← Chapters

လူသန်ကြီး ဟာကြူလီ

Vol. 11 Ch. 533

လူသန်ကြီး ဟာကြူလီ

Vol. 11 Ch. 533

လုံကျန့်ယုက လေးလေးနက်နက် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"အဲ့ဒါအတွက် ငါ သူတို့ကို ညွှန်ကြားထားပါတယ်။ ရာချီတဲ့ အလုပ်သမားတွေ၊ ဒါဇင်ချီတဲ့ မီးသတ်သမားတွေအပြင် မြို့ထဲက ရဲတပ်ဖွဲ့တွေရော၊ ငါတို့လုံမိသားစုက လုံခြုံရေးအစောင့်ဒါဇင်များစွာရော အဲ့ဒီပျောက်ဆုံးနေတဲ့လူတွေကို ရှာဖွေကယ်ဆယ်ဖို့ အစွမ်းကုန် လုပ်ဆောင်နေတယ်။ မင်း စိတ်ချပါ … မြေလှန်ပစ်ရမယ်ဆိုရင်တောင် ပျောက်ဆုံးနေတဲ့ အလုပ်သမားတွေကို ရှာဖွေဖို့ ငါတို့တွေ အတတ်နိုင်ဆုံး ကြိုးစားသွားမယ်။”

"ငါလည်း ကူညီမှာပါ။"

ထန်ရှုက လုံကျန့်ယု၏ပခုံးကို ပုတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ဆီသို့ လျှောက်လာသည်။ ထိုနေရာသို့ ရောက်သည်နှင့် သူ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ပြီး စတုရန်းမီတာ ၂၀၀ မှ ၃၀၀ အတွင်း နယ်မြေကို ဖုံးလွှမ်းလိုက်သည်။

လက်ရှိမှာတော့ မြေအောက်ထဲတွင် ပိတ်မိနေသည့် အလုပ်သမားလေးဦးနှင့် အလောင်းနှစ်လောင်းကို ထန်ရှု တွေ့ရှိထားသည်။ သို့သော်လည်း ထို၄ဦးအနက် နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး အချိန်မီ မကယ်တင်နိုင်ခဲ့ပါက မသေခင် နာရီပေါင်းများစွာ ကြာအောင် ခံစားနေရပေလိမ့်မည်။

တစ်ချိန်တည်းမှာပင် ထန်ရှုသည် လှေကားထစ် ပုံသဏ္ဍာန်ရှိသော ဂူဝင်ပေါက်တစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်း၏အောက်ဘက် မီတာဆယ်နှင့်ချီသော အနက်တွင် အပေါက်ဝများစွာ ရှိသော်လည်း သူ၏စိတ်ဝိညာဉ်အာရုံအတွက်မူ ထိုအတွင်းပိုင်းသည် အကန့်အသတ် မဟုတ်ပေ။

…အစီအရင်တစ်ခုလား…

ထန်ရှုသည် မျက်လုံးများကို မှေးစင်းလိုက်ပြီး အပျက်အစီးများဆီသို့ ဦးတည်သွားခဲ့သည်။ ထို့နောက် သူက အောက်ဘက်သို့ ညွှန်ပြပြီး လေးနက်သော အသံဖြင့်

“ကျန့်ယု … ဒီနေရာကို တူးဖို့ တစ်ယောက်ယောက်ကို ချက်ချင်း အမိန့်ပေးလိုက်။ ဒါပေမဲ့ တူးရင် အရမ်းသတိထားဖို့ မမေ့နဲ့လို့၊ ပိတ်မိနေတဲ့ အလုပ်သမားတချို့က အဲ့ဒီအောက်မှာ ရှိနေတယ်။”

လုံကျန့်ယု တွေကနဲ ဖြစ်သွားကာ မြေပြင်ပေါ်သို့ လှဲပြီး အသံများကို နားထောင်ရန် ကြိုးစားလိုက်ရင်း ပဟေဠိဆန်သော အမူအရာဖြင့်

"ငါက ဘာလို့ လုံး၀ အသံတွေ မကြားရရတာလဲ။"

"ငါ့ရဲ့အကြားအာရုံက သာမန်လူတစ်ယောက်ထက် အဆပေါင်းများစွာ ပိုပြီး ထက်မြက်တယ်။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

တခဏလောက် စဉ်းစားရင်း ထန်ရှုအပေါ် လုံးဝ ယုံကြည်မှုရှိသည့် လုံကျန့်ယုက ဒါဇင်နှင့်ချီသော အလုပ်သမားများ၊ မီးသတ်သမားများကို ချက်ချင်းပင် အခင်းဖြစ်သောနေရာသို့ လှမ်းခေါ်လိုက်ပြီး အပျက်အစီးများအား စတင်တူးဖော်ကြသည်။

"ဖြည်းဖြည်းလုပ်ပေးပါ…" ထန်ရှုက သည်အတိုင်းမနေဘဲ လက်အိတ်တစ်စုံကိုယူကာ ကွန်ကရစ်ကို အားစိုက်ကာ စတင်ရွှေ့လိုက်သည်။ ယန်လီနှင့် ထာဝရခန်းမ၏ကျွမ်းကျင်သူလေးဦးပါ ပါဝင်လုပ်ဆောင်ခဲ့သည်။

ဆယ်မိနစ်လောက် ကြာသည့်အခါ အလုပ်သမားတစ်ယောက်က

“သူဌေး … ဒီသံမဏိတုံးတွေကို ကျောက်တုံးကြီးတစ်တုံးက ဖိထားတယ်။ ကရိန်း (ဝန်ချီစက်)အသုံးမပြုဘူးဆိုရင် အဲ့ဒါကို ရွှေ့လို့ရမှာ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒီကျောက်တုံးကို မဖယ်ရင် ငါတို့ ဆက်ပြီး ရှင်းလင်းရေး လုပ်လို့ မရတော့ဘူး။”

လုံ့ကျန့်ယု မျက်မှောင်ကြုတ်နေပြီး အတော်လေး အကြံရခက်နေဟန်ရသည်။ ဤကဲ့သို့ ရှုပ်ထွေးနေသော အချိန်တွင် သည်နေရာသို့ ကရိန်း(ဝန်ချီစက်)ကို ခေါ်ခြင်းသည် လက်တွေ့မကျလှပေ။ နေရာတစ်ခုလုံး ရှုပ်ပွနေပြီး ကရိန်း ဝင်လာပါက အခြေအနေ ပိုဆိုးသွားပေမည်။

"ဖယ်လိုက် … ငါ ရွှေ့ပေးမယ်။" ထန်ရှုက ပြောသည်။

"မမိုက်ချင်စမ်းပါနဲ့။ ဒီကျောက်တုံးက အနည်းဆုံး ပေါင် ၄၀၀ ရှိတာကို။ လူအနည်းငယ်နဲ့ ရွှေ့ရင် ရွေ့ မှာ မဟုတ်သလို လူအများကြီး အဲ့ဒါကို တစ်ပြိုင်နက် ရွှေ့မယ်ဆိုရင်တောင် ဘေးပတ်လည်က အပျက်အစီးတွေကို ရှင်းလင်းဖို့ လိုသေးတယ်။ အဲ့ဒီရှင်းလင်းရေးက အချိန်ယူရမှာဖြစ်လို့ အဲ့ဒါကို ချက်ချင်း ရွှေ့နိုင်မယ်မဟုတ်ဘူး။”

အလုပ်သမား ပြောနေသည်များမှာ မှန်ကန်ပြီး ထန်ရှုလည်း ထိုအချက်အား ကောင်းစွာ သဘောပေါက်သည်။ ပတ်ဝန်းကျင်နှင့် အခြေအနေမှာ မရေရာသောကြောင့် အမှားအနည်းငယ်ဖြင့်ပင် ဒုတိယအကြိမ် မြေပြိုမှုဖြစ်နိုင်ချေရှိပြီး အထက်ပါလူများ ထိခိုက်ဒဏ်ရာ ရရှိသွားနိုင်သည်။ ထိုလူလေးယောက်လုံး ပြင်းပြင်းထန်ထန် အားထုတ်တာတောင်မှ ကျောက်တုံးက မလှုပ်ချေ။

…ဒါပေမယ့် သူက သာမန်လူ ဟုတ်ရိုးလား…

ထန်ရှုက ထိုအလုပ်သမားကို ဘေးသို့ တွန်းထုတ်လိုက်ပြီး

"ကျန့်ယု … တခြားလူတွေကိုပါ ဆုတ်ခိုင်းပြီး ငါ့ကို နေရာတစ်ခုဖယ်ပေး…"

ထိုစကား ကြားသည်နှင့် လုံကျန့်ယုက ထန်ရှု၏ ညွှန်ကြားချက်ကို ချက်ချင်း လိုက်နာကာ လုပ်ဆောင်ပေးသည်။ထန်ရှုသည် နက်ရှိုင်းသောတွင်းထဲတွင် ရပ်နေရင်း သူ၏ခြေဖဝါးအောက်တွင် တစ်ဝက်ခန့်ပေါ်နေသော ကျောက်တုံးကြီးကို ကြည့်နေသည်။ သူသည် ထိုကျောက်တုံးကြီးအား လက်များဖြင့် ပွေ့ဖက်ကာ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်သည်။

"သူ ဘာလုပ်ချင်နေတာလဲ … ဒီကျောက်တုံးကို သူတစ်ယောက်တည်း မချင်နေတာလား။”

"ဒီကလေးက ငနုံလား။ လူသန်ကြီးဟာကြူလီ ဒါမှမဟုတ် တစ်ခုခုလို့ သူ့ကိုယ်သူ ထင်နေတာလား။”

“အဲ့ဒါက ဝါးနိုင်တာထက် ပိုစားနေတာပဲ။ သူသာ တကယ်ရွှေ့နိုင်ရင် အဲ့ဒီကျောက်တုံးကို ငါ စားပြမယ်။"

"အာ … အကြီးအကဲလုံမှာ ဒီလိုသူငယ်ချင်းမျိုး ဘယ်လို ရှိနေတာလဲ။ တကယ်ပါပဲ…”

“…”

ဘယ်သူမှ ၎င်းတို့၏အတွေးများကို ဖုံးကွယ်မထားကြချေ။ ထိုအချိန်တွင် ယန်လီကိုယ်တိုင်ပင် အထင်သေးသော အကြည့်ဖြင့် ရှိနေပြီး ထန်ရှုသည် သူ့ကိုယ်သူ အရှက်ကွဲခံသည်ဟု တွေးရင်း တိတ်တဆိတ် အထင်သေးနေမိသည်။ ထန်ရှုသည် အတန်ငယ် ကျွမ်းကျင်သည်ဟုဆိုရင်တောင် သူ၏ခွန်အားသည် အလွန်ကောင်းမွန်သည်ဟုများ သူ တကယ် တွေးနေခဲ့ရော့သလား။

…ဝါးနိုင်တာထက် ပိုစားနေတာဟ… ယန်လီက စိတ်ထဲမှ လှောင်ပြောင်နေသည်။

ထန်ရှုသည် ဘေးပတ်လည်ရှိလူတိုင်းကို လျစ်လျူရှုကာ တစ်ဝက်ပေါ်နေသော ကျောက်တုံးကြီးအား လွယ်လွယ်ကူကူ ဖယ်ရှားလိုက်သည်။ သို့သော် ကြည့်ရှုသူများ မထိတ်လန့်စေရန်နှင့် ဝါကြွားခြင်း မဖြစ်စေရန်အတွက် ကျောက်တုံးအား အားကုန်သုံးကာ မလေဟန် ခက်ခက်ခဲခဲ ရွှေ့ပြခြင်းဖြင့် မည်မျှ ခက်ခဲသည်ကို ဟန်ဆောင်ခဲ့သည်။

… ရှူး…

ထန်ရှု၏ကျောက်တုံးကို ရွှေ့လိုက်ပုံကို မြင်သောအခါ ယန်လီ၏မျက်လုံးများ ပြူးကျယ်သွားရသည်။ သူ၏စိတ်ဓာတ် ခိုင်မာသည့်တိုင် ရင်တထိတ်ထိတ် ဖြစ်နေရသည်။

ပတ်ဝန်းကျင်က အလုပ်သမားများ၊ မီးသတ်သမားများနှင့် လှောင်ပြောင်သရော်သည့် မှတ်ချက်စကားများ ဆိုခဲ့ကြသူများသည် အနေရခက်နေပြီး ကျောက်ရုပ်ပမာ ဖြစ်နေကြသည်။ ထန်ရှုသည် တွင်းထဲမှ ကျောက်တုံးကို မပြီး ဖယ်ပစ်လိုက်ချိန်မှသာ သူတို့သည် နောက်ဆုံးတွင် အသိ ပြန်ဝင်လာခဲ့သည်။

"ဘုရားရေ …. ငါ ဘာကို မြင်လိုက်ရတာလဲ။”

"သောက်ကျိုးနည်း ... သူက စူပါမင်းလားဟ။ ပေါင် ၄၀၀လေးတဲ့ ကျောက်တုံးကြီးကို သူတစ်ယောက်တည်း ဖယ်ထုတ်လိုက်တာ။”

"ဘုရားရေ … ပေါင်၄၀၀လေးတဲ့ ကျောက်တုံးတစ်တုံးက မြေကြီးထဲမှာ တစ်ဝက်လောက် မြှုပ်နေလို့ ဒါဇင်ချီတဲ့ ယောက်ျားတွေ ရွှေ့လို့မရတာတောင်  သူက ဆွဲထုတ်နိုင်တုန်းပဲလား။ သူက လူသားရော ဟုတ်ရဲ့လားဟ။"

“သိပ်ကောင်းတယ်…”

“…”

လုံကျန့်ယုက ထန်ရှုကို လက်မထောင်ပြပြီး တခြားသူများအား

“ကြောင်ပြီး ကြည့်မနေကြနဲ့။ မင်းဖင်ကြီးကို မြန်မြန်ရွှေ့ပြီး တူးကြပါဟ။ အောက်မှာ အသံတစ်ချို့ ကြားနေရတယ်။ ဒါက ငါတို့တွေ မှန်ကန်တဲ့နေရာကို တူးဖော်မိနေတာလို့ ပြနေတာပဲ။ ဒုတိယမြေပြိုမှု မဖြစ်အောင် သတိထား။”

"နားလည်ပါပြီ။"

ပတ်ဝန်းကျင်ရှိ လူတိုင်းက ထန်ရှုကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေကြပြီးမှ တညီတညွတ်တည်း ကျယ်လောင်စွာ အော်လိုက်ကြသည်။

အချိန်များ ကုန်ဆုံးလာပြီးနောက် နာရီဝက်အကြာတွင် ဒါဇင်ချီသောလူများက အတူတကွ တူးကြသဖြင့် နှစ်မီတာကနေ သုံးမီတာအထိ ရောက်လာသည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်၏လက်တစ်ဖက် ထွက်ပေါ်လာသဖြင့် အောက်နားရှိ ဂူဝင်ပေါက်အား ဖော်ပြပြီး ဖြစ်သွားသည်။

“ငါတို့ကို ကယ်ပါ။” ဟူသော ဗလုံးဗထွေး အော်ဟစ်သံနှင့်အတူ ထွက်ပေါ်လာသော လက်သည် သွေးများ ပြည့်နှက်နေသည်။

"ဒီမှာ တစ်ယောက်ယောက် အသက်ရှင် နေသေးတယ်ဟေ့။"

အလုပ်သမားတစ်ယောက်က စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် အားလုံးက ပိုမိုကြိုးစားပြီး အားစိုက်ထုတ်ကြရာ နောက်ဆုံးတွင် ပြင်းထန်စွာ ဒဏ်ရာရနေသည့် အလုပ်သမား နှစ်ယောက်ကို အတွင်းကနေ ကယ်ထုတ်နိုင်ခဲ့သည်။ ထန်ရှုသည် ထိုလူနှစ်ဦးကို ကိုယ်တိုင် ကုသပေးခဲ့ပြီး အကန့်အသတ်ရှိသော ဆေးဝါးကိရိယာများကြားမှ ၎င်းတို့၏အသက်ကို ကယ်တင်ပေးနိုင်ခဲ့လေသည်။

ဆေးရုံ၏လူနာတင်ယာဉ်ဖြင့် ထိုဒဏ်ရာရသော အလုပ်သမားနှစ်ဦးကို ခေါ်ဆောင်သွားသောအခါ လုံကျန့်ယုသည် ထန်ရှုကို လက်မထောင်ပြပြီး

“ညီအစ်ကိုထန် …  မင်းရဲ့အစွမ်းအစကို ငါ တကယ် ယုံကြည်ပါတယ်။ မင်းက ဒီလောက်အကြားအာရုံ ကောင်းနေတာဆိုတော့ အောက်မှာ ပိတ်မိနေတဲ့ တခြား အလုပ်သမားတွေကို ကယ်ဆယ်ဖို့အတွက်ရော ဘယ်လိုလဲ။"

"သေချာတာပေါ့။"

ထန်ရှုက လိုက်လျောစွာဖြင့် မိနစ်အနည်းငယ်အကြာတွင် သူသည် မီတာဆယ်ဂဏန်းအကွာရှိ အခြားတစ်နေရာကို လက်ညှိုးထိုးပြပြီး

“အောက်ခြေမှာ တစ်ယောက်ယောက် ရှိနေတယ်။ သူ အသက်ရှင်နေသေးတယ်။"

"တချို့လူတွေ မြန်မြန်လာပါဦး။ အဲ့ဒီနေရာကို တူးပြီး ကယ်တင်ကြပါဟ။” လုံကျန့်ယုက ဝမ်းသာအားရ အော်လိုက်သည်။

ယခုအချိန်တွင် လူတိုင်းက ထန်ရှုအား အပြည့်အဝ ယုံကြည်လာကြပြီဖြစ်ပြီး လုံကျန့်ယု၏အမိန့်အရ လူဒါဇင်ပေါင်းများစွာက စတင်တူးဖော်ခဲ့ရာ နာရီဝက်ကြာပြီးနောက် နောက်ဆုံးတွင် လူနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့သည်။

"ကျန့်ယု … ပျောက်နေတာ ခုနစ်ဦးရှိတယ်လို့ မင်းပြောခဲ့တာနော်။"

ထန်ရှုသည် သူ ဦးတည်သွားနေသော နေရာတိုင်းနှင့် လမ်းကြောင်းတိုင်းကို ဂရုတစိုက် ကြည့်ရန် သူ၏စိတ်ဝိညာဉ်အာရုံကို အသုံးပြုခဲ့ရာ လူလေးဦး အသက်ရှင်နေသေးပြီး နှစ်ဦးသေဆုံးသွားသည်ကို တွေ့ရှိခဲ့သည်။

လုံကျန့်ယုက ခေါင်းညိတ်ပြီး

"ဟုတ်တယ် …. တကယ် လူခုနစ်ယောက်ပဲ။"

သတ္တမမြောက်လူ၏နေရာအား တကယ်ပင် ရှာမတွေ့သောကြောင့် ထန်ရှု၏မျက်ခုံးများ တွန့်ချိုးနေသည်။

တစ်နည်းအားဖြင့်ဆိုရသော် အဖြေနှစ်ခုသာ ရှိပေမည်။ ပထမတစ်ခုသည် ပျောက်ဆုံးနေသူတွေကို ရေတွက်ရာတွင် အမှားအယွင်းဖြစ်ခဲ့ခြင်းဖြစ်ပြီး အမှန်တကယ် အောက်ခြေတွင် ပိတ်မိနေသည်မှာ လူခြောက်ဦးသာ ဖြစ်မည်။ ဒုတိယတစ်ခုသည် နောက်ဆုံးပျောက်ဆုံးနေသူသည် မြေကြီးအောက်တွင် နစ်မြှုပ်သွားပြီး အပြင်သို့ ထွက်ရန် လုံးဝအကြားအဟ မရှိသည်ဖြစ်ရမည်။

ထန်ရှုသည် မိနစ်အတော်ကြာ လမ်းလျှောက်ပြီး လူတိုင်းစတင်တူးဖော်ရန်အတွက် နေရာများစွာကို ကျပန်းရွေးချယ်ခဲ့သည်။ အဲ့ဒီထဲက တစ်ခုသည် သေဆုံးသွားသော လူ၂ဦး နစ်မြှုပ်သွားသည့် နေရာ ဖြစ်သည်။ သူသည် ယန်လီအား ရှေးဟောင်းသင်္ချိုင်းဂူ အဝင်ဝတွင် စတင်တူးဖော်ရန် ခေါ်ဆောင်လာပြီး အလောင်းနှစ်လောင်းကို တူးဖော်ပြီးသည့် နောက်ဆုံးတွင် မိုးလင်းခဲ့ပြီဖြစ်သည်။

"အ…အကြီးအကဲလုံ … ငါ … ငါတို့ သူ့ကို တွေ့ပြီ။ ငါတို့ နောက်ဆုံးလူကို တွေ့ပြီ။"

ခေါင်းဆောင်တစ်ယောက် ဖြစ်ပုံရသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်သည် အပျက်အစီးများနှင့် အရှုပ်အထွေးများထဲ ပြေးဝင်လာကာ အော်ပြောလိုက်သည်။

"မင်း ဘာကို ဆိုလိုတာလဲ။"

လက်ရှိတွင် ပျောက်ဆုံးနေသော သတ္တမမြောက် အလုပ်သမားကို ရှာဖွေရန် လူတိုင်းကို ဦးဆောင်နေသည့် လုံကျန့်ယုသည် ထိုလူ၏ အော်ဟစ်သံကို ကြားလိုက်သောအခါ ချက်ချင်းပင် မေးလိုက်သည်။

“မတွေ့ရသေးတဲ့ သတ္တမမြောက် ပျောက်ဆုံးနေသူက လီချွမ်ပဲ။” လူလတ်ပိုင်းအရွယ် အမျိုးသားက ကမန်းကတန်း ပြောလိုက်သည်။

“သူက အလုပ်ချိန် ပြောင်းပြီး အပြင်ထွက်ပြီး အရက်သောက်ခဲ့တယ်။ ခုနလေးမှ မူးပြန်လာပြီး အလုပ်သမားတန်းလျားဘေးက ရေမြောင်းထဲမှာ အိပ်နေတယ်။”

“ငိုးမသား…”

ထိုသူအား ရှာဖွေနေရသဖြင့် စိတ်မောလူမော ဖြစ်နေသော လုံကျန့်ယုတစ်ယောက် အလွန် ဒေါသထွက်သွားပြီး ဒေါသတကြီး ဆဲလိုက်သည်။

ထန်ရှုသည် လူလတ်ပိုင်း၏အစီရင်ခံစာကို ကြားပြီး မချိပြုံး ပြုံးမိသည်။ သူသည် လုံကျန့်ယု၏ဘေးသို့ လျှောက်လာကာ

"ကျန့်ယု … ပျောက်ဆုံးနေတဲ့လူအားလုံးကို တွေ့ပြီဆိုတော့ ဒီနေရာက ထွက်ခွာဖို့ ရဲတွေနဲ့ မီးသတ်သမားတွေကို ပြောလိုက်တော့။ နောက်ပြီး အလုပ်သမားအားလုံးကို ပြန်ပြီး အနားယူဖို့ ညွှန်ကြားထားလိုက်ဦး။”

လုံကျန့်ယု တိတ်တဆိတ် ခေါင်းညိတ်သည်။ လူပင်ပန်း၊စိတ်ပင်ပန်းဖြင့် လုပ်ဆောင်ပြီးနောက်တွင် ရဲများနှင့် မီးသတ်သမားများသည် နောက်ဆုံးတွင် ထွက်ခွာသွားပြီး အလုပ်သမားများသည်လည်း ထွက်ခွာသွားခဲ့သည်။ သို့သော်လည်း ထန်ရှု၏ တိတ်တဆိတ် ညွှန်ကြားချက်အရ လုံအုပ်စုမှ လုံခြုံရေးအစောင့် ဒါဇင်ပေါင်းများစွာသည် ထွက်ခွာမသွားဘဲ မြေပြိုသည့်နေရာကို ပိတ်ဆို့ကာ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ရောက်လာခြင်းမပြုရန် ပိတ်ဆို့တားဆီးထားသည်။

"မင်း ဘာတွေ လုပ်နေတာလဲ ညီအစ်ကိုထန်…"

လုံကျန့်ယုသည် ထန်ရှုနှင့် ယန်လီတို့အပြင် ထာဝရခန်းမမှ ကျွမ်းကျင်သူလေးဦးတို့အတူ အပျက်အစီးများ တူးဖော်နေသည်ကို ကြည့်ရှုနေရင်း ထန်ရှု၏အနားသို့ ရောက်လာကာ ထူးဆန်းနေဟန်ဖြင့် မေးလာသည်။

“အောက်ဘက်က ရှေးဟောင်းသင်္ချိုင်းတစ်ခုရဲ့ ဝင်ပေါက်တစ်ခုရှိတယ်လို့ ငါ သံသယ ရှိနေတယ်။ အဲ့ဒါကြောင့် မြေပြိုတဲ့ မတော်တဆမှုကို ဖြစ်စေပြီး အပေါ်က ဘာမှမရှိတဲ့ သင်္ချိုင်းလွတ်အတုကို မထင်မှတ်ပဲ ဖော်ပြခဲ့တယ်။ ငါ အဲ့ဒါကို ဘာရှေးဟောင်းသင်္ချိုင်းလဲလို့ ဆင်းကြည့်မလို့။” ထန်ရှုက ဖြေသည်။

လုံကျန့်ယု အံ့သြထိတ်လန့်သွားပြီး အလျင်စလို တားလိုက်သည်။

"မလုပ်နဲ့။ မိုက်မဲတာတွေ ဘာမှ မလုပ်လို့ရမလားကွာ။ ဒုတိယမြေပြိုမှုဖြစ်သွားရင် မင်း သေချာပေါက် ပိတ်မိနေလိမ့်မယ်။"

"စိတ်မပူပါနဲ့ … ငါ ဘာတတ်နိုင်လဲဆိုတာ ငါ သိပါတယ်။ အန္တရာယ်တွေဆီ သတ္တိရှိရှိဆင်းသွားပြီး နောက်ဆုတ်ဖို့ အရည်အချင်းမရှိရင် ငါ့အသက်ကို ဘယ်တော့မှ စွန့်ဝံ့မှာ မဟုတ်ဘူး။ နောက်ပြီး ဒီယန်လီက ငါ့သူငယ်ချင်းပါ။ သူက ရှေးဟောင်းသင်္ချိုင်းတွေ အများကြီးကို လေ့လာခဲ့ပြီးပြီမို့ သူ အဖော်လုပ်ပေးရင် မင်း ငါ့ကို မစိုးရိမ်ရတော့ဘူး။"

သံသယအတွေးများနှင့် လုံကျန့်ယုက  အံကို တင်းတင်းကြိတ်လိုက်ပြီး

"ဒါဆို ငါလည်း မင်းနဲ့အတူ အဲဒီ့အောက်ကို လိုက်ဆင်းမယ်။"

ထန်ရှု ခေါင်းယမ်းလိုက်ရင်း

"မင်း ငါ့နောက်ကို လိုက်နေတာထက် လူအားလုံးအတွက် မင်းမှာ ပိုပြီး အရေးကြီးတဲ့ လုပ်စရာတစ်ခု ရှိတယ်။ အလုပ်သမားတွေကို အားပေးနှစ်သိမ့်ပေးရမယ်။ ဒဏ်ရာရသူတွေကို သွားကြည့်ဖို့နဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နှစ်သိမ့်ပေးဖို့ ဆေးရုံကို သွားရမယ်။ သေဆုံးသွားတဲ့ အလုပ်သမားတွေအတွက် လျော်ကြေးငွေ အမြောက်အများ ပေးပြီးတော့ သူတို့ရဲ့ မိသားစုဝင်တွေကို ကောင်းကောင်း ဂရုစိုက်ပေးဖို့လည်း လိုတယ်။”

“ဒါ … တစ်ခုခုဖြစ်ခဲ့ရင် …” လုံကျန့်ယုက တုံ့ဆိုင်းနေဆဲ ဖြစ်သည်။

“အဲ့ဒါတော့ ရှိမှာမဟုတ်ဘူး။ မင်း ငါ့အရည်အချင်းကို မယုံဘူးလို့တော့ မပြောဘူးမဟုတ်လား။" ထန်ရှုက သူ့လက်ကို ဝှေ့ယမ်းပြီး တားမြစ်လိုက်သည်။

လုံကျန့်ယုက တခဏလောက် စဉ်းစားနေသည်။ မြေပြိုမှု၏နောက်ဆက်တွဲကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ သူ တကယ်ပင် ဆေးရုံကို သွားရမှာ ဖြစ်သည်။ ထို့ကြောင့် သူ ခေါင်းညိတ်လိုက်သည်။ သို့သော် ဆောက်လုပ်ရေး လုပ်ငန်းခွင်ကနေ မထွက်ခွာခင် ထန်ရှုအား လွန်စွာ သတိထားရန် သူ တိုက်တွန်းခဲ့သေးသည်။

***

All Chapters