← Chapters

မင်း လက်ထပ်လိုက်တဲ့လူ သေရမယ်

Vol. 11 Ch. 537

မင်း လက်ထပ်လိုက်တဲ့လူ သေရမယ်

Vol. 11 Ch. 537

လုံစားသောက်ခန်းမတွင် အရသာရှိသော ဟင်းလျာများနှင့် အရသာရှိသော အစားအစာများ ရှိသော်လည်း ၎င်းတို့သည် အလွန်ဈေးကြီးသောကြောင့် လူအများကို တုန်လှုပ်စေသည်။ ထန်ရှုသည် ငွေအများကြီး ရှိသည့်တိုင် ငွေပေးချေရသည့်အခါတွင် အနည်းငယ် နှမြောသလို ခံစားရသည်။ ကျန့်ယုအတွက်သာ မဟုတ်ရင် သူ့ပိုက်ဆံတွေကို မီးရှို့ရန် သူ ဒီကို လာမည်မဟုတ်ပေ။

နေ့ခင်းဘက်တွင် ကျန့်ယုသည် သူ၏အခန်းထဲမှ ထွက်လာခဲ့သည်။ သူသည် အိပ်ချင်နေသေးဟန် ရှိသော်လည်း အခြေအနေ ပိုကောင်းလာသည်။

ဆိုဖာပေါ်တွင် ထိုင်ကာ ငြိမ်သက်စွာ စာအုပ်တစ်အုပ် ဖတ်နေသော ထန်ရှုကို တွေ့သည့်အခါ သူက ပြုံးပြပြီး "ထန်ရှု … ကျေးဇူး အများကြီးတင်ပါတယ်။"

"ဒါ ဘာမှမဟုတ်ပါဘူးကွာ။" ထန်ရှုက အပြုံးသဲ့သဲ့ဖြင့် ပြောလိုက်သည်။

“ကျန်းမာရေးက ငါတို့အတွက် အရေးကြီးဆုံး အရင်းအနှီးပါ။ မင်း ဒီနေ့ ခန်းရှကို ဆက်သွယ်ပြီး ငါတို့ကုမ္ပဏီရဲ့ကျန်းမာရေးထုတ်ကုန်အချို့ကို မင်းဆီ ပို့ခိုင်းဖို့ ပြောလိုက်ပါ။ အချိန်ကြာလာရင် မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို မြင့်တက်သွားစေလိမ့်မယ်။”

“ခမ်းနားတဲ့ ထန်စီးပွားရေးလုပ်ငန်းစုရဲ့ ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်တွေက နောက်ဆုံးတော့ ထုတ်လုပ်ပြီးခဲ့ပြီပေါ့။ ဘယ်တော့ ဈေးကွက်ထဲ ဖြန့်မလဲ။” ကျန့်ယုက တောက်ပသော မျက်လုံးများဖြင့် ပြုံးကာ မေးလိုက်သည်။

"ဒါက ၁ရက်နေ့ ဖြစ်လိမ့်မယ်။" ထန်ရှုက ဖြေသည်။

လုံကျန့်ယုက သူ၏လက်များကို ဆုပ်ကိုင်ကာ အပြုံးဖြင့် "ငါ့ညီလေးက ကျန်းမာရေး အထောက်အကူပြု ထုတ်ကုန်တွေ ဘယ်တော့ ဈေးကွက်ထဲ ဖြန့်မလဲဆိုတဲ့ သတင်းကို အမြဲ နားစွင့်နေတာ။ မကြာသေးခင်က ရှန်ဟိုင်းမှာ သူ စီမံကိန်းတစ်ခု လုပ်ဆောင်နေလို့ ရင်းနှီးငွေ တော်တော်လိုနေတယ်လို့ ငါ ကြားတယ်။ ဒါပေမယ့် လုံမိသားစုရဲ့ လတ်တလော အခြေအနေကို မင်းလည်း အသိပဲ။ ငါတို့ရဲ့အရင်းအနှီးအများစုက တောင်နံရံကျေးရွာ၊ မြို့သစ်စီမံကိန်းနဲ့ နဂါးကိုးကောင်ကျွန်းတွေထဲမှာ လက်ရှိ ရင်းနှီးမြှုပ်နှံထားတယ်လေ။ ပြီးတော့ ဒီကောင် …  အရင်းအနှီး လိုနေတာက တော်တော်များတယ်။”

ထန်ရှုက တခဏ စဉ်းစားလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

"မင်း ငါ့စကားကို နားထောင်လိုတယ်ဆိုရင် တစ်ပြားတစ်ချပ်မှတောင် မကူညီပါနဲ့။ မဖြတ်တောက်ထားတဲ့ ကျောက်စိမ်းက အသုံးမဝင်ဘူး။ မွေးကတည်းက လွယ်ကူတဲ့ ဘဝနဲ့ အခက်အခဲ မရှိဘဲ သူက ကြီးပြင်းလာခဲ့ရတာ။ မင်း သူ့ကို ဘဝမှာ အခက်အခဲတွေနဲ့ အတွေ့အကြုံ ရပလေ့စေ။ အမှန်တော့ သူသာ ငါ့သွေးသားရင်း ညီအစ်ကိုဆိုရင် မိသားစုဆီက တစ်ပြားတစ်ချပ်မှ မရဘဲနဲ့ ယောက်ျားတစ်ယောက်က ငွေရှာဖို့ ဘယ်လို ကြိုးစားရမယ်ဆိုတဲ့ အတွေ့အကြုံမျိုး ရစေအောင် ငါက သူ့ကို အဲဒီအခြေအနေမျိုးထဲ တန်းတွန်းပို့မိမှာပဲ။"

"မင်း အဲ့ဒါကို တကယ် လုပ်မှာလား ထန်ရှု…" ကျန့်ယုက ထူးဆန်းသောအမူအရာဖြင့် မေးလိုက်သည်။

"ဒါတင် မကဘူး … အခွင့်အရေးပေးရင် သူ့ကို ယိမ်းယိုင်သွားအောင် အတားအဆီးတွေကိုတောင် တမင်ဖန်တီးပေးလိုက်ဦးမှာ။" ထန်ရှုက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“ရိုးသားစွာ ငွေရှာရတာက လိမ်ပြီးလုပ်စားတာထက် ပိုခက်တယ်ဆိုတာ သူသဘောပေါက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လှည့်စားလိုက်မယ်။ ဘာကြောင့်လဲဆိုတော့ ကောင်းကင်က တံခါးဖွင့်မပေးရင် သူ တိုက်ခိုက်ရင်တောင် မရဘူးဆိုတာ သူ တွေ့ကြုံရလိမ့်မယ်။ ဘဝက ခက်တယ် … ငွေရှာရတာက ခက်တယ်ဆိုတာ သူ သိလာမယ်။ ဒါမှ သူ့ဘဝကို မြတ်နိုးပြီး မြန်မြန်ဆန်ဆန် ရင့်ကျက်လာလိမ့်မယ်။”

"ဒီအကြောင်း သူ နောက်တော့ သိသွားရင် မုန်းသွားမှာကို မကြောက်ဘူးလား။" လုံကျန့်ယုက  မေးလိုက်သည်။

"မိသားစုရဲ့ စည်းစိမ်ဥစ္စာနဲ့ အမွေတွေသာမကဘူး မိသားစုအကြီးအကဲရာထူးကိုတောင် ငါက ပေးလိုတယ်ဆိုရင် သူက ငါ့ကို မုန်းဦးမှာလား။" ထန်ရှုက စကားပရိယာယ်ဖြင့် မေးလိုက်သည်။

“…”

ကျန့်ယု တိတ်ဆိတ်သွားပြီး ထန်ရှု၏ ရည်ရွယ်ချက်ကို သူ ရုတ်ခြည်းပင် နားလည်လာသည်။ သည်အခိုက်အတန့်တွင် ထန်ရှုသည် သူ၏သွေးသားရင်း မဟုတ်သည့်အတွက်ပင် အနည်းငယ် နောင်တရမိသည်။

…ဖုန်းမြည်သံ…

ဖုန်းမြည်သံတစ်ခု ထွက်ပေါ်လာသဖြင့် ထန်ရှုသည် သူ၏ဖုန်းကို ထုတ်ကာ ခေါ်ဆိုသူ၏နံပါတ်ကို ကြည့်လိုက်သည်။ စုရန်နင်း၏နာမည်ကို တွေ့လိုက်ရသဖြင့် မျက်ခုံးတွန့်သွားသည်။ ပေကျင်းတွင် ရှိစဉ်တုန်းက ဝမ်တောက်ယွမ်ဆီက သူမ၏ဖုန်းနံပါတ်ကို ယူခဲ့သော်လည်း စုရန်နင်းက သူ့အား ဖုန်းဆက်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"မင်း ငါ့ကို ဘာအတွက် ခေါ်တာလဲ။" ဖုန်းလက်ခံပြီးနောက် ထန်ရှုက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

တခဏကြာသည်အထိ ဖုန်းထဲမှ အသံထွက်မလာဘဲ ပြီးမှသာ မေးခွန်းတစ်ခု ဖြေးဖြေးချင်း ထွက်လာသည်။

"နင့်ဆီ ဖုန်းဆက်နေတာ ငါဆိုတာ နင်က သိနေပုံပဲ။"

"ဟုတ်တယ်။ ဝမ်တောက်ယွမ်ဆီက မင်းရဲ့ဖုန်းနံပါတ်ကို ငါ တောင်းပြီး မှတ်ထားခဲ့တာမို့လို့။"

"ဘာအတွက်လဲ။"

"ဘာအတွက်လဲ ဟုတ်လား။ ဒါဆို အခုကရော ငါ့ဆီဆက်တာ ဘာအတွက်လဲ။ မင်း သေလား၊ ရှင်လားဆိုတာ ငါက သိချင်ရုံတင်ပါ။ ဒါဆို အဖွားကို အနာဂတ်မှာ တစ်ခုခု လုပ်ဖို့ ငါ ကူညီပေးနိုင်တာပေါ့။"

“…”

စုရန်နင်း တိတ်ဆိတ်သွားသည်။ သူမ စကားမပြောသော်လည်း ထန်ရှုက အလျင်မလိုပါချေ။ ဖုန်းပြောဆိုမှုသည် ၅မိနစ်ခန့် တိတ်ဆိတ်နေပြီးမှ စုရန်နင်းသည် ပုံမှန်မဟုတ်သော ခံစားချက်ဖြင့် နောက်ဆုံးတွင် စကားပြောလာသည်။

“နင် … ငါ့အဖေကို ကူညီပေးနိုင်မလား။”

"ဘယ်လိုအကူအညီမျိုးလဲ။" ထန်ရှုက မေးလိုက်သည်။

“အဖေ့ကို ထောင်ထဲကနေ နှစ်မစေ့ခင် ကြိုထုတ်နိုင်တဲ့ အရည်အချင်း နင့်မှာ ရှိတယ်ဆိုတာ ငါသိတယ်။”

"ငါ လုပ်နိုင်စွမ်းရှိပေမယ့် ငါ လုပ်မှာ မဟုတ်ဘူး။" ထန်ရှုက ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။

“ဘယ်သူတွေပဲဖြစ်ဖြစ် သူတို့ လုပ်ခဲ့တာတွေအတွက် ပေးဆပ်ရမှာ သဘာဝ။ နှစ်နှစ် … ဒါ ငါ မိုင်ကုန် လျှော့ပေးနိုင်တာပဲ။ အနည်းဆုံး ထောင်ထဲမှာ သူ ဒီလောက် မနေရင် ငါ့ဒေါသတွေ ပြေမှာ မဟုတ်ဘူး။ ဒါပေါ့ … သူ့မှာ အဲဒီလို လုပ်နိုင်စွမ်း ရှိရင်လည်း သူ့ဘာသာ စောစော လွတ်အောင် လုပ်နိုင်ရင် လုပ်ပါ။ ငါကလည်း သူ့ကို အနှောင့်အယှက်ပေးဘူး။"

"နင်နဲ့ ငါ့အဖေကြား သူ့ကို ခွဲခြားဆက်ဆံတာ ဘာဖြစ်လို့လဲ ထန်ရှု။" စုရန်နင်း ဒေါသတကြီး မေးလိုက်သည်။

"သူ့ကို ခွဲခြားဆက်ဆံတာဟုတ်လား … မင်း ဘာကို ဆိုလိုမှန်း ငါ မသိဘူး။ ဒါပေမယ့် ငါ့အမေကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို ဆိုးရွားတဲ့ ပြစ်ဒဏ်တော့ ခံရမယ်ဆိုတာတော့ ငါ သိတယ်။" ထန်ရှုက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။

စုရန်နင်းသည် တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။ အချိန်အတော်ကြာမှ နောက်ဆုံးတွင် သူမသည် ခါးသီးသော လေသံဖြင့် ပြောလာသည်။

"ငါ လူတစ်ယောက်ကို လက်ထပ်ချင်တယ်။ ငါ့မိဘတွေကို ငါ့မင်္ဂလာဆောင်မှာ ရှိစေချင်တယ်။"

"မင်းက လက်ထပ်တော့မှာလား။" ထန်ရှုက မျက်လုံးများကို မှေးစင်းထားရင်း အေးစက်စွာ ပြောလိုက်သည်။

"ဟမ့် … မင်း တစ်ယောက်ယောက်ကို လက်ထပ်ဝံ့ရင် မင်းရဲ့ယောက်ျား ဘယ်သူပဲဖြစ်ဖြစ် သူ့ကို စိတ်ပျက်အားငယ်သွားအောင်၊ စိတ်ဆင်းရဲကံဆိုးသွားရအောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ငါ့မှာ ရှိတယ်။ ငါ့စိတ်အခြေအနေ မကောင်းတဲ့နေ့ဆိုရင် မင်းအမေလုပ်ခဲ့သလိုမျိုး သူ့ကို လုပ်လိုက်မယ်။ အဲ့ဒါဆို မင်းရဲ့ခင်ပွန်းလို့ခေါ်တဲ့ လူ သေသွားမယ်။ မင်းလည်း စောစောစီးစီး မုဆိုးမ ဖြစ်သွားတာပေါ့။ နောက်ပြီး ငါ ထပ်ပြောရဦးမယ်။ မင်း လက်ထပ်မယ့်သူကို သေအောင်လုပ်ဖို့အတွက် ငါ မကြောက်ဘူးနော်။ အဲ့ဒါကို လုပ်ဖို့ ငါ့မှာ ပုဂ္ဂိုလ်ရေးအဆက်အသွယ်နဲ့ ပိုက်ဆံအလုံအလောက် ရှိတယ်။”

"နင် … နင်က လူယုတ်မာပဲ။" စုရန်နင်းက ဒေါသတကြီး အော်လိုက်သည်။

“လူယုတ်မာ … အကျင့်မကောင်းတဲ့သူ … အဲ့ဒါ ငါပဲလေ အဟက်…” ထန်ရှုက ရယ်မောရင်း

"ဒါပေမယ့် ငါ ဘာလို့ အကျင့်မကောင်းတဲ့သူ ဖြစ်နေတာလဲ၊ ဖြစ်သွားရတာလဲလို့ မင်းကိုယ်မင်း မေးကြည့်မိလား။ မင်းတို့မိသားစုက အတိတ်က ငါ့ရဲ့စိတ်နေသဘောထားကို အကောင်းဆုံး သိထားတယ်လို့ ငါ ယုံတယ် ဟုတ်တယ်မလား။”

…ဖျတ်ကနဲ…

စုရန်နင်း ချက်ချင်း ဖုန်းချလိုက်သည်။

သူမ ဖုန်းချလိမ့်မည်ဟု အချိန်အတော်ကြာကတည်းက မျှော်လင့်ထားသောကြောင့် သူမကို ထန်ရှု ဖုန်းထပ်ခေါ်သော်လည်း စုရန်နင်းက ဖုန်းမကိုင်ချေ။ ထန်ရှုက အကြိမ်ကြိမ် ခေါ်ဆိုခဲ့သဖြင့် စုရန်နင်းက နောက်ဆုံးအကြိမ်တွင် ဖုန်းကိုင်လိုက်သည့်တိုင် လုံးဝ စကားမပြောပေ။

"မင်း ငါ့ကို မုန်းနိုင်တယ် ဒါပေမယ့် မင်းတို့ အရင်က လုပ်ခဲ့တဲ့အရာတွေကို ပြန်သတိရဖို့ အချိန်ယူလိုက်ပါဦး။ အဲ့ဒီတုန်းက မင်းက ငါ့ကို ဒုက္ခပေးခဲ့တဲ့သူဖြစ်ပြီး ရဲကို ခေါ်ခဲ့တာလည်း မင်းတို့ပဲ။ ငါသာ မပြောင်းလဲခဲ့ရင် အခုဆို ငါ ထောင်ထဲမှာ နေနေရပြီပေါ့။ အဲ့လိုသာ ဖြစ်ခဲ့ရင် ငါ မေးချင်ပါသေးတယ် … မင်းတို့မိသားစုထဲက ဘယ်သူကများ ငါ့ကို ထောင်ထဲကနေ လွတ်အောင် လုပ်ပေးမှာလဲ။ ငါ မင်းကို ပြောချင်တာတွေ စကားကုန် ပြောပြီးပြီ။ နောက်ဆုံးအနေနဲ့ မင်းရဲ့မိဘတွေတင် သာမကဘူး မင်းတို့မိသားစုထဲက လူတိုင်းကို ငါ အကြံပေးချင်တယ်။ မင်းတို့အားလုံးက ကလေးတွေမဟုတ်ကြတော့ဘူး၊ မင်းတို့အားလုံး ရင့်ကျက်ပြီး လူကြီးတွေလို ပြုမူဖို့ အချိန်တန်နေပြီ။”

ထိုစကားကိုပြောပြီးနောက် ထန်ရှုသည် စုရန်နင်းကို စကားပြောခွင့်မပေးတော့ဘဲ ဖုန်းကို တန်းချလိုက်သည်။

ဘေးတွင် ခြေချိတ်ထိုင်နေသော ယန်လီက ထန်ရှု ဖုန်းချသွားသည်ကို မြင်သည့်အခါ သူက လက်မထောင်ပြပြီး

“ညီအစ်ကိုထန် … ဒါ အတော် အထာကျတယ်။ မင်းရဲ့အမုန်းတရားအတွက် မင်း လက်စားချေပြီး မင်းရဲ့နာကြည်းမှုက ဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ပြောတယ်။ ယောက်ျားတစ်ယောက်ဆိုတာ ဒါပဲလေ။ တစ်ချိန်က မင်းကို ဒုက္ခပေးချင်ခဲ့တဲ့သူတွေအပေါ် မင်းဘယ်တော့မှ ပျော့ညံ့တဲ့စိတ် မရှိရဘူး။"

ကျန့်ယုက ထူးဆန်းသောအမူအရာဖြင့် ယန်လီကို တစ်ချက်ကြည့်လိုက်ပြီး

“ယန်လီ ဟုတ်တယ်နော်။ ထန်ရှုရဲ့ ပင်ကိုယ်စရိုက်ကို သဘောကျပေမယ့် မင်းရဲ့စရိုက်ကို ငါ မကြိုက်ဘူး။ ကိစ္စတစ်ခုကို အတွင်းကျကျ မသိခင် မင်းရဲ့ပါးစပ်ကို ပိတ်ပေးထားဖို့ ငါ မျှော်လင့်ပါတယ်။”

"ကာယကံရှင် ထန်ရှုကတောင် ဘာမှ မပြောရဘူး။ မင်းက ငါ့ကို ဘာလုပ်ရမယ်ဆိုတာပြောဖို့ အခွင့် ရှိလို့လား။" ယန်လီက အေးစက်စွာ ပြောလိုက်သည်။

"ငါ သူ့ကို ပြောလိုက်တာ ဘာများမှားနေလို့လဲ။"

ထန်ရှုကို တစ်ချက်ကြည့်ပြီးမှ ကျန့်ယုက ယန်လီကို လေးလေးနက်နက် စိုက်ကြည့်ကာ

“အကယ်လို့ အဲ့ဒီထောင်ကျနေတဲ့လူက ထန်ရှုရဲ့ဦးလေးအရင်း ဖြစ်ပြီး သူ့ကို ဖုန်းဆက်တဲ့သူက သူ့ရဲ့အစ်မဝမ်းကွဲသာဆိုရင် သူတို့မိသားစုပြသနာနဲ့ ပတ်သက်ပြီး မင်းရဲ့ထင်မြင်ချက်ကို ဖော်ပြဖို့ မင်းမှာ ဘယ်လိုလုပ်ပိုင်ခွင့်တွေ ရှိလဲလို့ ငါ မေးမယ်။"

"ဘာရီး…" ယန်လီ နောက်ပြန်လဲလုမတတ် ဖြစ်သွားသည်။ ထန်ရှု၏ခံစားချက်ကင်းမဲ့သော မျက်နှာကို ကြည့်ပြီး သူ၏ နှုတ်ခမ်းများ အကြိမ်ရေ အနည်းငယ်ခန့် တလှုပ်လှုပ်ဖြစ်နေသော်လည်း စကားတစ်ခွန်းမှ ထွက်မလာပါချေ။

ထန်ရှု စိတ်တွင်းထဲက သက်ပြင်းချလိုက်သည်။ သူက ကျန့်ယုကို ကြည့်လိုက်ပြီး

"ကျွန်တော် ရှန်ဟိုင်းကို ပြန်ရတော့မယ်။ ကြယ်တာရာကို အားလပ်ရက်တွေမှသာ ပြန်နိုင်တော့မယ်။ သူ ထောင်ထဲမှာ မခံစားရအောင် အဲ့ဒီအထဲက အရာရာတိုင်းကို ကူညီစီစဉ်ပေးပါဦး။”

"စိတ်မပူပါနဲ့။ ငါ ဘာလုပ်ရမယ်ဆိုတာ သိပါတယ်။" လုံကျန့်ယု ခေါင်းညိတ်သည်။

“နောက်ပြီး သူ့ရဲ့အမူအကျင့်တွေကို အဲ့ဒီနေရာကနေ သိအောင် လုပ်ဖို့လည်း မမေ့ပါနဲ့ဦး။ အကယ်၍ …  အကယ်၍များ သူ အမူအကျင့် ကောင်းကောင်း ပြတယ်ဆိုရင် ဒီနှစ်မကုန်ခင် သူ့ကိုထုတ်နိုင်မယ့် နည်းလမ်းတွေ ရှာရမယ်။ ပိုက်ဆံ ဘယ်လောက်ပဲ ကုန်ကုန် ပြီးမြောက်ဖို့ လုပ်ပေးပါ။” ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒီကိစ္စကို ကြားသိထားကြပြီး မင်းအကြောင်းကို မသိကြတဲ့သူတွေအတွက်တော့ မင်းကို ကျောက်ဆစ်ရုပ် နှလုံးသားရှိသူလို့ ထင်ကောင်းထင်နိုင်တယ်။ ဒါပေမယ့် မင်းအကြောင်းကို ကောင်းကောင်း သိတဲ့သူတွေအတွက်ကတော့  မင်းက အပေါ်ယံမှာ ရက်စက်ပြီး နှလုံးသားမဲ့တယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ မင်းရဲ့စိတ်က နူးညံ့တယ်ဆိုတာ သိကြတယ်။" လုံကျန့်ယုက သက်ပြင်းတစ်ချက် ချလိုက်ရင်း

"စိတ်မပူပါနဲ့။ ငါတို့မိသားစုက အဲ့ဒီကိစ္စကို ပြီးမြောက်အောင် လုပ်နိုင်စွမ်းရှိပါတယ်။”

“ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်။ ဒီကောင်က မင်းရဲ့နေရာမှာပဲ နေမယ်၊ သူ့ကို ကောင်းကောင်း ဂရုစိုက်လိုက်ပါဦး။" ထန်ရှုက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"သူ ကြိုက်သလို ဒီမှာ နေနိုင်တယ်။" လုံကျန့်ယုက ယန်လီကို ကြည့်ကာ ပြောသည်။

“ငါ့မှာလည်း လုပ်စရာတွေ ရှိတယ်။"

"ကျန့်ယု … သူ့ကို ကောင်းကောင်း ဧည့်ခံဖို့ ငါ မင်းကို မှာနေတာ။ နောက်ပြီး သူ့ကို … အမျိုးသမီးအဖော် တော်တော်များများ ရှာပေးလိုက်ပါ။” ထန်ရှုက အားတင်းထားရသော အပြုံးဖြင့် ပြောလိုက်သည်။

"မင်း ဒီ့ကောင်ကို မငြိုငြင်ဖို့ ငါ ပြောချင်တယ်။ ငါတောင်မှ သူ ဘာလုပ်နိုင်တယ်ဆိုတာ မပြောနိုင်ဘူး။ မင်း သူ့ကို ပြစ်မှားရင် မင်းတို့လုံမိသားစု ဒုက္ခရောက်သွားလိမ့်မယ်။"

"မင်း ဘာကို ဆိုလိုတာလဲ။" လုံကျန့်ယုက ပဟေဠိဖြစ်သော အမူအရာဖြင့် မျက်မှောင်ကြုပ်လိုက်သည်။

ထန်ရှုက ခေါင်းယမ်းပြီး “ဒီငတိက ဘိုးဘေးအဆင့်ရှိတဲ့ သူခိုးလေးတစ်ယောက်လေ။ မင်းရဲ့ လုံမိသားစုထဲက အဖိုးတန်ပစ္စည်းတွေကို တစ်နေ့ အခိုးခံရတာ ဖြစ်စေချင်လား။ မင်းတို့မိသားစုက ဖော်မပြထားတဲ့ အရာတွေကို အခိုးခံချင်နေတယ်လို့ ငါ့ကို မပြောနဲ့နော်။"

"ငါ..." လုံကျန့်ယုသည် ယန်လီ၏ ဂုဏ်ယူဝင့်ကြွားသော အမူအရာကို စိုက်ကြည့်နေသည်။ သူ့မျက်နှာက ခဏခဏ ပြောင်းလဲသွားပြီး မချိပြုံး ပြုံးကာ

“ရပြီ။ ငါ ဘာလုပ်ရမယ်မှန်း သိပြီ။"

“အခြေအနေအရ ဘယ်လို ပြုမူရမယ်ဆိုတာ နားလည်လို့ ဝမ်းသာပါတယ် ညီအစ်ကိုလုံ။” ယန်လီက

သူ့ကို လက်မထောင်ပြီး ချီးကျူးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် မင်းက ထန်ရှုရဲ့သူငယ်ချင်းဆိုတော့ မင်းတို့မိသားစုပစ္စည်းတွေကို ငါ မထိပါဘူး။ မိန်းကလေးတွေအကြောင်းလည်း မေ့လိုက်ပါ။ အပြင်ထွက်ပြီး ကိုယ့်အရည်အချင်းနဲ့ပဲ အိပ်ခန်းထဲကို ခေါ်လာမယ့် ပန်းလေးတွေကို ရှာလိုက်မယ်။”

လုံကျန့်ယုသည် စိတ်တွင်းမှ မချိပြုံး ပြုံးမိသော်လည်း နှစ်လိုဖွယ်ကောင်းသော အပြုံးကို ဖျစ်ညှစ်ကာ ပြုံးလိုက်သည်။ ထန်ရှု မည်ကဲ့သို့ တတ်စွမ်းနိုင်သည်ကို သူ သိသည်။ ထန်ရှုက ဘိုးဘေးအဆင့် သူခိုးတစ်ဦးအဖြစ် ချီးမွမ်းခံရသော လူတစ်ယောက်သည် စောရနတ်ဘုရားအဆင့် ဖြစ်ရန် အလားအလာ အလွန်များပေသည်။ သည်ကဲ့သို့သောလူအား မပြစ်မှားချင်သည်က သဘာဝကျပေသည်။

ထို့နောက် ထန်ရှုသည် လုံစားသောက်ခန်းမမှ ထွက်ခွာသွားခဲ့သည်။ မနက်စာ စားရန် သူ သည်နေရာကို လာခဲ့ပြီး ယခုသည် နေ့လယ်စာ စားချိန်ရောက်နေပြီမို့ ခန်းရှအား သူ့မိသားစု စားသောက်ဆိုင်၌ သူ့အား တွေ့ရန် ဖုန်းဆက်လိုက်ပြီး ဆိုင်သို့ တန်းမောင်းသွားလိုက်သည်။

ဟန်ကျင်းဝူဆီတွင် ခွင့်တိုင်ပြီးသားဖြစ်သောကြောင့် သည်တစ်ခေါက် အလျင်စလို ပြန်ရောက်လာသည့်တိုင် သူ့တွင် အချိန်အများကြီး ရှိပါသေးသည်။ သူ ရက်အနည်းငယ်အတွင်း ပြန်မလာရင်တောင် သူမ ဘာမှ ပြောနိုင်မည်မဟုတ်ပါချေ။

"အိုး... ဒါ ငါ့မိသားစုရဲ့စားသောက်ဆိုင်လား။"

ထန်ရှုသည် သူ့မိသားစု၏ ယခင်စားသောက်ဆိုင်နေရာ၏ ဝင်ပေါက်တွင် ရပ်နေရင်း ကျယ်ပြန့်သော ဆိုင်ရှေ့တံခါး၌ ပိုင်ဟွေ့ဝတ်စုံဖြင့် ကြိုဆိုနေသည့် အမျိုးသမီးလေးယောက်ကို လှမ်းကြည့်လိုက်သည်။

"ကြိုဆိုပါတယ်။"

***

All Chapters