အပိုင်း( ၁၂၉)
Vol. 9 Ch. 129
ဘိုးဘေးနယ်ပယ် တစ်ယောက်၏ ဖိအားတို့ကို အာရုံခံမိသောအခါတွင် ရွှယ်ရီမုံ့က သူမလက်နှစ်ဖက်ဆိုဆုပ်၍ လေးစားစွာပြောလိုက်သည်။
“စီနီယာ …ဒီပုဂ္ဂိုလ်နဲ့ ခရမ်းရောင်မိုးကြိုးဂိုဏ်း၊ သွေးမိစ္ဆာဂိုဏ်း၊ရေခဲနှင်းတောင်ကြားတို့ကြားမှာ ကမ္ဘာ့ရန်ဘက်တွေဖြစ်ထားတာပါ…စီနီယာအနေနဲ့ဝင်မစွတ်ဖတ်ဖို့ကို ကျွန်မ မျှော်လင့်ပါတယ်”
“ရီမုံ့လေး…မင်းဒီလူအိုကြီးရဲ့ အသံကိုတောင် မမှတ်မိတော့ဘူးလား”
အထက်ရှိ အိုမင်းသော အသံက လှောင်ရယ်သောအသံဖြင့် ပြောလိုက်သည်။
“သင်..သင်က..
ရွှယ်ရီမုံ့ အမူအယာမှာပြောင်းလဲသွားပြီး အလန့်တကြားအော်လိုက်မိသည်။
“အင်ပါယာ အကြံပေးဆရာသခင် နလန်ယွမ်”
လဲ့ကန်းနှင့် ရွှယ်ထူတို့၏ အမူအယာမှာလည်း ပြောင်းလဲသွားခဲ့သည်။ နလန်ယွမ်မှာ ဘိုးဘေးနယ်ပယ်သို့ဝင်ရောက်ခဲ့ပြီဖြစ်သည်။
“ဟားဟား”
အိုမင်းသော အသံရှင်မှာ ဟက်ဟက်ပက်ပက် ရယ်မောပြီး ဒေါင်မြင့်မြင့် တောင့်တင်းကြံ့ခိုင်သော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ လျှောက်လှမ်းထွက်လာသည်။ သူ၏ အဖြူရောင်ဆံပင်တို့က လေထဲတွင် တဖျပ်ဖျပ်လွင့်နေပြီး သူက ရွှေရောင် အင်ပါယာအကြံပေး ဆရာသခင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။
ထိုသူမှာ ယွင်လိုင်အင်ပါယာ၏ အင်ပါယာ အကြံပေးဆရာသခင်ဖြစ်သူ နလန်ယွမ်ပင်ဖြစ်သည်။
နလန်ယွမ်ပေါ်လာပြီးနောက်တွင် သူ့ကိုက လှစ်ကနဲဖြစ်သွားပြီး ဂိုဏ်းသုံးဂိုဏ်း၏ ခေါင်းဆောင်တို့ရှေ့၌ ပေါ်လာသည်။ သူက ၎င်းတို့ကိုကြည့်ကာပြောလိုက်သည်။
“ငါအခုမှာ သီးသန့်နေရာကနေထွက်လာခဲ့တာ ….ငါ့စိတ်အခြေနေက အခုကောင်းနေတာ ..မင်းတို့အခုထွက်သွားလို့ရပြီ”
“ဒါပေမဲ့ အင်ပါယာ အကြံပေးဆရာသခင် ….”
ရွှယ်ရီမုံ့မှာ ချီတုံချီ ချဖြစ်နေသည်။
ရွှယ်ထူက အော်ပြောလိုက်သည်။
“နလန်ယွမ် ..ဒီကောင်က ဖုန်လေဟန်နဲ့ ကျုပ်တို့ဂိုဏ်းသုံးဂိုဏ်းက အမွေဆက်ခံသူတွေကို သတ်ပစ်ခဲ့တာ ခင်ဗျားက သူ့ကို အဝေးကိုခေါ်သွားချင်နေတာလား..ခင်ဗျားရဲ့ ဧကရာဇ်က ကျုပ်တို့ဂိုဏ်းတွေနဲ့ စစ်ပွဲကိုစချင်နေတာလား”
“ဟမ့်”
ရွှယ်တု၏ စကားတို့အားကြားလိုက်ရပြီးသော အခါတွင်နလန်ယွမ်က အေးစက်စွာ နှာမှုတ်လိုက်သည်။ရုတ်တရက် မမြင်နိုင်သောအားတစ်ခုက သူ့အား အပြင်းအထန်လာဝင်ဆောင့်သည်ကို ရွှယ်ထူခံစားလိုက်ရသည်။သူ့အနေဖြင့် ထိုအရာအားမခုခံနိုင်ပေ။
သူကသူ့ကိုယ်သူ တိမ်းစောင်းစေလိုက်ပြီး ဆယ်မီတာထက်ကျော်လွန်သော အကွာအဝေးတစ်ခုသို့ မရောက်ခင်အထိ ဟင်းလင်းပြင်ထဲတွင် ဆက်တိုက် ဆုတ်ခွာလိုက်သည်။သူ့နှုတ်ခမ်းထောင့်ဆီမှ သွေးအနည်းငယ်စီးကျလာ၏။
“ရွှယ်ထူ မင်းက စစ်ပွဲကိုစတင်ဖို့အတွက် အရည်အချင်းမပြည့်မှီသေးဘူး ..ဖုန်ချမ့်ယီကို သာ ငါနဲ့လာပြီး စကားပြောခိုင်းလိုက်..”
နလန်ယွမ်ကပြောလိုက်သည်။ ထို့နောက်သူက လဲ့ကန်းနှင့် ရွှယ်ရီမုံ့တို့ထံသို့ လှည့်ကြည့်လိုက်၏။
“မင်းတို့တွေကရော…ဘယ်လိုလဲ”
ရွှယ်ရီမုံ့၏ မျက်နှာထက်တွင် တုံ့ဆိုင်းမှုတို့ဖြစ်ပေါ်လာသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး အဖြူရောင်အလင်းအဖြစ်ပြောင်းသွားကာ အဝေးသို့ ပျံသန်းသွားသည်။
နလန်ယွမ်က ဤပုဂ္ဂိုလ်အား ကာကွယ်ချင်နေကြောင်းကို သူမသိလေသည်။ သူကရွှယ်ထူကိုပင် သူ၏စွမ်းအားတို့ကို ပြသခဲ့သေးသည်။
ထို့နောက်တွင်လဲ့ကန်းက ပြင်းထန်စွာနှာတစ်ချက်မှုတ်လိုက်ပြီး ခရမ်းရောင်လျှပ်စီး အလင်းအဖြစ်ပြောင်းကာ စိတ်ချရသော အကွာအဝေးတစ်ခုအထိရောက်အောင်ပျံသန်းလိုက်သည်။
ထို့နော်အသံတစ်ခုထွက်ပေါ်လာ၏။
“သူတောင်းစားလေး ..ကျန်နေတဲ့ မင်းဘဝတစ်လျှောက်လုံးကို အင်ပါယာမြို့တော်ထဲမှာပဲ ပုန်းအောင်းနေတာပိုကောင်းလိမ့်မယ်..မဟုတ်ရင် ဒီနေ့မင်းမသေလိုက်ရတာကို နောင်တရသွားတဲ့အထိ ငါမင်းကိုလုပ်ပစ်မယ်”
အဆုံးသတ်တွင် တစ်ခြားတစ်ဖက်ရှိ ရွှယ်ထူကလည်း သွေးရောင်အလင်းအဖြစ်ပြောင်းသွားကာ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသော မျက်နှာဖြင့် အဝေးသို့ ပျံသန်းထွက်ခွာသွားသည်။
“ကံကောင်းစွာနဲ့ ခင်ဗျားအချိန်မှီရောက်လာတာပဲ..မဟုတ်ရင်ဒီသခင်လေး ချက်ခြင်းလက်ငင်းကို ကွပ်မျက်ခံရလိမ့်မယ်…ဒီတစ်ကြိိမ်တော့ ဒီသခင်လေး ခင်ဗျားဆီမှာ အကူအညီတစ်ခု အကြွေးတင်သွားပြီ “
ရှစ်ဖုန့်က နလန်ယွမ်ကိုကြည့်ပြီးပြောလိုက်သည်။
“ဟားဟား…သခင်လေးဖုန့် ကတော့ချဲ့ကားပြောနေပါပီကော ..သခင်လေးဖုန့်ရဲ့ လမ်းညွှန်ပြသမှု ကျေးဇူး အားလုံးကြောင့် ဒီနေရာမှာ ကျုပ်ရှိနိုင်တာပါ”
နလန်ယွမ်က ဟက်ဟက်ပက်ပက်ရယ်မော၍ ပြောလိုက်သည်။
“ဒါပေမဲ့ ကျုပ် သခင်လေးဖုန့် ရဲ့လက်ဖဝါးပေါ်လာတာကို ခုဏက တွေ့လိုက်ပါတယ်…သခင်လေးက ကိုယ့်ကိုလာပြီး ကွပ်မျက်သုတ်သင်ဖို့လုပ်တာကို ဒီအတိုင်းထိုင်စောင့်နေမဲ့သူတော့ မဟုတ်ဖူးမလား”
“ဒီသခင်လေးရဲ့ အသက်ကို ရယူဖို့က အဲ့အင်ပါယာနယ်ပယ်တွေ အရည်အချင်းမမှီသေးဘူး ..ကျုပ်ပြန်ပေးရမဲ့တန်ကြေးက အရမ်းမြင့်လွန်းတာပဲရှိတာ…ဘာပဲဖြစ်ဖြစ်ပါ..ဒီအကူအညီကို ကျုပ်အမှတ်ရနေမှာပါ”
ထိုသို့ပြောကြားပြီးသည့်နောက်တွင် ရှစ်ဖုန့်က ငရဲဝံပုလွေ၏ ကျောပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ၏လက်တို့ဖြင့် ဆီးလ်တံဆိပ်သင်္ကေတလက်ဟန်တို့ကို ပုံဖော်လိုက်ပြီး ဖြည်းညှင်းစွာလှုပ်ရှားလိုက်သည်။ထို့နောက်သူက အသံနိမ့်ဖြင့်ပြောလိုက်သည်။
“ငရဲဘုံကိုးခု ကဖျက်ဆီးမရဘူး …အဆုံးမရှိ ထာဝရ တည်ရှိနေလိမ့်မယ်”
ထို့နောက်တွင် ရှစ်ဖုန့်ကိုယ်ပေါ်ရှိ သွေးများဖြင့်ဖုံးနေသည့် များပြားလှသော ဒဏ်ရာဒဏ်ချက်တို့မှာ
မျက်စိဖြင့်မြင်နိုင်သော အမြန်နှုန်းဖြင့် ပြန်လည်ကုသနေသည်။
ယနေ့တိုက်ပွဲတွင် ကောင်းကင်ဘုံလေဂိုဏ်း၏ ဒုခေါင်းဆောင်ဖြစ်သူ ဖုန်လောဟန်မှာ ကျဆုံးခဲ့ရသည်။ ရှစ်ဖုန့်၏ နမည်က ယွင်လိုင်အင်ပါယာတစ်ခုလုံးကို ကျော်ကြားပျံ့နှံ့သွား၏။
အရက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များ၊ လမ်းမများနှင့် လမ်းကြိုလမ်းကြားတို့တွင် အပြောအများဆုံးသောအကြောင်းမှာ လောလောဆယ် မြင့်မားလာသော လူငယ်ပါရမီရှင် ရှစ်ဖုန့်၏ အကြောင်းကိုပင်ဖြစ်သည်။
“မင်းတို့သိကြလား…တိုက်ပွဲက ကောင်းကင်နဲ့ မြေကြီးကိုပါ တုန်လှုပ် စေတယ်တဲ့..ငါ့ညီအကိုရှစ်ဖုန့်နဲ့ ငါနဲ့ကို ဂိုဏ်းကြီးလေးဂိုဏ်းက ကျွမ်းကျင်သူတစ်သိန်းက ဝန်းရံတာကိုခံခဲ့ကြရတာ ..ယင်တစ်ကောင်တောင်မှ လွတ်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ထင်ရတယ်”
“နောက်ကျဘာဖြစ်သွားတင်လို့ မင်းတို့ထင်ကြလည်း…ဘာဖြစ်သွားခဲ့လည်းဆို
တာကိုသိကြလား”
“ငါက ငါ့ညီအကိုရှစ်ဖုန့်ရဲ့ အေးစက်စက်အော်သံဖြစ်တဲ့ သတ်ဆိုတာကြီးကို ကြားလိုက်ရပြီး သူကဓားတစ်ချက်ပိတ်ယမ်းချလိုက်ရော ငါ့ကောင်ရေ..ငါတို့လမ်းကြောင်းမှာလာပိတ်နေတဲ့သူတိုင်းကို ငါတို့သတ်ပစ်ခဲ့ကြတာပေါ့ .သွေးတွေဆိုကွာ မိုင်းပေါင်း သုံးထောင်လောက်အထိကို ပျံနှံ့ပန်းထွက်နေတာပဲ..အလောင်းတွေ အလောင်းတွေဆိုတာလည်း နေရာတိုင်းမှာ အပြည့်ပဲ..ဘာပဲဖြစ်ဖြစ် တစ်ချက်ကြည့်ရုံနဲ့ ဂိုဏ်းလေးဂိုဏ်းက ကျွမ်းကျင်သူအလောင်းတွေကြီး ပြည့်နှက်နေတာပဲ..သွေးတွေက မြစ်ကြီးတစ်စင်းလိုစီးဆင်းနေတာပေါ့ကွာ …နောက်ဆုံးတိုက်ခိုက်မှုဆိုရင် ငါနဲ့ညီအကို ရှစ်ဖုန့်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ..ကောင်းကင်ကိုတောင် အရောင်ပြောင်းသွားစေတဲ့ တစ်ချက်တစ်ခုကို ငါတို့ထိုးလိုက်ကြပြီး ..ကောင်းကင်ဘုံလေဂိုဏ်းက ဒုခေါင်းဆောင်ဖြစ်တဲ့ ဖုန်လောဟန်ကြီးကို သတ်ပစ်ခဲ့တာပေါ့ကွာ..”
လက်ဖက်ရည်ဆိုင်ထဲတွင် ဇတ်လမ်းပြောသူတစ်ဦးက တံတွေးများပင် ပါးစပ်မှနေရာအနှံ့ပန်းထွက်နေအောင် အာပေါင်အာရင်းသန်သန်ဖြင့်ပြောပြနေသည်။ သူ၏ မျက်နှာက အသက်ဝင်လှပြီး သူပြောသောစကားတို့က ကျနမှန်ကန်သောပုံစံပေါက်ကာ အရာအားလုံးမှာ သူပြောသည့်အတိုင်းဖြစ်ပျက်ခဲ့သကဲ့သို့ပြောနေသည်။
“ဖုန်လောဟန် ..လူတိုင်းကသူ့ကို ကြားဖူးကြတယ်လို့ငါထင်တယ်..ကောင်းကင်ဘုံ
လေဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်ပြီး ကြယ်လေးပွင့်အင်ပါယာနယ်ပယ် အဆင့်နဲ့ ထိပ်တန်းကျွမ်းကျင်သူ ဆယ်ယောက်ထဲမှာ သူကအဆင့်ရှစ်ကိုချိတ်တယ်…သူ့အရပ်က ရှစ်ပေမြင့်ပြီးတော့ သူ့ခါးကြီးကလည်း ရှစ်ပေလောက်ကိုကျယ်တဲ့သူပေါ့ကွာ …သူကနန်းတော်ရဲ့ထိပ်ဆုံကနေရပ်ပြီးတော့
ငါ့ကို ဘယ်သူသတ်ရဲလည်း… ငါ့ကို ဘယ်သူသတ်ရဲလည်း…
ငါ့ကို ဘယ်သူသတ်ရဲလည်း…ဆိုပြီး သုံးကြိိမ်တောင် အော်ပြောခဲ့တယ်”
“တတိယတစ်ခွန်း အော်ပြီးပြီးမကြာခင်မှာပဲ..သူခေါင်းက ကောင်းကင်ထက်ကို တည့်တည့်ကြီးလွင့်ပျံသွားရော …ဖုန်လောဟန် ဘယ်လိုသေသွားခဲ့ရတယ်ဆိုတာကို ဘယ်သူကမှမမြင်တွေ့လိုက်ရဘူး …သူ့ရဲ့ ခေါင်းပြက်ကိုယ်ကြီးရှေ့မှာ ရပ်နေတဲ့ ငယ်ရွယ်တဲ့ ပုံရိပ်လေးကိုပဲ သူတို့တွေ တွေ့မြင်လိုက်ကြရတာ..
“လေတွေကတစ်ဟူးဟူးတိုက်ခတ်ပြီး ညကလည်း အေးစက်တဲ့ရေလိုမျိုး စိမ့်နေအောင်အေးနေတာပေါ့..သူတို့တွေဟား ကျွမ်းကျင်သူတစ်ယောက်ရဲ့ ..အထီးကျန်မှုအတွက်သက်ပြင်းချရုံပဲတက်နိုင်ခဲ့တယ်..အဲ့နောက်မှာတော့ ငယ်ရွယ်တဲ့ ပုံရိပ်လေးက သူ့ဓားကိုလွှဲယမ်းပြီး စကားလုံးရှစ်လုံးကို ဟင်းလင်းပြင်ထဲမှာ ရေးထိုးလိုက်တယ်..အဲ့စကားလုံးတွေက.
“ရှစ်ဖုန့်ကို ရှုံးနိမ့်စေချင်ရင် ..အဲ့လူပဲပြန်ပြီး ရှုံးနိမ့်ရလိမ့်မယ်”
“ရှစ်ဖုန့်နဲ့ ဖုန်လောဟန်တို့က နှစ်ပေါင်းများစွာ ချစ်ကြိုက်လာခဲ့ကြတဲ့ ချစ်သူတွေကွ…သူတို့က အတူတကွကြီးပြင်းလာကြပြီး ငယ်ငယ်လေးထဲ ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့..ဒါပေမဲ့ ဖုန်လောဟန်ဆိုတာက ကျေုးဇူးကန်းတတ်တဲ့သူမျိုးဖြစ်နေတယ်…သူကရှစ်ဖုန့်ကို ပစ်ပယ်စွန့်ခွာပြီးတော့ ကောင်းကင်ဘုံလေဂိုဏ်းရဲ့ ဖုန်ချမ့်ယွီ ရင်ခွင်ထဲကိုခိုလှုံသွားခဲ့ရော ..ရှစ်ဖုန့်ကတော့ ဖုန်လောဟန်ကို နက်ရှိုင်းစွာကို ချစ်ခဲ့တဲ့သူဖြစ်ခဲတာပေါ့ ..ဘယ်လိုလုပ်ပြီးတော့ သေတာထက်ဆိုးတဲ့ နာကျင်ရတဲ့ ခံစားချက်ကြီးကိုသူခံနိုင်ပါ့မလဲ.”
“အဲ့တာကြောင့်သူက ကြိုးကြိုးစားစားနဲ့ ကျားကုတ်ကျားခဲ သိုင်းပညာကိုလေ့ကျင့်ခဲ့တယ် ..ဆယ်နှစ်ကြာစိတ်နှလုံးပူဆွေးမှုဒဏ်တွေကိုခံခဲ့ပြီး နောက်ဆုံးမှာ သူကသိုင်းပညာရပ်ကို လုံးဝ ကျွမ်းကျင်အောင်မြင်သွားခဲ့တယ်…သူကဖုန်လောဟန်ကို သူ့လက်တွေနဲ့ ကိုယ်တိုင်သတ်ခဲ့ပြီးတော့ သူ့နှလုံးသားထဲကကြေကွဲနေရတဲ့အချစ်တွေကို မြေမြှုပ်လိုက်တော့တာပဲ”
ယွင်လိုင်အင်ပါယာအတွင်းတွင် အမျိုးမျိးသော ဇတ်လမ်းမူကွဲများက နေရာအနှံ့ ပျံ့နှံ့လျက်ရှိသည်။
လုံချန်မှာ အင်ပါယာမြို့အတွင်းသို့ ရှစ်ဖုန့်နှင့်အတူလျှောက်လှမ်းလာသည်။ သူက အမျိုးမျိုးသော ဇတ်လမ်းမူကွဲများကိုနားထောင်ခဲ့ပြီး ရှစ်ဖုန့်အား ကျီဆယ်နေ၏။
“သခင်လေးဖုန့်ကတော့အခု နမည်ကျော်ကြားနေပြီ”
ယခုဆိုလျှင် ရှစ်ဖုန့်ရောက်ရှိလာပြီး ကတည်းက လုံချန်၏စိတ်အခြေအနေမှာ ကောင်းမွန်နေသည်။ သူ့ဘေးတွင် ကြယ်သုံးပွင့် အင်ပါယာန်ပယ် ကျွမ်းကျင်သူ ယဲ့ဝူရှင်းရှိနေသည့်အပြင် ဖုန်လောဟန်အား တကယ်ကိုသတ်ပစ်ခဲ့သော မွန်းစတားတစ်ကောင်ဖြစ်သည့် ရှစ်ဖုန့်လည်းရှိနေသည်။
ထိုထက်ပိုသည်ကား ဒုတိယမင်းသား လုံထျန်းမှာ ဖုန်လောဟန်၏ ညီမဖြစ်သူမှမွေးဖွားထားသော သူဖြစ်သည်။ ဖုန်လောဟန်သေဆုံးသွားသည်နှင့် လုံထျန်းသည်လည်း အကူအညီအထောက်အပံ့ကို ဆုံးရှံးလိုက်ရမည်ဖြစ်လေသည်။ ရှစ်ဖုန့်က ဖုန်လောဟန်ကိုသတ်ခဲ့သည်။ ယင်းက လုံချန်အား ထီးနန်းရာဇပုလ္လင်အတွက် ပြိုင်ဘက်များကို ကူညီရှင်းထုတ်ပေးခြင်းဖြစ်သည်ဟုပင်ပြော၍ရ
နိုင်သည်။
“ဒီရက်ပိုင်းမှာ မင်းရဲ့စိတ်တွေ တက်ကြွကောင်းမွန်နေတာကို ငါမြင်နေရပါလား”
ရှစ်ဖုန့်က လုံချန်ကိုကြည့်၍ ပြောလိုက်သည်။
“ဒါပေါ့ သခင်လေးဖုန့်လဲသိသားနဲ့”
လုံချန်ကပြုံးလိုက်သည်။
“မင်းငါ့ကို တစ်ယောက်ယောက်နဲ့မိတ်ဆက်ပေးမယ်လို့ ပြောခဲ့တယ်နော်…အဲ့တာဘယ်သူလဲ”
ရှစ်ဖုန့်က မေးလိုက်သည်။
“သခင်လေးဖုန့်ရဲ့ အမာခံ သစ္စာရှိပရိတ်သတ်လေ”
လုံချန်ုက ပြုံးကာပြောလိုက်သည်။
“သူမကို မြင်တဲ့အခါကြရင် သိလာပါလိမ့်မယ်”
“စတုတ္ထအကို..ဒီမှာ…”
ရုတ်တရက် ကြည်လင်ပြီးသာယာဖွယ်ကောင်းသော အသံတစ်ခုထွက်ပေါ်လာသည်။
လုံချန်က ရှစ်ဖုန့်ကို ပြောလိုက်သည်။
“သူမ ရောက်နေပြီ”
ရှစ်ဖုန့်က လုံချန်ညွှန်ပြသော ဦးတည်ချက်သို့ကြည့်လိုက်သောအခါတွင် ခရမ်းရောင်ဝတ်ဆင်ထားသော မိန်းမငယ်လေးတစ်ယောက်ကို သိပ်မဝေးလှသောနေရာရှိ လက်ဖက်ရည်ဆိုင်ဝင်ပေါက်၌ တွေ့လိုက်ရသည်။သူမက ချိုသာသော အပြုံးဖြင့်သူတို့ကို လက်ဝေ့ယမ်းပြပြီးနောက် ပြေးလာသည်။
“ဟီးဟီး …စတု္ထအကို အကိုတို့က အရမ်းနှေးသကိုး…ညီမလေးဒီမှာစောင့်နေတာ အရမ်းကြာနေပြီ”
မိန်းမငယ်လေးက လုံချန်ကို ပျော်ရွှင်မြူးတူးစွာဖြင့်ပြောလိုက်သည်။သူမ၏မျက်လုံးရွဲကြီး နှစ်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး ဇဝနဉာဏ်ထက်မြက်ပြီး ချစ်စရာကောင်းသော နတ်သမီးလေးတစ်ပါးကဲ့သို့ဖြစ်ကာ ထက်ထက်မြက်မြက်ရှိမည့်ပုံပင်ဖြစ်သည်။
ထို့နောက်တွင် မိန်းမငယ်လေးက တစ်ခစ်ခစ်ရယ်ပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။
“ကိုကြီးက..ကိုကြီးရှစ်ဖုန့်ပဲဖြစ်ရမယ်..ကောလ
ဟာလတွေအရ အကိုကြီးက အရမ်းခန့်တာပဲ..ညီမလေးက ကိုကြီးရဲ့ သစ္စာရှိ ပရိတ်သတ်အကြီးစားပါ”
ရှစ်ဖုန့်က လုံချန်ကိုကြည့်လိုက်သည်။ လုံချန်က သူ့ကိုပြုံးပြပြီးပြောလိုက်သည်။
“ဒါက ငါတို့ရဲ့ မင်းသမီးလေး လုံမုန့် တဲ့ “
ထို့နောက်သူက လုံမင်၏ လေသံကို အတုယူပြီးပြောလိုက်သည်။
“သူက သခင်လေးဖုန့်ရဲ့ ပရိတ်သတ် အကြီးစားကြီးပဲ”
ဆက်ရန်…
ဘာသာပြန်သူ-ARISE