွားရအောင် အဲ့ဒီကောင်တွေက အရာအားလုံးကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ မတွန့်ဆုတ်ကြဘူး။ သူခိုးဂိုဏ်းရဲ့ အမိန့်စာ ပျောက်ဆုံးသွားတာ တကယ်ကို နှမြောစရာပဲ။ သူတို့တွေ ဒီယန်လီကို အဲ့ဒါ ပေးလိုက်ရင် သူခိုးဂိုဏ်းကို ပြန်ဦးမော့လာအောင် ပြန်တည်ဆောက်နိုင်လိမ့်မယ်။”

"ဦးလေး ကျင်းမန် … တစ်ခုခုများ မေ့သွားပြီလား။" စစ်ထူချောင်က ရယ်ရယ်မောမောဖြင့်

“သူခိုးဂိုဏ်းရဲ့ အမိန့်စာက တကယ်တော့ သူ့လက်ထဲမှာ ရှိတယ်။ ဒါပေမယ့် သူ အရာအားလုံးအပေါ် စိတ်ပျက်သွားလို့ အဆက်အသွယ်ဖြတ်ရုံတင်မကဘူး နိုင်ငံရပ်ခြားမှာ လှည့်စားပြီး နေခဲ့တယ် ။ သူ တကယ် ပြန်လာပြီး ဒီမှာပဲ နေနေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး။”

"သူက အရာအားလုံးကို စွန့်လွှတ်ဖို့ တကယ်ဆန္ဒရှိတာလား။" ကျင်းမန်ထျန်း အံ့သြသွားသည်။

“သူခိုးဂိုဏ်းရဲ့ အမွေခံပစ္စည်းတွေနဲ့ အမွေအနှစ်တွေကို ဒီလို ဖြတ်တောက်ပစ်မှာလား။”

"မဟုတ်ဘူး … သူခိုးဂိုဏ်းက တစ်ယောက်ယောက် အသက်ရှင်နေသရွေ့ သူတို့ရဲ့ အမွေအနှစ်နဲ့ အမွေခံပစ္စည်းတွေက ဘယ်တော့မှ ပြတ်တောက်သွားမှာ မဟုတ်ပါဘူး။" စစ်ထူချောင်က ခေါင်းခါလိုက်သည်။

“သူခိုးဂိုဏ်းကို သူတို့ရဲ့အကျင့်စာရိတ္တနဲ့ စိတ်နေစိတ်ထားအရ ပြန်မတည်ဆောက်တာက ပိုကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ မဟုတ်ရင် ယန်လီရဲ့ အကြီးဆုံးအစ်ကိုရဲ့ စိတ်နေသဘောထားကို ကြည့်ပြီး ယန်လီက အနှေးနဲ့အမြန်ဆိုသလို အသတ်ခံရမှာကို ကြောက်ရတယ်။”

“မှန်တယ်။” ကျင်းမန်ထျန်း ခေါင်းညိတ်လိုက်သည်။

ဆယ်နာရီထိုးသည့်အခါ ထန်ရှုက ဟန်ကျင်းဝူကို သူမ၏အိမ်သို့ ပြန်ပို့ပေးသည်။ ဟန်ကျင်းဝူအား တောင်တရုတ်ပင်လယ်သို့ ခေါ်ဆောင်သွားပြီး လာမည့်ရက်အနည်းငယ်အတွင်း အတူအပန်းဖြေခရီးထွက်ပါမည်ဟု သူမအား  ထန်ရှုတစ်ယောက် ထပ်ကာထပ်ကာ အာမခံထားရသည်။ ထို့နောက်တွင် သူသည် ကြယ်ပြာအိမ်ရာဝင်းသို့ အမြန်ပြန်သွားပြီး သူ့အိမ်သို့ မရောက်သေးခင် အိမ်နံပါတ်(၁၁)အပြင်ဘက်တွင် ယန်လီမှ ဟန့်တားခဲ့သည်။

"မင်းက တကယ်ကို အံ့…သြ…ဖို့…ကောင်း…တဲ့ ဆရာသခင်ထန်ပေါ့…" ယန်လီသည် သူ၏အိမ်မတံခါးအား မှီထားရင်း ထန်ရှုအား တစ်လုံးချင်းပြောကာ စပ်ဖြဲဖြဲဖြင့် ကြည့်နေသည်။

ထန်ရှုက သူ့ကို မျက်လုံးပြူးပြလိုက်ပြီး

“မင်း ပေါက်ကွဲချင်တယ်ဆိုရင် မြန်မြန်ပေါက်ကွဲလိုက်။ ဒီလိုမသတီစရာလေသံကြီးနဲ့ ရည်ရွယ်ချက်မဲ့ ငါ့ကို လှုံ့ဆော်မနေနဲ့ ****”

“…”

" လျှို့ ဝှက်မျိုးနွယ်စုရဲ့ မိသားစုကြီးသုံးခုဖြစ်တဲ့ စစ်ထူ၊ ကျင်းမန်နဲ့ လီမိသားစုတွေက မမျှော်လင့်ဘဲ မင်းဆီကို အလည်ရောက်လာတယ်။ ဘာပဲဖြစ်ဖြစ် ငါ သိချင်တယ်။ မင်း သူတို့ကို လှည့်စားဖို့၊ လှည့်ဖြားဖို့ ဘာနည်းလမ်းတွေ သုံးခဲ့တာလဲ။ မင်းအကြောင်းကို ပြောတဲ့အချိန် သူတို့တွေ ဘာကြောင့် ဒီလောက် လေးစားရတယ်ဆိုတာ ငါ့ကို ပြောပြနိုင်မလား။" ယန်လီက ပြောလိုက်သည်။

"လှည့်စားတယ်၊ လှည့်ဖြားတယ်ဟုတ်လား။" ထန်ရှု ရယ်လိုက်သည်။

“အရိုးသားဆုံးပြောရရင် ဒီစကားက သုံးဖို့ သင့်တော်တဲ့ စကားလုံးတွေ မဟုတ်ဘူး။ စစ်မှန်တဲ့ အရည်အချင်းနဲ့ စစ်မှန်တဲ့ အသိပညာ ရှိတယ်ဆိုတာကမှ မှန်ကန်တဲ့ စကားလုံးတွေလို့ ငါ ထင်တယ်။ မဟုတ်ရင် လျှို့ဝှက်မျိုးနွယ်စုရဲ့ စီနီယာကြီးတွေကို အရူးတွေလို့ မင်းက ထင်နေတာလား။"

ယန်လီ ခဏလောက် စဉ်းစားပြီး ခေါင်းညိတ်ရင်း “မှန်တယ်။ ဒါပေမယ့် မင်း ငါ့ကို ပြန်မဖြေသေးဘူးနော်။ မင်းက ဘယ်လိုလူလဲ။"

"ငါ မင်းကို အရင်ကတည်းက ပြောခဲ့တယ်မဟုတ်လား" ငါက ကျောင်းသားတစ်ယောက်ဆိုတာကလွဲလို့ ဘာမှမဟုတ်ပါဘူး။" ထန်ရှု ပြုံးပြီး ပြောလိုက်သည်။

ယန်လီက စိတ်ဆိုးမာန်ဆိုးဟန်ဖြင့်

"မင်း မပြောရင်နေပေါ့။ ငါ့ဘာသာ မင်းအကြောင်းကို စုံစမ်းမယ်။ မင်းသိပါတယ် ငါက စုံစမ်းတဲ့နေရာမှာ အရမ်းကောင်းတယ်ဆိုတာ။”

"ဒါဆိုလည်း လုပ်လိုက်လေ။" ထန်ရှုက ယန်လီအား စနောက်လိုသောအပြုံး ပြုံးပြလိုက်ပြီး သူ့အိမ်ဆီသို့ လျှောက်သွားလေတော့သည်။

***

All Chapters