← Chapters

ပြင်းထန်သော မတော်တဆမှု

Vol. 11 Ch. 532

ပြင်းထန်သော မတော်တဆမှု

Vol. 11 Ch. 532

လက်ဖက်ရည်၏ ခပ်သင်းသင်းရနံ့သည် လေထဲသို့ ပျံ့လွင့်နေပြီး ရယ်မောသံများက လေထုအား လွှမ်းခြုံထားလျက် ရှိသည်။ ထန်ရှု အိမ်ထဲသို့ ဝင်လာစဉ် ကျင်းမန်ထျန်း၏လွတ်လွတ်လပ်လပ် ရယ်မောသံအား ကြားလိုက်ရပေသည်။

"လူကြီးမင်းတို့ … အချိန်အကြာကြီး စောင့်နေခဲ့ရတာ တောင်းပန်ပါတယ်။" ထန်ရှုက လူသုံးယောက်ဆီသို့ အပြုံးဖြင့် လျှောက်လာကာ ပြောလိုက်သည်။ ပထမဆုံး မတ်တပ်ရပ်လိုက်သူမှာ စစ်ထူချောင်ဖြစ်ပြီး သူက ပြုံးကာ

“ဆရာသခင်ထန်က ယဉ်ကျေးလွန်းနေပါပြီ။ မင်းကို အချိန်မတော်ကျမှ နှောင့်ယှက်ဖို့ ရောက်လာတဲ့ ငါတို့ကသာ မယဉ်ကျေးရာ ရောက်တာပါ။”

“ကျေးဇူးပြုပြီး ကျွန်တော့်ကို ဆရာသခင်ထန်လို့ မခေါ်ပါနဲ့ဗျာ။ နာမည်ကို တန်းခေါ်လို့ရပါတယ်ဗျ။ ခဏလောက်စောင့်ပေးပါဦး … ကျွန်တော် ပစ္စည်းတွေ သွားယူလိုက်ပါဦးမယ်။"

မိနစ်အနည်းငယ်ကြာသည့်အခါ အပေါ်ထပ်မှ ပစ္စည်းများကို သွားယူဟန်ဆောင်သည့် ထန်ရှုသည် အနက်ရောင်သားရေလက်ဆွဲအိတ်သုံးလုံးကို ကိုင်ကာ ပြန်ရောက်လာပြီး ထိုသုံးယောက်ကို ပေးလိုက်သည်။

ထို့နောက် သူက အပြုံးဖြင့်

“အဲ့ဒါတွေကို သေချာကြည့်လိုက်ပါဦး။”

သုံးယောက်သား အကြည့်ချင်းဖလှယ်ကာ သားရေအိတ်များကို တစ်လုံးချင်းစီ ဖွင့်ကြသည်။ စစ်ဆေးပြီးနောက် ကျေနပ်သွားသည့်ပုံစံဖြင့် အိတ်များကို ပိတ်လိုက်သည်။ ထို့နောက် ကျင်းမန်ထျန်းက အပြုံးဖြင့် စကားစမြည်ဆိုလာသည်။ "ထန်ရှု … ဒီနတ်ဆိုးနှိမ်နင်းအဆောင်တွေက နောင်တစ်ချိန် ရှေးဟောင်းသင်္ချိုင်းရှာဖွေတဲ့အခါ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါလာလိမ့်မယ်။ ဒါတွေအတွက် မင်းကို တကယ် ကျေးဇူးတင်ပါတယ်။ နောက်ပြီး အနာဂတ်မှာ အနောက်မြောက်ဒေသကို သွားရောက်လည်ပတ်ဖို့ အခွင့်အရေး ရှိလာရင် ငါ့ကို ဆက်သွယ်ဖို့ မမေ့ပါနဲ့။”

"ထန်ရှု … ငါတို့လီမိသားစုက မြောင်ဒေသကပါ။ မင်း အဲ့ဒီနေရာကို ရောက်လာခဲ့ရင် ငါ့ကို ဆက်သွယ်ဖို့ မမေ့နဲ့ဦး။” လီယွမ်က ပြောလိုက်သည်။

"ဒါဆို စီနီယာတို့နှစ်ယောက်ကို ကြိုပြီး ကျေးဇူးတင်ပါတယ်။ ကျွန်တော် နောက်မှ အနှောင့်အယှက် ပေးပါမယ်။" ထန်ရှုက ရယ်ကာ ပြောသည်။

အလာပသလာပစကားများအား ရယ်ရယ်မောမော ဖလှယ်ကြပြီးနောက် ထန်ရှုသည် ထိုသုံးယောက်ကို လိုက်ပို့ပေးသည်။

သူ၏အိမ် တိတ်ဆိတ်သွားသောအခါ ထန်ရှုသည် သူ့လက်ထဲတွင် ရှိသည့် ငွေကြေးများကို စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်သည်။

ယခုအခါ ယွမ် ၆၅ဘီလီယံ ရှိနေပြီး ထိုကြီးမားသော ငွေပမာဏကို တွေးတောရင်း ရင်းနှီးမြုပ်နှံရန်အတွက် ထန်ရှု တွေးတောလိုက်သည်။ ထို့နောက် သူ၏လက်ကိုင်ဖုန်းကို ကောက်ကိုင်ကာ ကျင်းရှင်းကွေ့၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။

“နောက်ဆုံးတော့ ညီအစ်ကိုထန် ငါ့ဆီ ဖုန်းဆက်ပြီပေါ့။ ဗိသုကာဒီဇိုင်းနဲ့ပတ်သက်ပြီး မင်းဆီက သတင်းကောင်းကို ငါ စောင့်နေတာ။" ကျင်းရှင်းကွေ့၏အသံသည် ဖုန်းထဲမှ ထွက်လာသည်။

"အစ်ကိုကြီးကျင်း … မနက်ဖြန် ကျွန်တော် အားတယ် … မနက်ပိုင်း တွေ့ကြမလား။ လက်ရှိစီမံကိန်းတွေအပြင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်ထားတဲ့ နောက်ထပ် စီမံကိန်းတစ်ခုလည်း ကျွန်တော့်မှာ ရှိသေးတယ်။”

"နောက်ထပ်စီမံကိန်းတစ်ခုလား။ စိတ်မရှိဘူးဆိုရင် ညီအစ်ကိုထန်က ကြိုပြီး ပြောပြလို့ရမလား။ ငါ ကြိုတင်ပြင်ဆင်ထားလို့ရတာပေါ့။” ကျင်းရှင်းကွေ့က အံ့အားသင့်နေရင်း ပြန်ပြောလိုက်သည်။

“ခမ်းနားသော ထန် စီးပွားရေးလုပ်ငန်းစုရဲ့ဌာနချုပ်ကို ရှန်ဟိုင်းကို ပြောင်းရွှေ့ဖို့ ကျွန်တော် စီစဉ်နေတယ်။ ကျွန်တော်တို့ရဲ့ အဆောက်အအုံအတွက် နေရာတစ်ခုကို ရှာနိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် မရှိရင်တော့ ဆောက်လုပ်ဖို့ အရင်းအနှီးအများကြီး ရင်းနှီးမြှုပ်နှံရလိမ့်မယ်။”

ကျင်းရှင်းကွေ့ ထိတ်လန့်သွားပြီး

“နားလည်ပြီ ညီအစ်ကိုထန်။ ဒီကိစ္စကို မနက်ဖြန်မနက်မှာ ဆွေးနွေးကြတာပေါ့။"

"အိုခေ…" ထန်ရှုက ကျင်းရှင်းကွေ့နှင့် တွေ့ဆုံရန် နေရာတစ်ခု ချိန်းလိုက်ပြီးနောက် ဖုန်းချလိုက်သည်။

…ဖုန်းမြည်သံ…

ဖုန်းချလိုက်သည်နှင့် သူ၏လက်ကိုင်ဖုန်းက အသံမြည်လာပြန်သည်။ ဖုန်းကို ယူ၍ကြည့်လိုက်ရာ လုံကျန့်ယုထံမှ ခေါ်ဆိုသည်ကို တွေ့လိုက်ရသည်။ သူ အဖြေခလုပ်ကို ဖိတော့မည့်ဆဲဆဲတွင် သူ၏အမူအရာသည် အနည်းငယ် လှုပ်ရှားသွားပြီး “ထွက်သွား … ဒီနေရာကို ခိုးဝင်မလာနဲ့။"

"ဟီးဟီးဟီး … မင်းက တကယ်ကို အံ့သြစရာပဲ ဆရာသခင်ထန်။ နတ်ဘုရားတွေ၊ သရဲတစ္ဆေတွေက ငါ့ကို အနံ့ခံနိုင်မှာမဟုတ်ဘူးလို့ ငါ ထင်ခဲ့ပေမယ့် မင်းက မထင်မှတ်ပဲ ရှာတွေ့နိုင်ခဲ့တယ်။ ခုနကသုံးယောက်တောင် … သူတို့ထဲက ဘယ်သူမှ ငါ့ကို သတိထားမိမှာ မဟုတ်ဘူး။” ယန်လီ ရယ်ကြဲကြဲဖြင့် ပြောလာသည်။

“သူတို့က လျှို့ဝှက်မျိုးနွယ်စုက လူတွေ ဖြစ်နိုင်ပေမယ့် ဖုံးကွယ်ခြင်းနဲ့ ပုန်းအောင်းခြင်းပညာရပ်တွေမှာ သူခိုးဂိုဏ်းကို ဘယ်မှီပါ့မလဲ။ ဘယ်လိုပဲဖြစ်ဖြစ် မင်း မြင်ချင်၊ ကြားချင်တာတွေကို မြင်ဖူးကြားဖူးသွားပြီဆိုတော့ ကိုယ့်အိမ်ကို ပြန်ပြီး အိပ်တာပဲဖြစ်ဖြစ် တစ်ခုခု လုပ်မနေသင့်ဘူးလား။ ငါ့မှာ အခုချိန်ထိ လုပ်စရာတွေ ရှိသေးတယ်။”

"ဟင့်အင်း … ငါ မင်းကို မေးချင်တာနှစ်ခု ရှိသေးတယ်။" ယန်လီက မြန်မြန်ပြောလိုက်သည်။

“ပြောကြည့်လေ။” ထန်ရှုက လေသံခပ်ပေါ့ပေါ့ဖြင့် ပြောလိုက်သည်။

ထို့နောက် ယန်လီသည် ထန်ရှု၏အနားသို့ ရောက်လာပြီး သိလိုစိတ်ဖြင့် မေးလာသည်။

"ထန်ရှု … မင်း အဲ့ဒီဘိုးတော်သုံးယောက်နဲ့ အတိအကျ ဘာစီးပွားရေး စာချုပ်ချုပ်ခဲ့တာလဲ။ ကျင်းမန်ထျန်းပြောတဲ့အတိုင်း နတ်ဆိုးနှိမ်နင်းအဆောင်လို့ ငါ့ကို မပြောနဲ့နော်။"

“တကယ်လည်း ဒါက နတ်ဆိုးနှိမ်နင်းအဆောင်ပဲလေ။ ငါက ဒီအဆောင်ကို ပြုလုပ်နိုင်တယ်။ သူတို့က အဲ့ဒါကို လိုအပ်နေတယ်။ ဒါကြောင့် ငါတို့အားလုံးအတွက် အကျိုးရှိစေမယ့် စီးပွားရေးလုပ်ငန်းတစ်ခုပဲ။"

"တကယ်ကြီး။" ယန်လီ အံ့သြသွားသည်။ "မင်း တကယ်ပဲ နတ်ဆိုးနှိမ်နင်းအဆောင်ကို ထုတ်လုပ်နိုင်တာလား။ ဝါး … အဲ့ဒါ တကယ်မိုက်တယ်။”

"ဒုတိယမေးခွန်း … "

"မင်း ဖုန်းမခေါ်တော့ဘူးလား။ ဒုတိယမေးခွန်းကို မေးဖို့ ငါ စောင့်နိုင်ပါတယ်။” ယန်လီက ပြောသည်။

"ငါ ဖုန်းမဆက်ခင် မင်းကို အရင်ပြန်လွှတ်ရမယ်။ အဲ့ဒါကို မြန်မြန်မေးပါ … ငါ့အချိန်တွေကို မဖြုန်းနဲ့။"

ယန်လီက ပြုံးလိုက်ပြီး

“ကောင်းပြီ။ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုရဲ့ ဌာနချုပ်ကို ရှန်ဟိုင်းကို ပြောင်းရွှေ့ချင်တယ်လို့  မင်း ပြောတာကို ကြားလိုက်တယ်။ မင်းက အဲ့ဒီလုပ်ငန်းရဲ့ သူဌေးကြီးလား။"

"ဟုတ်တယ်။" ထန်ရှုက တန်းဝန်ခံလိုက်သည်။

"ငါ သိသားလေးပဲ။ မင်းက ရိုးရိုးလူပြိန်းတစ်ယောက် မဟုတ်ဘူးဆိုတာ ငါ ခန့်မှန်းထားပြီးသားပဲ။” ယန်လီက လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။ “ဒါပေမယ့် မင်း ဒီလောက် အံ့သြစရာ ကောင်းလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ မင်း သိပါတယ် မင်းရဲ့ ခမ်းနားသောထန် စီးပွားရေးလုပ်ငန်းစုက…”

ထန်ရှုက လက်ကို မြှောက်ကာ သူ၏စကားအား ကြားဖြတ်လိုက်ပြီး

"မင်း ငါ့ကို ချီးမွမ်းချင်ရင် မင်းပါးစပ်ကို ပိတ်ပြီး အခု ထွက်သွားပေးလို့ရမလား။ ငါ့မှာ ဖြေရှင်းစရာတွေ ရှိနေတုန်းမို့။”

ယန်လီက ကြောင်အအ စိုက်ကြည့်နေပြီးနောက်  အားတင်းပြုံးလိုက်ကာ

“ကောင်းပြီ … ငါ့ကို ဒီမှာရှိဖို့ ခွင့်မပြုဘူးဆိုတော့ အခုပဲ ထွက်သွားလိုက်ပါ့မယ်။ သောက်ကျိုးနည်းအောင် … မင်းက အတော်ကို အလုပ်များတဲ့လူပဲ။"

ယန်လီသည် ထန်ရှု၏အကြည့်အောက်တွင် မကျေမနပ်မျက်နှာပေးဖြင့် ထွက်ခွာသွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ထန်ရှုသည် ယန်လီပြန်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီးမှ စိတ် အနည်းငယ် သက်သာရာရသွားသည်။ အမှန်အတိုင်း ပြောရမည်ဆိုပါက သူ သတိမထားမိအောင် သူ့အိမ်ထဲကို ခိုးဝင်ပြီး အချိန်အတော်ကြာသည်အထိ ဖုံးကွယ်ထားနိုင်သောကြောင့် ယန်လီကို တကယ်ပင် ထန်ရှု သဘောကျမိပေသည်။

"ကျန့်ယု … မင်း ငါ့ကို ဒီလောက်နောက်ကျမှ ဖုန်းဆက်တာ တစ်ခုခု ဖြစ်ခဲ့လို့လား။" ထန်ရှုက လုံကျန့်ယုကို ပြန်ခေါ်ပြီး တန်းမေးလိုက်သည်။

"ထန်ရှု … ငါတို့တောင်နံရံရွာစီမံကိန်းမှာ ကြီးမားတဲ့ မြေပြိုမှု ဖြစ်သွားတယ်။ လူ ၁၂ ဦး သေဆုံးပြီး နှစ်ဆယ်ကျော် ပျောက်ဆုံးနေတယ်။” လုံကျန့်ယုမှ လျင်မြန်စွာ ပြောလိုက်သည်။

"ဘာတွေ ဖြစ်သွားတာလဲ။" ထန်ရှု၏မျက်နှာ ပျက်သွားကာ မေးလိုက်သည်။

"အရင်က ငါ ဒီအကြောင်း ပြောပြဖူးတာ မင်း မှတ်မိသေးလား။ တောင်နံရံကျေးရွာမှာ မြေပြိုတဲ့ ပြဿနာ ရှိခဲ့ဖူးပေမယ့် အဲ့ဒီအချိန်တုန်းက မတော်တဆမှု အသေးအမွှား ဖြစ်တာကလွဲလို့ ထူးထူးခြားခြား မဖြစ်ခဲ့တော့ ငါလည်း အလေးအနက် မထားမိခဲ့ဘူး။ စွန့်ပစ်ထားတဲ့ ရှေးဟောင်းသင်္ချိုင်းတစ်ခု ဆိုပြီး မြေဖို့လိုက်ရင် အဆင်ပြေပြီလို့ ထင်ခဲ့တာ။ အဲ့ဒါရဲ့အောက်က နေရာက ဒီလောက်ကြီးတယ်လို့ ဘယ်သူက ထင်မှာလဲ။ အပေါ်က လွတ်နေတဲ့ သင်္ချိုင်းက ဖုံးကွယ်ထားရုံအတွက်ပဲလို့ ငါ အခုတော့ သံသယဖြစ်မိတယ်။ ရှေးဟောင်းသင်္ချိုင်းအစစ်က အဲ့ဒါရဲ့အောက်ဘက်မှာ ရှိနေတယ်။”

“ဒါဆို ပြောရရင် မြေပြိုတာက ရှေးဟောင်းသင်္ချိုင်း တည်ရှိမှုကြောင့်လို့ မင်း ထင်တာပေါ့။”

ထန်ရှု အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ် … ရှေးဟောင်းသင်္ချိုင်းက အဲ့ဒီမြေပြိုတာအတွက် အဓိကအကြောင်းရင်းပဲ။” လုံကျန့်ယုက ဖြေသည်။

ထန်ရှု တခဏမျှ နှုတ်ဆိတ်သွားပြီး

“နောက်ဆက်တွဲကိစ္စတွေကို မင်း ဘယ်လို ဖြေရှင်းထားလဲ။”

“ရဲကို မတော်တဆမှုအတွက် အကြောင်းကြား ထားတယ်။ လက်ရှိမှာ မီးသတ်သမားတွေက ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေတယ်။ စီမံကိန်းက လုံးဝရပ်ထားလိုက်ရတော့ အချိန်တစ်ခုကြာတဲ့အထိ နှောင့်နှေးသွားမှာကို ငါ စိုးရိမ်တယ်။"

“အလုပ်သမားတွေကို ကယ်တင်တာ အရင်လုပ်ဖို့ သတိရပါ။” ထန်ရှုက လေးနက်သော အသံဖြင့် ပြောသည်။

"ငါ ကြယ်တာရာကို ချက်ချင်း လာခဲ့မယ်။ တွေ့တော့မှ အကုန်ပြောကြတာပေါ့။"

"နားလည်ပြီ။" လုံကျန့်ယုက အမြန်ပြန်ဖြေသည်။

ထို့နောက် ထန်ရှုသည် ဒုတိယထပ်သို့ သွားကာ အဝတ်အစားများကို ထုတ်ယူပြီး သူ့လက်စွပ်ထဲသို့ ထည့်လိုက်သည်။ စာကြည့်ခန်းထဲတွင် ထားသော ဆန်းကြယ်သားရဲကို အစာကျွေးပြီးနောက် နေအိမ်မှ အလျင်အမြန် ထွက်လာလိုက်တော့သည်။ သို့သော် သူသည် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးပြီး အိမ်နံပါတ်(၁၁) ရှေ့မှ အဖြတ်တွင် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသဖြင့် အော်ခေါ်လိုက်သည်။

"ယန်လီ ထွက်လာဦး။"

မကြာမီ ယန်လီသည် အပေါ်ပိုင်းဗလာကျင်းလျက် ချွေးသံတရွှဲရွှဲဖြင့် ထန်ရှု၏မြင်ကွင်းတွင် ပေါ်လာသည်။

"ဘာများတုန်း…"

"မင်းက သူခိုးဂိုဏ်းက ဆင်းသက်လာတာဆိုပေမယ့် အဲ့ဒါက လျှို့ဝှက်ဂိုဏ်းရဲ့ အဆက်အနွယ်ပဲလေ။ ဆိုတော့ မင်း အရင်တုန်းက ရှေးဟောင်းသင်္ချိုင်းတွေကို တူးဖော်ဖူးတယ် မဟုတ်လား။" ထန်ရှုက မေးလိုက်သည်။

"ဆရာသခင်ထန် … မင်း ငါ့ကို ထပ်ပြီး ရယ်စရာလုပ်ဖို့ ကြိုးစားနေတာလား။" ယန်လီက တဟားဟား ရယ်မောလိုက်သည်။ “သူခိုးဂိုဏ်းကနေ ငါတို့လုပ်နေတာက နဂါးသွေးပြန်ကြောတွေကို ရှာနေတာ။ ငါတို့တွေက သင်္ချိုင်းတူးဖော်တာ၊ သင်္ချိုင်းဖောက်တာမှာ ကျွမ်းကျင်သူတွေ ဖြစ်သလို ရတနာတွေကို ရှာဖွေရာမှာလည်း ကျွမ်းကျင်ပါတယ်။ ဒါပေမယ့် ငါကတော့ ဒီနယ်ပယ်မှာ ထူးထူးခြားခြား ကျွမ်းကျင်တဲ့သူ မဟုတ်ဘူး။ ဒီနှစ်ဆို ငါ့အသက် ၂၆နှစ် ရှိပြီ။ ဒါပေမယ့် ငါ ရှာဖွေခဲ့တဲ့ ရှေးဟောင်းသင်္ချိုင်း အရေအတွက်က ဂဏန်းသုံးလုံးထက် မပိုဘူး။ အဲ့ဒါက ငါ့ကို တစ်ခုခု သတိရစေတယ်။ မင်း ငါ့ဆီကနေ ရသွားတဲ့ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေက ငါ့ရဲ့အနက်ရောင်အတိတ်က ရှေးဟောင်းသင်္ချိုင်းတချို့ကနေ ငါ ရခဲ့တာ။”

"ဒီလိုဆိုမှတော့ ငါနဲ့ ခရီးတစ်ခု လိုက်ခဲ့ဦး။" ထန်ရှု ခေါင်းညိတ်ကာ ပြောသည်။

"ဘယ်နေရာကိုလဲ။" ယန်လီက သံသယဝင်စွာ မေးလာသည်။

"ရွှမ်းချင်ပြည်နယ် … ကြယ်တာရာမြို့ကို…"

“မဖြစ်နိုင်တာ။ ကြယ်တာရာမှာ ရှေးဟောင်းသင်္ချိုင်းတစ်ခုကို မင်းတွေ့ထားတာလား။ ယန်လီက အံ့အားသင့်စွာ မေးလိုက်သည်။

“ဟုတ်တယ် … ဟိုမှာ ရှေးဟောင်းသင်္ချိုင်းတစ်ခု ရှိနေတယ်။ နောက်ပြီး အဲ့ဒါက ငါ့စီမံကိန်းရဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင်အောက်မှာ ရှိနေတာ။ အဲ့ဒီမှာ မြေပြိုတာတွေ ဖြစ်ပြီးတော့ လူအများအပြား သေသလို ပျောက်ဆုံးနေသူတွေလည်း ရှိတယ်။ အဲ့ဒီကို ငါနဲ့အဖော်လိုက်ခဲ့လေ။ အခြေအနေတစ်ချက် သွားကြည့်ရအောင်။”

ယန်လီက ပြန်မဖြေဘဲ တခဏလောက် ငြိမ်နေပြီးမှ “အဲ့ဒီမှာတွေ့တဲ့ ရတနာတွေကို ဘယ်လို ခွဲဝေမလဲ။”

"ငါ့အတွက် ၉၀%၊ မင်းအတွက် ၁၀%။ ငါတို့အလုပ်ပြီးသွားရင် မင်းအတွက် လျှော့ဈေးတစ်ခု ရလိမ့်မယ်။" ထန်ရှုက ပြောသည်။

"ချီးပဲ ထန်မျိုးရိုးကောင် … မင်းက အတော် ရက်စက်စဉ်းလဲလွန်းတာ မဟုတ်ဘူးလား။"

"နေခဲ့မလား … လိုက်ခဲ့မလား။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ယန်လီ စကားတစ်လုံးမျှ မပြောဘဲ ကျန်ရစ်ခဲ့သည်။ ထန်ရှု ထွက်သွားသည်ကို ကြည့်ပြီး

"နေဦး … နေဦး … မသွားပါနဲ့ဦး။ မင်းက ဆရာသခင်ဆိုတော့ မင်း ပြောတာကို ငါ မေးခွန်းထုတ်စရာ မလိုဘူးမလား။ ခဏလေး။ တစ်မိနစ်လောက် စောင့်ပေးပါ။ ငါ့နေရာမှာ … အာာ… အလှလေးနှစ်ယောက် ရှိနေတယ်။ ငါးမိနစ်ပဲ။ သူတို့ကို ပြောပြပြီး ငါ့ပစ္စည်းတွေ ထုပ်ပိုးဖို့ အချိန်ပေးပါ။ ငါးမိနစ်လောက်ပဲ။"

"မင်းရဲ့ကားကို ယူလာဖို့ မမေ့နဲ့ဦး။"

ယန်လီကို နောက်ကနေ သတိပေးရင်း ထန်ရှု၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။

မနက်လေးနာရီလောက်တွင် ဆာ့ဖ်ကားနှစ်စီးသည် ကြယ်တာရာဆီသို့ ဦးတည်မောင်းလာခဲ့သည်။ ဤတစ်ကြိမ်တွင် ထန်ရှုသည် ယန်လီကို သူနှင့်အတူ ခေါ်လာရုံသာမက ထာဝရခန်းမ၏ အခြားကျွမ်းကျင်သူ လေးဦးကိုပါ ခေါ်လာခဲ့သည်။ ဟိုးအဝေးဆီကပင် ထန်ရှုသည် မီးများလင်းထိန်နေသော တောင်နံရံရွာလေး၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို မြင်နိုင်ပေသည်။ မီးသတ်ကားများနှင့် မီးသတ်သမားများစွာ ရောက်နေကြပြီး မတော်တဆဖြစ်ထားသော လူများကို တစ်ညလုံး ကယ်တင်ရန် ကြိုးစားခဲ့ကြသည်။

"မင်း ငါ့ကို ဘာလို့ ဒီကို ခေါ်လာတာလဲ ထန်ရှု။" ရှေ့ခုံတွင် ထိုင်နေသော ယန်လီက သိလိုစိတ်ဖြင့် မေးလိုက်သည်။

“ဒါက ကြယ်တာရာမြို့ရဲ့ လုံမိသားစုက လက်ရှိတည်ဆောက်နေတဲ့ တောင်နံရံရွာစီမံကိန်းပဲ။ ဆောက်လုပ်ရေးနဲ့ ဖွံဖြိုးရေးတွေ ပြီးသွားရင် ငါလည်း ဒီမှာလုပ်ငန်းတချို့ ရှိတော့မှာမို့လို့ ဒီအခြေအနေအတွက် ငါ့မှာလည်း တာဝန်ရှိပါတယ်။ မြေပြိုကျမှုဖြစ်ပွားခဲ့တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အောက်မှာ ငါတို့ ဝင်ရောက်လေ့လာမယ့် ရှေးဟောင်းသင်္ချိုင်းက ရှိနေတယ်။”

“ဒါဆို ပြောရမယ်ဆိုရင် ရှေးဟောင်းသင်္ချိုင်း တည်ရှိမှုကြောင့် မြေပြိုမှုဖြစ်လာတယ်ပေါ့။” ယန်လီက အံ့သြစွာ ရေရွတ်လိုက်သည်။

"ဟုတ်တယ်။" ထန်ရှုက အဖြေပေးသည်။

မကြာမီ ကားနှစ်စီးသည် ရပ်သွားကာ ထန်ရှု၊ ယန်လီနှင့် ကျွမ်းကျင်ပညာရှင်လေးဦးတို့သည် အထဲသို့ အလျင်အမြန် ဝင်သွားကြသည်။ ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှု ရရှိခဲ့သော လုံကျန့်ယုသည် သူ၏လူယုံနှစ်ဦးနှင့်အတူ အမြန်လာရောက် တွေ့ဆုံခဲ့သည်။

"လက်ရှိအခြေအနေက ဘယ်လိုလဲ။" ထန်ရှု တန်းမေးလိုက်သည်။

“ဒဏ်ရာရသူ ၂၂ ဦးနဲ့ သေဆုံးသူ ၆ ဦး ရှိတယ်။ ပျောက်ဆုံးနေသူ ၇ ဦးရှိတယ်။ ဒါပေမယ့် အဲဒီခုနစ်ယောက်က အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းနည်းပဲ ရှိမှာကို ငါ ကြောက်မိတယ်။” လုံကျန့်ယုက ခါးခါးသီးသီးဟန်ဖြင့် ပြောသည်။

“ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်ပါ။ သူတို့အားလုံးကို ရှာရမယ်။ သူတို့ အသက်ရှင်နေသေးသည်ဖြစ်စေ၊ မရှင်တော့သည်ဖြစ်စေ ငါတို့တွေ သူတို့ရဲ့ရုပ်အလောင်းတွေကို ရှာဖွေနေရဦးမှာပဲ။ မျှော်လင့်ချက်သေးသေးလေး ရှိနေရင်တောင်မှ ငါတို့ ဘယ်တော့မှ မစွန့်လွှတ်သင့်ဘူး။"

***

All Chapters