ရှေးဟောင်းဂူသင်္ချိုင်း၏ တည်နေရာကူးပြောင်းရေးမုခ်၀
Vol. 11 Ch. 534
အရှေ့ဘက်မိုးကုပ်စက်ဝိုင်းဆီမှ တောက်ပသော အနီရောင်လင်းရောင်ခြည် မြင့်တက်လာချိန်တွင် လေအေးစီးကြောင်းများသည် နံနက်ခင်းတစ်ခုလုံးအား လွှမ်းခြုံထားပေသည်။ ထန်ရှုတို့အဖွဲ့သည် အဆက်မပြတ် တူးဖော်ပြီးနောက် ရှေးခေတ်ဂူသင်္ချိုင်း၏ဝင်ပေါက်သည် လူတိုင်း၏အရှေ့တွင် ပေါ်လာခဲ့တော့သည်။ ဤရှေးဟောင်းသင်္ချိုင်းဝင်ပေါက်ကြောင့် မြေပြိုမှုဖြစ်ပွားကြောင်း ယန်လီက အတည်ပြုနိုင်သောကြောင့် သူသည် ဂူသင်္ချိုင်းဗိသုကာ တည်ဆောက်ပုံတွင် နက်ရှိုင်းသော အသိပညာ ဗဟုသုတ ကောင်းစွာရှိကြောင်း ထင်ရှားပေသည်။
"သေချာရဲ့လား။" ထန်ရှုက စူးစမ်းလိုသောအမူအရာဖြင့် အတည်ပြုလိုက်သည်။
"သေချာတယ်။ မျက်စိကိုလှည့်စားဖို့အတွက် အစစ်အမှန်သင်္ချိုင်းရဲ့အထက်မှာ သင်္ချိုင်းအတုတစ်ခု ရှိရတယ်။ အဲ့ဒီနေရာကို အထောက်အပံ့လုပ်ပေးဖို့ သံမဏိသွန်းတိုင်တွေကို သင်္ချိုင်းအတုထဲမှာ ထည့်သွင်းထုလုပ်ထားခဲ့တာ။ အပေါ်မှာ ဆောက်လုပ်ရေးဝင်နေတဲ့အချိန် သင်္ချိုင်းအတု ပြိုကျတဲ့အတွက် ဒီလှေကားထစ်ဝင်ပေါက်ရဲ့ အထောက်အပံ့က အားနည်းသွားပြီး မြေပြိုမှု ဖြစ်လာခဲ့တာ။”
ထန်ရှုက သံသယရှိနေသည့် အမူအရာဖြင့်
“ဒီနေရာမှာ ဘယ်သူက သင်္ချိုင်းကို ဆောက်မှာလဲ။ ပြောရမယ်ဆိုရင် သင်္ချိုင်းအတုကိုလည်း သူတို့က ထည့်ဆောက်ထားလိုက်သေးတယ်။”
“သင်္ချိုင်းတစ်ခုကို ငုံပြီးဆောက်ထားတဲ့ သင်္ချိုင်းတစ်ခု၊ အများကြီး မြှုပ်နှံရအောင် လုပ်ထားတဲ့ ဆက်စပ်နေတဲ့ သင်္ချိုင်းတွေ၊ အတုအယောင်အကာအရံတွေနဲ့ ဝှက်ထားတဲ့ သင်္ချိုင်းတွေ စသဖြင့် ရှေးဟောင်းသင်္ချိုင်းတွေ အများကြီး ရှိတယ်ကွ။ တစ်ယောက်ယောက်ကနေ အစစ်အမှန် ရှေးဟောင်းအုတ်ဂူကို မတူးဖော်စေချင်တဲ့အတွက် ဒီသင်္ချိုင်းက လျှို့ဝှက်အမျိုးအစား ဖြစ်လိမ့်မယ်။ လှေကားရဲ့ အကျယ်နဲ့ အမြင့်ကို ကြည့်ရင် ဒီရှေးဟောင်းသင်္ချိုင်းက အတော်ကြီးမှာကို ကြောက်ရတယ်။ ဒီရှေးဟောင်းသင်္ချိုင်းမှာ မြှုပ်နှံထားတဲ့ ကွယ်လွန်သူက မြင့်မြတ်တဲ့အမျိုးအနွယ် ဒါမှမဟုတ် မင်းမျိုးမင်းနွယ်တွေကြားမှာ ကြီးကျယ်ခမ်းနားတဲ့ လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လိမ့်မယ်နဲ့တူတယ်။”
…မြင့်မြတ်တဲ့အမျိုးအနွယ် ဒါမှမဟုတ် မင်းမျိုးမင်းနွယ်… ဟုတ်လား။
ထန်ရှု၏မျက်လုံးများထဲတွင် အထင်အမြင်သေးသော အရိပ်အယောင်တစ်ချက် ပေါ်လာသည်။ တော်ဝင်မိသားစု၏သင်္ချိုင်းဂူတစ်ခုသာ ဖြစ်ခဲ့မည်ဆိုပါက စိတ်ဝိညာဉ်အာရုံ ရှာဖွေခြင်းမှ လွတ်ကင်းစေရန် အစီအရင်တစ်ခုကို မည်သို့ စီစဉ်နိုင်ပါမည်နည်း။
"ဘာပဲဖြစ်ဖြစ် တစ်ချက် ဆင်းကြည့်ကြတာပေါ့။"
ထန်ရှုသည် လှေကားအတိုင်း အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မိနစ်အနည်းငယ်အကြာတွင် သူသည် ယန်လီအား ပထမဂိတ်တံခါးရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီဖြစ်သည်။
… ရှူး…
ယန်လီသည် နှစ်မီတာအမြင့် ကျောက်တံခါးကို လက်ဖြင့် ထိတွေ့ကြည့်လိုက်ပြီး သက်ပြင်းချမိသွားသည်။ မယုံကြည်နိုင်သော အမူအရာသည် သူ့မျက်နှာထက်တွင် အထင်းသား ဖြစ်နေသည်။
"ဘာဖြစ်လို့လဲ။" ထန်ရှု မျက်ခုံးပင့်ကာ မေးလိုက်သည်။
ယန်လီက ကျောက်တံခါးကို ညွှန်ပြရင်း စကားထစ်ပြီး “ညီ… ညီအစ်ကို … ညီအစ်ကိုထန် … ဒီကျောက်တံခါး … အဲ့ဒါက လုံး၀ စိန်နဲ့လုပ်ထားတာ။ ဘုရားရေ … ငါ အိပ်မက် မက်နေတာပဲ ဖြစ်ရမယ်။ ဒီကမ္ဘာကြီးမှာ ဒီလောက်ကြီးမားတဲ့ စိန်တုံးကြီး ဘယ်လို ရှိနိုင်မလဲ။ အရေးအကြီးဆုံးက... ဒီကျောက်တံခါးကို တစ်စုံတစ်ယောက်က သွန်းလုပ်ထားတာ သေချာတယ်။"
ထန်ရှုသည် ၎င်းတံခါးအပေါ်တွင် ထွင်းထားသော နဂါးများ၊ ဖီးနစ်များနှင့် ချီလင်များသည် အချိန်မရွေး အသက်ဝင်လာမည့်ဟန် ရှိသည်ကို တွေ့ရသည်။ ယန်လီ၏ ထိတ်လန့်မှုကို သူနားလည်နိုင်သည်။ စိန်တုံးပေါ်တွင် ထိုသို့သော ပုံစံများကို ထွင်းထုခြင်းသည် အမှန်တကယ် မခက်ခဲသော်လည်း ဤရှေးဟောင်းသင်္ချိုင်းကို တည်ဆောက်ခဲ့ခြင်းမှာ လက်ရှိခေတ်တွင် မဟုတ်ဘဲ အတိတ်ကာလက ဖြစ်သည်။ ရှေးခေတ်က လူကြီးများ ထိုအရာအား မည်သို့များ လုပ်ခဲ့ပါနည်း။
ထို့အပြင် ထိုစိန်တုံးကြီးသည် ယန်လီ၏ သိမြင်မှုနယ်ပယ်ထက် ကျော်လွန်နေသော အရာတစ်ခု ဖြစ်ပေသည်။
"တံခါးကို ဖွင့်ဖို့ နည်းလမ်းရှိလား။" ထန်ရှုသည် သည်တံခါးအား သူ၏လက်ရှိအင်အားဖြင့် တိုက်ရိုက်ချိုးဖျက်ရန် အလွန်မလွယ်ကူမှန်း သိနေသောကြောင့် ဒီပြဿနာသည် ထန်ရှုကို အစိုးရိမ်ဆုံး ဖြစ်စေသည်။ သူ လုပ်နိုင်ရင်တောင်မှ မြေပြိုမှုကို နောက်တကြိမ်ဖြစ်စေမည့် ကြိုးပမ်းမှုမျိုးကို ထပ်လုပ်ဝံ့မည်မဟုတ်ပေ။ အကယ်၍ ထိုသို့သော အကျပ်အတည်းအခြေအနေတစ်ခု ဖြစ်ခဲ့ပါက သူ့တွင် ကြောက်မက်ဖွယ် ခွန်အားများ ပိုင်ဆိုင်ထားရင်တောင်မှ လွတ်မြောက်ရန် မဖြစ်နိုင်ပါပေ။
ယန်လီက သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီးနောက် သူ၏မျက်လုံးများသည် ရဲရဲနီလျက် ခေါင်းယမ်းလိုက်ပြီး "မသေချာဘူး … ငါ အဲ့ဒါကို လေ့လာကြည့်ဖို့လိုတယ်။"
"အဲ့ဒါဆို … မြန်မြန်လေ့လာပါ။ ငါတို့မှာ အချိန် သိပ်မကျန်တော့ဘူး။” ထန်ရှုက တိုက်တွန်းလိုက်သည်။
"ဟမ် … အပြင်မှာ စောင့်နေတဲ့လူမရှိဘူးလား။ ငါတို့အတွက် အချိန်အများကြီး ရသင့်တယ် မဟုတ်ဘူးလား။" ယန်လီက ထူးထူးခြားခြား ပြောလာသည်။
“ဒီရှေးဟောင်းသင်္ချိုင်းရဲ့သတင်းက အပြင်မှာ ပေါက်ကြားသွားပြီးပြီဆိုတော့ ပြည်နယ်ဌာနက ကျွမ်းကျင်ပညာရှင်တွေနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက တိုက်ခတ်တဲ့လေနဲ့အတူ ဒီနေရာကို အပြေးအလွှား ရောက်လာတော့မှာ အသေအချာပဲ။ သူတို့ ရောက်လာပြီဆိုတာနဲ့ ငါတို့ ဘာရနိုင်ဦးမယ်ထင်လဲ။” ထန်ရှုက လေသံပေါ့ပေါ့ဖြင့် ရှင်းပြလိုက်သည်။
ယန်လီက လန့်ဖျပ်သွားပြီး
“မင်း ပြောတာမှန်တယ် ညီအစ်ကိုထန်။ ပြောရမယ်ဆိုရင် စိန်နဲ့လုပ်ထားတဲ့ ဒီတံခါးက ငါတို့အတွက်ပဲ။ ဒါက မကုန်မခန်းနိုင်တဲ့ ငွေရင်းမြစ်တစ်ခုဆိုတဲ့ အဓိပ္ပာယ်။ ဒီတံခါးကို ငါတို့ ကိုင်တွယ်ဖြေရှင်းနိုင်သရွေ့တော့ ဒီလိုအမှတ်မထင်ရတဲ့ ဥစ္စာပစ္စည်းတွေက ငါတို့ကို နေ့ချင်းညချင်း ချမ်းသာသွားစေမှာ။”
…ဟူး... အတွေ့အကြုံလည်း မရှိ ဉာဏ်လည်း မရှိတဲ့ အကောင်…
စိတ်တွင်းထဲမှ သက်ပြင်းချရင်း ထန်ရှုက သူ့ကို လျစ်လျူရှုလိုက်ကာ ထိုတံခါးကို ကိုယ်တိုင် လေ့လာလိုက်သည်။ သူ့ကို အံ့အားသင့်သွားစေသည်မှာ တံခါးဖွင့်ရန် နည်းလမ်းအား သူ ရှာမတွေ့ခဲ့သော်လည်း ယန်လီမှာမူ ခဏလောက် လေ့လာပြီး ဖွင့်နိုင်ခဲ့ပေသည်။ ထန်ရှုပင် ထိုကဲ့သို့ စွမ်းဆောင်နိုင်စွမ်းမရှိပေ။
"မင်း ဘယ်လို လုပ်လိုက်တာလဲ။"
"အင်း … ဒါ ငါ အမွေဆက်ခံခဲ့တဲ့ လျှို့ဝှက်ချက်ပဲ။ တောင်းပန်ပါတယ်။ ငါ အဲ့ဒါကို မင်းကို ပြလို့ မရဘူး။"
ယန်လီက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ "ဒါပေမယ့် မင်းသိချင်ရင် ငါ တတ်နိုင်..."
သူ၏အပြုံးက အေးခဲသွားသည်။ ဖြည်းဖြည်းချင်း ပွင့်ဟလာသည့် တံခါးနှစ်ရွက်ကို စိုက်ကြည့်နေရင်း သူ၏စကားများက တစ်စုံတစ်ခုကြောင့် ရုတ်တရက် ရပ်တန့်သွားကာ မျက်လုံးပေါက်ထွက်လုမတတ် စိုက်ကြည့်နေသည်။
"ညီ … ညီအစ်ကိုထန် … ငါ အိပ်မက်တာမဟုတ်ဘူးလို့ ခံစားနိုင်အောင် ငါ့ကို ဆိတ်စမ်းပါ။ စိန်နဲ့လုပ်ထားတဲ့ ဒီတံခါးက တကယ်ကြီး နှစ်မီတာတောင် ထူတာ လား။ ဒီကမ္ဘာကြီးမှာ … ဒါ … ဒါက … နားမလည်နိုင်လောက်အောင် ကြောက်စရာ ကောင်းလွန်းနေတယ်။”
ထန်ရှုက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းမိပြန်သည်။ အသေးအမွှား တော်တော်များများကို နုံနုံအအ မှတ်ချက်ပေးနေသည့် သည်သခင်လေးကို သူ၏အတွေ့အကြုံအရ ဂရုစိုက်ရန်ပင် ပျင်းလွန်းလှသည်။ ထို့နောက် သူသည် အထဲသို့ လှမ်းဝင်လိုက်ပြီး လှေကားထစ်များအတိုင်း အောက်သို့ ဆင်းလိုက်သည်။
ဒုတိယ တံခါးကို ယန်လီက ထပ်ဖွင့်လိုက်ပြန်သည်။ သည်တံခါးအား ယခင်တံခါးလို စိန်နှင့် မထုထားသဖြင့် ယန်လီကို ထပ်ပြီး မထိတ်လန့်စေသော်လည်း ထန်ရှု အံ့သြရမည့်အလှည့် ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် တံခါးကို နှစ်တစ်ထောင်သံနက် မှ သွန်းလုပ်ထားသောကြောင့် မာကျောမှုအဆင့်သည် ပထမတံခါးထက် ကျော်လွန်နေသောကြောင့်ဖြစ်သည်။
"ဒီတံခါးက ဘာနဲ့လုပ်ထားတာလဲ။"
ယန်လီသည် မျက်မှောင်ကြုတ်ကာ လမ်းကြောင်းတွင် ပိတ်နေသော တတိယတံခါးကို စိတ်ပျက်နေသော အကြည့်များဖြင့် ကြည့်မိသည်။ ၎င်းတံခါးသည် မည်သည့်ပစ္စည်းအမျိုးအစား ဖြစ်သည်ကို ကြည့်ရှုရန် လက်ဖြင့် ထိတော့မည့်ဆဲဆဲတွင် ထန်ရှုက သူ့အား ဟန့်တားလိုက်သည်။
"သွားမထိနဲ့။"
"ဟင် … ဘာဖြစ်လို့လဲ။" ယန်လီ ပဟေဠိ ဖြစ်သွားသည်။
ထန်ရှုက မရှင်းပြသေးသော်လည်း တံခါးပေါ်ရှိ အစီအရင်ကို အကဲခတ်လေ့လာပြီးနောက် သူ၏မျက်လုံးများ အရောင်လက်သွားသည်။
ဤတံခါးတွင် စိတ်ဝိညာဉ်စုစည်းခြင်းအစီအရင်၊ တိုက်ခိုက်ရေးအစီအရင်၊ ခုခံကာကွယ်ရေးအစီအရင် စသည်ဖြင့် အစီအရင် အမျိုးအစားသုံးမျိုး ရေးထိုးထားသည်ကို ကြည့်ပြီး စက္ကန့်တစ်ဒါဇင်အတွင်း သူ အကဲခတ်မိသဖြင့် အံ့အားသင့်သွားသည်။ အစီအရင်သုံးခုသည် ခွဲခြား၍မရဘဲ အပြန်အလှန် ချိတ်ဆက်ဖြည့်ဆည်းနေပြီး ပြီးပြည့်စုံနေသည်။
သို့သော်လည်း ထန်ရှုသည် အစီအရင်များတွင် အောင်မြင်မှုအထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူသည် တစ်ချက် ပြုံးလိုက်ပြီး သူ၏လက်ချောင်းများသည် ထူးဆန်းသော လက်ဟန်များကို အဆက်မပြတ် ပြုလုပ်လိုက်ရာ တံခါးဝရှိ အစီအရင်ဆီသို့ သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခု စိမ့်ဝင်သွားခဲ့သည်။
…ဘန်း…
လှေကားနေရာသည် ပြိုကျတော့မည့်အလား တုန်ခါသွားသောကြောင့် ယန်လီနှင့် ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင် လေးဦးတို့သည် ထိတ်လန့်တုန်လှုပ်သွားကြစဉ် ထန်ရှုက တစ်ချက် အော်လိုက်ရာ ဖုန်မှုန့်ထုများကြားမှ အရှေ့တံခါးသည် ဖြည်းညှင်းစွာပွင့်သွားခဲ့သည်။
"မင်းတို့ လေးယောက် ဒီမှာပဲနေခဲ့။ ငါ့အမိန့် မရဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုရဘူး။" ထန်ရှုက ညွှန်ကြားသည်။
"နားလည်ပြီ။" လူလေးယောက်က ချက်ချင်း ဖြေသည်။
ထန်ရှုသည် တံခါးပေါက်မှ ဖြတ်လျှောက်ဝင်လာသည်။ သူ၏အရှေ့တွင် ပေါ်လာသည်မှာ ကျယ်ဝန်းသည့် ခန်းမလွတ်ကြီးတစ်ခုဖြစ်သည်။ ခန်းမတစ်ခုလုံး၏ မျက်နှာကျက်တွင် ရာနှင့်ချီသော ကြက်ဥအရွယ် ညလင်းပုလဲများမှလွဲပြီး အလယ်တွင် စတုဂံပုံသဏ္ဍာန် စင်မြင့်တစ်ခုသာ ရှိသည်။ ထန်ရှု အံ့အားအသင့်ဆုံး ဖြစ်ရသည်မှာ ဤနေရာရှိ စိတ်ဝိညာဉ်ချီ၏ သိပ်သည်းမှုသည် အပြင်ဘက်ထက် အဆများစွာ မြင့်မားနေခြင်း ဖြစ်သည်။ သိမ်မွေ့ညင်သာသော အသက်ရှုမှုတစ်ခုကပင် သူ၏ခန္ဓာကိုယ်အနှံ့ရှိ ချွေးပေါက်ငယ်များကို ပွင့်စေပြီး တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်စေသည်။
"ဝါး … ဒီမှာ နေရတာ နေရထိုင်ရကောင်းလိုက်တာ။” ထန်ရှု၏အနောက်မှ ကပ်ပါလာသော ယန်လီက ဘေးပတ်လည်ကို ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် ထန်ရှုသည် အလယ်ရှိ စတုဂံပုံစင်မြင့်၏ အရှေ့သို့ လျှောက်သွားသည်။ ၎င်းသည် အမြင့် တစ်မီတာ၊ အနံ နှစ်မီတာ ရှည်ပြီး အဝါရောင် ပိုးထည်လွှာတစ်ခုဖြင့် ဖုံးအုပ်ထားသည်။
သို့သော်လည်း သူ၏ထက်ရှသော အမြင်အာရုံဖြင့် ဤအဝါရောင်ပိုးထည်လွှာသည် သာမန်မဟုတ်ကြောင်း ထန်ရှု တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်ပေသည်။
ပိုးထည်ထဲတွင် စီးဆင်းနေသော စီးကြောင်းတစ်ခု ရှိနေသည်။ အုံ့ဆိုင်းနေသော အရည်အသွေးကို သာမန်မျက်စိဖြင့် မမြင်နိုင်သော်လည်း သူ၏စိတ်ဝိညာဉ်အာရုံဖြင့် ရှင်းရှင်းလင်းလင်း သိရှိနိုင်သဖြင့် ထိုပိုးထည်သည် အနည်းဆုံး မှော်ပစ္စည်းတစ်ခု ဖြစ်သည်ကို သူ အတည်ပြုခဲ့သည်။
"ယန်လီ ရပ်ကြည့်လိုက်။" ထန်ရှုက သူ၏အကြည့်များအား ပိုးထည်ဆီမှ ပြန်ရုတ်သိမ်းလိုက်ပြီး ယန်လီကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ဟမ် … ဒီစင်မြင့်ပေါ်မှာ ရပ်ရမှာလား။ မင်း ဘာလုပ်မလို့လဲ။” ယန်လီက အံ့အားသင့်သွားပြီး ပဟေဠိဖြစ်နေသော အမူအရာဖြင့် မေးလိုက်သည်။
"မင်းကို အမြောက်စာအဖြစ် လုပ်ရတော့မှာပဲ။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဒီနေရာက လျှို့ဝှက်ဆန်းကြယ်တဲ့ စက်ယန္တရားကို ငါ အဖြေရှာဖို့လိုတယ်။"
ယန်လီက မျက်လုံးပြူးပြီး ဆတ်ကနဲ ပြောလိုက်သည်။ “ပြောပါဦး ထန်ရှု … မင်း တစ်ခုခုမှားနေတာ မဟုတ်ဘူးလား။ ဒီစင်မြင့်အကျိုးအပဲ့မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ယန္တရားတစ်ခု ဘယ်လို ရှိနိုင်မှာလဲ။”
ထိုသို့ပြောပြီးနောက် သူသည် စင်မြင့်ပေါ်သို့ အလေးမထားဘဲ တက်လိုက်သည်။
…ဝုန်း…
ပိုးထည်ဆီမှ ဆန်းပြားသော အော်ရာတစ်ခု ထွက်လာပြီး မူလမျက်စိဖြင့် မမြင်နိုင်သော လှိုင်းများသည်လည်း တုန်ခါလာခဲ့သည်။ ပြိုးပြိုးပြက်ပြက်ပြက် ဖြစ်နေသော အလင်းတန်းများကြားတွင် ယန်လီသည် စင်မြင့်ထက်မှ ပျောက်ကွယ်သွားလေသည်။
ထန်ရှု၏အမူအရာ ပြောင်းလဲသွားသည်။ သူ၏မျက်နှာထက်တွင် ခိုင်မာသော အကြည့်တစ်ခု ပေါ်လာကာ စင်မြင့်ပေါ် လှမ်းတက်လိုက်သည်။ ထို့နောက်တွင် တောက်ပနေသော အဖြူရောင်အလင်းတန်းများကြားတွင် သူလည်း ပျောက်ကွယ်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် သူသည် မှိန်ဖျော့ဖျော့ နေရာလွတ်တစ်ခုတွင် ပေါ်လာသည်။ သာမန်လူတစ်ဦး၏မျက်လုံးများဖြင့်ပင် မီတာအနည်းငယ်အတွင်း မည်သည့်အရာကိုမဆို မြင်ရန် အလွန်ခက်ခဲသော်လည်း သူ၏ထက်မြက်သော အမြင်အာရုံဖြင့် ထန်ရှုသည် မီတာ ၁၀၀ ပတ်လည်ရှိ အရာအားလုံးကို မြင်နိုင်ပေသည်။
"သောက်ကျိုးနည်း … ဒါက ဘယ်နေရာကြီးလဲ။ ဒီမှာ ဘာတွေ ဖြစ်နေတာလဲ။”
ယန်လီက သူ၏လက်ကို မြှောက်ကာ ဘေးပတ်ဝန်းကျင်က တစ်ခုခုကို ဖမ်းဆုပ်မိလိုမိငြား ကြိုးစားနေသည်။ ထို့နောက် သူသည် သူ၏အရှေ့မှ လေဖိအားနည်းရပ်ဝန်းမှ ထွက်ပေါ်လာသော ထန်ရှုကို လှည့်ကြည့်လိုက်သည်။ သူ့အတွက် စိတ်အနှောက်အယှက် အဖြစ်ရဆုံးမှာ မီတာအနည်းငယ်သာ ကွာဝေးသော်လည်း ထန်ရှု၏မျက်နှာကို မမြင်နိုင်သောကြောင့် ဖြစ်သည်။
"ငါလည်း မသိဘူး။" ထန်ရှုက ဘေးပတ်လည် လှည့်ကြည့်ရင်း ခဏကြာမှ ပြန်ဖြေလိုက်သည်။ ထိုနေရာသည် အလင်းရောင်ဖျော့ဖျော့နှင့် ပတ်ဝန်းကျင်တွင် မည်းမှောင်နေသော ကုန်းမြေမှလွဲ၍ ဘာမျှမရှိပေ။ အသိသာဆုံးမှာ စိတ်ဝိညာဉ်ချီ နည်းနည်းလေးမျှ ရှိဟန်မရဘဲ လေထုထဲတွင်လည်း အောက်ဆီဂျင် နည်းပါးခြင်းကြောင့် အသက်ရှူရ ခက်လာစေသည်။
ပြောင်းလဲသွားသည့် အမူအရာနှင့်အတူ ယန်လီသည် သူ သယ်လာသည့် ကျောပိုးအိတ်ကို အမြန်ဆွဲယူကာ အတွင်းက ညကြည့်မျက်မှန်ကို ထုတ်ပြီး ဘေးပတ်လည် လှည့်ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် သူ၏မျက်နှာထက်တွင် မယုံကြည်နိုင်သောအမူအရာ ထင်ဟပ်လာတော့သည်။
ယန်လီကို ကြည့်ပြီး ထန်ရှု ကြောင်သွားသည်။ သူ၏ ညကြည့်မျက်မှန်ကို အမြန်ထုတ်ကာ ဝတ်ဆင်ပြီးနောက် သူ၏မျက်စိသူငယ်အိမ်များသည် ရုတ်တရက် ကျုံ့သွားကာ နှလုံးခုန်သံ မြန်လာသည်။ မိုးကုပ်စက်ဝိုင်းကို ကျော်လွန်ထွက်နေသည့်ဟန် တောင်တန်းများ၏ပုံသဏ္ဌာန်များကို သူ ရှင်းလင်းစွာ မြင်ရသည်။ တောင်ကြီးတစ်ခုလုံး မီးဖိုထားသကဲ့သို့ တောင်ပုံသဏ္ဍာန်စင်္ကြံပေါ်တွင် အနီရောင်ရောင်ခြည် စက်ဝန်းတစ်ခုလည်း ရှိနေသည်။ ၎င်း၏အနောက်တွင် ဓားပုံသဏ္ဍာန်ရှိသော အရာဝတ္ထုတစ်ခုသည် ကောင်းကင်ထက်၌ မားမားမတ်မတ် တည်ရှိနေလေ၏။
“ညီ … ညီအစ်ကိုထန် … ငါတို့က သရဲတစ္ဆေတွေနဲ့ တွေ့နေတာ မဟုတ်ပါဘူးနော်။ ဒီနေရာမှာ ဒီလိုအုံ့မှိုင်းပြီး ဆိုးရွားတဲ့ လေထုကို ငါ ဘယ်လို ခံစားနေရတာတုန်း။ အသက်ရှူရတာတောင် နည်းနည်းခက်လာပြီ။” ယန်လီ၏နှုတ်ခမ်းများသည် အကြိမ်အနည်းငယ်ခန့် ထိန်းသိမ်းလို့မရသည့်အထိ တုန်ရီလာသည်။ သူ၏မျက်နှာထက်တွင် ကြောက်ရွံ့နေသော အကြည့်များ ပေါ်လာကာ ပင့်သက်ရှိုက်မိသည်။
"မဟုတ်ဘူး။ ငါတို့တွေ သရဲတစ္ဆေတွေနဲ့ တွေ့နေတာ မဟုတ်ဘူး။" ထန်ရှုက လေးနက်သော လေသံဖြင့် ပြောသည်။
“ငါတို့တွေ နေရာကူးပြောင်းရေးအစီအရင်ကြောင့် လျှို့ဝှက်ဆန်းကြယ်တဲ့နေရာကို အပို့ခံလိုက်ရတာ။ ဒါပေမယ့် အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ကောက်ချက်ချတာမှန်ရင် ဒီနေရာကမှ တစ်စုံတစ်ယောက်ကို ဂူသွင်းထားတဲ့ ရှေးဟောင်းသင်္ချိုင်းအစစ်အမှန်နေရာပဲ။”
“နေရာကူးပြောင်းရေးအစီအရင်ဟုတ်လား။ ရှေးဟောင်းသင်္ချိုင်းတစ်ခုလား။" ယန်လီက မင်သက်ပြီး စိတ်ရှုပ်သွားဟန်ရသည်။ စိတ်ရှုပ်နေသော အကြည့်တို့ဖြင့် သူသည် ထိုစကားများအား ရေရွတ်နေမိတော့လေသည်။
***