ရန်သူကို လူချင်းတွေ့ဆုံခြင်း
Vol. 11 Ch. 542
မြေတစ်လက်မလျှင် ရွှေကဲ့သို့ တန်ဖိုးရှိသော ကျင်းမန်ကျွန်း၏မြို့လယ်ခေါင်တွင် ရှရီတွန်ဟိုတယ် တည်ရှိသည်။ ၎င်းသည် ကြီးမားသော ဧရိယာဖြစ်ပြီး ဟိုတယ်အဆောက်အအုံတစ်ခုလုံးသည် စတိုင်ကျကာ ဆွဲဆောင်မှု ရှိလှသည်။ နိုင်ငံတဝှန်းလုံးရှိ ခရီးသွားများအတွက် ပထမဆုံး ရွေးချယ်မှုခံရသော ဟိုတယ် ဖြစ်သောကြောင့် ဈေးကတော့ အတန်ငယ် ကြီးပေသည်။
အိုးရန်မိသားစုသည် ကျင်းမန်ကျွန်းတွင် သြဇာအာဏာအကြီးဆုံး မိသားစုဖြစ်သည်။ စီးပွားရေးလုပ်ငန်းတွင် ဆယ်စုနှစ်များစွာကြာပြီးနောက် မိသားစု၏အနေအထားသည် စီးပွားရေးကွန်ရက်တွင် ဖြစ်စေ သို့မဟုတ် လူမှုရေးကွန်ရက်တွင်ဖြစ်စေ အခြားမိသားစုများအတွက် အမီလိုက်ရန် ခက်ခဲခဲ့သည်။
ကျင်းမန်ကျွန်းရှိ လေးစားထိုက်သူအားလုံးကို အိုးရန်မိသားစုမှ စီစဉ်သည့် ပရဟိတပွဲသို့ ဖိတ်ကြားခဲ့သည့်အပြင် နိုင်ငံခြားက ဂုဏ်သရေရှိ လူများကိုပါ ဖိတ်ထားသည်။
ညနေ ၅နာရီတွင် ဇိမ်ခံကားများ တစ်စီးပြီးတစ်စီး ရှရီတွန်ဟိုတယ်သို့ ဝင်ရောက်ခဲ့သည်။ ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသော သြဇာအာဏာကြီးမားသည့် လူပုဂ္ဂိုလ်များ ဟိုတယ်သို့ ရောက်လာသောအခါ အိုးရန်လဲ့မှ နွေးနွေးထွေးထွေး ကြိုဆိုလျက်ရှိပြီး ထို့နောက် ထိုသူများသည် ခန်းမထဲသို့ ဝင်ရောက်သွားကြသည်။ ၆နာရီထိုးခါနီးတွင် အိုးရန်လဲ့က သူ၏နာရီကို ကြည့်ပြီး အနီးဆုံးလူကို လှည့်ကြည့်ကာ မေးသည်။
“ဖိတ်ထားတဲ့သူတွေ လာဖို့ ဘယ်နှစ်ယောက် လိုသေးလဲ။”
“ဆယ်ယောက်ကျော်လောက်ပါ။” နူးညံ့သိမ်မွေ့သော သက်လတ်ပိုင်း အမျိုးသားတစ်ဦးက တီးတိုးဖြေသည်။
အိုးရန်လဲ့၏မျက်လုံးများကို မှေးစင်းသွားသည်။ သူ၏အရှေ့တွင် ဇိမ်ခံကားတစ်စီး ဝင်လာကာ ရပ်သွားသည်ကို သတိထားမိပြီး ကားထဲသို့ လှမ်းကြည့်လိုက်ရာ အတွင်းမှ လူသည် အသိအကျွမ်း ဖြစ်နေသည့်အတွက် အမြန် လာနှုတ်ဆက်တော့သည်။ အလာပသလာပ စကားများဆိုပြီးနောက် ထိုသူသည် ဟိုတယ်၏ခန်းမထဲသို့ ဝင်သွားပြီးချိန်တွင် သာမန်ဆာ့ဖ်ကားတစ်စီးသည် သူ၏အနီး၌ ရပ်တန့်သွားခဲ့သည်။
"ဟင်…"
အိုးရန်လဲ့၏အမူအရာသည် လှုပ်ရှားသွားပြီးမှ ဂူရှောင်ရွှဲ့ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ အံ့သြကျေနပ်မှုသည် အစားထိုးဝင်ရောက်လာသည်။ သို့သော် ဂူရှောင်ရွှဲ့၏အရှေ့သို့ သူ မရောက်သေးခင် ထန်ရှု ထွက်လာသည်။
"ဘုရားသခင် … နေကောင်းလား ယောက်ဖ။ မင်း ရောက်နေတာလား။" အိုးရန်လဲ့သည် ဂူရှောင်ရွှဲ့ဆီ မသွားတော့ဘဲ ထန်ရှုဆီသို့ လျှောက်သွားခဲ့သည်။
ထန်ရှု မျက်လုံးလှန်ကာ အံ့သြကျေနပ်နေသော အိုးရန်လဲ့ကို ကြည့်ပြီး “ကျွန်တော့်ကို ခေါ်တဲ့ အခေါ်အဝေါ် ပြောင်းပေးလို့ရမလား။ ကျွန်တော့်အတွက် မစဉ်းစားပေးရင်တောင် အနည်းဆုံး အစ်ကို့ညီမအတွက် လုပ်ပေးပါလား။ သူက အိမ်ထောင်မကျသေးတဲ့အတွက် ကျွန်တော့်ကို ယောက်ဖလို့ခေါ်ရင် သူ့ရဲ့ဂုဏ်သတင်း ပျက်သွားလိမ့်မယ်။”
အိုးရန်လဲ့က တခဏလောက် တွေဝစွော စိုက်ကြည့်ရင်း သူ၏ဦးခေါင်းကို ချက်ချင်း ရိုက်လိုက်ကာ
“အာ … မင်းပြောတာ မှန်တယ်။ ငါ့ညီမလေးက မင်းနဲ့ အိမ်ထောင်မပြုရသေးတဲ့အတွက် မင်းကို ငါ့ယောက်ဖလို့ သတ်မှတ်လို့ မရသေးဘူးပဲ။ ဒါဆိုရင် မင်းက ငါ့ရဲ့ ယောက်ဖလောင်းလေးပေါ့။ ဒီလို ခေါ်တာတော့ မှန်တယ်မဟုတ်လား။ ဟားဟားဟား …”
ထန်ရှုသည် ကားမောင်းသူထိုင်ခုံမှ ထွက်လာသော ယန်လီကို ကြည့်ပြီး
"ဒီလူကို မှတ်ထားပေးပါ။ ငါ မင်းကို အချိန်တစ်ညပေးမယ်။ မနက်ဖြန်မှာ သူ ငါ့ကို စိတ်သောကတွေနဲ့ လာရှာရအောင်လုပ်ပေးပါ။"
ယန်လီသည် အိုးရန်လဲ့ကို စေ့စေ့စပ်စပ်ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ အပြုံးဖြင့် ခေါင်းညိတ်လိုက်ပြီး “ကိစ္စ မရှိပါဘူး။ ဒါကို ပြီးသွားပြီလို့ ယူဆလိုက်တော့။"
"မင်း ဘာကို ဆိုလိုတာလဲ။ အဲ့ဒါက ဘာလဲ။" အိုးရန်လဲ့က ဇဝဇေဝါ မေးလိုက်သည်။
"လောလောဆယ် အစ်ကို့ကို သူနဲ့ မိတ်ဆက် မပေးသေးဘူး။" ထန်ရှုက ခပ်သဲ့သဲ့ ပြုံးလိုက်ရင်း “မနက်ဖြန်ကျရင် သူ ဘယ်သူလဲဆိုတာ အစ်ကို သိလာပါလိမ့်မယ်။ ကျွန်တော်လည်း ဧည့်သည်ပါပဲ … အိမ်ရှင်အနေနဲ့ အစ်ကိုက လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှာ မဟုတ်ဘူးလား။"
အိုးရန်လဲ့က ရယ်မောရင်း
“အဲ့ဒါ မလိုပါဘူး။ ငါက မင်းနဲ့ ဟန်ဆောင်စကားတွေကို ပြောနေစရာမှ မလိုတာ။ ငါတို့ မိသားစုက စီစဉ်ပေးတဲ့ ဘယ်ပရဟိတပွဲကိုမဆို မင်း စိတ်ကြိုက် တက်ရောက်လို့ ရတယ်။ ကဲ … ပွဲစဖို့ အချိန် နီးနေပြီ။ အတူတူ အထဲဝင်ရအောင်။"
ခန်းမထဲသို့ သူတို့ ဝင်လာပြီးနောက် ၂၆ထပ်ဆီသို့ ဓာတ်လှေကားဖြင့် တက်လာကြသည်။ ပွဲကျင်းပမည့် ခန်းမထဲသို့ ဝင်ခါနီးတွင် ထန်ရှုက ခံစားချက် မရှိသော အမူအရာဖြင့် မေးလိုက်သည်။
"အစ်ကိုတို့ ယောင်မိသားစုကို ဖိတ်ထားတယ်လို့ ကြားတယ်။ သူတို့ ဒီမှာ ရောက်နေပြီလား။"
အိုးရန်လဲ့ တခဏ တွေဝသွေားပြီးမှ တစ်စုံတစ်ရာကို မြန်မြန်ဆန်ဆန် သဘောပေါက်သွားပြီး အလျင်စလို ပြောလိုက်သည်။
"ယောက်ဖလောင်းလေး … ဒီနေ့တော့ မသင့်မလျော် မလုပ်နဲ့။ မင်းရဲ့ ထန်မိသားစုနဲ့ ယောင်မိသားစုတို့ မကြာသေးခင်က ထိပ်တိုက်တွေ့ခဲ့တာကို ငါ သိတယ်။ ဒါပေမယ့် ဒီနေ့တော့ ကျင်းမန်ကျွန်းတစ်ခုလုံးမှာရှိတဲ့ အင်အားကြီးလှတဲ့ လူတွေက ဒီမှာ ရှိနေတယ်။ မတော်တဆမှုဖြစ်ရင် နောက်ဆက်တွဲပြဿနာကို ငါတို့မိသားစု ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။”
"သူတို့က ငါ့ကို မပြစ်မှားရင် ငါလည်း မလုပ်ဘူး။" ထန်ရှုက အပြုံးဖြင့် ပြောသည်။
အိုးရန်လဲ့က တိတ်တဆိတ် ခေါင်းညိတ်လိုက်ပြီး
"ယောင်ရှင်းဟွာက လူအများကြီးနဲ့ ရောက်လာတယ်။ သူတို့ အခုဆို အထဲမှာ ရှိနေပြီပေါ့။”
ထန်ရှု ထပ်စကားမပြောတော့ချေ။ အိုးရန်လဲ့နှင့် ခန်းမထဲသို့ ဝင်လာသောအခါ ရာနှင့်ချီသော လူများကို သူ တွေ့လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ခန်းမကြီးသည် လူထောင်ပေါင်းများစွာ ဆန့်သောကြောင့် လူကျပ်သိပ်နေသည်ဟု မထင်ရပေ။ သိမ်မွေ့သော အလင်းများအောက်တွင် ဝိုင်အပြည့်နှင့် အရသာရှိသော အစားအစာများ ပြည့်နေသည့် စားပွဲများကို နေရာတိုင်းတွင် မြင်နိုင်ပြီး သြဇာကြီးသော လူပုဂ္ဂိုလ်များသည် လူ ၃ဦးမှ ၅ဦးအထိ အုပ်စုဖွဲ့ကာ ခေါင်းစဉ်အမျိုးမျိုးကို ဆွေးနွေးနေကြသည်။
"ဒီနေ့ ဒီလိုခမ်းနားတဲ့ပွဲကို ကျင်းပဖို့ မင်းမိသားစုရဲ့ ရည်ရွယ်ချက်က ဘာလဲ။"
“ရှင်းရှင်းပြောရရင် ဒါက အလှူဒါနရိုးရိုးတစ်ခုပါပဲ။” အိုးရန်လဲ့က အပြုံးဖြင့်
“အိုးရန်မိသားစုက ဒီလိုပွဲမျိုးကို နှစ်စဉ်လိုလို ကျင်းပပါတယ်။ ဒါပေမယ့် ပရဟိတပွဲက အချိန်ကာလတစ်ခု ကြာလာတာနဲ့အမျှ အဓိပ္ပါယ်ပြောင်းလဲသွားတဲ့ဟန်ရှိတယ်။ ကျင်းမန်ကျွန်းက စီးပွားရေးဆိုင်ရာ ထိပ်သီးပိုင်းတွေ၊ အရာရှိတွေနဲ့ သြဇာကြီးတဲ့ ပုဂ္ဂိုလ်တွေအကြား သီးသန့်ဖလှယ်မှုတွေအတွက် ကြီးကျယ်တဲ့ တွေ့ဆုံမှုတစ်ခု ဖြစ်လာတယ်။ အခုဆိုရင် ကျင်းမန်ကျွန်းက အောင်မြင်တဲ့ပုဂ္ဂိုလ်တိုင်းက ဒီပွဲကို တက်ရောက်ဖို့ ငါတို့မိသားစုရဲ့ဖိတ်ကြားချက်ကို ဂုဏ်ယူစရာအဖြစ် ယူဆလာကြတယ်။”
အိုးရန်မိသားစုသည် ကျင်းမန်ကျွန်းတွင် မည်သို့ သြဇာအလွှမ်းမိုးနိုင်ဆုံး ဖြစ်လာပုံကို ထန်ရှု နားလည်လာခဲ့သည်။ ဤအချိန်အားလုံးတွင် လူမှုဆက်ဆံရေးနှင့်ကွန်ရက်များ ရရှိရန် အခြားနည်းလမ်းများစွာ ရှိမည်မှာ သေချာသည်။ ဤပရဟိတပွဲသည် ထိုအရာများထဲမှ တစ်ခုသာ ဖြစ်ပေမည်။
"ကောင်းပါပြီ … မင်းက ဒီပွဲရဲ့အိမ်ရှင်ဖြစ်လို့ မင်း ငါ့ကို အဖော်လုပ်ပေးဖို့ မလိုဘူး။ ကိုယ်လုပ်စရာ ရှိတာ လုပ်ပါ။ နောက်မှ အချိန်ပိုရင် စကားပြောကြတာပေါ့။” ထန်ရှုက ဆိုသည်။
အိုးရန်လဲ့က ပြုံးပြီး ခေါင်းညိတ်သည်။ သူသည် အိုးရန်မိသားစု၏အနာဂတ်ကို ဆက်ခံသူ ဖြစ်သောကြောင့် ဧည့်သည်များကို ဧည့်ခံရန် အမှန်ပင် တာဝန်ရှိပေသည်။ ထန်ရှုကိုသာ အဖော်လုပ်နေပါလျှင် တခြားဧည့်သည်များအတွက် အတော် မမျှတရာ ကျပေမည်။
သူ ထွက်ခွာသွားသည့်အခါ ထန်ရှုနှင့်အတူ ယှဉ်တွဲလျှောက်လာသော ဂူရှောင်ရွှဲ့သည် လူအများ၏ အာရုံစိုက်မှုကို ရရှိလာသည်။ သူမသည် ထန်ရှုအား မှီပြီး တီးတိုး ပြောလိုက်သည်။
"ဆရာဘိုးဘေး … ရှေ့တည့်တည့်ကို အာရုံစိုက်ပါ။ အဖြူရောင်ဝတ်စုံဝတ်ထားပြီး ဆံပင်နောက်လှန် ဖြီးထားတဲ့ လူရွယ်က ယောင်မိသားစုရဲ့ မျိုးဆက်သစ်ထဲက အကျွမ်းကျင်ဆုံး ဂျူနီယာအဖြစ် အမွှမ်းတင်ခံရတဲ့သူပါ။”
ထန်ရှုသည် သူ၏အရှေ့တည့်တည့်ကို ကြည့်လိုက်ရာ အရပ်ရှည်ရှည်နှင့် ရုပ်ရည်ချောမောသော ယောင်ရှင်းဟွာသည် ယခုအချိန်တွင် ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်ထားရင်း ထင်ရှားသော လူကြီးများစွာနှင့် ရွှင်မြူးစွာ စကားစမြည် ပြောနေသည်ကို တွေ့လိုက်ရသည်။ တစ်ယောက်ယောက်က သူ့အား ကြည့်နေသည်ကို ခံစားလိုက်ရသည့်အလား ယောင်ရှင်းဟွာက ဘေးပတ်လည်သို့ အကြိမ်အနည်းငယ်လောက် လိုက်ကြည့်လိုက်ရာ ထန်ရှု၏အကြည့်များနှင့် နောက်ဆုံးတွင် ဆုံတွေ့သွားခဲ့သည်။
ထန်ရှုက သူ့ကို အေးဆေးသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီးနောက် ချောင်ကျသော နေရာရှိ အနားယူသော နေရာဆီသို့ လှည့်ထွက်သွားသည်။ ယောင်ရှင်းဟွာအား ယနေ့မှသာ ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး ထိုလူရွယ်သည် ထူးချွန်ပြီး ထက်မြက်သော ဦးနှောက် ပိုင်ဆိုင်ထားသည်ကို သူ ဝန်ခံရပေမည်။ ယောင်ရှင်းဟွာသည်လည်း အရည်အချင်းအချို့ရှိသည်ဟု သူ ပြောနိုင်ပေသည်။ ဤသို့သော လူအမျိုးအစားသည် လူများစွာအတွက် ကြောက်စရာကောင်းပေမည်ဖြစ်သော်လည်း သူ့အတွက်တော့ ဘာမှမဟုတ်ပေ။ ယောင်မိသားစု၏ အကြီးအကဲ အဘိုးကြီးယောင်သာ သည်ကို လာမည်ဆိုလျှင်တော့ ထန်ရှု အာရုံစိုက်ကောင်း စိုက်မိပေလိမ့်မည်။
ယောင်ရှင်းဟွာသည် သူနှင့်တည့်တည့်တွင် ရှိသော ထန်ရှုကို မြင်ပြီးနောက် သူ၏အမူအရာသည် လေးနက်တည်ကြည်လာသည်။ ထန်ရှုဆီမှ သတ်ဖြတ်လိုစိတ်များ ထွက်နေသည်ကို သူ ခံစားမိသောကြောင့် သူ့မျက်လုံးများဆီမှ အေးစက်သော အလင်းတစ်ခု လင်းလက်သွားသည်။ တောင်ပိုင်းဒေသရှိ ထန်မိသားစုနှင့် ပထမအကြိမ် ယှဉ်ပြိုင်မှုတွင် ထန်ရှု၏တိုက်ခိုက်မှုကြောင့် သူ လုံးဝ ရှုံးနိမ့်ခဲ့ရသည်။ သူသည် မူလက စိတ်အားထက်သန်စွာဖြင့် ပြင်းထန်သော ထိုးနှက်ချက်များကို ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ထန်မိသားစုကို ဖြိုခွင်းရန် ပြင်ဆင်ထားသော်လည်း နောက်ဆုံးတွင် လုံးဝ ရှုံးနိမ့်ခဲ့ကာ ပြည်နယ်နှစ်ခုကို ဆုံးရှုံးခဲ့ရသည်။ သူ့အတွက် အဆုံးသတ်က မြန်ဆန်လွန်းလှသည်။ ထန်မိသားစုမှ အသုံးပြုသော နည်းဗျူဟာအား တုံ့ပြန်နိုင်စွမ်းမရှိဘဲ သူ၏တပ်များသည် အချိန်မီ မကူညီနိုင်သောကြောင့် အခြေအနေကို ရင်ဆိုင်ရန် သူလုပ်ဆောင်သမျှသည် အမြဲနောက်ကျလွန်းခဲ့သည်။ နောက်ဆုံးရလဒ်ကတော့ ရိုးရိုးလေးပင် အလွန်တရာ ဝမ်းနည်းစရာ ကောင်းသည်ဟု ဆိုရပေမည်။
သူ၏ယောင်မိသားစုနှင့် ၎င်းတို့နှင့် ဆက်ဆံရေး ကောင်းမွန်သော မိသားစုများသည် အတော်လေး အကြပ်အတည်း ကြုံတွေ့ခဲ့ရပြီး သူသည် အကြိမ်ကြိမ် ရှုံးနိမ့်ကာ ဆုတ်ခွာခဲ့ရသည်။ သူ၏အောင်မြင်မှုများအားလုံးသည် ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသဖြင့် သူ့အား ပေကျင်းသို့ ပြန်ဆုတ်ရန် ဖိအားပေးခံခဲ့ရသည်။ ထိုအချိန်တွင် သူသည် သူ၏ရန်ဘက်အစစ်အမှန် မည်သူဖြစ်သည်ကို မသိခဲ့ရသောကြောင့် စိတ်အလိုမကျကာ ဒေါသဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် လမ်းကြောင်းအမျိုးမျိုးမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက်တွင် တရားခံအစစ်မှာ ထန်သားစု၏ ပျောက်ဆုံးနေသော မျိုးဆက်ဖြစ်ကြောင်း နောက်ဆုံးတွင် တွေ့ရှိခဲ့သည်။ ထန်ရှုဟု အမည်တွင်သော ထိုသူသည် တောင်ပိုင်းဒေသ၏ စစ်မြေပြင်ကို သိမ်းပိုက်ပြီး သူ့အား သနားစရာ ကောင်းလောက်အောင် ကစားခဲ့သူဖြစ်သည်။ ထို့ကြောင့် သူသည် ထန်ရှုအား သူ၏ သေရမည့် ရန်သူအဖြစ် သတ်မှတ်ထားသည်။ ယခုအချိန်အထိ သူသည် ထန်ရှုနှင့် အနာဂတ်တွင် တစ်ဖန် ကစားရန် မျှော်လင့်နေပြီး သူ ခံစားခဲ့ရသော ရှက်ရွံ့ မှုနှင့် အနိုင်ကျင့်ခံရမှုအားလုံးကို ဆေးကြောရန် ပြင်ဆင်နေခဲ့သည်။ သို့သော်လည်း ထန်ရှုအား ရုတ်တရက် မြင်လိုက်ရသောအခါတွင် သူ၏စိတ်အား ပြင်ဆင်ထားသည့်တိုင် စိတ်တင်းကြပ်သွားရသည်။
…ထန်ရှုက ဘာလို့ ဒီနေရာမှာ ပေါ်လာတာလဲ…
ယောင်ရှင်းဟွာက သူ၏တည်ငြိမ်မှုကို ထိန်းထားသဖြင့် သတ်ဖြတ်လိုသောစိတ်သည် သူ့အား သက်ရောက်မှု မရှိသည့်အလား ဖြစ်သည်။ ထန်ရှုတစ်ယောက် ဤနေရာတွင် ပေါ်လာရခြင်း၏ ရည်ရွယ်ချက်အား တိတ်တဆိတ် တွက်ဆရင်း သူ၏ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများ ဖြစ်ပေါ်လာသည်။
ယုတ္တိဗေဒကျကျ ပြောရမည်ဆိုပါက ထန်ရှုသည် ယခုချိန်တွင် ရှန်ဟိုင်း၌ ပညာသင်ကြားနေရမည် ဖြစ်သည်။
... တောင်တရုတ်ပင်လယ်ထဲက ကျွန်းတစ်ကျွန်းငှားမယ်ဆိုတဲ့ ငါ့မိသားစုရဲ့ အစီအစဉ်ကြောင့်လို့တော့ ငါ့ကို မပြောကြပါနဲ့ …
ယောင်ရှင်းဟွာ၏အတွေးများ ထိုနေရာသို့ အရောက်တွင် သူ၏နှလုံးသားသည် ချက်ချင်းပင် တင်းကြပ်သွားရကာ နိုးနိုးကြားကြား ဖြစ်လာရသည်။ ယောင်မိသားစု၏ဤအစီအစဉ်သည် လွန်စွာ အရေးကြီးကြောင်း သတိပြုရမည်ဖြစ်သည်။
သူတို့သာ ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပါက ယောင်မိသားစုသည် ဆက်လက် ကြီးထွားတော့မည်ဖြစ်ပြီး သူတို့၏လက်နက်ကိုင် တပ်ဖွဲ့များသည် အရှိန်အဟုန်ဖြင့် တိုးတက်လာမည် ဖြစ်ပေသည်။ အစီအစဉ်အတိုင်းသာ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပါက ယောင်မိသားစုသည် မြို့တော်တွင် အင်အားအရှိဆုံး မိသားစုအဖြစ် ဂုဏ်ယူစွာ ရပ်တည်နိုင်မည်ဖြစ်သည်။
"တဆိတ် ခွင့်ပြုပါဦး…"
သူ၏မျက်နှာထက်တွင် ရင်းရင်းနှီးနှီး အပြုံးအား ဆင်မြန်းရင်း ယောင်ရှင်းဟွာသည် သူ၏ပတ်ဝန်းကျင်ရှိ လူများကို ပြောလိုက်သည်။ ထို့နောက် ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်ရင်း အခန်းထောင့်သို့ သွားလိုက်သည်။ ထိုနေရာတွင် သူ၏လက်ကိုင်ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်သည်။
"အဖေ … ကျွန်တော်ပါ။" ယောင်ရှင်းဟွာက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ဘာများလဲ။" ဖုန်းထဲမှ ခန့်ညားသော အသံဖြင့် ပြန်ဖြေလာသည်။
"အဖေ … ကျင်းမန်ကျွန်းမှာရှိတဲ့ အိုးရန်မိသားစုက စီစဉ်တဲ့ ပရဟိတပွဲမှာ ထန်ရှုကို ကျွန်တော် တွေ့ခဲ့တယ်။ ကျင်းမန်ကျွန်းမှာ သူ ရုတ်တရက် ပေါ်လာတာက ကျွန်တော်တို့ မိသားစုရဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်နဲ့ ဆက်စပ်နေမလားလို့ ကျွန်တော် တွေးမိတယ်။"
"ထန်ရှုလား…" ယောင်ချန်းချင်၏အသံသည် သံသယရှိသော အရိပ်အယောင် စွက်နေသည်။
"မင်း ဘယ်ထန်ရှုအကြောင်းကို ပြောနေတာလဲ။"
"ဒါက ထန်မိသားစုက ထန်ရှုပါ။" ယောင်ရှင်းဟွာက ဖြေသည်။
ယောင်ချန်းချင်၏အသံသည် ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည့်အလား သူက ချက်ချင်းပင် လေသံပြင်းပြင်းဖြင့်
“တောင်ပိုင်းဒေသမှာ မင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ထန်ရှုလား။ ထန်မိသားစုကနေ နှစ်၂၀ကြာ ပျောက်သွားခဲ့တဲ့ ကောင်စုတ်လေးလား။"
"ဟုတ်တယ် သူပဲ အဖေ။" ယောင်ရှင်းဟွာက ဖြေသည်။
ယောင်ချန်းချင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး အေးစက်သော လေသံဖြင့် ပြောလာသည်။
"ဒီတစ်ကြိမ် အစီအစဉ်ကို အကောင်အထည် ဖော်ရာမှာ အမှားအယွင်း ဖြစ်လို့မရဘူး။ ကိစ္စတွေကို ချောချောမွေ့မွေ့ဖြစ်အောင် မင်း အဲ့ဒီမှာ ရှိနေတယ်ဆိုပေမယ့်လည်း ပြသနာကို ရှောင်နိုင်ရင် ပိုကောင်းတယ်။ ထန်မိသားစုဝင်တစ်ဦးက ကျင်းမန်ကျွန်းမှာ ရုတ်တရက် ပေါ်လာပုံထောက်ရင် သူတို့တွေ တစ်ခုခုကို ရိပ်မိနေလို့ပဲ။ ဒီကိစ္စမှာ အဲ့ဒီကောင်ထန်ရှုကို ကျင်းမန်ကျွန်းမှာ တစ်သက်လုံး နေနိုင်စေမယ့် အခွင့်အရေး ရှာလိုက်။"
“နားလည်ပါပြီ အဖေ။”ယောင်ရှင်းဟွာ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ "သူ သေချာပေါက် အဲ့လိုလုပ်မယ့်သူနဲ့ တွေ့ပြီး တိတ်တဆိတ် အပြီးသတ်သွားလိမ့်မယ်။"
“ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ သူက မှောင်ရိပ်ထဲမှာ နေပြီး မင်းက အလင်းထဲမှာ ရှိနေတာမို့ မင်းရဲ့လုံခြုံရေးကို ပထမဦးစားပေးအနေနဲ့ ထားပါ။ အဆင်မပြေရင် ချက်ချင်းပြန်ဆုတ်ပါ။ မင်းရဲ့ဦးလေးက ဒါကို လျှို့ဝှက်စွာ လုပ်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်။”
“စိတ်မပူပါနဲ့။ ကျွန်တော် ဘာတတ်နိုင်လဲဆိုတာ သိပါတယ်။ ၁၀၀% သေချာမှုမရှိဘဲ လုပ်ကြံဖို့ ကျွန်တော် အစပြုမှာ မဟုတ်ပါဘူး။ ပြဿနာ နည်းနည်းလေး ပေါ်လာတာနဲ့ ချက်ချင်း ပြန်ဆုတ်လိုက်မယ်။”
***