အခြေချခြင်း
Vol. 102 Ch. 1419
မန်ဟိုက နဝမပါရာဂွန်အစစ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် အရေးမကြီးပေ။ အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များသည် နဝမပါရာဂွန်နှင့် တစ်ခါမှ မဆုံခဲ့ဖူး၍ သူ့အပေါ် သံယောဇဉ်တစ်စုံတစ်ရာ မခံစားကြရပေ။
သူတို့ သူ့ကို လိုအပ်သည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့၏အစီအစဉ်ကို ကူညီပေးရန်ပင်။ ထိုမျှသာမက အရေးအကြီးဆုံးက သူတို့အတွက် အလွန်အသုံးဝင်သည့် တာအိုမျက်လုံးဖြစ်သည်။
ထို့ကြောင့်လည်း နဝမပါရာဂွန် အနိုင်ပါရစေဟု သူတို့ မျှော်လင့်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုတွင် သူတို့ကြည့်နေသောလူက မန်ဟိုဖြစ်စေ၊ နဝမပါရာဂွန်ဖြစ်စေ တာအိုမျက်လုံးကို ပိုင်ဆိုင်ထားလေပြီ။ သို့ဖြစ်၍ မည်သည့်အရာမှ အရေးမပါတော့ပေ။
သူက နဝမပါရာဂွန်ဖြစ်လျှင် အဆင်ပြေသည်။ နဝမပါရာဂွန်မဟုတ်လျှင်တော့ နဝမပါရာဂွန်ဟန်ဆောင်ရလိမ့်မည်။
ဂိုဏ်းချုပ်သည် ထိုအခြင်းအရာကို သိ၍ သက်ပြင်းချလိုက်၏။ ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များလည်း သိသဖြင့် ခံစားချက်များရှုပ်ထွေးနေလေသည်။
မန်ဟိုကိုယ်တိုင်လည်း ကောင်းကောင်းသိသည်။ ထို့ကြောင့် သူသည် မျက်လုံးဖွင့်လိုက်တုန်းက မြင်ခဲ့ရသော အသတ်အဖြတ်စိတ်ဆန္ဒများကို ဖြုံပင်မဖြုံခဲ့ခြင်းဖြစ်၏။ သူ့နဖူးထက်ရှိ တာအိုမျက်လုံးကို ဖွင့်ခဲ့သည်မှာ ထိုအကြောင်းရင်းကြောင့်ပင်။
ထိုတာအိုမျက်လုံးပေါ်လာသောအခါ အန္တရာယ်အားလုံး ပျောက်ကွယ်သွားလေသည်။
ငါ့ကို မယုံချင်ဘူးလား... မင်းတို့မှာ ရွေးချယ်စရာမရှိဘူး
သူသည် နဝမပလ္လင်ထက်တွင် ရပ်လျက် ဂိုဏ်းချုပ်နှင့် ကျန်ပါရာဂွန်များကို ကြည့်ရင်း ပြုံး၏။ ၎င်းက စောစောကကဲ့သို့ အေးစက်မနေဘဲ နွေးထွေးသောအပြုံးဖြစ်သည်။ ထို့နောက် သူက လက်ယှက်၍ အရိုအသေပေးလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် တာအိုရောင်ရင်းတို့၊ အာကာပြင်ကျယ်ကျောင်းတော်ရဲ့ အစီအစဉ်ကို ကူညီဖို့ အကောင်းဆုံးကြိုးစားပါ့မယ်” သူ့အပြုံးနှင့် သူ့စကားက သူ၏လက်ရှိသဘောထားကို ဖော်ပြနေသည်။
တုံ့ပြန်သည့်အနေဖြင့် ဂိုဏ်းချုပ်၏မျက်လုံးများ လင်းလက်သွားပြီး သူက ရယ်ပြန်သည်။ “လာ လာ မင်း အခုမှ ရောက်တာဆိုတော့ ငါတို့အာကာပြင်ကျယ်ကျောင်းတော်အကြောင်း ဘယ်သိဦးမလဲ။ အကုန်လုံးနဲ့ မိတ်ဆက်ပေးမယ် လာ”
ထို့နောက် ဂိုဏ်းချုပ်က ကျန်ပါရာဂွန်ခုနစ်ဦးနှင့် မိတ်ဆက်ပေးသည်။
သူတို့ထဲက တစ်ယောက်မှာ မန်ဟို့အလောင်းကို ဝယ်ခဲ့သည့် ခရမ်းရွှေရောင်ဝတ်ရုံနှင့် အဘိုးအိုဖြစ်သည်။ သူ့နာမည်က ရှန့်ကွမ်းဟုန်ဖြစ်ပြီး သူ ပြုံး၍ မန်ဟို့ကို လက်ယှက်လိုက်စဉ် သူ့မျက်ဝန်းထဲ၌ နက်နဲသိမ့်မွေ့သောအလင်းရောင်ကို မြင်ရနိုင်သည်။
မန်ဟိုက တောက်ပစွာ ပြန်ပြုံးပြပြီး အဘိုးအို၏မျက်လုံးထဲရှိ အလင်းရောင်ကို သတိထားမိဟန်မပေါ်ပေ။ ဝတ္တရားအရမိတ်ဆက်ပြီးနောက် ဂိုဏ်းချုပ်သည် နဝမပါရာဂွန်အတွက် ကြိုတင်စီစဉ်ထားခဲ့သော တစ်ဝက်ဂြိုဟ်ပေါ်က ဘုရားကျောင်းတစ်ကျောင်းထံ မန်ဟို့ကို အခြွေအရံများနှင့် လွှတ်လိုက်၏။
မန်ဟို ထွက်သွားသည့်အခါ ဂိုဏ်းချုပ်နှင့် ကျန်အနှစ်သာရ ၉ ခုပါရာဂွန်များ၏ အပြုံးများက တင်းမာခက်ထန်သွားသည်။ သူတို့က မန်ဟို အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ပလ္လင်များအပေါ်၌ ရပ်နေကြလေသည်။
အတန်ကြာသော် ရှန့်ကွမ်းဟုန်က ချောင်းဟန့်ကာ ပြောသည်။ “ကဲ ... ဒီတိုင်းထာလိုက်မှာလား”
ဆုံးဖြတ်ရခက်နေသောအမူအရာများအား ကျန်ရှိသူများ၏မျက်နှာထက်တွင် မြင်ရနိုင်သည်။
“သက်သေမှမရှိတာ။ သူက နဝမပါရာဂွန်အစစ် ဟုတ်မဟုတ် သက်သေပြစရာမရှိဘူးလေ ...”
“အေး မရှိဘူး။ ဒါပေမဲ့ ဘာထူးမလဲ။ အစစ်ဟုတ်ဟုတ်မဟုတ်ဟုတ် အရေးကြီးဘူး။ အစစ်မဟုတ်လို့ ဟန်ဆောင်နေရင် ငါတို့ကို ထိခိုက်နေတာမှမဟုတ်တာ။ ဒါပေမဲ့ သူက အတုဆိုတာကို ဖော်ထုတ်လိုက်ရင် ငါတို့အကျိုးစီးပွားကို ထိခိုက်နိုင်တယ်”
“ဟမ့် ငါတို့အရင်းအမြစ်တွေအားလုံး အခုလိုအလကားဖြစ်သွားတာ ယုံတောင်မယုံနိုင်ဘူး။ အာကာပြင်ကျယ်အစည်းအရုံးကို ဆက်သွယ်ပြီး နောက်တစ်ယောက်အလွှတ်ခိုင်းကြမလား ..”
“အဲဒီအရင်းအမြစ်တွေကို စုဆောင်းဖို့ ငါတို့နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ ပြန်ဖြည့်ဖို့ မလွယ်တော့ဘူး၊ ဒါ့အပြင် အာကာပြင်ကျယ်အဖွဲ့အစည်းသာ ဒီကိစ္စကို သိသွားရင် ငါတို့ကို အလွှတ်ပေးမယ်ထင်လား”
အတန်ကြာဆွေးနွေးပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြပြီး ဂိုဏ်းချုပ်ကို လှမ်းကြည့်ကြသည်။
ဂိုဏ်းချုပ်က မျက်လုံးများပိတ်ထားပြီး ပြန်ပွင့်လာသောအခါ ၎င်းတို့သည် လင်းလက်တောက်ပနေ၏။
“သူ ငါတို့ကို ကူညီပေးသရွေ့ ဘယ်သူပဲဖြစ်နေပါစေ နဝမပါရာဂွန်လို့ သတ်မှတ်ရမယ်။ ကဲ သွားကြတော့ ဒီကိစ္စကို ငါတို့ကြားမှာပဲ ထားကြ” ထိုသို့ပြောပြီးနောက် သူသည် ပျောက်ကွယ်သွားပြီး မီးပင်လယ်ကို စောင့်ကြည့်ဖို့ လိပ်ခွံကြီးဆီ ပြန်ထွက်သွား၏။
သူ ထွက်သွားပြီးနောက် စကားတစ်ခွန်းက လေတွင်ပျံ့လွင့်လျက် ကျန်ခဲ့သည်။ “နဝမပါရာဂွန်ကို တရားဝင်ကြိုဆိုမယ့် အခမ်းအနားကျင်းပဖို့ ဂိုဏ်းကို အကြောင်းကြားပြီး ပြင်ဆင်ကြတော့”
ကျန်ပါရာဂွန်ခုနစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ခပ်ယဲ့ယဲ့ပြုံးလျက်သာ ကြည့်လိုက်ကြသည်။ မန်ဟို့ကို တွေ့ပြီး အကဲခတ်ပြီးနောက် သူတို့တစ်ယောက်မှ သူ့အား မမုန်းတီးမိသလို၊ သတ်ဖြတ်လိုစိတ်လည်း မဖြစ်ပေါ်ပေ။ ထိုအစား လေးပင်လေးစားမိကြသည်။
“အင်မော်တယ်နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကနှစ်ခုလုံးကို တိုက်ခိုက်ရဲခဲ့တဲ့ လောကတစ်ခုရဲ့ဥသျှောင်ဧကရာဇ်။ သေရွာကတောင် ပြန်လာနိုင်မှာတော့ .... သူ့ကို အထင်သေးလို့မရသလို၊ ရန်လည်းသွားမစသင့်ဘူး”
“ဘယ်လောက်ဉာဏ်များပြီး ရက်စက်လိုက်သလဲ။ ပြတ်လည်း ပြတ်သားတယ်။ သူ အမှားသေးသေးလေးလုပ်ခဲ့ရင် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့မှာ”
“ဒါပေမယ့် တာအိုမျက်လုံးနဲ့ အခြေအနေကို ကိုင်တွယ်နိုင်ခဲ့ပြီး ဘယ်သူမှမထိရဲမယ့် နေရာတစ်နေရာကို သိမ်းပိုက်လိုက်တယ်”
“သူက မန်ဟိုလို့ မင်းတို့အားလုံး ထင်ကောင်းထင်လောက်ပေမယ့် ငါ့အမြင်အရတော့ နဝမပါရာဂွန်ဆိုလည်း အဲဒီလိုလုပ်မှာပဲလေ” တချို့ပါရာဂွန်များက သက်ပြင်းချပြီး တချို့က ပြုံးနေကြသည်။ အလ္လာပသလ္လာပပြောပြီးနောက် သူတို့အားလုံး လူစုခွဲလိုက်ကြသည်။
တစ်ဝက်ဂြိုဟ်၏ကြယ်တာရာကောင်းကင်မှာ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာ၏။
**
အာကာပြင်ကျယ်ကျောင်းတော်၏တပည့်တစ်ယောက်က မန်ဟို့ကို နဝမပါရာဂွန်အတွက် သီးသန့်တည်ဆောက်ထားသော နန်းတော်ထံ လေးလေးစားစား ဦးဆောင်ခေါ်သွားသည်။
နန်းတော်သည် တစ်ဝက်ဂြိုဟ်၏မြောက်ပိုင်းရှိ လွင်ပြင်တစ်ခုလုံးအပြည့်အနီးပါး နေရာယူထားသော မီတာသုံးသိန်းအကျယ်ဧရိယာတစ်ခု ဖြစ်၏။ နန်းတော်တွင် နဝမပါရာဂွန်အတွက် သီးသန့်တည်ရှိသည့် အထူးတံခါးပိတ်ကျင့်ကြံရာနေရာများပင် ပါရှိသည်။ ပထမတစ်ချက်ကြည့်လျှင် ၎င်းသည် မြို့ကြီးတစ်မြို့နှင့် တူလေ၏။
နန်းတော်မှာ တောင်တန်းမြစ်ချောင်းများ၊ အဆောက်အဦးများဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။ နတ်ဥယျာဉ်တစ်ခုသဖွယ် အေးချမ်းသာယာပြီး အလယ်ဗဟိုတွင်မူ မြင့်မားသောစေတီတစ်ဆူကို မြင်ရနိုင်၏။ ထိုစေတီ၏အောက်တွင် ဘုရားကျောင်းတစ်ကျောင်း ကိန်းနေလေသည်။
စေတီမှာ မြင့်မားလွန်း၍ တိမ်တိုက်များကို ထိနေသယောင် ထင်ရသည်။ အပေါ်စီးမှ ကြည့်လျှင် တစ်ဝက်ဂြိုဟ်၏အပေါ်၌ ယခုလိုမြို့ကြီး (၉) မြို့ကို မြင်နိုင်မည်။ မှန်သည်၊ တစ်မြို့စီသည် အာကာပြင်ကျယ်ကျောင်းတော်၏ ပါရာဂွန်ကိုးဦးအပိုင်စား ဖြစ်၏။
မြို့၏အပြင်တွင် နဂါးများကခုန်နေသလို၊ ဖီးနစ်ငှက်များပျံဝဲနေသလို ကြော့ရှင်းလှပသော လက်ရေးစာရေးထားသော သစ်သားပြားတစ်ပြားကို မြင်ရနိုင်သည်။
နဝမပါရာဂွန်
ဤနေရာသည် မန်ဟို စံမြန်းရမည့်နေရာ ဖြစ်၏။ မြို့ထဲတွင် သူ၏ကိုယ်ရံတော်တပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်မည့် ဂိုဏ်းသားတစ်သိန်း နေထိုင်သည်။ ထိုတပ်ဖွဲ့တွင် အင်ပါယာသခင်သုံးဦး၊ တာအိုဥသျှောင်ခုနစ်ဦး၊ တာအိုသခင်ဒါဇင်များစွာနှင့် သာမန်တာအိုနယ်ပယ်ပညာရှင်တစ်ရာကျော် ပါဝင်သည်။ ကျန်ရှိသူများကတော့ ရှေးဟောင်းအဆင့်ဟုတ်လျှင်ဟုတ် မဟုတ်လျှင် အင်မော်တယ်အဆင့် ဖြစ်ကြလေသည်။
ထိုတပ်ဖွဲ့တစ်ဖွဲ့တည်းကတင် မန်ဟို့ကို တုန်လှုပ်သွားစေပြီး အာကာပြင်ကျယ်ကျောင်းတော်၏ အရင်းအမြစ်များအား ရိပ်စားမိစေရန် လုံလောက်သည်။
အစောင့်တစ်သိန်းအပြင် သူတို့၏မျိုးနွယ်ဝင်များနှင့် သာမန်ဂိုဏ်းသားများလည်း နေထိုင်သည်။ မြို့၏လူဦးရေစုစုပေါင်းကား တစ်သန်းကျော်ပေ၏။
လောလောဆယ်တွင် မန်ဟိုက ဘုရားကျောင်းအတွင်း၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ့အရှေ့တွင် လေးလေးစားစား ရပ်နေသော လူဆယ်ယောက်ရှိသည်။ သူတို့က အင်ပါယာသခင်သုံးဦးနှင့် အနှစ်သာရ ၆ ခု တာအိုဥသျှောင်ခုနစ်ဦးမှတစ်ပါး အခြားမဟုတ်ပေ။
အင်ပါယာသခင်များနှင့်ပတ်သက်၍ စိတ်ဝင်စရာကောင်းသည့်အရာတစ်ခု ရှိသည်။ အာကာပြင်ကျယ်ကျောင်းတော်တွင် အင်ပါယာသခင်အရေအတွက် မည်မျှရှိမှန်း မန်ဟိုမသိသလို သူတို့ မည်ကဲ့သို့ဝာာဝန်ချပေးသည်ကိုလည်း နားမလည်ပေ။ မည်သို့ဆိုစေ သူ၏အစောင့်များအဖြစ် တာဝန်ချခံရသည့် အင်ပါယာသခင်အကုန်လုံးက အမျိုးသမီးများ ဖြစ်နေသည်။
သုံးယောက်လုံးသည် လက်ဖျားခါလောက်အောင် လှပ၏။ တာအိုနယ်ပယ်အဆင့် ရောက်ရှိခဲ့သော ကျင့်ကြံသူများဖြစ်သည့်အတွက် အံ့ဩစရာတော့မရှိပေ။ စိတ်ဖောက်ပြန်သွားသူများမှအပ တာအိုနယ်ပယ်အဆင့်သို့ ရောက်ရှိလာခဲ့သော ကျင့်ကြံသူတိုင်းသည် အတိတ်တုန်းက မည်မျှအရုပ်ဆိုးခဲ့စေကာမူ ကြည့်ကောင်းလာကြ၏။ ဤသုံးယောက်ကတော့ နဂိုကတည်းက ရုပ်ခံရှိသူများပီပီ နတ်သက်ကြွေလာသကဲ့သို့ ချောမောလှပလေသည်။
အင်ပါယာသခင်များသာ အမျိုးသမီးဖြစ်လျှင် သိပ်ထူးဆန်းမည်မဟုတ်သော်လည်း အနှစ်သာရ ၆ ခု တာအိုဥသျှောင်ခုနစ်ယောက်လုံးကလည်း အမျိုးသမီးများ ဖြစ်နေသည်။ မန်ဟိုမှာ အတန်ငယ်မအံ့ဩမိဘဲ မနေတော့ပေ။ နဝမပါရာဂွန်၏မှတ်ဉာဏ်များမှတစ်ဆင့် အဖြေကို ရှာမတွေ့ခင်အထိပင်။
အာကာပြင်ကျယ်အဖွဲ့အစည်းမှာတုန်းက နဝမပါရာဂွန်သည် အမျိုးသား၊ အမျိုးသမီးကျင့်ကြံသူများကို လိုအပ်သည့် ကျင့်စဉ်တစ်ခုကို သဘောကျခဲ့၏။ ထိုအမျိုးသမီးတို့၏ ကျင့်ကြံအဆင့်မြင့်မားလေလေ၊ သူ့အတွက် စိတ်လှုပ်ရှားစရာကောင်းလေလေ ဖြစ်ခဲ့သည်။
အာကာပြင်ကျယ်ကျောင်းတော်မှ ပါရာဂွန်များလည်း ထိုအကြောင်းကို သိထား၍ သူ့အတွက် အထူးတလည်ပြင်ဆင်ပေးထားမှန်း သိသာသည်။ သို့သော် ယခုတော့ ထိုအထူးတလည်ပြင်ဆင်မှုများအားလုံး သဲထဲရေသွန်သာ။
မန်ဟိုက ဘုရားကျောင်းထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ကျောက်စိမ်းပြားတစ်ပြားကို လက်ချောင်းများဖြင့် ကစားနေသည်။ ထိုကျောက်စိမ်းပြားအတွင်း၌ အစောင့်တစ်သိန်း၏ ဝိညာဉ်များ ပါရှိရာ သူတို့ကို ထိန်းချုပ်ဖို့ သူ၏ကျင့်ကြံခြင်းအခြေခံကို သုံးစရာမလိုတော့ပေ။ အတွေးလေးတစ်ချက်ဖြင့် တစ်သိန်းလုံးကို သတ်ပစ်နိုင်၏။
“အာကာပြင်ကျယ်ကျောင်းတော်က တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ” သူက တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ထို့နောက် သူ့အရှေ့ရှိ အမျိုးသမီးဆယ်ယောက်၊ အထူးသဖြင့် အင်ပါယာသခင်သုံးဦးကို မော့ကြည့်လိုက်သည်။
ထိုသုံးယောက်အနက် တစ်ယောက်မှာ အတိုင်းထက်အလွန် အေးစက်၏။ မန်ဟို့အတွေ့အကြုံများအရ သူမကျင့်ကြံထားသည့် အအေးဓာတ်နှင့်သွေးအေးမှုအပေါ် အခြေခံသော ကျင့်စဉ်များက သူမ၏ပင်ကိုယ်စရိုက်အပေါ် သက်ရောက်မှုရှိခဲ့ပုံပေါ်သည်။
နောက်တစ်ယောက်ကတော့ နွေးထွေးပြီး မန်ဟို့ကို လေးစားရိုသေစွာ ကြည့်နေသည်။ စောစောက ဂိုဏ်းအတွင်းရှိ သူ၏လုပ်ပိုင်ခွင့်များနှင့် ဂိုဏ်း၏ဖွဲ့စည်းပုံကို ရှင်းပြပေးခဲ့သူမှာ သူမ ဖြစ်လေသည်။
တတိယအင်ပါယာသခင်၏မျက်နှာထားကမူ တင်းမာခက်ထန်နေသည်။ သူမမျက်ဝန်းများ၏အတွင်းထဲ၌ မန်ဟိုအပေါ် စက်ဆုပ်နေမှုကိုလည်း မြင်ရနိုင်၏။ သိသိသာသာပင် သူမသည် ဂိုဏ်းမှ ဤရာထူးပေးခဲ့သည်ကို စိတ်တိုင်းကျမနေပေ။
အနှစ်သာရ ၆ ခုတာအိုဥသျှောင်များနှင့်ပတ်သက်၍မူ အများစုက စိတ်လှုပ်ရှားနေကြပုံပေါ်သည်။ သူတို့အတွက် မန်ဟိုသည် လက်ညှိုးညွှန်ရာ ရေဖြစ်စေနိုင်သော အာဏာရှင် နဝမပါရာဂွန်ဖြစ်၏။
“ဟုတ်ပြီ ဆက်ပြော” မန်ဟိုက နွေးထွေးစွာပြုံးနေသော အင်ပါယာသခင်ကို အေးစက်စက် ပြောသည်။
သူမက ခေါင်းညိတ်၍ ဆက်ရှင်းပြသည်။ “အစောင့်တစ်သိန်းနဲ့ သာမန်ဂိုဏ်းသားတစ်သန်းအပြင် ကြယ်သားရဲတွေကို မွေးမြူဖို့ ဖယ်ထားတဲ့ မြောက်ပိုင်းနယ်ကိုလည်း အရှင် ပိုင်ပါတယ်
“ကျွန်မတို့ တစ်ဝက်ဂြိုဟ်အပေါ်က ဝိညာဉ်လယ်သမားသိန်းတစ်ထောင် စောင့်ရှောက်နေတဲ့ ဝိညာဉ်လယ်ကွင်းသိန်းတစ်ရာကလည်း အရှင့်ရဲ့အာဏာစက်အောက်မှာပါ။ အဲဒါတွေအပြင် အာကာပြင်ကျယ်ဂြိုဟ်ရဲ့ အန္တိမဆေးအရင်းအမြစ်သုံးမျိုးထဲက တစ်မျိုးဖြစ်တဲ့ မြေမီးတောက်ကြောတစ်ကြောလည်း ပါ,ပါတယ်ရှင့်။ မြေမီးတောက်ကြောက ထုတ်လုပ်ပေးတဲ့ ဆေးလုံးတွေနဲ့ မှော်ပစ္စည်းတွေဟာ အာကာပြင်ကျယ်ကျောင်းတော်က ထွက်ရှိတဲ့ အရင်းအမြစ်စုစုပေါင်းရဲ့ သုံးဆယ်ရာခိုင်နှုန်း ဖြစ်ပါတယ်
“အာကာပြင်ကျယ်ဂြိုဟ်ပေါ်က တိုက်ကြီးတစ်တိုက်ကိုလည်း အရှင်ပိုင်ဆိုင်ပါသေးတယ်။ အဲဒီတိုက်ကြီးရဲ့နာမည်က အာကာပြင်ကျယ်နဝမဂိုဏ်းပါ။ အဲဒီနေရာက အရှင့်ရဲ့တာအိုနန်းဆောင် တည်ရှိရာလည်း ဖြစ်ပြီး အာကာပြင်ကျယ်ကျောင်းတော်ရဲ့ ဘုရားကျောင်းအစုဝေးတွေထဲက တစ်စုလည်း ဖြစ်ပါတယ်။ သေမျိုးတွေကို ထည့်မတွက်ဘဲနဲ့တောင် အဲဒီမှာနေထိုင်တဲ့ ဂိုဏ်းသားသန်းပေါင်းများစွာ ရှိပါတယ်ရှင်
“နဝမဂိုဏ်းမှာ အရှင်က အာဏာအရှိဆုံးဖြစ်တဲ့အတွက် ကျန်တဲ့ပါရာဂွန်တွေတောင်မှ အဲဒီနေရာနဲ့ပတ်သက်တဲ့ အရှင့်ရဲ့အမိန့်တွေကို စွက်ဖက်လို့မရပါဘူး။ ဂိုဏ်းချုပ်တောင်မှ အဲဒီက အရင်းအမြစ်တွေကို ထုတ်သုံးဖို့ အရှင့်ဆီက ခွင့်ပြုချက်အရင်တောင်းရပါလိမ့်မယ်
“ဒါတင်မကသေးဘူး၊ အာကာပြင်ကျယ်ဂြိုဟ်မျက်နှာပြင်ပေါ်က မြို့ပေါင်းသုံးသန်းအနက် မြို့သုံးသိန်းကို အရှင် ပိုင်ပါတယ်။ ဂုဏ်ပြုဧည့်ခံဆောင်၊ ကောင်းမှုတော်နတ်ခန်းမနဲ့ ရတနာတိုက်တစ်သောင်းအပါအဝင် လုပ်ငန်း ၁၃၁ ခုကလည်း အရှင့်လုပ်ပိုင်ခွင့်အောက်မှာပါ
“အာကာပြင်ကျယ်ဂြိုဟ်ထဲမှာ အရှင့်ရဲ့ပိုင်နက်တွေလည်း ရှိပါသေးတယ်။ ကျင့်ကြံသူမျိုးနွယ်စု ၉၇ စုနဲ့ မြေထု ၆၄ ခု။ ဒါတွေအားလုံးက ရေတွက်လို့ရတာတွေပါ အရှင်။ ရေတွက်ဖို့ အင်မတန်များပြားလွန်းတဲ့ တခြားအရာတွေကိုလည်း အရှင်ပိုင်ဆိုင်ပါသေးတယ်
“အရှင့်ရဲ့ သစ္စာခံလက်အောက်ငယ်သားတွေထဲမှာ အနှစ်သာရ ၈ ခုပါရာဂွန်ငါးဦးနဲ့ အနှစ်သာရ ၇ ခု ပါရာဂွန်ဆယ်ဦးပါရှိပါတယ်။ သူတို့က နေရာအမျိုးမျိုးမှာ တာဝန်ကျနေတာမလို့ အခုတော့ အရှင့်ကို ဂါဝရပြုဖို့ ပြန်လာနေကြပါပြီ”
ထိုအမျိုးသမီးရှင်းပြသည်ကို နားထောင်ပြီးနောက် မန်ဟိုမှာ မှင်သက်သွားသည်။ အာကာပြင်ကျယ်ကျောင်းတော်၏ နဝမပါရာဂွန်က ... ဤမျှကြွယ်ဝချမ်းသာလိမ့်မည်ဟု သူ၏အရူးဆုံးစိတ်ကူးများထဲ၌ပင် မထင်ထားခဲ့ပေ။