ကြီးမားသော ကံကြမ္မာနှင့် တွေ့ကြုံရခြင်း
Vol. 11 Ch. 535
သူ အစွမ်းကုန် ရှင်းပြမည်ဆိုပါရင်တောင်မှ အချိန်တိုအတွင်း ထိုအရာအား ယန်လီ လက်ခံနားလည်ရန် အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိနေသောကြောင့် ယန်လီအား ထန်ရှု ရှင်းမပြတော့ပါချေ။ ကြီးမားသော တောင်ထိပ်ကို စိုက်ကြည့်ရင်း ထန်ရှုက ငြိမ်သက်စွာ စဉ်းစားလိုက်ပြီး ယန်လီ၏လက်မောင်းကို ဆုပ်ကိုင်ကာ ထိုနေရာသို့ ပြေးတော့သည်။
“ငါ…” အဟွတ် … အဟွတ် … “ဟေး … ဖြည်းဖြည်းသွားပါဟ။”
ထန်ရှု၏ဆွဲခေါ်မှုအောက်တွင် တရွတ်မတိုက်ရုံတမည် ပါလာသော ယန်လီသည် သူ၏နားထဲတွင် လေတိုးသံ တဝှီးဝှီးကိုသာ ခံစားလိုက်ရပြီး သူ ပြောလိုသော စကားလုံးများသည် လည်ချောင်းထဲတွင် နစ်မြုပ်သွားရသည်။ ထို့အပြင် ထန်ရှု ပြေးလွှားနေသည့် အရှိန်သည် အလွန် လျင်မြန်လွန်းသဖြင့် လေတိုးမှုကြောင့် သူ၏မျက်နှာသည် သရဲတစ္ဆေအား မြင်နေရသည့်အလား ရှုံ့တွနေသည်။ လူတစ်ယောက်သည် မယုံကြည်နိုင်လောက်သော အရှိန်အဟုန်ဖြင့် ပြေးနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။
ထန်ရှုသည် ယန်လီကို လျစ်လျူရှုပြီး တစ်ကီလိုမီတာခန့်အကွာတွင် ရှိနေသော ဦးတည်ရာကို ကြည့်လိုက်သည်။ နာရီဝက်ကျော်ကြာအောင် ပြေးလွှားပြီးနောက် သူသည် ခြေဖျားထိပ်များဖြင့် မြေပြင်ကို အသာထိလိုက်ပြီး ကျန်ကီလိုမီတာ ၁၀၀ကျော်အတွက် အလင်းတန်းကဲ့သို့သော အရှိန်ဖြင့် သွားလိုက်ရာ အလျှံတညီးညီး တောက်လောင်နေသော တောင်ကြီး၏အရှေ့သို့ နောက်ဆုံးတွင် ရောက်ရှိခဲ့သည်။ မြင့်မားပြင်းထန်သော အပူချိန်ကြောင့် ယန်လီသည် ချွေးသီးချွေးပေါက်များ ကျနေပြီး ထန်ရှုသာ သူ့ကို မဆုပ်ကိုင်ထားပါက ပြန်လှည့်ပြေးသွားပေလိမ့်မည်။
"ဒီမှာ ရပ်ပြီး ငါ့ကို စောင့်နေ။"
ယန်လီကို လွှတ်ပေးလိုက်ပြီး ထန်ရှု၏အကြည့်များသည် တောင်များကြားရှိ မျဉ်းတန်းသဖွယ်ဖြစ်နေသော ရေခဲတုံးများအပေါ်တွင် မြဲမြံစွာ ကျရောက်နေသည်။ ရေခဲတုံးများသည် တောက်လောင်နေသော တောင်တစ်ခုလုံးကို ထက်ဝက်ပိုင်းဖြတ်သွားသော နယ်ခြားမျဉ်းတစ်ခုနှင့် အလားတူသည်။ ထိုအရာသည် လွန်စွာ ကျဉ်းမြောင်းပြီး ငါးမီတာခန့် သို့မဟုတ် ထိုလောက်နီးနီးသာ ရှိပေမည်။ ပိုမို နီးကပ်လာသောအခါ ရေခဲတုံးများသည် အေးစိမ့်သောလေကို ထုတ်လွှတ်နေသော ရေခဲလှေကားတစ်ခု ဖြစ်နေပြီး သိသိသာသာ အလွန်မတ်စောက်နေသည်ကို သူ တွေ့လိုက်ရသည်။
"ထန် ... ထန်ရှု ပြန်လာပါ။ သေဖို့လမ်းနီးနေတာကို မသွားပါနဲ့။"
ယန်လီသည် ကြက်သေသေသွားသောအကြည့်ဖြင့် ရေခဲလှေကားအောက်ခြေမှ ထန်ရှု ပေါ်လာသည်ကို ကြည့်နေမိသည်။ စိုးရိမ်ပူပန်စိတ်တို့ဖြင့် ခြေလှမ်းခုနစ်လှမ်း သို့မဟုတ် ထို့ထက်ပို၍ ရှေ့သို့ သူ ပြေးလာသော်လည်း ပြင်းထန်သောအပူရှိန်သည် သူ့အား သည်းမခံနိုင်လောက်အောင် ဖိအားပေးနေကာ မီတာဆယ်နှင့်ချီပင် နောက်ပြန်ဆုတ်ခဲ့ရသည်။
လျှို့ ဝှက်ဂိုဏ်းမှ လူတစ်ယောက်အနေဖြင့် ယန်လီသည် သာမန်သဘာဝနှင့်သိပ္ပံပညာကို ဆန့်ကျင်သည့် ဖြစ်စဉ်များ ရှိနေကြောင်း သိရှိထားသော်လည်း ဤမျှ လျှို့ဝှက်ဆန်းကြယ်သော အံ့ဖွယ်ကောင်းသည့် အရာသည် ဤကမ္ဘာကြီးတွင် ရှိနေမည်ဟု မထင်ခဲ့ပေ။ သူ သည်နေရာသို့ ရောက်လာကတည်းက သူ မြင်ခဲ့သမျှ အရာအားလုံးသည် လျှို့ဝှက်ဆန်းကြယ်ပြီး အစစ်အမှန် မဟုတ်ဟု ခံစားနေရသည်။
ထို့အပြင် ထန်ရှု ပြသသွားသော ဆန်းကြယ်သည့် နည်းလမ်းများအပြင် အလင်းတန်းကဲ့သို့သော အရှိန်အဟုန်သည် သူ့အား ... ထပ်ပေါင်းရန် မဖြစ်နိုင်လုနီးပါး ဖြစ်သည်အထိ အံ့သြတုန်လှုပ်သွားစေသည်။ အထူးသဖြင့် သူတို့သည် ထိုစင်မြင့်ထက်တွင် ရပ်နေသည့်အခိုက်အတန့်၌ ၎င်းတို့အား ဤနေရာသို့ နေရာ ကူးပြောင်းခံရလိမ့်မည်ဟု ထန် ရှုသည် အချိန်အတော်ကြာကတည်းက ခန့်မှန်းထားဟန်ရသည်။ ထို့ကြောင့် ထန်ရှု မည်သို့သောသူ ဖြစ်သည်ကို ယန်လီ လွန်စွာ သိချင်နေခဲ့သည်။
…ထပ်…ထပ်…ထပ်…
ရုတ်တရက် ယန်လီ၏အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူ့မျက်လုံးများသည် ပန်းကန်ပြားများသဖွယ် ပြူးကျယ်လာကာ သူငယ်အိမ်များဆီမှ ပြုတ်ထွက်လုနီးပါး ဖြစ်နေသည်။ ထန်ရှုသည် သူ မထွက်ခွာမီ ညကြည့်မျက်မှန်များကို ယန်လီအား ပစ်ပေးထားခဲ့သောကြောင့် ထန်ရှုတစ်ယောက် အလွန်လျင်မြန်သော အရှိန်ဖြင့် ထိုရေခဲတုံးလှေကားပေါ်သို့ တက်သွားသည်ကို ယန်လီ ရှင်းရှင်းလင်းလင်း မြင်နေရသည်။
…ဒီလောင်ကျွမ်းနေတဲ့ အပူရှိန်က သူ့အပေါ် သက်ရောက်မှု မရှိဘူးလား။ ပြီးတော့ အဲ့ဒီရေခဲလှေကားက အရမ်းကို မတ်စောက်နေသလိုပဲ။ သူ ခြေချော်ပြီး ပြုတ်ကျသေမှာ မကြောက်ဘူးလား။…
ထိုအချိန်တွင် ထန်ရှုသည် ယန်လီ၏အတွေးများကို မသိပေ။ သူသည် အလွန်လျင်မြန်သော အရှိန်ဖြင့် သူ၏ ခြေဖျားထိပ်များကို အဆက်မပြတ် ရွေ့လျားစေကာ တောင်ထိပ်ဆီသို့ ဆက်လက်တက်နေသည်။ သူ၏ခန္ဓာကိုယ်အား ရေခဲလွှာပါးပါးက အဆက်မပြတ် ဖုံးအုပ်လာသော်လည်း ထိုရေခဲလွှာသည် အလွန်လျင်မြန်သော အရှိန်နှုန်းကြောင့် အရည်ပျော်ကျသွားကြသည်။ တောက်လောင်နေသော အပူရှိန်နှင့် အေးစက်နေသော အအေးဓာတ်တို့၏ အလှည့်အပြောင်းသည် သူ့အား ဖော်မပြနိုင်သော အဆင်မပြေမှုများ ဖြစ်စေသော်လည်း သူ ခံနိုင်ရည် ရှိလာခဲ့သည်။
အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ အလွန်ဝေးသော နေရာတွင် ရပ်နေသော ယန်လီသည်ပင် တောက်လောင်နေသော အပူလှိုင်းများ၏ဒဏ်ကို ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးတွင် ပိုဝေးသောနေရာသို့ တစ်ဖန် ထပ်ဆုတ်လိုက်ရသည်။ မရပ်မနား တောင်တက်နေသော ထန်ရှုသည် တောင်ထိပ်သို့ ရောက်လုနီးပါး ဖြစ်လာခဲ့သည်။ အမြင့်သို့ ပိုရောက်လေလေ တောက်လောင်နေသော အပူနှင့် အအေးဓာတ်သည် ပိုမြန်လာပြီး သူ မသက်မသာ ဖြစ်နေရသော ခံစားချက်က ပိုပြင်းထန်လာလေလေ ဖြစ်သည်။ ထိုဖိအားများက သူ့အား လဲပြို ကျရှုံးအောင် တွန်းပို့နေသည်မှာ အတိုင်းထက်အလွန် ဖြစ်သည်။ ဖိအားကြောင့် သူ၏အရိုးများသည် တဆတ်ဆတ်တုန်ရီကာ သူ၏အတွင်းအင်္ဂါများအား အသားစိုင်များအဖြစ် ညှစ်ထားဟန်ရသည်။
"ချိုးဖျက်ပြီး အားထည့်လိုက်စမ်း…"
ထန်ရှု၏ခန္ဓာကိုယ်အတွင်းမှ ကြယ်စွမ်းအားများသည် ရှေ့သို့ တိုးဝင်လာပြီး သူ၏ခန္ဓာကိုယ် မရီဒျာန်များအတွင်းရှိ မဟာကောင်းကင် ပတ်လမ်းကြောင်းကို ဖြတ်ကာ လည်ပတ်လာသည်။ သူ၏အကန့်အသတ်သို့ ရောက်လုဆဲဆဲတွင် ထန်ရှု၏တစ်ကိုယ်လုံး ပေါ့ပါးသွားပြီး နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင်ထိပ်သို့ ပြေးသွားသည့်အလား ခံစားလိုက်ရတော့သည်။ လေးလံထိုင်း မှိုင်းနေရာမှ ဆွဲယူခံလိုက်ရသည့်နှယ် သူသည် အပေါ်သို့ မီတာဆယ်နှင့်ချီကာ အပြေးရောက်သွားတော့သည်။
…ဘန်း…
နောက်ဆုံးတော့ ထန်ရှုသည် တောင်ထိပ်ပေါ်က ရေခဲပြင်ထက်တွင် ခြေချခဲ့နိုင်သည်။ သူ၏အရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်းမြင်လာရသည့်အခါ သူသည် တစ်ချိန်က အင်မော်တယ်ကမ္ဘာတွင် အင်မော်တယ်အထွတ်အထိပ်တစ်ယောက် ဖြစ်ခဲ့သော်လည်း သက်ပြင်းမချဘဲ မနေနိုင်ပါချေ။
…ယင်ယန် နတ်ဘုရားရေကန်လား… ဒီကမ္ဘာပေါ်မှာ ယင်ယန်နတ်ဘုရားရေကန်တစ်ခု ဘယ်လိုလုပ် ရှိနိုင်ပါ့မလဲဟ။…
အင်မော်တယ်ကမ္ဘာရှိ များပြားလှသော မှတ်တမ်းများနှင့် ရှေးဟောင်းကျမ်းဂန်များတွင် ဖော်ပြထားသည်မှာ အင်မော်တယ် အထွတ်အထိပ်တစ်ယောက်သည် အင်မော်တယ်နတ်ဘုရားအဖြစ်သို့ ချိုးဖြတ်ဝင်ရောက်ပြီးသည့်အခါမှသာ ယင်ယန်နတ်ဘုရားရေကန်တွင် ရေချိုးနိုင်မည်ဟု ဆိုထားသည်။ အင်မော်တယ်များသည် ထိုနေရာတွင် ရေချိုးပြီးသည်နှင့် သူ၏ခန္ဓာကိုယ်သည် နတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပေသည်။
ထန်ရှု၏မြင်ကွင်းတွင် မှုန်မှိုင်းနေသော မီးခိုးရောင် အမှုန်အမွှားများ ပျောက်ကွယ်သွားပြီး အပြာရောင်ကောင်းကင်အောက်ရှိ သူ၏အရှေ့တွင် တောက်ပသော ကမ္ဘာငယ်လေး ပေါ်လာသည်။
အတိုင်းအဆမဲ့ ကြီးမားသောတောင်၏ အလယ်ဗဟိုတွင် ယင်ယန်အဖြူအမည်းပုံစံ ရေကန်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ ရေကန်အထက်တွင် မြူခိုးများက ရစ်ဖွဲ့အုံ့ဆိုင်းနေပြီး သိပ်သည်းအား ကောင်းသော ထူးခြားသည့် စွမ်းအားတစ်ခုသည် ပွက်ပွက်ဆူနေသော ရေသဖွယ် တိုးထွက်နေသည်။
"ငါ မင်းကို ဂုဏ်ပြုပါတယ် ငါ့ရဲ့ဆက်ခံသူ…"
ယင်ယန်နတ်ဘုရားရေကန်၏ အလယ်ဗဟိုတွင် နှင်းဆီရောင် တိမ်တိုက်များ ဖွဲ့စည်းလာပြီး လူသားဆန်သော အဘိုးအိုတစ်ဦးအသွင် ဖြစ်ပေါ်လာခဲ့သည်။ သူ၏အသွင်အပြင်သည် ဖုံးကွယ်ထားခြင်းခံရပြီး အလင်းတန်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံထားသည်။ သူ၏ပုံစံသည် တစ်စုံတစ်ခု ဝတ်ဆင်ထားသည်လား၊ မထားသည်လား ခွဲခြားမရသော်လည်း အသံသည် ကျယ်လောင်ရှင်းလင်းလှပြီး စကားလုံးတိုင်းသည် ထန်ရှု၏နှလုံးသားထဲသို့ တန်းရောက်သွားဟန်ရှိသည်။
"အဘိုးက ဘယ်သူပါလဲ။"
ထန်ရှုက သတိကြီးစွာဖြင့် အဘိုးအိုကို စိုက်ကြည့်ရင်း မေးလိုက်သည်။
အဘိုးအိုက ပြုံးပြီး
“ငါ့ရဲ့ဆက်ခံသူ မကြောက်ပါနဲ့။ ငါက နတ်ဘုရားနယ်မြေက အနှောင်အဖွဲ့ကင်းလွပ်လပ်သူ နတ်ဘုရားပဲ။ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတဲ့ ငါ့လမ်းကြောင်းဆီကို ဟန့်တားလာတဲ့ နတ်ဘုရားများစွာကြောင့် ယင်ယန်နတ်ဘုရားရေကန်ရဲ့ နတ်ဘုရားသွေးကြောမျိုးစေ့ကို ရွှေ့ဖို့နဲ့ ငါ့ရဲ့ဆက်ခံသူ မျိုးဆက်ကြယ်ဆီ ရောက်ဖို့အတွက် နတ်ဘုရားနယ်မြေရဲ့ အတားအဆီးတွေကို ချိုးဖြတ်လို့ရအောင် ငါ့ရဲ့စဦး အသက်အဆီနှစ်ကို လောင်ကျွမ်းစေခဲ့ရတယ်။
ငါ့ရဲ့မျိုးဆက်ကြယ်က ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ခဲ့ရတဲ့အတွက် ကြီးကျယ်ခမ်းနားမှုတွေ မရှိတော့ဘူး။ ငါ စိတ်ဓာတ်တွေ ကျရင်း ယင်ယန်နတ်ဘုရားရေကန်၏နတ်ဘုရားသွေးကြောမျိုးစေ့ကို ထာဝစဉ်စောင့်ရှောက်ဖို့အတွက် ဒီအသိစိတ်ရှိတဲ့ မှော်ပစ္စည်းကို ဖြည့်ဆည်းဖို့ ငါ့ရဲ့ စိတ်ဝိညာဉ် အကြွင်းအကျန်ကို သုံးခဲ့ရတယ်။"
"ယင်ယန်နတ်ဘုရားရေကန်ဆိုတာ ဘာလဲဆိုတာ ကျွန်တော် သိပါတယ်။ အင်မော်တယ်တစ်ယောက်က နတ်ဘုရားဘုံဆီ မတက်ခင် နတ်ဘုရားခန္ဓာကိုယ် ပြောင်းလဲရရှိဖို့ ရေချိုးမယ့် နေရာမဟုတ်လား။ ဒါပေမယ့် နတ်ဘုရားသွေးကြောမျိုးစေ့က ဘာကို ပြောတာပါလဲဗျာ။” ထန်ရှုက အလေးထားကာ မေးလိုက်သည်။
အဘိုးအိုက ပုံမှန်မဟုတ်သော လေသံဖြင့် ပြောသည်။
" မင်း ယင်ယန် နတ်ဘုရားရေကန်ကို သိနေတာလား။ မဖြစ်နိုင်တာ။ ဘာဖြစ်လို့လဲဆိုတော့ အင်မော်တယ်တွေ … ဆက်ခံသူအဖြစ် ပြန်လည် မွေးဖွားလာနိုင်တဲ့ ကြယ်တွေက ထပ်မရှိတော့လို့ တာအိုရဲ့ နောက်မျိုးဆက်တွေထဲမှာ နက်ရှိုင်းတဲ့ အရည်အချင်းများရှိသူတွေ တစ်ယောက်မှ မရှိကြတော့ဘူး။ ယင်ယန်နတ်ဘုရားရေကန် တည်ရှိတာကို မင်း ဘယ်လို သိတာလဲ။"
ထန်ရှု တခဏမျှ တိတ်ဆိတ်နေပြီးမှ အလေးအနက်ပုံစံဖြင့်
"ကျွန်တော်က တစ်ချိန်က အင်မော်တယ်ကမ္ဘာမှာ အထွတ်အထိပ် ဖြစ်ခဲ့ပေမယ့် မတော်တဆမှုတစ်ခု ဖြစ်ပြီးတော့ ကမ္ဘာမြေကို ပြန်ရောက်လာခဲ့တာပါ။"
အဘိုးအိုပုံရိပ်က ရုတ်ခြည်းပင် သဘောပေါက်သွားပြီး ရယ်မောလိုက်ကာ
“စိတ်ဝင်စားစရာပဲ။ ဒါက အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်း အမှန်အတိုင်း မပြောရင် မင်းရဲ့စိတ်ဝိညာဉ်ကို ကြည့်ဖို့ ငါ့အတွက် အလွယ်လေးပဲဆိုတာ မင်း သိသင့်တယ်။ ငါ့ရဲ့ အမွေပေးတာကို ဖျက်ပစ်လို့မရဘူး။”
သူ၏စကားသံ ဆုံးသွားသည်နှင့် ထန်ရှု၏ခန္ဓာကိုယ်အား မမြင်နိုင်သောလက်တစ်စုံက ဆုပ်ကိုင်ကာ ယင်ယန်နတ်ဘုရားရေကန်ထဲသို့ တစ်ခါတည်း ဆွဲချသွားခဲ့သည်။ ယင်ယန် အဖြူအမည်းပုံစံ ဆူပွက်ကာ လှည့်လာသည်နှင့် ထန်ရှုသည် အတွင်းထဲသို့ နစ်မြုပ်သွားတော့သည်။
… အားးး …
စုတ်ဖြဲကာ တစစ်စစ်စူးဝင်နေသည့် အသည်းခိုက်အောင် နာကျင်စေသော ခံစားမှုတစ်ခုသည် သေခြင်းက အသက်ရှင်ခြင်းထက် ပိုမိုကောင်းမွန်ပေသည်ဟူသော အတွေးကို ဖြစ်ပေါ်စေပြီး ထန်ရှုအား စိတ်ဓာတ်ကျအားငယ်စေသည်။ သူ၏စိတ်နှင့် စိတ်ဓာတ်ခွန်အားတို့သည် လွန်မင်းစွာ ခိုင်မာရင့်ကျက်စေသည့် အတွေ့အကြုံ ရှိထားခဲ့ဖူးသော်လည်း နာကျင်မှုဝေဒနာနှင့် ခက်ခဲပင်ပန်းဆင်းရဲမှုတို့သည် သည်အချိန်တွင် သေချင်စိတ်သည် ထန်ရှုအား ကြီးစိုးနေခဲ့သည်။
"ဟင် … ကောင်းကင်စကြာဝဠာကျင့်စဉ်လား။"
ရုတ်တရက် လူသားပုံရိပ်သဏ္ဍာန် အဘိုးအိုသည် သူ့ကိုယ်သူ တိုးတိုးပြောလာပြီး သူ၏ မှုန်ဝါးသော အသွင်အပြင်သည် ပို၍ ထင်ထင်ရှားရှား ဖြစ်လာသည်။ သူ၏မျက်နှာသည် သွယ်ကာ ချောမောသော်လည်း အသက်အရွယ်အရ အရေးအကြောင်းများ ဖြစ်နေပြီဖြစ်သည်။ သူသည် ထင်ထင်ရှားရှား ပေါ်လာသော်လည်း အရည်ပျော်နေခြင်းကြောင့် အထူးသဖြင့် ….. နာကျင်ခံစားနေရသည်။
…ဘန်း…
ထန်ရှုသည် ပင့်မြှောက်ခြင်း ခံလိုက်ရပြီး သူ၏ခန္ဓာကိုယ်သည် ယင်ယန်နတ်ဘုရားရေကန် အထက်ဆီသို့ ဝဲပျံသွားသည်။
"ဆက်ခံသူ … မင်းက မိုလျိုမျိုးရိုးနဲ့ ဘယ်လို ဆက်ဆံရေး ရှိတာလဲ။"
ထန်ရှုသည် အသက်ရှုကြပ်နေသောကြောင့် ခပ်ပြင်းပြင်း အသက်ရှူလိုက်ရသည်။ သူသည် ဘေးအန္တရာယ်တစ်ခုမှ အသက်ရှင် လွတ်မြောက်လာခဲ့ပြီး ပျော်ရွှင်မှုအပြည့်ဖြစ်နေသလို ခံစားရသည်။ သို့သော် သည်အချိန်တွင် သူ၏ကံကြမ္မာတစ်ခုလုံးသည် ထိုအဘိုးအို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသောကြောင့် တုံ့ပြန်ရန် မနှောင့်နှေးဝံ့ပါချေ။
"အဲ့ဒီမိုလျိုမျိုးရိုးကို ကျွန်တော် မသိပါဘူး။"
ထိုအဘိုးအိုသည် တခဏတာ စဉ်းစားနေဟန်ရပြီး နှမြောနေသည့်အမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက ခေါင်းယမ်းကာ သက်ပြင်းချရင်း “တကယ်ကို စိတ်မကောင်းစရာပဲ။ ဒါက တကယ်ကို ကံမကောင်းခဲ့တာ။ မိုလျိုက နတ်ဆိုးဘုံကို ဖန်တီးသူ ဖြစ်ပြီး ထောင်ပေါင်းများစွာသော နတ်ဆိုးတွေရဲ့ ဘိုးဘေး … ဘုရားပေးတဲ့ လက်ဆောင်တစ်ခုပေါ့။ စိတ်မကောင်းစရာက မင်းရဲ့ တာအိုအပေါ် သိမြင်မှုစွမ်းရည်က မနက်ရှိုင်းသေးဘဲ အကန့်အသတ်များလွန်းနေသလို ကောင်းကင်ဘုံ စကြာဝဠာကျင့်စဉ်အပေါ် နားလည်နိုင်စွမ်းနဲ့ ကျင့်ကြံမှုကလည်း မနက်ရှိုင်းသေးဘူး။ ဆိုတော့ ဒီလိုပဲ လုပ်ရမယ် … မင်းက ငါ့ရဲ့သက်တမ်းကုန်ဆုံးမယ့် အချိန်မှာ ကံကြမ္မာက သယ်ဆောင်လာပေးတဲ့ ကံသတ်မှတ်ထားတဲ့သူဖြစ်နေတဲ့အတွက် မင်းကို ပေးရတော့မှာပဲ။"
ထန်ရှု၏ခန္ဓာကိုယ်တစ်ဝိုက်အား ဖဲကြိုးတစ်ခုကဲ့သို့ ဆည်းဆာရောင်အလင်းတန်းများက ရစ်ပတ်ထားသည်။ အဘိုးအို၏အသွင်အပြင်သည် မှုန်ဝါးဝါး တစ်ဖန် ဖြစ်လာကာ သူ့ထံမှ ခွဲမထွက်နိုင်သော အလင်းတန်းများသည် ထန်ရှုဆီသို့ ရောက်ရှိလာကာ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် ထန်ရှု၏ ခန္ဓာကိုယ်မှ အရည်ပျော်ခြင်း၊ အက်ကွဲခြင်းနှင့် ပေါက်ကွဲခြင်းများ ထွက်ပေါ်လာသည်။ သူ၏ကျင့်ကြံမှုအဆင့်သည် မရပ်မနား အောင်မြင်မှုများ ရရှိရန် ပြင်းပြင်းထန်ထန် တွန်းလှန်နေသည်။ မရီဒျာန်ပြောင်းလဲခြင်း၊ ခြင်ဆီပြောင်းလဲခြင်း၊ ကိုယ်တွင်းအင်္ဂါပြောင်းလဲခြင်းအဆင့်များထိ ချိုးဖျက်အောင်မြင်လာခဲ့ပြီး ကိုယ်တွင်းအင်္ဂါ ပြောင်းလဲခြင်းအထွတ်အထိပ်အဆင့်တွင် နောက်ဆုံး ရပ်တန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထန်ရှု၏အခြေခိုင်မာမှုသည် အမှန်တကယ်ပင် မနက်ရှိုင်းသောကြောင့် သူ့ကိုယ်သူ အကန့်အသတ်မသိဘဲ ပြန်လည်မြှင့်တင်ခြင်းသည် ပျက်စီးရာကျလွန်းသောကြောင့် ဖြစ်သည်။ အကယ်၍ သူသည် ထပ်မံအဆင့်တက်လိုက်ပါက သူ၏ခန္ဓာကိုယ်သည် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ယခုအချိန်တွင် ထန်ရှု၏ခန္ဓာကိုယ်အတွင်းပိုင်း အခြေအနေအား တစ်ယောက်ယောက်က မြင်နိုင်မည်ဆိုပါက သူ၏ခန္ဓာကိုယ်အတွင်းရှိ မရီဒျာန်များအားလုံးသည် အသွင်ပြောင်းနေပြီး သလင်းကျောက်များသဖွယ် ကြည်လင်တောက်ပနေသည်ကို တွေ့ရပေလိမ့်မည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၏ကြံ့ခိုင်မှုမှာလည်း အဆတစ်ရာကျော် တိုးလာခဲ့သည်။
…ဘန်း…
အဘိုးအိုသည် သူ၏လက်များကို ဝှေ့ယမ်းလိုက်ပြီး ယင်ယန်နတ်ဘုရားရေကန်ကို ယူဆောင်လိုက်သည်။ ထို့နောက် လက်ဟန်သင်္ကေအနည်းငယ်ဖြင့် ချိပ်ပိတ်လိုက်ရာ ယင်ယန်နတ်ဘုရားရေကန်သည် လျင်မြန်စွာ သေးသေးလာပြီး ပိုးစုန်းကြူးအရွယ် လင်းလက်နေသော စက်ဝိုင်းအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ထန်ရှု၏ခန္ဓာကိုယ်ထဲသို့ တွန်းပို့ခံလိုက်ရပေသည်။
"ငါ့ရဲ့ဆက်ခံသူ … ယင်ယန်နတ်ဘုရားရေကန်က ငါ့ရဲ့ အမွေအနှစ် ဖြစ်တာမို့ ဒီယင်ယန်နတ်ဘုရားရေကန်ကို မင်းဆီ အပ်ခဲ့ပြီ။ မင်းလုပ်ပေးရမယ့် ငါ့ရဲ့တစ်ခုတည်းသော ဆန္ဒက ငါ့လမ်းကို လျှောက်ပေးပါ။ လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းမဲ့တဲ့လမ်းကို လျှောက်ပေးပါ။"
သူ၏စကားသံ ဆုံးသွားသည်နှင့် ထိုအဘိုးအိုသည် မှိတ်တုတ်မှိတ်တုတ် အလင်းနှင့် ကြယ်များအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်နှင့်မြေကြီးကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပေသည်။
အချိန်အတန်ကြာမျှ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် ထန်ရှုသည် လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုမှ နိုးထလာခဲ့သော်လည်း အဘိုးအို မကွယ်ပျောက်မီ ပြောခဲ့သော စကားများအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်ခဲ့သည်။ အထူးသဖြင့် သူ၏နောက်ဆုံးစကားကို ဖြစ်သည် - လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းသော လမ်းကို လျှောက်လှမ်းပါ။
ထန်ရှု၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီဖြစ်သော ယင်ယန်နတ်ဘုရားရေကန်၏အောက်ခြေသို့ ပြုတ်ကျသွားသည်။ ယခုအချိန်တွင် သူသည် တစ်ဝက်တပျက် မတ်တတ်ထိုင်နေပြီး ထိုပုံစံအတိုင်း အကြာကြီး ရှိနေသည်။ နောက်ဆုံးတွင် ထန်ရှုသည် ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး အပြာရောင်ကောင်းကင်ကြီးကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် အားပါးတရ ရယ်လိုက်သည်။
“ဟားဟားဟား…”
ထိုသို့ကြီးမားသောကံကြမ္မာနှင့်တွေ့ကြုံရမှုသည် အင်မော်တယ်ကမ္ဘာတွင် နှစ်ပေါင်းတစ်သောင်းအတွင်း ထန်ရှု ရရှိခဲ့သမျှ အရာအားလုံးထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ သူ၏ဒန်တျန်အတွင်းတွင် ရှိနေသော ပိုးစုန်းကြူးအရွယ် အလင်းရောင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပြီး ယင်ယန်နတ်ဘုရားရေကန်ကို ထိုအထဲရှိ နေရာလွတ်တွင် တည်ရှိနေသည်ကို မြင်နိုင်ပေသည်။
ယင်ယန်နတ်ဘုရားရေကန်မှ အရည်များဖြင့် သူ၏ခန္ဓာကိုယ်အား အဆက်မပြတ် ထောက်ပံ့ပေးနေရုံသာမက ရေကန်အထက်တွင် ဖုံးလွှမ်းနေသော အလင်းရောင်များဖြင့်လည်း ထောက်ပံ့ကာ အင်အားတိုးပွားစေခဲ့သည်။ နေ့တစ်ဝက်အတွင်းမှာပင် သူ၏ကျင့်ကြံမှုအဆင့်သည် နောက်ထပ် အောင်မြင်မှုတစ်ခုကို တက်လှမ်းနိုင်မည့် အရိပ်အမြွက် ပြနေခဲ့ပေသည်။
ရုတ်တရက် ထျန်ရှု၏ရယ်သံသည် ရုတ်ခြည်းပင် ရပ်တန့်သွားပြီး သူ၏အပြုံးသည် အေးခဲသွားရသည်။ သူ၏ဒန်တျန်ရှိတွင်းနက်သည် ရုတ်တရက် ရူးသွပ်သော စုပ်ယူစွမ်းအားကို ထုတ်လွှတ်ကာ ယင်ယန်နတ်ဘုရားရေကန်အား တစ်ခါတည်း မျိုချလိုက်သည်။
“ဘာရီးလဲ … ချီးပဲ…”
နေ့တစ်ဝက် ကုန်သွားသည့်အခါ ထန်ရှု၏နှုတ်မှ ဒေါသတကြီး ဆဲဆိုအော်ဟစ်သံ ထွက်ပေါ်လာပါတော့သည်။
***