ဒေါသစိတ်ဖြင့် ဖိနှိပ်ခြင်း
Vol. 11 Ch. 544
ယခင်အခြေအနေသာဆိုရင် ထန်ရှု၏ပထမဆုံး တုံ့ပြန်မှုသည် လွတ်မြောက်ရန်အတွက် ခိုင်ခံ့သည့် ခိုကိုးရာကို ရှာရလိမ့်မည်ဖြစ်သည်။ ယခုမူ သူသည် စနိုက်ပါ ကျည်ဆန်များကို လုံးဝ ဂရုမစိုက်ပေ။ သူ့အား ခြိမ်းခြောက်နေသည့်ခံစားချက်ကို ခံစားရသော်လည်း တစ်ဖက်လူ၏ကျည်ဆန်များကို ရှောင်လွှဲနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားသောကြောင့် လွယ်ကူစွာ ရင်ဆိုင်နိုင်ပေသည်။ ခုခံရန် ခက်ခဲခဲ့လျှင်ပင် ကျည်ဆန်များသည် သူ၏အရေပြားကို မထိုးဖောက်နိုင်ဘဲ ဒဏ်ရာအနည်းငယ်သာ ရလိမ့်မည်ဟု သူ ယုံကြည်သည်။
ဤယုံကြည်မှုသည် သူ၏ကျင့်ကြံမှုအဆင့် မြင့်မားလာရာမှ ပေါက်ဖွားလာခဲ့ခြင်းဖြစ်သည်။ ရှေးဟောင်းသင်္ချိုင်းတွင်း၌ မတော်တဆ ကံကောင်းမှုနှင့် တွေ့ကြုံခဲ့ရပြီးနောက် သူ၏ခွန်အားသည် အဆ ၁၀၀ကျော် တိုးလာသည်။ ထို့အပြင် သူသည် ရှောင်မင်းကျန်နှင့် မြောင်ဝမ်တန်တို့၏အဆင့်ကိုတောင် ကျော်လွန်ပြီးဖြစ်နိုင်သည်။
…ငါ့ကို သေနတ်နဲ့ ချိန်တဲ့အဲ့ဒီကောင်တွေ သေတာပဲ ကောင်းတယ်…
သူ၏လင်းယုန်ငှက်ကဲ့သို့ စူးရှသော အမြင်အာရုံဖြင့် ထန်ရှုသည် မျက်နှာချင်းဆိုင်အဆောက်အအုံကို တစ်ချက် ကြည့်လိုက်သည်။ ဒီလှိုင်းလုံးကဲ့သို့ သူ၏စိတ်ဝိညာဉ်အာရုံသည် ဆန့်ကျင်ဘက် အဆောက်အဦးဆီသို့ ဖြန့်ကျက်သွားပြီး ဆယ်ထပ်မှ အခန်းတစ်ခန်း၏ပြတင်းပေါက်အနောက်တွင် ပစ်မှတ်များကို ချက်ချင်း တွေ့ရှိခဲ့သည်။ ချက်ချင်းပင် သူ၏လက်ထဲတွင် ငွေအပ်နှစ်ချောင်း ပေါ်လာသည်။ သူ၏လက်ချောင်းများဆီမှ ဝှစ်ကနဲ ထွက်သွားသော ငွေအပ်နှစ်ချောင်းသည် မီတာ ၁၀၀ အကွာရှိ စနိုက်ပါသမားနှစ်ယောက်၏မျက်ခုံးကြားနေရာကို အတိအကျ ထိုးဖောက်သွားသည်။
ထန်ရှု အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ထိုလူနှစ်ယောက် လုံးဝသေဆုံးသွားခြင်း ရှိ၊ မရှိကိုပင် မစစ်ဆေးချင်တော့ဘဲ သူ၏လည်ပင်းတွင် ပတ်ထားသော မာဖလာအား သက်တောင့်သက်သာ ပြန်လုပ်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံကို ပြန်လည်ရုတ်သိမ်းပြီးနောက် သူသည် အဝေးမှ လာနေသောကားဆီသို့ လျှောက်သွားသည်။
“ငါ့ကို သင်္ဘောကျင်းပို့ပေးပါ။” ထန်ရှုက ကားပေါ် ထိုင်ပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။
ကျင်းမန်ကျွန်းရှိ လင်းလက်ပုလဲဆိပ်ကမ်းသည် ကြီးမားသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။ ဇိမ်ခံခရီးသည်တင်သင်္ဘောများနှင့် ရွက်လှေများအပြင် လေးလံသော ကုန်တင်သင်္ဘောများလည်း ရှိသည်။ ထာဝရခန်းမမှ ပြင်ဆင်ထားသည့် သင်္ဘောအား ဤနေရာတွင် ကျောက်ချထားသည်။
“ဆရာအဘိုး…”
ဂူရှောင်ရွှဲ့သည် ထန်ရှု ရောက်လာသည့် သတင်းကို ရရှိပြီးနောက် ဇိမ်ခံသင်္ဘောပေါ်မှ ချက်ချင်း ဆင်းလာသည်။ အဆိုပါသင်္ဘောသည် မီတာဆယ်ဂဏန်း ရှည်လျားပြီး ကြီးမားသည်ဟု မဆိုင်နိုင်သော်လည်း သင်္ဘောပေါ်တွင် အနည်းဆုံး လူ ၁၀၀ခန့် ဆန့်ပေသည်။ ထိုအချိန်တွင် သင်္ဘောပေါ်တွင် ထာဝရခန်းမ၏လူများမှလွဲပြီး တခြားသူ မရှိပေ။
ဤသင်္ဘော ပြေးဆွဲခြင်းသည် ထာဝရခန်းမ၏ ဒါဇင်ပေါင်းများစွာသော ကျွမ်းကျင်သူများအတွက် လွယ်ကူသော အလုပ်တစ်ခု ဖြစ်သည်။ စားဖိုမှူး အပါအဝင် သင်္ဘောပေါ် လိုက်ပါလာသူတိုင်းသည် စားသောက်ဆိုင်၏ ကျွမ်းကျင်သူများ ဖြစ်ကြပေသည်။
"အားလုံး အဆင်သင့်ပဲလား။" ဇိမ်ခံသင်္ဘောပေါ်တက်ပြီးနောက် ထန်ရှုက အေးဆေးစွာ မေးလိုက်သည်။
"ဟုတ်ကဲ့ အားလုံး အဆင်သင့်ပါပဲ။ ငါတို့ အချိန်မရွေး ထွက်နိုင်ပါတယ်။ ရာသီဥတုကောင်းရင် ယောက်သွားကျွန်းကို ရောက်ဖို့ ဆယ့်တစ်နာရီပဲ ကြာမှာမို့ မနက်ဖြန် မနက်ဆို ရောက်ပြီ။”
ထန်ရှုက ခေါင်းညိတ်လိုက်ပြီး
"ထွက်ဖို့ အသင့်ပြင်တော့။"
ရှရီတွန်ဟိုတယ်၏ ခမ်းနားသော ဧည့်ခံခန်းမ ...
ပရဟိတအလှူပွဲပြီးသည်နှင့် ဧည့်သည်များ ထွက်ခွာသွားကြသည်။ သို့သော်လည်း ယောင်မိသားစုမှ ကျွမ်းကျင်သူဆယ်ဦးကျော်သည် ထောင့်စွန်းရှိ အနားယူသော နေရာတစ်ဝိုက်တွင် စိတ်ရှုပ်ထွေးသော အမူအရာဖြင့် လှည့်ပတ်သွားလာနေသေးသည်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဟန်ရှိသည့် ယောင်ရှင်းဟွာကို စိုက်ကြည့်နေကြသော်လည်း မည်သူမှ သူ့ကို မနှိုးရဲကြပေ။
"ဘာဖြစ်လို့လဲ။"
အိုးရန်လဲ့သည် ဧည့်သည်တစ်စုကို လိုက်ပို့ရင်း သူသည် အတန်ငယ် မူးနေခဲ့ပြီဖြစ်သည်။ ယောင်ရှင်းဟွာနှင့် ယောင်မိသားစု၏လူများကို တွေ့သောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာကာ မေးလိုက်ခြင်းဖြစ်လေသည်။
ယောင်မိသားစုမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ခေါင်းယမ်းပြီး
"ဒါက ငါတို့သခင်လေးပါ။ သူ အိပ်ပျော်နေပုံရတယ်။"
အိုးရန်လဲ့သည် ရယ်ရခက် ငိုရခက်ဖြစ်ကာ "ဒီလိုအချိန်အခါမှာ သူ အိပ်နိုင်တယ်ဆိုတော့ မင်းတို့သခင်လေးက တကယ့်ကို အံ့ဩစရာပဲ။ ဘာပဲဖြစ်ဖြစ် ပရဟိတပွဲက ပြီးသွားပြီ။ သူ့ကို နှိုးလိုက်ပါ။ မင်းတို့ အိပ်ချင်နေရင် ဟိုတယ်မှာ အခန်းတစ်ခု ငှားသင့်တယ်။ ဘာလို့ ဒီနေရာမှာ အိပ်ရမှာလဲ။”
ယောင်မိသားစုမှ ကျွမ်းကျင်ပညာရှင်များသည် အနေရခက်သွားကြသည်။ သူတို့ထဲက တစ်ယောက်သည် အသာခေါင်းညိတ်ကာ ယောင်ရှင်းဟွာအား ခေါ်လိုက်သည်။
“သခင်လေး … ငါတို့ ထွက်သွားသင့်ပြီ။”
ယောင်ရှင်းဟွာသည် အိပ်ပျော်နေဆဲဖြစ်ပြီး လုံးဝမလှုပ်ရှားပေ။
ယောင်မိသားစု၏ ကျွမ်းကျင်ပညာရှင်သည် မျက်မှောင်ကြုပ်သွားသည်။ ထို့နောက် သူက ယောင်ရှင်းဟွာကို သူ၏လက်ဖြင့် ထိလိုက်သည်နှင့် တုံ့ပြန်မှု မရှိကြောင်း သိလိုက်ရပြီးနောက် သူ၏မျက်နှာမှာ ရုတ်ခြည်းပင် ပျက်သွားသည်။ ယောင်ရှင်းဟွာ၏ခန္ဓာကိုယ်ကို လှုပ်ခါရန် ခွန်အား ပိုမို စိုက်ထုတ်ခဲ့သော်လည်း ရလဒ်မှာ အတူတူပင် ဖြစ်သည်။
"မကောင်းတော့ဘူး … တစ်ခုခု မှားနေပြီ။"
ချက်ခြင်းပင် ယောင်မိသားစုမှ ကျွမ်းကျင်သူများသည် ဝိုင်းဖွဲ့ပြီး ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့သည် ယောင်ရှင်းဟွာ၏လုံခြုံရေးကို ကာကွယ်ရန် တာဝန်ရှိသော ယောင်မိသားစု၏ကျွမ်းကျင်သူများ ဖြစ်သည်။ သူသာ တစ်ခုခုဖြစ်ခဲ့ပါက သူတို့သည် ပြင်းထန်သည့် ပြစ်ဒဏ် ခံရပေလိမ့်မည်။။
အိုးရန်လဲ့သည် လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။ ယောင်ရှင်းဟွာ၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ် လှုပ်ခါရန် ကြိုးစားသော်လည်း တုံ့ပြန်မှုမရှိကြောင်း သိပြီးနောက် ချက်ချင်းပြောခဲ့သည်။
"သူ့ကြည့်ရတာ မူးနေတဲ့အစား သူ ... ၁၂၀ကို ချက်ချင်း ခေါ်ပြီး ဆေးရုံရဲ့ ကယ်ဆယ်ရေးဝန်ထမ်းကို အမြန် လာခိုင်းပါ။"
ယောင်ရှင်းဟွာ၏အခြေအနေကို ပထမဆုံး တွေ့ရှိခဲ့သော ယောင်မိသားစု၏ကျွမ်းကျင်ပညာရှင်က သူ့အား မချီလိုက်ပြီး
“၁၂၀ကို ခေါ်ဖို့ မလိုပါဘူး။ သခင်လေးကို ချက်ချင်း ဆေးရုံပို့လိုက်မယ်။ သွားရအောင်။"
"ငါ မင်းတို့နဲ့လိုက်ခဲ့မယ်။" အိုးရန်လဲ့က အလျင်အမြန် ပြောလိုက်သည်။
သူတို့၏ ပရဟိတပွဲတွင် ဖြစ်ပွားခဲ့သောကြောင့် ဤကိစ္စအား သူ့မိသားစုနှင့် ခွဲ၍မရနိုင်ကြောင်း အိုးရန်လဲ့ အပြည့်အဝ သဘောပေါက်ထားသည်။ ယောင်ရှင်းဟွာ မည်သို့ဖြစ်သွားသည်ကို သိလိုသဖြင့် ထိုသူတို့၏အနောက်ကို လိုက်သွားခဲ့သည်။
တစ်နာရီအကြာတွင် ကျင်းမန်ကျွန်း၏ ပထမပြည်သူ့ဆေးရုံတွင် ဆေးရုံအုပ် ကျောင်းယွမ်ရှို့သည် မျက်မှောင်တင်းတင်း ကြုတ်လိုက်မိသည်။ ယောင်ရှင်းဟွာ၏ ခန္ဓာကိုယ်စစ်ဆေးမှုအစီရင်ခံစာကို ဖတ်ပြီး အချိန်အတော်ကြာသည်ထိ စကားမပြောနိုင်ပေ။
“ဒေါက်တာကျောင်း … သခင်လေးရဲ့ အခြေအနေက ဘယ်လိုလဲ။" ယောင်မိသားစု၏ ကျွမ်းကျင်ပညာရှင်တစ်ဦးမှ မေးလိုက်သည်။
“စစ်ဆေးမှုရလဒ်တွေအရ သူ့ခန္ဓာကိုယ်က အရမ်းကျန်းမာပါတယ်။ သူ ဘာကြောင့် သတိလစ်နေသလဲဆိုတဲ့ အကြောင်းပြချက်ကို ငါတို့ ရှာမတွေ့ဘူး။” ကျောင်းယွမ်ရှို့က ခေါင်းယမ်းကာ အားတင်းပြုံးရင်း
"ဒါကြောင့် သူ့ကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတွေ လုပ်ရမယ်။ ဒါပေမယ့် အချိန်အများကြီး ယူရမှာဖြစ်လို့ မနက်ဖြန်မနက်မှ ဆေးစစ်တဲ့ရလဒ်တွေ အပြည့်အ၀ ရနိုင်လိမ့်မယ်။"
“ဆေးရုံအုပ်ကျောင်း … ငါတို့သခင်လေးရဲ့အသက်က အန္တရာယ် မရှိဘူးမလား။" ယောင်မိသားစု၏ ကျွမ်းကျင်သူက အလျင်စလို မေးလိုက်သည်။
“ဒါက ပြောရခက်တယ်။ ပုံမှန်စစ်ဆေးမှုတွေအရတော့ သူ့အသက်အန္တရာယ်က မစိုးရိမ်ရပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ခန္ဓာကိုယ်က အရမ်းကျန်းမာနေပြီး ဒဏ်ရာ လုံးဝမရှိဘူး။” ကျောင်းယွမ်ရှို့ ခေါင်းယမ်းလိုက်သည်။
“ဒါပေမယ့် သူ့ရဲ့ သတိလစ်နေတဲ့အခြေအနေက သိပ်ကို သဘာဝမကျတဲ့အတွက် အခု သူ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ငါ အတိအကျ မပြောနိုင်ဘူး။ ငါ ရောဂါလက္ခဏာကို မသုံးသပ်ခင် ပြည့်စုံတဲ့ ဆေးစစ်မှုတစ်ခု ပြုလုပ်ဖို့ လိုတယ်။"
ယောင်မိသားစု၏ကျွမ်းကျင်ပညာရှင်က ခဏလောက် နှုတ်ဆိတ်နေပြီး
“ဒါဆို ငါတို့ဆေးရုံအုပ်ကျောင်းကို ဒုက္ခပေးရတော့မယ်။ ငါ အခြေအနေအရပ်ရပ်ကို မိသားစုဆီ ချက်ချင်း အကြောင်းကြားလိုက်မယ်။ မင်းရဲ့ဆေးရုံဝန်ထမ်းတွေက ဆေးစစ်ချက်ရလဒ်တွေကို မြန်မြန် ထုတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
"စိတ်ချပါ။" ကျောင်းယွမ်ရှို့က ပြန်ဖြေပြီး အိုးရန်လဲ့အား လှည့်ကြည့်လာသည်။
"ဆေးရုံအုပ်ကျောင်း … ငါတို့အိုးရန်မိသားစုက ကူညီပေးနိုင်တာ တစ်ခုခုရှိရင် လွတ်လွတ်လပ်လပ် ပြောနိုင်ပါတယ်။" အိုးရန်လဲ့မှ ပြောလိုက်သည်။
“လောလောဆယ်တော့ မလိုသေးဘူး။ ကျေးဇူးပြုပြီး အားလုံး အနားယူလိုက်ကြပါဦး။ လူနာကို ပြုစုစောင့်ရှောက်ဖို့ ငါတို့နဲ့ဆေးရုံကို ထားခဲ့ပါ။ အတွင်းလူနာဌာနတာဝန်ခံကို သူ့ကို ၂၄နာရီ စောင့်ကြည့်ပြုစုဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်ထားဖို့အတွက် ညွှန်ကြားထားတယ်။”
"ကောင်းပါပြီ။ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ပါတယ်။”
အိုးရန်လဲ့သည် အလွန်ယဉ်ကျေးစွာ ပြုမူနေပြီး ယောင်မိသားစု၏လူများနှင့် စကားအနည်းငယ်ပြောကာ ထွက်ခွာသွားခဲ့သည်။ ဆေးရုံက ယောင်ရှင်းဟွာတွင် မည်သည့်အမှားအယွင်းမှ မတွေ့ရသေးသောကြောင့် သူ သည်မှာ နေသော်လည်း အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ ထို့အပြင် သူသည် ယောင်ရှင်းဟွာအား သဘောမကျချေ။ ယောင်ရှင်းဟွာ၏မာနကြီးသော စရိုက်ကြောင့် မဟုတ်ဘဲ အဓိကအားဖြင့် ထိုသူသည် သူ၏ယောက်ဖလောင်းအား အသေသတ်မည့် ရန်သူ ဖြစ်နေသောကြောင့် ဖြစ်သည်။
ညဉ့်နက်ပိုင်းတွင် ကျင်းမန်ကျွန်းရှိ အဆင့်မြင့် အိမ်ရာဝင်းတစ်ခုထဲသို့ မာစီဒီးဘင့်ဆီဒင်ကားသည် ဖြည်းညှင်းစွာ ဝင်ရောက်လာပြီး အိမ်ဝင်းတစ်ခု၏ လျှပ်စစ်တံခါးကို ဖြတ်ကျော်မောင်းနှင်ခဲ့သည်။ ကားမောင်းသူသည် နောက်ထိုင်ခုံ၏တံခါးကို ဖွင့်ကာ ကားထဲမှ အိုးရန်လဲ့ ဆင်းနိုင်ရန် တလေးတစား ဖွင့်ပေးလိုက်သည်။ အိုးရန်လဲ့သည် အနည်းငယ် ယစ်မူးနေသေးသော်လည်း အေးမြသောလေနုအေးက သူ၏စိတ်အား ပြန်လည်လန်းဆန်းရန် ကူညီပေးသည်။
“ထူးဆန်းလိုက်တာ … မီးတွေ ဘယ်လိုဖြစ်ပြီး လင်းနေတာလဲ။” အိုးရန်လဲ့ တီးတိုး ရေရွတ်လိုက်သည်။
ကားမောင်းသူအား ထွက်သွားရန် ပြောပြီးနောက် သူသည် အိမ်ထဲသို့ ဝင်လာပြီး ဧည့်ခန်းဆီသို့ တန်းသွားလိုက်သည်။ သူသည် အိုးရန်မိသားစု၏ သခင်လေးဖြစ်ပြီး အနာဂတ် ဆက်ခံသူဖြစ်လင့်ကစား အလွန်သိုသိုသိပ်သိပ်ပုံစံဖြင့် သူ၏ဘဝကို ဖြတ်သန်းနေခဲ့သည်။ လူအနည်းငယ်ကသာ သူ၏လျှို့ဝှက်နေထိုင်ရာ သည်အိမ်အကြောင်းကို သိကြသည်။
"ညီမချန်းလား…"
အိုးရန်လဲ့က လှည့်ပတ်ကြည့်သည်။ အိမ်တော်ထိန်းဖြစ်သူ ညီမချန်းသည် ဧည့်ခန်းထဲတွင် သူ့ကို စောင့်လေ့ရှိသည်။ သို့သော် ဒီနေ့ သူမ သည်နေရာတွင် မရှိသောကြောင့် သူ၏ရင်ထဲတွင် ကြိုတင်နိမိတ်ခံစားချက်က ပိုမိုပြင်းထန်လာခဲ့သည်။ သူသည် သတိကြီးစွာထားပြီး ဘယ်ဘက်စင်္ကြန်ကို လျှောက်သွားကာ ညီမချန်းနေလေ့ရှိသော အခန်းတံခါးကို ခေါက်လိုက်သည်။ အခန်းထဲမှ တုံ့ပြန်မှု လုံးဝမရသဖြင့် တံခါးကို ချက်ချင်း တွန်းဖွင့်လိုက်ရာ မီးများလင်းနေသည်ကို တွေ့သော်လည်း အထဲတွင် မည်သူမှ မရှိပါချေ။
"သူမ ဘယ်မှာလဲ။" အိုးရန်လဲ့ မျက်မှောင်ကြုတ်သွားသည်။ သူ၏စိတ်နှလုံးတွင် မကောင်းသော နိမိတ်ခံစားချက်သည် ဖြစ်တည်နေပြီဖြစ်သည်။ သို့သော် သူ ပြန်လှည့်လာပြီး ဘေးအခန်းသို့ သွားကြည့်သည့်အခါ ဧည့်သည်ခန်း၏ကုတင်ထက်တွင် ညီမချန်း အိပ်ပျော်နေသည်ကို ချက်ချင်း တွေ့လိုက်ရသည်။
သူ၏တင်းကျပ်နေသော စိတ်နှလုံးသားသည် ရုတ်တရက် ပြေလျော့သွားသည်။ သူသည် ပြုံးလိုက်ရင်း ခေါင်းယမ်းကာ လှည့်ထွက်သွားပြီး ဒုတိယထပ်သို့ ဦးတည်သွားလိုက်သည်။ ထိုနေရာတွင် သူသည် အလေ့အကျင့်အရ စာကြည့်ခန်းတံခါးကို ဖွင့်ကြည့်လိုက်ရာ အတွင်းရှိ မြင်ကွင်းကို မြင်လိုက်သည့်အခါ သူ၏သူငယ်အိမ်များ ရုတ်တရက် ကျုံ့ကာ တုန်လှုပ်သွားရသည်။
စာကြည့်ခန်းအတွင်း၌ အရာအားလုံး ရှုပ်ပွနေပြီး နေရာတိုင်းတွင် အရာဝတ္ထုများ ပြုတ်ကျနေသည်။ သူ အထူးမြတ်နိုးသော အရာတွေထဲတွင် ပါဝင်သော တန်ဖိုးကြီးသည့် စာရေးကိရိယာတစ်စုံအား ကြမ်းပြင်ပေါ် ပစ်စလခတ် ပစ်ချထားခြင်းခံထားရပြီး မင်များက ကြမ်းပြင်ပေါ် ဖိတ်ကျနေသည်။ စာအုပ်စင်များရှိ တံခါးများသည် ပွင့်နေပြီး စာအုပ်များသည်လည်း ဖရိုဖရဲ ဖြစ်နေကာ တော်တော်များများသည် ကြမ်းပြင်ပေါ်မှာ လွှင့်ပစ်ထားခြင်းခံရသည်။
…သူခိုး…
အိုးရန်လဲ့သည် အဝတ်အစားခန်းဆီသို့ ပြေးသွားသည်။ ထိုအခန်းသည်လည်း အလားတူ ဇောက်ထိုးမိုးမျှော် ဖရိုဖရဲ ဖြစ်နေသည်ကို သူ မြင်သောအခါ အတွင်းအကျဆုံး ဗီရိုဆီသို့ ချက်ချင်း ပြေးသွားခဲ့သည်။
"ယီးပဲ…"
ဗီရိုအတွင်းရှိ အဝတ်အစားများ အားလုံးကို နေရာတိုင်းတွင် ကြုံသလို လွှင့်ပစ်ထားသည်။ နံရံ ရှိ ဗီရိုထဲတွင် လုံခြုံစွာ ဝှက်ထားသော မီးခံသေတ္တာသည် ပွင့်နေပြီး အလွန်တန်ဖိုးကြီးသော ပစ္စည်းများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ရွှေ၊ လက်ဝတ်ရတနာများနှင့် ရှေးဟောင်းပစ္စည်းများအတွက် စိတ်ပူပန်မှု ရှိသော်လည်း ၎င်းမှာ သူ ခံနိုင်ရည်ရှိသည့် အကန့်အသတ်အတွင်းတွင် ရှိနေဆဲ ဖြစ်သည်။ သို့သော်... မီးခံသေတ္တာထဲတွင်မူ အိုးရန်မိသားစု၏ အလွန်အရေးကြီးသော စာရင်းစာအုပ်များ ရှိနေပြီး ထိုစာအုပ်များထဲတွင် အိုးရန်မိသားစု၏ ချမပြထားသော လုပ်ငန်းအချို့အား မှတ်တမ်းတင်ထားသည်။
"ဒါက ပြဿနာကြီးပဲ။"
အိုးရန်လဲ့၏နှုတ်ခမ်းများ တုန်ရီလာပြီး အမူးပင် ပြေသွားရသည်။ အသက်ပြင်းပြင်း တစ်ချက် ရှူပြီးနောက် ဖုန်းကို အမြန်ထုတ်ကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
“အဖေ … မတော်တဆမှုတစ်ခု ဖြစ်သွားတယ်။ ကျွန်တော့်အိမ်ကို သူခိုးက ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး အဖိုးတန်ပစ္စည်းတွေကို ခိုးယူရုံသာမကဘူး မိသားစုရဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို မှတ်တမ်းတင်ထားတဲ့ စာရင်းစာအုပ်တွေကိုပါ ခိုးယူခံလိုက်ရတယ်။ တစ်ကြိမ် … တစ်ကြိမ်ပဲ အဲဒီစာရင်းစာအုပ်ထဲက မှတ်တမ်းတွေသာ ဖော်ထုတ်ခံရတာနဲ့ အိုးရန်မိသားစုတော့ ဒုက္ခအကြီးကြီး ရောက်ပြီအဖေ။”
"ချီးပဲ…" ဖုန်းထဲတွင် အိုးရန်ဝမ်ကျန်း၏ ဒေါသထွက်နေသော အသံကို ကြားလိုက်ရသည်။
နာရီဝက်အကြာတွင် အိုးရန်ဝမ်ကျန်းသည် ဒါဇင်ပေါင်းများစွာသော အိုးရန်မိသားစု၏ ကျွမ်းကျင်သူများကို ဦးဆောင်ကာ အပြေးရောက်လာသည်။ ထိတ်လန့်တုန်လှုပ်ကာ ဖြူဖျော့နေသော အိုးရန်လဲ့ကို မြင်သောအခါတွင် သူက လေသံမာမာဖြင့် အော်ပြောလိုက်သည်။
“ငါ့ကို အကုန်ပြောပြစမ်း။ စကားလုံးတစ်လုံးတောင် မလွတ်စေနဲ့။ ပြောစမ်းပါဦး … မင်းက ငါတို့မိသားစုရဲ့ အရေးကြီးတဲ့ စာရင်းစာအုပ်တွေကို ဒီလို သောက်ကျိုးနည်း လုံခြုံရေးညံ့တဲ့ အရပ်မှာ ဘာကြောင့် မှတ်တမ်းတင်ထားတာလဲ။"
***