← Chapters

အကျိုးကျေးဇူးများ

Vol. 11 Ch. 536

အကျိုးကျေးဇူးများ

Vol. 11 Ch. 536

…ခရက်…

ထန်ရှု ဒေါသတကြီး အော်လိုက်သည်နှင့် ကမ္ဘာငယ်လေးတစ်ခုလုံး အက်ကွဲလာဟန်ရသည်။ ဥကွဲသံကဲ့သို့ ကွဲအက်နေသော အသံသည် သူ့နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်ရောက်လာသည်။

"ဘာတွေဖြစ်နေတာလဲ။"

သူ့စိတ်ထဲတွင် သတင်းအချက်အလက်များ ရုတ်တရက် ပေါ်လာပြီး သိသိသာသာ ပြောင်းလဲသွားသော အမူအရာဖြင့် ထန်ရှု ရုတ်ခြည်းပင် ငိုချင်သလိုလို ဖြစ်လာရသော်လည်း မျက်ရည်မထွက်လာခဲ့ပေ။ အဘိုးအိုမှ သူ့အား ထားရစ်ခဲ့သော အချက်အလက် ဖြစ်ပြီး အဘိုးအို ဆုံးပါးသွားပါက ဤကမ္ဘာငယ်လေး ပြိုပျက်သွားမည်ဖြစ်ကာ ခပ်လှမ်းလှမ်းဆီမှ နတ်ဓားကို ဆွဲထုတ်လိုက်ပါက အပြင်ဘက်သို့ နေရာရွှေ့ပြောင်းခြင်း ခံရမည်ဖြစ်သည်။

အဝေးတစ်နေရာတွင် ယန်လီသည် ပတ်ဝန်းကျင်ကို စိုက်ကြည့်ရင်း ရင်တထိတ်ထိတ်နှင့် ပါးစပ်အာစေးမိထားသည့်နှယ် ဖြစ်နေသည်။ အက်ကွဲမှုများသည် နေရာလွတ်အတွင်း နေရာတိုင်းမှ ထွက်ပေါ်လာပြီး သူ၏နှလုံးသားအတွင်း၌ ပြင်းထန်နက်ရှိုင်းသော အကြောက်တရားအား တိုးပွားလာစေခဲ့သည်။ တာအို၊ အင်မော်တယ်နှင့် နတ်ဘုရားနယ်ပယ်များအတွင်းရှိ ကျင့်ကြံမှုတည်ရှိခြင်းနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတ သူ့တွင် မရှိဟု ပြောနိုင်ပြီး နေရာလွတ် ပြိုကွဲခြင်းသည် သူ့ကို အားငယ်နေစေသေးသည်။

"ထန်ရှု ... မင်း ဘယ်မှာလဲ ထန်ရှု …"

ယန်လီသည် အသံတုန်တုန်ရီရီဖြင့် ရေရွတ်ရင်း တောင်ပေါ်ဆီသို့ ပြေးရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"ဘာတွေ ဖြစ်သွားတာလဲ။ ဟိုအရင်တုန်းက ဒီတောင်ကြီးက တောက်လောင်နေတာမဟုတ်ဘူးလား။ အဲ့ဒီတုန်းက ရေခဲလှေကား ဘယ်ရောက်သွားတာလဲ။ ဒါ ... ဘာဖြစ်တာလဲ ... အား … ဒီတောင်ကြီး ပြိုကျနေတာလား။"

ယန်လီသည် အဝေးကတောင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင် ပါးစပ်အဟောင်းသားဖြစ်ကာ သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အကြောများ တုံ့ဆိုင်းသွားသည်။

… ဝှစ်…

အလင်းတန်းလျှပ်စီးကြောင်းသဏ္ဌာန်နှင့်တူသော အမည်းရောင်အရိပ်တစ်ခုသည် အဝေးဆီမှ ပျံသန်းလာသည်။ ခိုင်မြဲသောလက်တစ်စုံက သူ၏ပခုံးကို ဆုပ်ကိုင်ထားသည်ကိုသာ ယန်လီ ခံစားလိုက်ရပြီး ရုတ်တရက် သူသည် တိမ်တိုက်များကြားတွင် ပျံသန်းနေပြီဖြစ်သည်။

"ထန် ... ထန်ရှုလား…"

ယန်လီသည် သူ အမြင်မမှားကြောင်း သေချာစေရန် မျက်လုံးများကို ပွတ်သပ်ပြီးနောက် မယုံကြည်နိုင်စွာ အော်လိုက်သည်။

"မင်း ပါးစပ်ပိတ်ထားဦး။" ထန်ရှုက အော်လိုက်သည်။ “မင်းမှာ မေးစရာတွေ အများကြီးရှိတယ်ဆိုတာ ငါ သိတယ်။ ဒါပေမယ့် အခုအချိန်မကျသေးဘူး။ ဒီနေရာကနေ ငါတို့ ထွက်သွားပြီးရင် မင်း သိချင်တာတွေကို ငါ ပြောပြမယ်။"

"အင်း … အင်း …"

ယန်လီသည် ထပ်တလဲလဲ ခေါင်းညိတ်ပြပြီး ထန်ရှုက သူ့အား "ပျံသန်း" ခေါ်ဆောင်သွားသောအခါ သူ၏ကြောက်ရွံ့မှုတို့ ပျောက်ကွယ်သွားခဲ့ပေသည်။

…ဘုန်း…

ထန်ရှု၏ခြေဖဝါးများ မြေပြင်ပေါ်သို့ ထိတွေ့သွားသည့်အခါ သူသည် ယန်လီအား ချက်ချင်း လွှတ်ပေးလိုက်ပြီး ကောင်းကင်ယံထက်တွင် မားမားမတ်မတ် တည်ရှိနေသော ဧရာမဓားရှည်ဆီသို့ အပြေးသွားတော့သည်။ ထန်ရှုသည် သူ၏စိတ်ကို အာရုံစူးစိုက်ပြီး ချိပ်ပိတ်လက်ဟန်များ ပြုလုပ်လိုက်ရာ သူ၏စိတ်ထဲတွင် ဓားတစ်ချောင်း၏ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

…ဗွမ်း…

ဧရာမဓားရှည်ကြီး၏မျက်နှာပြင်ပေါ်ရှိ မီးခိုးပြင် အလွှာများ ပေါက်ကွဲထွက်လာပြီး ၁၀,၀၀၀ ကျန်း ရှည်လျားသော ဓားရှည်ကြီးသည် သူ၏မျက်လုံးများ အရှေ့တွင် ပေါ်လာသည်။ ထို့နောက် ၎င်း၏အရွယ်အစားသည် အလွန် လျင်မြန်စွာ လျော့ကျသွားရာ စက္ကန့်အနည်းငယ်အတွင်း သာမန်ဓားရှည်အဖြစ်သို့ ပြောင်းလဲသွားသည်။ ဓားသည်

ထန်ရှုအား အကြိမ်ပေါင်းများစွာ လှည့်ပတ်ရင်း စူးစူးရှရှအသံများ ထုတ်လွှတ်ကာ ထန်ရှု၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။

"ငါ့ဆီ…"

ထန်ရှု၏စိတ်သည် ထိုဓားအား ကိုင်ဆောင်ရန် အာရုံစိုက်ထားလိုက်ရာ ၎င်းဓားရှည်သည် ၎င်း၏ညာဘက်လက်တွင် တန်းပေါ်လာပြီး လက်ပေါ်တွင် ရေးထိုးထားသော ဓားပုံစံတစ်ခု ချန်ထားခဲ့ကာ ပျောက်ကွယ်သွားတော့သည်။

မကြာမီ ထန်ရှုသည် ယန်လီဆီသို့ ပြန်သွားခဲ့သည်။ သူ့ကို ဆုပ်ကိုင်လိုက်ပြီးနောက် လက်ဖြန့်လိုက်ရာ ဓားရှည်တစ်လက်သည် လေထဲမှ ထွက်လာသည်။ နေရာလွတ်၏တစ်နေရာအား ထိုဓားကိုကိုင်ပြီး ရိုက်လိုက်ရာ နေရာလွတ်အက်ကြောင်းတစ်ခု ပွင့်လာသည်။ ထန်ရှုသည် ယန်လီကို သယ်ဆောင်လာပြီး ၎င်းအက်ကြောင်းထဲသို့ လျှောဆင်းသွားသည်။ နောက်အခိုက်အတန့်တွင် သူနှင့် ယန်လီသည် ယခင်လိုဏ်ဂူ၏ပိုးထည် အုပ်ထားသော စင်မြင့်၏အရှေ့တွင် ပေါ်လာခဲ့သည်။

"သွားကြစို့။ ဒီနေရာက ပြိုကျတော့မယ်။”

ယန်လီကို ဆုပ်ကိုင်ရင်း ထန်ရှုသည် အလင်း၏အလျင်ဖြင့် လှေကားထိပ်ဆီသို့ အမြန်ပြေးသွားသည်။ တတိယမုခ်ဝကို ဖြတ်ကျော်ပြီးစဉ်တွင် တံခါးသည် ကျယ်လောင်စွာ ပိတ်သွားသည်။ ထိုအချိန်တွင် ထန်ရှု၏လက်ဖဝါးမှ ဓားရှည်သည် တစ်ဖန်ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူသည် ထူးခြားသော အရာဝတ္ထုများဖြင့် ပြုလုပ်ထားသည့် တံခါးကို ဖြတ်တောက်ရန် ၎င်းကို အသုံးပြုခဲ့သည်။ တံခါးအား တိုဟူးကဲ့သို့ နှစ်ပိုင်း ခြမ်းကာ ထန်ရှုက သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်သည်။

ဒုတိယမုခ်၀ … ပထမဆုံးမုခ်ဝ…

ထန်ရှုသည် ပထမနည်းအတိုင်းပင် ၎င်းတို့ကို ဓားရှည်ဖြင့်ပိုင်းပြီး သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ အပေါ်မြေမျက်နှာပြင်ပေါ်သို့ အပြေးထွက်လာခဲ့တော့သည်။

"နောက်ဆုံးတော့ ငါတို့ ထွက်လာခဲ့ပြီ။"

အထဲတွင် သူ ဖြတ်သန်းခဲ့ရသည့် ခါးသီးသော အတွေ့အကြုံအား ပြန်လည်တွေးမိသည့်အခါ ထန်ရှု၏ နှလုံးခုန်သံသည် ပြင်းထန်စွာ ခုန်လာခဲ့သည်။ ယင်ယန်နတ်ဘုရားရေကန်အား သူ၏ဒန်တျန်ရှိ တွင်းနက်က မျိုချခဲ့သော်လည်း ၎င်းသည် သူ၏ကျင့်ကြံခြင်းအတွက် အကျိုးကျေးဇူးများစွာ ပေးခဲ့သည်။ ကိုယ်တွင်းအင်္ဂါ ပြောင်းလဲခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရန် အနည်းဆုံး ဆယ်နှစ်ခန့် လိုမည်ဟု မူလက သူ တွေးထားခဲ့သည်။ သည်ကဲ့သို့ ကြီးကျယ်ကောင်းမွန်သည့် ဆုံတွေ့မှုမျိုးနှင့် ကြုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားဘဲ ၎င်းသည် သူ့အား အောင်မြင်လွယ်ကူစေခဲ့သည်။

သို့သော် ထိုသို့သော ကျင့်ကြံမှု အလျင်အမြန် အားကောင်းလာခြင်းသည် သူ့အတွက် ကောင်းကျိုးနှင့် ဆိုးကျိုး ရှိကြောင်း သူ ကောင်းကောင်း သိပေသည်။ အားနည်းချက်မှာ မိမိကိုယ်ပိုင်စွမ်းအားကို အချိန်အတိုင်းအတာတစ်ခုအထိ မထိန်းချုပ်နိုင်ခြင်းကြောင့် မိမိခွန်အားကို အသုံးပြုနေရင်း မိမိ၏လက်ရှိအခြေအနေနှင့် တဖြည်းဖြည်း ရင်းနှီးလာအောင် လုပ်ရမည်ဖြစ်သည်။

သို့မှသာ သူသည် ကိုယ်တွင်းအင်္ဂါပြောင်းလဲခြင်း၏ အထွတ်အထိပ်အဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပေမည်။

“ဟူးရေး … ငါတို့ ထွက်လာခဲ့ပြီ။"

ယန်လီသည် ဘေးဒုက္ခဆိုးတစ်ခုမှ လွတ်မြောက်လာသလို ခံစားရသည်။ လှပသော နေရောင်ခြည်ဖြင့် သာယာနေသော ရာသီဥတုကို သူ ကြည့်လိုက်သည်။ ရှုပ်ယှက်ခတ်နေသည့် မြင်ကွင်းကြားမှ သူ၏အသက်ရှုသံနှင့် သိမ်မွေ့သော ခံစားချက်သည် သူ့အား မျက်ရည်များပင် ကျစေခဲ့သည်။

ရုတ်တရက် သူက ထန်ရှုဘက် လှည့်ပြီး

"ငါ့ကို ပြောပါဦး။ အဲ့ဒီမှာ သောက်ကျိုးနည်း ဘာကြီး သွားတာလဲ။”

…ဝှစ်…ဝှစ်…ဝှစ်…ဝှစ်…

ရှေးခေတ်သင်္ချိုင်းအဝင်ဝမှ ပုံရိပ်လေးခုသည် မျက်လုံးတစ်မှိတ်အတွင်း ထန်ရှု၏အရှေ့တွင် ရုတ်တရက် ပေါ်လာသည်။

"သူဌေး…" လူလေးယောက်က စိတ်ရောကိုယ်ပါ ခေါ်လာသည်။

“မင်းတို့တွေ လုံစားသောက်ခန်းကို သွားပြီး ငါ့နာမည်နဲ့ သီးသန့်အခန်းတစ်ခန်း ကြိုမှာထားလိုက်ကြ။ ငါ အနောက်က လိုက်လာခဲ့မယ်။" ထန်ရှုက ခေါင်းညိတ်ပြီး ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။

"နားလည်ပြီ။" လူလေးယောက် ခေါင်းညိတ်ကာ အမြန် ထွက်သွားသည်။

ယန်လီသည် မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။ ထိုလူလေးယောက် ပေါ်လာသည့်အချိန်သည် အလွန်တိုတောင်းပြီး ထွက်ခွာသွားမှုမှာလည်း အလွန်မြန်ဆန်ကြောင်း သူ နားလည်ခဲ့သည်။

"ထန်ရှု … မင်းတို့ကောင်တွေ ... မင်းတို့တွေက ဘယ်လိုလူတွေလဲ။"

"ဒီနေ့ ငါ့ကို အဖော်လိုက်ပေးလိုက်တာ အမြင်တွေ ပိုကျယ်လာပြီလား။" ထန်ရှု ရယ်လိုက်သည်။

“မင်းကို ပြောပြတာ တကယ် အဆင်ပြေပေမယ့် အခုက အချိန်မကျသေးဘူး။ အရင်က ငါပြောသလိုပဲ မင်းရဲ့အရည်အချင်း မပြည့်သေးဘူး။"

“ဒီတစ်ခေါက် ရှေးဟောင်းသင်္ချိုင်းမှာ ငါ သေလုနီးပါး ဖြစ်ခဲ့တာတောင် ဘာအကျိုးကျေးဇူးမှ မရခဲ့ဘူး။ ဒါက မင်းရဲ့အဖြေလား။" ယန်လီ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဟုတ်တယ် … ငါ့အဖြေပဲ။" ထန်ရှု ခေါင်းညိတ်သည်။ “ငါ မင်းကို အခွင့်အရေးတွေ ပေးထားပြီးသား။ ငါ့ရဲ့တောင်းဆိုမှုကို မင်း ဖြည့်ဆည်းပေးနိုင်ရင် မင်းကို တပည့်အဖြစ် ငါ သဘောမထားဘဲ သူငယ်ချင်းတစ်ယောက်အဖြစ် မှတ်ထားမယ်ဆိုတာ မင်း ယုံလိုက်။ အခွင့်အရေးကတော့ မင်းရဲ့လက်ခံမှုအပေါ် မူတည်တယ်။”

ယန်လီ ငြိမ်ကျသွားသည်။ သူက ထန်ရှုကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း မေးလာသည်။ "မင်း ငါ့ကို ပြောတဲ့အဲ့ဒီအခွင့်အရေးက ရှေးဟောင်းသင်္ချိုင်းနဲ့ အဲ့ဒီနေရာလွတ်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေ ရှင်းပြဖို့ရော ပါလား။"

"ပါတယ်။" ထန်ရှု တန်းခေါင်းညိတ်လိုက်သည်။

ယန်လီ ရုတ်တရက် ရယ်မောလိုက်သည်။ သူ၏ အပြုံးသည် စိတ်အားထက်သန်စွာ တောက်ပနေပုံရသည်။ သူ၏ အသိဉာဏ်နှင့် အသိပညာဗဟုသုတတို့ထက် ကျော်လွန်၍ တခါမှ မမြင်ဖူးသောအရာများ၊ ဆန်းကြယ်သော အရာများ ပြည့်နှက်နေသော ခမ်းနားလှသည့် မြင့်မြတ်သော ကမ္ဘာဆီသို့ မြင်နိုင်သော ပြတင်းပေါက်အား ထန်ရှုမှတဆင့် တွေ့မြင်ခဲ့ရကြောင်း သူ သိရှိခဲ့ပေသည်။

ထို့ကြောင့် သူ ပေးချေရမည့်ဈေး မည်သို့ပင်ရှိစေကာမူ ထိုလျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာအကြောင်းကို လေ့လာရန် ထန်ရှုအား ခွေးအရေခွံပလာစတာကဲ့သို့ မကွာစတမ်း ကပ်ထားမည်ဟု ဆုံးဖြတ်ထားပြီဖြစ်သည်။

"ငါလိုချင်တယ် ထန်ရှု။" ယန်လီက သူ၏လက်ကို ဆန့်ထုတ်ကာ အားပါးတရ ပြုံးပြလိုက်သည်။

ထန်ရှုက သူ့အား မျက်လုံးပြူးပြီး "အကျိုးအမြတ်တွေက မင်းအတွက် အရမ်း ကောင်းပါလိမ့်မယ်။ အဲ့ဒီမုခ်ဝနှစ်ခုကို ဖွင့်ဖို့ ကူညီပေးတဲ့အတွက် ဆုလာဘ်တစ်ခုအနေနဲ့ မှတ်ယူပါ။ ဒါပေမယ့် မင်း တစ်လက်မ ရပြီးရင် ငါ့ကို တစ်မိုင်လောက်တော့ မတောင်းနဲ့ ဟုတ်ပြီလား။ မဟုတ်ရင် မင်းရဲ့အခွင့်အရေးကို ငါ ဖျက်လိုက်မယ်။"

"ဒါဆို ၅ ဘီလီယံပေါ့ ဟုတ်တယ်မလား။" ယန်လီက ခေါင်းမော့ပြီး မေးသည်။

"ဟုတ်တယ် ၅ ဘီလီယံ။" ထန်ရှုက သူ မေးနေသည်ကို သဘောပေါက်သွားရင်း

"ဒါပေါ့ … မင်း ငါ့ကို ယွမ် ၁၀ဘီလီယံ ပေးချင်သေးရင် ငါ ပျော်ပျော်ကြီး လက်ခံရမှာပေါ့။"

“…”ယန်လီ မျက်လုံးပြူးပြလိုက်ပြီး အပြင်ဘက်သို့ လှည့်ထွက်သွားသည်။

ထန်ရှုသည် ခပ်ဖျော့ဖျော့ ပြုံးကာ ခြေလှမ်းပေါင်းများစွာအတွင်း သူ့အား အမှီလိုက်သည်။ ထို့နောက် လုံခြုံရေးအစောင့်ထံ ညွှန်ကြားချက်တစ်ခု ပေးပို့ပြီး အပြင်သို့ ထွက်ခွာသွားခဲ့သည်။ ဂူထဲတွင် ရှိနေသော အောက်ဘက်ရှိနေရာသည် ပြိုကျနေပြီဖြစ်သော်လည်း အပေါ်မှ ဆောက်လုပ်ရေးနေရာသည် ပြိုကျထားပြီး ဖြစ်သောကြောင့် ထန်ရှုသည် အသေအပျောက် ဖြစ်လာမည်ကို မစိုးရိမ်ပေ။ မည်သို့ပင်ဆိုစေကာမူ လုံခြုံရေးအစောင့်များအား မြေပြိုကျရာနေရာသို့ မည်သူ့ကိုမျှ ချဉ်းကပ်ခြင်းမပြုစေရန် ညွှန်ကြားထားသည်။

တစ်နာရီကျော်ကြာပြီးနောက် ထန်ရှုနှင့် ယန်လီသည် ကြယ်တာရာရှိ လုံစားသောက်ခန်း၏ ဝင်ပေါက်သို့ ရောက်ရှိလာသည်။ ဝင်ပေါက်တွင် လုံခြုံရေးအစောင့်များကို အစားထိုး ပြောင်းလဲထားသည့်အတွက် ဝင်ခွင့်ရရန် သူ၏အဖွဲ့ဝင်ကတ်ကို ထုတ်ပြခဲ့ရသည်။

အခန်းထဲတွင် ထန်ရှုထံမှ ဖုန်းခေါ်ဆိုမှု ကြိုတင်လက်ခံရရှိပြီးနောက် လုံကျန့်ယုသည် ရောက်နှင့်နေပြီးဖြစ်သည်။ သည်အချိန်တွင် သူ၏ဟန်ပန်သည် ပင်ပန်းနွမ်းနယ်နေဟန် ရသည်။ သူ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည့်ကိစ္စမျိုးစုံအတွက်သာ မရှိပါက အချိန်မရွေး အိပ်ပျော်သွားနိုင်သည့် အခြေအနေ ဖြစ်သည်။

"ဆိုပါဦး … မင်းရဲ့နှစ်သိမ့်မှုတာဝန်ကကော …" လုံကျန့်ယုကို ဆိုဖာပေါ်ထိုင်ရန် အချက်ပြပြီး ထန်ရှုက မေးလိုက်ခြင်းဖြစ်သည်။

"ပြီးသင့်သလောက် ပြီးခဲ့ပေမယ့် ဘေးဥပဒ်ရဲ့ နောက်ဆက်တွဲကိုတော့ တစ်ခါတည်းနဲ့ ပြီးအောင် လုပ်လို့မရဘူး။" လုံကျန့်ယုက ခါးသီးသော အမူအရာဖြင့် ပြန်ဖြေသည်။

“အလုပ်သမားတွေ အများကြီးသေပြီး အများအပြား ဒဏ်ရာရတယ်။ ဒီမတော်တဆမှုက တကယ့်ကို ကြီးမားလွန်းတယ်။”

“ဒီလို မတော်တဆမှုမျိုး ဘယ်သူကိုမှ မဖြစ်စေချင်ဘူး။ ဘယ်သူကိုမှ…” ထန်ရှု ပြောရင်း သက်ပြင်းချလိုက်သည်။

“သေဆုံးသူတွေနဲ့ ဒဏ်ရာရသွားတဲ့ အလုပ်သမားတွေရဲ့ မိသားစုတွေကို ငါတို့တွေ ကောင်းကောင်း ပြုမူဆက်ဆံဖို့ သေချာလုပ်ရမယ်။ လုံအုပ်စုရဲ့ဂုဏ်သတင်းနဲ့လည်း ဆက်စပ်နေတာမို့ သူတို့တွေကို လျော်ကြေးပေးငွေများများ ပေးတာက အခွင့်သာလိမ့်မယ်။ သူတို့ရဲ့အနာဂတ်ဘဝတွေနဲ့ ချိတ်ဆက်နေသလို လုံအုပ်စုရဲ့ဂုဏ်သတင်းနဲ့လည်း သက်ဆိုင်နေတာလေ။"

"ငါ သိတယ်။ အဲ့ဒါအတွက် စိတ်မပူပါနဲ့။"

လုံကျန့်ယု လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

သူ၏အဖြေကို ကြားတော့ ထန်ရှုက သည်ကိစ္စအား ဆက်မပြောတော့ချေ။ သူ၏လက်အား လုံကျန့်ယု၏ပခုံးပေါ် တင်ကာ စတင်နှိပ်ပေးလိုက်သည်။ သူ၏လုပ်ရပ်ကြောင့် လုံကျန့်ယု တွေကနဲဖြစ်ကာ အံ့သြသွားသော်လည်း ချက်ချင်းပင် သူ၏နှလုံးသားကို နွေးထွေးလာစေကာ သူ၏စိတ်ပင်ပန်းမှုနှင့် လေးလံသောခံစားချက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ထန်ရှု၏အလွန်ထူးခြားသော နှိပ်နည်းစနစ်ကြောင့် စိတ်ဆင်းရဲဟန်၊ စိတ်ဓာတ်ကျနေဟန် ရှိသည့် လုံကျန့်ယုသည် တဖြည်းဖြည်း သက်သာလာခဲ့သည်။ ထို့နောက် ထန်ရှု၏လက်ချောင်းများသည် ရွေ့လျားသွားပြီး လုံကျန့်ယု၏နဖူးကို နှိပ်နယ်ရင်း အလယ်ဗဟိုကို နှိပ်ပေးလိုက်ရာ ဖြည်းညှင်းစွာ အိပ်မောကျသွားတော့သည်။

"သူ့ကို ဘေးအခန်းကို သယ်ပြီး သုံးနာရီလောက် အိပ်ခိုင်းထားပြီးမှ နှိုးလိုက်ပါ။" ထန်ရှုက စောစော ရောက်နှင့်နေသည့် လူလေးယောက်ကို ညွှန်ကြားလိုက်သည်။

"နားလည်ပြီ။" ထာဝရခန်းမ၏ ကျွမ်းကျင်သူ လေးယောက်က တုံ့ပြန်ပြီးနောက် လုံကျန့်ယုကို သယ်ဆောင်သွားလိုက်သည်။

ယန်လီက ထန်ရှုကို စိုက်ကြည့်ကာ

"ထန်ရှု … မင်း သူ့အပေါ် အရမ်းကောင်းတယ်ဆိုတာ ငါ နားလည်တယ်။ သူက မင်းရဲ့ မိသားစုဝင်တစ်ယောက်လိုပဲ။”

"ငါတို့က သူငယ်ချင်းတွေပါ။" ထန်ရှုက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

ယန်လီ အံ့အားသင့်သွားသည်။

…သူငယ်ချင်းတဲ့လား…

သူ၏ဘဝတွင် စီနီယာအစ်ကိုများသည် အရင်းနှီးဆုံး ဆွေမျိုးများဟု ထင်ခဲ့ဖူးသည်။ ဆရာသခင် ကွယ်လွန်သွားချိန်မှသာ ထိုသူတို့၏ မျက်နှာအစစ်အမှန်ကို နောက်ဆုံးတွင် တွေ့မြင်ခဲ့ရပြီး သူနှင့်ထားရှိခဲ့ဖူးသော ဆက်ဆံရေးမှန်သမျှကို နှလုံးသားမဲ့စွာ ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ တနေကုန် မိန်းမများ လိုက်ရှာနေသည်ကလွဲပြီး သည်နှစ်များတွင် သူသည် တစ်ယောက်တည်း အထီးကျန်စွာ နေခဲ့ရသည်။ ရုတ်တရက်ပင် သူသည် မနာလိုဖြစ်သွားပြီး လုံကျန့်ယုအား အမှန်တကယ်ပင် အားကျသွားခဲ့ရသည်။

ယန်လီ၏မျက်နှာပေါ်ရှိ ရှုပ်ထွေးနေသောအမူအရာအား ထန်ရှု သတိပြုမိသောကြောင့်

"ငါတို့လည်း အနာဂတ်မှာ သူငယ်ချင်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဲဒါက မင်းရဲ့စိတ်နှလုံးသားကို ဖွင့်ပြီးဆက်ဆံမယ်ဆိုရင်ပေါ့။"

ယန်လီသည် အလွန်လေးနက်သောအမူအရာဖြင့်

"ဒါဆို မင်းရဲ့ပစ္စည်းတွေကို နောင်ဘယ်တော့မှ မခိုးပါဘူးလို့ ဘုရားဆီမှာ ငါကျိန်ဆိုပါတယ်။"

…အဟွတ်...အဟွတ်…

သူ၏အဖြေကြောင့် ထန်ရှု ထိတ်လန့်သွားပြီး ငိုရခက် ရယ်ရခက် ဖြစ်သွားစေသည်။ သည်ငတိက သူ့ကို မိတ်ဆွေဖွဲ့ချင်သည့်တိုင် သူ၏ပစ္စည်းတွေ မခိုးဘူးဆိုသည့် ကတိကို တူညီစွာပင် ပေးရုံပဲလား။ သည်ငနဲကတော့ အမှန်တကယ်ပင်… တာယာအပိုတာယာများအကြားတွင် အကောင်းဆုံး တာယာ … ရှားပါး၊ ထူးခြားဆန်းပြားသော အံ့ဖွယ်ရာ တစ်ခုပင်။

"မင်း ငါ့ပစ္စည်းကို ခိုးရဲရင် မင်းရဲ့ တတိယခြေထောက်ကို ငါ ဖြတ်ပစ်မယ်။" ထန်ရှုက ဟာသသဘောဖြင့် တုံ့ပြန်လိုက်သည်။

( ယောကျ်ားလေးတွေရဲ့တတိယခြေထောက်ကို သိတယ်ဟုတ် ဟာဟ… )

သို့သော်လည်း…

သည်စကားက ယန်လီအား ခေါင်းကြိမ်းသွားစေခဲ့သည်။

***

All Chapters