အပိုင်း(၁၁၀)
Vol. 8 Ch. 110
သူတို့၏ အဖော်ရှေ့၌ ရှစ်ဖုန့်မည်ကဲ့သို့ပေါ်လာသည်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ကြရပေ။
ယင်းမှာ ထိုသူအနေဖြင့် ဘယ်နေရာကမှန်းမသိ ပေါ်လာပြီး ရွှေရောင်ချပ်ဝတ်အစောင့်မှာ သတိထားမသောအချိန်တွင် သူ့ရှေ့၌ လူတစ်ယောက်ရောက်ရှိနေပြီဖြစ်သည်။
ရှစ်ဖုန့်က သူ၏ ညာလက်ကို လွဲယမ်းလိုက်ပြီး ရွှေရောင်ချပ်ဝတ်အစောင့်အား လွင့်ပျံတက်သွားစေသည်။
ထို့နောက်သူက သူ့ရှေ့ရှိ လူသုံးယောက်ကို ကြည့်၍ ပြောလိုက်သည်။
“ငါ့ဆီကို အတူတူလာခဲ့ကြ”
“ဘာတွေဖြစ်နေတာလဲ…ဘာလို့အပြင်ဘက်မှာ အရမ်းဆူညံနေရတာလဲ”
ထိုအချိန်တွင် ရွှေရောင် နဂါးတစ်ကောင်ပုံထွင်းထုထားသော ရွှေရောင်တံခါးကရုတ်တရက် ပွင့်လာပြီးတုတ်ခိုင်သော ပုံရိပ်တစ်ခုကထွက်လာသည်။
“သခင်လေးဖုန့် ရောက်လာပြီပဲ ..”
တုတ်ခိုင်သော ပုံရိပ်မှာ တံခါးကို ဖွင့်လိုက်ပြီးနောက် သိပ်မဝေးလှသောနေရာမှ ရှစ်ဖုန့်ကို မြင်တွေ့လိုက်သည်။
သူ၏မျက်လုံးတို့ ပြူးကျယ်သွားကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။
ထိုလူမှာ စန်းယွဲ့ မြို့ပြင်ရှိ အမွေအနှစ်အား ရှစ်ဖုန့်နှင့်အတူတကွ ဝင်ရောက်ခဲ့သော ကျောက်ဟူပင်ဖြစ်သည်။
ကျောက်ဟူ ရှစ်ဖုန့်ထံသို့ ခြေလမ်းအနည်းငယ်လျှောက်လှမ်းလာပြီးသော အခါတွင် လေထုမှာ မူမမှန်မှု ရှိနေသည်ကို သူရုတ်တရက်သဘောပေါက်လိုက်မိသည်။
အထူးသဖြင့် သူ့အနေဖြင့် သိပ်မဝေးလှသောနေရာတွင် လဲနေသော သူကို တွေ့လိုက်ရသောအခါတွင်ဖြစ်သည်။ သူကချက်ခြင်းသူ့ဘေးရှိ ရွှေရောင်ချပ်ဝတ် ဝတ်အစောင့်ကိုမေးလိုက်သည်။
“စုန့်ရှ ….ဘာတွေဖြစ်နေတာလဲ”
“ကျောက်…တပ်မှူးကျောက်….ကျွန်တော်တောင်းပန်ပါတယ် သူက တပ်မှူးရဲ့ မိတ်ဆွေမှန်း ကျွန်တော်တို့ မသိလို့ပါ”
စုန့်ရှ အမည်ရှိ ရွှေရောင်ချပ်ဝတ် ဝတ်အစောင့်က ပြောလိုက်သည်။
“ဟမ့်..ငါ့သူငယ်ချင်းတဲ့လား….”
ကျောက်ဟူက နှာတစ်ချက်မှုတ်လိုက်ပြီး ထိုလူများကို တစ်ချက်ကြည့် လိုက်သည်။
ထို့နောက်သူကပြောလိုက်သည်။
“သခင်လေးဖုန့်က အရှင့်သားရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်ပဲ အရှင်သားသာ ဒါကို တွေ့သွားရင် မင်းတို့ကို အရှင်လတ်လတ် အရေခွံ စုတ်လိမ့်မယ်”
“အာ…”
ရွှေရောင်ချပ်ဝတ် ဝတ်အစောင့်သုံးယောက်မှာ တုန်လှုပ်သွားကြသည်။
သူတို့က ကျောက်ဟူ၏ ရှေ့မှောက်တွင် အလျှင်အမြန် ဒူးထောက်လိုက်ကြပြီး ပြောလိုက်ကြသည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ တပ်မှူးကျောက်”
“ငါ့ကို ခွင့်လွှတ်ပေးဖို့ ပြောလို့ ဘာဖြစ်မှာတုံး…သခင်လေးဖုန့်နဲ့ အရှင့်သားကပဲ မင်းတို့ကို ခွင့်လွှတ်ပေးရမဲ့သူတွေပဲ”
ကျောက်ဟူက ရှစ်ဖုန့်ကို ကြည့်၍ ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ သခင်လေးအပေါ် အသိအမှတ်မပြု စော်ကားခဲ့မှုအပေါ် ခွင့်လွှတ်ပေးဖို့မျှော်လင့်ပါတယ် သခင်လေးဖုန့်”
သူတို့သုံးဦးသားချက်ခြင်း ရှစ်ဖုန့်ထံလှည့်လိုက်ကြပြီး ခွင့်လွှတ်ပေးပါရန်အတွက် စိတ်ရင်းအတိုင်းအမူအယာဖြင့် တောင်းပန်လိုက်ကြသည်။
“ကောင်းပြီ…ကောင်းပြီ..”
ရှစ်ဖုန့်က ကျောက်ဟူထံသို့ လျှောက်မသွားခင် သူတို့သုံးဦးအား စိတ်မရှည်သော အမူအယာဖြင့် လက်ဝေ့ယမ်းပြလိုက်သည်။
သူက ကျောက်ဟူ၏ ရှေ့တွင် ရပ်လိုက်ပြီး ပြောလိုက်သည်။
“ငါ့ကို လုံချန်ဆီ ခေါ်သွားပေး”
“ အရှင့်သားက ပြောထားတယ် သခင်လေးဖုန့်ရောက်လာခဲ့ရင် သူ့ကို အချိန်မှီ သတိပေးရမယ်လို့”
“သူ သခင်လေးကို ကိုယ်တိုင် ကိုယ်ကျ လာရောက်ကြိုဆိုပါလိမ့်မယ်”
ကျောက်ဟူကပြောလိုက်သည်။
ကျောက်ဟူ၏ စကားတို့အားကြားလိုက်ရသောအခါတွင် အစောင့်သုံးယောက်မှာ တုန်လှုပ်သွားကြပြီး သူတို့ကိုယ်မှ ချွေးစေးများပင် ထွက်လာခဲ့သည်။
ထို့နောက်တွင် သူတို့သခင်ဖြစ်သူက သူတို့အားဒီအကြောင်းတစ်ချိန် ပြောခဲ့ဖူးသည်ကို သတိရလိုက်မိကြသည်။ သို့သော် သူတို့သခင်ပြောခဲ့သော ဂုဏ်သရေရှိ ဧည့်သည်တော်က ဤလူဖြစ်နေလိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
သူက “သခင်လေးဖုန့် “ဟူသော စကားတို့သာပြောခဲ့သော်လည်း မည်သူကဤလူမှာ သခင်လေးဖုန့် ဖြစ်သည်ကို သိနိုင်ပါမည်နည်း။
သူကအရမ်းငယ်ရွယ်လွန်းသည့်အပြင် ကျင့်ကြံမှုမှာလည်း ကြယ်သုံးပွင့် စစ်သည်တော်နယ်ပင့်အဆင့်သာရှိသေးပုံရသည်။
“ကောင်းပြီ အရမ်းကရိကထများစေမဲ့ ကိစ္စတွေကို လုပ်နေစရာမလို အပ်ပါဘူး”
“ငါ့ကို သူ့ကို တွေ့ဖို့အတွက်သာခေါ်သွားပေး”
ရှစ်ဖုန့်က ကျောက်ဟူကို ပြောလိုက်သည်။
“သခင်လေးဖုန့်ကိုယ်တိုင်က ဒီလိုမျိုးပြောနေမှတော့လည်း…ဒါဆိုကျေးဇူးပြုပြီး ကြွပါ”
ကျောက်ဟူက သူ့လက်တို့ကိုဆန့်ထုတ်ကာ ရှစ်ဖုန့်အားဝင်ရောက်ရန် လက်ဟန်ခြေဟန်ဖြင့် ဖိတ်ခေါ်လိုက်သည်။
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
သူဝင်ကာနီးတွင် ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားသည်။
သူကလှည့်လိုက်ကာ စုန့်ရှဟုခေါ်သော ရွှေရောင်ချပ်ဝတ် အစောင့်ကို မေးလိုက်သည်။
“အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီး လုံချန်တိုကင်ပြားနဲ့အတူ တစ်ယောက်ရောက်လာသေးလား”
“ဟင့်အင်း..မလာပါဘူး”
စုန့်ရှက သတိထားပြီး ဖြေလိုက်သည်။
“ကောင်းပြီ ..ငါနားလည်ပြီ”
ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။
ထိုအမျိုးသမီးမှာ အိမ်၌ ပြင်ဆင်စရာရှိသည်တို့ကို ပြင်ဆင်နေရသောကြောင့် မလာသေးခြင်းဖြစ်သည်ဟု ရှစ်ဖုန့်ခန့်မှန်းလိုက်သည်။
ထို့နောက် ရှစ်ဖုန့်က စုန့်ရှနှင့် အခြားသောသူများထံသို့လှည့်၍ အမိန့်ပေးလိုက်သည်။
“အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် နောက်ပိုင်းလုံချန်ရဲ့ တိုကင်ပြားနဲ့ အတူလာခဲ့ရင် သူမကိုဘာအခက်တွေ့စရာမှ ဖြစ်အောင်မလုပ်ကြနဲ့ ..အိမ်တော်ထဲမှာ ကောင်းမွန်တဲ့ နေထိုင်ရာတစ်ခုကို စီစဉ်ပေးလိုက်”
“ဟုတ်ကဲ့”
အစောင့်သုံးယောက်က ပြန်ဖြေလိုက်ကြသည်။
“ကောင်းပြီ သွားကြစို့”
ရှစ်ဖုန့်က ကျောက်ဟူကို စကားပြောလိုက်ပြီးသည့်နောက်ရွှေရောင် အစောင့်တို့မှာ သခင်လေးဖုန့်ဟူသော လူငယ်လေးက အိမ်တော်အတွင်းသို့ ကျောက်ဟူနောက်မှာ လိုက်ဝင်သွားသည်ကို တွေ့လိုက်ကြရသည်။
သူတို့နှစ်ယောက် ပျောက်ကွယ်သွားသော အခါမှသာလျှင် အစောင့်သုံးယောက်မှာ သူတို့၏ တင်းကျပ်နေသော အကြောအချဉ်များ ကို ပြေလျော့စေနိုင်ကြပြီး စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချမိကြသည်။
စုန့်ရှက ပြေလိုက်သည်။
“တကယ့်ကို သီသီလေးပဲ”
တစ်ခြားနှစ်ယောက်မှာ လည်း မြေပြင်ပေါ်တွင် လွှတ်ပစ်ခံရသောကြောင့် လဲနေသော အဖော်ထံသို့ မသွားခင် လေးနက်သော အမူအယာဖြင့် ခေါင်းညိမ့်ထောက်ခံလိုက်သည်။
မင်းသားလုံချန်အိမ်တော်၏ တန်ဖိုးကြီးဇိမ်ခံပစ္စည်းများဖြင့် အလှဆင်ထားသော ဧည့်ခန်းထဲတွင် လုံချန်မှာ ခရမ်းရောင် မင်းညီမင်းသာ ဝတ်ရုံကို ဝတ်ဆင်ထားသည်။
သူကစာပွဲခေါင်းရင်းဘက်ရှိ အနီရောင် သစ်သားကုလားထိုင်တစ်လုံးပေါ်၌ ထိုင်နေပြီး သူ့လက်ထဲတွင် လက်ဖက်ရည်တစ်ခွပ်ကို ကိုင်ထားသည်။
လက်ဖက်ရည်ခွပ်၏ နှုတ်ခမ်းဝက အနည်းငယ် ပွင့်ဟ နေပြီး ခွပ်ပြင်သို့ ရနံ့မွှေးခပ်ယဲ့ယဲ့က ထွက်နေသည်။
ဤအချိန်၌ စန်းယွဲ့မြို့တွင် တွေ့ရသော ပုံစံနှင့် ယှဉ်လိုက်လျှင် လုံချန်မှာ ယခင်ကဲ့သို့ ပူပင်ကြောင့်ကြမဲ့ တည်ကြည်ခံ့ညားသော ဟန်တို့ရှိမနေတော့ချေ။
ထိုအစား သူ့မျက်နှာထက်ရှိ ဝမ်းနည်းပက်လက်ဖြစ်နေမှုကို ပင် မဖုံးကွယ်ထားနိုင်ပေ။
သူအနေနှင့် လက်ဖက်ရည်ခွပ်ကို ကိုင်ဆောင်ထားသော်လည်း သူ့နှုတ်ခမ်းဖြင့် ထိမထားသည်မှာ ကြာပြီဖြစ်သည်။
ယင်းမှာ သူ့အနေဖြင့် လက်ဖက်ရည်အပေါ်၌ တစ်ချိန်လုံးအာရုံရှိမနေသည်ကို သိသာစေသည်။
သူ့နေဖြင့် ခွပ်ကို ကိုင်ဆောင်ထားရသည်ကို ပင် မေ့နေမိပီဖြစ်သည်။
“ အရှင့်သား ဘယ်သူရောက်လာလဲဆိုတာကို ကြည့်လိုက်ပါအုံး”
ထိုအချိန်တွင် ခပ်ကြမ်းကြမ်း ယောက်ျားတစ်ယောက်အော်သံက တံခါးအပြင်ဘက်မှ ထွက်လာသည်။ယင်းက လုံချန်၏ အတွေးယဉ်ကြောကို ကြားဖြတ်ဟန့်တားခံလိုက်ရပြီး သူ့အား လက်တွေ့လောကသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
သူ၏ အတွေးတို့ကို ရုတ်တရက် ကြားဖြတ်ဟန့်တားခံလိုက်ရသောကြောင့် လုံချန်မှာ အပျော်ရွှင်စွာဖြင့် လှမ်းအပြစ်တင်လိုက်သည်။
“မင်းဘာလို့အော်နေတာလဲ..မင်းအနေနဲ့ မင်းသားရဲ့ အိမ်တော်မှာ နေလာတာ နှစ်ပေါင်းများစွာကြာနေပြီ မဟုတ်ဖူးလား..ဘာလို့ ထိန်းမရသိမ်းမရဖြစ်နေရသေးတာလဲ”
ထို့နောက်တွင်လုံချန်က အသံနောက်သို့လိုက်ကာ အကြည့်တို့ကို ဖြည်းဖြည်းချင်းရွှေ့လိုက်သည်။
ထိုအချိန်တွင် လုံချန်မှာ ဧည့်ခန်းဝင်ပေါက်ဆီမှ ငယ်ရွယ်သောပုံရိပ်တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသည်။
“အာ သခင်လေးဖုန့်..ဒါက မင်းကို …နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့”
ရှစ်ဖုန့်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါတွင် လုံချန်က သူ့ထိုင်ခုံမှအလျှင်အမြန်ထကာ သူ့ကိုကြဆိုရန် ရှေ့သို့ အလျှင်အမြန်လာလိုက်သည်။
ထို့နောက်လုံချန်က ရှစ်ဖုန့်နောက်ရှိ ကျောက်ဟူကို ကြည့်လိုက်ကာစိတ်ကျေနပ်မှုမရှိသော အမူအယာအပြည့်မျက်နှာဖြင့် အပြစ်တင်လိုက်သည်။
“ဘာဖြစ်တာလဲ…ငါမင်းကိုမပြောခဲ့ဘူးလား သခင်လေးဖုန့်ငါတို့အိမ်တော်ဆီကိုလာရင် ငါ့ကို မင်းချက်ခြင်းအသိပေးရမယ်လို့..ငါကိုယ်တိုင်သူ့ကိုလာကြိုဆိုမှာပေါ့”
ရှစ်ဖုန့်က လုံချန်အားသူ့လက်ကိုဝေ့ယမ်းပြကာ ပြောလိုက်သည်။
“ကောင်းပြီ သူ့ကိုအပြစ်တင်မနေနဲ့တော့ ..အဲ့တာအရမ်းကရိကထတွေများတယ်လို့ ငါတွေးမိလို့ ငါကပဲ မင်းဆီကိုခေါ်လာဖို့ သူ့ကို တောင်းဆိုခဲ့တာ”
ထိုအချိန်တွင် လုံချန်က ရှစ်ဖုန့် ကိုကြည့်လိုက်ကာ အပြစ်ရှိသော မျက်နှာဖြင့် ပြောလိုက်သည်။
“သခင်ဖုန့် ညီမလေး လင်အာနဲ့ပက်သက်ပြီးတော့ မင်းလည်းသိပြီးသွားပြီလို့ ငါထင်တယ်….ငါ”
“ဟုတ်ပါပြီ ..ဟုတ်ပါပြီ…အရမ်းပျော့ညံ့တဲ့ သူပုံစံလာလုပ်ပြမနေနဲ့”
ရှစ်ဖုန့်က လုံချန်အား တိုက်ရိုက်ပင် ကြားဖြတ်ဟန့်တားလိုက်ကာ ပြောလိုက်သည်။
“လင်အာကိုခေါ်သွားတဲ့သူက ဘိုးဘေးနယ်ပယ်အဆင့်တစ်ယောက်ပဲ..မင်းအမှားမဟုတ်ဖူး…တစ်နေ့ကျရင် လင်အာကို ငါ့ဟာငါ ကိုယ်တိုင်သွားခေါ်မှာ”
“အာ ..ငါတို့ယွင်လိုင်အင်ပါယာက ထျန်းမြောင်အင်ပါယာရဲ့ လက်အောက်ခံပဲ …. ဖျောင်ရှဂိုဏ်းဆိုတာက ထျန်းမြောင်အင်ပါယာအတွင်းမှာ အင်အားအကြီးဆုံးဂိုဏ်းတစ်ခုဖြစ်တယ်…အဲ့မှာ ဘိုးဘေးနယ်ပယ် ကျွမ်းကျင်သူတွေအများကြီးပဲ..သခင်လေးဖုန့်အနေနဲ့ လုံလောက်အောင် မသန်မာသေးခင် အချိန်မှာ..မဆင်မခြင်မပြုမူဖို့ကို ငါမျှော်လင့်ပါတယ်”
လုံချန်က ပြောလိုက်သည်။
“ဒါပေါ့ ငါနားလည်ပါတယ်…”
ရှစ်ဖုန့်က ပြောလိုက်သည်။
“မင်းဘာတွေဖြစ်နေတာလဲ ဘာလို့ မင်းအရွယ်တောင်ကျသွားသလိုမျိုး ငါခံစားနေရတာလည်း”
“ငါအရွယ်ကျတာလား”
ရှစ်ဖုန့်၏ စကားအားကြားလိုက်ရသောအခါတွင် လုံချန်မှာ သူမျက်နှာကို မသိလိုက်ပါဘဲထိမိလိုက်ပြီး ခါးသက်စွာ ပြုံးလိုက်သည်။
“လက်တလော ငါ့စိတ်ထဲမှာ ကိစ္စတွေအများကြီး ရှိနေလို့နဲ့ တူပါတယ်”
“ဘာလဲ ပုလ္လင်ကိစ္စအတွက်လား”
ရှစ်ဖုန့်က မေးလိုက်သည်။
“တကယ်တော့ ပုလ္လင်အတွက် တိုက်ခိုက်တယ််ဆိုတာက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တာပါ”
လုံချန်ကပြောလိုက်သည်။
“တောင်ဝင်မိသားစုဝင်တစ်ယောက်အဖြစ်မွေးဖွားလာရခြင်းက ကူကယ်မဲ့စေတဲ့အရာတစ်ခုပါပဲ..ညီအကိုတွေဟာ အချင်းချင်းသတ်ဖြတ်နေကြပြီး မင်းသေရင်သေ မသေရင်ငါသေဆိုတဲ့ အနေအထားမျိုးပါပဲ..ငါ့ခမည်းတော်သာ တကယ်နတ်ရွာစံသွားပြီး ငါတို့မင်းသားတွေထဲက တစ်ယောက်က အမွေဆက်ခံရရင်..အဲ့တာက တကယ့်စစ်ပွဲကြီးတစ်ခုကို ပေါက်ကွဲ ဖြစ်လာစေလိမ့်မယ်…”
“အနိုင်ရသူကတော့ဘုရင်ဖြစ်လာပြီး ရှုံးနိမ့်သူတွေကတော့ သင်္ချိုင်းနေရာတောင်ရမှာမဟုတ်ပဲ သေဆုံးရလိမ့်မယ်….အခုချိန်ငါစိုးရိမ်မှု အဖြစ်ဆုံးအရာက ရရှိထားတဲ့ သတင်တွေအရ ငါ့ခမည်းတော်ဟာ ဧကရာဇ်ထိုင်ခုံနေရာအတွက် ငါ့ကို ပေးဖို့ အစီအစဉ်ရှိနေတာကိုပဲ”
“မင်းကို ရာဇပုလ္လင်ကို ပေးတာလား”
“ပုလ္လင်ကို အမွေဆက်ခံတယ်ဆိုတာ က သာမားရိုးကျ နည်းတစ်ခုဆိုပေမဲ့ မင်းက လူအားလုံးရဲ့ပစ်မှတ်ဖြစ်လာနေပြီ”
သူတို့ရဲ့နေရာကို မသိရတဲ့ မင်းညီအကိုတွေက အရင်ဆုံးပူးပေါင်းပြီးတော့ မင်းကိုတိုက်ခိုက်ကြလိမ့်မယ်”
“မင်းအဖေက မင်းကို အရင်သေဖို့ အတွက် ရှင်းရှင်းလင်းလင်းကို တောင်းဆိုနေတာပဲ”
ရှစ်ဖုန့်ကပြောလိုက်သည်။
ဆက်ရန်….
ဘာသာပြန်သူ- ARISE