ချန်းယန်နန် နှင့် ဆုံခြင်း
Vol. 11 Ch. 546
ဇိမ်ခံခရီးသည်တင်သင်္ဘောတစ်စင်းသည် ပင်လယ်ပြာ၏လှိုင်းလုံးကြီးများကို ဖြတ်ကျော်ကာ တောင်ဘက်အရပ်သို့ ခရီးလွှင့်ခဲ့သည်။ ထန်ရှုသည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သင်္ဘောဦးတွင် ရပ်ကာ အဝေးဆီသို့ အေးအေးဆေးဆေး ကြည့်နေသည်။ တစ်ညတာ ခုတ်မောင်းပြီးနောက် အဝေးတစ်နေရာရှိ ပင်လယ်ရေမျက်နှာပြင်ထက်မှ နေလုံးကြီးပေါ်ထွက်လာချိန်တွင် အရှေ့ဘက်ဆီမှ ကျွန်းတစ်ကျွန်း၏ ပုံသဏ္ဌာန်အား ခပ်ရေးရေး မြင်နိုင်ပေသည်။
“အဲ့ဒါ ယောက်သွားကျွန်းပါ ဆရာအဘိုး။” ဂူရှောင်ရွှဲ့သည် ကြာပန်းလှေကားပေါ်မှ လျှောက်လာပြီး ထန်ရှု၏နောက်ကွယ်မှ တိတ်တဆိတ် ပေါ်လာသည်။
“မင်းပြောတာတွေ အမှန်ပဲ။ ဒီကျွန်းက အပင်စိုက်ဖို့ တကယ်ကို သင့်တော်ပါပေတယ်။ သူ့မှာ စိတ်ဝိညာဉ်ချီ လုံလုံလောက်လောက် ရှိတယ်။ ကောင်းမွန်တဲ့ ဖုန်းရွှေအစီအရင်တစ်ခုကို ခင်းပြီး အထောက်အပံ့ ပေးလိုက်ရင် ဆေးပင်တွေက လုံးဝကို ဖြစ်ထွန်းကြီးထွားသွားလိမ့်မယ်။ ဟုတ်သားပဲ … ငါတို့လူတွေ ဒီကျွန်းကို စူးစမ်းပြီးပြီမလား။ အရွယ် ဘယ်လောက်ကြီးလဲ။"
“အလျား ၅.၁ ကီလိုမီတာ၊ အနံ ၃.၆ ကီလိုမီတာ ရှိတယ်။ မြေမျက်နှာသွင်ပြင်ရဲ့ အမြင့်ဆုံးနေရာက ၁၂ မီတာလောက် ရှိပါတယ်။ ကျွန်းမှာ သစ်တောအများစု ပါဝင်တဲ့အပြင် အချင်း ၂၀၀ ကနေ ၃၀၀ မီတာရှိတဲ့ သဘာဝရေကန်တစ်ခုလည်း ရှိသေးတယ်။ နောက်ပြီး ဆေးပညာကျွမ်းကျင်တဲ့ ထာဝရခန်းမအဖွဲ့ဝင်တွေ ကျွန်းကို လေ့လာစူးစမ်းလိုက်တော့ အဖိုးတန်ဆေးပင် မျိုးပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့တယ်။ တစ်ချို့အပင်တွေက ဆရာဘိုးဘေး ပြုလုပ်ထားတဲ့ စာရင်းထဲမှာတောင် ပါနေတဲ့ အပင်တွေ။"
“ဒီကျွန်းက လူသားတွေနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့တဲ့အတွက် ပေါကြွယ်လှတဲ့ စိတ်ဝိညာဉ်ချီတွေရဲ့ အောက်မှာ အဖိုးတန်ဆေးပင်တွေ အများကြီး ပေါက်လာမယ်ဆိုတာ သဘာဝပါပဲ။”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ငါခန့်မှန်းချက်မှန်တယ်ဆိုရင် သူတို့ရဲ့ သက်တမ်းက တော်တော် မြင့်လိမ့်မယ်။ ငါ မှန်တယ်မလား။"
"မှန်ပါတယ်။ နှစ်ပေါင်းတစ်ထောင်ကျော်သက်တမ်းရှိတဲ့ အဖိုးတန်ဆေးဖက်ဝင်အပင်တစ်ဒါဇင်ကျော်ရှိတယ်။" ဂူရှောင်ရွှဲ့က ပြုံးပြီး ပြောလိုက်သည်။
“ဒီသက်တမ်းထောင်ချီနေတဲ့ အဖိုးတန် ဆေးပင်တွေကို ဈေးကွက်မှာ ရောင်းချမယ်ဆိုရင် အလွန်မြင့်မားတဲ့ဈေးနှုန်းကို ရရှိမှာ အသေအချာပဲ။ ကမ္ဘာပေါ်မှာ ဆေးပင်တွေနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိတဲ့သူက အနည်းငယ်သာ ရှိတော့ ဒီကျွန်းကို လာလည်သူ နည်းနည်းလေးပဲ ရှိခဲ့တာ စိတ်မကောင်းစရာပဲ။ ဒါကြောင့်ပဲ ဒီဆေးပင်တွေကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုရမယ်။” ထန်ရှုမှ ပြောလိုက်သည်။
သူတို့ စကားပြောနေစဉ်အတွင်း သင်္ဘောသည် ယောက်သွားကျွန်းသို့ ရောက်ရန် ကီလိုမီတာ အနည်းငယ်သာ ဝေးတော့သည်။ ထန်ရှု၏အမိန့်အရ သင်္ဘောသည် ယောက်သွားကျွန်း၏ မြောက်ဘက်ကမ်းတွင်မရပ်ဘဲ တစ်ပတ် လှည့်ပတ်လိုက်သည်။ ထန်ရှုသည် ယောက်သွားကျွန်း၏ တောင်ဘက်ခြမ်း ကီလိုမီတာပေါင်းများစွာအကွာက တခြားကျွန်းတစ်ကျွန်းကို ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည်။ ထိုကျွန်းသည် ယောက်သွားကျွန်းထက် သေးငယ်သော်လည်း ၎င်း၏ မြေမျက်နှာသွင်ပြင်မှာ အနည်းငယ်ပိုမြင့်ပြီး အမြင့်ဆုံးအမှတ်မှာ မီတာ ၃၀ မှ ၄၀ အထိရှိသည်။
"သူဌေး … ယောက်သွားကျွန်းရဲ့ တောင်ဘက်ကမ်းမှာ သင်္ဘောငယ်တစ်ခုကို သတိထားမိတယ်။" ထာဝရခန်းမဌာနချုပ်၏ သက်တမ်းရှည် နည်းပြဆရာ ဂေါင်ဖုန်းသည် ရှေ့သို့ လျှောက်လာရင်း သူ၏လက်ထဲတွင် အဝေးကြည့် မှန်ပြောင်းကို ကိုင်ထားပြီး အေးစက်စက်အမူအရာဖြင့် ပြောလာသည်။
"ငါ သတိထားမိပြီးသားပါ။" ထန်ရှုက ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
ဂေါင်ဖုန်းသည် တွေကနဲ ဖြစ်သွားကာ သူ၏အမူအရာသည် ထူးဆန်းလာရသည်။ ၎င်းတို့၏ သင်္ဘောသည် ယောက်သွားကျွန်း၏ကမ်းခြေမှ ဆယ်ကီလိုမီတာအကွာတွင် တည်ရှိပြီး သာမန်လူများပင် ကျွန်းကို မြင်နိုင်သည့်တိုင် ကမ်းရိုးတန်းတွင် ကျောက်ချရပ်နားထားသည့် သင်္ဘောငယ်တစ်ခုကို ရှာတွေ့ရန်မှာမူ လွန်စွာ ခက်ခဲလှသည်မဟုတ်ပါလော။
…အဲ့ဒီလူဆီမှာ လင်းယုန်မျက်လုံး ရှိနေတာများလား …
ဂူရှောင်ရွှဲ့သည် ဂေါင်ဖုန်း၏ အထူးအဆန်း ဖြစ်နေသော အမူအရာအား တစ်ချက်ကြည့်လိုက်ပြီး
"ရှင့်ရဲ့ကျင့်ကြံမှုကို ငါတို့အဆင့်ကို ရောက်တဲ့အထိ စောင့်ပါ။ အဲ့ဒါဆို ကီလိုမီတာပေါင်းများစွာ အကွာက အရာတွေကို ရှင်းရှင်းလင်းလင်းမြင်နိုင်လာလိမ့်မယ်။"
ဂေါင်ဖုန်း၏မျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင် တလေးတစား ခေါင်းညိတ်ပြသည်။
“အဲ့ဒီသင်္ဘောပေါ်မှာ တစ်ယောက်ယောက် ရှိနေတယ်။ ငါ့ခန့်မှန်းချက် မှန်ရင် အဲ့ဒါ ယောင်မိသားစုပိုင်သင်္ဘော ဖြစ်လိမ့်မယ်။ ပြီးတော့ သူတို့ကလည်း ငါတို့ကို သတိပြုမိတယ်။ တခြားသူတွေကိုပါ အရန်သင့်ဖြစ်နေအောင် ညွှန်ကြားလိုက်။" ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဟုတ်…” ဂေါင်ဖုန်းက ပြန်ပြောပြီး သင်္ဘောအခန်းထဲသို့ ချက်ချင်း ပြန်ဝင်သွားခဲ့သည်။
ထန်ရှု၏သင်္ဘောသည် ကမ်းသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့ရာ သင်္ဘောငယ်၏ကုန်းပတ်ပေါ်တွင် သေနတ်ကိုင်ဆောင်ထားသော လူ၄ယောက်သည် မျက်နှာထားတင်းတင်းဖြင့် ရပ်နေသည်။
"ဒီကျွန်းက ကိုယ်ပိုင်ကျွန်း။ ခုချက်ခြင်း ထွက်သွားကြစမ်း။"
အေးစက်မှုန်မှိုင်းနေသော မျက်လုံးများနှင့် ထိပ်ပြောင်အမျိုးသားတစ်ဦးက အသံချဲ့စက်ဖြင့် လေသံမာမာ အော်လိုက်သည်။
သို့သော်လည်း ထန်ရှု၏ သင်္ဘောသည် တစ်ဖက်လူ၏သတိပေးချက်ကို ဂရုမစိုက်ဘဲ သင်္ဘောငယ်နှင့် မီတာဆယ်ဂဏန်းအကွာတွင် ရပ်တန့်လိုက်သည်။ ထို့နောက် ထန်ရှုနှင့် ဂူရှောင်ရွှဲ့တို့သည် ခုန်ထွက်လာပြီး ကမ်းစပ်တစ်လျှောက်ရှိ ကျောက်တန်းပေါ်သို့ ခြေချလိုက်သလို ဂေါင်ဖုန်းနှင့် ထာဝရခန်းမ၏ ကျွမ်းကျင်ပညာရှင် ဆယ်ယောက်တို့သည်လည်း အနောက်မှ လိုက်ပါလာသည်။
"ရပ်လိုက်…"
ဒေါသတကြီး အော်ငေါက်နေသော ထိပ်ပြောင်အမျိုးသား ဦးဆောင်သည့် သေနတ်ကိုင်ထားသော လူလေးယောက်သည် ပြေးလာကြသည်။
“မင်းတို့တွေက သေနတ်ကိုင်ထားတယ်ဆိုမှတော့ လူကောင်းတွေ မဖြစ်နိုင်ဘူး။ ဒီကျွန်းက ကိုယ်ပိုင်ကျွန်းလို့ ပြောတဲ့အတွက် ပိုင်ရှင်ရဲ့ မျိုးရိုးနာမည်က ဘာလဲ။” ထန်ရှုက လေသံပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်သည်။
"ပိုင်ရှင်ရဲ့မျိုးရိုးနာမည်က ယောင်။" ထိပ်ပြောင်သောလူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။ "ပေကျင်းက ယောင်မိသားစုကို မင်း သိလား။ ဒီကျွန်းက ငါတို့ယောင်မိသားစုမှ ဝယ်ယူခဲ့ပြီးလို့ အခု ငါတို့ရဲ့ ကိုယ်ပိုင်ကျွန်းပဲ။ မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး။ ခုချက်ခြင်း လစ်လိုက်တော့။ နို့မဟုတ်ရင် ငါတို့ရဲ့ ရိုင်းပြတာအတွက် အပြစ်မတင်နဲ့။"
"ယောင်မိသားစုလား။ မောက်မာလိုက်တဲ့ ယောင်မိသားစု ဟမ့်…”
ထန်ရှုက ထိုသူအား အေးစက်စွာ ကြည့်ပြီးနောက် ပြောလိုက်သည်။
"သူတို့ကို သတ်…"
…ဝှစ်…ဝှစ်…ဝှစ်…
အလင်းတန်းလေးခုသည် ယောင်မိသားစု၏ လူလေးယောက်ဆီသို့ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပျံသန်းသွားသည်။ မည်သူမှ မသိလိုက်ခင် ထက်ရှသော ဓားမြှောင်တစ်လက်စီသည် ရုတ်တရက် သူတို့၏လက်ထဲတွင် ပေါ်လာသည်။
"ပစ်…"
ထိပ်ပြောင်လူ၏အမူအရာ ပျက်သွားကာ သူ့ဆီ အပြေးလာနေသောသူအား သေနတ်ပြောင်း ချိန်ကာ အချိန်မဆိုင်းဘဲ ပစ်ထည့်လိုက်သည်။ သို့သော် သူတို့သည် အကြိမ်များစွာ ပစ်ခတ်နေသော်လည်း ထာဝရခန်းမ၏ကျွမ်းကျင်သူလေးဦးက ကျင်လည်စွာ တိမ်းရှောင်မှုကြောင့် မထိမှန်ပေ။
ကျွမ်းကျင်သူများသည် အလွန်လျင်မြန်သောကြောင့် မျက်စိတစ်မှိတ်အတွင်း မီတာ ၂၀ အကွာအဝေးကို ကျော်ဖြတ်လာခဲ့ပြီးဖြစ်သည်။ သူတို့လက်ထဲမှ ထက်ရှသောဓားမြှောင်များအား ပစ်လွှတ်လိုက်ရာ ထိတ်လန့်ကြောက်ရွံ့နေသော ယောင်မိသားစုမှ လူလေးဦးသည် ဓားမြှောင်ကို ရှောင်ရန် ကြိုးပမ်းသော်လည်း မရှောင်နိုင်ဘဲ ၎င်းတို့လည်ပင်းအား တိကျစွာ ထိုးဖောက်သွားခဲ့သည်။
…ဘုန်း...
သဲသောင်ပြင်ထက်သို့ အသက်မဲ့သွားသော အလောင်းလေးလောင်း ပြုတ်ကျလာသည်။
ထန်ရှု၏မျက်လုံးများထဲတွင် အေးစက်နေသော အရိပ်များ ဖုံးလွှမ်းနေသည်။ မဝေးတော့သော သင်္ဘောငယ်မှ အလင်းတန်းတစ်ခု လင်းလာသဖြင့် ငွေအပ်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ ငွေရောင်အပ်သည် မှန်ကို ထိုးဖောက်ဝင်ရောက်ကာ စနိုက်ပါသေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားတစ်ဦး၏ မျက်ခုံး၂ခုကြားရှိ အလယ်ဗဟိုတွင် ထိုးစိုက်သွားသည်။
"သွား … ဒီသင်္ဘောပေါ်က လူအားလုံးကို သတ်ပစ်။” ထန်ရှုသည် အေးစက်သော အရိပ်အငွေ့တို့ ရှိနေသော သူ၏မျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။
ကျွမ်းကျင်သူလေးယောက်သည် မဆိုင်းမတွပင် သင်္ဘောငယ်ဆီသို့ အမြန်ပြေးသွားကြသည်။ တိုက်စစ်မှူးများအနေနှင့် သူတို့၏လက်များကို သွေးများ စွန်းထင်းစေသည့်တိုင် ထန်ရှု၏အမိန့်ကို မေးခွန်း မထုတ်ဘဲ မဆိုင်းမတွ လှုပ်ရှားကြသည်။
“နေဦး။”
ထန်ရှုသည် သူ့လူလေးယောက် သင်္ဘောထဲသို့ အပြေးသွားသည်ကို ကြည့်နေရင်း ရုတ်တရက် သူ၏မျက်နှာ ပျက်သွားသည်။ သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ပြီး သူ၏မျက်လုံးများတွင် မယုံကြည်နိုင်သော အကြည့်များ ဖြစ်ပေါ်နေသည်။
"ဘာဖြစ်တာလဲ ဆရာဘိုးဘေး…" ဂူရှောင်ရွှဲ့က လှည့်ကြည့်ကာ တအံ့တသြ မေးလိုက်သည်။
ထန်ရှုက ပြန်မဖြေဘဲ သင်္ဘောငယ်ဆီသို့ လျှောက်သွားလိုက်သည်။ သူသည် သင်္ဘောငယ်အနီးသို့ ရောက်သောအခါ ကိုယ်ဖော့လိုက်ပြီး လေထဲတွင် နင်းလျှောက်ကာ ကုန်းပတ်ပေါ်သို့ ခြေချလိုက်သည်။
"ဘုရားရေ … ဒါက…”
ဂူရှောင်ရွှဲ့မှလွဲ၍ ဂေါင်ဖုန်းနှင့် ထာဝရခန်းမမှ ကျွမ်းကျင်သူ ဆယ်ယောက်သည် ထန်ရှုအား လေထဲတွင် ကိုယ်ဖော့ကာ သင်္ဘောငယ်ဆီသို့ ဆင်းသက်သွားသည်ကို မြင်ရချိန်တွင် တေမိကျောက်ရုပ်များသဖွယ် ဖြစ်သွားကြပြီး သူတို့၏နှလုံးခုန်နှုန်းများ မြန်လာသည်။ သူတို့သည် မြင့်မားသည့် ကျင့်ကြံမှုအဆင့်တစ်ခုကို ချိုးဖြတ်သွားသည့်တစ်နေ့တွင် ထိုကဲ့သို့ လေထဲတွင် ပျံနိုင်မှန်း သိထားကြသည့်တိုင် သည်ကဲ့သို့ အံ့သြဖွယ်ကောင်းသည့်မြင်ကွင်းအား ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည့်အခါ ထိတ်လန့်နေဆဲဖြစ်သည်။
"မင်းတို့အားလုံး အပြင်ထွက်ခဲ့…"
ထန်ရှုသည် သင်္ဘောဦးထိပ်ပေါ်တွင် ရပ်ကာ လေသံပြင်းပြင်းဖြင့် အော်လိုက်သည်။
ဤအခိုက်အတန့်တွင် သင်္ဘောငယ်၏ ဝမ်းဗိုက်ခန်းအတွင်းမှ သင်္ဘောသားတစ်ဒါဇင်နှင့် သင်္ဘောအမှုထမ်းများ ထွက်လာကြသည်။ အများစုမှာ အမျိုးသားများဖြစ်ပြီး ၎င်းတို့ကြားတွင် အမျိုးသမီး လေးဦးသာ ပါလာရာ တစ်ဦးမှာ ထန်ရှု သည်လိုအခြေအနေမျိုးဖြင့် တွေ့လိမ့်မည်ဟု တစ်ခါမှ စိတ်ကူးမယဉ်ဖူးသော ရင်းနှီးနေသည့် မျက်နှာ ဖြစ်သည်။
"ထန် ... ထန်ရှုလား…"
ချန်းယန်နန်လည်း ထန်ရှုအား သည်နေရာတွင် တွေ့ဖို့ မည်သည့်အခါကမှ မျှော်လင့်ထားပုံမရဘဲ အနည်းငယ် စိတ်ရှုပ်နေဟန် ရှိပြီး သူမ၏နှလုံးခုန်သံတွေပင် တဟုန်ထိုး မြန်လာခဲ့သည်။
ထန်ရှုသည် မျက်မှောင်ကြုပ်ထားရင်း ချန်းယန်နန်ကို လက်ညှိုးထိုးပြလိုက်ပြီး
“သူကလွဲပြီး အားလုံးကို သတ်။”
“ဟုတ်…”
ထန်ရှု၏လူလေးယောက်သည် အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ကြသည်။ လူဒါဇင်ပေါင်းများစွာကို အရှိန်အဟုန်ပြင်းစွာဖြင့် သတ်ဖြတ်သည့်အတွက် အော်သံ၊ ညည်းသံများ ကျယ်လောင်သွားရသည်။ ဂူရှောင်ရွှဲ့၏အမိန့်အရ ထိုသူတို့၏အလောင်းများကို ဖယ်ရှားပြီး ကမ်းစပ်မှာ ချန်ထားခဲ့သည်။
…ဝေါ့...
ချန်ယန်နန်၏ပါးစပ်မှ အော့အန်သံ ထွက်လာသည်။ သည်ကဲ့သို့ သွေးထွက်သံယို မြင်ကွင်းမျိုး တစ်ခါမှ မမြင်ဖူးသောကြောင့် ၎င်းမြင်ကွင်းသည် သူမအား ဗိုက်နှိပ်ကာ အော့အန်စေခဲ့သည်။ အစောပိုင်းက ထုတ်ပြန်ခဲ့သော အမိန့်သည် ထန်ရှုထံမှ ထွက်လာသည်ကို သူမ မယုံနိုင်လောက်အောင် ထိတ်လန့်သွားရသည်။
ချန်းယန်နန်၏အရှေ့တွင် ရပ်နေသော ထန်ရှု၏စိတ်ထဲတွင် သူမအား သတ်ရန် စိတ်ကူး မရှိသော်လည်း သူမ မည်သည့်အကြောင်းကြောင့် သည်နေရာသို့ ရောက်နေရသည်ကို သိချင်နေပေသည်။ သည်သင်္ဘောအား ယောင်မိသားစုက ပိုင်ဆိုင်ထားပြီး သူတို့ အပြည့်အဝ ယုံကြည်ရသည့်သူမျိုးသာ လိုက်ပါနိုင်မည်ဖြစ်ပေသည်။ ယောက်သွားကျွန်းကို ငှားရန် ကြိုးစားသည့် ကိစ္စသည် ယောင်မိသားစုအတွက် လုံးဝလျှို့ဝှက်ချက်တစ်ခု ဖြစ်ပေသည်။
"သူမ ပလုတ်ကျင်းဖို့ ရေနည်းနည်း ပေးလိုက်ပါ။" ထန်ရှုက အမိန့်ပေးလိုက်သည်။
ထို့နောက် ချက်ချင်းပင် ထန်ရှု၏လူတစ်ယောက်သည် သင်္ဘောဝမ်းဗိုက်ခန်းထဲသို့ ဝင်ကာ အတွင်းမှ ရေသန့်တစ်ပုလင်းကို ထုတ်ယူလာပြီး အန်တာ ရပ်သွားသော ချန်းယန်နန်ကို ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်။"
ချန်းယန်နန်၏မျက်နှာသည် ဖြူဖျော့နေသည်။ ရေပုလင်းကို လက်ခံပြီး သူမသည် တစ်ငုံမော့ကာ ပလုပ်ကျင်းလိုက်ပြီးနောက် ထန်ရှုကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
“ပြောပါဦး … မင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။" ထန်ရှုက လေသံခပ်ပေါ့ပေါ့ဖြင့် မေးလိုက်သည်။
“ငါ့ဦးလေးက ယောင်ချင်းထန် ဖြစ်ပြီး ငါတို့ချန်းမိသားစုကလည်း ဒီယောက်သွားကျွန်းကို ငှားရမ်းရာမှာ ပါဝင်နေတယ်။ ငါ့ဦးလေးကို ပြောပြီး ငါ့ကို ဒီကို ခေါ်လာခိုင်းလိုက်တာ။” ချန်းယန်နန်က တခဏ တုံ့ဆိုင်းနေပြီးမှ ပြန်ဖြေသည်။
"ဒါက ငါ မေးတဲ့မေးခွန်း မဟုတ်ဘူး။" ထန်ရှုက လေးပင်သောလေသံဖြင့် ပြောလိုက်သည်။
ချန်းယန်နန်က သူ၏မျက်လုံးတွေကို ရှောင်ရင်း ခေါင်းငုံ့လိုက်ကာ
"နင် ဘာသိချင်တာလဲ။"
"ယန်နန် … မင်းကို အတန်းဖော်ကောင်း သူငယ်ချင်းတစ်ယောက်လို့ ငါထင်ခဲ့ဖူးတယ်။ ပြောရမယ်ဆိုရင် အဲ့ဒီတုန်းက ငါက မင်းရဲ့ကယ်တင်ရှင်တောင် ဖြစ်ခဲ့ဖူးတယ်။ ငါတို့တွေ စကားပြောတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဖုံးကွယ်ထားရမယ့်တစ်နေ့ ရှိလာလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး။ ဘာပဲဖြစ်ဖြစ် မင်းမပြောချင်ရင် ပြောဖို့ မလိုဘူး။ ငါ မင်းကို အတင်းအကြပ် မလုပ်ဘူး။"
ချန်းယန်နန် ရုတ်တရက် မော့ကြည့်လိုက်သည်။ သူမသည် အနီးပတ်ဝန်းကျင်ရှိ ဂူရှောင်ရွှဲ့နှင့် မျက်နှာထားတင်းတင်း ယောက်ျားများကို တစ်ချက် ကြည့်လိုက်ပြီးနောက်
"ငါတို့ သီးသန့်စကားပြောလို့ရမလား။"
ထန်ရှုက ခေါင်းညိတ်ပြပြီး ဂေါင်ဖုန်းကို ကြည့်ကာ "သေသွားတဲ့ အလောင်းတွေ အားလုံးကို လက်စဖျောက်လိုက်ပါ … ခြေရာလက်ရာ မကျန်ခဲ့စေနဲ့။ သင်္ဘောကို ပင်လယ်ထဲ မောင်းသွားပြီး နှစ်မြုပ်လိုက်။”
"ဟုတ်…" ဂေါင်ဖုန်းက အမြန် ပြန်ဖြေသည်။
ထန်ရှုက ချန်းယန်နန်၏နံဘေးကို လျှောက်သွားပြီး သူမ၏ပုခုံးကို ဆွဲကိုင်လိုက်ကာ ကမ်းခြေဆီကို တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။ သူ၏ အလွန်လျင်မြန်သောအရှိန်ဖြင့် ချန်းယန်နန်အား မီတာ ၁၀၀အကွာအဝေးကို စက္ကန့်ပိုင်းအတွင်း သယ်ဆောင်လာခဲ့သည်။
“အားးး…”
မူးဝေပြီး ဒယိမ်းဒယိုင်ဖြစ်နေသည့် ချန်းယန်နန်သည် နောက်ဆုံးတွင် မြဲမြံစွာ ရပ်လိုက်နိုင်ပြီး မီတာ ၁၀၀ အကွာတွင် ကျန်ခဲ့သည့် သင်္ဘောလေးကို လှည့်ကြည့်လိုက်မိစဉ်တွင် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
"ထန်ရှု … နင်..."
"ဟုတ်တယ် … နင် အိပ်မက်မက်နေတာ မဟုတ်ဘူး။" ထန်ရှု ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ချန်းယန်နန် တံတွေးမြိုချလိုက်မိသည်။ ထန်ရှုကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် မေးလာသည်။
"နင် … နင်က ဘာလဲ။ ဘယ် … ဘယ်လို ပျံသန်းနိုင်တာလဲ။”
***