အပိုင်း(၁၁၃)
Vol. 8 Ch. 113
ရှစ်ဖုန့်နှင့် ပုယွဲ့တို့မှာ အတူတကွ ဆုံစည်းမိကြသော အချိန်တွင် ရှစ်ဖုန့်မှာ သူမဘေး၌ တစ်ချိန်လုံး အချိန်တို့ကို ကုန်လွန်စေခဲ့သည်။
သူ့အမေ၏ စိတ်နေစိတ်ထားတို့မှာ ပြန်လည်နေကောင်းမွန်လာပြီးသည့်နောက်တွင် တိုးတက်လာသည်ကို ရှစ်ဖုန့်သဘောပေါက်လိုက်သည်။
တစ်နေ့လုံးဖြတ်သန်းကုန်ဆုံးနေစဉ် တွင် သူအမေက သူတောင်းစားရှစ်ကျင်းထျန်းအကြောင်းအားတစ်ခွန်းမျှ မဟသလို ရှစ်ဖုန့်ကလည်း ထိုသူတောင်းစားအကြောင်းကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ချေ။
သူ့အနေဖြင့်ထိုသူတောင်းစားအား သေလူတစ်ယောက်ကဲ့သို့သာ ဆက်ဆံလိမ့်မည်ဖြစ်ပြီး သူ့အမေအား ဘယ်သောအခါမှာ ထပ်မံ၍ တွေ့မြင်ခွင့်ပြုမည်မဟုတ်ပေ။ တစ်နေ့ကျ ထိုသူတောင်းစားအား သူတကယ်သတ်ပစ်ခဲ့လျှင်ပင် သူ့အမေအားထိုအကြောင်းကို ဘယ်သောအခါမှ ပြောပြလိမ့်မည်မဟုတ်ပေ။ သူပြောပြလိုက်သည့်အခါတွင် သူ့အမေဝမ်းနည်းလိမ့်မည်ဖြစ်သည်။
ရှစ်လင်အတွက်မူ သူ့အမေအား စိတ်မပူရန် ရှစ်ဖုန့်ပြောထားသည်။ လင်အာအား ကျွမ်းကျင်သူတစ်ယောက်မှာ ရွေးချယ်သွားခြင်းဖြစ်ပြီး သူမအနေဖြင့် သင်ယူမှုများပြီးဆုံး၍ ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာသောအခါတွင် ပြန်လာလိမ့်မည်ဖြစ်သည်ဟု ပြောထားသည်။
တိုက်ခိုက်မှု ကြိုးစားအားထုတ်မှုတို့အား ကာလတစ်ခုကြာဖြတ်သန်းပြီးသည့်နောက်တွင် ယနေ့၌ သူသည် သူ့မိခင်ဖြစ်သူနှင့် အတူရှိနေနိုင်ပြီဖြစ်သည်။ ရှစ်ဖုန့်မှာ ဤချစ်ခြင်းမေတ္တာရိပ်၏အောက်၌ အဆင်ပြေချော့မွေ့နေကာ တစ်ကိုယ်လုံး စိတ်ပြေလက်ပျောက်နှင့် ဖြေလျော့မှုတို့ကို ခံစားရသည်။
နေ့အချိန်က လျှင်မြန်စွာကုန်ဆုံးသွားပြီးသည့်နောက်တွင် နေဝင်ရီတရောအချိန်သို့ရောက်ရှိလာခဲ့သည်။
တန်ဖိုးကြီးပစ္စည်းများဖြင့် တန်ဆာဆင်ထားသော အိမ်ကြီး၏ အလယ်တွင် လက်သီးဆုပ်အရွယ် ညလင်းပုလဲတစ်လုံးရှိသည်။၎င်းက တစ်ခန်းလုံးကို အလင်းရောင်ထွန်းလင်းစေ၏၊
ထိုအချိန်တွင် ထမင်းစားပွဲအပေါ်၌ တန်ဖိုးကြီး ဟင်းပွဲတို့နှင့် ပြည့်နှက်နေပြီးဖြစ်သည်။
ထိုဟင်းပွဲများ အားလုံးမှာ သူ၏ မိခင်ဖြစ်သူ တစ်နေ့လည်လုံးအလှုပ်ရှုပ်ခံ ပြင်ဆင်ထားသော အရာများဖြစ်ကြသည်။ရှစ်ဖုန့်အနေဖြင့် ယခုအခါမှသာ သူ့မိခင်ဖြစ်သူအနေဖြင့် တန်ဖိုးကြီးဟင်းပွဲများအားမည်ကဲ့သို့ ပြင်ဆင်ရမှန်း သိနေသည်ကို သူသိလိုက်ရတော့သည်။ ၎င်းတို့အား သူမ ပြင်ဆင်ထားပုံမှာ အရမ်းကို မျက်စိပသာဒဖြစ်လွန်းလှသည်။
“ဖုန့်အာ အမေ ဒီလိုဟင်းပွဲတွေကို မချက်ပြုတ်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ…အမေချက်ပြုတ်တာတွေကို မင်းအရသာမခံရတာလည်း နှစ်တွေတော်တော်ကြာခဲ့ပြီ….မြည်းကြည့်အုံး..မင်းအတွက် အရသာရှိရဲ့လားဆိုတာကို”
ပုယွဲ့က ချစ်ခင်ကြင်နာသောအပြုံးတို့ဖြင့်စားပွဲကိုကျော်ခွလှမ်းနှိုက်ကာ စားသောက်ရန်ပြင်ဆင်နေသော သူမသားကို ကြည့်၍ပြောလိုက်သည်။
ပုယွဲ့က ထိုသို့ပြောပြီးသည့်နောက် ဘေးတွင်ရပ်နေသော ချင်အာကို လှည့်ကြည့်၍ ပြောလိုက်သည်။
“ချင်အာ သမီးဘာလို့ ထိုင်ပြီးတော့ အတူတူမစားရတာလဲ”
“အာ ဒေါ်ဒေါ် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ……ချင်အာက အစေခံတစ်ယောက်ပါ…”
ချင်အာကအလျှင်အမြန်သူမလက်လေးကို ဝေ့ယမ်း၍ပြောလိုက်သည်။
“ဘာအစေခံလဲ..ငါတို့က အနာဂတ်မှာ မိသားစုတွေဖြစ်လာမှာ မဟုတ်ဖူးလား ..လာငါပြောသလို ဒီမှာထိုင်”
ပုယွဲ့က အပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
အနာဂတ်တွင် မိသားစုဖြစ်လာမည်ဟူသောစကားအားကြားလိုက်ရသောအခါတွင် ချင်အာ၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေသည်။
သူမကရှစ်ဖုန့်ကို တစ်ချက်ခိုးကြည့်ကာ ခြင်တစ်ကောင်ကဲ့သို့တိုးလျသောအသံဖြင့်ပြောလိုက်သည်။
“ဒါ…ဒါဆိုချင်အာ….”
“ကောင်းပြီ..ဒေါ်ဒေါ်ကထိုင်လို့ပြေရင် သမီးထိုင်လို့ရပြီ”
ပုယွဲ့က ချင်အာ၏လက်ကိုဆွဲလိုက်ကာ သူမနှင့်ရှစ်ဖုန့်ကြားထိုင်တွင် ထိုင်ခွင့်ပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူမအတွက်ထမင်းတစ်ပန်းကန်လုံးကိုလည်း ခူးပေးလိုက်သည်။
ရှစ်ဖုန့်မှာ ပုယွဲ့၏ မိသားစုဆိုသော စကားတို့အား သိပ်၍ အာရုံထားမနေပေ။
သူကအသားတစ်ခုကိုတူဖြင့်ကောက်ယူလိုက်ကာ ဖြည်းဖြည်းချင်းဝါးလိုက်သည်။
ပုယွဲ့က ပြုံးကာ သူ့သားဖြစ်သူ၏ မျက်နှာထက်ရှိ အမူအယာ ပြောင်လဲမှုတို့ကို စောင့်ကြည့်နေသည်။
သားဖြစ်သူဤကဲ့သို့ စားနေသည်ကို သူမစောင့်ကြည့်ခဲ့ဖူးသည်မှာ သူမနှစ်ပေါင်းမည်မျှကြာမြင့်ခဲ့ပြီဖြစ်ပါသနည်း။
သူမမှတ်မိသလောက်ဆိုလျှင် အရမ်းငယ်ရွယ်သေးသော အချိန်တွင် ပင်ဖြစ်သည်။ ယခုအခါတွင် သူ့သားမှာ ကြီးပြင်းလာခဲ့ပြီဖြစ်သည်။
“အမေ …အမေချက်ထားတာတွေက ..အရမ်းအရသာရှိတာပဲ”
သူမသား၏ စကားတို့က ပုယွဲ့၏နားထဲအားပျားရည်ဖြင့်လောင်းလိုက်သကဲ့သို့ ချိုမြလွန်းလှသည်။
“အရသာရှိတယ်ဆိုရင် ထပ်ပြီးတော့ အများကြီးစားအုံး ….အမေ့ကျန်းမာရေးက အခုဆိုပိုကောင်းလာပြီ…ဒီတော့ နေ့တိုင်း အမေ မင်းအတွက် နေ့တိုင်းချက်ပြုတ်ပေးမယ်”
“အမေလည်းစားလေ”
ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း”
ပုယွဲ့ ကပြုံးပြပြီး ခေါင်းညိမ့်လိုက်သည်။
ထို့နောက်တွင် သူမလည်း ပန်းကန်လုံးနှင့် တူတို့ကို ကောက်ကိုင်လိုက်သည်။
သူမက တစ်နည်းနည်းဖြင့်သီးသန့်ဖြစ်နေသေးသော ပုယွဲ့ကို ကြည့်လိုက်ပြီးတော့ ပြောလိုက်သည်။
“ချင်အာ အဲ့မှာ အဲ့လိုကြီးရပ်မနေနဲ့လေ …မြန်မြန်စားလေ ..အေးသွားရင် အစားအသောက်တွေက စားလို့ကောင်းတော့မှာ မဟုတ်ဖူး”
“အာ ဟုတ်ကဲ့ ဒေါ်ဒေါ်”
ချင်အာက သူမတူကို ဂရုတစိုက် ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ရှိ ဟင်းပွဲတို့အား ဂရုတစိုက်လှမ်းလိုက်သည်။
“မင်းနမည်က ချင်အာမလား…ဒီအချိန်အတောအတွင်း ငါ့အမေကို ဂရုစိုက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရှစ်ဖုန့်က ချင်အာကိုပြောလိုက်သည်။
“အာ..ဒါကချင်အာ လုပ်ရမဲ့အရာပါ”
ချင်အာက အလျှင်အမြန်ပြန်ဖြေလိုက်သည်။ ချင်အာမှာဘာကြောင့်မှန်းမသိသော်လည်း ဤပုဂ္ဂိုလ်အားတွေ့လိုက်ရသောအခါတွင် သူမ အနည်းငယ်စိတ်လှုပ်ရှားမိသည်။
သူစကားပြောသံကို ကြားလိုက်ရသောအခါတွင် သူမမှာ ပို၍ပင် စိတ်လှုပ်ရှားမှုကို ခံစားရသည်။
သူမစကားပြောပြီးသောအခါတွင် သူမပြောပြီးခဲ့သည်များကိုပင်ထပ်တလဲလဲ ပြောမိသလား အကယ်၍များ သူမအနေဖြင့် မှားယွင်းသော အရာများကို ပြောမိခြင်းနှင့် သူမပြောခဲ့သောစကားလုံးများတွင် မှားယွင်းမှုများ ရှိနေမလားဆိုသည်အား သူမသိပင်သိသွားချင်မိသည်။
ထိုနောက်တွင် သူမက သူမဖာသာသူမ တွေးမိလိုက်သည်။
“ဒေါ်ဒေါ်က ငါတို့တွေ အနာဂတ်မှာ မိသားစုတွေဖြစ်ကြလိမ့်မယ်လို့ပြောခဲ့တာမလား…ဒါက ယောက္ခမတစ်ယောက်ရဲ့ ဂရုစိုက်မှုပဲမဟုတ်ဖူးလား”
“ငါ..ငါဘာတွေကို စဉ်းစားနေမိတာလဲ”
ချင်အာအနေဖြင့် သူမမျက်နှာမှာထပ်မံ၍ လောင်ကျွမ်းခံရသကဲ့သို့ ပူလာသည်ကိုသတိပြုမိလိုက်သည်။
“အာ..မွှေးလိုက်တဲ့အနံ့ …ကြည့်ရတာ အချိန်မှီရောက်လာမိပြီနဲ့တူတယ်”
ထိုအချိန်တွင် ငယ်ရွယ်သော အသံတစ်ခုက အခန်းအတွင်းသို့ ပဲ့တင်ထပ်ဝင်ရောက်လာသည်။
“အာ…သခင်…”
ချင်အာ ရုတ်တရက်တုန်လှုပ်သွားမိသည်။
ခရမ်းရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး လက်ထဲတွင် ယပ်တောင်တစ်ခုအား ပေါ့ပါးစွာ ဝေ့ယမ်းနေသော လုံချန်ကို သူမ မြင်တွေ့လိုက်ရသောအခါတွင် သူမချက်ခြင်းကြောက်စိတ်မွှန်ထူသွားရကာ ထိုင်ခုံမှာ အလျှင်အမြန်ထ၍ရပ်ချင်လိုက်လေသည်။
လုံချန်က သူ့လက်အားချင်အာကိုဝေ့ယမ်းပြ၍ ပြောလိုက်သည်။
“ဒေါ်ဒေါ်နဲ့ သခင်လေးဖုန့်တို့က မင်းကို ထိုင်ဖို့အတွက်တောင်းဆိုထားတာပဲ…အနာဂတ်မှာ မင်းဟာ ဒေါ်ဒေါ်နဲ့ သခင်လေးဖုန့်တို့ရဲ့ စကားကိုပဲနားထောင်ရမယ်”
“ဟုတ်”
ချင်အာက သူမပြန်မထိုင်ခင် ညင်သာစွာပြောလိုက်သည်။
“သခင်လေးလုံ သခင်လေး မစားရသေးဘူးမလား ….အတူတူ စားကြရအောင်”
ပုယွဲ့ကပြောလိုက်သည်။ထို့နောက်သူမက ဇွန်း၊ခက်ရင်း အချို့နှင့် ထမင်းတို့ကို လုံချန်အတွက် ထပ်ထည့်ပေးလိုက်သည်။
“ဒါဆိုရင်လည်း ဒီလုံချန်က ထပ်ပြီးတော့ ဟိတ်ဟန်တွေထုတ်မနေတော့ဘူး”
လုံချန်က ပြုံးကာ ခေါင်းညိမ့်လိုက်ပြီး ထမင်းစားစားပွဲထံသို့ လျှောက်လာသည်။
“ဘာကိုပြောတာလည်း သခင်လေးလုံရဲ့ ..ဒီကာလအတွင်း ဒေါ်ဒေါ် ကို ဂရုစိုက်စောင့်ရှောက်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ”
ပုယွဲ့ကပြောလိုက်သည်။
“သခင်လေးဖုန့်နဲ့ ကျွန်တော်နဲ့က အရမ်းကို ရင်းနှီးကြတဲ့ ညီအကိုတွေပါ..သူရဲ့ အမေကလည်း ကျွန်တော့်ရဲ့ အမေပါပဲ”
လုံချန်ကပြောလိုက်သည်။
ရှစ်ဖုန့်ကတော့ ဘာတစ်ခုမှ ဝင်မပြောပေ။
ထို့နောက်လုံချန်က ပုယွဲ့ကိုပြောလိုက်သည်။
“ကျွန်တော်က ငယ်ငယ်လေးထဲက အမေ့ကို မမြင်ဘူးခဲ့ဖူးဘူး…ဒေါ်ဒေါ်သာ အဆင်ပြေတယ်ဆိုရင် အခုကစပြီး ဒေါ်ဒေါ်ဟာကျွန်တော့်ရဲ့ ခေါင်းကိုင်မိခင်တစ်ယောက်ဖြစ်စေချင်ပါတယ်”
“ငါလား…ဒေါ်ဒေါ်ကတော့ ဒါကို မကြိုက်ဘဲနေပါ့မလား….ဒီလိုမျိုး အစွမ်းထက်တဲ့ ခေါင်းကိုင်သားတစ်ယောက်ကို ရတာက ဒေါ်ဒေါ် အရမ်းကို ကံကောင်းတာပဲပေါ့”
ပုယွဲ့ကပြောလိုက်သည်။
ပုယွဲ့ အနေဖြင့် လုံချန်၏ မိသားစုအမည်မှာ လုံဖြစ်ပြီး သူ့မိသားစုမှာ ချမ်းသာပြီး အာဏာစွမ်းအား ရှိသောသူဟုသာ သိထားသည်။ သူမအနေဖြင့် သူ၏ သရုပ်မှန်ကို သိရှိထားခြင်း မရှိချေ။
“ခေါင်းကိုင်မိခင်”
လုံချန်က တယုတယ ခေါ်လိုက်သည်။
လက်ရှိလုံချန်မှာ သူ၏အနာဂတ် မျှော်လင့်ချက်အားလုံးအား ကြောင့်ကြမဲ့ ဧကရာဇ် အပေါ်တွင် အထူးပုံအောထားသည်။
သူအနေဖြင့် ရှစ်ဖုန့်နှင့်အတူ နှောင်ကြိုးတစ်ခုကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုသည်။ ထိုမှာသာ သူ့အနေဖြင့် အနာဂတ်တွင် ရှင်သန်နိုင်လိမ့်မည်ဖြစ်သည်။
ထိုထက်ပိုသည်ကား ဤဆရာသမားမှာ ဘာစည်းမျဉ်းကိုမှာ ဂရုမစိုက်တတ်သူဖြစ်သော်လည်း သူ၏ အနာဂတ်မှာ အကန့်အသက်မဲ့ပင်ဖြစ်သည်။
သူနှင့်ပထမဆုံးစတွေ့ခဲ့စဉ်အချိန်တုံးက ၎င်းမှာ ကြယ်တစ်ပွင့်စိတ်ဝိညာဉ်နယ်ပယ်ဖြစ်သူ ဟိုင်ပါထျန်းအား ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
သူအနေဖြင့်ရန်သူကို သတ်ဖြတ်နိုင်ခဲ့သော်လည်း ထိုအချိန်က သူမည်မျှ အားစိုက်ထုတ်ရှိခဲ့ရသည်အား မြင်သာထင်သာရှိလှ၏။
ထိုအချိန်က၎င်းအနေဖြင့် စွမ်းအားကြီးသိုင်းပညာရပ်ကို အသုံးပြုပြီးသည့်နောက်တွင် သူ့ကိုယ်၌ တန်ပြန်သက်ရောက်သော ဆိုးကျိုးတို့ဖြစ်ပေါ် ခဲ့သည်ကို ဆရာနလန်ယွမ်က မြင်နိုင်ခဲ့သည်။
သို့သော် ရက်အနည်းငယ်ခန့်အကြာတွင် ၎င်းမှာယင်ယန် မွန်းစတားအိုကြီးနှစ်ကောင်ဖြင့် တကယ်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ထိုနှစ်ယောက်ကိုပင်သတ်ပစ်ခဲ့သေးသည်။
ယခုလည်း သူသည် ရွှယ်ယို၊လဲ့ရှောင်းနှင့် ရွှယ်ရီရီတို့ကို သတ်ပစ်နိုင်စွမ်းရှိခဲ့ပြန်သည်။ထိုသုံးယောက်လုံးမှာ လူငယ်ပါရမီရှင်များပင်ဖြစ်ကြသည်။ရရှိထားသောသတင်းများအရ ရွှယ်ယို၏ သိုင်းကျင့်ကြံမှု နယ်ပယ်မှာ ကြယ်သုံးပွင့် ဘုရင်နယ်ပယ်ဖြစ်သည်။ လဲ့ရှောင်းနှင့် ရွှယ်ရီရီတို့၏ တိုက်ပွဲ စွမ်းအားမှာလည်း ဘုရင်နယ်ပယ်များဖြင့်နှိုင်းယှဉ်နိုင်စွမ်းရှိကြသူများဖြစ်ကြသည်။
ဤဆရာသမားက အဓိကကျသော ဂိုဏ်းကြီးများကို စော်ကားခဲ့သော်လည်း ယင်းကမိမိနှင့်မဆိုင်ပေ။
ရှစ်ဖုန့်မှာ လုံချန်၏ အတွေးတို့အား အစကတည်းက နားလည်ထားပြီးဖြစ်သော်လည်း သူ့အမေပျှော်ရွှင်နေသ၍ သူဘာမျှပြောမည်မဟုတ်ပေ။
ထိုထက်ပိုသည်ကား မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် ဤကမ္ဘာငယ်လေးမှာ ကျယ်ပြန့်သော ကောင်းကင်ပြင်ကြီးဆီသို့ ထွက်ခွာသွားမည်ဖြစ်သည်။ သူ့မိခင်နှင့် ညီမဖြစ်သူတို့က လုံချန်၏ ဂရုစိုက်မှုတို့ကို လိုအပ်နေသေး၏။
“ကောင်းပါပြီ”
ပုယွဲ့ ပျော်ရွှင်စွာပြောလိုက်သည်။ထို့နောက်သူမက လုံချန်ကို ပြောလိုက်သည်။
“လာ…ခေါင်းကိုင်မိခင်ရဲ့ လက်ရာကို မြည်းစမ်းကြည့်”
“အင်း …ကောင်းပါပြီ”
လုံချန်က စားပွဲပေါ်ရှိ အစားအသောက်တို့ကို ယဉ်ကျေးသိမ်မွေ့စွာ ကောက်ယူ၍ သူ့ပါးစပ်ထဲသို့ထည့်ကာ ဖြည်းညှင်းစွာဝါးလိုက်ပြီး ချီးမွမ်းလိုက်သည်။
“အင်း..ကောင်းလိုက်တာ”
“အရသာရှိတယ်ဆိုရင် နောက်ကျရင် ဒီကိုလာပြီးမကြာခဏသာလာစား”
ပုယွဲ့ကပြောလိုက်သည်။
“အင်း သေချာတာပေါ့ …လာကိုလာမှာ”
လုံချန်က ပြုံး၍ လျှင်မြန်စွာခေါင်းညိမ့်လိုက်သည်။
ထို့နောက်လုံချန်က ချင်အာကို ကြည့်၍ပြောလိုက်သည်။
“ချင်အာ နောက်ကျရင် သခင်လေးဖုန့်ဘာပဲပြောပြော နားထောင်ရမယ်နော်…သခင်လေးဖုန့်က ဘာပဲတောင်းဆိုတောင်းဆို အကြွင်းမဲ့ နာခံရမယ်”
လုံချန်က စကားပြောပြီးနောက် ရှစ်ဖုန့်ကို အဓိပ္ပါယ်ပြည့်ဝစွာဖြင့်ကြည့်လိုက်သည်။
ဤအိမ်ကူ မိန်းကလေးမှာ အိမ်တော်အတွင်း သူရွေးထုတ်ထားသော အလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်သည်။
သူမမှာ ရှစ်ဖုန့်နှင့် သက်တူရွယ်တူပင်ဖြစ်၏။
“ဟုတ်ကဲ့”
ချင်အာ က တိုးဖျော့စွာတုန့်ပြန်ဖြေဆိုလိုက်သည်။ဤအိမ်တော်၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးသည့်နောက်တွင် သူမအနေဖြင့် လုံချန်ပြောဆိုသည်အား နားလည်သဘောပေါက်နေပြီဖြစ်လေသည်။
ဆက်ရန်….
ဘာသာပြန်သူ-ARISE