← Chapters

နဝမပါရာဂွန်

Vol. 102 Ch. 1418

နဝမပါရာဂွန်

Vol. 102 Ch. 1418

အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် ပါရာဂွန်ခုနစ်ဦးသည် အလွန်တင်းမာခက်ထန်သောအမူအရာများဖြင့် ပလ္လင်များအပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။

သူတို့အနေဖြင့် နဝမပါရာဂွန်ကို တိုက်ရိုက်မကူညီနိုင်သော်လည်း ဝိညာဉ်ချုပ်ဝင်္ကပါက မန်ဟို့ဝိညာဉ်အပေါ် ဖိနှိပ်သေးလေသည်။

မန္တန်ဝင်္ကပါက အာကာပြင်ကျယ်ကျောင်းတော်၏ကျင့်စဉ်ကို မကျင့်ကြံထားသည့် ကျင့်ကြံသူများကိုသာ ပစ်မှတ်ထားသောကြောင့် သူတို့အတွက် အထိရောက်ဆုံးလက်နက် ဖြစ်သည်။ ကံဆိုးစွာနှင့် မန်ဟို့ကိုယ်ထဲသို့ နတ်ဘုရားအာရုံများ ပို့လွှတ်ဖို့ ကြိုးစားသောအခါ အားတစ်ရပ်က သူတို့ကို နှင်ထုတ်ခဲ့၏။ ထိုအခြင်းအရာက မန်ဟို့ကို ပို၍လျှို့ဝှက်ဆန်းကြယ်သွားစေသည်။

မှန်သည်၊ ၎င်းတို့အားလုံးက ကြေးမီးအိမ်ကြောင့် ဖြစ်ပေသည်။ ထိုမျှသာမက ကြေးမီးအိမ်က သူတို့ကို ဖြစ်ပျက်နေသောအရာနှင့်ပတ်သက်၍ အကြမ်းဖျင်းသာ အာရုံခံနိုင်စေသည်။ တိုက်ရိုက်မကြည့်ရှုနိုင်ပေ။ မန်ဟို၏ အမျိုးမျိုးအဖုံဖုံပြောင်းလဲနေသည့် မိစ္ဆာချီကိုပါ ထည့်တွက်လိုက်လျှင် သူတို့အာရုံရသည့်အရာမှာ မကြာခဏမှားတတ်သေးသည်။

ထို့အပြင် မန်ဟို့ဝိညာဉ် ပုန်းနေသောနေရာကိုပင် သူတို့မသိသည့်အတွက် ဝိညာဉ်ချုပ်ဝင်္ကပါမှ မည်မျှသက်ရောက်မှုရှိနေသလဲ ဆုံးဖြတ်ရခက်၏။

ဂိုဏ်းချုပ်ပြောခဲ့သည့်အတိုင်း .... ‌နောက်ဆုံးရလဒ်သည် မန်ဟို နှင့် နဝမပါရာဂွန်တို့နှစ်ယောက်ထဲတွင် မည်သူက အစွမ်းထက်သလဲ ဆိုသည်အပေါ် မူတည်၏။

တစ်ယောက်တွင် အံ့မခန်းပင်ကိုယ်ပါရမီ ရှိပြီး အာကာပြင်ကျယ်အဖွဲ့အစည်းတွင် အနှစ်သာရ ၉ ခုပါရာဂွန်တစ်ဦးဖြစ်လာဖို့ သူ၏ကျင့်ကြံခြင်းအခြေခံအပေါ်သူ အားကိုးခဲ့၏။ သူက မိုးနှင့်မြေတွင် ကြောက်မက်ဖွယ်အပြောင်းအလဲများ ဖြစ်ပေါ်လာစေနိုင်သည့် တာအိုမျက်လုံးတစ်လုံးပင် ပိုင်ဆိုင်ထားသည်။ ကျန်တစ်ယောက်ကမူ အမွေတစ်ခုကြောင့် အနှစ်သာရ ၉ ခုအဆင့်သို့ တွန်းပို့ခံခဲ့ရသော်လည်း အဆင့်အတန်းအရဖြစ်စေ၊ နောက်ခံအရဖြစ်စေ သူသည် သူ၏မွေးရပ်မြေလောက၌ ထိပ်ဆုံးသို့ ရောက်ရှိခဲ့၏။ မရေမတွက်နိုင်သော အသက်ဘေးအန္တရာယ်များကိုလည်း ကြုံတွေ့ခဲ့ရသည်။ သူ့လောက ဖျက်စီးခံလိုက်ရသည်ကို ကြည့်ခဲ့ရသည့်အပြင် အင်မော်တယ်နတ်ဘုရားကမ္ဘာနှင့် နတ်ဆိုးလောကနှစ်ခုလုံးနှင့် တိုက်ခိုက်ခဲ့ဖူးလေသည်။

ထိုဝိညာဉ်နှစ်ခုအနက် မည်သည့်ဝိညာဉ်က အစွမ်းပိုထက်သလဲဆိုသည်နှင့်ပတ်သက်၍မူ ... ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်များ အတပ်မပြောနိုင်ပေ။

သူတို့အနေဖြင့် စောင့်နေရုံသာ တတ်နိုင်လေသည်။

တစ်ရက်ပြီးတစ်ရက် ကုန်သွားသည်။ မကြာမီ လဝက်ကြာခဲ့လေပြီ။

အပြင်ပန်းအရ မန်ဟို့ပုံစံမှာ ထူးခြားပုံမပေါ်ပေ။ သို့သော် အထဲတွင်တော့ မန်ဟိုနှင့် နဝမပါရာဂွန်၏ တိုက်ပွဲပြင်းထန်နေသည်။ ကြေးမီးအိမ်က ဝိညာဉ်ချုပ်ဝင်္ကပါ၏ သက်ရောက်မှုများကို ဟန့်တားပေးထား၍ မန်ဟိုကား နဝမပါရာဂွန် ယှဉ်ပင်မယှဉ်နိုင်လောက်အောင် ရက်ရက်စက်စက် တိုက်ခိုက်နေ၏။

ပို၍ပင်အရေးကြီးသည်မှာ မန်ဟို့ဝိညာဉ်ကို မိစ္ဆာချီမှ အားဖြည့်ပေးထားသည်။ မိစ္ဆာချီ၏ အမျိုးမျိုးပြောင်းလဲတတ်သော သဘောတရားမှာ လွန်စွာကြောက်စရာကောင်းပြီး နဝမပါရာဂွန်ကို အဆက်မပြတ် ဖိနှိပ်နေသည်။

“သေစမ်း သေစမ်း” နဝမပါရာဂွန်က ဟိန်းဟောက်သော်လည်း အသံမှာ အ‌လောင်းအပြင်သို့ ထွက်မသွားပေ။

ရောက်လာလာချင်း ယခုလိုတိုက်ခိုက်ရလိမ့်မည်ဟု နဝမပါရာဂွန် မည်သို့ထင်ထားမည်နည်း။

သူ၏မြင့်မားသောရည်မှန်းချက်များ၊ ပြင်းထန်သောဖြစ်ချင်စိတ်များ၊ ရှုပ်ထွေး‌သောပြင်ဆင်မှုများနှင့် တန်ခိုးရှင်အဆင့်တက်လိုသော အိပ်မက်ပင်လျှင် ....ယခုတွင် လုံးလုံးလျားလျား ယိမ်းယိုင်နေရလေပြီ။ အမှန်တွင် သူ၏အသိစိတ် စတင်ပျောက်ကွယ်လာသည်ကိုပင် ခံစားလိုက်နေရ၏။

ဤဝါးမြိုခြင်းတိုက်ပွဲတွင် ... သူ့အနေဖြင့် မန်ဟို့ကို မယှဉ်နိုင်ကြောင်း ဝန်ခံရလိမ့်မည်။

အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့မှာ ခါးသီးစွာ အော်ဟစ်နေတော့သည်။ ယခုအချိန်တွင် မန်ဟို၏ဝိညာဉ်က ခန္ဓာကိုယ်၏တစ်ဝက်ကျော်ကို ထိန်းချုပ်ထားချေပြီ။ ဆန့်ကျင်ဘက်၌ နဝမပါရာဂွန်မှာ အားနည်းသထက် အားနည်းလာနေသည်။ နောက်ဆုံးတော့ လုံးဝဝါးမြိုခံလိုက်ရတော့မည့်အခြေအနေသို့ ရောက်ရှိသွားတော့သည်။

“ငါ့ကို အသက်ရှင်ခွင့်ပေးပါ” သူက တောင်းပန်သည်။ “ငါတို့ကြားမှာ ရန်ငြိုးမရှိဘူးလေ” သူ့မှာ ယခုလိုသေရမည်ကို လက်မခံနိုင်၍ တုန်ရီနေသည်။

သူ့စကားသံ ပဲ့တင်ထပ်လာသည့်အခါ မန်ဟို့ဝိညာဉ်က တခဏရပ်ပြီးနောက် နဝမပါရာဂွန်၏ဝိညာဉ်ကို ဝါးမြိုကာ တဖျတ်ဖျတ်လင်းလက်နေသော မီးမျှင်လေးတစ်မျှင်သာ ချန်ခဲ့လိုက်၏။

“မင်းမှန်တယ် ငါတို့ကြားမှာ ရန်ငြိုးမရှိဘူး” မန်ဟိုက အေးစက်စွာ ပြောသည်။ “ငါ မင်းကို မသတ်ဘူး။ ဒီဝိညာဉ်မျိုးစေ့ထဲမှာ မင်းကို ချန်ထားပေးမယ်။ တစ်နေ့တော့ ပြန်လွှတ်ပေးပါ့မယ်” သူ့အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် နဝမပါရာဂွန်၏ မှတ်ဉာဏ်များနှင့် တာအိုကျင့်စဉ်များက မန်ဟို့ဝိညာဉ်အတွင်းတွင် ပေါ်ထွက်လာသည်။

မန်ဟို့ဝိညာဉ်၏စွမ်းအားသည် ကြောက်မခမန်းလိလိ လျင်မြန်စွာ မြင့်တက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းက မူလအတိုင်းအတာ၏အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။ အနှစ်သာရ ၉ ခုပါရာဂွန်တစ်ဦး၏ ဝိညာဉ်ကို စုပ်ယူနိုင်ခြင်းမှာ ရှားမှရှားသောကံကြမ္မာကောင်းတစ်ခု မဟုတ်ပါလော။ ရွှေတုန်းလျှို၏အမွေနှင့်တော့ မယှဉ်နိုင်သော်လည်း နီးစပ်လေသည်။

မြင့်တက်သွားခဲ့သော ဝိညာဉ်စွမ်းအားနှင့်အတူ အာကာပြင်ကျယ်တာအိုခန္ဓာကို မန်ဟို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်သွားသည်နှင့် သူ၏အတိုက်အခိုက်စွမ်းရည်က သာမန်အနှစ်သာရ ၉ ခုပါရာဂွန်အတိုက်အခိုက်စွမ်းရည်ထက် ကျော်လွန်သွားလိမ့်မည်။ အထွတ်အထိပ်အဆင့်တော့ မရောက်လောက်သည့်တိုင် သေချာပေါက် အနှစ်သာရ ၉ ခု အလယ်အလတ်အဆင့်သို့ သေချာပေါက်ရောက်သွားမည်။

ထိုစဉ် ပလ္လင်များအပေါ်၌ ထိုင်နေဆဲဖြစ်သော ပါရာဂွန်ရှစ်ဦးသည် အလွန်သတိရှိပြီး ဦးနှောက်ခြောက်သောမျက်နှာထားများဖြင့် မန်ဟို့ကို စိုက်ကြည့်နေကြ၏။

လဝက်ကြာလေ့လာပြီးနောက် မန်ဟို့ကိုယ်ထဲတွင် ကမောက်ကမဖြစ်မှုများ မရှိတော့ကြောင်း သူတို့ ပြောနိုင်သွားသည်။ ဝိညာဉ်တစ်ကိုယ်ကိုယ်တော့ အစားခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားသည်။ ထို့အပြင် ထွက်လာမည့်ဝိညာဉ်သည် များစွာပို၍အစွမ်းထက်လာလိမ့်မည်။

“ဘယ်တစ်ယောက် နိုင်သွားတာဖြစ်မလဲ” ခရမ်းရွှေရောင်ဝတ်ရုံနှင့်အဘိုးအိုက တိုးညင်းစွာ ပြောသည်။ ကျန်ပါရာဂွန်များလည်း သူတို့၏အမြင်များ ထုတ်ပြောကြသည်။

“ဝိညာဉ်ချုပ်ဝင်္ကပါက အခု ဘာမှမလုပ်တော့ဘူး။ နဝမပါရာဂွန် အောင်မြင်သွားတာပဲဖြစ်မယ်....”

“သူ အောင်မြင်ရင် ဝိညာဉ်ချုပ်ဝင်္ကပါက အလိုအလျောက် ရပ်တန့်သွားမှာ။ ဒါပေမဲ့ မန်ဟို အောင်မြင်ပြီး နဝမပါရာဂွန်ရဲ့ ဝိညာဉ်ကို စုပ်ယူနိုင်လိုက်ရင်လည်း အာကာပြင်ကျယ်ကျင့်စဉ်တွေ ကျင့်ပြီးသားလို ဖြစ်သွားလို့ ဝင်္ကပါက ရပ်တန့်သွားဦးမှာပဲ”

လူတိုင်း စိတ်ရှုပ်ထွေးနေသည့်အချိန်မှာပင် ဂိုဏ်းချုပ်၏မျက်လုံးများ လင်းလက်တောက်ပလာသည်။ “မကြာခင် အဖြေသိရလိမ့်မယ်”

အသတ်အဖြတ်စိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ဖြတ်ပြေးသွားသော်လည်း သူသည် သက်ပြင်းခိုးချနေ၏။ မန်ဟို့ကို ပထမဆုံးမြင်ခဲ့တုန်းက သူတို့ပြင်ဆင်ထားခဲ့သည့် အနှစ်သာရ ၈ ခုပါရာဂွန်အလောင်းကို သုံးမည့်အစား မန်ဟို့အလောင်းကို သုံးဖို့ သူ အကြံရခဲ့လေသည်။ အနှစ်သာရ ၉ ခုအလောင်းက နဝမပါရာဂွန်၏တာအိုမျက်လုံး၏ စွမ်းအားကို အလေအလွင့်မရှိ ထိန်းသိမ်းပေးနိုင်သည်မဟုတ်ပါလော။

ထို့နောက် အာကာပြင်ကျယ်တာအိုခန္ဓာ ပေါ်လာခဲ့ပြီး သူ့အစီအစဉ်အတိုင်း ဖြစ်လိမ့်မည်ဟု သူ ယုံကြည်ခဲ့သည်။ အလောင်းကို သံသယဝင်ခဲ့သော်လည်း အခြေအနေကို ကိုင်တွယ်နိုင်မည်ဟု သူ အပိုင်တွက်ခဲ့သည်။

တကယ်တော့ ကြေးမီးအိမ်ကြောင့်သာ မဟုတ်ခဲ့လျှေင် သူ၏အစီအစဉ်သည် လမ်းကြောင်း‌ပေါ်မှ ချော်ထွက်သွားခဲ့မည်မဟုတ်ပေ။

ကျန်ပါရာဂွန်များထံမှလည်း သတ်ဖြတ်လိုသည့်အငွေ့အသက်များ ဖြာထွက်နေသည်။ နဝမပါရာဂွန်၏ဝိညာဉ် သူတို့မျက်စိရှေ့၌ ဝါးမြိုခံခဲ့ရလျှင်တော့ မန်ဟို့အပေါ် သူတို့၏သတ်ဖြတ်လိုစိတ်ကား ဆထက်တိုး ပြင်းထန်သွားလိမ့်မည်။

“နဝမပါရာဂွန် အနိုင်ရပါစေ”

ပါရာဂွန်ရှစ်ဦး တိတ်ဆိတ်စွာ ကြည့်နေစဉ် မန်ဟိုသည် ဝိညာဉ်နှင့် သဟဇာတဖြစ်အောင် လုပ်ဆောင်နေ၏။ နဝမပါရာဂွန်၏ဘဝ၊ သူ၏ကျင့်စဉ်များ၊ တာအိုမျက်လုံးနှင့် မှတ်ဉာဏ်များကို သူ မြင်ရသည်။ သို့သော် အာကာပြင်ကျယ်၏အပြင်ရှိ ကမ္ဘာနှင့်ပတ်သက်၍ တစ်စုံတစ်ခုမှ မမြင်ရပေ။ အပြင်လောကအကြောင်းအချက်အလက်အားလုံး ချိတ်ပိတ်ခံထားရ၍ ၎င်း၏ဖြစ်တည်မှုကို မန်ဟို ခံစားရသော်လည်း မမြင်ရပေ။

သို့သော် ရှေးဟောင်းသင်္ချိုင်းဂူနှင့်စပ်လျဉ်းသော အာကာပြင်ကျယ်ကျောင်းတော်၏ အစီအစဉ်များကိုတော့ သူ သိလိုက်ရသည်။ ထိုအချက်အလက်များကို ဖုံးကွယ်မထားပေ။

အချိန်တွေကုန်လွန်လာသည်။ ဝါးမြိုခြင်းနှင့် စုပ်ယူခြင်းဖြစ်စဉ်သည် တစ်လတိတိ ကြာမြင့်၏။ ထို့နောက် နဝမပါရာဂွန်၏ဝိညာဉ်နှင့် ရာနှုန်းပြည့်သဟဇာတဖြစ်သွားသောအခါ မန်ဟိုက သူ၏ဝိညာဉ်ကို သူ့ခန္ဓာကိုယ်တွင် နေရာယူစေလိုက်သည်။

ထိုသို့ဖြစ်ပျက်နေစဉ် သူ့ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်တော့မည့် ခံစားချက်သည် ပိုမိုအားကောင်းလာ၏။ သူ့နှလုံးခုန်သံမှာ မနှေးကွေးတော့ဘဲ ဖျတ်လတ်စွာ ခုန်လာ၍ ချီနှင့်သွေးတို့သည် နှလုံးတစ်ချက်ခုန်တိုင်း သွေးကြောများတစ်လျှောက် အရှိန်အဟုန်ဖြင့် စီးဆင်းသွားလေသည်။ ထိုမျှသာမက သူ့အရှိန်အဝါသည် စိမ့်ထွက်မနေတော့ဘဲ သူ့ကိုယ်ထဲ၌ ပြည့်နှက်လာ၏။

သို့သော် ဤအခြင်းအရာက မန်ဟို၏အတိုက်အခိုက်စွမ်းရည်သည် ယခင်နှင့်လုံးလုံးလျားလျား ကွဲပြားသွားပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ ပါရာဂွန်ရှစ်ဦး ထိတွေ့နေရသောဖိအားမှာ ပို၍ပင်ပြင်းထန်လာခဲ့လေပြီ။

ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်အားလုံးသည် မန်ဟို့ကို မမှိတ်မသုန် အကဲခတ်နေ၏။ သူတို့မေးခွန်းအတွက် အဖြေ မကြာခင် ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သူတို့ သိလေသည်။

အသက်တစ်ရှိုက်... နောက်တစ်ရှိုက်၊ နောက်တစ်ရှိုက်

မန်ဟို့လက်ချောင်းများနှင့် မျက်ခွံများ လှုပ်လာသည်။ အသက်ဆယ်ရှိုက်ကြာသော် သူသည် အားထည့်ကာ.... မျက်လုံးဖွင့်လိုက်ချေပြီ။

ထိုအခါ ပတ်ဝန်းကျင်ရှိ ပါရာဂွန်ရှစ်ဦးလုံး သူတို့၏စွမ်းအားများကို ထုတ်လွှတ်လိုက်ကြသည်။ ပုံသဏ္ဍာန်မဲ့မုန်တိုင်းတစ်လုံးက မန်ဟို့ကို အချိန်မရွေး သုတ်သင်တော့မည့် သုတ်သင်ခြင်းစွမ်းအားသဖွယ် မန်ဟို့အပေါ် ကျဆင်းလာသည်။

သို့သော် မန်ဟို့အမူအရာက ရိပ်ခနဲဖြစ်သွားခြင်းပင် မရှိပေ။ သူသည် မျက်လုံးဖွင့်၍ ကြယ်တာရာကောင်းကင်အား ကြောင်တောင်တောင် ကြည့်သည်။ ထို့နောက် သူ၏မျက်လုံးများသည် ပိုမိုကြည်လင်ပြတ်သားလာ၏။

တောင်ပင်လယ်လောက၏ မှတ်ဉာဏ်ပေါင်းများစွာက သူ့စိတ်အာရုံကို စိုးမိုးလာပြီး လောက၏ပျက်စီးမှုနှင့် အဆုံးသတ်သွားသည်။ တောင်ပင်လယ်လိပ်ပြာ အစိမ်းရောင်ခေါင်းတလားထံ ပျံသန်းသွားသည်ကို သူ မှတ်မိလိုက်၏။ ကြက်တူရွေး၏ငိုသံကိုလည်း သူ ကြား‌ယောင်လာသည်။

မန်ဟိုသည် ထိုအရာအားလုံးကို ပြန်မြင်ယောင်ပြီးနောက် နှလုံးသား၏အနက်ရှိုင်းဆုံးထဲ၌ မြှုပ်နှံလိုက်၏။ ယခု သူ့မျက်နှာထက်တွင် မြင်ရသည်မှာ ယခင်နှင့် အလွန်ကွဲပြားသွားခဲ့လေပြီ။ အပြုံးမရှိ၊ နွေးထွေးမှုမရှိ.... အေးစက်မှုသာ ရှိသည်။

သူ့တစ်ကိုယ်လုံးကား ရေခဲတုံးကြီးတစ်တုံးအလားပင်။

သူက သူ့ကို ဝန်းရံနေသော အသတ်အဖြတ်မုန်တိုင်းနှင့်ပတ်သက်၍ တွေဝေသွားပုံပေါ်ပြီး ကျန်ပါရာဂွန်များကို အေးစက်စက်ကြည့်ရင်း ဖြည်းဖြည်းချင်း ထိုင်နေရာမှထသည်။

ပါရာဂွန်များသည် မန်ဟို့ကို မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေခဲ့၏။ သူ့မျက်ဝန်းများ ကြောင်နေပြီးနောက် ကြည်လင်လာသည်ကို သူတို့ သတိထားမိခဲ့သည်။ သူ အတိတ်ကို ပြန်ပြောင်းတွေးတောနေကြောင်း သူတို့ ပြောနိုင်ပြီး သူ မည်မျှအေးစက်လာခဲ့သည်ကိုလည်း သူတို့ မြင်ရသည်။

သို့သော် ထိုအရာများက သူတို့အတွက် သုံးသပ်ဖို့ မလုံလောက်သေးပေ။ နိုးထလာသော ဝိညာဉ်က မန်ဟိုဖြစ်လျှင် မျက်လုံးများငေးကြောင်ပြီး ကြည်လင်လာကာ အတိတ်ကို ပြန်တွေးရင်း အေးစက်လာသည်က ယုတ္တိရှိလိမ့်မည်။

သို့သော် နဝမပါရာဂွန်ဆိုလျှင်လည်း အလားတူပင်။ သူသည် ကမ္ဘာအသစ်ကို ငေးငေးကြောင်ကြောင် ကြည့်ပြီးနောက် မည်သည့်နေရာမှန်း သဘောပေါက်လျှင် မျက်လုံးများကြည်လင်လာလိမ့်မည်။ အာကာပြင်ကျယ်စကြဝဠာ၏ အပြင်၌ရှိစဉ်တုန်းက မှတ်ဉာဏ်များအပြင် မန်ဟိုနှင့်တိုက်ပွဲကိုလည်း ပြန်တွေးလိမ့်မည်။ ထို့နောက် သူ့ကို အသက်အန္တရာယ်ရှိသည့်အခြေအနေထဲ ဆွဲခေါ်ခဲ့သော ပါရာဂွန်များကို ကြည့်ပြီး မျက်နှာထား တင်းမာခက်ထန်လာလိမ့်မည်။

“မင်းက ဘယ်သူလဲ” ဂိုဏ်းချုပ်က မေးသည်။ အသတ်အဖြတ်စိတ်ဆန္ဒအပြင် သူ့မျက်ဝန်းထဲတွင် ရှုပ်ထွေးတွေဝေနေမှုများကို မြင်ရနိုင်၏။ မန်ဟို နိုးထလာသည့်တိုင် ... မည်သူမှန်း မသေချာသေးပေ။

မန်ဟို၏အေးစက်စက်မျက်လုံးများက ဂိုဏ်းချုပ်ကို စိုက်ကြည့်သည်။ “ဘယ်သူလို့ ထင်လဲ”

သူတို့၏အကြည့်ချင်း ဆုံသွားသည့်အခါ ဂိုဏ်းချုပ်၏မျက်လုံးများ တောက်ပလာပြီး သူ၏နတ်ဘုရားအာရုံက ချေမှုန်းခြင်းဖိအားတစ်ခုကို စတင်ထုတ်လွှတ်သည်။

“မင်းက မန်ဟိုပဲ” သူ့စကားကြောင့် ကျန်ပါရာဂွန်များ မျက်နှာရိပ်ခနဲ ဖြစ်သွားပြီး သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒက မန်ဟို့ကို ဖျက်စီးဖို့ ထိုးဆင်းလာသည်။

ပါရာဂွန်ရှစ်ဦး၏ အသတ်အဖြတ်စိတ်ဆန္ဒကို ရင်ဆိုင်နေရသောအချိန်မှာပင် မန်ဟို့အမူအရာက မပြောင်းလဲပေ။ ရုတ်တရက် သူ့နဖူးက လင်းခနဲလက်လျက်... ခရမ်းရောင်အကြောင်းတစ်ကြောင်း ပွင့်လာကာ ... မျက်လုံးတစ်လုံးကို ဖော်ပြလိုက်၏။

၎င်းက နဝမပါရာဂွန်၏ တာအိုမျက်လုံးမှတစ်ပါး အခြားမဟုတ်ပေ။

တာအိုမျက်လုံး ပွင့်လာသောအခါ တစ်ကမ္ဘာလုံးရှိ အရာအားလုံး ငြိမ်သက်သွားသည်။ ပြီးပြည့်စုံသောဖိအားက ဖြာထွက်လာပြီး သူ့အား ပါရာဂွန်ရှစ်ဦး၏အသတ်အဖြတ်စိတ်ဆန္ဒကို တောင့်ခံနိုင်လိုက်စေသည်။

တုံ့ပြန်သည့်အနေဖြင့် သူတို့၏မျက်နှာများ ရိပ်ခနဲ ဖြစ်ကုန်သည်။ တစ်ဆက်တည်းမှာပင် မန်ဟိုက ထရပ်လိုက်ပြီး သူ ထိုသို့ရပ်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ဆန်းပြားသောအရောင်အဝါများ လင်းလက်သွားပြီး လေမုန်တိုင်းတစ်လုံး တိုက်ခတ်လာ၏။

ကမ္ဘာဦးရှေးဟောင်းစိတ်ဆန္ဒတစ်ခု နိုးထလာနေသည့်အလားပင်။

“ငါက နဝမပါရာဂွန်” သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွား၏။

ဂိုဏ်းချုပ်က တာအိုမျက်လုံးကို လေ့လာပြီးနောက် သံသယများကို မြှုပ်နှံ၍ တဟားဟားရယ်သည်။

“မင်းက တကယ်ပဲ ငါတို့အာကာပြင်ကျယ်ကျောင်းတော်ရဲ့ နဝမပါရာဂွန်ပါလား ဟားဟားဟား” ကျန်ပါရာဂွန်များက တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့သည် တာအိုမျက်လုံးကို ကြည့်ရင်း ခံစားချက်များ ရှုပ်ထွေးနေသော်လည်း တခဏကြာသော် လိုက်ရယ်ကြတော့၏။

“ကြိုဆိုပါတယ် နဝမပါရာဂွန်။ အာကာပြင်ကျယ်ကျောင်းတော်မှ ကြိုဆိုပါတယ်”

မည်သူဖြစ်ဖြစ် အရေးမကြီး။ တာအိုမျက်လုံးရှိပြီး ၎င်း၏စွမ်းအားကို ကိုင်စွဲနိုင်သရွေ့ ..... နဝမပါရာဂွန်ဖြစ်သည်။

All Chapters