← Chapters

စကားစစ်ထိုးပွဲ

Vol. 11 Ch. 543

စကားစစ်ထိုးပွဲ

Vol. 11 Ch. 543

ဖုန်းခေါ်ဆိုမှု အဆုံးသတ်ပြီးနောက် ယောင်ရှင်းဟွာသည် အနီးနားရှိ သက်လတ်ပိုင်းအမျိုးသားတစ်ဦးအား လက်ပြလိုက်သည်။ ထိုလူ အနား ရောက်လာသည့်အခါ တီးတိုး ညွှန်ကြားလိုက်သည်။

“ငါတို့လူတွေကို အုပ်စုနှစ်စုခွဲပြီး အနီးအနားမှာ ပုန်းအောင်းခိုင်းထား။ နောက်ပြီး မျက်နှာချင်းဆိုင် အဆောက်အအုံမှာ စနိုက်ပါတစ်ယောက်ကို ထားပြီး ငါ့ရဲ့နောက်ထပ်အမိန့်တွေကို စောင့်ပါ။"

"နားလည်ပြီ။" လူလတ်ပိုင်းအရွယ် အမျိုးသားက ပြန်ပြောပြီး သတိအနေအထားဖြင့် ထွက်ခွာသွားသည် ။

ယောင်ရှင်းဟွာ၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်တစ်ခု လက်သွားသည်။ အိတ်ကပ်ထဲမှ စီးကရက်ဗူးကို ယူလိုက်သော်လည်း သူရောက်နေသော နေရာကို သတိရပြီးနောက် ပြန်ထည့်လိုက်သည်။ သို့သော် သူ၏မျက်လုံးများက လူအုပ်ကြားရှိ လစ်လပ်နေသောကွက်လပ်များကို ထိုးဖောက်ကာ အဝေးထောင့်တစ်နေရာတွင် ထိုင်နေသော ထန်ရှုအား ကြည့်မိသည်။

ထိုအချိန်တွင် ထန်ရှုသည် ခန်းမထောင့်ရှိ ဆိုဖာထက်တွင် ခြေချိတ်ကာ ငြိမ်သက်စွာ ထိုင်နေသည်။ သူ၏မျက်လုံးများက ပြုံးနေသော ဧည့်သည်များအားလုံးကို အကဲခတ်လျက်ရှိသည်။ သည်လိုပွဲမျိုးအား သူ ဘယ်သောအခါကမှ မကြိုက်ခဲ့ပါ။ ပရဟိတပွဲဆိုသည်မှာ အမည်တပ်ရုံ ဖြစ်ပြီး ရည်ရွယ်ချက်အမှန်သည် ထိုသူတို့၏စိတ်ထဲတွင် ရှိနေသည်။ ထင်မှတ်ထားသလောက် မဖြူစင်လှပေ။

မည်သို့ပင်ဆိုစေကာမူ ထိုလူများ၏ အတွေးကိုလည်း သူ ကောင်းစွာ နားလည်နိုင်သည်။ ထိုသူအားလုံးသည် သေမျိုးလူသားများ ဖြစ်ကြပေရာ သာမန်လူများ လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ကြသောကြောင့် ဤအချက်သည် ကျင့်ကြံသူများအတွက် သာမန် ဗဟုသုတသာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် ခြေကုပ်ယူလိုပါက ရှုပ်ထွေးသော ကိုယ်ပိုင်လူမှုဘဝနှင့် လူမှုရေး အဆက်အသွယ်များကို စီမံခန့်ခွဲခြင်းဖြင့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ထားရမည်ဖြစ်သလို တစ်ယောက်နှင့်တစ်ယောက် မိတ်ဖွဲ့သည့်အခါတိုင်း ရနိုင်သော အကျိုးကျေးဇူးအားလုံးကို ရယူကြရမည်ဖြစ်သည်။ သည်ကဲ့သို့ လုပ်မှသာလျှင် သူတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ပိုမို ကောင်းမွန်လာစေမည်ဖြစ်ပြီး အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်မည်ဖြစ်ပေတော့သည်။

"ဘာလဲ … ဒီလိုမြင်ကွင်းမျိုး မင်း မကြိုက်ဘူးလား။" ထန်ရှုသည် သူ၏မျက်စောင်းထိုးတွင် ထိုင်နေသော ဂူရှောင်ရွှဲ့ကို ကြည့်ပြီး သူ၏မျက်နှာထက်တွင် အပြုံးရိပ် ထင်ဟပ်လာသည်။

"ဟုတ်တယ် … ငါ တကယ် မကြိုက်ဘူး။" ရှောင်ရွှဲ့က ညင်သာစွာ ခေါင်းညိတ်ပြီး ပြန်ဖြေသည်။

“လိုက်လာချင်တာ မင်းပဲလေ။ မင်း တကယ် မကြိုက်ရင် မင်းကိုယ်မင်း အတင်းအကြပ် မလုပ်ပါနဲ့။"

ထန်ရှုက ပြုံးလိုက်ရင်း

"ပြန်သွားတော့။ ငါတို့လူတွေကို လှေကို ပြင်ဆင်ထားလို့ ပြောထားပေး။ ဒီပရဟိတပွဲပြီးရင် ပင်လယ်ထဲ သွားကြမယ်။”

ရှောင်ရွှဲ့ ခဏလောက် တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ "ဒါဆို ငါ လှေပေါ်မှာ စောင့်နေမယ်။"

ထန်ရှု၏ဘေးတွင် ထိုင်နေသော ယန်လီက ထွက်ခွာသွားသော ရှောင်ရွှဲ့၏နောက်ကျောကို လှမ်းကြည့်ရင်း သူ၏တင်းထားရသောအမူအရာသည် နောက်ဆုံးတွင် ပြေလျော့သွားရသည်။ စင်္ကြန်တွင် ဇောက်ထိုးချိတ်ဆွဲခံလိုက်ရသည့် အတွေ့အကြုံက ယန်လီအတွက် ဂူရှောင်ရွှဲ့အား သတိအနေအထားဖြင့် ကြောက်ရွံ့စေသဖြင့် သူ့ပတ်ဝန်းကျင်တွင် ရှောင်ရွှဲ့ ရှိနေတိုင်း စိတ်တင်းကျပ်ကာ မသက်မသာ ခံစားရစေသည်။

… ဟူး ...

ယန်လီက စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ကြိတ်ချကာ အားတင်းပြုံးလိုက်ရင်း “ညီအစ်ကိုထန် … ငါ တစ်ခုလောက် အရမ်း သိချင်နေတယ်။ ဒီလိုမြေးတပည့်မျိုး မင်းမှာ ဘယ်လိုရှိနိုင်တာလဲ။"

"သူမ တော်တယ်မဟုတ်လား။" ထန်ရှုက ရယ်ရယ်မောမောဖြင့်

"ရှောင်ရွှဲ့က အရမ်း ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ကလေးပါ။ သူမက တော်တော်လည်း ကောင်းပါတယ်။”

…ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတယ်ဟုတ်စ… မင်းအဖေကြီးကိုပဲ သွားပြောလိုက်…

ယန်လီ ပါးစပ်အပြည့် သွေးတစ်လုပ်အန်လုနီးနီး ဖြစ်သွားရပြီး စိတ်တွင်းမှ မပီမသ ကြိတ်ကာ ရေရွတ်မိသည်။ ဟုတ်ပါတယ်…ဟုတ်ပါတယ်…တော်တော်ကြီး ချစ်စရာကောင်းပြီး လိမ္မာရေးခြား ရှိလှပါတယ်။ ဟွန့် … သူမက မင်းအပေါ်သာ လေးလေးစားစားနဲ့ ကောင်းတာလေ ဘိုးဘေးတစ်ယောက်လိုတောင် ဆက်ဆံလိုက်သေး … ဒါပေမယ့် ငါ့ကို…ငါ့ကိုတော့…

"မင်း ဘာတွေးနေလဲဆိုတာ ငါ သိတယ်နော်။ မင်း သူမကို သွားဆွတာတစ်ခုခု မလုပ်ရင် မင်းကို ပညာပေးမှာ မဟုတ်ဘူး။” ထန်ရှုက ပြုံးစစဖြင့် ပြောလိုက်သည်။

"မင်းက ချောမောလှပတဲ့ မိန်းမတွေကို ဘယ်လို ချစ်တတ်တယ်ဆိုတာ ငါသိပါတယ်။ ဒါပေမယ့် အကြောင်းမသိတဲ့ အမျိုးသမီးတွေကိုတော့ မင်း သွားမရှုပ်နဲ့။ နို့မဟုတ်ရင် မင်း နောက်ပိုင်းမှာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်။"

"မင်းပြောတာက ကွက်တိပဲ။" ယန်လီက သေချာပေါက် ပြောသည်။

“နောက်ပိုင်းမှာ အမျိုးသမီးတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါ ပိုပြီး သတိရှိရမယ်။ မိန်းမတွေရဲ့နှလုံးသားက ပျားတုပ်တာထက် ပိုပြီး သေစေလောက်တယ်ဆိုတဲ့စကားက သိပ်မှန်တယ်။”

"အရမ်းကြီး အလွန်အကျွံ မဖြစ်စေပါနဲ့။" ထန်ရှု ရယ်ချင်စိတ်ကို မအောင့်နိုင်တော့ဘဲ ရယ်မိတော့သည်။ "ဘာပဲဖြစ်ဖြစ် ဒီငြီးငွေ့စရာတွေကို မေ့ထားလိုက်ကြစို့။ မင်းမှာ ဒီညပဲ အချိန်ရှိတယ်။ ယောက်သွားကျွန်းကနေ ပြန်မလာခင် အိုးရန်လဲ့တစ်ယောက် ဆောက်တည်ရာမရ ယောက်ယက်ခတ်ဖြစ်နေဖို့ ငါ မျှော်လင့်ပါတယ်။”

“ညီအစ်ကိုတွေကြားမှာ ရိုးရိုးရှင်းရှင်း အပြုအမူကို ထိန်းသိမ်းထားရမယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ် ညီအစ်ကိုထန်…” ယန်လီက သူ၏လက်ချောင်းများကို ပွတ်သပ်လိုက်ရင်း

"ဒီည မင်းကို ငါကူညီရင် ဘယ်လိုကျေးဇူးဆပ်မလဲ။"

“မင်းကို အခွင့်အရေးလေးတစ်ခု ပေးဖို့ ငါ စီစဉ်ထားတယ်။ မင်းရဲ့စွမ်းဆောင်ရည်က ငါ့ကို ကျေနပ်စေတယ်ဆိုရင် အခွင့်အရေးက ကြီးမားလိမ့်မယ်”ထန်ရှုက အပြုံးသဲ့သဲ့ဖြင့် “ဆယ်ဆတိတိပေါ့။ မင်း ကောင်းကောင်းလုပ်နေသရွေ့ မင်းရဲ့ခွန်အားကို အနည်းဆုံး ဆယ်ဆလောက်ထိ မြှင့်တင်ပေးလိမ့်မယ်။"

"သဘောတူတယ်။" ယန်လီ စိတ်လှုပ်ရှားစွာ ထလာသည်။

“ယောကျ်ားတစ်ယောက်က သူ့စကားတွေကို ဘယ်တော့မှ ပြန်မရုတ်သိမ်းဘူး။ အိုးရန်လဲ့အကြောင်း အားလုံးကို ငါစုံစမ်းမယ်။ ငါ့သတင်းကောင်းကို စောင့်နေ။”

"ဒါဆို မင်း သွားတော့။" ထန်ရှုက ရယ်ရင်း ပြောလိုက်သည်။

"ငါ ပင်လယ်က ပြန်မလာခင် ထာဝရခန်းမထဲမှာ နေပြီးတော့ ယောင်မိသားစုအကြောင်းကိုလည်း အဆင်ပြေရင် စုံစမ်းထားပေးဦး။"

"နားလည်ပြီ။" ယန်လီက ပြောပြီး ဧည့်ခန်းမထဲက အမြန်ထွက်သွားသည်။

ပရဟိတပွဲအား ည(၆)နာရီတွင် စတင်ခဲ့သည်။ ပွဲကျင်းပသူအဖြစ် အိုးရန်လဲ့က စိတ်အားထက်သန်စွာ မိန့်ခွန်းပြောပြီးနောက် သူ၏ဖခင်ဖြစ်သူ အိုးရန်ဝမ်ကျန်းကို စင်ပေါ်တက်ပြီး မိန့်ခွန်းပြောရန် ဖိတ်ကြားလိုက်သည်။ ထန်ရှုသည် ဂုဏ်သိက္ခာ ကြီးမားသော အသွင်အပြင်ရှိသည့် အိုးရန်ဝမ်ကျန်းအား ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်ပြီး သူ၏အမူအရာများသည် ကြီးမြတ်သောလူ၏ အငွေ့အသက်ကို ပေးစွမ်းသည်။

အိုးရန်မိသားစုထံ သွားရောက်လည်ပတ်ရန် အိုးရန်လူလူ၏တောင်းဆိုမှုကို ထန်ရှု ပြန်သတိရသွားသည်။ သူမကို လုပ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း ယနေ့ထိ သူ မလုပ်နိုင်သေးပါချေ။ တကယ်တော့ လူလူနှင့် သူ၏အကြား ဆက်နွယ်မှု ပိုမိုရှုပ်ထွေးလာမည်ကို မလိုလားသောကြောင့် မလုပ်ချင်ခဲ့ခြင်းဖြစ်ပေသည်။

ပရဟိတပွဲသည် အလွန်လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး ပရဟိတလေလံပွဲ၏နောက်ဆက်တွဲ ကိစ္စများသည် ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ လေလံတင် ရောင်းချသောပစ္စည်းများသည် အဖိုးမတန်သည့်အပြင် ထန်ရှု၏မျက်လုံးထဲသို့ ဝင်ရောက်နိုင်သည့်အရာမရှိပေ။ ထို့ကြောင့် ပိုက်ဆံမဖြုန်းတော့ဘဲ ယောင်ရှင်းဟွာကို စောင့်ကြည့်ရင်း မထင်ရှားဆုံးသော ထောင့်တွင် တိတ်ဆိတ်စွာဖြင့် သူ့ကိုယ်သူ ပွဲကြည့်ပရိသတ်သဖွယ် နေခဲ့သည်။

ပရဟိတလေလံပွဲအပြီးတွင် အချို့က ၎င်းတို့ နှစ်သက်သည့်အရာအား အိုးရန်မိသားစုအား မျက်နှာသာပေးသည့်အနေဖြင့် ဝယ်ယူကြပြီး အိုးရန်မိသားစု၏ ချစ်ကြည်ရင်းနှီးမှုကို ရယူကြသည်။ အတိုချုပ် ပြောရမည်ဆိုပါက ပရဟိတလေလံပွဲသည် အောင်မြင်သည်ဟု မယူဆနိုင်ပါချေ။

"ထန်ရှု မဟုတ်လား။"

ကော့တေးပါတီ စတင်ချိန်တွင် ယောင်ရှင်းဟွာသည် ဝိုင်နီတစ်ခွက်ကို ကိုင်ဆောင်လျက် ထန်ရှု၏အရှေ့တွင် ပေါ်လာခဲ့သည်။

ဆိုဖာထက်တွင် ခြေချိတ်ထိုင်နေဆဲဖြစ်သော ထန်ရှုက ယောင်ရှင်းဟွာကို သိပ်အာရုံမထားဘဲ မော့ကြည့်လိုက်သည်။ သူ၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကော့တက်သွားပြီး ပြုံးပြုံးရွှင်ရွှင်ဖြင့်

“အာ … ရှုံးနိမ့်သွားတဲ့ ဗိုလ်ချုပ်ကြီးပါလား။ မင်း ငါ့ရှေ့မှာ ပေါ်လာရလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ မင်းခေါင်းကို ငါ ဖြတ်ပြီး အညစ်အကြေးအိုးထဲ ထည့်မှာကို မကြောက်ဘူးလား။"

ယောင်ရှင်းဟွာက မခိုးမခန့် ရယ်ရင်း မျက်နှာချင်းဆိုင် ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။ သူက ဝိုင်နီကို အသာစုပ်သောက်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်  “အောင်နိုင်မှုနဲ့ ရှုံးနိမ့်မှု နှစ်ခုစလုံးက စစ်ဗိုလ်ချုပ်တွေနဲ့ စစ်သားတွေအတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲလို့ ရှေးဆိုရိုးစကားတစ်ခုက ဆိုထားသလို အဆုံးသတ်မှာ ရယ်မောနိုင်တဲ့ အောင်နိုင်သူကတော့ တကယ်ကို ရှာရခက်မှာပဲ။ ငါ့အတွက်ကတော့ အနာဂတ်မှာ မင်း ဘယ်လိုမျိုး စွမ်းဆောင်ပြနိုင်မလဲဆိုတာကို စောင့်မျှော်နေပါတယ်။”

"အနာဂတ်မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အောင်မြင်မှုတွေ ရရှိဖို့ ငါ့မှာ အခွင့်အရေးတွေ အများကြီး ရှိမယ်ဆိုတာ မင်း သေချာထားလို့ ရနိုင်ပေမယ့် အဲ့ဒီအထဲမှာ ပါဝင်ဖို့ မင်းအတွက် အခွင့်အရေး နည်းနည်းပဲ ရှိမှာကို ငါ စိုးထိတ်မိတယ်။" ဘယ်လိုပဲဖြစ်ဖြစ် ငါပြောမယ့်စကားကို မင်း မကြားချင်ပေမယ့် မင်းတို့ယောင်မိသားစုဝင်တွေထဲမှာ မိသားစုအကြီးအကဲကပဲ ငါ့ကို ကြည့်ဖို့ ထိုက်တန်တယ်။ တခြားသူတွေကတော့ …. ဟီးဟီး…”

ထန်ရှု၏မထီမဲ့မြင်စကားအား ယောင်ရှင်းဟွာက စိတ်ဆိုးသွားဟန်မရှိဘဲ သူ့အား လက်မထောင်ပြလိုက်သေးသည်သာမက တောက်ပသော အပြုံးတစ်ခုကိုပင် ပြုံးလိုက်ပြီး

“မင်းပြောတာ ငါနည်းလည်တယ်။ နိုင်ငံခြားကနေ ပြန်လာတုန်းက ထန်မိသားစုက ငါ့ကို ဖိအားတွေနဲ့ လှုံ့ဆော်မှုအချို့ကို ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ချက်အပြည့် ထားခဲတယ်။ ဒါပေမယ့် ထန်မိသားစုရဲ့ တခြားအဖွဲ့ဝင်တွေက အားနည်းလွန်းတဲ့အတွက် ငါ့အပေါ် နည်းနည်းလေးမှ ဖိအား မဖြစ်စေခဲ့ဘူး။ ကံကောင်းစွာနဲ့ မင်း ပေါ်လာတယ်။ ထန်မိသားစုက မင်းကို တွေ့တာ ဝမ်းသာရသေးတယ်။ နို့မဟုတ်ရင် ထန်မိသားစုက နောက်ပိုင်းမှာ ဖျက်စီးခံရရင်တောင် ငါ တကယ်ကို ငြီးငွေ့နေမှာပဲ။"

ထန်ရှုက ပြုံးပြီး "ကောင်းတယ်။ မင်းမှာ အရိုးတွေပေါ် ထွင်းထုထားတဲ့ မာနနဲ့ သွေးထဲမှာ ယုံကြည်မှု ရှိတယ်။ ငါ့ပြိုင်ဘက်တွေရဲ့ အကြောက်တရားရဲ့ သုံးပုံတစ်ပုံကို လှုံ့ဆော်ခဲ့ပြီးဖြစ်နေတာ စိတ်မကောင်းစရာပဲ။ ဖူကန်မှာ ငါ မင်းကို ရက်စက်လွန်းတယ်ဆိုတာ သိခဲ့မိရင် ငါ ညင်ညင်သာသာ လုပ်ခဲ့ပြီး ပိုကောင်းတဲ့ အကျိုးရလဒ်တွေတောင် ရသွားနိုင်လိမ့်မယ်။"

"ထန်ရှု … လူတစ်ယောက်က အတိတ်ကအရာတွေနဲ့ သောင်တင်နေမှာမဟုတ်ဘူး။ မင်း ငါနဲ့ လောင်းမလား။" ယောင်ရှင်းဟွာက ရယ်မောကာ တုံ့ပြန်သည်။

"ပြောလေ … ဘယ်လို ကစားချင်လဲ။" ထန်ရှုက ပခုံးတွန့်ကာ ပြောလိုက်သည်။

"ငါတို့ကိုယ်တိုင်ပဲ လောင်းကြစို့။ ဘယ်သူက မတ်မတ်ရပ်ပြီး ဟိုတယ်ကနေ ထွက်သွားမှာလဲ။ ဘယ်သူက လဲကျမှာလဲ။ မင်း ငါနဲ့ လောင်းရဲလား။" ယောင်ရှင်းဟွာက မေးသည်။

"လောင်းကြေးက ဘာလဲ။" ထန်ရှုက ပြုံးပြီး မေးသည်။

"မင်း ရွေးလို့ရတယ်။" ယောင်ရှင်းဟွာက ဆိုသည်။

“ကောင်းပြီ။ ဘုံရွေးချယ်မှုကိုပဲ ယူကြတာပေါ့။ ငါတို့ ပိုက်ဆံကြေး လောင်းမယ်။" ထန်ရှု ရယ်သွမ်းသွေးလိုက်သည်။

“ဒီတလော ငါ အတော် ဆင်းရဲနေတာ။ ကျောင်းဝင်းထဲက ကော်ဖီဆိုင်မှာတောင် မစားနိုင်တော့ဘူး။ ၁ဘီလီယံယွမ်က ဘယ်လိုလဲ။"

"နည်းလိုက်တာ။" ယောင်ရှင်းဟွာက ရယ်မောလိုက်သည်။

"၁ဘီလီယံပဲ … အဲ့ဒါက ချမ်းသာပြီး ခံ့ညားတဲ့ ပုံစံနဲ့ အမြဲတမ်း ငါ့ကိုငါ ပြသတဲ့ ငါ ကြိုက်တဲ့နည်းလမ်းပဲ။”

ယမ်းနံ့သည် သူတို့၏လဲလှယ်မှုတိုင်းတွင် ပြည့်နှက်နေသည်။ ယခု သူတို့သည် စိတ်ဓာတ်စစ်ပွဲကို ဆင်နွဲနေကြသောကြောင့် စိတ်ထဲကို ရိုက်ခတ်စေမည့် စကားလုံးများဖြင့် အချင်းချင်း စကားစစ် ထိုးနေကြသည်။ ကံမကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံးသည် စိတ်ပိုင်းဆိုင်ရာ ခိုင်မာသောကြောင့် နှစ်ယောက်လုံး ထိခိုက်မှု မရှိခဲ့ပါချေ။

"မင်းရဲ့ ဖုန်းနံပါတ်ကို ပေးပါ။" ထန်ရှုက သူ့လက်ကိုင်ဖုန်းကို ထုတ်လိုက်သည်။

ယောင်ရှင်းဟွာက နှုတ်ခမ်းကို တွန့်ကာ “ငါ့ဖုန်းနံပါတ်ကို သိချင်လား။ မင်း ငါ့ကို အခွင့်အရေးရရင် စာပို့ချင်တာလား။ မင်းမိသားစုထဲက တစ်ယောက်ယောက်က ငါ့ဖုန်းနံပါတ်ကို မပေးဘူးလား။"

"ဒုက္ခပေးတဲ့အရာတွေကို ငါ ဘယ်တုန်းကမှ မကြိုက်ဘူး။”

“ငါလည်း အတူတူပဲ။ ဒုက္ခပေးတတ်တာတွေကို မုန်းတယ်”ယောင်ရှင်းဟွာက ခေါင်းညိတ်ပြသည်။ ထိုစကားကို ပြောပြီးနောက် ထန်ရှုအား သူ၏ဖုန်းနံပါတ်ကို ပြောပြခဲ့သည်။

ထန်ရှုသည် စာတိုတစ်စောင်ကို အမြန်ရိုက်ပြီး သူ၏ အမည်နှင့် စုဆောင်းငွေ အနည်းငယ်သာ ရှိသော ဘဏ်အကောင့်တစ်ခုအား ယောင်ရှင်းဟွာဆီသို့ ပေးပို့လိုက်သည်။ ထို့နောက် သူက မတ်တတ်ရပ်ပြီး အပြုံးဖြင့်

“ငါ့ဘဏ်အကောင့်ကို မင်းဆီ ပို့လိုက်တယ်။ မနက်ဖြန် စောစောမှာ ငါ့အကောင့်ကို ငွေလွှဲဖို့ မမေ့နဲ့။"

"မင်း ဒီလောက် ယုံကြည်ချက် ရှိလား။" ယောင်ရှင်းဟွာက လှောင်ပြောင်လိုက်သည်။

ထန်ရှုက အပြုံးမပျက် ခေါင်းညိတ်ပြီး

“ငါ ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်ချက် ရှိတယ်။ မင်း တွေ့ပါလိမ့်မယ်။”

နောက်အခိုက်အတန့်တွင် ထန်ရှုသည် ယောင်ရှင်းဟွာ၏ အရှေ့တွင် အလွန်မြန်သော အ ရှိန်အဟုန်ဖြင့် ချက်ချင်းပေါ်လာသည်။ ယောင်ရှင်းဟွာကိုယ်တိုင်က သာမန်လူတစ်ယောက် မဟုတ်သည့်တိုင် ထန်ရှု၏ လှုပ်ရှားမှုကို မမြင်နိုင်ခဲ့ပေ။ သူ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ တောင့်တင်းလာကာ အမြင်အာရုံသည် မှောင်အတိကျသွားပြီး တခဏအကြာတွင် သတိမေ့သွားခဲ့သည်။ ထန်ရှု၏ခန္ဓာကိုယ်သည် ရိပ်ကနဲ ဖြစ်သွားပြီး မည်သူမျှ သတိမပြုမိကြဘဲ ခန်းမထဲမှ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့သည်။

သည်နေ့ သူ ဒီကိုလာရသည့် ရည်ရွယ်ချက်က အောင်မြင်သွားပြီမို့ သူ့အချိန်များအား သည်နေရာတွင် မဖြုန်းလိုတော့ပေ။ ယွမ် ၁ဘီလီယံ လောင်းကြေးငွေ ပေးထားသည့် ယောင်ရှင်းဟွာကို မသတ်ခဲ့ပေ။ ယောင်ရှင်းဟွာကို နှိပ်ကွပ်ခြင်းဖြင့် ယောင်များ၏ လွှမ်းမိုးမှုကို ပို၍ချေမှုန်းပစ်နိုင်သည်ဟုလည်း သူ တွေးခဲ့မိသည်။

"ဟမ်…"

သူ ဟိုတယ်မှ ထွက်လာစဉ် ထန်ရှု၏မျက်လုံးများမှ အေးစက်သော အလင်းရိပ်တစ်ခု ထွက်ပေါ်လာသည်။ မျက်လုံးပေါင်းများစွာက သူ့ကို စိုက်ကြည့်နေကြောင်း သူ ခံစားသိရှိနေပြီး သူ့နှလုံးသားအတွင်းတွင် လှုံ့ဆော်နေသော အန္တရာယ်သတိပေးခံစားချက်က သူ၏စိတ်ဝိညာဉ်အာရုံအား ချက်ချင်း ထုတ်လွှင့်စေသည်။

သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား ဆယ့်ငါးဦး။ ဒါပေမယ့် ငါ့ကို ခြိမ်းခြောက်တဲ့ ခံစားချက်ကို ပေးနေတာ သူတို့တွေ မဟုတ်ဘူး။ ဒါက တခြားတစ်ယောက်ပဲ။ နေရာတစ်ခုမှာ ပုန်းအောင်းနေတဲ့ စနိုက်ပါသမားတစ်ယောက် … ဒီလျှို့ဝှက်စနိုက်ပါသမားကသာ ငါ့ကို ဒီလိုခံစားချက်မျိုး ပေးနိုင်တယ်။

***

All Chapters