← Chapters

သူခိုးဂိုဏ်း၏တပည့်ကြီး

Vol. 11 Ch. 540

သူခိုးဂိုဏ်း၏တပည့်ကြီး

Vol. 11 Ch. 540

လရောင်နှင့် ကြယ်ရောင်များ၏ အလင်းရောင်အောက်တွင် ထန်ရှုကိုယ်တိုင် မိုင်ကုန်ဖွင့်ကာ ကားမောင်းလာသောကြောင့် ရှန်ဟိုင်းသို့ မနက်စောစော နှစ်နာရီလောက်တွင် ရောက်ခဲ့သည်။ ကြယ်ပြာအိမ်ရာဝင်းရှိ သူ၏အိမ်ဝင်းဆီ ရောက်လာပြီးနောက် ထန်ရှုသည် ရိုးရှင်းသော အထုပ်အပိုး ပြင်မှုတစ်ခု ပြုလုပ်ပြီးနောက် ဆန်းကြယ်သားရဲအား အစီအရင်ထဲမှ လွှတ်ပေးရန် စာကြည့်ခန်းဆီသို့ သွားသည်။

"မင်း ငါနဲ့ အပြင်ထွက်ကစားချင်လား။"

ထန်ရှုက တစ်ကြိမ်သာ မေးလိုက်သော်လည်း ဆန်းကြယ်သားရဲက အကြိမ်ကြိမ် ခေါင်းညိတ်ပြပြီး စိတ်အားထက်သန်နေသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် သူက အပြုံးဖြင့်

“မင်း ငါနဲ့ ကစားချင်တယ်ဆိုရင် ဒီည အိမ်မှာ လိမ်လိမ်မာမာ နေ။ ငါ မင်းကို အပြင်တစ်နေရာ ခေါ်သွားမယ်။ နောင်ဆို မင်း အစီအရင်ထဲမှာ ထပ်နေစရာ မလိုတော့ဘူး။"

ထို့နောက် ထန်ရှုသည် ရေချိုးအဝတ်လဲပြီးနောက် လုံကျန့်ယုဆီ ဖုန်းခေါ်လိုက်သည်။ သူမှန်းဆထားသည့်အတိုင်း လုံကျန့်ယုသည် မအိပ်သေးဘဲ ဖုန်းထဲမှ ပင်ပန်းနေသောအသံသည် ထွက်လာသည်။

"ထန်ရှု … မင်း မအိပ်သေးဘူးလား။"

"အရေးတကြီး ကိစ္စပေါ်လာလို့ ရှန်ဟိုင်းကို ပြန်လာခဲ့ပြီ။ ကြယ်တာရာက ကိစ္စကို မင်းကို လွှဲပေးထားမယ်။ ဒါပေမယ့် အလုပ် အဲ့ဒီလောက် အရမ်းမကြိုးစားပါနဲ့။ အရမ်းပင်ပန်းရင် အလုပ်ခွဲပေးလိုက်ပါ။"

"စိတ်မပူပါနဲ့ကွာ … ငါ ကိုင်နိုင်ပါသေးတယ်။ ဒါနဲ့ ပြသနာက ဒုက္ခများနိုင်လား။ ငါ့အကူအညီ လိုသေးလား။" လုံကျန့်ယုက မေးလိုက်သည်။

"မလိုသေးဘူး … ငါကိုယ်တိုင် ကိုင်နိုင်တယ်။" ထန်ရှုက ဖြေသည်။

ထို့နောက် နှစ်ယောက်သား နောက်နောက်ပြောင်ပြောင် စကားပြောဆိုပြီး ဖုန်းချလိုက်ကြသည်။

မနက်မိုးသောက်အလင်းရောက်သည်နှင့် ထန်ရှုနှင့် ယန်လီတို့သည် ကျင်းရှင်းကွေ့၏နေအိမ်သို့ သွားကြသည်။ သူကိုယ်တိုင်ရေးဆွဲထားသော ဗိသုကာလက်ရာဒီဇိုင်းအား ကျင်းရှင်းကွေ့ဆီ လွှဲပြောင်းပေးပြီးနောက် ထန်ရှုသည် အလျင်အမြန် ထွက်ခွာပြီး ဟန်ကျင်းဝူ၏နေအိမ်သို့ မောင်းနှင်သွားခဲ့သည်။

အဝင်ဝတွင် လေကာကုတ်အင်္ကျီကို ဝတ်ဆင်ထားသော ဟန်ကျင်းဝူသည် လက်ရှိတွင် သူမ၏လက်ကိုင်ဖုန်းကို ဆော့ကစားနေသည်။ သူမ၏အရှေ့တွင် ကားတစ်စီး ရပ်သွားသောအခါ လက်ကိုင်ဖုန်းကို သိမ်းလိုက်ပြီး ထန်ရှုကို ကြည့်ကာ ညည်းညည်းညူညူ ပြောလိုက်သည်။

"ခြောက်နာရီခွဲပဲ ရှိသေးတယ် ထန်ရှု။ နင် ငါ့ကို ဖုန်းဆက်ပြီးတော့ နာရီဝက်ပဲ အချိန်ရတယ်။ ငါတို့ အပန်းဖြေခရီးထွက်ရုံပဲဟာကို နင် ဒီလောက် အလျင်လိုနေစရာ လိုမယ်မထင်ဘူး ဟုတ်တယ်မလား။"

ထန်ရှုက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"အဲ့ဒါနဲ့ပတ်သက်ပြီး ဆရာမကို ကျွန်တော် အမှန်ပြင်ပေးရဦးမယ်။ ဒီတစ်ခေါက် ကျင်းမန်ကျွန်းကို သွားတာ ရှုခင်းကြည့်ဖို့ မဟုတ်ပါဘူး။ ကျွန်တော့်မှာ အရေးကြီးတဲ့ကိစ္စတွေ ရှိနေလို့ပါ။ ဆရာမ မလိုက်ဘဲ နေလို့ရပါတယ်။”

ဟန်ကျင်းဝူက ချစ်စဖွယ် မျက်လုံးလေး လှန်ပြလိုက်ပြီး သူမ၏ခရီးဆောင်အိတ်ကို ယူကာ ကားနောက်ဖုံးခန်းထဲတွင် ထည့်သည်။ ထို့နောက် ကားတံခါးကို ဖွင့်ကာ နောက်ခန်းထိုင်ခုံပေါ်တွင် တန်းထိုင်လိုက်သည်။

…ဘန်း…

ကားတံခါးပိတ်ပြီးနောက် ဟန်ကျင်းဝူသည် ရှေ့ထိုင်ခုံတွင် ထိုင်နေသော ယန်လီကို တစ်ချက် ကြည့်လိုက်ပြီး

"ဒါဆို သွားကြမယ်လေ။ ကျင်းမန်ကျွန်းကို သွားတဲ့ တစ်လမ်းလုံး နင်ချည်းပဲ မောင်းမယ်လို့ ငါ့ကို မပြောနဲ့နော်။"

ထန်ရှုက ကားကို စတင်မောင်းလိုက်ရင်း ခပ်ဖွဖွ ပြုံးကာ "ဆရာမ ပြောတာမှန်တယ်။ လေဆိပ်ကို အပြေးအလွှား သွားပြီး လေယာဉ်ထွက်မယ့်အချိန်ကို စောင့်ရင် အချိန် ပိုဖြုန်းသလို ဖြစ်နေမှာစိုးလို့ ကျင်းမန်ကျွန်းကို ကားနဲ့ သွားမှာပါ။ ကျွန်တော့်လုပ်ငန်းလည်း မနှောင့်နှေးတော့ဘူးပေါ့။ စကားမစပ် ကျွန်တော် မိတ်ဆက်ပေးပါရစေ။ သူ့နာမည်က ယန်လီပါ။”

ဟန်ကျင်းဝူသည် ယန်လီကို ကြည့်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ကာ

"ကျင်းမန်ကျွန်းကို နင် ဘာသွားလုပ်မှာလဲ ထန်ရှု…"

"ကျွန်တော် ဆရာမကို ပြောပြရင်တောင် ဆရာမ နားမလည်မှာကိုစိုးမိတယ်။" ထန်ရှုက ပြောသည်။ “ဒီတစ်ခေါက် ဆရာမရဲ့ တစ်ခုတည်းသော တာဝန်က ပျော်ပျော်နေဖို့ပဲ။ အားလပ်ရက်ခရီးအဖြစ် မှတ်ယူပါ ဆရာမ။ တခြား ဘာမှ စိတ်ပူစရာ မလိုပါဘူး။”

ဟန်ကျင်းဝူက သူမ၏နှုတ်ခမ်းလေးအား တင်းတင်းစေ့ပြီး ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်နေသည်။ မရေမတွက်နိုင်သော လူများသည် သူတို့၏တစ်သက်တာတွင် အောင်မြင်နိုင်မည် မဟုတ်ကြသော်လည်း ထန်ရှုသည် ငယ်ငယ်ရွယ်ရွယ်နှင့် သည်ကဲ့သို့ လုပ်ငန်းကြီးတစ်ခုကို တည်ဆောက်နိုင်ခဲ့သည်ကို သူမ တကယ် လေးစားမိသည်။ သို့သော် သူမ၏စိတ်ထဲတွင်  အတော်လေး စိတ်အနှောင့်အယှက်ဖြစ်ကာ ဒေါသထွက်လာသလို ခံစားနေရသည်။ သူမသည် ထန်ရှု၏ဆရာမ ဖြစ်ပြီး ထန်ရှုသည် သူမ၏တပည့် ဖြစ်သော်လည်း ထန်ရှုက သူမကို မမျှော်လင့်ဘဲ ကျော်တက်သွားခဲ့ပြီး ကွာဟချက်သည် အရမ်းကို ကြီးမားလွန်းလှပေသည်။

ရှန်ဟိုင်းနှင့်ကျင်းမန်ကျွန်းသည် ကီလိုမီတာ ထောင်နှင့်ချီ ကွာဝေးသည်။ ထန်ရှုသည် ထိုနေရာကို သူတစ်ယောက်တည်း မောင်းနိုင်သော်လည်း ဟန်ကျင်းဝူနှင့် ယန်လီတို့က တစ်လှည့်စီ ကူမောင်းခဲ့ကြသည်။ သုံးယောက်သား အလှည့်ကျ မောင်းလာပြီး ညနေ လေးနာရီတွင် ကျင်းမန်ကျွန်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မြို့ပြဧရိယာထဲသို့ဝင်ရောက်ပြီးနောက် ထန်ရှုသည် ဂျီပီအက်စ်လမ်းညွှန်ချက်အတိုင်း ထာဝရခန်းမ၏ ဌာနချုပ်ဆီသို့ တန်းသွားလိုက်သည်။

"ဒီနေရာက ရှုခင်းက သိပ်ကောင်းတယ်။"

ရှေ့ထိုင်ခုံတွင် ထိုင်နေသော ဟန်ကျင်းဝူသည် အဝေးပြေးလမ်းမကြီး၏ တစ်ဖက်တစ်ချက်စီရှိ တောတောင်ရေမြေစမ်းချောင်းများ၊ ရှုခင်းများနှင့် စံအိမ်များကို မြင်ပြီးနောက် သက်ပြင်းချလိုက်ရင်း မချီးမွမ်းဘဲ မနေနိုင်တော့ပါပေ။

ထန်ရှုက သူမကို တစ်ချက် ကြည့်လိုက်ပြီး အတွင်းထဲသို့ တည့်တည့်မောင်းဝင်သွားသည်။ ပင်မတံခါးရှိ ထာဝရခန်းမ၏ကျွမ်းကျင်ပညာရှင်လေးဦးသည် ထန်ရှုကို မြင်တွေ့ပြီးနောက် တံခါးကို တန်းဖွင့်ပေးလိုက်သည်။

“ဆရာအဘိုး…”

ကားရပ်နားရာနေရာတွင် စောင့်နေသည့် ဂူရှောင်ရွှဲ့က  ထန်ရှု ကားပေါ်က ဆင်းလာသည်နှင့် သူ့ကို အမြန် လာနှုတ်ဆက်သည်။ ထန်ရှု ရောက်ရှိလာသည်ကို မြင်ကြသော ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင် တစ်ဖွဲ့က ရှေ့ကို ပြေးလာပြီး လက်သီးစုကာ အရိုအသေပေးလိုက်ကြရင်း

"သူဌေး …"

ထန်ရှုက အသာခေါင်းညိတ်ပြကာ

"ကိုယ့်တာဝန်တွေကို ဆက်လုပ်ပါ။"

"နားလည်ပါပြီ။" ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင်များအဖွဲ့မှ လေးစားစွာ ပြန်ဖြေပြီး ထွက်ခွာသွားသည်။

ထန်ရှုက ဂူရှောင်ရွှဲ့ကို ကြည့်နေရင်း "လက်ရှိအခြေအနေက ဘယ်လိုလဲ။"

“အဟန့်အတားတွေဖန်တီးဖို့ လူတွေ လွှတ်ထားတယ်။ နေ့လည်ခင်းမှာ ထပ်ဆင့်ပို့လာတဲ့ သတင်းက တစ်ဖက်လူက ယောက်သွားကျွန်းကနေ ပြန်ရောက်လာပြီး အခု ကျင်းမန်ကျွန်းရဲ့  ရှန်ဒီလျိုဟိုတယ်မှာ တည်းနေတယ်လို့ သိရတယ်။ နောက်ပြီး ယောင်ရှင်းဟွာက လက်ရှိမှာ ကျင်းမန်ကျွန်းရဲ့ အကြီးတန်းအရာရှိတွေနဲ့ ညှိနှိုင်းနေပြီ။ အဲ့ဒီအစိုးရအရာရှိတွေရဲ့ အတည်ပြုချက်ရဖို့ စာရွက်စာတမ်းတွေကို စောင့်ဆိုင်းနေတယ်။” ဂူရှောင်ရွှဲ့မှ ပြောလိုက်သည်။

ထန်ရှုက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြပြီး ဟန်ကျင်းဝူကို ညွှန်ပြကာ

"သူမက ဟန်ကျင်းဝူပါ။ ငါ့တက္ကသိုလ်ကျောင်းက ဆရာမ။ ဆရာမက အားလပ်ရက်မို့လို့ အဆင်ပြေတာနဲ့ ငါတို့နဲ့အတူ လိုက်လာခဲ့တာ။ ဆရာမကို ဒီမှာ နေရာထိုင်ခင်းနဲ့ အစစ လုပ်ဆောင်ပေးဖို့ လူတချို့ကို တာဝန်ပေးပြီး တောင်းဆိုသမျှကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါ။”

"ငါ ဆရာမအတွက် ကောင်းကောင်းစီစဉ်ပေးပါ့မယ် ဆရာအဘိုး…" ဂူရှောင်ရွှဲ့က ခေါင်းညိတ်ပြသည်။

စကားပြောနေစဉ်အတွင်း လူတချို့ရောက်လာပြီး ဟန်ကျင်းဝူအား စားသောက်ဆိုင်၏ဘေးခန်းဆီသို့ လမ်းပြခေါ်ဆောင်သွားသည်။ ထန်ရှုနှင့် ယန်လီတို့သည် အဆင်မြင့်အခန်းတစ်ခုဆီသို့ ဂူရှောင်ရွှဲ့၏အနောက်မှ လိုက်သွားကြသည်။

"မင်း စုံစမ်းထားတဲ့ သတင်းတွေအားလုံး ငါ့ကို ပေးပါ။"

"ခဏလောက် စောင့်ပေးပါ။"

ဂူရှောင်ရွှဲ့က ဖုန်းတစ်ချက် ခေါ်လိုက်ပြီးနောက် မြန်မြန်ဆန်ဆန်ပင် လူတစ်ယောက်က စာရွက်စာတမ်းတစ်ထပ်အား ပို့လာခဲ့သည်။ ၎င်းသည် ထာဝရခန်းမအဖွဲ့ဝင်များ၏ စုံစမ်းထားမှုရလဒ် ဖြစ်သည်။

ထန်ရှုသည် လေးနက်သောအမူအရာဖြင့် အချက်အလက်များကို ဖတ်ပြီးနောက် သူ၏ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

"ဒေါ်လေး … ကျွန်တော် ဒေါ်လေးရဲ့အကူအညီ လိုတာလေးတစ်ခု ရှိနေလို့။"

"အဲ့ဒါ ဘာများလဲ။" ထန်မင်း၏ရယ်သံကို ဖုန်းထဲမှ ကြားနေရသည်။

“ကျင်းမန်ကျွန်းမှာရှိတဲ့ ကျွန်တော့်လူတွေက တစ်စုံတစ်ရာကို မတော်တဆ တွေ့ရှိခဲ့တယ်။ ယောင်မိသားစုက တောင်တရုတ်ပင်လယ်ထဲ လှုပ်ရှားမှုအချို့ ပြုလုပ်ထားသလိုပဲ။ တောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့အခေါက်တုန်းက တွေ့ခဲ့တဲ့ ယောင်ရှင်းဟွာက တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို ငှားဖို့ ပြင်ဆင်နေပုံရပြီး အခု အစိုးရနဲ့ ဆက်သွယ်နေတယ်။ ဒေါ်လေး … ဒီကျွန်းတွေကို ငှားဖို့အရေးမှာ ယောင်မိသားစုရဲ့ တိုးတက်မှုအခြေအနေ ဘယ်လိုရှိလဲ ကူညီစုံစမ်းပေးလို့ရမလား။"

"နင့်သတင်း သေချာလား ရှုအာ။ ယောင်မိသားစုက တောင်တရုတ်ပင်လယ်ထဲက ကျွန်းတွေကို တကယ် ငှားနေတာလား။"

"ကျွန်တော့်လူတွေဆီကရတဲ့သတင်းက မှားမှာ မဟုတ်ဘူး။" ထန်ရှုက ပြောသည်။

"ယောင်မိသားစုက သူတို့ရဲ့အစီအစဉ်ကို စတော့မယ် ထင်တယ်။" ထန်မင်းက ရေရွတ်သည်။

"ဘာအစီအစဉ်များလဲ ဒေါ်လေး။" ထန်ရှုက အံသြသော အမူအရာဖြင့် မေးလိုက်သည်။

"တရုတ်နိုင်ငံရဲ့ ထိပ်တန်းလုံခြုံရေးကုမ္ပဏီလေးခုထဲက နှစ်ခုကို ယောင်မိသားစုက လျှို့ဝှက် ထိန်းချုပ်ထားတယ်။ ငါတို့မိသားစုက အဲ့ဒီသတင်း တစ်စွန်းတစကို မကြာသေးခင်ကမှ ရရှိခဲ့တယ်။ ယောင်မိသားစုက စစ်တပ်ပုံစံနဲ့ ဖွဲ့စည်းထားတဲ့ ထိပ်တန်းလုံခြုံရေးကုမ္ပဏီသစ်တစ်ခုကို တည်ထောင်တော့မယ်လို့ သတင်းဝယ်တဲ့သူဆီကနေ သိရတယ်။ ရိုးရိုးရှင်းရှင်းပြောရရင် ဒါက ယောင်မိသားစုရဲ့ ထိပ်တန်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်လာတော့မှာ။”

ထန်ရှု၏မျက်ဝန်းအစုံ ကျဉ်းမြောင်းသွားပြီး ထပ်မံမေးမြန်းလိုက်သည်။

“ဒေါ်လေး … ဒီသတင်းက ယုံကြည်စိတ်ချရတာ သေချာရဲ့လား။ ဒီလိုသာ တကယ်ဖြစ်ရင် သူတို့အတွက် လုံး၀ ချောချောမွေ့မွေ့ ကိုင်တွယ်လို့ ရနိုင်မယ်လို့ ထင်ပါတယ်။ ယောင်မိသားစုသာ သူတို့ရဲ့ လက်နက်ကိုင် တပ်ဖွဲ့ကို ဖွဲ့စည်းပြီးတာနဲ့ ကျွန်တော်တို့ သိမှာပဲလေ။ ဒီလက်နက်ကိုင်တပ်ဖွဲ့ကို ဖျက်စီးပြီး ယောင်မိသားစုကို ခါးသီးပြင်းထန်တဲ့ ထိုးနှက်ချက် ပေးလို့ရတယ်။”

“ပြဿနာက ဒီလောက် မရိုးရှင်းဘူး။ ယောင်မိသားစုက သူတို့ရဲ့လုံခြုံရေးကုမ္ပဏီအသစ်ကို ဖွဲ့စည်းပြီး ထိပ်တန်းလက်နက်ကိုင်တပ်ဖွဲ့တစ်ခုအဖြစ် လေ့ကျင့်မယ်ဆိုရင်တောင် သူတို့ရဲ့ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့တွေကို အဲ့ဒီထဲမှာ အများကြီး မထည့်ထားဘူး။ နောက်ပြီး ယောင်မိသားစုက ဒီတလော ပြဿနာဖန်တီးဖို့ စိတ်အားထက်သန်နေပုံပဲ။ မိသားစုတွေကို လျှို့ဝှက်ဆက်သွယ်ပြီး အဆင့်မြင့် ကျွမ်းကျင်သူအချို့ကို မွေးထုတ်ပေးဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်။ အမှန်တကယ်ဆို ဒီမိသားစုတွေက သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ဘယ်လို လေ့ကျင့်ပေးခဲ့ပြီး ယောင်မိသားစုဆီ ဘယ်လောက် လွှဲပြောင်းနိုင်မလဲ။ ဒါပေမယ့် ယောင်မိသားစုနဲ့ ပူးပေါင်းမယ့်သူတွေက လူတချို့ကို စေလွှတ်ပြီး သူတို့လူတွေကို ယောင်တွေနဲ့ ကြိုပြီး လက်တွဲထားတယ်လေ။ သူတို့ရဲ့ လုံခြုံရေး ကုမ္ပဏီသစ်မှာ မတော်တဆမှု တစ်ခုခု ဖြစ်ရင် မိသားစု တော်တော်များများကို ဒေါသထွက်စေမှာ ငါ စိုးထိတ်မိတယ်။”

ထန်ရှု ခဏတာ ငြိမ်သက်သွားခဲ့ပြီး ခေါင်းညိတ်ကာ ပြောသည်။

" လုံးဝဖျက်ဆီးဖို့က ရွေးချယ်လို့မရတော့ဘူးဆိုတော့ ယောင်မိသားစုရဲ့အစီအစဉ်ကို ရပ်တန့်ဖို့ပဲ ရှိတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း တောင်တရုတ်ပင်လယ်ထဲက ကျွန်းနှစ်ကျွန်းကို ငှားဖို့ ပြင်ဆင်နေတယ်။ ယောင်မိသားစုက ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ မရွေးဘူးဆိုမှတော့ ကျွန်တော်တို့ကပဲ လက်နက်ကိုင်တပ်ဖွဲ့တွေကို စတင်စေလွှတ်တဲ့ ပထမဆုံးလူတွေ ဖြစ်လာမှာပေါ့။ သူတို့ကို လက်ဗလာနဲ့ ထွက်သွားရအောင် ကျွန်တော်တို့ ကြိုးစားပြီး နောက်ဆုံး သူတို့ လုံခြုံရေးကုမ္ပဏီ ဖွဲ့မယ့်နေရာကို ရိုက်ခတ်သွားစေရမှာပဲ။”

“စုံစမ်းစစ်ဆေးဖို့ လူတချို့ကို ငါ ချက်ချင်း လွှတ်လိုက်မယ်။ သတင်းရရင် ချက်ချင်း အကြောင်းကြားပေးမယ်။” ထန်မင်းက ပြောသည်။

"ကောင်းပါပြီ။" ထန်ရှုက ပြန်ပြောပြီး ဖုန်းချလိုက်သည်။

ဘေးနားတွင် စူးစမ်းချင်စိတ်ဖြင့် မျက်လုံးများ လက်နေသော ယန်လီက

"ညီအစ်ကိုထန် … မင်း ခုနကပြောခဲ့တဲ့ ယောင်မိသားစုက ပေကျင်းရဲ့ ယောင်မိသားစုလား။"

“ဟုတ်တယ် … အဲဒါ သူတို့ပဲ။” ထန်ရှု ခေါင်းညိတ်လိုက်သည်။

ယန်လီ၏မျက်လုံးထဲတွင် ရှုပ်ထွေးသော အကြည့်တစ်ခု ပေါ်လာပြီး အားတင်းပြုံးလိုက်ကာ

"ဒီတစ်ခေါက် မင်းနဲ့ အတူ လိုက်လာစေချင်တာက ယောင်မိသားစုကို ကူညီဖြေရှင်းပေးချင်တာလား။"

"ဟုတ်တယ်။" ထန်ရှုက ဖြေလိုက်သည်။

ယန်လီသည် တခဏ ငြိမ်သက်သွားပြီး ခေါင်းယမ်းလိုက်ရင်း

"တခြားတစ်ခုခု ဆိုခဲ့ရင် ငါ မင်းကို ကူညီနိုင်ပေမယ့် ဒီကိစ္စမှာ ငါ ဘာမှ မတတ်နိုင်မှာ ငါကြောက်တယ်။ မင်းနဲ့ငါ ဒီကိုလာကတည်းက ငါ့ကို ထိတ်လန့်စေတဲ့ အရာတစ်ခု ရှိတယ်။ ဒီထာဝရခန်းမမှာ ကျွမ်းကျင်သူတွေ အများကြီးပဲ။ လူတွေအများကြီးရဲ့ အရှေ့မှာ ငါ့လက်တွေကို  ဆန့်ထုတ်ချင်တဲ့စိတ် ရှိမယ်မထင်ဘူး။”

ထန်ရှုက မျက်မှောင်ကြုတ်ပြီး "ငါ မင်းပြောတာကို နားမလည်ဘူး။"

"ညီအစ်ကိုထန် … မင်း မသိနိုင်တဲ့ အရာတစ်ခု ရှိတယ်။" ယန်လီက ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။ "ငါက လျှို့ဝှက်မျိုးနွယ်စုရဲ့ သူခိုးဂိုဏ်းအဖွဲ့ဝင်ပါ။ သူခိုးဂိုဏ်းကို ရှင်းရှင်းလင်းလင်း ခွဲထားပေမယ့် ငါ့ရဲ့စီနီယာအစ်ကိုကြီးကတော့ ယောင်မျိုးနွယ်စုက ဖြစ်ပြီး အဲ့ဒီမှာ အတော်လေး အဆင့်အတန်း ရှိပါတယ်။ ဒီစီနီယာအစ်ကိုကြီးက နိုင်ငံရပ်ခြားမှာ နေတာ နှစ်အတော်ကြာနေပြီး သူ့အရိပ်ကိုတောင် မမြင်ရပေမယ့် သူ ကြီးကြီးမားမား စီစဉ်နေမယ်ဆိုတာ ငါ ပြောရဲတယ်။”

ထန်ရှု အံ့အားသင့်သွားပြီး

"မင်းရဲ့စီနီယာအစ်ကိုရဲ့ နာမည်က ဘယ်လိုလဲ။"

"ယောင်ချင်းလုံ…" ယန်လီက ပြောသည်။

ထို့နောက်တော့ ထန်ရှုက အဖိုးဖြစ်သူ ထန်ကောရှန့်ဆီ တိုက်ရိုက်ဖုန်းဆက်ခဲ့ပြီး ယောင်ချင်းလုံနှင့် ပတ်သက်သည့် အချက်အလက်အချို့ကို ရရှိခဲ့သည်။ ယောင်ချင်းလုံသည် ယောင်မျိုးနွယ်ဝင်တစ်ဦးဖြစ်ပြီး မိသားစုတွင် အဆင့်အတန်းရှိသည်ကို သိရသော်လည်း သူခိုးဂိုဏ်း၏တပည့်တစ်ဦး ဖြစ်ကြောင်းကိုမူ စုံစမ်းစစ်ဆေးမှုထဲတွင် ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။

"ဒါက ပြဿနာတစ်ခုပဲ။"

မှုန်မှိုင်းသောအမူအရာဖြင့် ထန်ရှုက "မင်းရဲ့စီနီယာအစ်ကိုကြီးက ဘယ်နိုင်ငံမှာနေပြီး ဘာလုပ်ငန်း လုပ်တယ်ဆိုတာ မင်း သိလား။"

"အဲ့ဒါကို ငါ မသိဘူး။" ယန်လီက ခေါင်းယမ်းပြီး အနေရခက်စွာ ပြုံးလိုက်သည်။

***

All Chapters